လက်ဆောင်ဝယ်ခြင်း
Vol. 13 Ch. 130
လျူရှောင်ရူသည် နဂါးလှေပွဲတော်အတွင်း ဤမျှ များပြားသော ငွေများ ရရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူမသည် ငွေ တစ်ရာကို ယူကာ နေရာတွင်ပင် ခွဲဝေလိုက်လေသည်။ သူမနှင့် ကျန်းယွင်နန်တို့မှာ ငွေ သုံးဆယ်စီ ယူကြပြီး နျိုနျိုအား ငွေ လေးဆယ် ပေးလိုက်၏။ ဤခွဲဝေမှုမှာ ဆိုင်၏ အစုငွေ ပိုင်ဆိုင်မှုအပေါ် အခြေခံခြင်း ပင် ဖြစ်လေသည်။
“နျိုနျိုရဲ့ သတိပေးချက်ကြောင့်သာ မဟုတ်ရင် ကျွန်မ မြို့ဝန်မင်းဆီမှာ တိုင်ဖို့ စဉ်းစားမိမှာ မဟုတ်ဘူး... ဒါဆိုရင် ဒီပိုက်ဆံတွေ ရမှာ မဟုတ်ဘူးလေ... နျိုနျိုကို ကျေးဇူးတင်တဲ့အနေနဲ့ နောက်ထပ် ငွေ ဆယ်တုံး ထပ်ပေးချင်ပါတယ်...”
လျူရှောင်ရူက ပြောပြောဆိုဆိုဖြင့် သူမ၏ အိတ်ထဲမှ ငွေ ဆယ်တုံးကို ထုတ်ကာ နျိုနျိုအား အတင်း ပေးလေတော့သည်။
ကျန်းယွင်နန်ကမူ လျူရှောင်ရူ နျိုနျိုအား ပိုက်ဆံ အတင်းပေးနေသည်ကို တားမြစ်လိုက်လေသည်။
“ဒါက နျိုနျိုရဲ့ ဆိုင်ပဲလေ... သူ လုပ်သင့်လုပ်ထိုက်တာကို လုပ်တာပါ... အကြောင်းပြချက် အမျိုးမျိုးနဲ့ သူ့ကို ပိုက်ဆံ မပေးပါနဲ့တော့...”
လျူရှောင်ရူသည် နျိုနျိုအား ပိုက်ဆံ ပေးမရသဖြင့် နှမြောတသဟန် ပေါက်နေလေ၏။
နျိုနျိုကမူ ထိုပိုက်ဆံများကို ကျန်းယွင်နန်အား ထိန်းသိမ်းခိုင်းရန် လက်လှမ်းလိုက်လေသည်။
ကျန်းယွင်နန်က ပြုံးလျက် ပြောလိုက်၏။
“သမီးပဲ သိမ်းထားလိုက်ပါ...”
နျိုနျိုသည် သူမတွင် ဤမျှ များပြားသော ငွေများကို ကိုယ်ပိုင် စီမံခွင့် ရှိကြောင်း သိလိုက်ရသောအခါ မုန့်ဖိုးများကဲ့သို့ စုဆောင်းမထားတော့ပေ။ သူမသည် မိသားစုဝင်များအား ဂုဏ်ယူစွာဖြင့် ပြောလိုက်လေသည်။
“ဈေးဝယ်သွားကြမလား... နျိုနျို ဝယ်ကျွေးမယ်လေ...”
လျူရှောင်ရူက ထိုင်ချလိုက်ပြီး နျိုနျိုအား နောက်ပြောင်လိုက်၏။
“အဒေါ်က ကလေး ဝယ်ကျွေးတာကို မစားချင်ပါဘူး...”
နျိုနျိုက အလေးအနက်ထားကာ မေးလိုက်လေသည်။
“အဒေါ်လျူက နျိုနျိုကို မချစ်ဘူးလားဟင်...”
လျူရှောင်ရူက ချက်ချင်းပင် ပြန်မေးလိုက်၏။
“ဘာလို့ အဲ့လို ပြောရတာလဲ... အဒေါ်က နျိုနျိုကို အချစ်ဆုံးပါ...”
နျိုနျိုက ခေါင်းလေးစောင်းကာ ပြောလိုက်လေသည်။
“အဒေါ်က နျိုနျိုကို ချစ်ရင်... နျိုနျို ဝယ်ကျွေးတာကိုလည်း လက်ခံရမှာပေါ့...”
