ပြဿနာ ဖြစ်ပွားခြင်း
Vol. 13 Ch. 129
နဂါးလှေပွဲတော်အတွင်း အရောင်းအဝယ် လုပ်ရသည်မှာ လွယ်ကူလှပေသည်။
ကုမိသားစု နှပ်ဟင်းမှာ မြို့ထဲတွင် အလွန် နာမည်ကြီးနေပြီ ဖြစ်ရာ ပွဲတော်ရက်အတွင်း လူများစွာမှာ လာရောက် ဝယ်ယူကြကုန်၏။ နှပ်ဟင်း ဝယ်မည့်သူများမှာ ယွမ်ပေါင်လမ်း၏ လမ်းထိပ်မှ လမ်းဆုံးအထိ တန်းစီနေကြပြီး လူဦးရေမှာ ပို၍ပင် တိုးပွားလာနေလေသည်။
ချွန်းဖုန်းစားသောက်ဆိုင်နှင့် စာချုပ်ဖျက်သိမ်းလိုက်သဖြင့် ပိုလျှံနေသော နှပ်ဟင်းတစ်အိုးမှာ ပုံမှန်ထက် ပို၍ လျင်မြန်စွာ ကုန်စင်သွားလေ၏။ မနက်ခင်း တစ်ပိုင်းအတွင်းမှာပင် ဆိုင်ရှိ နှပ်ဟင်း သုံးအိုးစလုံး ကုန်သွားခဲ့ချေပြီ။
ထိုမျှမကသေးဘဲ ဝယ်မရလိုက်သူ အများအပြားမှာလည်း ဆိုင်ရှေ့တွင် ဆူညံနေကြလေတော့သည်။
ချွန်းဖုန်းစားသောက်ဆိုင်ဘက်တွင်မူ တကယ်ပင် ပြဿနာ တက်နေချေပြီ။
လျူရှောင်ရူနှင့် ကုမိသားစုဝင်များမှာ နဂါးလှေပြိုင်ပွဲကို အတူတူ ကြည့်ရှုနေစဉ် ခေါင်းဆောင်ချန် ရုတ်တရက် ရောက်ရှိလာလေ၏။
“ဆိုင်ရှင်လျူ... လူတော်တော်များများက မြို့ဝန်ရုံးကို လာတိုင်နေကြတယ်... ညည်းတို့ဆိုင်က နှပ်ဟင်းတွေကို စားပြီး ဗိုက်နာနေကြတယ်တဲ့... အခုဆိုရင် လူတွေက မျက်နှာတွေ ပြာနှမ်းနေပြီး အခြေအနေက မကောင်းဘူးဗျ...”
ခေါင်းဆောင်ချန်က စိုးရိမ်တကြီး ပြောပြလေသည်။
လျူရှောင်ရူသည် ထိုစကားကို ကြားသောအခါ ပြောလိုက်၏။
“ဒါ မဖြစ်နိုင်တာ... ကျွန်မတို့ဆိုင်က နှပ်ဟင်းတွေက နေ့တိုင်း အသစ်ချက်ပြီး ရောင်းတာလေ... ပါဝင်ပစ္စည်းတွေကလည်း သန့်ရှင်းပါတယ်... ဘာပြဿနာမှ မရှိနိုင်ပါဘူး...”
ဤကဲ့သို့ ကိစ္စကြီး ဖြစ်ပွားခဲ့သဖြင့် ကျန်းယွင်နန်သည် နဂါးလှေပြိုင်ပွဲကို ဆက်လက် ကြည့်ရှုချင်စိတ် မရှိတော့ပေ။
သူမသည် အဖွားကုအား ကလေးသုံးယောက်နှင့် စိတ်မနှံ့သော အဘိုးကုတို့ကို ထားခဲ့ရန် စိတ်မချသဖြင့် အားလုံးကို မြို့ဝန်ရုံးသို့ ခေါ်ဆောင်လာခဲ့လေတော့သည်။
ခေါင်းဆောင်ချန်က ကျန်းယွင်နန်ကို မေးမြန်းလိုက်၏။
“ဆိုင်ရှင်ကျန်း... ဒီလိုမျိုး ဖြစ်နေပြီဆိုတော့... ညီလေးကုကို အသိပေးပြီး လာကူခိုင်းသင့်တယ် မဟုတ်လား...”
