တွန်းအားပေးခြင်း
Vol. 13 Ch. 127
သခင်ကြီးလော်၏ အတွေးများမှာ အလွန်ပင် လျင်မြန်လှပေသည်။ လော်ကျန်းသည် ငယ်စဉ်ကတည်းက စာသင်ကြားရာတွင် ပါရမီရှိကြောင်း ပြသနိုင်ခဲ့သဖြင့် သူ၏ ရှေ့ရေးမှာ တောက်ပနေမည်မှာ သေချာလှပေသည်။ လော်မိသားစုတွင် မျိုးဆက် နည်းပါးသဖြင့် မိသားစု စည်ကားကျန်းမာရေးကို ပို၍ ဂရုစိုက်ကြရလေသည်။ သခင်ကြီးလော်သည် နို့ထိန်းအဒေါ်၏ စကားများကြောင့် လော်ကျန်းမှာ နျိုနျိုကို တကယ် ဂရုစိုက်နေသည်ဟု ထင်မှတ်သွားခြင်း ပင် ဖြစ်ချေသည်။
ညစာစားပြီးချိန်တွင် သခင်ကြီးလော်သည် သူ၏ မြေးကို သီးသန့် ခေါ်လိုက်လေသည်။
“အန်းကျန်း... နောင်ကျရင် နျိုနျိုကို မင်းရဲ့ ဇနီးအဖြစ် တောင်းပေးရမလား...”
သခင်ကြီးလော်က တည့်တိုးပင် မေးလိုက်လေ၏။
လော်ကျန်းမှာ လက်ဖက်ရည် သောက်နေစဉ် ဖြစ်သဖြင့် ချက်ချင်းပင် သီးသွားပြီး မျက်နှာတစ်ခုလုံး နီရဲသွားရလေတော့သည်။
“အဘိုး... ကျွန်တော်က အသက် ခုနစ်နှစ်ပဲ ရှိသေးတာလေ... ဒါက စောလွန်းနေပြီ မဟုတ်ဘူးလားဟင်...”
လော်ကျန်းက အလျင်အမြန်ပင် ပြန်ပြောလိုက်ရလေသည်။
သခင်ကြီးလော်က မြေးဖြစ်သူ၏ မျက်နှာထားကို သေချာ အကဲခတ်ပြီး မေးလိုက်၏။
“မင်းက နျိုနျိုကို ဇနီးအဖြစ် မလိုချင်ဘူးလား...”
လော်ကျန်းက ထပ်မံ အလေးပေး ပြောလိုက်လေသည်။
“ကျွန်တော် ခုနစ်နှစ်ပဲ ရှိသေးတာလေ... ခုနစ်နှစ်ပဲ ရှိသေးတာ... ဘယ်သူက ခုနစ်နှစ်အရွယ် ကလေးကို အိမ်ထောင်ချပေးဖို့ စီစဉ်မှာလဲဟင်...”
ခုနစ်နှစ်အရွယ် ကလေးတစ်ဦးမှာ သိက္ခာကို ဘယ်သူ့ထက်မဆို ပို၍ ဂရုစိုက်တတ်ပြီး ချစ်ခြင်းမေတ္တာကိုလည်း နားမလည်သေးပေ။ သူ၏ စိတ်ထဲတွင် နျိုနျိုမှာ ထူးခြားသော သူငယ်ချင်း တစ်ဦးသာ ဖြစ်ပေသည်။ သခင်ကြီးလော်ကမူ ခုနစ်နှစ်ဆိုတာ ဘာဖြစ်လို့လဲဟု မေးခွန်းထုတ်လိုက်၏။ အချို့ဆိုလျှင် အမေဗိုက်ထဲမှာကတည်းက ကတိပေးထားကြသည် မဟုတ်ပါလား။
လော်ကျန်းမှာ နားရွက်များပင် နီရဲနေချေပြီ။ သူသည် အဘိုးအိုအား အကျိုးအကြောင်း ပြောပြလို့ ရလိမ့်မည် မဟုတ်ကြောင်း သိလိုက်သဖြင့် ပြောလိုက်လေသည်။
“အဘိုး... လူတွေ့တိုင်း ကျွန်တော့် ဇနီးအဖြစ် တောင်းပေးမယ်လို့ လျှောက်မပြောပါနဲ့ဦး... ပြီးခဲ့တဲ့တစ်ခေါက်တုန်းကလည်း အဒေါ့်သမီးကို အဲ့လိုပဲ ပြောခဲ့တာ မဟုတ်လား...”