ထိုစကားကို ကြားသောအခါ လျူရှောင်ရူ၏ ရင်ထဲတွင် နွေးထွေးသွားရလေ၏။
ကျန်းယွင်နန်က သူမကို ဖွဖွလေး ပုတ်ကာ ပြောလိုက်လေသည်။
“ကလေးမှာ ကျေးဇူးသိတတ်တဲ့ စိတ် ရှိနေတာပဲလေ... တို့တွေက လူကြီးတွေပဲ ရှိပါသေးတယ်... ဘာလို့ တားနေရမှာလဲ...”
ကုကျောက်ကမူ သူတို့ စကားပြောနေသည်ကို နားစွင့်နေလေသည်။ ကျန်းယွင်နန်၏ စကားကို ကြားသည်နှင့် သူက ချက်ချင်း မေးလိုက်၏။
“မေမေ... ညီမလေး ဝယ်ကျွေးတာကို မေမေ တကယ် သဘောတူတာလားဟင်...”
ကျန်းယွင်နန်က ညင်သာစွာ ခေါင်းညိတ်ပြလေသည်။
ကုကျောက်မှာ ချက်ချင်းပင် ပျော်ရွှင်သွားပြီး သူ လိုချင်သည်များကို စဉ်းစားတော့၏။
“သကြားရုပ်တွေ ဝယ်မယ်... သကြားပန်းချီတွေလည်း ဝယ်မယ်...”
သို့သော် ကျန်းယွင်နန်က ပြန်ပြောလိုက်လေသည်။
“ကြေးပြား ဆယ်ပြားထက် ပိုတဲ့ဟာတွေကို မဝယ်ရဘူး... သကြားလည်း မဝယ်ရဘူး... သားရဲ့ သွားတွေကို မနှမြောဘူးလား...”
ကုကျောက် မျက်နှာ ချက်ချင်း ပျက်သွားပြီး တိုးတိုးလေး ညည်းတွားလိုက်၏။
“မေမေက တကယ် ကပ်စေးနည်းတာပဲ...”
ကျန်းယွင်နန်က သားငယ်၏ နဖူးကို လက်ဖြင့် လှမ်းရိုက်လိုက်လေသည်။
နျိုနျိုသည် ရှေ့ဆုံးမှနေ၍ ဟန်ပါပါ လျှောက်လှမ်းနေ၏။ သူမသည် ငွေလက်မှတ်ကြီးကို ကိုင်ဆောင်ထားသဖြင့် ကွမ်အန်းမြို့နယ်မှ အချမ်းသာဆုံး သူဌေးကြီး တစ်ဦး၏ အရှိန်အဝါမျိုး ပေါက်နေလေတော့သည်။
“ဒီဂါဝန်က အရောင် နှစ်မျိုး ရှိတာပဲနော်... အဒေါ်လျူအတွက် ပန်းရောင်... မေမေ့အတွက်တော့ အစိမ်းနုရောင်ပေါ့...”
နျိုနျိုက အဝတ်အထည်ဆိုင်မှ ဆိုင်ရှင်မမအား မေးစေ့လေး မော့ကာ ပြောလိုက်လေသည်။
ဆိုင်ရှင်မမမှာ ယခင်က သူမ၏ ဆိုင်တွင် နွေဦးအင်္ကျီ လာဝယ်ဖူးသော နျိုနျိုကို မှတ်မိနေလေ၏။
“နျိုနျိုလေး... ပစ္စည်းဝယ်ရင် ပိုက်ဆံ ပေးရတယ်လေ... သမီးမှာ ပိုက်ဆံ ရှိလို့လားဟင်...”
ဆိုင်ရှင်မက ပြုံးလျက် မေးလိုက်လေသည်။
သူဌေးမလေး နျိုနျိုက သူမ၏ နောက်မှ မိသားစုဝင်များကို လှည့်ကြည့်လိုက်ပြီး တက်ကြွစွာ ပြောလိုက်၏။
“သမီးမှာ ပိုက်ဆံ ရှိပါတယ်... တစ်မိသားစုလုံးအတွက် အဝတ်အစားတွေ ဝယ်ပေးမလို့လေ...”