ကျန်းယွင်နန်က ခေါင်းခါလိုက်ပြီး ပြောလိုက်လေသည်။
“ကျွန်မယောက်ျားက အခု အိမ်မှာ စာကြိုးစားနေတာလေ... သူ့ကို မနှောင့်ယှက်ချင်ပါဘူး... မြို့ဝန်ရုံးကို အရင်သွားပြီး အခြေအနေကို ကြည့်ကြတာပေါ့... တကယ်လို့ ကိုင်တွယ်လို့ မရဘူး ဆိုမှပဲ အားလုံး ဝိုင်းစဉ်းစားကြတာပေါ့...”
လျူရှောင်ရူသည် လမ်းတစ်လျှောက်လုံး တည်ငြိမ်စွာဖြင့်ပင် ရှိနေ၏။
“ကျွန်မတို့ နှပ်ဟင်းမှာ ဘာပြဿနာမှ မရှိနိုင်ပါဘူး... တစ်စုံတစ်ယောက်က မနာလိုလို့ လုပ်ကြံတာလည်း ဖြစ်နိုင်တာပဲလေ...”
အဖွားကုကလည်း ထောက်ခံလိုက်လေသည်။
“ဟုတ်တယ်... အဲ့ဒီအသားတွေကို ငါ ကိုယ်တိုင် သန့်ရှင်းအောင် လုပ်ထားတာလေ... အဘွားကြီးဆိုပေမဲ့ ငါ့မှာ ဘဝအတွေ့အကြုံတွေ ရှိပါတယ်... ပစ္စည်းကောင်းလား မကောင်းလားဆိုတာ ခွဲခြားတတ်တာပေါ့... ယွင်နန်... မကြောက်နဲ့နော်... မြို့ဝန်မင်းကလည်း အကျိုးအကြောင်း သိတတ်တဲ့သူပဲ ဖြစ်ရမယ်... ငါ သေချာ ရှင်းပြလိုက်မယ်...”
ကျန်းယွင်နန်သည် ထိုစကားကို ကြားသောအခါ ချန်ဟယ်ကို သတိရသွားမိ၏။ ထိုသူသည် အစွမ်းကုန် ကြိုးစားခဲ့သူ ဖြစ်သော်လည်း သူမတို့ဘက်မှ စီးပွားရေး ဖြတ်တောက်လိုက်သည်နှင့် တစ်ပြိုင်နက် ပြဿနာ တက်လာခြင်းမှာ သံသယဖြစ်ဖွယ် ကောင်းလှပေသည်။
နျိုနျိုက ဘေးမှနေ၍ မေးလိုက်လေသည်။
“လုပ်ကြံတယ် ဆိုတာ ဘယ်လိုမျိုးလဲဟင်...”
လျူရှောင်ရူက ရှင်းပြလိုက်၏။
“ဒီ ဗိုက်နာနေတဲ့ လူအုပ်ကြီးက တခြားလူ ခိုင်းထားလို့လည်း ဖြစ်နိုင်တယ်လေ... နေမကောင်းချင်ယောင် ဆောင်တာ ဖြစ်ဖြစ်၊ တခြားဟာတွေ ကြိုစားထားပြီး တို့ဆိုင်က အစားအစာ စားလို့ ဗိုက်နာတာပါလို့ လိမ်တာ ဖြစ်ဖြစ်ပေါ့... ဒီလူတွေက တို့ဆိုင်က နှပ်ဟင်းကို တကယ် ဝယ်စားခဲ့ကြတာရော ဟုတ်ရဲ့လား မသိဘူး...”
နျိုနျိုက နားလည်သွားဟန်ဖြင့် နှစ်သိမ့်လိုက်လေသည်။
“ရပါတယ်... သမီးရဲ့ မှတ်ဉာဏ်က ကောင်းပါတယ်... ဆိုင်ကို လာဝယ်တဲ့သူ အများစုကို သမီး မှတ်မိတယ်လေ...”