သခင်ကြီးလော်ကမူ ထိုအချိန်က နောက်ပြောင်ခြင်းသာ ဖြစ်ကြောင်း ပြန်ပြောလေသည်။ လော်ကျန်းက ခေါင်းခါလိုက်ပြီး ပြောလိုက်၏။
“ကျွန်တော် ခုနစ်နှစ်ပဲ ရှိပါသေးတယ်... အစိုးရစာမေးပွဲ အောင်ပြီးမှပဲ အိမ်ထောင်ပြုဖို့ စဉ်းစားပါ့မယ်...”
သခင်ကြီးလော်သည် မြေးဖြစ်သူ၏ ပြတ်သားသော ဆုံးဖြတ်ချက်ကို မြင်သောအခါ နှမြောတသဟန်ဖြင့် ပြောလိုက်လေသည်။
“နျိုနျိုလေးက အရမ်း ချစ်စရာကောင်းတာလေ... မင်း မြင်ဖူးတဲ့သူတွေထဲမှာ သူ့ကို မကောင်းပြောတဲ့သူ တစ်ယောက်မှ မရှိပါဘူး... ဘာလို့ လက်ဦးမှု မယူထားရတာလဲ... နောက်ကျရင် သူများ လုသွားမှ နောင်တရနေဦးမယ်...”
လော်ကျန်းသည် သူ၏ အဘိုးကို ဘာမှမသိသော ကလေးတစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေမိလေ၏။ သခင်ကြီးလော်မှာမူ ထိုအကြည့်ကြောင့် စိတ်ပျက်သွားပြီး လူမောင်းထုတ်လိုက်လေတော့သည်။
“သွား... သွားတော့... မင်းမှာ အမြင်မရှိဘူး... နောက်ကျရင် နောင်တရလိမ့်မယ်...”
သို့သော်လည်း ထိုစကားများမှာ လော်ကျန်း၏ စိတ်ထဲတွင် မျိုးစေ့တစ်ခု ချပေးလိုက်သကဲ့သို့ ရှိနေပေသည်။ ညဘက် စာဖတ်ခြင်းကို ရပ်နားလိုက်ချိန်တွင် ဘေးစားပွဲတွင် အိပ်ပျော်နေသော ဖန့်ယွမ်ကို ကြည့်ကာ အကယ်၍ သူနှင့်အတူ စာဖတ်နေသူမှာ နျိုနျိုသာ ဖြစ်ခဲ့လျှင် သူမသည် ငိုက်မျဉ်းနေလိမ့်မည် မဟုတ်ကြောင်း တွေးတောနေမိလေသည်။
နောက်တစ်နေ့ နျိုနျိုကို ပြန်တွေ့သောအခါ လော်ကျန်းမှာ အဝေးမှ ပြေးလာသော ကလေးမလေးကို ကြည့်ပြီး အကြောင်းမဲ့ သက်သက် ရင်ခုန်နေမိ၏။ သူသည် ထိုရင်ခုန်ခြင်း၏ အကြောင်းရင်းကို နားမလည်သေးသော်လည်း နျိုနျိုကို မြင်ရလျှင် ပျော်ရွှင်နေပြီး သူမနှင့် ကစားရသည်မှာ အလွန် စိတ်ကျေနပ်စရာ ကောင်းသည်ဟုသာ ခံစားနေရလေသည်။
သခင်ကြီးလော်မှာမူ မြေးဖြစ်သူက သဘောမတူဟု ထင်မှတ်ကာ ထိုကိစ္စကို ထပ်မံ မပြောတော့ပေ။ သူသည် ကုမိသားစုမှ ကလေးများနှင့်အတူ ရံဖန်ရံခါ ထမင်းစားကာ နျိုနျိုအား သူ၏ မြေးမလေးအရင်းကဲ့သို့ ဆက်ဆံလေတော့သည်။ နေ့ရက်များမှာ တဖြည်းဖြည်း ပူနွေးလာပြီး အင်္ကျီအထူများကို ချွတ်ကာ နွေရာသီ အင်္ကျီပါးများကို ဝတ်ဆင်လာကြချေပြီ။