လျူရှောင်ရူသည် အမြတ်မထုတ်လိုသဖြင့် ဈေးပေါသော အဝတ်အစားများကိုသာ ရွေးချယ်လိုသော်လည်း နျိုနျိုကမူ ဆိုင်တွင် အထင်ရှားဆုံး ဝတ်စုံကို ချက်ချင်း သဘောကျသွားပြီး သူမအား ထိုဝတ်စုံကို ဝတ်ကြည့်ရန် အတင်း ပူဆာလေတော့သည်။
ကျန်းယွင်နန်ကလည်း ဘေးမှနေ၍ ထပ်မံ ဖျောင်းဖျပေးလိုက်၏။
“ကလေးက စိတ်ရင်းနဲ့ ကျေးဇူးဆပ်ချင်နေတာပဲလေ... လက်ခံလိုက်ပါ...”
လျူရှောင်ရူသည် ရင်ဘတ်ကို ဖိကာ ပြောလိုက်လေသည်။
“သူ့ပိုက်ဆံတွေ အများကြီး ကုန်မှာကိုတော့ ကျွန်မ မလိုလားဘူးလေ... ကျွန်မ စိတ်ထဲမှာ နေလို့မကောင်းလို့ပါ...”
ကျန်းယွင်နန်က သူမ၏ စိတ်နေစိတ်ထားကို ကောင်းကောင်း နားလည်သဖြင့် ပြောပြလိုက်လေသည်။
“ကျင့်သားရအောင် နေလိုက်ပါ... တို့တွေက လူကြီးတွေ ဆိုပေမဲ့လည်း... တို့တွေကလည်း လူသားတွေပဲလေ... တို့တွေလည်း လှလှပပ ဝတ်ချင်တာ၊ အရသာရှိတာ စားချင်တာပဲ မဟုတ်လား... အကောင်းတွေ ရှိတိုင်း ကလေးတွေအတွက်ပဲ ဖယ်ချန်ထားမယ် ဆိုရင်... ကြာလာတဲ့အခါ သူတို့က လူကြီးတွေက အကောင်းတွေနဲ့ မတန်ဘူးလို့ ထင်သွားကြလိမ့်မယ်...”
ကျန်းယွင်နန်၏ စကားများမှာ ယေဘုယျ အတွေးအခေါ်များနှင့် ဆန့်ကျင်နေလေသည်။
လူအများမှာ မိဘများအကြောင်း ပြောလျှင် ပင်ပန်းဆင်းရဲခံမှုနှင့် သားသမီးအတွက် စတေးမှုများကိုသာ အသားပေး ပြောဆိုတတ်ကြသော်လည်း မိဘများမှာလည်း လူသားများ ဖြစ်ကြောင်းကိုမူ ထည့်သွင်း စဉ်းစားလေ့ မရှိကြချေ။
“မျိုးဆက်သစ်တွေက စိတ်ရင်းနဲ့ ကျေးဇူးသိတတ်ပြီး... လူကြီးတွေကလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံတာကမှ... ပြည့်စုံတဲ့ သစ္စာတရား ဖြစ်မှာပေါ့...”
ကျန်းယွင်နန်က ပြောလိုက်၏။
ကျန်းယွင်နန်၏ ဤ အပြန်အလှန် ကျေးဇူးသိတတ်မှု အတွေးအခေါ်မှာ လျူရှောင်ရူ၏ နားထဲတွင် အသစ်အဆန်း ဖြစ်နေလေတော့သည်။
နျိုနျိုသည် သူတို့အတွက်သာမကဘဲ အဘိုးအဘွားများနှင့် အတူမပါလာသော ကုမင်တာ့ အတွက်ပါ အဝတ်အစားများ ဝယ်ပေးလေသည်။
သူမ၏ အစ်ကိုနှစ်ဦးအတွက်ပါ အဝတ်အစား ဝယ်ပေးရန် ပြင်လိုက်ချိန်တွင် ကျန်းယွင်နန်က ရှေ့သို့ တိုးကာ တားမြစ်လိုက်လေသည်။
“ကိုကိုတွေအတွက် အဝတ်အစားကိုတော့ ဖေဖေနဲ့ မေမေကပဲ ဝယ်ပေးပါ့မယ်... သမီးက သူတို့အတွက် မုန့်လေးတွေပဲ ဝယ်ပေးလိုက်နော်...”
