← Chapters

အခန်း (၇၃၆-၇၃၉)

Vol. 49 Ch. 736-739

အခန်း (၇၃၆-၇၃၉)

Vol. 49 Ch. 736-739

အပိုင်း ( 736 )

အဆုံးသတ် တိုက်ပွဲ ၅

ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်အတွင်း၌

ဝုချင်းရှန်၏ အမူအရာ ပြောင်းလဲသွားခဲ့သည်၊ နဝမတစ်ပိုင်းအဆင့် ပညာရှင်တစ်ဦးဖြစ်သည့်အလျောက်၊ သူသည် ၎င်းကို ချက်ချင်းသတိပြုမိသွားခဲ့သည်။

သူသည် မည်သည့်အရာများ ဖြစ်ပျက်နေလဲဆိုသည်ကို မြင်တွေ့ရရန်အတွက် ကောင်းကင်ထက်သို့ လျင်မြန်စွာ ပျံသန်းသွားတော့သည်။

တစ်ခဏအကြာတွင် ဝုချင်းရှန်သည် လေထုအထက်သို့ ရောက်ရှိလာခဲ့သည်။

ထိုအချိန်၌ တစ်ခြားသော အဌမအဆင့်နှင့် နဝမအဆင့် ပညာရှင်တို့မှာလည်း အာကာသအပြင်ဘက်သို့ ရောက်ရှိလာခဲ့ကာ အခြေအနေကို စူးစမ်းလေ့လာနေကြတော့သည်။

အကြည့်အားလုံးသည် ရှုကျိုးဆီသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။

“ အဲ့တာက ရှုကျိုးလား “

“ သူက ကြယ်ပြာဂြိုဟ်ရဲ့ အကျယ်အဝန်းကို ပြောင်းလဲနေတာလား “

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် လူတိုင်း အံ့ဩတုန်လှုပ်သွားကြသည်။

ဝုချင်းရှန်မှာလည်း အလွန်တရာ အံ့အားသင့်သွားပြီး၊ နောက်သို့ လှည့်ကြည့်လိုက်ရာ၊ ကြယ်ပြာဂြိုဟ်က အံ့ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် ကြီးမားကျယ်ပြန့်လာသည်ကို မြင်တွေ့သွားခဲ့သည်။

မိနစ်ပိုင်းအတွင်းမှာပင် ကြယ်ပြာဂြိုဟ်သည် အဆပေါင်းရာနှင့်ချီကာ ထပ်မံ၍ ကြီးမားလာခဲ့ပြန်သည်။

ယုတ္တိရှိရှိ ပြောရမည်ဆိုပါက ထိုမျှ ကြီးမားသော ဂြိုဟ်တစ်လုံးသည် မုန်တိုင်းကြီးများကို ဖြစ်ပေါ်လာစေမည် ဖြစ်သည်။

ဥပမာအားဖြင့် လနှင့် နေအဖွဲ့အစည်းတို့မှာ ကြီးကြီးမားမား ထိခိုက်သွားမည် ဖြစ်သည်။

သို့သော် နောက်ဆက်ဖြစ်လာသည့် အရာမှာ ဝုချင်းရှန်ကို ပို၍ပင် အံ့ဩတုန်လှုပ်သွားစေခဲ့သည်။

လ၊ မားစ်၊ မာကျူရီ၊ ဗီးနပ်စ်နှင့် ပတ်ဝန်းကျင်ရှိ ဂြိုဟ်များမှာလည်း စတင်၍ ပြောင်းလဲလာခဲ့သည်။

အဝေးတွင် ရှိနေသည့် ကြယ်များကပင် သိသာထင်ရှားသော ပြောင်းလဲမှုများကို ခံယူနေခဲ့ရသည်။

သူတို့သည် ကြယ်ပြာဂြိုဟ်၏ ပြောင်းလဲမှုများနှင့် လိုက်လျောညီထွေဖြစ်အောင် လိုက်ပါ၍ ချိန်ညှိပေးနေကြပုံရသည်။

“ ဒီကလေးက ဘယ်အဆင့်ကို ရောက်နေတာလဲဟ “

ဝုချင်းရှန်သည် အံ့ဩတုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်နေသော မျက်လုံးများနှင့် ရှုကျိုးကို ပြန်လှည့်ကြည့်လာခဲ့သည်။

ရှုကျိုး လုပ်ဆောင်နေသည့် အရာမှာ ကြယ်ပြာဂြိုဟ်ကို ပြန်လည်ဖန်တီးနေခြင်း ဖြစ်သည်၊ ၎င်းမှာ တစ်ကြိမ်တစ်ခါမှ မဖြစ်ပေါ်လာခဲ့ဖူးသည့် ဖြစ်ရပ်တစ်ခု ဖြစ်သည်။

“ ဗွီ “

ကြယ်ပြာဂြိုဟ်၏ ကြီးထွားမှုက အကန့်အသတ်သို့ ရောက်ရှိသွားသည့် အချိန်တွင် ကြယ်ပြာဂြိုဟ်၏ ဝင်ရိုးစွန်းများဆီမှ အားကောင်းသော အသက်စွမ်းအား လှိုင်းတစ်ခု ပေါက်ထွက်လာခဲ့သည်။

“ အဲ့တာက …… “

“ ဘယ်လောက်တောင် အစွမ်းထက်လိုက်တဲ့ နိယာမစွမ်းအားလဲ “

နဝမအဆင့် ပညာရှင် တော်တော်များများ အံ့ဩတုန်လှုပ်သွားကြသည်။

ထိုအချိန်၌ ကြယ်ပြာဂြိုဟ်အနှံ့တွင် ရှိနေသည့် နိယာမစွမ်းအားမှာ အနည်းဆုံးအနေဖြင့် အဆတစ်သောင်းတိတိ တိုးမြင့်လာခဲ့သည်။

အဆတစ်သောင်း

၎င်းက မည်သည့်အရာကို ဆိုလိုပါသနည်း

၎င်းမှာ အဆိုပါ နဝမအဆင့် ပညာရှင်များက အထွတ်အထိပ်အဆင့်သို့ ရောက်ရှိသွားရန်အတွက် ယခင်ကထပ် အဆတစ်သောင်းတိတိ ပိုမိုလွယ်ကူလာပြီဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

ထို့အပြင် နိယာမတို့၏ စွမ်းအား အဆတစ်သောင်းသည် ကြယ်ပြာဂြိုဟ်၏ ဂေဟစနစ်ကိုပါ ကြောက်ခမမ်းလိလိ ပြောင်းလဲသွားစေမည် ဖြစ်သည်။

၎င်းမှ ကျင့်ကြံရေးနယ်ပယ်က သိသိသာသာတိုးတက်လာမည်ဟု ဆိုလိုနေခြင်းဖြစ်သည်။

ကြယ်ပြာဂြိုဟ်၏ မည်သည့်ပညာရှင်မဆို၊ S,A,B,C,D,Eအဆင့် စွမ်းရည်ပိုင်ရှင်အားလုံးသည် မည်မျှပင် ဆင်းရဲနေပါစေ၊ အထွတ်အထိပ်အဆင့်သို့ အလွယ်တကူ ရောက်ရှိသွားကြမည် ဖြစ်သည်။

သိပ်မဝေးလှတော့သည့် အနာဂတ်တွင် ပထမအဆင့် ပညာရှင်အဖြစ် မွေးဖွားလာတော့မည့် ပညာရှင်က တတိယအဆင့် ပညာရှင်အဖြစ်ပင် မွေးဖွားကောင်း မွေးဖွားလာနိုင်ပေသည်။

“ ကြယ်ပြာဂြိုဟ်ကို ပြန်လည်ဖန်တီးခြင်း “

“ ကြယ်ပြာဂြိုဟ်အတွက် ကောင်းချီးတစ်ခုပဲ “

ဤအချိန်၌ သိုင်းပညာရှင် အများအပြားသည် ထိုပုံရိပ်ကို ရိုသေလေးစားမှုများဖြင့် ကြည့်လာကြသည်။

၎င်းတို့အားလုံးကို လုပ်ဆောင်ခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် တစ်စုံတစ်ခုကို ရုတ်တရက် စဥ်းစားမိသွားခဲ့သည်။

“ လက်သည်းရှစ်ခု “

သူ၏ခြေထောက်များအောက်တွင် အချိန်မြစ် ပေါ်ထွက်လာခဲ့သည်။

ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် ရှုကျိုးသည် လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးအား အတိတ်၏ အချိန်-ဟင်းလင်းပြင်မှ တိုက်ရိုက်ဆွဲခေါ်လိုက်သည်။

“ ပြန်လည်ဖန်တီးပေးတဲ့ ကျေးဇူးကို ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး “

လက်သည်းရှစ်ခု ရွှေနဂါးဘိုးဘေးသည် အခြေအနေကို ချက်ချင်းနားလည်သွားကာ၊ ဦးညွတ်၍ ကျေးဇူးတင်စကား ပြောလာခဲ့သည်။

ရှုကျိုးသည် သူ၏လက်ကို ဝေ့ရမ်းကာ၊ အေးအေးလူလူ ပြန်ပြောလိုက်သည် “ မင်းက ကြယ်ပြာဂြိုဟ်အတွက် အသက်ပေးခဲ့တာ၊ အဲ့တာကြောင့် မင်းကို အသက်ပြန်ရှင်အောင် လုပ်ပေးတာက သင့်တော်ပါတယ် “

