အခန်း (၁၃၀၅-၁၃၀၆)
Vol. 131 Ch. 1305-1306
အခန်း (၁၃၀၅) - ဘိလပ်
နှစ်နာရီ ခန့် ကြာပြီးနောက် လုံဖူး မသေမျိုးအရှင်သည် ဖန့်ချန် ထွက်ခွာသွားသည်ကို လိုက်လံပို့ဆောင်သည်။
သူ၏ရှေ့တွင် မသေမျိုးကျောက်တုံး ၈၀၀ ပျံဝဲနေ၏။
“အဆင့် (၂) မသေမျိုး တစ်ယောက် က ဒီလောက်များတဲ့ ကျောက်တုံးပမာဏကို ထုတ်ပေးနိုင်တယ်ဆိုတော့... ဟွမ်ချင်းကျွဲက သူ့ကို အလေးထားပြီး ရှဲ့ကျစ် အဖွဲ့ဝင်အဖြစ် ခန့်အပ်တာ မဆန်းတော့ဘူးပဲ သူ့ရဲ့ နောက်ခံကလည်း အားနည်းမှာ မဟုတ်ဘူး”
လုံဖူး မသေမျိုးအရှင်က တိုးတိုးလေး ရေရွတ်လိုက်သည်။
မသေမျိုးအရိုးဆီ တစ်ကျပ်သား၏ ဈေးနှုန်းမှာ အဆင့် (၄) မသေမျိုး နတ်ဆေးပင် တစ်ပင်၏ ဈေးနှုန်းနှင့် နီးပါးတူညီသည်။
သာမန်အချိန်များတွင် အဆင့် (၂) မသေမျိုး တစ်ဦးမှာ ထိုကဲ့သို့ များပြားလှသော ငွေကြေးကို လုံးဝ ထုတ်ပေးနိုင်စွမ်း မရှိပေ။
ထို့နောက် သူသည် လက်အင်္ကျီလက်ပတ်ကို ခါလိုက်ရာ ကြီးမားသော လင်းနို့တစ်ကောင် ပျံထွက်လာပြီး အဘိုးအိုတစ်ဦးအဖြစ် အသွင်ပြောင်းလိုက်သည်။
“မင်း ကျိတူးခုံးယွမ်ဆီ သွားပြီး ပြောလိုက်ဦး။ ဟွမ်ချင်းကျွဲရဲ့ လက်အောက်က ရှဲ့ကျစ် အဖွဲ့ဝင်တွေရဲ့ ပစ်မှတ်တွေကို အကုန်လုံး စုံစမ်းပြီးပြီလို့။ ငါတို့ ငါးယောက်လုံးမှာ တစ်ယောက်ကို ရှဲ့ကျစ် အဖွဲ့ဝင် နှစ်ယောက်စီက စောင့်ကြည့်ဖို့ တာဝန်ယူထားကြတယ်"
" ဒါပေမဲ့ ဒီတစ်ခေါက်မှာ သူတို့က ဟွမ်ချင်းကျွဲ အပါအဝင် စုစုပေါင်း ၁၁ ယောက် ရောက်လာကြတာ။ ချန်ခုံး (ဝမ်ချုံးစန်း) ကို စောင့်ကြည့်တဲ့သူက နှစ်ယောက် ရှိနေပြီ၊ အဲဒီထဲမှာ တန့်ဌာနမှူး မပါဘူး"
" တန့်ဌာနမှူး စောင့်ကြည့်ခဲ့တာက ချန်ခုံး မဟုတ်ဘူး။ နန်ချင်းကြယ်တာရာနယ်မြေထဲမှာ ငါတို့ မသိသေးတဲ့ ဝိညာဉ်သုတ်သင်ခြင်းဌာနက ကျင့်ကြံသူတွေ ရှိနေသေးတယ်”
“အမိန့်အတိုင်းပါခင်ဗျာ”
ခြောက်ကပ်ပြီး မှောင်မည်းနေသော အာကာသဟင်းလင်းပြင်ထဲတွင် မသေမျိုးလှေ တစ်စင်းသည် လေဟာနယ်ကို ဖြတ်သန်းကာ အရှိန်အဟုန်ဖြင့် ခရီးနှင်နေသည်။
“ပြောရမယ်ဆိုရင် ဒီနန်ချင်းကြယ်တာရာနယ်မြေရဲ့ အခြေခံအရင်းအမြစ်က တကယ်ကို ဖန်တီးရှင် ဂြိုလ် ထက် အများကြီး သာလွန်တာပဲ။ တန်တိုင်တောင် နယ်မြေတစ်ခုတည်းတင် လုံယွမ်၊ စစ်ဝေ၊ မင်ဟူ နဲ့ ချောင်ဖုန်း တို့ထက် အမားကြီး ပိုပြီး ကြွယ်ဝချမ်းသာတယ်”
သင်္ဘောကို မောင်းနှင်နေသော နဂါးအိုကြီးက အံ့သြတုန်လှုပ်စွာဖြင့် ရေရွတ်နေသည်။
အကယ်၍ ထိုဖန့်သခင်လေး၏ နည်းစနစ်များနှင့် တန်ခိုးစွမ်းအားများသာ ထူးခြားဆန်းပြားခြင်း မရှိလျှင်၊ သူကဲ့သို့သော အဆင့် (၄) မသေမျိုးတစ်ဦးပင် နန်ချင်းကြယ်တာရာနယ်မြေသို့ လာရောက်ရန် အခွင့်အရေး ရှိမည် မဟုတ်ပေ။