သေချာ ပြန်စဉ်းစားကြည့်လျှင် ကျန်းယွင်နန်သည် ခင်ပွန်းသည် ပြောခဲ့ဖူးသည်ကို သတိရသွားမိ၏။ နျိုနျိုမှာ အမှန်တကယ်ပင် မှတ်ဉာဏ် အလွန်ကောင်းမွန်သူ ဖြစ်ပေသည်။
သူမသည် ရုတ်တရက် ဤကဲ့သို့ ကိစ္စ ကြုံတွေ့ရသဖြင့် စိတ်ရှုပ်ထွေးနေသော်လည်း နျိုနျို၏ စကားကြောင့် ရင်ထဲမှ ထိတ်လန့်မှုများမှာ အနည်းငယ် သက်သာသွားရလေ၏။
ကုကျောက်ကလည်း ဝင်ပြောလိုက်လေသည်။
“ညီမလေး မမှတ်မိရင်တောင်... သားလည်း မှတ်မိနိုင်ပါတယ်...”
ကျန်းယွင်နန်က ထိုစကားကို ကြားသောအခါ မဲ့ပြုံးပြုံးလိုက်ပြီး မေးလိုက်၏။
“မနေ့ညက သား ဘာစားခဲ့လဲဆိုတာ မှတ်မိလား...”
ကုကျောက်မှာ ချက်ချင်းပင် တွန့်ဆုတ်သွားရလေတော့သည်။
“ကိစ္စတစ်ခုခု ပြောပြရင် သုံးခါ လေးခါလောက် ပြောမှ မှတ်မိတဲ့သူက... အခုတော့ ကြွားလုံးတွေ ထုတ်နေပြီပေါ့လေ...”
ကျန်းယွင်နန်က ပြောလိုက်လေသည်။
ကုကျောက်သည် သူ့ကိစ္စများကို ပြန်ဖော်ထုတ်ခံလိုက်ရသဖြင့် ကုယန်၏ နောက်သို့ အမြန် ပြေးဝင်ပုန်းလိုက်ရရှာ၏။
မြို့ဝန်ရုံးသို့ ဝင်လိုက်သည်နှင့် လူအုပ်ကြီးမှာ ဗိုက်ကိုနှိပ်ကာ မျက်နှာများ ပြာနှမ်းလျက် ထိုင်နေကြသည်ကို မြင်လိုက်ရကုန်၏။
မြို့ဝန်မင်းနှင့် အကျိုးအကြောင်း ရှင်းပြမည်ဟု ပြောခဲ့သော အဖွားကုမှာမူ မြို့ဝန်မင်းကို မတွေ့ရသေးမီမှာပင် ခြေထောက်များ တုန်ယင်နေချေပြီ။ သူမသည် ငုံးကလေးတစ်ကောင်ကဲ့သို့ ထောင့်တစ်နေရာတွင် ကွေးကွေးလေး နေနေရရှာ၏။
ကျန်းယွင်နန်သည် ယောက္ခမဖြစ်သူ၏ ပုံစံကို ကြည့်ပြီး မအံ့သြတော့ပေ။ သူမက တိုးတိုးလေး ပြောလိုက်လေသည်။
“ဒီလူတွေက တကယ်ပဲ ဗိုက်နာနေကြတဲ့ ပုံပဲနော်...”
လျူရှောင်ရူကမူ ပြတ်သားစွာ ပြောလိုက်၏။
“ကျွန်မတို့ နှပ်ဟင်းမှာ ဘာပြဿနာမှ မရှိတာ သေချာတယ်... ဘယ်သူက တို့မိသားစုကို ဒီလောက်ထိ လုပ်ကြံဖို့ ပိုက်ဆံအကုန်ခံလိုက်လဲ မသိဘူး...”
ဒုက္ခရောက်နေသူများမှာလည်း လျူရှောင်ရူကို မြင်သောအခါ စိတ်လှုပ်ရှားလာကြကုန်၏။
ထိုသူများထဲတွင် တစ်ဦးမှာ ကုမိသားစု ဆိုင်မှ ဖောက်သည်ဟောင်း တစ်ဦး ဖြစ်သဖြင့် လျူရှောင်ရူ မှတ်မိနေလေသည်။
“ဆိုင်ရှင်လျူ... ညည်းကတော့ တို့ကို ဒုက္ခပေးလိုက်တာပဲ... ဒီတစ်ခါ နှပ်ဟင်းက အရသာ မတူတော့ရင်တောင်... တို့ဗိုက်ကိုတော့ ဒုက္ခပေးသွားတာပဲ...”