ပြောနေရင်းဖြင့် သူသည် ဟင်းလင်းပြင် နေရာလွတ်အတွင်းတွင် ရှိနေသည့် လျူချင်းယွမ်ကိုပါ လွှတ်ပေးလိုက်သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ဝုချင်းရှန်၏ ခန္ဓာကိုယ်မှာ ထိန်းချုပ်၍ မရနိုင်လောက်သည်အထိ တုန်လှုပ်သွားခဲ့သည်။

ရှုကျိုးက မည်သည့်နယ်ပယ်သို့ ရောက်ရှိနေလဲဆိုသည်ကို သူမသိသော်လည်း၊ သေဆုံးသွားသူများအား အသက်ပြန်သွင်းခြင်းကို သူ၏မျက်လုံးများဖြင့် လူကိုယ်တိုင် မြင်တွေ့ခဲ့ရလေသည်။

“ သူ့ရဲ့ အခုလက်ရှိနယ်ပယ်က ငါထင်ထားတာထပ်တောင် ပိုပြီးတော့ မြင့်နေဖို့များတယ် “

ဝုချင်းရှန်သည် တိတ်တဆိတ် သက်ပြင်းချနေတော့သည်၊ ထို့နောက်တွင် သူသည် အလွန်တရာ ပျော်ရွှင်သွားခဲ့သည်။

ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်သည် ကမ္ဘာ့အဆင့် ပညာရှင်တစ်ဦးကို မွေးထုတ်ပေးနိုင်ခဲ့သည်။

ကွမ်ဟန်မှာ ရှုကျိုးကြောင့် ဂုဏ်တက်သွားပြီး၊ ကြယ်ပြာဂြိုဟ်မှာလည်း ရှုကျိုးကြောင့် ဂုဏ်တက်သွားခဲ့ပြီ ဖြစ်သည်။

…

ရှုကျိုးသည် အောက်ဘက်တွင် ရှိနေသည့် ကြယ်ပြာဂြိုဟ်ကို ကြည့်ကာ စိတ်ကျေနပ်စွာဖြင့် ခေါင်းငြိမ့်နေတော့သည်။

နောက်ဆုံးတော့ ပြဿနာတွေ အားလုံး ပြီးသွားခဲ့ပြီပဲ

သူသည် သူ၏မိသားစုနှင့်အတူ အေးချမ်းတည်ငြိမ်သော နေ့ရက်များကို ဖြတ်သန်းနိုင်တော့မည် ဖြစ်သည်။

ရှုကျိုးမှ ခြေတစ်လှမ်းလှမ်းလိုက်ရာ၊ သူဖန်တီးထားသည့် လျှို့ဝှက်နယ်မြေအတွင်းသို့ ရောက်ရှိသွားခဲ့သည်။

သူသည် နောင်အနာဂတ်ကို သူ၏မိသားစုနှင့်အတူ ကုန်ဆုံးသွားစေတော့မည် ဖြစ်သည်။

…………………………………………………………………………………………………………………………………………

အပိုင်း ( 737 )

လီရို့ရှီ

နှစ်ဝက်အကြာ

ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်အတွင်း၌

ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်၏ အလယ်ဗဟိုတွင် ကြီးမားသော ဧရာမ ရုပ်ထုကြီးတစ်ခု တည်ရှိနေခဲ့သည်။

အဆိုပါ ရုပ်ထုသည် မီတာတစ်ထောင် မြင့်မားကာ၊ အလွန်တရာ ခမ်းနားနေခဲ့သည်။

အဆိုပါ ရုပ်ထုသည် အသက်နှစ်ဆယ်ပင် မပြည့်သေးသည့် အလွန်တရာ ငယ်ရွယ်သော လူငယ်လေးတစ်ဦးကို ကိုယ်စားပြုနေလျက်ရှိသည်၊ အလွန်တရာ ငယ်ရွယ်နေခဲ့သော်လည်း၊ သူ၏မျက်လုံးမှာ ကြီးမားသော ဩဇာအာဏာတို့ဖြင့် တောက်ပနေခဲ့သည်။

အကယ်၍ တစ်စုံတစ်ဦးကသာ ထိုမျက်လုံးများကို စိုက်ကြည့်လိုက်မည်ဆိုပါက၊ သူသည် ရုပ်ထုတစ်ခုကို ကြည့်နေရခြင်း မဟုတ်ဘဲ၊ ရှေးခေတ် အစွမ်းထက် ပညာရှင်တစ်ဦးဦးကို မြင်တွေ့နေရသကဲ့သို့ ခံစားသွားရမည် ဖြစ်သည်။

သို့ရာတွင် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ် အတွင်းရှိ ကျောင်းသူကျောင်းသားတိုင်းသည် ထိုရုပ်ထုကို ကြည့်သည့်အချိန်တိုင်းတွင် ရိုသေလေးစားမှုများကို ထုတ်ဖော်ပြသလေ့ရှိကြသည်။

အကြောင်းပြချက်မှာ ရိုးရှင်းလွန်းလှသည်။ ယနေ့ခေတ်တွင် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်မှာ တော်ဝင်သိုင်းပညာ တက္ကသိုလ်ကိုပင် ကျော်ဖြတ်ကာ၊ တရုတ်ပြည်၏ နံပါတ်၁ သိုင်းပညာ တက္ကသိုလ်ဖြစ်လာခဲ့ပြီ ဖြစ်သည်၊ တစ်ကမ္ဘာလုံး အတိုင်းအတာနှင့် သတ်မှတ်မည်ဆိုလျှင်တောင်မှ ထိုအတိုင်းပင် ဖြစ်နေလိမ့်မည် ဖြစ်သည်။

ထိုအဆင့်သတ်မှတ်ချက်ကို မည်သူကမှ မငြင်းပယ်ခဲ့ကြပေ။

ကြယ်ပြာဂြိုဟ်အတွင်းရှိ ဘီလီယံရာနှင့်ချီသော လူများအကြားတွင် နံပါတ်၂ ချိတ်သော သိုင်းပညာ တက္ကသိုလ်နှင့် ပတ်သတ်၍ အငြင်းပွားမှုများ ရှိနေနိုင်သော်လည်း၊ ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ကမူ ၎င်း၏ ဂုဏ်ပုဒ်နှင့် အမှန်တကယ် ထိုက်တန်နေခဲ့သည်။

ထိုအရာအားလုံးမှာ ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်၏ အလယ်ဗဟိုတွင် ရှိနေသည့် ရုပ်ထုကြောင့်ပင် ဖြစ်သည်။

ယခုလက်ရှိ အချိန်မှာ စက်တင်ဘာလဖြစ်သောကြောင့် ကျောင်း၏ စာသင်နှစ်တစ်နှစ်စတင်နေခဲ့ပြီ ဖြစ်သည်။

ရုပ်ထု၏ အရှေ့တွင် လူသစ်များစွာ ရှိနေခဲ့ပြီး၊ အားလုံးသည် ရိုသေလေးစားနေသော အမူအရာများဖြင့် ရုပ်ထု၏ မျက်နှာသွင်ပြင်ကို ခေါင်းမော့ကြည့်ရှုနေကြသည်။

သူတို့၏ အရှေ့တွင် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် အကြီးအကဲတစ်ဦး ရှိနေခဲ့ပြီး၊ သူသည် စိတ်အားထက်သန်စွာဖြင့် မိတ်ဆက်ပြောဆိုနေခဲ့သည် “ အဲ့တာက ငါတို့ ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ရဲ့ ကိုယ်စားပြု ပုဂ္ဂိုလ်၊ ကြယ်တာရာ အရှင်သခင်ရှုပဲ “

“ ငါတို့ရဲ့ ကြယ်ပြာဂြိုဟ်က အခုလို တိုးတက်နေရတာက ကြယ်တာရာ အရှင်သခင်ရှုက ကြယ်ပြာဂြိုဟ်ပေါ်မှာ ကြီးမားတဲ့ အပြောင်းအလဲတစ်ခု လုပ်ခဲ့လို့ပဲ “

“ အခုဆိုရင် ငါတို့လို သိုင်းပညာရှင်တွေက ပထမအဆင့်သို့ ရောက်ဖို့အတွက် ဘာမှကို လုပ်စရာ မလိုတော့ဘူး “

“ ပြီးတော့ Sအဆင့် စွမ်းရည်တွေကို ပိုင်ဆိုင်ထားတဲ့ နောက်အနာဂတ်မှာ အဆင့်၇ကို ရောက်သွားနိုင်မဲ့ မင်းတို့ရဲ့ အခွင့်အရေးကလည်း ၅၀%ကျော်အထိ တိုးတက်လာခဲ့ပြီ “

“ ခြောက်လအတွင်းမှာပဲ ကြယ်ပြာဂြိုဟ်ပေါ်မှာ အဆင့်မြင့် ပညာရှင် ဒါဇင်နဲ့ချီပြီးတော့ ပေါ်ထွက်လာခဲ့တာကို ငါတို့အားလုံး မြင်ခဲ့ရပြီးပြီ၊ အဆင့်၉ ပညာရှင်တွေတောင်မှ တော်တော်လေးကို တိုးလာခဲ့တယ် “

“ အဲ့တာတွေ အားလုံးက ကြယ်တာရာ အရှင်သခင်ရှုကြောင့်ပဲ “

“ သူက ကြယ်ပြာဂြိုဟ်ကို ငါတို့အတွက် ပြန်ပြီးတော့ တည်ဆောက်ပေးခဲ့တယ် “

အဖြူ‌ရောင် ဝတ်စုံနှင့် အကြီးအကဲ၏ မိတ်ဆက်ပေးမှုကို နားထောင်ခဲ့ရပြီးသည့်နောက်၌၊ အောက်ဘက်ရှိ ကျောင်းသူကျောင်းသားတို့၏ မျက်နှာများပေါ်တွင် ကိုးကွယ်ယုံကြည်မှုတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။