ဖန်တီးရှင်ဂြိုလ်မှ နန်ချင်းကြယ်တာရာနယ်မြေသို့ လာရောက်ခြင်းမှာ ရိုးရှင်းသော ခရီးဝေးသွားခြင်းမျိုး မဟုတ်ဘဲ၊ ကြားထဲတွင် ကြုံတွေ့ရမည့် အန္တရာယ်များကို သာမန်မသေမျိုး များပင် တောင့်ခံနိုင်ရန် ခဲယဉ်းလှသည်။
မှန်ကန်သော လမ်းကြောင်း မရှိလျှင် တစ်သက်လုံး ရှာဖွေနေသော်လည်း ထိုနေရာသို့ ရောက်ရှိလာနိုင်မည် မဟုတ်ပေ။
“ရှေးဟောင်းနယ်မြေ လိုမျိုး ကြယ်တာရာစုပေါင်း ၁၃ ခု ရှိတယ်။ ဒီလိုနေရာမျိုးမှာ ကျင့်ကြံမှသာ မသေမျိုး အဖြစ် အဆင့်တက်နိုင်မယ့် အခွင့်အရေးက ဖန်တီးရှင်ဂြိုလ်ထက် အများကြီး ပိုများတာပေါ့”
ဟု ဖန့်ချန်က ပြုံး၍ ပြောသည်။
“ဟုတ်တာပေါ့။ ဟိုက ရွှီကွမ်းယွမ်ကို ကြည့်ဦး၊ သူက အဆင့် (၁) မသေမျိုး သက်သက်ပဲ။ ဒါပေမဲ့ သူ့ရဲ့ ကွမ်းယွမ်ထန်က နှစ်နှစ် သုံးနှစ်အတွင်းမှာ မသေမျိုးကျောက်တုံး တစ်တုံး စုဆောင်းနိုင်တယ်။ ဒါက ဖန်တီးရှင်ဂြိုလ်ပေါ်မှာဆိုရင် မဖြစ်နိုင်သလောက်ပဲ”
နဂါးအိုကြီးက ရယ်မောကာ ပြောသည်။
ဖန့်ချန်က ခေါင်းညိတ်လိုက်သည်။
ယွီထင်ကျဲ သည် နတ်မင်းနန်းတော်၏ ခန့်အပ်မှုဖြင့် ဖန်တီးရှင်ဂြိုလ်၏ အစောင့်အရှောက် ဖြစ်လာခဲ့သည်။
ထိုရာထူးကြောင့်လည်းကောင်း၊ ယခင်က ကျိုးရှန်ပျက်စီးသွားသော ကြောက်မက်ဖွယ် မြင်ကွင်းကြောင့်လည်းကောင်း၊ ဖန်တီးရှင်ဂြိုလ်ပေါ်ရှိ အင်အားစုအားလုံးသည် ယင်စိန့်ဂိုဏ်း ကို အညံ့ခံကာ အရင်းအမြစ်နေရာ အများအပြားကို ဖယ်ပေးခဲ့ကြသည်။
သို့သော်ငြားလည်း နှစ်စဉ် ပိုလျှံသော မသေမျိုးကျောက်တုံးမှာ ဆယ်ဂဏန်းမျှသာ ရှိသည်။
၎င်းမှာ ကွမ်းယွမ်ထန်၏ ဝင်ငွေထက် အဆတစ်ရာမျှသာ ပိုများခြင်း ဖြစ်သည်။
သို့သော် ကွမ်းယွမ်ထန်ဆိုသည်မှာ နန်ချင်းကြယ်တာရာနယ်မြေတွင် ဘာမျှမဟုတ်သော သဲတစ်ပွင့်မျှသာ ဖြစ်သည်။
နန်ချင်းကြယ်တာရာနယ်မြေကို အုပ်ချုပ်နေသော ဆယ်မျက်နှာဂိုဏ်းသည် တစ်နှစ်လျှင် မသေမျိုးကျောက်တုံး မည်မျှ စုဆောင်းနိုင်မည်ကို ခန့်မှန်းကြည့်ရုံနှင့် သိနိုင်သည်။
သူတို့ထံတွင် မသေမျိုးအရိုးဆီများပင် အလျှံပယ် ရှိနေသည်မှာ မဆန်းတော့ပေ။
အထက်နယ်မြေ သုံးခုရှိ ဂိုဏ်းအတော်များများပင် ဆယ်မျက်နှာဂိုဏ်း၏ ဝင်ငွေကို မမှီနိုင်လောက်ကြောင်း ခန့်မှန်းရသည်။
အချိန်တစ်နှစ် ကုန်လွန်သွားပြီးနောက် မသေမျိုးလှေ သည် စခန်းတစ်ခုသို့ ဆင်းသက်လိုက်သည်။
နဂါးအိုကြီးသည် လျှို့ဝှက်သော နေရာတစ်ခုကို ရှာဖွေပြီး တားမြစ်ချက် အလွှာပေါင်းများစွာကို ခင်းကျင်းပြီးနောက်၊ ဖန့်ချန်နှင့်အတူ ယင်လောကသို့ သွားရန် ပြင်ဆင်လိုက်သည်။
“ဒီလူနှစ်ယောက်ကို မေ့တော့မလို့ပဲ”
ဖန့်ချန်က ရုတ်တရက် ရယ်မောလိုက်ပြီး ထောင့်တစ်နေရာသို့ လှည့်ကြည့်လိုက်သည်။
ထိုနေရာတွင် ကျိထျန်းတုနှင့် ဆူယာတို့ ရပ်နေကြ၏။
သူတို့နှစ်ဦး၏ အကြည့်မှာ ဖန့်ချန်နှင့် ပထမဆုံးအကြိမ် ဆုံသွားကြရာ တုံးအအကြီး ဖြစ်သွားကြသည်။
တစ်ဖက်လူက သူတို့ကို တစ်ချိန်လုံး မြင်နေရတာလား
