← Chapters

အတွေး

Vol. 13 Ch. 126

အတွေး

Vol. 13 Ch. 126

လော်ကျန်း ပိန်လှီနေခြင်းမှာ သူသည် အစားအလွန် ရွေးသောကြောင့် ဖြစ်ကြောင်း လော်မိသားစုဝင် အားလုံး သိကြပေသည်။ လော်ကျန်းသည် အသက်သုံးနှစ် မတိုင်မီအထိ အသား လုံးဝ မစားခဲ့ပေ။ အသားထဲတွင် ညှီနံ့ နံနေသည်ဟု သူက ယူဆထားသောကြောင့် ဖြစ်၏။ သုံးနှစ်ကျော်မှသာ အသားအနည်းငယ်ကို မနည်း စားနိုင်ခဲ့ခြင်း ပင်။

လော်မိသားစုမှ စားဖိုမှူးများမှာ သခင်လေး ကျေနပ်စေရန်အတွက် နည်းမျိုးစုံဖြင့် ဟင်းလျာများကို ပြင်ဆင်ကြရလေသည်။

တဲ့ရှန်စားသောက်ဆိုင်သို့ သွားရောက် စားသောက်စဉ်ကလည်း လော်ကျန်းမှာ အစားရွေးနေဆဲ ဖြစ်သော်လည်း အစေခံများ၏ ပေါ့ဆမှုကြောင့် သူ အပြင်သို့ ပြေးထွက်သွားခဲ့သည်ကို မည်သူမျှ မသိလိုက်ကြချေ။

ယခုအခါ အဘိုးဖြစ်သူ၏ လမ်းညွှန်မှုကြောင့် လော်ကျန်းသည် ထမင်းစားနေစဉ် နျိုနျိုကို ပို၍ စိုက်ကြည့်နေမိလေသည်။ သခင်ကြီးလော်မှာမူ အံ့ဖွယ် ကိစ္စတစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့ ဖြစ်သွားရ၏။

လော်ကျန်းမှာ အစားရွေးနေဆဲ ဖြစ်သော်လည်း ထမင်းစားသည့် အရှိန်မှာ မြန်ဆန်လာလေသည်။ ပုံမှန်အားဖြင့် ပန်းကန်ငယ် တစ်လုံးသာ စားတတ်သူမှာ ယခုအခါ နှစ်လုံးအထိ စားနိုင်ခဲ့ချေပြီ။ လော်ကျန်းသည် ဗိုက်ပြည့်ခြင်း၏ အရသာကို ပထမဆုံးအကြိမ် ခံစားလိုက်ရပြီးနောက် လမ်းလျှောက်သည့် အခါတွင်လည်း ကိုယ်လေး ထွားလာသကဲ့သို့ ခံစားနေရလေသည်။ နေ့လယ်ပိုင်းတွင် စာမသင်မီ အနားယူချိန် ရှိလေသည်။

လော်မိသားစု၏ အိမ်ကြီးမှာ အလွန် ကျယ်ဝန်းလှပေသည်။ အခန်းများစွာ ရှိနေသဖြင့် ကုမိသားစုမှ ကလေးများအတွက်လည်း သီးသန့် အနားယူခန်းတစ်ခု ပေးထားလေသည်။

လော်ကျန်းမှာ ခုနစ်နှစ်အရွယ် ကလေးတစ်ဦးသာ ဖြစ်သဖြင့် သူငယ်ချင်းများနှင့် အတူတူ နေလိုပေသည်။ ထို့ကြောင့် သူသည် သူ၏ ခြံဝင်းသို့ ပြန်မသွားဘဲ ဤနေရာတွင်သာ အနားယူလေသည်။ ကုယန်ကမူ သစ်ပင်ရိပ်အောက်ရှိ ကျောက်စားပွဲတွင် ထိုင်ကာ စာဖတ်နေလေ၏။