ထိုအချိန်တွင် မိန်းမပျိုလေးတစ်ဦးမှ မအောင့်ထားနိုင်တော့ဘဲ၊ သိလိုစိတ်များဖြင့် မေးမြန်းလာခဲ့သည် “ ဆရာ၊ ကျွန်မကြားခဲ့ရတာကတော့ ကြယ်တာရာ အရှင်သခင်ရှုက လွန်ခဲ့တဲ့ နှစ်နှစ်ကမှ ကျောင်းကို ရောက်လာခဲ့တာတဲ့၊ အဲ့တာဆိုရင် သူက တတိယနှစ် ကျောင်းသားပဲ ရှိသေးတာပေါ့ “

အဖြူရောင် ဝတ်စုံနှင့် အကြီးအကဲသည် တစ်ခဏခန့် ရပ်တန့်သွားခဲ့ပြီးမှ၊ ခေါင်းငြိမ့်၍ ပြန်ပြောလာခဲ့သည် “ ယုတ္တိဗေဒအရ ပြောရမယ်ဆိုရင်တော့ အဲ့လိုပါပဲ “

“ ဒါပင်မဲ့ သူ့ရဲ့ ခွန်အားနဲ့ လုပ်နိုင်စွမ်းတွေနဲ့ဆိုရင် သူက ငါတို့ကျောင်းမှာ ထပ်နေဖို့ မလိုတော့ဘူးလေ “

“ ကြယ်တာရာ အရှင်သခင်ရှုက ကြယ်ပြာဂြိုဟ်ရဲ့ အစွမ်းအထက်ဆုံး ပညာရှင် ဖြစ်နေပြီလေ၊ နဝမအဆင့် ပညာရှင်တွေနဲ့ အထွတ်အထိပ် ပညာရှင်တွေ အားလုံးက သူ့ကို ကြယ်တာရာ အရှင်သခင်အဖြစ် ချစ်ကြောက်ရိုသေကြတယ် “

ထိုစကားကို ကြားလိုက်ရသောအခါတွင် လူငယ်လေးများနှင့် မိန်းပျိုလေးများမှာ ပို၍တလေးတစား ဖြစ်သွားကြသည်။

ဤတစ်ကြိမ်တွင် လူငယ်လေးတစ်ဦးမှ ထပ်မံ၍ မေးမြန်းလာခဲ့ပြန်သည် “ ဆရာ၊ ကြယ်တာရာ အရှင်သခင်ရဲ့ နာမည်က ဘာလဲဗျ။ ကျွန်တော် သိချင်လို့ပါ “

ထိုစကားကိုကြားလိုက်ရသောအခါတွင် အဖြူရောင်ဝတ်စုံနှင့် အကြီးအကဲ၏ အမူအရာမှာ ချက်ချင်း တင်းမာသွားခဲ့သည် “ အဲ့လိုကိစ္စမျိုးတွေကို အလွယ်တကူ မေးမြန်းလို့ မရဘူး။ ကြယ်တာရာ အရှင်သခင်ရှုလို အဆင့်မျိုးက မင်းတို့ မပြောနဲ့၊ အစွမ်းထက်တဲ့ တစ်ချို့ စစ်သည်တော်တွေကတောင် သူ့ရဲ့နာမည်ကို စုံစမ်းပိုင်ခွင့် မရှိဘူး “

သူသည် ပြင်းပြင်းထန်ထန် သတိပေးလာခဲ့သည် “ မင်းတို့ရဲ့ သိချင်စိတ်တွေကို ချုပ်တီးထားမှ ဖြစ်မယ်၊ ကြယ်တာရာ အရှင်သခင်ရှုရဲ့ ကျင့်ကြံရေးက ကောင်းကင်ဘုံကိုတောင် ကျော်နေပြီ၊ တကယ်လို့ တစ်ယောက်ယောက်က သူ့မကောင်းကြောင်းကို ပြောမယ်ဆိုရင်၊ အဲ့လူဆီကို ကပ်ဘေးအကြီးကြီး ကျလာလိမ့်မယ် “

“ ဌာနမှူးရှန့်၊ ခင်ဗျားက ကျွန်တော့်မကောင်းကြောင်းတွေ ပြောနေပြန်ပြီလား “

ထိုစဥ် ချိုသာသော အသံတစ်သံ ပေါ်ထွက်လာခဲ့သည်။

ထိုအသံသည် အဖြူရောင် ဝတ်စုံနှင့် အကြီးအကဲကို အံ့အားသင့်သွားစေခဲ့သည်။

ထို့နောက်တွင် ခေါင်းလှည့်ကြည့်လိုက်ရာ၊ သူသည် ထိုလူကို မြင်တွေ့ကာ၊ ပျော်ရွှင်ဝမ်းမြောက်သွားခဲ့သည် “ ကြယ်တာရာ အရှင်သခင်ရှု၊ မင်းက ဘာလို့ ရောက်လာရတာလဲ “

ရှုကျိုးသည် အဖြူရောင် ဝတ်စုံနှင့် အကြီးအကဲကို ကြည့်ကာ သူ၏ဦးခေါင်းကို ခါရမ်းနေတော့သည် “ ဌာနမှူးရှန့်၊ ကျွန်တော့်ရဲ့ နာမည်ကိုပဲ ခေါ်ပါဆိုနေဗျာ “

“ ငါက ဘယ်လိုလုပ် အဲ့လိုလုပ်လို့ရမှာလဲ။ မင်းက ကြယ်တာရာ အရှင်သခင်လေ၊ မင်းရဲ့ ပုံရိပ်ကို ထိန်းသိမ်းထားမှ ဖြစ်မယ် “ ဟုရှန့်ဝမ်ချန်းမှ ပြန်ပြောလာခဲ့သည်။

ရှုကျိုးသည် သူ၏ဦးခေါင်းကို ခါရမ်းနေတော့သည်။

ထို့နောက်တွင် သူသည် အောက်ဘက်တွင် ရှိနေသည့် လူသစ်လေးများကို လှည့်ကြည့်လိုက်သည်။

ထိုအချိန်၌ လူသစ်လေးများ၏ မျက်နှာများပေါ်တွင် အံ့ဩတုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။

ထိုကဲ့သို့ ဖြစ်ရခြင်းမှာ ရှုကျိုး၏ အသွင်အပြင်က မီတာ တစ်ထောင်မြင့်မားသော ရုပ်ထုကြီးနှင့် ထပ်တူညီနေသောကြောင့် ဖြစ်သည်။

“ အဲ့တာက ….. အဲ့တာက ကြယ်တာရာ အရှင်သခင်ပဲ “

“ ကြယ်တာရာ အရှင်သခင်ရှုက ငါတို့ကျောင်းမှာ ရှိနေတယ် “

“ ဘုရားရေ၊ ကြယ်တာရာ အရှင်သခင်ရှုက ဘာလို့ဒီလောက်တောင် ချောနေရတာလဲ “

တစ်ချို့သော မိန်းမပျိုလေးများသည် ရှက်သွေးများ ဖြာသွားကြပြီး၊ ရှက်ရွံ့စွာ ခေါင်းငုံ့ကြသွားကာ၊ ရှုကျိုး၏ မျက်နှာကို တည့်တည့်ပင် မကြည့်ရဲကြတော့ပေ။

ယခုတွင် ရှုကျိုးသည် ကောင်းကင်ဘုံ တာအိုနှင့် ပေါင်းစည်းထားကာ၊ ကျော်ဖြတ်ခြင်းနယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ရုပ်ခန္ဓာသော်လည်းကောင်း၊ ရှေးဦးဝိညာဥ်သော်လည်းကောင်း၊ နှစ်စလုံးက ချို့ယွင်းချက်ကင်းနေခဲ့ပြီ ဖြစ်သည်။

သူ၏ အချိုးကျသော ခန္ဓာကိုယ်နှင့် ကြည့်ကောင်းသော အသွင်အပြင်တို့ကို ပေါင်းစပ်လိုက်သောအချိန်၌၊ အဆိုပါ မိန်းမပျိုလေးများ၏ မျက်လုံးများထဲတွင် နေမင်းကြီးကပင် ရှုကျိုးလောက် မတောက်ပဘူးဟု ပြောဆို၍ ရပေသည်။

အမှန်ပင် ပြီးပြည့်စုံလွန်းနေခဲ့သည်။

မည်သည့်ပြစ်ချက်မှ မရှိသောကြောင့် ကြာကြာကြည့်မိပါက မလေးမစား လုပ်မိသည်ဟုပင် လူတိုင်းကို ခံစားသွားရစေခဲ့သည်။

သို့သော် ရှုကျိုး၏ ချိုသာသော အသံမှာ သူတို့၏ စိတ်ထဲတွင်ရှိနေသည့် ကြောက်ရွံ့မှုများကို လွင့်ပါးပျောက်ကွယ်သွားစေခဲ့သည်။

“ ငါက ရှုကျိုးပါ၊ ငါ့ကို စီနီယာလို့ခေါ်လို့ရတယ် “

ရှုကျိုးမှ အသာအယာ ပြုံးပြလိုက်သည်။

ဤတစ်ကြိမ်၌ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် သူသည် သက်ရှိအားလုံးထပ် သာလွန်နေသည့်အလား ဖြစ်နေခဲ့ပြီး၊ လူတိုင်း၏ အာရုံများကို ဆွဲဆောင်သွားခဲ့သည်။