လွန်ခဲ့သော လအနည်းငယ်အတွင်း တဲ့ရှန်စားသောက်ဆိုင်၏ အစွမ်းကုန် ကြော်ငြာပေးမှုကြောင့် ကုမိသားစု၏ နှပ်ဟင်းလုပ်ငန်းမှာ အလွန် နာမည်ကြီးလာလေသည်။ မူလက တစ်နေ့ သုံးအိုးသာ ချက်ပြုတ်ရာမှ ယခုအခါ ငါးအိုးအထိ တိုးမြှင့် ချက်ပြုတ်နေရသော်လည်း နေ့စဉ် ကုန်စင်နေလေ၏။ မြို့နယ်အတွင်းရှိ လူတိုင်းနီးပါးမှာ ယွမ်ပေါင်လမ်းတွင် အရသာ အလွန်ကောင်းမွန်သော နှပ်ဟင်းဆိုင် ရှိကြောင်း သိရှိသွားကြပြီ ဖြစ်ပေသည်။
နှပ်ဟင်းဆိုင်နှင့် တဲ့ရှန်စားသောက်ဆိုင်တို့မှာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အမှီသဟဲ ပြုနေကြခြင်းပင်။ တဲ့ရှန်စားသောက်ဆိုင်က နှပ်ဟင်းမှာ အရည်အသွေး ကောင်းမွန်ကြောင်း သက်သေပြပြီး နှပ်ဟင်းဆိုင်ကလည်း တဲ့ရှန်စားသောက်ဆိုင်တွင် အရသာမရှိသော အစားအစာများ မရှိကြောင်း သက်သေပြနေလေသည်။ ဤသို့သော အကျိုးတူ ပူးပေါင်းမှုကြောင့် တဲ့ရှန်စားသောက်ဆိုင်မှာလည်း နေ့စဉ် စည်ကားနေပြီး နှပ်ဟင်းဆိုင် ရှေ့တွင်လည်း လူများ တန်းစီနေကြလေတော့သည်။
လျူရှောင်ရူသည် မူလက လူပိုငှားပြီး ဆိုင်နောက်ဖေးတွင် အိုးကြီး သုံးအိုး ထပ်မံ တည်ဆောက်ကာ တစ်နေ့လျှင် ရှစ်အိုးအထိ ရောင်းချရန် ကြံစည်ခဲ့ဖူးလေသည်။ သို့သော်လည်း ကုမင်တာ့က တားမြစ်ခဲ့၏။ သူ၏ အကြောင်းပြချက်မှာလည်း ရိုးရှင်းလှပေသည်။
ပထမအချက်မှာ လူများလာလျှင် လျှို့ဝှက်ချက်ပြုတ်နည်း အခိုးခံရနိုင်ပြီး ဒုတိယအချက်မှာ ပစ္စည်းဟူသည်မှာ ရှားမှ တန်ဖိုးရှိခြင်းပင်။ အများကြီး ရောင်းချခြင်းမှာ မကောင်းလှပေ။ ထို့အပြင် ၎င်းတို့ဆိုင်မှာ တစ်ရက်စာ တစ်ရက်သာ ရောင်းချခြင်း ဖြစ်သဖြင့် မကုန်ဘဲ ကျန်ရစ်လျှင် ပစ္စည်းများ အလကား ဖြစ်သွားပေလိမ့်မည်။