ဖူထူလောက၊ ကျန်းကွမ်မြို့။
ဖန့်ချန် ထိုနေရာသို့ မလာဖြစ်သည်မှာ အတန်ကြာပြီ ဖြစ်သည်။
ဤနေရာမှာလည်း တစ်နေ့တခြား တိုးတက်ပြောင်းလဲနေသော ခံစားချက်ကို ပေးစွမ်းနေ၏။
ထိုနေရာတွင် အခြေချနေထိုင်သော ယင်မိစ္ဆာများမှာ ပိုမိုများပြားလာပြီး စနစ်တကျ ရှိလာသည်။
ဤနေရာရှိ ယင်မိစ္ဆာ များ၏ အသိဉာဏ်မှာ ပြင်ပကမ္ဘာရှိ ယင်မိစ္ဆာ များထက် ပိုမိုမြင့်မားသည်ဟု ဆိုနိုင်သည်။
ကျန်းကွမ်မြို့ထဲတွင် ခွင့်ပြုချက်မရှိဘဲ ယင်သက်တမ်း အတွက် သတ်ဖြတ်လုယက်ခြင်းကိုလည်း တားမြစ်ထားသည်။
ဤစည်းကမ်းကို စတင်သတ်မှတ်စဉ်က ယင်မိစ္ဆာအများအပြား မကျေမနပ် ဖြစ်ခဲ့ကြပြီး ထွက်ခွာသွားကြသော်လည်း၊ တည်ငြိမ်စွာ ကျင့်ကြံလိုသော ယင်မိစ္ဆာ အများအပြားကိုလည်း ဆွဲဆောင်နိုင်ခဲ့သည်။
သူတို့သည် ယင်လောကငယ် ဘက်မှ စနစ်ကျမှုကို ကြားဖူးနားဝရှိပြီး အမြဲတမ်း တမ်းတခဲ့ကြသူများ ဖြစ်သည်။
အချို့သော ယင်မိစ္ဆာများ၏ အငွေ့အသက်မှာ ဖန့်ချန်အတွက် ယင်မိစ္ဆာကြီး အဆင့်သို့ တက်လှမ်းရန် နီးစပ်နေပြီဟု ခံစားရစေသည်။
ဤသည်မှာ ယခင်က ကျန်းကွမ်မြို့တွင် မမြင်တွေ့နိုင်သော အရာပင်။
မယ်တော်စီ ၏ စရိုက်အရဆိုလျှင် ယင်မိစ္ဆာကြီး အဆင့်တက်နိုင်မည့်သူများကို ထိုနေရာတွင် နေထိုင်ခွင့်ပြုမည် မဟုတ်ပေ။
ဖန့်ချန်က ကျိထျန်းတုနှင့် ဆူယာတို့ကို မယ်တော်စီထံ အပ်နှံပြီးနောက်၊ ယန်ယွမ်ဝူ သည် ချက်ချင်းပင် ရောက်ရှိလာပြီး လူ့လောကရှိ ဝိညာဉ်သုတ်သင်ခြင်းဌာန အကြောင်းကို စုံစမ်းမေးမြန်းလာသည်။
ဖန့်ချန်က နန်ချင်းကြယ်တာရာနယ်မြေတွင် ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုပ် ပြောပြလိုက်ရာ ယန်ယွမ်ဝူမှာ မယုံနိုင်အောင် ဖြစ်နေ၏။
“တန့်ဌာနမှူး... ဒီလိုပဲ သေသွားပြီလား”
ယန်ယွမ်ဝူက တိုးတိုးလေး ရေရွတ်လိုက်ပြီးနောက် ဖန့်ချန်အား လေးနက်စွာ ကြည့်လိုက်သည်
“ချင်းကျွဲသခင်လေးက ရှဲ့ကျစ်အဖွဲ့ကို ဖွဲ့စည်းဖို့ အဆိုပြုခဲ့တာဟာ တကယ်ကို တာဝန်ကြီးမားပြီး ခရီးဝေးတဲ့ အလုပ်ပါ။ သူတို့က အဆင့် (၄) လုပ်ဖော်ကိုင်ဖက်ကိုတောင် စိတ်ထင်တိုင်း သတ်ရဲနေကြပြီဆိုကတည်းက၊ အချို့သော ပုဂ္ဂိုလ်တွေနဲ့ ဝိညာဥ်နတ်ဘုရားဂိုဏ်းတို့ရဲ့ ဆက်ဆံရေးဟာ ဘယ်လောက်အထိ နီးကပ်နေပြီလဲဆိုတာ သိနိုင်ပါတယ်။ ငါတို့ ဝိညာဉ်သုတ်သင်ခြင်းဌာနနဲ့တော့ တဖြည်းဖြည်း ဝေးကွာသွားပြီပေါ့”
“ဒီကိစ္စတွေမှာ ပါဝင်နေတဲ့ ကျင့်ကြံသူတွေရဲ့ အဆင့်အတန်းက မြင့်လွန်းပါတယ်။ အခုဆိုရင် ကျုပ်တို့လည်း ဌာနမှူးရာထူးကနေ ဖယ်ရှားခံလိုက်ရပြီပဲ၊ ကျုပ်လည်း ဒီကိစ္စတွေကို ဆက်ပြီး စိတ်ဝင်စားမှာ မဟုတ်တော့ဘူး”
ဟု ဖန့်ချန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ယန်ယွမ်ဝူမှာ မှင်သက်သွားပြီး စိတ်ပျက်စွာ ပြုံးလိုက်သည်
“...စွန့်လွှတ်ဖို့ ဆုံးဖြတ်လိုက်ပြီလား...”