ထို့နောက်တွင် သူသည် ရှန့်ဝမ်ချန်းကို ထပ်ကြည့်ကာ စကားပြောလိုက်သည် “ ဌာနမှူးရှန့်၊ အထဲမှာ စကားသွားပြောကြတာပေါ့ “

“ ကောင်းပြီလေ “

ရှုကျိုးနှင့် ရှန့်ဝမ်ချန်းတို့မှ ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်ရာ၊ ထိုနေရာမှ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။

မိန်းမပျိုလေးများသည် ထွက်ခွာသွားသော သူ၏ ပုံရိပ်ကို ငေးကြည့်နေခဲ့ကြပြီး၊ သူလုံးဝပျောက်ကွယ်သွားသည့် အချိန်မှသာလျှင် သူမတို့၏ အကြည့်များကို ရုတ်သိမ်းသွားကြသည်။

…

ရုံးခန်းအတွင်း၌

ရှန့်ဝမ်ချန်းမှ ရယ်ရယ်မောမောဖြင့် စကားပြောလာခဲ့သည် “ ရှုကျိုး၊ မင်းက လွန်ခဲ့တဲ့ နှစ်ဝက်တုန်းကနဲ့စာရင် တော်တော်ကြီးကို ပြောင်းလဲသွားတာပဲ “

လွန်ခဲ့သော နှစ်ဝက်က ရှုကျိုးကို မြင်တွေ့ခဲ့ရသည့် အချိန်တွင်၊ ရှုကျိုးသည် စိတ်ခံစားချက်အားလုံး ဆုံးရှုံးသွားသည့်အလား ဖြစ်နေခဲ့ကာ၊ စကားပြောဆိုမှုဖြစ်စေ၊ အကြည့်ဖြစ်စေ၊ အရာအားလုံးက လုံးဝအေးစက်နေခဲ့သည်။

သို့သော် ယခုတွင်ကား ထိုအရာအားလုံး ပျောက်ကွယ်နေခဲ့သည်။

ရှုကျိုးသည် အပြုံးနှင့် သူ၏ဦးခေါင်းကို ခါရမ်းနေတော့သည် “ လွန်ခဲ့တဲ့ နှစ်ဝက်တုန်းက ကောင်းကင်ဘုံတာအိုနဲ့ ပေါင်းစပ်ခါစမို့ သူ့ရဲ့ လွှမ်းမိုးမှုကို နည်းနည်းလေး ခံလိုက်ရတာပါ “

“ နှစ်ဝက်ကြာခဲ့ပြီးနောက်မှာတော့ ကောင်းကင်ဘုံ တာအိုကို ကျွန်တော့်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် အပြည့်အဝ ပေါင်းစပ်နိုင်ခဲ့ပါပြီ “

………………………………………………………………………………………………………………………………………….

အပိုင်း ( 738 )

လီရို့ရှီ ၂

“ စိတ်ခံစားချက် မရှိတာက ဘယ်တုန်းကမှ ကျွန်တော်ရဲ့ စိတ်သဘောထား မဟုတ်ခဲ့ဘူး။ အခုလက်ရှိ ကျွန်တော်ကမှ တကယ့်ရှုကျိုးပါ “

ရှုကျိုး၏ အမူအရာမှာ အေးဆေးတည်ငြိမ်နေခဲ့သည်။

သို့သော် သူ၏တည်ရှိမှုမှာ လွန်ခဲ့သော နှစ်ဝက်ကထပ် ပိုမိုသာလွန်နေခဲ့ပြီ ဖြစ်သည်။

အကယ်၍ လွန်ခဲ့သော နှစ်ဝက်ကသူက ဤကမ္ဘာတွင် ပြိုင်ဘက်ကင်းနေခဲ့ပြီဆိုပါက၊ ယခုလက်ရှိ သူမှာ ထိုအချိန်ကထပ် အဆပေါင်းရာနှင့်ချီ၍ ပိုမိုအစွမ်းထက်နေခဲ့ပြီ ဖြစ်သည်။

“ မင်းက ပြန်လာဖို့ ဘာလို့ ဆုံးဖြတ်လိုက်ရတာလဲ “

ရှန့်ဝမ်ချန်းမှ အပြုံးဖြင့် ပြန်ပြောလာခဲ့သည်၊ လွန်ခဲ့သော ခြောက်လအတွင်းတွင် ရှုကျိုးက ကျောင်းသို့ လာရောက်လည်ပတ်သည်မှာ အလွန်တရာ ရှားပါးလွန်းနေခဲ့သည်။

ရှုကျိုးသည် လက်ဖက်ရည်ခွက်ကို ကောက်ယူကာ၊ ပြုံးပြလိုက်သည် “ အခု ကျွန်တော့်ရဲ့ ကျင့်ကြံရေးက ပြီးပြည့်စုံသွားပြီလေ၊ အဲ့တာကြောင့် အရင်က သွားခဲ့ဖူးတဲ့ လမ်းတွေကို ပြန်ချင်လို့ပါ “

ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှန့်ဝမ်ချန်းမှာ အနည်းငယ် မှင်သက်သွားခဲ့သည်။

သူသည် ရှုကျိုး၏ စကားလုံးအတွင်းတွင် ပါဝင်နေသည့် လေးနက်သော အဓိပ္ပါယ်များကို ခံစားမိနေခဲ့သည်။

သူသည် ရှုကျိုးကို ကြည့်ကာ၊ ဖြည်းဖြည်းချင်း ပြန်ပြောလာခဲ့သည် “ မင်းက ခရီးထွက်ဖို့ စီစဥ်နေတာလား “

ရှုကျိုးသည် ခေါင်းငြိမ့်ပြလိုက်ကာ အေးအေးလူလူ ပြန်ပြောလိုက်သည် “ ဒီစကြာဝဠာရဲ့ အလွန်မှာ ကျယ်ပြောတဲ့ ကမ္ဘာကြီးတွေ ရှိနေသေးတယ်လို့ ဝေဝေဝါးဝါး ခံစားနေရတယ် “

“ ကျွန်တော်က သူတို့ကို သွားကြည့်မလို့ပါ “

ရှန့်ဝမ်ချန်း မျက်မှောင်ကြုတ်သွားခဲ့သည်။

သူသည် တစ်ခဏခန့် တွေဝေတုံ့ဆိုင်းသွားခဲ့ပြီး၊ မနေနိုင်တော့ဘဲ မေးမြန်းလာခဲ့သည် “ အဲ့တာက လုံးဝမသိတဲ့ ကမ္ဘာတစ်ခုဖြစ်နေနိုင်တယ်၊ အန္တရာယ်တွေလည်း ရှိနေနိုင်တယ်။ မင်းက တကယ် ဆုံးဖြတ်ခဲ့ပြီးပြီလား “

ရှုကျိုးက ပြိုင်ဘက်ကင်းဖြစ်နေခဲ့ပြီဆိုသော်လည်း၊ သူသည် စိုးရိမ်ပူပန်နေစဲဖြစ်သည်။

ဤနှစ်များတစ်လျှောက်တွင် သူသည် ရှုကျိုးအား သူသဘောအကျရဆုံးလူများအနက်မှ တစ်ဦးအဖြစ် သတ်မှတ်ထားခဲ့သည်။ ရှုကျိုးက မည်မျှပင် သန်မာအားကောင်းသွားပါစေ၊ သူသည် အကြီးအကဲတစ်ဦးအနေဖြင့် သူ့ကို အမြဲဂရုစိုက်ပေးနေခဲ့သည်။

“ တကယ်လို့ မသွားဘူးဆိုရင်၊ ကျွန်တော့်စိတ်က အေးချမ်းနေမှာ မဟုတ်ဘူး “ ရှုကျိုးမှ အပြုံးဖြင့် ပြန်ပြောလာခဲ့သည်။

ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှန့်ဝမ်ချန်းသည် သက်ပြင်းတချချ ဖြစ်သွားကာ၊ သူ့ကို ထပ်မံ၍ မဖြောင်းဖြလာတော့ပေ။

သူသည် ရှုကျိုး၏အဆင့်မျိုး၌ ဆုံးဖြတ်ချက်တစ်ခုခု ချပြီးသွားသည်နှင့်တစ်ပြိုင်နက်၊ ၎င်းကို မည်သည့်အရာကမှ ပြန်မပြင်ပေးနိုင်ဘူးဆိုသည်ကို သိနေခဲ့သည်။

ရှုကျိုး၏ ဖော်ရွေသော စိတ်သဘောထားကြောင့် အထင်မမှားသင့်ပေ။ သူ၏စိတ်ဆန္ဒမှာ အလွန်တရာ ခိုင်မာလွန်းလှသည်။

ကောင်းကင်ဘုံ တာအိုနှင့် ပေါင်းစည်းခြင်းသည် သူ့အား နတ်ဘုရားတစ်ပါးကဲ့သို့သော စိတ်သဘောထားကို ရရှိသွားစေခဲ့သည်။ သူ၏စိတ်သဘောထားက နူးညံ့ပုံရသော်လည်း၊ သူစိတ်နှလုံးသားမှာ အလွန်တရာ ခိုင်မာအားကောင်းလွန်းနေခဲ့သည်။