ကျန်းယွင်နန်သည် အမြင်ကြည်လင်သူ ဖြစ်ပေသည်။ မုန့်ဝယ်လျှင် ကြေးပြား အနည်းငယ်သာ ကုန်သော်လည်း အဝတ်အစားမှာမူ ဈေးမပေါလှချေ။ ကုယန်နှင့် ကုကျောက်တို့မှာ နျိုနျိုကဲ့သို့ ရက်ရောနိုင်စွမ်း မရှိကြသေးပေ။
သူတို့ညီအစ်ကို နှစ်ဦးမှာ ထိုက်တန်သော လက်ဆောင်ကို ပြန်လည် ပေးဆပ်နိုင်စွမ်း မရှိကြသဖြင့် နျိုနျိုထံမှ ထိုမျှ တန်ဖိုးကြီးသော လက်ဆောင်ကို လက်မခံစေလိုခြင်းပင်။
ကျန်းယွင်နန်သည် လူကြီးများကို လုပ်ကျွေးခြင်းနှင့် မောင်နှမများကို ကူညီခြင်းမှာ မတူညီသော ကိစ္စများဟု ယူဆထားပေသည်။ သူမသည် လျူအာနီ၏ ကိစ္စများကို မှတ်မိနေသဖြင့် သူမ၏ သမီးကို မောင်များကို အတင်းအကျပ် ကူညီရမည့်သူမျိုး မဖြစ်စေလိုချေ။ ထို့အပြင် သူမ၏ သားများကိုလည်း ညီမဖြစ်သူ၏ အမြတ်ထုတ်မှုကို ကျင့်သားရသွားမှာကို စိုးရိမ်နေမိလေသည်။
နျိုနျိုက တိုးတိုးလေး ပြောလိုက်၏။
“ဒါပေမဲ့ ကိုကိုတွေက သမီးကို အမြဲ ဂရုစိုက်ကြတာလေ... သမီး သူတို့ကို အဝတ်အစား ဝယ်ပေးချင်တာပါ...”
ကျန်းယွင်နန်သည် သမီးဖြစ်သူ၏ ခေါင်းလေးကို ပုတ်ကာ ညင်သာစွာ ပြောလိုက်လေသည်။
“သမီးက ကိုကိုတွေအတွက် အဝတ်အစား အသစ်တွေ ဝယ်ပေးလိုက်ရင်... သူတို့ကလည်း သမီးကို အဝတ်အစား အသစ်တွေ ပြန်ဝယ်ပေးချင်ကြမှာပေါ့... အဲ့ကျရင် သူတို့မှာ ရှိသမျှ ပိုက်ဆံတွေ အကုန် သုံးပစ်ရလိမ့်မယ်... ကိုကိုကြီးမှာ သူကြိုက်တဲ့ စာအုပ်ဝယ်ဖို့ ပိုက်ဆံ မရှိတော့ဘဲ ကိုကိုလတ်မှာလည်း မုန့်ဝယ်ဖို့ ပိုက်ဆံ မရှိတော့ရင်... သူတို့ သနားစရာ ကောင်းမှာ မဟုတ်ဘူးလားဟင်...”
“သမီး သူတို့အတွက် စာအုပ်တွေနဲ့ မုန့်တွေ ဝယ်ပေးလို့ ရတာပဲလေ... သမီးမှာ ပိုက်ဆံ အများကြီး ရှိတာပဲ...”
နျိုနျိုက ပြန်ပြောလိုက်လေသည်။
ကျန်းယွင်နန်က ပြုံးလျက် ပြောလိုက်၏။
“ခုနတင် မှတ်ဉာဏ်ကောင်းတယ်လို့ ချီးကျူးလိုက်တာကို... အခု မေ့သွားပြန်ပြီလား... ဘယ်လို ဆက်ဆံရေးမျိုးမဆို အပြန်အလှန် ရှိရတယ်လေ... တစ်ဖက်တည်းကပဲ ပေးနေမယ် ဆိုရင်တော့ အဲ့ဒီ ဆက်ဆံရေးက ရေရှည် မတည်မြဲနိုင်ပါဘူး...”
နျိုနျိုသည် ထိုစကားကြောင့် မျက်နှာလေး ညိုးငယ်သွားပြီး သက်ပြင်းချကာ ပြောလိုက်လေသည်။
“သမီးက ကိုယ်ချစ်တဲ့သူတွေကို အမြဲတမ်း ကောင်းကောင်း ဆက်ဆံချင်ရုံလေးပါ... သူတို့ လိုချင်တာ မြင်ရင် ဝယ်ပေးချင်တာလေ... ပြန်ရမှာတွေကို ဘယ်စဉ်းစားမိမှာလဲ...”
