← Chapters

မသေမျိုးအကြောင်း သိရှိခြင်း

Vol. 13 Ch. 125

မသေမျိုးအကြောင်း သိရှိခြင်း

Vol. 13 Ch. 125

“သခင်လေး... ကျွန်မ သခင်လေးကို ပြုစုလာတာ နှစ်တွေ အများကြီး ရှိပါပြီ... ကျွန်မတို့ရဲ့ သံယောဇဉ်က ခုမှတွေ့တဲ့ ကလေးမလေးလောက်တောင် မရှိဘူးလားဟင်...”

နို့ထိန်းအဒေါ် ဝမ် က ငိုယိုကာ မေးမြန်းလိုက်လေသည်။

ဤအခြေအနေ ရောက်သည်အထိ သူမသည် တောင်းပန်ရန် ဆန္ဒမရှိပေ။ လော်ကျန်းသည် နျိုနျိုကို လှည့်မကြည့်ဘဲ ပြောလိုက်လေသည်။

“သံယောဇဉ်က သံယောဇဉ်... အမှန်တရားက အမှန်တရားပဲလေ... နျိုနျိုက ဘာမှ အမှားမလုပ်ခဲ့ဘူး... သူ့ကို အခုလို မပြောသင့်ဘူး...”

လော်ကျန်း ထိုစကားကို ပြောလိုက်ပြီးနောက် သူသည် စိတ်လက် ပေါ့ပါးသွားသလို ခံစားလိုက်ရပြီး ဖန့်ယွမ်ကို တစ်ချက် လှမ်းကြည့်လိုက်လေသည်။ သို့သော် ထိုစကားများမှာ နို့ထိန်းအဒေါ်အား စိတ်ပြောင်းစေခြင်း မရှိခဲ့ချေ။ သူမသည် ပို၍ ဒေါသထွက်လာပြီး နျိုနျိုကို ရက်စက်စွာ ဆဲဆိုလိုက်လေတော့သည်။

“ဒီကလေးမက ငယ်ငယ်လေးနဲ့ မြေခွေးမလို ပြုမူတတ်တာပဲ... သခင်လေးနဲ့ ကျွန်မကို သွေးခွဲနေတာ...”

စကားမဆုံးခင်မှာပင် သခင်ကြီးလော်က လက်ဝှေ့ယမ်းလိုက်ရာ ဘေးမှ လူများက သူမ၏ ပါးစပ်ကို ပိတ်ကာ အပြင်သို့ ဆွဲခေါ်သွားကြလေတော့သည်။ သူမသည် နောက်ဆုံး ရရှိမည့် ဆုလာဘ်ကိုပင် ရရှိခွင့် မရလိုက်ချေ။ ဤကဲ့သို့ ကိစ္စကြီး ဖြစ်ပွားခဲ့သဖြင့် ကလေးများမှာ ထမင်းစားချင်စိတ် မရှိကြတော့ပေ။

ကုယွင်မှာမူ မောင်နှမများကို ခေါ်ကာ အိမ်ပြန်ရမလားဟုပင် တွေးတောနေမိလေသည်။

သခင်ကြီးလော်ကမူ တည်ငြိမ်စွာဖြင့်ပင် ရှိနေ၏။ သူသည် ဘဝတစ်လျှောက်လုံး အဖြစ်အပျက်များစွာကို ကြုံတွေ့ခဲ့ဖူးသူ ဖြစ်ရာ ဤကဲ့သို့ ကိစ္စသေးသေးလေးမှာ သူ၏ စိတ်ကို မထိခိုက်နိုင်ပေ။

“ကဲ... စားကြ... စားကြ... ဘာပဲဖြစ်ဖြစ် ထမင်းစားတာက ပိုအရေးကြီးတယ်လေ... ဒါက နျိုနျို ကြိုက်တဲ့ ဂျင်းကိတ်မုန့်လေ... အဘိုးက နျိုနျိုရဲ့ အဘွားကိုတောင် ဒါကို ဘယ်လိုလုပ်ရမလဲ သေချာ မေးထားတာနော်...”