“ လီရို့ရှီကော ဘယ်လိုနေလဲ “ ရှုကျိုးမှ အပြုံးဖြင့် မေးမြန်းလိုက်သည်။

ရှန့်ဝမ်ချန်းမှ ပြန်ပြောလာခဲ့သည် “ သူမက ကျောင်းမှာ ကျင့်ကြံနေတယ် “

သူသည် ရယ်ရယ်မောမောဖြင့် ထပ်ပြောလာခဲ့သည် “ ရို့ရှီက မင်းရဲ့ ခြေလှမ်းအတိုင်း အမြဲလျှောက်လှမ်းချင်နေတာ၊ အားလုံးထပ် ပိုပြီးတော့ ကြိုးစားကျင့်ကြံနေတယ်၊ အခုဆိုရင် အဆင့်၆ကိုတောင် ရောက်လုနီးပါး ဖြစ်နေပြီ “

ရှုကျိုးသည် ခေါင်းငြိမ့်၍ ပြန်ပြောလိုက်သည် “ သူမကို သွားကြည့်ဦးမယ် “

ထို့နောက်တွင် သူသည် လက်ဖက်ရည်ခွက်ကို လွှတ်ချလိုက်ကာ၊ ဤနေရာမှ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။

လက်ဖက်ရည်ခွက်သည် လေထဲတွင် နှစ်စက္ကန့်မျှ မျောလွင့်နေခဲ့ပြီးမှ၊ စားပွဲခုံပေါ်သို့ အသာအယာ ဆင်းသက်လာခဲ့သည်။

…

ခြံဝန်းတစ်ခုအတွင်း၌

အံ့ဖွယ်ကောင်းလောက်အောင် လှပသော မိန်းမပျိုတစ်ဦးသည် တရားထိုင်ရာ ဖျာပေါ်တွင် တင်ပျဥ်ခွေထိုင်ကာ တိတ်တဆိတ် ကျင့်ကြံနေလျက်ရှိသည်။

ရုတ်တရက်ဆိုသလိုပင် သူမသည် တစ်စုံတစ်ခုကို အာရုံခံမိသွားပုံရကာ၊ ရုတ်တရက် မျက်လုံးဖွင့်၍ အနောက်သို့ လှည့်ကြည့်လာခဲ့သည်။

“ ရှုကျိုး “

လီရို့ရှီ၏ မျက်လုံးများ တောက်ပသွားကာ၊ လျင်မြန်စွာ ထရပ်လာခဲ့သည်။

သို့သော် တစ်ခဏအကြာ၌ သူမ၏ မျက်နှာလေးပေါ်တွင် မကျေမနပ်ဖြစ်နေသည့် အရိပ်အငွေ့များ စွန်းထင်းလာခဲ့သည် “ ကြယ်တာရာ အရှင်သခင်ရှုက ကျွန်မဆီကို ဘယ်လိုလုပ်လာလည်ရတာလဲရှင့် “

သူမ၏ မျက်လုံးများထဲတွင် ရှိနေသည့် မကျေနပ်ချက်များကို မြင်လိုက်ရသောအခါတွင် ရှုကျိုးသည် ကူရာကယ်ရာမဲ့စွာဖြင့် ပြုံးနေတော့သည် “ ပြီးခဲ့တဲ့ လတွေအတွင်းမှာ ကျင့်ကြံရေးကိစ္စနဲ့ အလုပ်ရှုပ်နေခဲ့လို့ တောင်းပန်ပါတယ် “

ထိုစကားကို ကြားလိုက်ရသောအချိန်၌ လီရို့ရှီ၏ မျက်လုံးလေးများထဲတွင် ရှိနေသည့် မကျေနပ်ချက်များမှာ သိသိသာသာ လျော့ပါးသွားခဲ့သည်။

သို့ရာ၌ သူမ၏မျက်လုံးလေးများ မျှော်လင့်တကြီး ဖြစ်နေသည့် အရိပ်အငွေ့များ ဖြစ်တည်လာခဲ့သည် “ ဒီနေ့ နင် ….. နင်ငါနဲ့ နည်းနည်းလောက် ကြာကြာပိုနေပေးလို့ရမလား “

“ ရတာပေါ့ “

ရှုကျိုးမှ အပြုံးဖြင့် ပြန်ပြောလိုက်သည် “ အခုပဲ တစ်ယောက်ယောက်နဲ့ သွားတွေ့တာမှာ နင့်ကို ခေါ်သွားမလို့ စီစဥ်နေတာ။ လိုက်မှာလား “

“ အင်း “ လီရို့ရှီမှ ချက်ချင်းပြန်ပြောလာခဲ့သည်၊ သူမ၏မျက်လုံးလေးများထဲတွင် မျှော်လင့်ချက်တို့ဖြင့် ပြည့်နှက်သွားခဲ့သည်။

“ လာ “

ရှုကျိုးမှ လက်ဆန့်တန်းပေးလာခဲ့သည်။

လီရို့ရှီသည် သူမ၏လက်သေးသေးလေးကို ဆန့်တန်းကာ၊ သူ၏လက်ကို ငြင်သာစွာ ဆုပ်ကိုင်လိုက်သည်။

ရှုကျိုးသည် ကောင်မလေး၏ နူးညံ့ကာ အရိုးမရှိပုံရသည့် လက်လေးကို ဆုပ်ကိုင်၍၊ ထိုနေရာမှ ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။

…

အဆုံးမဲ့ ဟင်းလင်းပြင်အတွင်းတွင်

ပုံရိပ်တစ်ခု တင်ပျဥ်ခွေထိုင်နေလျက်ရှိသည်။

ထိုလူသည် ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ တည်ကြည်သော မျက်နှာထားကို ပိုင်ဆိုင်ထားကာ၊ သူ၏ဆံပင်များတွင် ရွှေရောင်ခပ်ဖျော့ဖျော့ သမ်းနေခဲ့ပြီး၊ ထူးခြားကာ သူရဲကောင်းဆန်သော အရှိန်အဝါကို ထုတ်လွှတ်နေခဲ့သည်။

ထိုလူသည် ရှေးခေတ် လူသားဧကရာဇ် ချန်းရွှမ်ပင် ဖြစ်သည်။

“ ဆရာ “ အသံတစ်သံပေါ်ထွက်လာခဲ့သည်။

ချန်းရွှမ်မှ မော့ကြည့်ကာ၊ သူ့ထံသို့ ပုံရိပ်နှစ်ခု ချဥ်းကပ်လာနေသည်ကို မြင်တွေ့သွားခဲ့သည်။

“ ရှုကျိုး “

ထိုလူဦးကို မြင်လိုက်ရသောအခါတွင် ချန်းရွှမ်သည် အပြုံးဖြင့် ချက်ချင်းမတ်တပ်ထရပ်လာခဲ့သည်။

ယခုတွင် ရှုကျိုးကို သူ၏အမည်ရင်းဖြင့် ခေါ်ဆိုနိုင်သည့် လူများအဖြစ် လီရို့ရှီ၊ သူ၏ မိဘနှစ်ပါးနှင့် ရှေးခေတ်လူသားဧကရာဇ်တို့သာလျှင် ကျန်ရှိနေခဲ့သည်။

၎င်းမှာ လူသားဧကရာဇ်၏ စွမ်းအားက ရှုကျိုးနှင့် ယှဥ်နိုင်သောကြောင့် မဟုတ်ဘဲ၊ သူက ရှုကျိုး၏ ပြန်လည်မွေးဖွားခြင်း ဖြစ်စဥ်၏ ကျေးဇူးရှင်ဖြစ်နေခဲ့သောကြောင့် ဖြစ်သည်။

ထိုအချိန်က လူသားဧကရာဇ် ချန်ထားခဲ့သည့် အရေးပေါ် အစီအမံများသာ မရှိဘူးဆိုပါက၊ ရှုကျိုးမှာ ပြန်လည်မွေးဖွားခြင်းဖြစ်စဥ်ကို မည်သို့မျှ ခံယူခဲ့ရမည် မဟုတ်ပေ။

ထို့နောက်တွင် ဖြစ်ပေါ်လာသည့် ကောင်းကင်ဘုံ တာအိုနှင့် ပေါင်းစည်းခြင်းနှင့် ကျော်ဖြတ်ခြင်းနယ်ပယ်တို့ဆိုသည်မှာလည်း အိမ်မက်တစ်ခုမျှသာ ဖြစ်သွားမည် ဖြစ်သည်။

လူသားဧကရာဇ်ကြောင့်သာ မဟုတ်ဘူးဆိုပါက ရှုကျိုးက ဤကဲ့သို့သော အမြင့်မျိုးအထိ ရောက်မလာနိုင်ဘူးဟုပင် ပြောဆို၍ ရပေသည်။

ထို့ကြောင့် ခွန်အားသာလွန်နေခဲ့သော်လည်း၊ ရှုကျိုးသည် လူသားဧကရာဇ်ကို သူ၏ဆရာအဖြစ် လေးလေးစားစား ဆက်ဆံနေခဲ့သည်။

“ ဆရာ၊ မတွေ့ရတာ ကြာပြီနော် “ ရှုကျိုးမှ အပြုံးဖြင့် ပြောလိုက်သည်။

ချန်းရွှမ်သည် သူ့ဘေးနားတွင် ရှိနေသည့် လီရို့ရှီကို ကြည့်ကာ အပြုံးဖြင့် ပြန်ပြောလိုက်သည် “ ဒါက မင်းရဲ့ ဇနီးလား “

ရှုကျိုးမှ ခေါင်းခါပြလိုက်သည် “ ဆရာရာ၊ ကျွန်တော်တို့ကို မစပါနဲ့ “

လူသားဧကရာဇ်၏ အဆင့်၌ ရှုကျိုးနှင့် လီရို့ရှီတို့ကြားတွင် ရှိနေသည့် ဆက်ဆံရေးကို တစ်ချက်မျှကြည့်ရှုရုံဖြင့် မြင်တွေ့နေနိုင်ပြီ ဖြစ်သည်။