လျူရှောင်ရူသည် ထိုအကြံပြုချက်ကို လက်ခံလိုက်သဖြင့် ထိုကိစ္စကို ထပ်မံ မစဉ်းစားတော့ပေ။ ယခု တစ်နေ့ ငါးအိုး ရောင်းနေရသည်မှာပင် မိသားစုအတွက် ဝင်ငွေ များပြားလှပေပြီ။ သို့သော်လည်း လျူရှောင်ရူတွင် စိတ်ညစ်စရာများ ရှိနေသေးပေသည်။ တခြားသော စားသောက်ဆိုင်များကလည်း ၎င်းတို့၏ နှပ်ဟင်းကို ဝယ်ယူလိုကြသော်လည်း သူမကမူ ဆိုင်ရှင်ချန် ကို မရောင်းချင်ပေ။ သူသည် ဆိုင်သို့ ခဏခဏ လာရောက်ကာ သူမအား နှောင့်ယှက်နေသဖြင့် မြင်ရသည်မှာပင် စိတ်တိုစရာ ကောင်းနေလေသည်။
ကျန်းယွင်နန်သည် ညီမဖြစ်သူကို သနားသော်လည်း ဖျောင်းဖျလိုက်၏။ စီးပွားရေးလုပ်ရာတွင် သစ္စာရှိဖို့ လိုအပ်ပေသည်။ အရင်က သဘောတူထားပြီးသား ဖြစ်သဖြင့် စိတ်ပြောင်းရန်မှာ မလွယ်ကူလှပေ။ လျူရှောင်ရူသည် စီးပွားရေးသမား တစ်ဦးဖြစ်ရန် သင်ယူနေသူ ဖြစ်သဖြင့် ထိုအမှန်တရားကို နားလည်သော်လည်း ညည်းတွားနေမိခြင်း ပင်။
“ဒီရက်ပိုင်းအတွင်း ဆိုင်ကို ငါပဲ စောင့်ပေးပါ့မယ်... နင် နားနားနေနေ နေလိုက်ပါ... ဆိုင်ရှင်ချန် လာရင်လည်း ငါပဲ နှင်ထုတ်လိုက်မယ်လေ...”
ကျန်းယွင်နန်က ပြောလိုက်၏။
လျူရှောင်ရူက ခေါင်းခါလိုက်ပြီး ပြောလိုက်လေသည်။
“ရပါတယ်... အဒေါ်ဖုန်း ကိုပဲ ကိုင်တွယ်ခိုင်းလိုက်မယ်... သူသာ ထပ်ပြီး နှောင့်ယှက်နေရင် တံမြက်စည်းနဲ့ ရိုက်ထုတ်ခိုင်းလိုက်မယ်လေ...”
ဘေးမှ မုန့်စားနေသော နျိုနျိုသည် ထိုစကားကို ကြားသောအခါ စိတ်လှုပ်ရှားသွားလေ၏။
“ရန်ဖြစ်မှာလား... သမီးလည်း ရိုက်မယ်လေ... သမီး အဒေါ်လျူကို ကာကွယ်ပေးမယ်...”
လျူရှောင်ရူမှာ အလွန် ပျော်ရွှင်သွားပြီး ကလေးမလေးကို ပွေ့ချီကာ ပြောလိုက်လေသည်။
“နှမြောစရာ ကောင်းတာက အဲ့ဒီ ဆိုင်ရှင်ချန် က နျိုနျို စာသင်သွားတဲ့ အချိန်မှ လာတတ်တာပဲ... နျိုနျိုရဲ့ စွမ်းအားကို သူ မမြင်လိုက်ရဘူးပေါ့...”
နျိုနျိုသည်လည်း ထိုစကားကြောင့် စိတ်မကောင်း ဖြစ်သွားရသော်လည်း ချက်ချင်းပင် စိတ်ကူးသစ် တစ်ခု ရသွားလေသည်။
“သူလာရင် လော်အိမ်ကို လာခေါ်လေ... သမီး ဆရာ့ဆီမှာ ခွင့်တိုင်ပြီး လာခဲ့မယ်...”
ကျန်းယွင်နန်က သမီးဖြစ်သူ၏ နဖူးလေးကို တို့လိုက်ပြီး ပြောလိုက်လေသည်။
“စာမသင်ဘဲ ခွင့်တိုင်ဖို့ကိုတော့ မေမေ သဘောမတူဘူးနော်...”