ကျန်းယွင်နန်သည် သူမ၏ သမီးအား စည်းမဲ့ကမ်းမဲ့ ပေးကမ်းတတ်သော အကျင့် မရှိစေလိုပေ။ လောကကြီးတွင် မိန်းမသားများ ကောင်းမွန်စွာ နေထိုင်နိုင်ရန်အတွက် အသိဉာဏ်ကောင်းဖို့မှာ အရေးအကြီးဆုံး ဖြစ်ကြောင်း သူမက ဘယ်သူ့ထက်မဆို ပို၍ နားလည်ထားပေသည်။
နျိုနျိုက ရုတ်တရက် ခေါင်းမော့လိုက်ပြီး ကျန်းယွင်နန်ကို ကြည့်ကာ တိုးတိုးလေး မေးလိုက်၏။
“မေမေက သမီးကို အရမ်း ချစ်တာပဲ မဟုတ်လား... မေမေ သမီးကို အိမ်ခေါ်လာတုန်းကလည်း... ဘာပြန်ရမလဲဆိုတာ မစဉ်းစားခဲ့ဘူး မဟုတ်လားဟင်...”
ကျန်းယွင်နန်သည် ထိုစကားကို ကြားသောအခါ ကြောင်သွားရရှာ၏။
နျိုနျိုက ထပ်ပြောလိုက်ပြန်လေသည်။
“မေမေက သမီးဆီက ဘာမှ မတောင်းဆိုပေမဲ့... သမီးကတော့ မေမေ့အပေါ် အရမ်း ကောင်းရမှာပေါ့... နျိုနျို မေမေ့ကို အချစ်ဆုံးပါ...”
ကျန်းယွင်နန်သည် သမီးဖြစ်သူ၏ ချိုသာသော စကားများကို ဘယ်သောအခါမျှ ငြင်းဆန်နိုင်ခြင်း မရှိပေ။ ထိုစကားများကို ကြားလိုက်ရသည်နှင့် သူမ မြင်တွေ့သမျှ အကောင်းဆုံး အရာများကို နျိုနျိုအား ဝယ်ပေးချင်စိတ် ပေါက်သွားရလေတော့သည်။
နျိုနျိုသည် လူကြီးများအတွက် အဝတ်အစားများ ဝယ်ယူရန် ပိုက်ဆံ သုံးစွဲလိုက်ရာ အဖွားကုသည် နျိုနျိုထံမှ ဤမျှ မြန်ဆန်စွာ ကျေးဇူးဆပ်ခြင်း ခံရလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူမသည် အဝတ်အစား အသစ်များကို နေရာတွင်ပင် ဝတ်ဆင်လိုက်ပြီး လူတွေ့တိုင်း ကြွားဝါလေတော့သည်။
“ဒီအင်္ကျီကို မြင်လား... ငါ့မြေးမလေးက ဝယ်ပေးတာလေ... ကလေးက ကျေးဇူးသိတတ်လွန်းလို့... ပိုက်ဆံ မသုံးနဲ့လို့ ပြောတာတောင် သူက မပျော်ဘူးလေ... တကယ်ကို မတတ်နိုင်တော့ပါဘူး...”
လျူရှောင်ရူသည် အဖွားကု၏ ပြုမူပုံကို ကြည့်ပြီး ရယ်ချင်နေမိသော်လည်း သူမကိုယ်တိုင်လည်း ထပ်တူပင် ဖြစ်လေသည်။ သူမသည် အသိမိတ်ဆွေများနှင့် တွေ့တိုင်း လက်ထဲမှ အဝတ်အစား အသစ်များကို ခါပြကာ ပြုံးပျော်လျက် ရှင်းပြနေတော့၏။
“သမီးလေးက ဝယ်ပေးတာလေ... မယူလို့လည်း မရဘူးလေ...”
ထို့နောက် သူမသည် လည်ပင်းမှ ရွှေယုန်ရုပ်လေးကိုလည်း ထုတ်ပြကာ ကြွားဝါပြန်လေသည်။
“ဒါက လိမ္မာတဲ့ကလေးလေးက ကျွန်မအတွက် တမင် ကံစမ်းပေးထားတာလေ...”
စိတ်မနှံ့သော အဘိုးကုပင်လျှင် သူ၏ အဝတ်အစား အသစ်များကို ဆွဲပြကာ အခြားသူများကို ဝါးတားတားဖြင့် ပြောဆိုနေလေ၏။
“အင်္ကျီအသစ်... နျိုနျို... နျိုနျို ဝယ်ပေးတာ...”