သခင်ကြီးလော်က ပြုံးလျက် ဂျင်းကိတ်မုန့်ကို နျိုနျို၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်လေသည်။

နျိုနျိုသည် လော်ကျန်းနှင့် သူမ၏ အစ်ကိုများကို တစ်ချက် ကြည့်လိုက်ပြီးနောက် သခင်ကြီးလော်အား ရှင်းလင်းသော အသံဖြင့် မေးလိုက်၏။

“အဘိုးလော်... အဘိုးက နျိုနျိုကို ဆိုးတဲ့ကလေးလို့ ထင်နေတာလားဟင်...”

သခင်ကြီးလော်က ထိုစကားကို ကြားသောအခါ တူကို ချထားလိုက်ပြီး နျိုနျိုကို လေးနက်စွာ ကြည့်ကာ ပြန်ဖြေလိုက်လေသည်။

“အဘိုးကတော့ နျိုနျိုလေးက အလိမ္မာဆုံး ကလေးလို့ ထင်ပါတယ်... ဉာဏ်လည်းကောင်းတယ်... လိမ်လည်း လိမ္မာတယ်... မြေးလေးထက် ပိုချစ်စရာကောင်းတဲ့ ကလေးမျိုး အဘိုး မတွေ့ဖူးသေးဘူး...”

နျိုနျို စိတ်အေးသွားပြီး ထပ်မေးလိုက်ပြန်၏။

“ဒါဆို သမီးက အဘိုးတို့အိမ်မှာ စာသင်ပြီး ထမင်းစားနေတာကို အဘိုး မပျော်ဘူးလားဟင်... စာသင်နေမှတော့ ဒီမှာ မစားသင့်ဘူး မဟုတ်လား...”

နို့ထိန်းအဒေါ်၏ စကားများက နျိုနျို၏ စိတ်ထဲတွင် အစွဲအလမ်း ဖြစ်နေဆဲ ပင်။ သူမသည် သူတစ်ပါးကို အနှောင့်အယှက် ပေးသော ကလေးမျိုး မဖြစ်ချင်ရှာပေ။ သခင်ကြီးလော်က ရယ်မောကာ ပြောလိုက်လေသည်။

“ဘယ်လိုလုပ် အဲ့လို တွေးရတာလဲ... အဘိုးက နျိုနျိုလေးကို ဒီမှာ စာသင်စေချင်၊ စားစေချင်လွန်းလို့လေ... နျိုနျိုရဲ့ အဘွားကိုတောင် အကြိမ်ကြိမ် ခွင့်တောင်းခဲ့ရတာပါ... ဒါကြောင့် ဒီနေ့ ထမင်းစားဖို့ ကျန်ခဲ့တာပေါ့...”

နျိုနျိုက နားမလည်နိုင်ဘဲ မေးလိုက်ပြန်၏။

“ဘာလို့လဲဟင်... အဘိုးက သမီးတို့တွေ ထမင်းစားတာကို နှမြောမနေဘူးလား...”

နျိုနျို၏ အမြင်တွင် ထမင်းစားခြင်းမှာ အရေးကြီးသော ကိစ္စတစ်ခု ဖြစ်ပေသည်။ အရင်တုန်းက ကျန်းမိသားစုတွင် ရှိစဉ်က ထမင်းတစ်လုပ် ပိုစားမိလျှင်ပင် ပြဿနာ တက်တတ်သည် မဟုတ်ပါလား။ အဘိုးလော်၏ မျက်လုံးများတွင် ဝမ်းနည်းမှု အရိပ်အယောင်များ ဖြတ်သန်းသွားပြီးနောက် ပြောလိုက်လေသည်။

“အဘိုးဆီမှာ စားစရာတွေ အများကြီး ရှိပါတယ်... ဒါပေမဲ့ အဘိုးက အသက်ကြီးပြီဆိုတော့ သိပ်မစားနိုင်တော့ဘူးလေ...”

“မြေးလေးတို့ ဘေးမှာ ရှိနေရင် အဘိုးလည်း ထမင်းပိုစားနိုင်တာပေါ့... မြေးလေးက အဘိုးကို အများကြီး ကူညီပေးနေတာပဲ... ထမင်းနည်းနည်းလောက် စားတာက ဘာမှ မဟုတ်ပါဘူး...”