နျိုနျိုက မိခင်ဖြစ်သူအား ချော့မော့ရန် ပြင်နေစဉ်မှာပင် အပြင်ဘက်မှ ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာလေသည်။
“ရှောင်ရူ...”
လျူရှောင်ရူသည် ဆိုင်ရှင်ချန်၏ အသံကို ကြားရသည်နှင့် စိတ်ပျက်သွားရ၏။ နျိုနျိုသည် လျူရှောင်ရူ၏ ရင်ခွင်ထဲမှ ဆင်းကာ ထောင့်တစ်နေရာသို့ ပြေးဝင်သွားလေသည်။ သူမသည် စားပွဲထက်ပင် မမြင့်သော်လည်း သူမ၏ အရပ်နှင့် မမျှသော တံမြက်စည်းကြီးကို ကိုင်ကာ ဆိုင်ရှင်ချန်အား လှမ်းအော်လိုက်လေသည်။
“အဒေါ်လျူကို မနှောင့်ယှက်နဲ့တော့...”
နျိုနျိုသည် ဆိုင်တံခါးဝတွင် ရပ်ကာ သူမကိုယ်သူမ လူကြီးတစ်ယောက်ကဲ့သို့ ဟန်ဆောင်နေလေ၏။ သို့သော်လည်း ပြင်ပလူများ၏ မျက်လုံးထဲတွင်မူ သူမမှာ ခုန်ဆွခုန်ဆွ ဖြစ်နေသော ကြောင်ပေါက်လေး တစ်ကောင်နှင့်သာ တူနေလေတော့သည်။ မျှော်လင့်ထားသည့်အတိုင်း ဆိုင်ရှင်ချန်မှာ နျိုနျိုအား ဂရုပင်မစိုက်ဘဲ သူမကို ကျော်ကာ လျူရှောင်ရူထံသို့ သွားရန် ပြင်လိုက်လေသည်။
“ရှောင်ရူ... တို့တွေကြားမှာ ဒီလောက် သံယောဇဉ် ရှိနေတာပဲ... တို့နဲ့ပဲ ပြန်ပေါင်းပါတော့...”
“အဒေါ်လျူကို မနှောင့်ယှက်နဲ့... ရိုက်မယ်... ရိုက်မယ်...”
နျိုနျိုသည် ကြောင်ပေါက်လေး တစ်ကောင်ကဲ့သို့ တံမြက်စည်းဖြင့် လှမ်းရိုက်လေတော့သည်။
ဆိုင်ရှင်ချန်သည် နျိုနျိုက တကယ် ရိုက်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ ကလေးတစ်ဦး၏ တိုက်ခိုက်မှုမှာ ကိုင်တွယ်ရ မခက်ခဲလှပေ။ ဆိုင်ရှင်ချန်သည် တံမြက်စည်းကို လှမ်းဖမ်းလိုက်ရာ နျိုနျိုမှာ ဟန်ချက်ပျက်ပြီး မြေကြီးပေါ် လဲကျလုနီးပါး ဖြစ်သွားရလေ၏။ လျူရှောင်ရူသည် ချက်ချင်းပင် ပြေးလာပြီး ဆိုင်ရှင်ချန်ကို ထိုးနှက်လေတော့သည်။
“ချန်မျိုးရိုးနဲ့လူ... နင့်မှာ အရည်အချင်း ရှိရင် ငါ့ကိုပဲ လာလုပ်လေ... ကလေးကို အနိုင်ကျင့်တာက ဘာဖြစ်တာလဲ...”
ဆိုင်ရှင်ချန်မှာ ကြောင်အသွားရလေတော့၏။ သူသည် နျိုနျိုကို ဘာမှ မလုပ်မိစေရန် သေချာ ဂရုစိုက်ခဲ့သည် မဟုတ်ပါလား။
“ကျွန်တော် သူ့ကို မရိုက်ပါဘူး... တကယ် မရိုက်ပါဘူး...”
ဆိုင်ရှင်ချန်က အသည်းအသန် ရှင်းပြနေရရှာလေတော့သည်။