ကြိုဆိုခြင်း
Vol. 13 Ch. 121
အဘွားအို၏ တိုက်တွန်းမှုကြောင့် ကုမိသားစုဝင် အားလုံးမှာ အလုပ်ရှုပ်နေကြကုန်၏။
လော်မိသားစု ရောက်ရှိလာချိန်တွင် ခြံဝင်းအတွင်းရှိ ကြက်များမှာလည်း သန့်ရှင်းနေပြီး ကြက်ခြံအတွင်း၌ ကြက်ချေး တစ်ခုမျှပင် မရှိချေ။
အဖွဲ့ကို ဦးဆောင်လာသူမှာ ဆံပင်ဖြူဖြူနှင့် အဘိုးအို တစ်ဦး ဖြစ်ပြီး မျက်နှာတွင် ဖျားနာသည့် အရိပ်အယောင်များ ရှိနေကာ လမ်းလျှောက်လျှင် သူတစ်ပါး အကူအညီကို ယူနေရလေသည်။
သူသည် တုန်တုန်ယင်ယင်နှင့် ဝင်လာသည်ကို ကြည့်ပြီး ကုမိသားစုဝင်များမှာ သူတို့အိမ်တွင် တစ်ခုခု ဖြစ်သွားမှာကို စိုးရိမ်နေကြရရှာ၏။
ကလေးနှစ်ဦးသာ ရောက်လာသည် မဟုတ်ဘဲ သူတို့နောက်တွင် လက်ဆောင်သေတ္တာများ ကိုင်ဆောင်ထားသော အစေခံများစွာလည်း ပါလာကြလေသည်။
ကုမင်တာ့သည် ထိုအဘိုးအို၏ အဆင့်အတန်းကို ကြိုတင်သိရှိထားသဖြင့် နေရာတွင်ပင် ဦးညွှတ် ဂါရဝပြုလိုက်၏။
“တပည့် ကုမင်တာ့က သခင်ကြီးလော်ကို ဂါရဝပြုပါတယ်...”
သခင်ကြီးလော်သည် ခန္ဓာကိုယ် တုန်ယင်နေသော်လည်း ကုမင်တာ့၏ လက်ကို လှမ်းဆွဲကာ ပြောလိုက်လေသည်။
“ငါက အခုတော့ တောသူတောင်သား အဘိုးကြီး တစ်ယောက်ပါပဲ... အားနာမနေပါနဲ့... ကျုံးတယ်... ငါက မင်းအဖေထက် အသက်ကြီးတယ်လေ... ဦးလေးလို့ပဲ ခေါ်ပါ...”
သခင်ကြီးလော်သည် အဆင့်မြင့် ရာထူးကြီးတွင် ရှိခဲ့ဖူးသော်လည်း အခုတော့ အငြိမ်းစား ယူထားပြီ ဖြစ်ရာ အဆောင်အယောင်များကို ဂရုမစိုက်ဘဲ ရင်းနှီးစွာ ဆက်ဆံလေသည်။ ကုမင်တာ့သည်လည်း အလိုက်သင့် နေတတ်သူ ဖြစ်သဖြင့် မကြာခင်မှာပင် အခန်းတစ်ခုလုံး အဘိုးအို၏ ရယ်မောသံများဖြင့် ပြည့်နှက်သွားတော့၏။
စကားပြောနေစဉ်အတွင်း စာမေးပွဲ အကြောင်းနှင့် ပညာရပ်ဆိုင်ရာ အချို့ကို ဆွေးနွေးကြည့်ရာ သခင်ကြီးလော်မှာ အံ့သြသွားရလေသည်။
“ကျုံးတယ် က ထူးချွန်တဲ့ ပညာရှိ တစ်ယောက်ပဲ... တကယ်ဆိုရင် မင်း ရာထူးကြီးကြီး ရနေတာ ကြာပြီ ဖြစ်ရမှာ... ဘာလို့ အခုထိ ဒီမှာ ရှိနေရတာလဲ...”