ထိုဖောက်သည်ဟောင်းက ဒေါသတကြီးဖြင့် စွပ်စွဲလိုက်လေသည်။
လျူရှောင်ရူမှာမူ ထိုသူကို ကြည့်ကာ ကြောင်နေမိ၏။ သူမ မှတ်မိသလောက်ဆိုလျှင် ဤသူသည် မနက်က ဆိုင်သို့ လာရောက် ဝယ်ယူခဲ့ခြင်း မရှိပေ။
သူမ စဉ်းစားမရခင်မှာပင် နျိုနျိုက ရှင်းလင်းသော အသံဖြင့် ပြောလိုက်လေသည်။
“ဦးလေး... ဦးလေး ဒီနေ့ သမီးတို့ဆိုင်ကို နှပ်ဟင်း လာမဝယ်ဘူးလေ... ဘာလို့ သမီးတို့ကို လာအပြစ်တင်နေတာလဲဟင်...”
ထိုဖောက်သည်က ပြန်ပြောလိုက်၏။
“ငါ ဆိုင်မှာ ဝယ်တာ မဟုတ်ဘူး... စားသောက်ဆိုင်မှာ စားတာလေ... တစ်ဝိုင်းလုံးမှာ ငါက နှပ်ဟင်း အစားဆုံးမို့လို့... အခု အဆိုးဆုံး ဖြစ်နေတာပေါ့... အား... နာလိုက်တာ...”
အခြား ဒုက္ခရောက်သူများကလည်း တစ်ဦးစီ ရင်ဖွင့်ကြလေတော့သည်။
“ကျွန်တော့် သားအငယ်ဆုံးက နှပ်ဟင်း မစားတတ်လို့ တော်ပါသေးတယ်... အခုတော့ သူ တစ်ယောက်တည်းပဲ အကောင်းအတိုင်း ကျန်တာ...”
“ကျွန်တော့် မိဘတွေက နှပ်ဟင်း မစားလို့ အခု အေးဆေးပဲလေ... ဒါတောင် နှပ်ဟင်းကြောင့် မဟုတ်ဘူးလို့ ပြောရဲသေးလား...”
လျူရှောင်ရူသည် ထိုစကားများကို နားထောင်ပြီးနောက် မေးလိုက်လေသည်။
“ရှင်တို့ ဘယ်စားသောက်ဆိုင်မှာ စားခဲ့ကြတာလဲဟင်...”
“ဘယ်နေရာ ရှိဦးမှာလဲ... ချွန်းဖုန်းစားသောက်ဆိုင် ပေါ့... သူတို့ဆိုင်က ညစာအတွက် နှပ်ဟင်းတွေ လက်ဆောင် ပေးတယ်လေ... တဲ့ရှန်စားသောက်ဆိုင် မှာက လူတွေ အများကြီးမို့လို့ တန်းစီလို့ မရတာနဲ့ အဲ့ဒီကို သွားစားမိတာပေါ့...”
ဖောက်သည်ဟောင်းက ပြန်ဖြေလိုက်လေသည်။
လျူရှောင်ရူ၏ စိုးရိမ်ပူပန်မှုများမှာ ချက်ချင်းပင် လွင့်ပါးသွားတော့၏။ သူမက အခြားသူများကိုပါ မေးမြန်းလိုက်လေသည်။
“အားလုံးက ချွန်းဖုန်းစားသောက်ဆိုင်မှာပဲ စားခဲ့ကြတာလားဟင်...”
လူအုပ်ကြီးက ခေါင်းညိတ်ပြကြကုန်၏။
လျူရှောင်ရူက ရှင်းပြလိုက်လေသည်။
“မနေ့က ချွန်းဖုန်းစားသောက်ဆိုင်က ဆိုင်ရှင်ချန် က ကျွန်မဆိုင်မှာ လာပြီး ရန်ရှာသွားတယ်လေ... ဒါကြောင့် ကျွန်မက စိတ်တိုပြီး သူနဲ့ စီးပွားရေး ဖြတ်တောက်လိုက်တာပါ... မနေ့ကတည်းက ချွန်းဖုန်းစားသောက်ဆိုင်ကို နှပ်ဟင်းတွေ မပို့ပေးတော့ပါဘူး... ရှင်တို့ ကိစ္စက ကျွန်မနဲ့ လုံးဝ မပတ်သက်ပါဘူးနော်...”
လူတိုင်းမှာ ထိုစကားကို ကြားသောအခါ ကြောင်အသွားကြပြီး မေးလိုက်ကြလေသည်။
“ချွန်းဖုန်းစားသောက်ဆိုင်က ဒီနေ့လည်း ကုမိသားစု နှပ်ဟင်းကို လက်ဆောင် ပေးမယ်လို့ ပြောတာပဲလေ... ဘာလို့ ညည်းနဲ့ မဆိုင်ရတာလဲ...”
