ကျယ်ပြောလှသော လောကကြီး
Vol. 13 Ch. 122
ကုကျောက်က မျက်နှာလေး ရှုံ့မဲ့ကာ ပြောလိုက်လေသည်။
“မိန်းကလေးတွေ ကစားတာက အပျင်းဆုံးပဲ...”
ထိုသို့ ပြောသော်လည်း ကုကျောက်သည် အိမ်ထဲမှ အိတ်ကြီးတစ်အိတ်ကို ထုတ်လာပေးရှာ၏။ ထိုအိတ်ထဲတွင် အမျိုးမျိုးသော ကစားစရာများ ပါရှိလေသည်။
“ဘာကစားကြမလဲ...”
ကုကျောက်က မေးလိုက်၏။
လော်ကျန်းနှင့် ဖန့်ယွမ်တို့သည် ကစားစရာများထဲတွင် အနီရောင် ပန်းစည်းကြီးများကို တွေ့လိုက်ရသောအခါ မိန်းကလေးများ ကစားတတ်သော "အိမ်ဆောက်တမ်းကစားခြင်း" မျိုး ဖြစ်မည်ကို စိုးရိမ်သဖြင့် နောက်သို့ ခြေလှမ်းဆုတ်လိုက်ကြကုန်သည်။
နျိုနျိုက မျက်လုံးလေး ကစားလိုက်ပြီး မေးလိုက်လေသည်။
“အိမ်ဆောက်တမ်း ကစားကြမလား... ကိုကိုတို့က သမီးလုပ်... ညီမလေးက အဖေ လုပ်မယ်လေ...”
“မကစားဘူး...”
လော်ကျန်းနှင့် ဖန့်ယွမ်တို့မှာ ပြိုင်တူ အော်ဟစ်လိုက်ကြလေသည်။
နျိုနျိုက စကားတတ်သူ ဖြစ်သဖြင့် ထပ်မံ အကြံပြုလိုက်၏။
“ဒါဆို ကြက်တောင်ရိုက်တမ်း ကစားကြမလား...”
မိန်းကလေး အဖြစ် ဟန်ဆောင်ရမှာထက်စာလျှင် ကြက်တောင်ရိုက်တမ်း ကစားခြင်းကို သူငယ်ချင်းသစ် နှစ်ဦးမှာ တုံ့ဆိုင်းခြင်း မရှိဘဲ ရွေးချယ်လိုက်ကြလေသည်။
ဒီလိုမှန်းသိရင် ပိုးကောင်ပဲ ရှာလိုက်ပါတယ်ဟု သူတို့ စိတ်ထဲမှ တွေးမိနေကြ၏။ အနည်းဆုံးတော့ ယောက်ျားပီသသေးသည် မဟုတ်ပါလား။
သခင်ကြီးလော် အိမ်ထဲမှ ထွက်လာချိန်တွင် သူ၏ မြေးဖြစ်သူ လော်ကျန်းမှာ ခြံဝင်းအတွင်း၌ ချွေးတလုံးလုံးနှင့် ကြက်တောင်ရိုက်တမ်း ကစားနေသည်ကို မြင်လိုက်ရလေသည်။
နျိုနျိုက ဘေးမှနေ၍ လက်သီးလေး ဆုပ်ကာ အော်ဟစ် အားပေးနေ၏။
“ကိုးခု ရပြီ... ဆယ်ခု ပြည့်တော့မယ်... ကြိုးစားဦး ကိုကို...”
လော်ကျန်းသည် ဟန်ချက်မညီဘဲ ယိမ်းထိုးလျက် ကြက်တောင်ကို ခက်ခက်ခဲခဲ ဖမ်းနေရသော်လည်း အသည်းအသန်ပင် ဆက်လက် လုပ်ဆောင်နေလေသည်။
လော်ကျန်း၏ နို့ထိန်းအဒေါ်မှာမူ မျက်မှောင်ကြုတ်လျက် ဘေးမှ စောင့်ကြည့်နေပြီး တိုးတိုးလေး ရေရွတ်နေ၏။
“သခင်ကြီးရယ်... သခင်လေးက အမြဲတမ်း သန့်သန့်ပြန့်ပြန့် နေတတ်တာကို... ဒီနေ့တော့ ရွှံ့တွေ ပေကုန်ပြီ...”