အဘိုးအိုသည် ကဲ့ရဲ့ခြင်း မဟုတ်ဘဲ ရိုးသားစွာ နားမလည်နိုင် ဖြစ်နေခြင်း ပင်။ ကုမင်တာ့သည် စာပေကျမ်းဂန်များကို ကျွမ်းကျင်စွာ ကိုးကား ပြောဆိုနိုင်လေသည်။ အဘိုးအို၏ အမြင်တွင် ကုမင်တာ့မှာ အရာရှိ တစ်ဦး ဖြစ်နေသည်မှာ ကြာသင့်ပြီ ဖြစ်၏။
ကုမင်တာ့က တည်ငြိမ်စွာ ပြန်ဖြေလိုက်လေသည်။
“ပြောရမှာတော့ ရှက်ဖို့ကောင်းပါတယ်... ကျွန်တော့်မှာ စာမေးပွဲ ကံမကောင်းဘူးလေ... စာမေးပွဲ ဖြေတိုင်း တစ်ခုမဟုတ်တစ်ခု အနှောင့်အယှက် ကြုံရမြဲပါပဲ...”
သခင်ကြီးလော်က သဘောပေါက်သွားဟန်ဖြင့် ပြောလိုက်၏။
“အခုတော့ အခက်အခဲတွေ ကျော်လွန်သွားပြီဆိုတော့... ရှေ့လျှောက် လမ်းသာတော့မှာပါ...”
ကုမင်တာ့က ချက်ချင်းပင် ကျေးဇူးတင်စကား ဆိုလိုက်လေသည်။
“ဦးလေးရဲ့ မင်္ဂလာစကားအတိုင်း ဖြစ်ပါစေဗျာ...”
သခင်ကြီးလော်သည် ဆံပင်တွင် ငွေခေါင်းလောင်းလေး ချိတ်ထားသော နျိုနျိုဘက်သို့ လှည့်ကာ ပြုံးလျက် ပြောလိုက်၏။
“နျိုနျိုလေး... မြေးလေး ကျေးဇူးကြောင့်သာ မဟုတ်ရင် တို့ အန်းကျန်းတစ်ယောက် ဘယ်ရောက်နေမလဲ မသိဘူး...”
နျိုနျိုက ထိုစကားကို ကြားသောအခါ လက်ဝှေ့ယမ်းကာ ပြောလိုက်လေသည်။
“အဘိုးလော်... သမီးက နားနည်းနည်းပါးလို့ပါ... ဘယ်သူပဲ ကြားကြား ကူညီကြမှာပါပဲ...”
သခင်ကြီးလော်သည် ကလေးမလေး၏ ချစ်စရာကောင်းသော ပုံစံကို ကြည့်ပြီး ပြောလိုက်၏။
“လောကမှာ ဘေးကနေ ကြည့်နေတဲ့သူတွေ များပါတယ်... မြေးလေးလို ဖြူစင်တဲ့ စိတ်ထားရှိဖို့က ပိုပြီး ရှားပါးတယ်လေ... ကုမိသားစုက ကလေးတွေကို တကယ်ပဲ လိမ္မာအောင် ပြုစုပျိုးထောင်နိုင်တာပဲ...”
ကုမင်တာ့က ပြုံးလျက် ပြန်ပြောလိုက်လေသည်။
“ဦးလေးကလည်း ချီးမွမ်းလွန်းနေပါပြီ... သူတို့က ကလေးတွေပဲ ရှိပါသေးတယ်... ဒီလောက်ထိ မဟုတ်ပါဘူး...”