“ဝိညာဥ်နတ်ဘုရားဂိုဏ်းကို တိုက်ခိုက်ဖို့အတွက် ဝိညာဉ်သုတ်သင်ခြင်းဌာန တစ်ခုတည်း ရှိတာမှ မဟုတ်တာ”
ဖန့်ချန်က ရယ်မောလျက် ယန်ယွမ်ဝူ၏ ပုခုံးကို ပုတ်ပေးလိုက်သည်
“မင်းတို့ရဲ့ မူလရည်ရွယ်ချက်က ဘာလဲ ကျုပ် နဲ့ အတူတူပဲ ဖြစ်မှာပါ။ နောင်တစ်ချိန်မှာ ဝိညာဥ်နတ်ဘုရားဂိုဏ်းကို ဒုက္ခပေးဖို့ အခွင့်အရေး ရလာရင်တော့ ကျုပ်လည်း လုံးဝ လက်တွန့်နေမှာ မဟုတ်ပါဘူး”
ဟုတ်သားပဲ
ယန်ယွမ်ဝူ သဘောပေါက်သွားသည်။
ယင်လောကငယ်မှာလည်း ဝိညာဉ်သုတ်သင်ခြင်းဌာန ရှိနေသည် မဟုတ်ပါလား။
ဤသည်မှာ ဖန့်ချန်၏ ဝိညာဥ်နတ်ဘုရားဂိုဏ်းအပေါ် ထားရှိသော သဘောထားမှာ ဘယ်သောအခါမှ ပြောင်းလဲသွားခြင်း မရှိကြောင်း သက်သေပင်။
သူသည် သူကိုယ်တိုင် ဘာကြောင့် ထိုလမ်းကို ရွေးချယ်ခဲ့သနည်းဆိုသည်ကို မှတ်မိနေသေးသည်။
ကျင့်ကြံခြင်းလမ်းစဉ်ပေါ် မရောက်ခင်က သူ၏ ဘိုးဘေးဘီဘင်များ တည်ထောင်ခဲ့သော တိုင်းပြည်ကြီးမှာ တစ်ညတည်းနှင့် ပျောက်ကွယ်သွားသည်ကို မျက်ဝါးထင်ထင် မြင်ခဲ့ရသည်။
နောက်ပိုင်းတွင် ယင်းကိစ္စအားလုံးမှာ ဝိညာဥ်နတ်ဘုရားဂိုဏ်းနှင့် ပတ်သက်နေကြောင်း သိလိုက်ရသည့်အချိန်မှစ၍ သူ၏ ကျင့်ကြံခြင်း ခရီးစဉ်တွင် ပန်းတိုင်တစ်ခု တိုးလာခဲ့ခြင်း ဖြစ်သည်။
ယန်ယွမ်ဝူ ထွက်ခွာသွားပြီးနောက် သတင်းပို့ရန် တာဝန်ယူထားသော တုယွန်းရွှီ သည် ယွီထင်ကျဲနှင့် ဟွမ်ဝူကျိ တို့ကို ဖန့်ချန်ထံသို့ ခေါ်လာသည်။
နဂါးအိုကြီးကလည်း သူတို့နှစ်ဦး၏ နောက်မှ အေးအေးလူလူ လိုက်လာသည်။
သေချာစေရန်အတွက် တန့်ယင်တောင်သခင် နှင့် လီဝူဝမ့် တို့ကိုလည်း ခေါ်ယူလိုက်သည်။
အဆင့် (၄) မသေမျိုး သုံးဦးက အဓိက တိုက်ခိုက်မည်ဖြစ်ပြီး၊ အဆင့် (၃) မသေမျိုး နှစ်ဦးက အမှားအယွင်း မရှိစေရန် ဝိုင်းရံစောင့်ကြည့်မည်။
ထိုအင်အားမှာ လင်ပေါင် နှင့် ဝမ်ချုံးစန်း တို့ကို ရင်ဆိုင်ရန်အတွက် လုံလောက်သည်ထက် ပိုနေပြီဖြစ်သည်။
ဝမ်ချုံးစန်းနှင့် လင်ပေါင်တို့ နှစ်ဦးလုံး တစ်ပြိုင်နက်တည်း ယင်လောကသို့ ဆင်းလာရန်သာ မျှော်လင့်ရမည်။
လူတိုင်းမှာ ယခုတစ်ခေါက် ပစ်မှတ်မှာ အဆင့် (၄) နှစ်ဦး သို့မဟုတ် တစ်ဦး ဖြစ်နိုင်ကြောင်း သိရသောအခါ လုပ်ဆောင်ချက် အသေးစိတ်ကို စတင်ဆွေးနွေးကြသည်။
မည်သူက အရင်တိုက်မည်၊ တိုက်ပြီးလျှင် ဘာတွေ ဖြစ်လာနိုင်သနည်း စသည်တို့ကို တိုင်ပင်ကြသည်။
ထိုနေရာရှိ လူအားလုံးမှာ ဝါရင့် တိုက်ခိုက်ရေးသမားများ ဖြစ်ကြပြီး၊ အထူးသဖြင့် လီဝူဝမ့်သည် ထိုကဲ့သို့သော ကိစ္စများတွင် ဗီဇပါရမီ ပါသူဖြစ်သည်။
ရက်အနည်းငယ်အကြာတွင် ရှကျီ ကျန်းကွမ်မြို့သို့ ရောက်လာသည်။
ယခုသူသည် ဖန့်ချန်နှင့်အတူ လျှို့ဝှက်အစောင့်ရှောက်ဌာန ၏ ပြဿနာအချို့ကို ဆွေးနွေးပြီးနောက် အစည်းအဝေးတွင် ပါဝင်လာခဲ့သည်။
သူသည် မသေမျိုးများ မမြင်နိုင်သော အချက်အလက်များကို ရှုထောင့်အမျိုးမျိုးမှ ထောက်ပြနိုင်သဖြင့် အစီအစဉ်မှာ ပိုမိုပြည့်စုံ ကောင်းမွန်သွားခဲ့သည်။
အစီအစဉ်ကို ဆယ်ရက်ကျော်ကြာ ရေးဆွဲခဲ့ကြသည်။
အစီအစဉ် ပြီးပြည့်စုံသွားသောအခါ ဖန့်ချန်မှာ ထိြတိုက်ပွဲတွင် ပါဝင်ရန်ပင် မလိုတော့ပေ။
လင်ပေါင်နှင့် ဆက်သွယ်မည့်သူအဖြစ် လီဝူဝမ့်ကိုပင် သတ်မှတ်လိုက်ကြသည်။
ခြောက်လခန့် ကြာပြီးနောက်...