သခင်ကြီးလော်ကမူ လက်ဝှေ့ယမ်းကာ တားမြစ်ခြင်း မရှိဘဲ ကျေနပ်စွာ ပြောလိုက်လေသည်။
“သူ့မေမေ ဆုံးသွားကတည်းက... ဒီကလေး ဒီလောက် ပျော်နေတာ မမြင်ရတာ ကြာပြီလေ...”
ထိုနေ့က လော်မိသားစုဝင်များမှာ ကုမိသားစု အိမ်တွင် နေဝင်ချိန်အထိ နေထိုင်ခဲ့ကြကုန်၏။
လော်ကျန်းနှင့် ဖန့်ယွမ်တို့မှာ သူငယ်ချင်းများနှင့် မခွဲချင်ကြသေးပေ။
ကုကျောက်မှာမူ သူတို့ ပြန်သွားသည်ကို ကြည့်ကာ နှမြောနေမိ၏။ ဧည့်သည်ရှိနေသဖြင့် သူ တစ်နေ့လုံး စာမဖတ်ရဘဲ လွတ်လပ်ခဲ့သည် မဟုတ်ပါလား။
သို့သော် ထမင်းစားချိန်တွင် နောင်ကျရင် လော်အိမ်မှာ သွားပြီး စာသင်ရမည်ဟု သိလိုက်ရသောအခါ ကုကျောက်မှာ မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရလေသည်။
“အိမ်မှာပဲ စာသင်တာ ကောင်းနေတာကို... ဘာလို့ သူများအိမ်မှာ သွားသင်ရမှာလဲ...”
ကုကျောက်မှာ အလွန် မပျော်မရွှင် ဖြစ်နေရှာ၏။
သို့သော် လူကြီးများ ဆုံးဖြတ်ပြီးသား ကိစ္စကို သူ မပြောင်းလဲနိုင်ပေ။
နျိုနျိုက ခေါင်းလေးစောင်းကာ ကုမင်တာ့ကို မေးလိုက်လေသည်။
“နျိုနျိုက ဆိုင်မှာလည်း ကူလုပ်ပေးရဦးမှာလေ... နေ့တိုင်း စာသင်နေလို့ ဖြစ်ပါ့မလား... ပြီးတော့ နျိုနျိုက မိန်းကလေးပဲကို... ဖေဖေ... မသွားရင် မရဘူးလားဟင်...”
ကုမင်တာ့သည် နျိုနျို၏ နူးညံ့သော ဆံပင်များကို ပွတ်သပ်ပေးကာ နူးညံ့စွာ ပြောလိုက်၏။
“မိန်းကလေးတွေလည်း စာကို ကြိုးစားသင်သင့်တယ်လေ... ပညာတတ်တာက ဘယ်တော့မှ အပိုမဖြစ်ပါဘူး... ပြီးတော့ လော်အိမ်မှာက ကျောင်းပိတ်ရက်လည်း ရှိမှာပါ... အဲ့ဒီနေ့ကျမှ ဆိုင်ကို သွားပေါ့...”
နျိုနျိုသည် ကျန်းယွင်နန်ကို ဝမ်းနည်းစွာ ကြည့်လိုက်ရာ မျက်ရည်များပင် ဝေ့သီလာလေ၏။
“မေမေ... သမီး မေမေနဲ့ အတူမနေရတော့ဘူးလား... စာဖတ်တာထက် မေမေတို့၊ အဘိုးအဘွားတို့နဲ့ အတူနေရတာကို ပိုသဘောကျတယ်...”
နျိုနျို၏ ခံစားချက်မှာ ရိုးသားလှပေသည်။
ကုကျောက်သည်လည်း နျိုနျို၏ ပုံစံကို အတုယူကာ သနားစရာ မျက်နှာထားဖြင့် ပြောလိုက်လေသည်။
“သားလည်း စာမသင်ချင်ဘူး... အိမ်မှာပဲ နေချင်တာ...”
သို့သော် ကုမင်တာ့ကမူ သားငယ်၏ ခေါင်းကို ဖွဖွလေး ခေါက်ကာ ပြောလိုက်၏။
“မင်းက ပိုးကောင်တွေကိုပဲ အစစ်ထင်ပြီး... တို့တွေကိုတော့ အတုတွေလို့ ထင်နေတာလား...”