သူ စကားပြောနေစဉ် ကုကျောက်က လော်ကျန်းကို ပြောင်ပြနေသည်ကို မြင်လိုက်ရသဖြင့် ကုကျောက်နှင့် နျိုနျိုကို သူငယ်ချင်းသစ်များနှင့်အတူ အပြင်ထွက် ဆော့ခိုင်းလိုက်လေသည်။
ကုယွင်နှင့် ကုယန်တို့မှာမူ အသက်ကြီးသဖြင့် လူကြီးများနှင့်အတူ ကျန်ရစ်ခဲ့ကြ၏။
သခင်ကြီးလော်သည် ကုမိသားစုမှ လူငယ်နှစ်ဦးကို ကြည့်လိုက်လေသည်။ ကုယွင်မှာ လူပျိုပေါက် အားမာန်နှင့် ပြည့်နှက်နေပြီး ကုယန်မှာမူ ငယ်သော်လည်း အသိပညာ ဗဟုသုတ မဆိုးလှဘဲ ကြိုးစားအားထုတ်မည့် ပုံ ပေါက်နေလေသည်။
သခင်ကြီးလော်တွင် သားသမီး မျိုးဆက် သိပ်မများလှချေ။ သူ၏ တတိယမျိုးဆက်တွင် မြေးယောကျ်ားလေး လော်ကျန်း တစ်ဦးတည်းသာ ရှိလေသည်။ ထို့ကြောင့် မြေးကို မျက်လုံးအိမ်လို တန်ဖိုးထားခြင်းမှာ မဆန်းလှပေ။
စကားပြောရင်းနှင့် ကုမင်တာ့သည် လော်မိသားစု၏ အခြေအနေကို သိလိုက်ရလေသည်။ ထိုနေ့က သူ ကယ်တင်ခဲ့သော ကလေးနှစ်ဦးအနက် အငယ်လေး လော်ကျန်းမှာ သခင်ကြီးလော်၏ မြေးအရင်း ဖြစ်ပေသည်။ အသက်ကြီးသော ဖန့်ယွမ်မှာမူ လော်မိသားစုမှ မယားငယ် တစ်ဦး၏ တူသာ ဖြစ်လေသည်။
ဖန့်ယွမ်၏ မိဘများမှာ ဆုံးပါးသွားကြပြီ ဖြစ်သဖြင့် သူသည် လော်အိမ်တွင် မယားငယ် ဖြစ်နေသော သူ၏ အဒေါ်ထံတွင် လာရောက် ခိုလှုံနေရခြင်း ဖြစ်၏။ သူသည် နေ့စဉ် လော်ကျန်း၏ နောက်မှ လိုက်ကာ ဂရုစိုက်ပေးရလေသည်။
သခင်ကြီးလော်သည် မနှစ်ကမှ အငြိမ်းစားယူကာ မြို့သို့ ပြန်လာခဲ့ခြင်း ဖြစ်ပေသည်။ သူ၏ သားမှာမူ မြို့တော်တွင် အရာရှိအဖြစ် တာဝန်ထမ်းဆောင်နေဆဲပင်။ ဤအဖြစ်အပျက်ပြီးနောက် လော်မိသားစုသည် လော်ကျန်းကို အသက်စွန့် ကာကွယ်ခဲ့သော ဖန့်ယွမ်ကို ကျေးဇူးတင်ကြသဖြင့် သူ့ကိုလည်း လော်မိသားစု၏ သခင်လေး တစ်ဦးကဲ့သို့ ဆက်ဆံကြလေတော့သည်။
“ကျုံးတယ်... မင်းက စာကိုပဲ အာရုံစိုက်နေရတာဆိုတော့... ဒီကလေးတွေကို ဂရုစိုက်ဖို့ အချိန်မရှိမှာ စိုးရတယ်... အဲ့ဒီအစား ငါ့အိမ်ကို လွှတ်လိုက်ပါလား... အန်းကျန်းနဲ့ အာယွမ် တို့လည်း အဖော်ရတာပေါ့... သူတို့လည်း အထီးကျန်နေကြတာလေ... အတူတူ သင်ယူကြရင် ပိုပြီး တိုးတက်မှာပါ...”