အလွန်စည်ကားလှသော ယင်လောက မြို့တော်ကြီးတစ်ခုတွင် ဖြစ်သည်။
ထိုနေရာ၌ ယင်မိစ္ဆာကြီးများ၏ အငွေ့အသက်မှာ နေရာအနှံ့ ပျံ့နှံ့နေသည်။
ဖန့်ချန်နှင့် ရုပ်ဖျက်ထားသော တန့်ယင်တောင်သခင်တို့သည် စားသောက်ဆိုင်တစ်ဆိုင်၏ ပြတင်းပေါက်နားတွင် ထိုင်လျက်၊ ပတ်ဝန်းကျင် အလှအပကို ကြည့်ရင်း အရသာရှိသော အစားအစာများကို မြည်းစမ်းနေကြသည်။
ဤမြို့ကို ဖူထူလောကတွင် ဘိလပ် ဟု ခေါ်ဆိုကြသည်။
တန့်ယင်တောင် ဖြစ်စေ၊ ကျန်းကွမ်မြို့ ဖြစ်စေ၊ နတ်ဘုရားများမြို့ ဖြစ်စေ၊ ရော်ထျန်းမြို့ ဖြစ်စေ အားလုံးမှာ ဘိလပ်မြို့၏ အုပ်ချုပ်မှုနယ်မြေအတွင်းတွင် ရှိကြသည်။
အခန်း (၁၃၀၆) - လမ်းကြောင်းပေးခြင်း
ဖူထူလောက၏ အင်အားစုများ ပြန့်ကျဲပုံမှာ ထူးခြားလှသည်။
နယ်မြေအသီးသီးမှ အကြီးအကဲများက မိမိတို့နယ်မြေအလိုက် စိုးမိုးထားကြသည်။
သို့သော် မြို့နှင့်မြို့ကြားတွင် ကျယ်ပြန့်လှသော သဲကန္တာရနှင့် တောရိုင်းနယ်မြေများ ခြားနားနေသဖြင့် ဘိလပ်မြို့ကဲ့သို့သော အင်အားကြီးမားသူများသည် မိမိလက်အောက်ခံ ယင်မိစ္ဆာများအပေါ် အလွန်ပင် သည်းခံခွင့်လွှတ်တတ်ကြသည်။
ဘိလပ်မြို့သည် တန့်ယင်တောင် သို့မဟုတ် ကျန်းကွမ်မြို့ကဲ့သို့သော နေရာများ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။
ထိုနေရာများက ဘိလပ်မြို့၏ လက်အောက်ခံဖြစ်ကြောင်း ဝန်ခံရန်၊ ဘိလပ်မြို့၏ စီမံခန့်ခွဲမှုကို နာခံရန်နှင့် ဘိလပ်မြို့ကို အရှင်သခင်အဖြစ် ရိုသေရန်သာ လိုအပ်သည်။
“ဒါကြောင့်လည်း ကျွန်တော်က အစကတည်းက ဘိလပ်မြို့ကို အရှင်သခင်အဖြစ် ရိုသေပါသည် ဆိုတဲ့ ကြွေးကြော်သံကိုပဲ အော်လိုက်တာပါ။ အဲဒီအခါ ဘိလပ်မြို့က တန့်ယင်တောင်ကို ဘာမှ လာပြီး မစွက်ဖက်တော့ဘူး။ တစ်လျှောက်လုံးမှာ ဒီကို နှစ်ခါပဲ လာဖူးတယ်၊ အခုတစ်ခေါက်က ဒုတိယမြောက်အကြိမ်ပဲ”
ဟု တန့်ယင်တောင်သခင်က ရယ်မောလျက် တိုးတိုးလေး ပြောသည်။
“ဒီလိုလုပ်ခြင်းကလည်း တန့်ယင်တောင်ကို ဒုက္ခအများကြီးကနေ ကင်းဝေးစေခဲ့တာပေါ့။ တစ်ခါတုန်းက အဆင့်မြင့် ယင်မိစ္ဆာတစ်ယောက် တန့်ယင်တောင်ကို ဖြတ်သွားရင်းနဲ့ သူက ကျွန်တော့်ထက် အများကြီး ပိုပြီး အစွမ်းထက်တယ်။ မူလကတော့ ဒီမှာ ပြဿနာရှာဖို့ စိတ်ကူးထားတာ၊ ဒါပေမဲ့ ဒီနေရာက ဘိလပ်မြို့ရဲ့ လက်အောက်ခံဆိုတာ သိလိုက်တဲ့အခါ ချက်ချင်းပဲ ထွက်ပြေးသွားတော့တယ်”
“တစ်ဖက်လူက ဒီနေရာမှာ အရောင်းအဝယ်လုပ်ဖို့ ရွေးချယ်တာကလည်း လုယက်ခံရမှာ ကြောက်လို့ပဲ၊ အခုလို တွေးကြည့်ရင်လည်း စိတ်ချရတာပေါ့”
ဟု ဖန့်ချန်က ပြုံး၍ ပြောလိုက်သည်။
စကားပြောနေစဉ်အတွင်း အနီးအနားမှ ယင်မိစ္ဆာအုပ်စုတစ်စုမှာ နတ်ဘုရားရဲ့ဝိညာဉ် ဝယ်ယူခြင်းအကြောင်း ဆွေးနွေးနေကြသည်ကို ကြားလိုက်ရသည်။
စကားဝိုင်းအရ သူတို့သည် နတ်ဘုရားရဲ့ဝိညာဉ်၏ ဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လာသည်ကို မကျေမနပ် ဖြစ်နေကြသည်။
“လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ က ငါ ဘိလပ်မြို့ကို နတ်ဘုရားရဲ့ ဝိညာဉ် လာဝယ်တုန်းကဆိုရင် ယင်သက်တမ်း ၂၀၀ နဲ့ တစ်ခု ရတယ်လေ။ အခုတော့ ၂၆၀ တောင် ဖြစ်သွားပြီ”
“ငါက ပိုစောသေးတယ်၊ ပိုလည်း ဈေးပေါတယ်။ အခုတော့ နတ်ဘုရားရဲ့ ဝိညာဉ်တွေ ရှားပါးလာနေပြီ၊ နောက်ပိုင်းဆို ပိုတောင် ဈေးကြီးဦးမှာ”
“နတ်ဘုရားရဲ့ ဝိညာဉ်က ငါတို့ကို ယင်မိစ္ဆာကြီး အဆင့်ကို တက်လှမ်းဖို့ ကူညီပေးနိုင်တာဆိုတော့ တကယ်ကောင်းတဲ့ ပစ္စည်းပဲ။ ဒါပေမဲ့ ကံဆိုးတာက ငါ့ရဲ့ ယင်သက်တမ်းတောင် မလုံလောက်တော့ဘူး”
“ကြောက်စရာ မလိုပါဘူး၊ နယ်မြေအသေးလေးတွေ သွားပြီး လုယူလိုက်ပေါ့”
“ဟဟ… နောက်ထပ် လုဦးမယ်ဆိုရင် ငါ့ရဲ့ အသိဉာဏ်က လုံးဝ ပျက်စီးသွားလိမ့်မယ်။ အဲဒီကျရင် မင်းတို့က ငါ့ကို ဝိုင်းသတ်ပြီး ငါ့ဆီမှာ ရှိတဲ့ ယင်သက်တမ်းတွေကို လုယူသွားကြမှာပေါ့”
“ဘယ်လိုလုပ် အဲဒီလို ဖြစ်ရမလဲ၊ ငါတို့က အဲဒီလို လုပ်မှာ မဟုတ်ပါဘူး။ လာပါ… အရက်ပဲ သောက်ရအောင်၊ ဒီလို စိတ်ညစ်စရာတွေ မပြောကြပါနဲ့တော့”
တန့်ယင်တောင်သခင်သည် ထိုယင်မိစ္ဆာများ၏ စကားကို နားထောင်ရင်း စိတ်မကောင်း ဖြစ်မိသည်။
သူကိုယ်တိုင်လည်း ယခင်က ဝိညာဉ်နတ်ဘုရားဂိုဏ်းနှင့် ပူးပေါင်းခဲ့စဉ်က ဝိညာဉ်နတ်ဘုရားဂိုဏ်း၏ သတင်းအချက်အလက် မြန်ဆန်မှု၊ ဈေးပေါသော နတ်ဘုရားရဲ့ ဝိညာဉ်များကို ရရှိနိုင်မှုတို့ကြောင့် မဟုတ်ပါလား။
“ဘိလပ်မှာတော့ အခုဆိုရင် ပြီးပြည့်စုံတဲ့ ထုတ်လုပ်မှုကွင်းဆက်တစ်ခု ဖြစ်နေပြီ။ နတ်ဘုရားရဲ့ ဝိညာဉ် အရောင်းအဝယ်က ဒီနေရာမှာ အရမ်းကို ခေတ်စားနေတယ်”
ဖန့်ချန်က ပြတင်းပေါက်မှတစ်ဆင့် အပြင်ဘက်ရှိ စည်ကားလှသော လမ်းမကြီးပေါ်တွင် တန်းစီလျက်ရှိသော ဆိုင်ခန်းများကို ကြည့်ရင်း ပြောလိုက်သည်။
ထိုဆိုင်ခန်းများ၏ ထက်ဝက်ကျော်မှာ နတ်ဘုရားရဲ့ ဝိညာဉ်များကို ရောင်းချနေကြသည်။
သို့သော် သူတို့က လက်လီရောင်းချသူများသာ ဖြစ်ပြီး၊ လက်ကား ရောင်းချသူများမှာမူ နောက်ကွယ်တွင် ရှိနေသည်။
သာမန် နတ်ဘုရား ရဲ့ ဝိညာဉ် တစ်ခုတည်းကပင် ယင်သက်တမ်း ၂၆၀ တန်ဖိုး ရှိနေသည်ဆိုတော့ ထိုနေရာတွင် နတ်ဘုရား ရဲ့ ဝိညာဉ်များ၏ အခြေအနေမှာ မည်မျှ အန္တရာယ်များသနည်းဆိုသည်ကို ခန့်မှန်းနိုင်သည်။
ထိုစဉ်မှာပင် ဘိလပ်မြို့၏ တစ်နေရာမှ ဆူညံသံကြီးတစ်ခု ထွက်ပေါ်လာပြီး အော်ဟစ်သံများ ကြားလိုက်ရသည်။
“ဟင် ဘိလပ်မြို့ထဲမှာတောင် တိုက်ခိုက်ရဲတဲ့သူ ရှိသေးတာလား ”
“အသက်ရှင်ချင်တော့ဘူးနဲ့ တူတယ်၊ မြို့တော်ဝန်သာ သိသွားရင် အဆင့်မြင့် ယင်မိစ္ဆာ ဖြစ်ရင်တောင် အမှုန့်ချေခံရလိမ့်မယ်”
လူများမှာ ပြတင်းပေါက်နားသို့ အပြေးအလွှား ရောက်လာကြပြီး ဘာဖြစ်နေသလဲဆိုသည်ကို စူးစမ်းကြသည်။
တန့်ယင်တောင်သခင်၏ မျက်ဝန်းထဲတွင် စိုးရိမ်စိတ်အနည်းငယ် ပေါ်လာသော်လည်း၊ ဖန့်ချန်၏ တည်ငြိမ်နေသော အမူအရာကို မြင်လိုက်ရသည့်အခါ သူလည်း စိတ်အေးသွားတော့သည်။
တစ်ချိန်တည်းမှာပင်...