နျိုနျိုနှင့် လော်ကျန်းတို့မှာလည်း စာအတူတူ ဖတ်ကြလေ့ ရှိပေသည်။ အခြားသူများမှာမူ စာဖတ်ခြင်းကို မနှစ်သက်ကြသဖြင့် ဆော့ကစားနေကြသော်လည်း စာဖတ်သူများကိုမူ မနှောင့်ယှက်ကြချေ။ သို့သော် ယနေ့တွင် လော်ကျန်းမှာ စိတ်မငြိမ်မသက် ဖြစ်နေပြီး စာကို အာရုံမစိုက်နိုင် ဖြစ်နေလေသည်။ နျိုနျိုက စာတစ်မျက်နှာ ဖတ်ပြီးနောက် မသိသည်ကို မေးရန် လှည့်ကြည့်လိုက်ရာ လော်ကျန်း၏ မူမမှန်မှုကို သတိပြုမိသွား၏။

“ကိုကိုလော်ကျန်း... နေလို့မကောင်းလို့လားဟင်...”

လော်ကျန်းက တွန့်ဆုတ်စွာဖြင့် ခေါင်းညိတ်ပြလေသည်။

“နေလို့မကောင်းရင် သမားတော်ဆီ သွားပြရအောင်လေ...”

နျိုနျိုက ပြောပြောဆိုဆိုဖြင့် လော်ကျန်း၏ လက်ကို ဆွဲလိုက်၏။

လော်ကျန်းက ခေါင်းခါလိုက်ပြီး ပြောလိုက်လေသည်။

“နေမကောင်းတာ မဟုတ်ပါဘူး... စိတ်ထဲမှာ တစ်ခုခု ဖြစ်နေလို့ပါ...”

နျိုနျို ခေါင်းလေးစောင်းကာ မေးလိုက်ပြန်၏။

“နေရခက်နေတာလား... ဒါမှမဟုတ် ပြဿနာ တစ်ခုခု ရှိနေလို့လားဟင်...”

လော်ကျန်းသည် ကုယန်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် သူ့ကို မနှောင့်ယှက်လိုသဖြင့် နျိုနျိုကို ထောင့်တစ်နေရာသို့ ဆွဲခေါ်သွားလေသည်။

“ငါ အရင်တုန်းက စိတ်ဓာတ်မကောင်းခဲ့ဘူး... စကားပြောတာလည်း မချိုသာခဲ့ဘူးလေ...”

လော်ကျန်းက တိုးတိုးလေး ပြောလိုက်၏။

နျိုနျိုက ခေါင်းညိတ်ကာ ပြောလိုက်လေသည်။

“သမီး သိပါတယ်...”

လော်ကျန်းမှာ ထိုအဖြေကို မမျှော်လင့်ထားသဖြင့် အနည်းငယ် ရှက်သွားရ၏။

“နင်က ငါ့ကို အရင်က မသိဘဲနဲ့...”

နျိုနျိုက ပြောလိုက်လေသည်။

“ပထမဆုံး တွေ့တုန်းက ကိုကိုက အသံမာမာနဲ့ ပြောတာလေ...”

လော်ကျန်း - "..."

လော်ကျန်းသည် ပထမဆုံး တွေ့ဆုံမှုကို ပြန်လည် သတိရသွားပြီး ရှက်သွေးဖြာသွားရလေသည်။ သူသည် ရုန့်ရင်းကြမ်းတမ်းစွာ ပြုမူလိုခြင်း မဟုတ်ဘဲ နျိုနျို၏ အာရုံစိုက်မှုကို ရလိုခြင်းသာ ဖြစ်သော်လည်း ကုကျောက်နှင့် ရန်ဖြစ်သည်အထိ ဖြစ်သွားခဲ့ရသည် မဟုတ်ပါလား။

“တောင်းပန်ပါတယ်...”

လော်ကျန်းက တိုးတိုးလေး ပြောလိုက်၏။

နျိုနျိုကမူ နားမလည်သော မျက်နှာထားဖြင့် မေးလိုက်လေသည်။

“ကိုကိုလော်ကျန်း... ဘာလို့ ရုတ်တရက်ကြီး တောင်းပန်တာလဲဟင်...”