သခင်ကြီးလော်၏ စကားများမှာ အမှန်တရားများ ပင် ဖြစ်ချေသည်။ သူသည် မျိုးဆက် နည်းပါးသဖြင့် သူတစ်ပါး၏ သားမြေးများ ပျော်ရွှင်နေသည်ကို ကြည့်ကာ အားကျနေမိခြင်း ဖြစ်၏။ လော်ကျန်းမှာမူ လူကြီးများရှေ့တွင် အမြဲတမ်း တည်ငြိမ်စွာ နေတတ်သဖြင့် ကလေးပီပီ ဆော့ကစားခြင်းမျိုး မရှိပေ။ နျိုနျိုနှင့် ကုကျောက်တို့မှာမူ ပုံမှန်ကလေးများကဲ့သို့ စားချိန်တွင် စား၊ ဆော့ချိန်တွင် ဆော့ ကြသဖြင့် သခင်ကြီးလော်မှာ သူတို့အား ကြည့်ပြီး ထမင်းစားချင်စိတ် ပြန်လည် ရရှိလာခြင်း ဖြစ်ပေသည်။

နျိုနျို စိတ်အေးသွားပြီး ပြောလိုက်လေသည်။

“အဲ့လိုဆိုရင်တော့ ကောင်းတာပေါ့... သမီးက အဘိုးကို ဒုက္ခပေးမိမှာ ကြောက်နေတာ...”

သခင်ကြီးလော်က နောက်ပြောင်လိုက်၏။

“နျိုနျိုလေး... အဘိုးက မြေးလေး စားတာကို ကြည့်ပြီး ထမင်းစားချင်စိတ် ရှိလာတာဆိုတော့... မြေးလေးမှာ မှော်စွမ်းအင်တွေများ ရှိနေလို့လားဟင်...”

နျိုနျိုက ခေါင်းလေးစောင်းကာ စဉ်းစားပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်လေသည်။

“သမီးမှာ မှော်အစွမ်း ရှိတာ ဖြစ်နိုင်ပါတယ်...”

သခင်ကြီးလော်မှာ အံ့သြသွားရ၏။ ကုယန်က အမြန် သတိပေးလိုက်လေသည်။

“နျိုနျို... သတိထားဦးလေ... ကြွားလုံးတွေ မထုတ်နဲ့ဦး...”

ကုယန်က ထိုသို့ ပြောပြီးနောက် ကုယွင်ကိုလည်း အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်လေသည်။ ကုယွင်က ချက်ချင်းပင် ခုန်ထကာ ငြင်းဆိုလိုက်၏။

“အားယန်... မင်းက ကျွန်တော့်ကို ဘယ်လို ကြည့်နေတာလဲ... နျိုနျိုက ကျွန်တော့်ဆီက သင်တာ မဟုတ်ပါဘူး... ကျွန်တော်က အမှန်အတိုင်းပဲ ပြောတာလေ...”

ကုယွင်၏ အသံမှာ တဖြည်းဖြည်း တိုးသွားလေတော့သည်။ နျိုနျိုက ပြန်ချေပလိုက်လေသည်။

“ကိုကိုကြီး... သမီး ကြွားပြောတာ မဟုတ်ပါဘူး...သမီး ဆိုင်ရှေ့မှာ ထိုင်စားတိုင်း ဆိုင်မှာ အရောင်းအဝယ် အရမ်း ကောင်းလာတာလေ... အဒေါ်လျူကလည်း သမီးရဲ့ မှော်စွမ်းအင်တွေကြောင့်လို့ အမြဲ ပြောတာပဲ...”