“ဟုတ်တယ်... တို့တွေက ညည်းတို့ နှပ်ဟင်းကို စားချင်လို့ အဲ့ဒီဆိုင်ကို သွားစားကြတာလေ...”
“ညည်းတို့ဆီက မဟုတ်ရင်... ချွန်းဖုန်းစားသောက်ဆိုင်က အဲ့ဒီ နှပ်ဟင်းသိုးတွေကို ဘယ်က ရလာမှာလဲ...”
လျူရှောင်ရူမှာ စိတ်တိုသွားရပြီး ပြောလိုက်၏။
“ချွန်းဖုန်းစားသောက်ဆိုင်က နှပ်ဟင်းတွေကို ဘယ်က ရလာလဲဆိုတာ ကျွန်မ ဘယ်လို သိမှာလဲ... ရှင်တို့က ချွန်းဖုန်းစားသောက်ဆိုင်ကိုပဲ သွားပြီး ရှင်းကြလေ...”
ခေါင်းဆောင်ချန်သည် ကုမိသားစုနှင့် ရင်းနှီးသဖြင့် အစောပိုင်းက စကားတစ်ခွန်း ကြားရုံနှင့် လျူရှောင်ရူကို အမြန် ခေါ်ယူခဲ့ခြင်း ဖြစ်ပေသည်။ ယခုအခါ ကုမိသားစုနှင့် မဆိုင်ကြောင်း သိလိုက်ရသဖြင့် သူသည် ချက်ချင်းပင် ရှေ့သို့ ထွက်လာလေတော့သည်။
“စိတ်မပူကြပါနဲ့... ကျွန်တော် အခုပဲ ချွန်းဖုန်းစားသောက်ဆိုင်ကို သွားပြီး လူခေါ်လာခဲ့မယ်... သူတို့ဆီကနေ အဖြေတစ်ခု ရအောင် လုပ်ပေးပါ့မယ်...”
ခေါင်းဆောင်ချန်က ကတိပေးလိုက်လေသည်။
လျူရှောင်ရူ ပြန်ရန် ပြင်လိုက်စဉ်မှာပင် နျိုနျိုက ရုတ်တရက် မေးလိုက်၏။
“အဒေါ်လျူ... တို့မိသားစုကို သူများက လုပ်ကြံတာ မဟုတ်လားဟင်...”
လျူရှောင်ရူက မဟုတ်ပါဘူး ဟု ပြောရန် ပြင်လိုက်စဉ်မှာပင် သူမ၏ ခေါင်းထဲ၌ အတွေးသစ် တစ်ခု ပေါ်လာလေသည်။
သူမသည် ခေါင်းဆောင်ချန်၏ အနားသို့ အပြေးအလွှား သွားကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်လေသည်။
“ကျွန်မ မြို့ဝန်မင်းဆီမှာ တိုင်ချင်ပါတယ်... ချွန်းဖုန်းစားသောက်ဆိုင်က ကျွန်မတို့ကို လုပ်ကြံတာပါ... သူတို့ဆိုင်မှာ ကုမိသားစု နှပ်ဟင်းဆိုတဲ့ ကြော်ငြာကို သုံးပြီး... နှပ်ဟင်းသိုးတွေကို ရောင်းချပြီးတော့ ကျွန်မတို့ မိသားစုရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးနေတာပါ...”