လော်ကျန်းက ပြောလိုက်လေသည်။

“တဲ့ရှန်စားသောက်ဆိုင်မှာတုန်းက ငါ့ အပြုအမူတွေက အရမ်း ရိုင်းပျသွားခဲ့လို့ပါ...”

နျိုနျိုကမူ သူ မှားသည်ဟု မထင်ပေ။

“ကိုကိုက အသံမာမာနဲ့ ပြောတာပဲ ရှိတာပါ...မကောင်းတဲ့စိတ် မရှိပါဘူး... ကိုကို ပြောတာလည်း မှန်ပါတယ်... တို့တွေက ငါးလေး ဘာတွေးနေလဲဆိုတာ မသိနိုင်ဘူးလေ... အဲ့ဒါကြောင့် တောင်းပန်နေစရာ မလိုပါဘူး...”

လော်ကျန်းကမူ သူ မှားမှန်း သိနေပေသည်။ သူသည် ငါးလေး ဘာတွေးနေလဲ ဆိုသည်ကို ဂရုမစိုက်ဘဲ သူတို့နှင့် စကားပြောချင်သဖြင့်သာ အကြောင်းပြချက် ရှာခဲ့ခြင်း ဖြစ်ပေသည်။ သူက အသည်းအသန် တောင်းပန်နေသဖြင့် နျိုနျိုက သဘောထားကြီးစွာဖြင့် ပြောလိုက်လေသည်။

“ဒါဆိုရင်လည်း သမီး ခွင့်လွှတ်ပါတယ်... ထပ်ပြီး တောင်းပန်မနေနဲ့တော့နော်...”

တောင်းပန်ရမှာကို ခက်ခဲသော ကိစ္စတစ်ခုဟု ထင်မှတ်နေသော လော်ကျန်းမှာ ယခုအခါ အရာအားလုံး ရိုးရှင်းသွားပြီဟု ခံစားလိုက်ရ၏။

“နို့ထိန်းအဒေါ်ကလည်း မကောင်းတဲ့ စကားတွေ ပြောခဲ့တယ်လေ... ငါ သူ့ကိုယ်စား တောင်းပန်ပါတယ်...”

လော်ကျန်းက ထပ်မံ ပြောလိုက်ပြန်လေသည်။

နျိုနျိုက သက်ပြင်းချကာ ကလေးဆန်စွာ ပြောလိုက်၏။

“ကိုကိုလော်ကျန်းက တောင်းပန်ရတာကို တကယ် သဘောကျတာပဲနော်...”

လော်ကျန်းမှာ နျိုနျို၏ ထိုအမြင်ကို မမျှော်လင့်ထားခဲ့ပေ။ နျိုနျိုက ဆက်ပြောလိုက်လေသည်။

“ကိုကို ပြောသလိုပဲလေ... မကောင်းတဲ့ စကားပြောတာက နို့ထိန်းအဒေါ်ပဲလေ... ကိုကို မဟုတ်ပါဘူး... ကိုကိုက သမီးတို့အပေါ် မကောင်းတာမပြောခဲ့ပါဘူး...”

“နို့ထိန်းအဒေါ် ဝမ် က ငါ့အနားမှာ ရှိနေတဲ့လူလေ... ငါ့ကြောင့်သာ မဟုတ်ရင် သူ အဲ့လို ပြောရဲမှာ မဟုတ်ပါဘူး...”

လော်ကျန်းက ရှင်းပြလေ၏။

နျိုနျိုသည် လော်ကျန်းကို သေချာ ကြည့်လိုက်ပြီး တိုးတိုးလေး ပြောလိုက်လေသည်။

“ကိုကို ဒီလိုပြောတာက အဘိုးလော်နဲ့ တူတယ်နော်...”