ကုယန်မှာမူ ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားရရှာ၏။ သူသည် လျူရှောင်ရူ၏ နောက်ပြောင်စကားကို နျိုနျိုက အလေးအနက် မှတ်ထားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဆိုင်မှာ အရောင်းအဝယ် ကောင်းခြင်းမှာ နျိုနျိုလေးက ချစ်စရာကောင်းသောကြောင့် ဖြစ်လိမ့်မည်ဟု သူက ယူဆထားပေသည်။ သို့သော် သခင်ကြီးလော်ကမူ ထောက်ခံပေးလိုက်လေသည်။

“တို့နျိုနျိုလေးက တကယ်ကို နတ်သမီးလေးပဲကိုး... ငါးနှစ်ပဲ ရှိသေးတာကို အိမ်အတွက် စီးပွားရှာပေးနိုင်နေပြီ...”

နျိုနျိုမှာ အလွန် ပျော်ရွှင်သွားပြီး ကုယန်အား ပြောလိုက်လေသည်။

“ကိုကို... ကြည့်လေ... အဘိုးလော်တောင် သမီးမှာ မှော်အစွမ်းရှိတယ်လို့ ပြောတယ်နော်... သမီး ကြွားတာ မဟုတ်ပါဘူး...”

ကုယန်မှာမူ သခင်ကြီးလော်ကဲ့သို့ ပညာတတ်ကြီး တစ်ဦးက ဤကဲ့သို့ စကားမျိုး ပြောလိမ့်မည်ဟု မထင်ထားခဲ့သဖြင့် ကြောင်အသွားရရှာ၏။ ထိုသို့ နောက်ပြောင် ပြောဆိုလိုက်ကြသဖြင့် စားပွဲဝိုင်းမှ လေထုမှာ ပြန်လည် တက်ကြွလာလေတော့သည်။

နျိုနျိုသည် ပျော်ပျော်နေတတ်သူ ဖြစ်ရာ စားစရာရှိသည်ကို စားပြီး စိတ်ညစ်စရာများကို မေ့ပျောက်လိုက်လေသည်။ သူမသည် သခင်ကြီးလော် ထည့်ပေးထားသော ဟင်းများဖြင့် ပြည့်နေသော ပန်းကန်ထဲသို့ ခေါင်းစိုက်ကာ အငမ်းမရ စားနေမိ၏။

ပါးနှစ်ဖက် ဖောင်းနေအောင် စားနေသော နျိုနျိုကို ကြည့်ပြီး သခင်ကြီးလော်မှာ ပျော်ရွှင်နေမိလေသည်။ သူမ ကြီးပြင်းလာမည့် အနာဂတ်ကိုပင် မြင်ယောင်နေမိသကဲ့သို့ ရှိနေ၏။

သခင်ကြီးလော်သည် နျိုနျို စားနေသည်ကို ကြည့်ပြီး သူပါ ထမင်းစားချင်စိတ် ရှိလာလေသည်။ သို့သော် သူ၏မြေးဖြစ်သူကို လှည့်ကြည့်လိုက်သောအခါ လော်ကျန်းမှာ မစားချင်သော အရာများကို တူဖြင့် တစ်ခုချင်းစီ ဖယ်ထုတ်နေသည်ကို မြင်တွေ့လိုက်ရလေ၏။

ဂျင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ အဆီ... လော်ကျန်း မစားသော အရာများမှာ အလွန် များပြားလှပေသည်။ ဟင်းပွဲအားလုံးနီးပါးတွင် သူ မစားသော အရာများ ပါဝင်နေလေသည်။

သခင်ကြီးလော်မှာ ထိုမြင်ကွင်းကို ကြည့်ပြီး ထမင်းစားချင်စိတ် ပျောက်ကွယ်သွားရပြန်၏။ ထို့ကြောင့် သူသည် နျိုနျို စားနေသည်ကိုသာ ပြန်လည် စိုက်ကြည့်နေလေတော့သည်။

“တကယ်ပဲ အံ့သြဖို့ ကောင်းတာပဲ... နျိုနျို စားတာကို ကြည့်လိုက်ရင် ထမင်းစားချင်စိတ် ပြန်ပေါ်လာတာပဲ...”

သခင်ကြီးလော်သည် တစ်ခုခုကို သတိရသွားပြီး သူ၏ မြေးအား တိုးတိုးလေး ပြောလိုက်လေသည်။

“အန်းကျန်း... နျိုနျို စားတာကို များများ ကြည့်ထားနော်...”

All Chapters