ကုမင်တာ့သည် ကလေး လေးဦးကို လေးနက်စွာ ကြည့်ပြီး ပြောလိုက်လေသည်။
“လော်မိသားစု ပင့်ဖိတ်ထားတဲ့ ဆရာက ပညာတတ်ကြီး တစ်ဦလေ... သာမန်လူတွေဆိုရင် သူ့အိမ်တံခါးကိုတောင် နင်းခွင့်မရှိဘူး... ဒါက ရှားပါးတဲ့ အခွင့်အရေးမို့လို့ တန်ဖိုးထားရမယ်နော်...”
ကုယွင်က တွန့်ဆုတ်စွာဖြင့် လက်မြှောက်လိုက်၏။
“ဒုတိယဦးလေး... သားက ကိုယ်ခံပညာ သင်ရမှာလေ... ဦးလေးလည်း သိသားနဲ့... သားက စာဖတ်ရမှာကို အရမ်း ကြောက်တာ... ခေါင်းတောင် မူးလာသလိုပဲ...”
ကုကျောက်ကလည်း ချက်ချင်းပင် ထောက်ခံလိုက်လေသည်။
“ဟုတ်တယ်... ဟုတ်တယ်... သားလည်း စာဖတ်ရင် ခေါင်းမူးတယ်...”
ကုမင်တာ့က ကုကျောက်ကို တစ်ချက် စိုက်ကြည့်လိုက်ရာ ကုကျောက်မှာ ကြောက်လန့်ပြီး ခေါင်းငုံ့သွားရရှာ၏။
“အားယွင်... မင်း မြို့ဝန်ရုံးမှာ ယာယီဝန်ထမ်း အဖြစ်နဲ့ပဲ တစ်သက်လုံး နေသွားမှာလား... နောင်ရေးအတွက် မစဉ်းစားဘူးလား...”
ကုမင်တာ့က လေးနက်စွာ မေးလိုက်လေသည်။
ကုယွင်က တိုးတိုးလေး ပြန်မေးလိုက်၏။
“ဒုတိယဦးလေးက သားကို ခေါင်းဆောင်ချန်ဆီမှာ တပည့်ခံခိုင်းတာ မဟုတ်ဘူးလား... သား မြို့ဝန်ရုံးမှာပဲ ဆက်နေစေချင်တာ မဟုတ်ဘူးလားဟင်...”
ကုယွင်၏ အမြင်မှာ ထိုမျှအထိ မကျယ်ပြန့်သေးပေ။ ကုမင်တာ့က သူ့အတွက် ဧည့်ခံပွဲတွေ လုပ်ပေး၊ လက်ဆောင်တွေ ပေးနေသည်မှာ ရေရှည်အတွက် စီစဉ်ပေးနေခြင်း ဖြစ်ကြောင်း သူ မသိရှာပေ။
ကုမင်တာ့က ခေါင်းခါလိုက်ပြီး ပြောလိုက်လေသည်။
“အခု မြို့ဝန်ရုံးမှာ လူလိုနေလို့သာ ယာယီဝန်ထမ်းတွေ ခေါ်နေတာလေ... လူမလိုတော့ရင် ဘယ်လိုလုပ်မလဲ... နောက်ကျရင် မြို့ဝန်မင်း ဝူ ရဲ့ သက်တမ်းကုန်လို့ မြို့ဝန်အသစ် ရောက်လာရင်လည်း သူ့လူတွေကိုပဲ ခေါ်မှာပေါ့... အဲ့ကျရင် မင်းက အရင်ဆုံး အထုတ်ခံရမယ့်သူပဲလေ...”
ကုယွင်မှာ ထိုစကားကြောင့် ကျောချမ်းသွားရပြီး မေးလိုက်လေသည်။
“ဒါဆို သား ဘာလုပ်ရမလဲ ဒုတိယဦးလေး...”
“စာများများဖတ်ပြီး စာလုံးတွေ အများကြီး မှတ်ထားလေ... မင်းကို အစိုးရစာမေးပွဲ ဖြေနိုင်တဲ့အထိ မမျှော်လင့်ပါဘူး... အနည်းဆုံးတော့ မြို့ဝန်ရုံးက စာရေးစာချီ အလုပ်တွေကို ကျွမ်းကျင်အောင် လုပ်နိုင်ရမယ်လေ...”