ဤမိသားစုကြီးသည် အင်တိုက်အားတိုက်နှင့် ဈေးသို့ လမ်းလျှောက်လာကြရာ အရင် နေရာဟောင်းသို့ ရောက်ရှိလာကြလေသည်။
နျိုနျို၏ မျက်လုံးများ ချက်ချင်း အရောင်တောက်လာလေ၏။ သူမသည် လူအများ ဝိုင်းအုံနေသော ကွမ်ဖူဆိုင်ကို ညွှန်ပြကာ ကျန်းယွင်နန်အား မေးမြန်းလိုက်လေသည်။
“မေမေ... ဒီနေ့ ပိတ်ရက်ဆိုတော့... သမီး ဆော့လို့ ရမလားဟင်...”
ကုကျောက်သည်လည်း အလွန် စိတ်လှုပ်ရှားသွားပြီး ဝင်ပြောလိုက်လေသည်။
“မေမေ... သားလည်း ဆော့ချင်တယ်... မေမေ လိုချင်တာတွေကို သားက ပစ်ပေးမှာပေါ့...”
အဖွားကုကလည်း စိတ်ပါသွားဟန်ဖြင့် ပြောလိုက်၏။
“ယွင်နန်... ပွဲတော်ရက်ပဲလေ... ကလေးတွေ ဆော့ချင်ရင် ပေးဆော့လိုက်ပါ... အလွန်ဆုံးမှ သူတို့ ပိုက်ဆံ သူတို့ သုံးမှာပဲကို...”
ကျန်းယွင်နန်သည် လူတိုင်းကို ဝေ့ကြည့်လိုက်ရာ လျူရှောင်ရူမှာလည်း ဆိုင်ကို စိတ်ဝင်တစား ကြည့်နေသည်ကို တွေ့လိုက်ရ၏။ လူကြီးပုံစံ ဖမ်းနေသော ကုယန်ပင်လျှင် စိတ်လှုပ်ရှားနေပုံ ပေါက်နေလေသည်။
“ကလေးတွေ သုံးကြိမ်ပဲ ဆော့ရမယ်နော်... ကိုယ့်ပိုက်ဆံနဲ့ကိုယ် သုံးရမယ်...”
ကျန်းယွင်နန်က မတတ်သာဘဲ ပြောလိုက်ရလေသည်။
နျိုနျိုသည် နေရာတွင်ပင် ဝမ်းသာအားရ အော်ဟစ်လိုက်လေ၏။
သို့သော် ကုကျောက်မှာမူ မျက်နှာပျက်သွားရရှာ၏။
သူသည် ရှိသမျှ ပိုက်ဆံများကို သုံးစွဲထားပြီး ဖြစ်သဖြင့် ညီမဖြစ်သူနှင့် အစ်ကိုဖြစ်သူထံမှ သနားစရာကောင်းအောင် ချေးယူရလေတော့သည်။
ပိုက်ဆံ ချေးပြီးနောက် ကုကျောက်မှာ ပြန်လည် တက်ကြွလာပြီး နျိုနျိုအား ပြောလိုက်လေသည်။
“နျိုနျို... နင် ဘာလိုချင်လဲ ပြော... ကိုကို ပစ်ပေးမယ်...”
ကုမိသားစုဝင်များ လူအုပ်ကြားသို့ တိုးဝှေ့ဝင်လိုက်သည်နှင့် ရင်းနှီးနေသော ညီအစ်ကို နှစ်ဦးကို ဆိုင်တွင် တွေ့လိုက်ရလေ၏။
ဆိုင်ရှင်ဖြစ်သူ ညီအစ်ကိုမှာ ရွှေဆံထိုး တစ်ခုကို ထုတ်ပြကာ အော်ဟစ်နေလေသည်။
“အကြိမ် ၂၀ ဗျို့... ဖြတ်သွားဖြတ်လာတွေ မလွတ်စေနဲ့... ကြေးပြား ၂၀ ထဲနဲ့ ငွေ ငါးတုံး တန်တဲ့ ရွှေဆံထိုးကြီးကို ရမှာဗျို့...”
ဆိုင်ရှင်သည် အော်ဟစ်ပြီးသည်နှင့် လှည့်ကြည့်လိုက်ရာ ရှေ့ဆုံးသို့ ရောက်လာသော နျိုနျိုကို မြင်လိုက်ရလေ၏။ သူသည် နာကျင်စရာကောင်းသော အတိတ်ကို ချက်ချင်း သတိရသွားပြီး ကြောက်လန့်လွန်းသဖြင့် ဆိုင်ကို ချက်ချင်း ပိတ်ကာ ထွက်ပြေးချင်စိတ်ပင် ပေါက်သွားရလေတော့သည်။