သို့သော် ချန်းရွှမ်မှာ နောက်ပြောင်ပြောဆိုနေခဲ့ခြင်း မဟုတ်ပေ။

သူသည် လီရို့ရှီကို ငေးကြည့်နေခဲ့ပြီး၊ ထို့နောက်တွင် ရှုကျိုးကို ကြည့်ကာ လေသံတိုးတိုးလေးဖြင့် ပြောဆိုလိုက်သည် “ မင်းဘေးမှာရှိတဲ့ ကောင်မလေးက မင်းအပေါ်မှာ ထူးခြားတဲ့ ခံစားချက်တွေ ရှိနေတယ် “

ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့ပြီး၊ သူကိုယ်တိုင်ကပါ လီရို့ရှီကို လှည့်ကြည့်လိုက်သည်။

သူ၏အကြည့်ကို သတိပြုမိသွားသောအခါတွင် လီရို့ရှီသည် အနည်းငယ် ရှက်သွေးဖြာသွားကာ၊ လေသံတိုးတိုးလေးဖြင့် စကားပြောလာခဲ့သည် “ နင်တို့က ဘာလို့ငါ့ကို ကြည့်နေရတာလဲ “

“ နင်က အရမ်းလှတယ်လေ၊ ငါက ဘယ်လိုလုပ် ခိုးမကြည့်ဘဲ နေနိုင်မှာလဲ “ ရှုကျိုးသည် အပြုံးဖြင့် ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။

လီရို့ရှီ၏ ခန္ဓာကိုယ်တစ်ခုလုံး အနည်းငယ် တောင့်တင်းသွားကာ၊ သူမ၏မျက်နှာလေးမှာလည်း အနည်းငယ် နီမြန်းသွားခဲ့သည် “ နင်က အဲ့လိုစကားတွေကို ဘာလို့ပြောနေရတာလဲ “

“ ဟားဟားဟား “

ရှုကျိုးသည် အူလှိုက်သည်းလှိုက် ရယ်မောနေတော့သည်၊ ထို့နောက်တွင် သူမကို စနောက်မနေတော့ဘဲ၊ မိတ်ဆက်ပေးလိုက်သည် “ ဒါက ရှေးခေတ် လူသားဧကရာဇ်၊ ချန်းရွှမ်ပဲ၊ သူ့ကို ဆရာလို့ခေါ်လို့ရတယ် “

လီရို့ရှီ၏ မျက်ဝန်းများ အနည်းငယ် လှုပ်ရှားသွားခဲ့ကာ၊ ချန်းရွှမ်ကို ကြည့်၍ ခေါင်းငြိမ့်ပြလိုက်သည် “ ဟယ်လို၊ ဆရာချန်း “

“ … “

ရှုကျိုးသည် သူမကို ကြည့်ကာ ကြောင်အသွားခဲ့သည်၊ ထို့နောက် ချောင်းဟန့်ကာ စကားထပ်ပြောလိုက်သည် “ သူ့ကို ဆရာလို့သာ တိုက်ရိုက်ခေါ်လိုက်ပါ “

ထိုစဥ် လူသားဧကရာဇ်မှ လက်ဝေ့ရမ်းပြလာခဲ့သည် “ ကိစ္စမရှိပါဘူး၊ ဆရာချန်း၊ ဒီနာမည်ကို ငါအတော်လေး သဘောကျတယ် “

အပိုင်း ( 739 )

လီရို့ရှီ ၃

ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှုကျိုးသည် ကူရာကယ်ရာမဲ့စွာဖြင့် ခေါင်းခါရမ်းနေတော့သည်။

သူသည် လူသားဧကရာဇ်ကို ကြည့်ကာ စကားထပ်ပြောလိုက်သည် “ သူ့ကို ဆရာ့ဆီ အပ်ထားခဲ့ချင်တယ်၊ အဲ့တာမှ ပိုလုံခြုံမှာ “

“ ပြဿနာ မရှိဘူး “ လူသားဧကရာဇ်မှ ခေါင်းငြိမ့်ပြလာခဲ့လေသည်။

ရှုကျိုးမှ ဆက်ပြောလာခဲ့သည် “ နောက်ကာလတွေအတွင်းမှာတော့ သူမက ကျွန်တော်ရဲ့ မိဘတွေနဲ့ နေလိမ့်မယ်၊ ဆရာ့ကိုပဲ အားကိုးပါတယ် “

လူသားဧကရာဇ်သည် ထပ်မံ၍ ခေါင်းငြိမ့်ပြလိုက်သည်။

မူလနယ်မြေတွင် ရှိနေသည့် တစ်ဦးတည်းသော အန္တိမ ပညာရှင်ဖြစ်သောကြောင့် သူသည် ရှုကျိုးနှင့် အဆက်အသွယ် ရှိနေခဲ့ပြီး၊ သူလုပ်ဆောင်မည့် အရာများကို သိရှိနေခဲ့သည်။

သို့သော် သူတို့၏ စကားဝိုင်းကို ကြားလိုက်ရသည့် လီရို့ရှီကမူ အနည်းငယ် အမူအရာ ပြောင်းလဲသွားသည်။

သူမသည် သူမ၏နှုတ်ခမ်းလေးများကို ကိုက်ကာ စကားဝင်ပြောလာခဲ့သည် “ ရှုကျိုး၊ နင်က ခရီးထွက်မလို့လား “

“ အင်း၊ ငါ စကြာဝဠာ အပြင်ဘက်ကို သွားမလို့ “ ရှုကျိုးသည် မည်သည့်အရာကိုမှ မဖုံးကွယ်ထားဘဲ အမှန်အတိုင်း ပြောပြလိုက်သည် “ အဲ့မှာ ဘာတွေ ရှိနေမလဲဆိုတာကို ငါမြင်ချင်တယ် “

“ နင်ဘယ်အချိန် ပြန်လာမှာလဲ “ လီရို့ရှီသည် သူ့ကို စူးစူးစိုက်စိုက် ကြည့်ရှုလာခဲ့သည်။

“ သိပ်မကြာလောက်ပါဘူး “

ရှုကျိုး၏ အဖြေမှာ မရေရာ မသေချာဖြစ်နေခဲ့သည်။

ဤခရီးစဥ်တွင် မည်သည့်အရာများ ဖြစ်ပေါ်လာမလဲဆိုသည်ကို သူမသိပေ။

ဤစကြာဝဠာ အတွင်းတွင် ပြိုင်ဘက်ကင်းနေခဲ့ပြီဖြစ်သော်လည်း၊ စကြာဝဠာ အလွန်တွင်မူ တစ်ခြားသော ကျော်ဖြတ်ခြင်းအဆင့် ပညာရှင်များကို ကြုံတွေ့ရနိုင်ပေသည်။

ထိုလောကက မည်ကဲ့သို့ ဖြစ်နေမလဲဆိုသည်ကို သူကိုယ်တိုင်ကပင် မခန့်မှန်းနိုင်ခဲ့ပေ။

“ နင်သွားမှ ဖြစ်မှာလား “ လီရို့ရှီ၏ မျက်ဝန်းများ အနည်းငယ် နီရဲသွားခဲ့သည် “ ငါနင်နဲ့ လိုက်ချင်တယ် “

ရှုကျိုးသည် သူ၏ဦးခေါင်းကို ခါရမ်းပြလိုက်သည် “ နင့်ကို ခေါ်သွားတာက အန္တရာယ်များတယ် “

“ ကျော်ဖြတ်ခြင်းအဆင့်ကို ရောက်ခဲ့ပြီးတဲ့နောက်မှာ၊ အဝေးတစ်နေရာမှာ ငါနဲ့ ပဲ့တင်ထပ်နေတဲ့ တစ်စုံတစ်ခု ရှိနေတယ်လို့ အာရုံခံမိခဲ့တယ် “

“ လွန်ခဲ့တဲ့ခြောက်လအတွင်းမှာ အဲ့ဒီခံစားချက်က ပိုပိုပြီးတော့ အားကောင်းလာခဲ့တယ် “

“ ယာယီဖိနှိပ်လို့ရပင်မဲ့၊ အချိန်ကြာလာတာနဲ့အမျှ၊ အဲ့ဒီခံစားချက်ကို ငါထိန်းချုပ်ထားနိုင်တော့မှာ မဟုတ်ဘူး “

ရှုကျိုးသည် အဝေးရှိ ကောင်းကင်ယံကို ငေးကြည့်ကာ စကားဆက်ပြောလာခဲ့သည် “ ဒီပဟေဠိကို ဖြေရှင်းဖို့အတွက် ငါသွားမှ ဖြစ်မယ် “

“ ကောင်းပြီလေ “ လီရို့ရှီသည် ခေါင်းငြိမ့်ပြလာခဲ့ပြီး၊ မည်သည့်စကားမှ ထပ်မပြောလာတော့ပေ။

ရှုကျိုးက စိတ်ပိုင်းဖြတ်ထားခဲ့ပြီးပြီဖြစ်သောကြောင့်၊ သူမသည် သူ့ကို စိတ်အနှောင့်အယှက်ဖြစ်သွားအောင် ပြုလုပ်မည် မဟုတ်ပေ။

“ စိတ်ချလက်ချသွားပါ၊ ငါ့ကိုယ်ငါနဲ့ အမေတို့ကို ငါဂရုစိုက်ထားလိုက်မယ် “ လီရို့ရှီ၏ အသံသည် ပြန်၍ အေးဆေးတည်ငြိမ်သွားခဲ့သည်။