ကုမင်တာ့က ပြောလိုက်၏။
ကုယွင်သည် မြို့ဝန်ရုံးတွင် စာရေးစာချီ အလုပ်ကို မည်သူလုပ်သလဲ ဆိုသည်ကို သေချာ စဉ်းစားလိုက်လေသည်။
သူ၏ အသက်ရှူသံများမှာ မြန်ဆန်လာပြီး မေးလိုက်၏။
“ဒုတိယဦးလေး... သား... သားကရော စာရေးစာချီ ဖြစ်နိုင်လို့လားဟင်...”
သူသည် မြို့ဝန်ရုံးတွင် အလုပ်လုပ်နေသည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း အနိမ့်ဆုံး အဆင့်ရှိသော ဖမ်းဆီးရေးသမားပင်လျှင် အခွင့်အရေးများစွာ ရရှိသည်ကို တွေ့မြင်ထားလေသည်။ လစာအပြင် ကုန်သည်များကလည်း ရံဖန်ရံခါ လက်ဆောင်များ လာပေးတတ်ကြသည် မဟုတ်ပါလား။
အကယ်၍ သူသာ အရာရှိတစ်ဦး ဖြစ်လာလျှင် နိမ့်ကျသော လူတန်းစား ဖြစ်စရာ မလိုတော့ဘဲ ဖမ်းဆီးရေးသမားထက် ပို၍ ဂုဏ်ရှိပေလိမ့်မည်။ ချင်းရွှေရွာတွင်လည်း လူကုံထံ တစ်ဦး ဖြစ်လာပေလိမ့်မည်။
ကုမင်တာ့က ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်လေသည်။
“ဒါကြောင့် စာများများဖတ်ပါလို့ ပြောတာကို မင်းက အမြဲ နားမထောင်ဘူးလေ... မင်းသာ ကြိုးစားရင် အခုလို ယာယီဝန်ထမ်း အဆင့်မှာပဲ ရှိနေမှာ မဟုတ်ဘူး...”
ကုယွင်သည် အတိတ်ကို ပြန်သွားပြီး စာမဖတ်ချင်ခဲ့သော မိမိကိုယ်ကိုယ် ပါးရိုက်ပစ်ချင်စိတ် ပေါက်နေတော့၏။
သို့သော် ကံကောင်းထောက်မစွာဖြင့် အချိန်မီသေးသဖြင့် ကုယွင်က ပြောလိုက်လေသည်။
“ဒုတိယဦးလေး စိတ်မပူပါနဲ့... သား အမှားတွေကို ပြင်ပါ့မယ်... ဦးလေးရဲ့ မျှော်လင့်ချက်တွေကို အပျက်မခံပါဘူး...”
သူက ကြိုးစားမည်ဟု ပြောရုံသာမက ဘေးနားတွင် ဝမ်းနည်းနေသော ကုကျောက်ကိုပါ ဆွဲခေါ်ကာ ပြောလိုက်လေသည်။
“ဒုတိယဦးလေး... သားက အစ်ကိုအကြီးဆုံးပဲလေ... နောက်ကျရင် ညီလေးနဲ့ ညီမလေးတို့ကို စာကြိုးစားအောင် သေချာ စောင့်ကြည့်ပေးပါ့မယ်... သူတို့ကို ပျင်းခွင့် မပေးပါဘူး...”
ကုကျောက်မှာမူ ရှေ့လျှောက် ဘဝမှာ မှောင်မိုက်သွားသလို ခံစားလိုက်ရလေတော့သည်။
ညဉ့်ဦးပိုင်း ရောက်သောအခါ လင်မယားနှစ်ယောက်မှာ အိပ်ရာထဲတွင် ရှိနေကြသော်လည်း သမီးဖြစ်သူ နေ့စဉ် အိမ်ပြင်ထွက်ကာ စာသွားသင်ရမည်ကို တွေးမိပြီး စိတ်မကောင်း ဖြစ်နေကြဆဲ ပင်။
ကျန်းယွင်နန်က စိတ်မခိုင်ဘဲ တိုးတိုးလေး ပြောလိုက်၏။
“မေမေကလည်း နျိုနျိုလေးကို အနားမှာပဲ ရှိစေချင်တာပါ... ဒါပေမဲ့ တို့နျိုနျိုလေးက စာသင်ရာမှာ အရည်အချင်း ရှိသားပဲ... ပညာတတ် အမျိုးသမီးလေး ဖြစ်စေချင်တာ မေမေ့ရဲ့ ဆန္ဒပါ... ပညာတတ် ဆိုတာကလည်း အလကား ရလာတာမှ မဟုတ်တာ... စာမသင်ရင် မဖြစ်ဘူးလေ...”