ဘိလပ်မြို့၏ လေဟာနယ် တစ်နေရာတွင် အဆင့် (၅) မသေမျိုးအဆင့်ရှိ ယင်မိစ္ဆာကြီးတစ်ဦး ရုတ်တရက် ပေါ်လာပြီး တိုက်ပွဲဖြစ်ပွားရာနေရာကို အေးစက်စွာ ကြည့်လိုက်သည်။
“ယင်လောကထဲမှာ သွားလာသူတွေရဲ့ အငြိုးအာဃာတပါ ခင်ဗျာ... စီနီယာရေ၊ နည်းနည်းလောက် လမ်းကြောင်းပေးပါဗျာ”
ယွီထင်ကျဲက ရုတ်တရက် ထိုယင်မိစ္ဆာကြီးရှေ့သို့ ရောက်လာပြီး ယင်သက်တမ်းဒင်္ဂါးပြားများ အိတ်ကြီးတစ်အိတ်ကို ထုတ်ပေးလိုက်သည်။
အဆင့် (၅) ယင်မိစ္ဆာကြီးက အိတ်ကို ယူလိုက်ပြီး အလေးချိန်ကို ခန့်မှန်းကြည့်ကာ အေးစက်သော မျက်နှာပေါ်တွင် ပြုံးယောင်သန်းလာပြီး ယွီထင်ကျဲကို ခေါင်းညိတ်ပြလိုက်သည်။
“မင်းတို့အတွက် အချိန်က နာရီဝက်ပဲ ရှိတယ်။ မြန်မြန်ရှင်း၊ မဟုတ်ရင် ငါ နောက်တစ်ခါ ပြန်လာလိမ့်မယ်”
ယွီထင်ကျဲက ပြုံး၍ လက်ယှက်ဂါရဝပြုသည်
“နာရီဝက်ဆို လုံလောက်ပါတယ်”
ယင်သက်တမ်း နှစ်ထောင်ပေးပြီး နာရီဝက်အချိန် ဝယ်လိုက်ခြင်းမှာ သာမန်အားဖြင့်ဆိုလျှင် မည်သူမျှ မလုပ်မည့် အလုပ်ဖြစ်သည်။
သို့သော် ထိုယင်မိစ္ဆာကြီးအတွက်မူ ထိုဝင်ငွေမှာ ရခဲသော အခွင့်အရေးပင်။
တစ်ဖက်လူမှာ မြန်မြန်ပင် ရောက်လာသလို မြန်မြန်ပင် ထွက်ခွာသွားသည်။
ယွီထင်ကျဲက ပြုံးလိုက်ပြီး တိုက်ပွဲထဲသို့ ဝင်ရောက်သွားသည်။
အချိန် မိနစ် ၂၀ ခန့် ကြာပြီးနောက် တိုက်ပွဲသံများ တိတ်ဆိတ်သွားတော့သည်။
ဖန့်ချန်နှင့် တန့်ယင်တောင်သခင်တို့သည် စားပွဲပေါ်ရှိ အစားအစာများကို စားသောက်ပြီးနောက် ပါးစပ်ကို သုတ်ကာ ထထွက်သွားကြသည်။
“မင်းတို့ထဲက ဘယ်သူက အရင်က ဆွေးနွေးပွဲမှာ ငါနဲ့ အရောင်းအဝယ် လုပ်ခဲ့တဲ့ ကောင်လဲ ”
တားမြစ်နည်းလမ်းများအောက်တွင် လင်ပေါင်သည် မြေပြင်ပေါ်၌ ဒူးထောက်လျက် ဒေါသတကြီးဖြင့် ယွီထင်ကျဲ၊ ဟွမ်ဝူကျိနှင့် နဂါးအိုကြီးတို့ကို စိုက်ကြည့်နေသည်။
ဤသုံးဦးမှာ တစ်ယောက်ထက် တစ်ယောက် ပိုမို အစွမ်းထက်နေသည်။
အားအနည်းဆုံးသူပင် သူ့နှင့် အကြိတ်အနယ် ယှဉ်ပြိုင်နိုင်ပြီး အခြားနှစ်ဦးမှာမူ တစ်ဦးချင်းစီပင် သူ့ကို အချိန်တိုအတွင်း ဖိအားပေးနိုင်စွမ်း ရှိသည်။
ထိုသို့သောသူ သုံးဦး တစ်ပြိုင်နက်တည်း ရောက်လာသည်ဟု
ထို့ပြင် အဖမ်းမခံရမီကပင် သူတို့ထဲမှ တစ်ဦးက ဘိလပ်မြို့၏ အဆင့် (၅) ယင်မိစ္ဆာကြီးကို လာဘ်ထိုးသည်ကို သူ ကိုယ်တိုင် မြင်လိုက်ရသည်။
ယုတ်မာလိုက်တာ
အရမ်း ယုတ်မာလွန်းတယ်
သူက သာမန် နတ်ဘုရား ရဲ့ ဝိညာဉ် ရောင်းသူတစ်ယောက်သာ ဖြစ်ပါလျက်နှင့် သူတို့ကို ထိုကဲ့သို့ ပြုလုပ်ခြင်းမှာ ရူးသွပ်လွန်းလှသည်။
သုံးဦးစလုံး ဘာမှ ပြန်မပြောသည်ကို မြင်သောအခါ လင်ပေါင်က လှောင်ရယ်လိုက်သည်။
“လူချင်းတူတူပဲ၊ ငါ့ဆီကနေ အကျိုးအမြတ် လိုချင်တာဆိုရင် ငါ ပေးနိုင်ပါတယ်။ ဒါပေမဲ့ ပေးပြီးရင် ငါ့ကို အသက်ချမ်းသာပေးဖို့ မျှော်လင့်ပါတယ်။ ဒီတစ်ခေါက် အရောင်းအဝယ်ကို ငါတစ်ယောက်တည်း သိတာ မဟုတ်ဘူး၊ ငါသာ တစ်ခုခု ဖြစ်သွားရင် ငါ့နောက်ကွယ်က လူတွေက ဘယ်နည်းနဲ့မဆို မင်းတို့ကို ရှာတွေ့အောင် လုပ်မှာပဲ”