သခင်ကြီးလော်က ဦးဆောင်ကာ အကြံပြုလိုက်လေသည်။
လော်မိသားစုတွင် ဆွေမျိုးသားချင်း နည်းပါးသဖြင့် မိသားစုကျောင်း မဆောက်ဘဲ ဆရာများကို အိမ်သို့ ပင့်ဖိတ်ကာ သင်ကြားစေခြင်း ဖြစ်ပေသည်။
သခင်ကြီးလော်သည် နျိုနျိုကိုသာ ခေါ်ခြင်း မဟုတ်ဘဲ ကုယွင်ကိုပင် လော်အိမ်မှ ကိုယ်ခံပညာ ဆရာထံတွင် သင်ယူခွင့် ပေးခဲ့လေသည်။
လက်ဆောင်သေတ္တာများထက်စာလျှင် သခင်ကြီးလော်၏ အကြံပြုချက်မှာ ကုမင်တာ့အတွက် အလွန် အသုံးဝင်လှပေသည်။
သူသည် အစိုးရစာမေးပွဲအတွက် အချိန်ပြည့် ကြိုးစားနေရသူ ဖြစ်ရာ ကလေးများကို နေ့စဉ် စာစစ်ပေးသော်လည်း တစ်ခါတစ်ရံ မအားလပ်သည်မှာ သဘာဝကျပေသည်။ အထူးသဖြင့် ဆော့ကစားရတာ ဝါသနာပါသော ကုကျောက်အတွက် ဆရာကောင်း တစ်ဦး၏ လမ်းညွှန်မှုမှာ အလွန် လိုအပ်လှသည်။
ခြံဝင်းအတွင်း၌ ကလေးငယ် လေးဦးမှာ စုမိနေကြလေပြီ။
ကုကျောက်သည် လော်ကျန်းကို သူ၏ ရွှေငါးလေးများကို ပြကာ ကြွားဝါနေ၏။
“ဒါက ငါနဲ့ ငါ့ညီမလေးရဲ့ ငါးတွေလေ... နောက်ကျရင် သူတို့က ငါတို့အတွက်ပဲ အမြီးခါပြမှာ...”
ဖန့်ယွမ်က ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
“အားကျောက် ပြောတာ မှန်တယ်...”
အငယ်လေး လော်ကျန်းမှာမူ မျက်နှာပျက်ပျက်နှင့် ပြန်ချေပချင်သော်လည်း ကုမိသားစုမှာ သူ၏ ကျေးဇူးရှင် ဖြစ်နေသဖြင့် ပြန်ပြောလျှင် ကျေးဇူးကန်းရာ ရောက်မှာ စိုးရိမ်နေရရှာ၏။
သို့သော် သူသည် ကုကျောက်၏ အတွေးအခေါ်ကို လုံးဝ သဘောမတူပေ။
ကုကျောက်ကမူ တဖက်လူ၏ စိတ်ထဲမှ အတွေးကို မသိဘဲ မျက်နှာလေး ရှုံ့မဲ့ကာ မေးလိုက်လေသည်။
“ဘာလို့ ဒီလို မျက်နှာမျိုး လုပ်နေတာလဲ... ငါ့ညီမလေးကို ထပ်ပြီး အနိုင်ကျင့်ချင်လို့လား...”
လော်ကျန်းသည် ထိုကဲ့သို့ အပြစ်တင်ခံရသည်ကို မလိုလားသဖြင့် ပြောလိုက်၏။
“ငါ မင်းညီမလေးကို ကျေးဇူးတင်နေတာပါ... ဘယ်လိုလုပ် အနိုင်ကျင့်မှာလဲ...”
နျိုနျိုက ဘေးမှ ရပ်ကြည့်နေရင်း မျက်လုံးဝိုင်းကြီးများဖြင့် မေးလိုက်လေသည်။
“ကိုကိုလော်ကျန်း... ကိုကိုလတ် ပြောတာ မှားနေလို့လားဟင်...”
နျိုနျိုက ထိုသို့ ကြည့်ကာ မေးလိုက်သောအခါ လော်ကျန်းမှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး ပြောလိုက်၏။
“မဟုတ်ပါဘူး... မမှားပါဘူး... ငါ့ကို အဲ့လို မခေါ်ပါနဲ့... အန်းကျန်း လို့ပဲ ခေါ်ပါ...”
ဖန့်ယွမ်ကလည်း အူတူတူ ပုံစံနှင့် ပြောလိုက်လေသည်။
“ငါ့ကိုလည်း အားယွမ် လို့ပဲ ခေါ်ပါ...”