ရှုကျိုးသည် လူသားဧကရာဇ်နှင့် တစ်ခဏခန့် စကားဆက်ပြောနေတော့သည်။

ထို့နောက် တစ်ခဏအကြာတွင် သူသည် လီရို့ရှီနှင့်အတူ ထွက်ခွာသွားခဲ့သည်။

…

ဟင်းလင်းပြင်အတွင်းမှ ထွက်လာခဲ့ပြီးသည့်နောက်တွင် သူသည် လီရို့ရှီကို တောင်ထိပ်တစ်ခုပေါ်သို့ ခေါ်ဆောင်လာခဲ့သည်။

“ ဘာလို့ ဒီကို လာတာလဲ “

လီရို့ရှီသည် သိလိုစိတ်များဖြင့် သူ့ကို ကြည့်ရှုလာခဲ့သည်။

“ ဒီမှာ ကြည့်ကြည့် “

ရှုကျိုးသည် အောက်ဘက်တွင် ရှိနေသည့် မြေပြင်ကျယ်ကို ငေးကြည့်နေတော့သည်။

လီရို့ရှီမှာလည်း အောက်သို့ငုံ့ကြည့်လိုက်ပြီး၊ မြင့်မားသော တောင်တန်းများနှင့် ၎င်းတို့၏ ခြေရင်းတွင်ရှိနေသည့် စိမ်းမြကြည်လင်သော ရေကန်များကို မြင်တွေ့သွားခဲ့သည်။

“ နင်က တောင်တန်းတွေကို ကြိုက်လား၊ ဒါမှမဟုတ် ပင်လယ်ပြင်ကို ကြိုက်လား “ ဟု ရှုကျိုးမှ မေးမြန်းလိုက်သည်။

လီရို့ရှီသည် သူ၏မေးခွန်းက ထူးဆန်းသည်ဟု ခံစားနေခဲ့ရသော်လည်း၊ စကားပြန်ပြောလာခဲ့သေးသည် “ ငါက တောင်တန်းတွေကို ကြိုက်တာ “

ရှုကျိုးမှ စကားထပ်ပြောလာခဲ့သည် “ ဘယ်တောင်ကို နင်ကြိုက်လဲ။ ငါနင့်ကို ပေးမယ် “

လီရို့ရှီသည် သူမ၏ဦးခေါင်းကို စောင်းကာ သိလိုစိတ်များဖြင့် သူ့ကို ကြည့်လာခဲ့သည် “ ငါက တောင်တစ်လုံးကို ဘာ့အတွက် လိုချင်ရတာလဲ “

ရှုကျိုးသည် သူမကို ပြန်လှည့်ကြည့်ကာ ရယ်မောနေတော့သည် “ မဂ်လာပစ္စည်း မရှိဘဲနဲ့ နင့်ကိုငါ ဘယ်လိုလုပ် လက်ထပ်လို့ရမှာလဲ “

လီရို့ရှီ၏ မျက်လုံးများ ပြူးကျယ်သွားကာ၊ သူမ၏ မျက်နှာမှာ အလွန်တရာ နီရဲသွားခဲ့သည်။

“ နင်၊ နင် အဲ့လိုဟာတွေကို ဘာအတွက် ပြောနေတာလဲ “

“ ငါဒီစကားပြောမှာကို နင်စောင့်နေခဲ့တာ မဟုတ်ဘူးလား “ ရှုကျိုးသည် အသာအယာ ပြုံးနေတော့သည်။

သူ၏အဆင့်၌ အတွေးတစ်ခုတည်းဖြင့် အရာအားလုံးကို နားလည်နိုင်သောကြောင့်၊ လီရို့ရှီ၏ ခံစားချက်များကို မည်ကဲ့သို့ သတိမပြုမိဘဲ နေလိမ့်မည်နည်း

ယခင်က ၎င်းကို တုံ့ပြန်ရန် အချိန်မရခဲ့ပေ။

ယခုတွင်ကား ခရီးထွက်ရတော့မည်ဖြစ်သောကြောင့်၊ ပြတ်သားသော အဖြေတစ်ခုကို ပေးရမည် ဖြစ်သည်။

“ နင်အတည်ပြောနေတာလား “ လီရို့ရှီသည် သူမ၏နှုတ်ခမ်းလေးများကို ကိုက်ကာ၊ သူ့ကို ကြည့်လာခဲ့သည်၊ သူမ၏မျက်လုံးလေးများထဲတွင် စိုးရိမ်ပူပန်မှုများ စွန်းထင်းနေခဲ့သည်။

“ ငါက ကောင်းကင်ဘုံ တာအိုနဲ့ ပေါင်းစပ်ထားတယ်ဆိုပင်မဲ့ ခံစားချက် မရှိတာတော့ မဟုတ်ပါဘူး “

ရှုကျိုးသည် အေးအေးလူလူ ပြန်ပြောလာခဲ့သည် “ နင်သိပါတယ်၊ ငယ်ငယ်လေးကတည်းက ငါ့ရဲ့ဆန္ဒက နင့်ကို အောင်နိုင်/သိမ်းပိုက်ဖို့ပဲလေ “

လီရို့ရှီ၏ မျက်နှာလေးမှာ ရဲပတောင်းခတ်သွားခဲ့ပြီး၊ ခေါင်းကိုငုံ့ကာ၊ သူမ၏နှုတ်ခမ်းလေးများကို ကိုက်နေတော့သည် “ နင်ငါ့ကို အောင်နိုင်သွားတာ တော်တော်ကြာနေပါပြီ “

ရှုကျိုးသည် အသာအယာ ပြုံး၍ သူ၏လက်ကို မြှောက်ကာ၊ အောက်သို့ ရုတ်တရက် ဖမ်းဆုပ်လိုက်သည်။

ဘုမ်းးးး

ချက်ချင်းဆိုသလိုပင် အောက်ဘက်တွင် ရှိနေသည့် မြင့်မားသော တောင်တန်းများမှာ ပြင်းပြင်းထန်ထန် လှုပ်ခါသွားခဲ့ပြီး၊ တစ်ပြိုင်နက် မြင့်တက်လာခဲ့ကြသည်။

မြင်ကွင်းမှာ အမှန်ပင် မှင်သက်ဖွယ်ကောင်းလွန်းနေခဲ့သည်။

ရာနှင့်ချီသော တောင်တန်းများသည် ကောင်းကင်ထက်သို့ အတူတကွ ပျံသန်းလာခဲ့ပြီး၊ နေမင်းကိုပင် ဖုံးကွယ်ပိတ်ဆို့သွားခဲ့သည်။

ထို့နောက်၌ ရှုကျိုး၏လက်အောက်တွင် ၎င်းတို့အားလုံး အတူတကွ အညှစ်ခံလိုက်ရသည်။

အုမ်းးး

မြင့်မားသော တောင်တန်းများ ရုတ်တရက် ပြိုကွဲသွားကာ၊ စုပြုံသွားခဲ့သည်။

အလင်းတန်းများစွာ တလက်လက် တောက်ပလာခဲ့သည်။

ထို့နောက်တွင် ရာနှင့်ချီသော အဆိုပါ တောင်တန်းတို့သည် လက်ချောင်းတစ်ချောင်းစာ ထူထဲသည့် ငွေရောင် လက်စွပ်တစ်ကွင်းအဖြစ် သိပ်သည်းသွားခဲ့သည်။

လက်စွပ်ပေါ်တွင် ကြီးမားသော စိန်တစ်လုံး ရှိနေခဲ့ပြီး၊ တောက်ပသော လရောင်နှင့်အတူ ပျိုးပျိုးပြက်ပြက် လင်းလက်နေခဲ့သည်။

“ ရို့ရှီ၊ အတူတူ ရှိကြရအောင် “

ရှုကျိုးသည် စိန်လက်စွပ်ကို ကိုင်ဆောင်ကာ၊ မျှော်လင့်ချက်တို့ဖြင့် ပြည့်နှက်နေသည့် လီရို့ရှီ၏ မျက်လုံးလေးများကို ကြည့်လိုက်သည်။

လီရို့ရှီကမူ သူမ၏ ပါးစပ်လေးကို ဖုံးအုပ်ကာ၊ ထိုမြင်ကွင်းကြောင့် မယုံကြည်နိုင်ဖြစ်သွားပုံရသည်။

“ ငါ၊ ….. ငါ အဲ့လိုတန်ဖိုးကြီးတဲ့ မဂ်လာပစ္စည်းမျိုးကို မတတ်နိုင်ဘူး “

သူမ၏ မျက်နှာလေး နီရဲသွားခဲ့ပြီး၊ သူမ၏နှလုံးမှာလည်း မြန်ဆန်စွာ ခုန်ပေါက်နေခဲ့ကာ၊ ထိုနေရာမှာပင် မှင်သေသေဖြင့် မတ်တပ်ရပ်နေခဲ့မိသည်။

ရှုကျိုးသည် အသာအယာ ပြုံးပြလိုက်ပြီး၊ သူမ၏ လက်လေးကို ဆွဲယူကာ၊ လက်စွပ်ကို သူမ၏လက်သူကြွယ်တွင် စွပ်ပေးလိုက်သည်။