လော်ကျန်းမှာမူ လူကြီးတစ်ယောက်လို ဖြစ်နေသည်ဟု ခံစားလိုက်ရသော်လည်း လေးလေးနက်နက်ပင် ထပ်မံ တောင်းပန်လိုက်ပြန်၏။ နျိုနျိုက မတတ်သာဟန်ဖြင့် ပြောလိုက်လေသည်။

“ကိုကို ဘာလို့ အဲ့လို တွေးနေလဲဆိုတာ သမီး မသိပေမဲ့... သမီး ခွင့်လွှတ်ပါတယ်နော်...”

လော်ကျန်းက မေးလိုက်ပြန်၏။

“နို့ထိန်းအဒေါ် အဲ့လို ပြောတာကို နင် စိတ်မဆိုးဘူးလား...”

နျိုနျိုက ရှင်းပြလိုက်လေသည်။

“သူက အမှားလုပ်လို့ အိမ်က နှင်ထုတ်ခံလိုက်ရပြီလေ... အပြစ်ပေးခံလိုက်ရပြီပဲ... သမီး ဘာလို့ စိတ်ဆိုးနေရဦးမှာလဲ...”

ထိုသို့ ပြောသော်လည်း လော်ကျန်းမှာမူ နျိုနျို၏ စိတ်ထားကို အံ့သြနေမိဆဲ ဖြစ်၏။ သူကိုယ်တိုင်ပင်လျှင် ထိုစကားများကို ပြန်တွေးမိတိုင်း ဒေါသထွက်နေမိသည် မဟုတ်ပါလား။

“အခု စိတ်သက်သာရာ ရပြီလားဟင်...”

နျိုနျိုက စိုးရိမ်တကြီး မေးလိုက်လေသည်။

လော်ကျန်းမှာ ကြောင်သွားရ၏။ နျိုနျိုက ဤကိစ္စကို မှတ်မိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

“အတော်လေးတော့ သက်သာသွားပါပြီ... ဒါပေမဲ့ လုပ်စရာ တစ်ခု ကျန်သေးတယ်...”

လော်ကျန်းက ပြောလိုက်၏။

နျိုနျိုက အားပေးလိုက်လေသည်။

“ဒါဆိုရင်လည်း မြန်မြန် လုပ်လိုက်လေ... ပြီးသွားရင် စိတ်လက် ပေါ့ပါးသွားမှာပေါ့... မေမေ ပြောတယ်... စိတ်ထဲမှာ တစ်ခုခု ရှိနေရင်... ဝန်ထုပ်ဝန်ပိုးကြီး ထမ်းထားရသလိုပဲ... လမ်းလျှောက်ရင် မမြန်ဘူးတဲ့...”

လော်ကျန်းသည် ထိုပုံဥပမာကို ကြားသောအခါ သူ ယနေ့ ပြုမူနေသည်နှင့် ထပ်တူကျနေကြောင်း ခံစားလိုက်ရ၏။

“နင် စာဆက်ဖတ်နေနော်... ငါ့ အဲ့ဒီကိစ္စကို သွားလုပ်လိုက်ဦးမယ်...”

လော်ကျန်းသည် မတ်တပ်ရပ်ကာ ဖန့်ယွမ် ရှိရာသို့ လှမ်းလျှောက်သွားလေတော့သည်။

“ကိုကို...”

လော်ကျန်းက ခေါ်လိုက်၏။

ကုယွင်နှင့် ဆော့ကစားနေသော ဖန့်ယွမ်သည် ညီဖြစ်သူ၏ အသံကို ကြားသည်နှင့် အရာရာကို ပစ်ထားခဲ့ပြီး လော်ကျန်း၏ အနားသို့ အပြေးရောက်လာကာ ပြုံးလျက် မေးလိုက်လေသည်။

“အန်းကျန်း... ဘာခိုင်းမလို့လဲ... ကိုကို အခု လုပ်ပေးမယ်လေ...”