နျိုနျိုက သက်ပြင်းချလိုက်ပြီး မိဘများကို ကြည့်ကာ ပြောလိုက်လေသည်။
“နျိုနျို စာသင်ရတာကို ကြိုက်ပါတယ်... ဒါက ရှားပါးတဲ့ အခွင့်အရေးဆိုတာလည်း သိပါတယ်... ဒါပေမဲ့ နျိုနျိုက မိသားစုဝင်တွေနဲ့ အတူနေရတာကို အကြိုက်ဆုံးပဲလေ... ဘာလို့ အရင်လို အိမ်မှာပဲ စာသင်လို့ မရရတာလဲဟင်...”
နျိုနျို၏ အမြင်တွင် ဤလောက၌ မိသားစုထက် အရေးကြီးသောအရာ မရှိချေ။
ကျန်းယွင်နန်သည် ထိုစကားကို ကြားသောအခါ စိတ်ထိခိုက်သွားပြီး သမီးငယ်လေးကို ရင်ခွင်ထဲသို့ ထည့်လိုက်လေသည်။ သူမသည် ကုမင်တာ့အား ထိုကိစ္စကို မေ့လိုက်ပါတော့ဟုပင် ပြောချင်စိတ် ပေါက်သွားရ၏။
သို့သော် မိဘဟူသည်မှာ သားသမီးကို ချစ်လျှင် သူတို့၏ ရှေ့ရေးအတွက် လမ်းခင်းပေးရသည် မဟုတ်ပါလား။
ကုမင်တာ့က သက်ပြင်းချကာ ပြောလိုက်လေသည်။
“လိမ္မာတဲ့ကလေးလေး... ဒီလောကမှာ ယောက်ျားနဲ့ မိန်းမအပေါ် ထားရှိတဲ့ သတ်မှတ်ချက်တွေက မတူဘူးလေ... လောကကြီးက ယောက်ျားတွေကိုတော့ အောင်မြင်မှုတွေ ရယူပြီး အရာရှိ ဖြစ်လာဖို့ မျှော်လင့်ကြတယ်... သူတို့ကို သူရဲကောင်းတွေအဖြစ် ချီးကျူးကြတယ်...”
“ဒါပေမဲ့ မိန်းကလေးတွေကိုတော့ အိမ်တွင်းမှာပဲ နေစေချင်ကြတယ်... အသက်ကြီးလာရင် အိမ်ထောင်ပြု... ပြီးရင် အိမ်မှုကိစ္စတွေပဲ လုပ်ရင်း ဘဝကို ကုန်ဆုံးစေချင်ကြတာ... သူတို့ရဲ့ ဘဝက ကျဉ်းမြောင်းတဲ့ ကောင်းကင်အောက်မှာပဲ ကန့်သတ်ခံထားရပြီး... ကျယ်ပြောလှတဲ့ တောင်တွေ၊ မြစ်တွေနဲ့ လောကကြီးရဲ့ အလှတရားတွေကို မြင်တွေ့ခွင့် မရကြတော့ဘူးလေ...”
နျိုနျိုက ထိုစကားကို ကြားသောအခါ ကျန်းယွင်နန်ကို လှမ်းကြည့်လိုက်ပြီး မေးလိုက်လေသည်။
“ဒါပေမဲ့ မေမေနဲ့ အဘွားတို့လည်း ဒီလိုပဲ နေထိုင်နေကြတာ မဟုတ်ဘူးလားဟင်...”
ကုမင်တာ့က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။
“ဟုတ်တယ်... သူတို့လည်း ဒီလိုပဲ နေလာကြတာပါ... ဒါပေမဲ့ ဖေဖေကတော့ သမီးကို သူတို့လိုမျိုး မဖြစ်စေချင်ဘူးလေ...”