“ နင်ရဲ့ အနာဂတ်က အဖိုးအတန်ဆုံး မဂ်လာပစ္စည်းပဲလေ “

လီရို့ရှီ၏ ခန္ဓာကိုယ်လေးမှာ ရုတ်တရက် တုန်ရင်သွားခဲ့သည်။

သူမသည် သူမ၏ လက်သူကြွယ်တွင် ရှိနေသည့် လက်စွပ်ကို ငေးကြည့်ကာ၊ သူမ၏ စိတ်ထဲတွင် ပေါက်ထွက်လာသည့် စိတ်ခံစားချက်များကို မည်သို့မျှ မဖိနှိပ်နိုင်တော့ပေ။

သူမသည် အရှေ့သို့ ပြေးလာခဲ့ကာ၊ ရှုကျိုးကို တင်းကြပ်စွာ ပွေ့ဖက်လိုက်သည်။

“ ငါ ….. ငါက ဘာမဂ်လာပစ္စည်းမှ မလိုချင်ပါဘူး၊ နင့်ကိုပဲ လိုချင်တာ၊ နင်နဲ့အတူ အမြဲတမ်း ရှိနေချင်တာ “

“ ရှုကျိုး၊ ငါနင့်ကို သဘောကျတယ်၊ နင်နဲ့အတူ တစ်သက်လုံး ရှိနေချင်တယ်၊ ဘယ်တော့မှ မခွဲချင်ဘူး “

မိန်းမပျိုလေး၏ အဆက်မပြတ်တုန်ရင်နေသည့် နူးညံ့သော ခန္ဓာကိုယ်လေးကို ခံစားလိုက်ရသောအချိန်၌၊ ရှုကျိုး၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

သူသည် လီရို့ရှီကို မင်းသမီးလေးတစ်ဦးကဲ့သို့ ပွေ့မလိုက်သည်။

“ ငါတို့က တစ်သက်လုံး အတူတူ ရှိနေရမှာပါ “

သူသည် သူမ၏ နှင်းသဖွယ်ဖြစ်နေသော နဖူးလေးကို ငြင်သာစွာ နမ်းရှိုက်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ကောင်းကင်က သူတို့၏ ခြင်ထောင်ဖြစ်လာခဲ့ပြီး၊ ကမ္ဘာမြေမှာ သူတို့၏ မွေ့ယာ ဖြစ်လာခဲ့ကာ၊ ဤနေရာသည် ဤကမ္ဘာကြီးနှင့် လုံးဝကွဲထွက်သွားပြီး၊ သူတို့နှစ်ဦးအတွက် သီးသန့် နေရာတစ်ခု ဖြစ်သွားခဲ့လေသည်။

…

ရက်ပိုင်းမျှအကြာတွင် ရှုကျိုးသည် ဟင်းလင်းပြင် အလွှာတစ်သိန်းရှိရာ နေရာဆီသို့ ရောက်ရှိလာခဲ့သည်။

သူသည် အရှေ့တွင် ရှိနေသော ကမ္ဘာ့အကာအရံသဖွယ် ဖြစ်နေသည့် အမြှေးပါးကို ငေးကြည့်နေခဲ့သည်။

“ အရှေ့ဘက်က စကြာဝဠာရဲ့ အပြင်ဘက်လား “

အခုလက်ရှိငါ့ရဲ့ စွမ်းအားနဲ့တောင် ဘာမှ မမြင်ရပါလားဟ

သူ၏ ယခုလက်ရှိ စွမ်းအားနှင့်သာဆိုပါက၊ မည်မျှ နက်ရှိုင်း ရှုပ်ထွေးသော အရာများဖြစ်နေပါစေ၊ တစ်ချက်မျှကြည့်လိုက်ရုံဖြင့် အရာအားလုံးကို ထွင်းဖောက်မြင်နေနိုင်ပြီဆိုသည်ကို အမှတ်ကြရမည် ဖြစ်သည်။

“ ဘာတွေ ရှိနေမလဲဆိုတာကို ကြည့်လိုက်ကြတာပေါ့ကွာ “

ရှုကျိုးမှ သူ၏လက်ကို မြှောက်လိုက်ရာ၊ စွမ်းအင်လှိုင်းတစ်ခု ပေါ်ထွက်လာခဲ့ပြီး၊ အဆိုပါ အကာအရံကို ထိုးဖောက်နေတော့သည်။

အန္တိမ ပညာရှင်ကိုပင် သုတ်သင်နိုင်သည့် စွမ်းအင်လှိုင်းသည် အားကောင်းသောခုခံမှုကို ရင်ဆိုင်လိုက်ရသည်။

“ ငါ့အတွက် ချိုးဖျက်လိုက်စမ်း “

ရှုကျိုးသည် အေးစက်စွာ နှာခေါင်းရှုံ့၍ အရှေ့သို့ တွန်းပို့လိုက်သည်။

အားကောင်းသော ကောင်းကင်ဘုံ တာအိုစိတ်န္ဒတစ်ခု ပျံ့လွင့်လာခဲ့သည်။

ဖောက်

အားကောင်းသော ကောင်းကင်ဘုံ တာအို၏ စိတ်ဆန္ဒအောက်တွင် အဆိုပါ အမြှေးပါးမှာ မည်သို့မျှ တောင့်မခံနိုင်တော့ဘဲ၊ ထိုးဖောက်ခံလိုက်ရသည်။

လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်လှိုင်းတစ်ခုကို ထုတ်လွှတ်နေသည့် အနက်ရောင် တွင်းပေါက် တစ်ခု ပေါ်ထွက်လာခဲ့သည်။

“ နောက်ဆုံးတော့လည်း …….. “

ရှုကျိုး၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားကာ၊ စကြာဝဠာ၏ နယ်နိမိတ်က ကျိုးပေါက်သွားပြီဆိုသည်ကို ချက်ချင်းနားလည်သွားခဲ့သည်။

ဤနေရာမှ ထွက်သွားခြင်းသည် လောကအသစ်ဆီသို့ ရောက်ရှိသွားမည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

ထို့အချိန်၌ ရှုကျိုးသည် လီရို့ရှီ၊ သူ၏မိဘနှစ်ပါး၊ ရှေးခေတ် လူသားဧကရာဇ် ချန်းရွှမ်၊ လျူချင်းယွမ်နှင့် တစ်ခြားလူများကို အမှတ်ရသွားခဲ့သည်။

သူ၏စိတ်အတွင်းသို့ မှတ်ဉာဏ် အပိုင်းအစများ ဖြတ်သန်းရောက်ရှိလာခဲ့သည်။

သို့သော် ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် အဆိုပါ အမှတ်တရများသည် လှုပ်ခါ၍ မရသော၊ မယိမ်းယိုင်သော စိတ်ပိုင်းဖြတ်မှုတစ်ခု/ ဆုံးဖြတ်ချက်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

“ ဝှစ် “

သူ၏ ပုံရိပ်မှာ ဤစကြာဝဠာအတွင်းမှ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

ပြီးပါပြီ … ။

စာဖတ်သူအားလုံးခင်ဗျာ အမှန်တကယ်တွင်တော့ ဒီစာစဉ်က နောက်ထပ် ဇာတ်လမ်းခွဲအနေနဲ့ ဆက်လက်ထွက်ရှိဖို့ အစီအစဉ် ရှိပါတယ်။ ဘယ်လိုပုံစံ ဆိုရသည်ရှိသော် လက်ရှိလောကကနေ အပြိုင်စကြဝဠာကို ရောက်ရှိပီး အစကနေ ပြန်လည် ကြိုးစားမဲ့ ဇာတ်လမ်းပါပဲ။ လက်ရှိတွင် အခန်း၂၀ခန့် ထွက်ရှိထားပြီး ထိုဇာတ်လမ်းမှာ ရပ်တန့်နေသည့်အတွက် လောကသစ်အကြောင်း ဇာတ်လမ်းအား စာစဉ်ပုံမှန်ထွက်ရှိချိန်တွင် အများသဘောနဲ့အညီ ထုတ်ဝေပေးဖို့ ကြိုးစားသွားပါမည်။

အားလုံး၏ တစိုက်မတ်မတ် ဖေးမကူညီအားပေးမှုတွေကြောင့် အလျင်အမြန် ပြီးဆုံးခဲ့ပါပီ ငါးလဝန်းကျင်သာ ကြာမြင့်ခဲ့တာမို့ ဘာသာပြန်စာရေးသူ KAI TIAN DI၏ ကြိုးစားမှုကို အားလုံးက ကျေနပ်နိုင်ဖို့ မျှော်လင့်ပါတယ်ခင်ဗျာ။ နောက်ဆက် ဇာတ်လမ်းတွဲအနေနဲ့ ထူးဆန်းပြီး အများနဲ့မတူသည့် ကျင့်ကြံသူလေးရဲ့ အလွဲနဲ့ ကြိုးစားမှုတွေကို မပျင်းမရိစွာဖြင့် ကျေနပ်အားရဖွယ် ကောင်းသော တိုက်ခိုက်မှုများကို အားလုံးအတွက် မိတ်ဆက်ပေးသွားပါမည်။ မြန်မြန်ဆန်ဆန် အရေးအသားနဲ့ ကောင်းမွန်တဲ့ ဇာတ်လမ်း မှန်ကန်တိကျတဲ့ စာရေးသူတို့ကြောင့် စိတ်ပျက်ရခြင်း မရှိဘဲဖတ်နိုင်မည့် အသစ်ဇာတ်လမ်းအနေနဲ့ နောက်လ ၁ရက်နေ့မှစကာ မိတ်ဆက်ပေးသွားပါမည်။

စာဖတ်သူအားလုံး ကျန်းမာခြင်း ချမ်းသာခြင်းများနှင့်အတူ ရောဂါဘယကင်းဝေးပြီး ပျော်ရွင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် ခင်ဗျာ။

All Chapters