လော်ကျန်း၏ စိတ်နှလုံးမှာ တုန်လှုပ်သွားရ၏။ ဤငတုံးလေးမှာ အမြဲတမ်း ဤအတိုင်းပင်။ သူတစ်ပါး၏ ကဲ့ရဲ့ခြင်းကို ခံရသော်လည်း သူ၏ စိတ်ထားမှာ ဘယ်တော့မှ ပြောင်းလဲခြင်း မရှိပေ။

“ကိုကို... တောင်းပန်ပါတယ်...”

လော်ကျန်းက ညင်သာစွာ ပြောလိုက်လေသည်။

ဖန့်ယွမ်က ကြောင်ကြည့်ကာ မေးလိုက်၏။

“အန်းကျန်း... ဘာလို့ ရုတ်တရက်ကြီး တောင်းပန်တာလဲဟင်...”

လော်ကျန်းက ပြောလိုက်လေသည်။

“ကျွန်တော် အရင်တုန်းက ကိုကို့အပေါ် မကောင်းခဲ့ဘူးလေ... နောက်ကျရင် ကိုကို့ကို ကျွန်တော့်ရဲ့ အစ်ကိုအရင်းလို ဆက်ဆံပါ့မယ်...”

ဖန့်ယွမ်က ခေါင်းနောက်ကို ကုတ်ကာ မေးလိုက်ပြန်၏။

“မင်း ကိုကို့အပေါ် မကောင်းခဲ့တာ ရှိလို့လား... ကိုကို ဘာလို့ မသိရတာလဲ...”

လော်ကျန်း၏ နဖူးပေါ်တွင် အကြောများ ထောင်တက်လာပြီး ပြောလိုက်လေသည်။

“ခေါင်းမကုတ်နဲ့လို့ ပြောထားတယ်လေ... ဒဏ်ရာ မကျက်သေးဘူး မဟုတ်လား...”

ဖန့်ယွမ်က ကြောက်လန့်တကြား လက်ကို အမြန် ပြန်ရုပ်သိမ်းလိုက်ရလေသည်။ လော်ကျန်းသည် ထိုအူတူတူ ပုံစံကို ကြည့်ပြီး ဒေါသထွက်ချင်ယောင်ဆောင်ကာ ပြောလိုက်လေသည်။

“ကိုကိုက အဲ့လို ပြောမှတော့... ကျွန်တော့်ကို ခွင့်လွှတ်တယ်လို့ပဲ သတ်မှတ်လိုက်တော့မယ်... အတိတ်က ကိစ္စတွေကို အကုန် မေ့လိုက်ကြရအောင်...”

ဖန့်ယွမ်က အူတူတူ ပုံစံဖြင့်ပင် ပြန်ပြောလိုက်လေသည်။

“ကောင်းပြီ... ကောင်းပြီ... အန်းကျန်း... ကိုကို မင်းစကား နားထောင်ပါ့မယ်... အဒေါ်က ပြောတယ်လေ... မင်းက ဉာဏ်ကောင်းတဲ့သူဆိုတော့... မင်းစကားပဲ နားထောင်ရမယ်တဲ့...”

လော်ကျန်း - "..."

သခင်ကြီးလော်မှာမူ ထမင်းစားပြီးနောက် လမ်းလျှောက်ရင်း စဉ်းစားခန်း ဝင်နေလေသည်။ လူက ဗိုက်ပြည့်လာလျှင် အတွေးများ များပြားလာတတ်သည် မဟုတ်ပါလား။ သခင်ကြီးလော်သည် နို့ထိန်းအဒေါ် ပြောခဲ့သော စကားများကို ပြန်လည် စဉ်းစားနေမိ၏။

ထိုစကားများမှာ နျိုနျိုကို သတိထားရန် ပြောခြင်း ဖြစ်သော်လည်း သခင်ကြီးလော်အတွက်မူ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှု ဖြစ်စေခဲ့လေသည်။

“နျိုနျိုနဲ့ အန်းကျန်း တို့က တော်တော် လိုက်ဖက်တယ် မဟုတ်လား...”

သခင်ကြီးလော်က သူ့ကို တွဲထားသော အိမ်ထိန်းဟူ ကို မေးလိုက်လေသည်။

All Chapters