ခေါင်းဆောင်ချန်သည် ထိုစကားကို ကြားသောအခါ ကြောင်သွားသော်လည်း ချက်ချင်းပင် သဘောပေါက်သွားလေသည်။ ဤကဲ့သို့ တိုင်ကြားခြင်းမှာ မှန်ကန်လှပေသည်။
လျူရှောင်ရူသည် နဂါးလှေပြိုင်ပွဲကိုပင် မကြည့်တော့ဘဲ မြို့ဝန်ရုံးတွင် ချန်ဟယ် ရောက်လာသည်အထိ စောင့်နေလေတော့သည်။
သူမသည် ချန်ဟယ်ကို တမင်တကာ ကလဲ့စားချေလိုခြင်း မဟုတ်သော်လည်း ချန်ဟယ်ကဲ့သို့ ယုတ်ညံ့သော စရိုက်ရှိသူနှင့် ပတ်သက်နေရသည်ကို လျူရှောင်ရူမှာ အလွန် နေရခက်နေသောကြောင့် ဖြစ်ပေသည်။
ချန်ဟယ်မှာ အလျင်အမြန် ရောက်ရှိလာပြီး ဒုက္ခရောက်နေသူများကြားတွင် လျူရှောင်ရူကို မြင်လိုက်ရသောအခါ ခဏတာ ကြောင်အသွားရှာ၏။
နဂါးလှေပွဲတော်အတွင်း ဖြစ်ပွားခဲ့သော ဤကိစ္စတွင် လူအများအပြား ပါဝင်ပတ်သက်နေသဖြင့် မြို့ဝန်မင်း ဝူ သည် မြစ်ကမ်းဘေးရှိ အထပ်မြင့် အဆောက်အအုံမှနေ၍ ပြိုင်ပွဲကြည့်နေခြင်းကို ရပ်နားကာ မျက်နှာပျက်ပျက်နှင့် အမှုစစ်ဆေးရန် ပြန်လာခဲ့ရလေတော့သည်။
အမှုမှာ ထင်ရှားလှပြီး သက်သေထွက်ဆိုချက်များမှာလည်း တစ်သမတ်တည်း ရှိနေပေသည်။
ချန်ဟယ်သည် မြို့ဝန်ရုံးရှိ အသိမိတ်ဆွေများမှတစ်ဆင့် ပြစ်ဒဏ် လျော့ပါးစေရန် ကြိုးစားချင်သေးသော်လည်း မြို့ဝန်မင်း ဝူ မှာမူ နဂါးလှေပွဲတော်တွင် အချိန်ပို ဆင်းနေရသဖြင့် အလွန် စိတ်တိုနေလေသည်။
သူသည် အချိန်ဆွဲခြင်း မရှိဘဲ နေရာတွင်ပင် အမိန့်ချမှတ်လိုက်လေတော့သည်။
မြို့ဝန်မင်း ဝူ ၏ စီရင်ချက်အရ ချန်ဟယ်သည် ဒုက္ခရောက်သူ တစ်ဦးစီအား ဆေးဖိုးဝါးခအဖြစ် ငွေ ငါးတုံးစီ လျော်ပေးရမည် ဖြစ်၏။ ထို့အပြင် လျူရှောင်ရူအား တောင်းပန်ရမည့်အပြင် ကုမိသားစု ဆိုင်၏ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့သည့်အတွက် ငွေ တစ်ရာကိုလည်း ထပ်မံ လျော်ပေးရမည် ဖြစ်ပေသည်။
လူတစ်ဦးလျှင် ငွေ ငါးတုံး ဆိုသည်မှာ သိပ်မများလှသော်လည်း ယနေ့ ချွန်းဖုန်းစားသောက်ဆိုင်တွင် အရောင်းအဝယ် အလွန် ကောင်းခဲ့လေသည်။ ဒုက္ခရောက်သူ အရေအတွက်ကို သေချာ တွက်ချက်လိုက်သောအခါ လူပေါင်း နှစ်ရာခန့် ရှိနေလေ၏။ ထိုသူများထဲတွင် လူအများအပြားမှာ နေမကောင်းချင်ယောင် ဆောင်ကာ ပိုက်ဆံ လာယူကြခြင်း ပင် ဖြစ်ချေသည်။
သို့သော်လည်း မြို့ဝန်ရုံး၏ စီရင်ချက် ထွက်လာပြီ ဖြစ်သဖြင့် ချန်ဟယ်သည် ပြစ်ဒဏ် မခံလိုပါက ထိုငွေများကို မတတ်သာဘဲ ပေးလျော်ရလေတော့သည်။
သူ သေချာ တွက်ချက်ကြည့်လိုက်ရာ ယနေ့ ချွန်းဖုန်းစားသောက်ဆိုင်၏ အမြတ်မှာ ဘယ်လောက်ရှိမှန်း မသိရသေးသော်လည်း လျော်ကြေးအဖြစ် ငွေတုံး တစ်ထောင်ကျော် ပေးလိုက်ရချေပြီ။ သူ၏ လက်ထဲတွင် ရှိသမျှ ငွေသားများမှာ အကုန်လုံး နီးပါး ပါသွားရလေတော့သည်။