ပြောပြီးသည်နှင့် သူသည် သူ၏ ခေါင်းနောက်ကို အကျင့်အတိုင်း ကုတ်လိုက်ရာ ခေါင်းပေါ်မှ ပတ်တီးစကို ဆွဲခွာမိမလို ဖြစ်သွားလေ၏။
လော်ကျန်းက စိတ်ပူစွာဖြင့် ဆူပူလိုက်လေသည်။
“ကိုကို... ခေါင်းကို မကုတ်ပါနဲ့ဆိုတာကို... ဘာလို့ အမှတ်မရှိရတာလဲ... ခဏနေရင် ဒဏ်ရာ ပြန်ပွင့်လာဦးမယ်... အဲ့ကျရင် ဘယ်လိုလုပ်မလဲ...”
ဖန့်ယွမ်က ရယ်မောကာ ပြောလိုက်၏။
“အန်းကျန်း... မင်း ဘာပြောလိုက်တာလဲ... ငါ မကြားလိုက်ဘူး...”
လော်ကျန်း - “ခေါင်းမကုတ်နဲ့လို့ ပြောတာ...”
ဖန့်ယွမ် - “အဲ့ဒီ ရှေ့က စကားကို ပြောတာ...”
လော်ကျန်း - “ကိုကို...”
ဖန့်ယွမ်မှာ သိသိသာသာပင် ပျော်ရွှင်သွားပြီး ပြောလိုက်လေသည်။
“ဟေး... ငါ မှတ်မိပြီ...”
လော်ကျန်းသည် ဖန့်ယွမ်ကို တစ်ခါမျှ ကိုကို ဟု မခေါ်ခဲ့ဖူးသော်လည်း ယခုအခါ အတင်း ခေါ်ခိုင်းနေရလေသည်။ ဖန့်ယွမ်မှာမူ ညီဖြစ်သူက သူ့ကို ကိုကို ဟု ခေါ်သည်ကို ကြားရသဖြင့် အလွန် ပျော်ရွှင်နေရှာ၏။
လော်ကျန်းသည် ဖန့်ယွမ်၏ အူတူတူ ပုံစံကို ကြည့်ပြီး စိတ်ထဲမှ ကဲ့ရဲ့နေမိလေသည်။ ကိုကို ဟု ခေါ်လိုက်ရုံနှင့် အရာရာ မေ့သွားသည်အထိ ပျော်နေသည့် ငတုံးလေးဟု တွေးမိခြင်း ပင်။
ကုကျောက်ကမူ ထိုနှစ်ယောက်ကို ကြည့်ပြီး နျိုနျိုကို အနောက်သို့ ဆွဲခေါ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။
“သူတို့ ကြည့်ရတာ အရမ်း ငတုံးဆန်တာပဲ...”
နျိုနျိုက မတတ်သာဘဲ ပြောလိုက်ရ၏။
“ကိုကိုလတ်... သူတို့ ကြားကုန်ဦးမယ်လေ...”
နျိုနျို ပြောသည့်အတိုင်း လော်ကျန်းနှင့် ဖန့်ယွမ်တို့မှာ ကုကျောက်ကို တပြိုင်နက် လှည့်ကြည့်လိုက်ကြကုန်၏။
ကုကျောက်မှာမူ ရှက်ရွံ့ခြင်း မရှိဘဲ ဦးဆောင်ကာ မေးလိုက်လေသည်။
“ပိုးကောင် သွားရှာကြမလား... ငါ မင်းတို့ကို ခေါ်သွားမယ်လေ...”
လော်ကျန်းနှင့် ဖန့်ယွမ်တို့မှာ ပိုးကောင် ဆိုသော အသံကြားသည်နှင့် ပြိုင်တူ ခေါင်းခါလိုက်ကြလေသည်။
နျိုနျိုသည် ထိုမြင်ကွင်းကို ကြည့်ပြီး ပျော်ရွှင်သွားကာ ပြောလိုက်၏။
“ကိုကိုလတ်... မနေ့က နျိုနျို ကိုကိုနဲ့အတူ ပိုးကောင်ရှာပေးခဲ့တယ်လေ... ဒီနေ့တော့ နျိုနျို ပြောတာကို နားထောင်ရမယ်နော်...”