သုံးဦးစလုံးက ဆက်လက်တိတ်ဆိတ်နေဆဲ ဖြစ်သည်။
လင်ပေါင်၏ မျက်ဝန်းထဲတွင် ထိတ်လန့်မှု အရိပ်အယောင် ပေါ်လာသည်။
သူတို့၏ ရည်ရွယ်ချက်မှာ နတ်ဘုရား ရဲ့ ဝိညာဉ်များကို လုယူရုံသက်သက် မဟုတ်ကြောင်း သူ ရိပ်မိလာသည်။
“မင်းတို့ နောက်ကွယ်မှာ လူရှိသေးတာလား ခွေးကောင်တွေ... ငါ့ကို တိုက်ခိုက်တာက အဆင့် (၅) မသေမျိုးတွေပဲလား ”
လင်ပေါင်က ကျိန်ဆဲလိုက်သည်။
“ငါ့လက်ထဲမှာ ရှိတဲ့ နတ်ဘုရားရဲ့ ဝိညာဉ်တွေက တန်ဖိုးသိပ်မရှိပါဘူး၊ ဒီလောက်ထိ လုပ်စရာ လိုလို့လားကွာ ”
တားမြစ်နည်းလမ်းများ ရုတ်တရက် ပွင့်ထွက်သွားပြီး ဖန့်ချန်နှင့် တန့်ယင်တောင်သခင်တို့ ဝင်လာသည်။
“မင်းရဲ့ ဆရာတူအစ်ကိုရော ဘာလို့ မပါလာတာလဲ”
ဖန့်ချန်က လင်ပေါင်ကို တစ်ချက်ကြည့်ပြီး အေးဆေးစွာ မေးလိုက်သည်။
ချက်ချင်းပင် လင်ပေါင်မှာ ကြက်သီးထသွားရသည်။
သူ နန်ချင်းကြယ်တာရာနယ်မြေသို့ ထိုဆရာတူအစ်ကိုကို ရှာရန် သွားသည်ကို ဖန့်ချန်က ဘယ်လိုလုပ် သိနေတာလဲ အမှန်ပင်၊ သူတို့မှာ သူ့လက်ထဲက နတ်ဘုရားရဲ့ ဝိညာဉ်အတွက် လာတာ မဟုတ်ကြောင်း သူ သေချာသွားသည်။
“မင်းက ဘယ်သူလဲ”
လင်ပေါင်က ဖန့်ချန်ကို စိုက်ကြည့်ရင်း မေးသည်။
“အချိန်မဖြုန်းနဲ့တော့။ မင်းတို့ တားမြစ်နည်းလမ်းကို ထပ်ခိုင်မြဲအောင်လုပ်၊ ဒီနေရာက အငွေ့အသက်တွေ အပြင်မရောက်ပါစေနဲ့”
ဟု ဖန့်ချန်က အမိန့်ပေးပြီးနောက် လေဟာနယ်တွင် ဘွဲ့နှင်းအပ်ခြင်း တံဆိပ် ကို ရေးဆွဲလိုက်သည်။
လင်ပေါင်မှာ အဆင့် (၄) မသေမျိုး ဖြစ်သည့်အတွက် ထိုတံဆိပ်သည် ငရဲမင်းတံဆိပ်၏ ယင်သက်တမ်း နှစ်ပေါင်း သုံးသောင်းကို ကုန်ဆုံးစေခဲ့သည်။
“ဒါ... ဒါက ဘာစွမ်းအားလဲ...”
လင်ပေါင်၏ မျက်ဝန်းထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားပြီး တံဆိပ်မှာ သူ၏ကိုယ်ထဲသို့ ဝင်ရောက်လာသောအခါ သူ အလိုအလျောက် ခုခံမိသည်။
နဂါးအိုကြီးက ထိုအရာကို မြင်သောအခါ ရှေ့သို့ တိုးလာပြီး လင်ပေါင်ကို လက်ဝါးဖြင့် အားပြင်းပြင်း ရိုက်ချလိုက်သည်။
“နယ်စပ်ကို ဝင်တုန်းက ဒီလိုနေ့မျိုး ရောက်လာမယ်လို့ မင်း တွေးမိခဲ့လား ”
နယ်စပ်
လင်ပေါင်မှာ နဂါးအိုကြီးကို မယုံနိုင်စွာ ကြည့်လိုက်သည်။
“မင်း... မင်းက...”
သူ့ရှေ့ကလူမှာ ယခင်က သူ အသုံးချခဲ့သည့်၊ မာကျီး၏ တိုက်ခိုက်မှုကို တားဆီးရန် အသုံးပြုခဲ့သည့် မသေမျိုးလှေ၏ ပိုင်ရှင်ပင်...
သူတို့ ထိုနည်းလမ်းဖြင့် ပြန်ဆုံကြလိမ့်မည်ဟု သူ တစ်ခါမျှ မတွေးခဲ့မိပါ။
“ဟုတ်တယ်၊ မင်းရဲ့ အဖေပဲ”
နဂါးအိုကြီးက ပြုံးရယ်ပြီးနောက် နောက်ထပ် လက်ဝါးချက်များဖြင့် ထပ်ရိုက်လိုက်သည်။
လင်ပေါင်မှာ မူးဝေသွားပြီး ယင်စစ်သည်တော် တံဆိပ်မှာလည်း သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားတော့သည်။