အခန်း (၁၄၉-၁၅၀)
Vol. 15 Ch. 149-150
အခန်း။ ၁၄၉
တဖြည်းဖြည်းနှင့် သူ နားလည်လာခဲ့သည်။
အချို့သော အမှန်တရားများသည် မည်သည့်အခါမျှ အဖြေဖြစ်မလာနိုင်ရန် ကံပါလာခဲ့ကြခြင်းပင်။
သူသည် အရက်ကို နောက်တစ်ငုံ ထပ်မံမော့သောက်လိုက်ပြီးနောက် "အခု... ငါ မင်းကို ရွေးချယ်စရာ နှစ်ခု ပေးမယ်။
ပထမတစ်ခုကတော့... ငါနဲ့အတူ လိုက်ခဲ့ပြီး ဒီလောကကြီးကို ငါနဲ့အတူ ကြည့်ပါ။ ဗဟုသုတတွေ ပိုပြီး ရှာဖွေပါ။ အဲဒီနောက်မှ ဒီကိစ္စတွေကို ငါနဲ့ ဆွေးနွေးကြတာပေါ့။ အကယ်၍ အနာဂတ်မှာ အခွင့်အရေးရှိခဲ့ရင် မင်းကို တခြားခန္ဓာကိုယ်တစ်ခုထဲ ဝင်ရောက်ပူးကပ်နိုင်အောင် ငါ ကူညီပေးမယ်။ ထူးကဲချီသန့်စင်ခြင်းအဆင့်မှာ ခန္ဓာကိုယ်သိမ်းပိုက်ဖို့ ဆိုတာ မဖြစ်နိုင်သလောက် ခက်ခဲပေမဲ့ မျှော်လင့်ချက်လေး တစ်ခုခုရှိခဲ့ရင် ငါ့အစွမ်းရှိသမျှနဲ့ ငါ မင်းကို ကူညီပေးမယ်လို့ ကတိပေးတယ်" ဟု ပြောလိုက်သည်။
သူ စကားမဆုံးခင်မှာပင် ညီမလေးရှောင်ကျိုက ချက်ချင်းဆိုသလို "ကျွန်မ ဘယ်တော့မှ တခြားသူရဲ့ ခန္ဓာကိုယ်ကို မသိမ်းပိုက်ဘူး" ဟု ပြောလိုက်သည်။
စုန်ယန်က ထူးဆန်းသလို ကြည့်ကာ "ဘာလို့လဲ ငါက မင်းကို သေလုဆဲဆဲဖြစ်နေတဲ့သူ ဒါမှမဟုတ်... အခုလေးတင် သေဆုံးသွားတဲ့သူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲ ဝင်ဖို့ ကူညီပေးမှာ ဖြစ်နိုင်တာပဲလေ" ဟု ပြောလိုက်သည်။
ရှောင်ကျိုကမူ "ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ မလုပ်ချင်ဘူး" ဟု ပြတ်ပြတ်သားသား ငြင်းပြောလိုက်သည်။
စုန်ယန်က "ဒါပေမဲ့ မင်း ဒုတိယရွေးချယ်စရာကို မကြားရသေးဘူးနော်" ဟု ပြန်ပြောသည်။
ရှောင်ကျိုက "ကျွန်မ... ကျွန်မ ငြင်းဆိုလို့ ရမလားဟင်" ဟု မေးသည်။
စုန်ယန်က ညင်သာစွာပင် "ငါ ပြောခဲ့သားပဲ မင်းကိုယ်မင်း ဝိညာဉ်ကျွန်တစ်ယောက်ဆိုတာ မေ့ထားပြီး အသက်ရှင်စဉ်က ရှိခဲ့တဲ့ စရိုက်အတိုင်းပဲ ဆုံးဖြတ်ပါလို့" ဟု ပြောလိုက်သည်။
ရှောင်ကျိုက ခေါင်းညိတ်ပြသည်။
စုန်ယန်က "ဒုတိယတစ်ခုကတော့... မင်းပြောသမျှကို ငါ နားထောင်မယ်။ မင်း ဘာလုပ်ချင်တယ်လို့ ပြောပြော မင်းဆန္ဒအတိုင်းဖြစ်အောင် ငါ ကူညီပေးမယ်" ဟု ပြောလိုက်သည်။
ဂျူနီယာညီမလေး ရှောင်ကျိုမှာ ခေတ္တမျှ မှင်တက်သွားပြီးနောက် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
စုန်ယန်ကတော့ အရက်ကို တစ်ငုံချင်း ဆက်လက်သောက်သုံးနေဆဲပင်။
ရှောင်ကျိုသည် သူမဘေးနားရှိ အုတ်ဂူကို တစ်ချက်ကြည့်လိုက်ပြီး တိုးညှင်းသောလေသံဖြင့် ရုတ်တရက် ပြောလိုက်သည်။
"ကျွန်မ စိတ်ထဲမှာတော့ စီနီယာအစ်ကိုဘိုင်ဟာ အသုံးမကျတဲ့ လူညံ့တစ်ယောက်လို့ပဲ ထင်ခဲ့တာ။ ဒါပေမဲ့ ကျွန်မရဲ့ နောက်ဆုံးအချိန်တွေမှာ တွေ့ခဲ့ရတဲ့ စီနီယာအစ်ကိုဘိုင်ကတော့ တကယ့်လူကောင်းတစ်ယောက်ပါ။
ဘိုင်... စီနီယာအစ်ကိုဘိုင် အမှန်တော့ ကျွန်မမှာ မပြည့်ဝသေးတဲ့ ဆန္ဒအချို့ ကျန်နေပါသေးတယ်။ အဲဒါတွေကို ကူညီပေးနိုင်မလားဟင်။ အဲဒီဆန္ဒတွေ ပြည့်ဝသွားပြီဆိုရင်တော့ ကျွန်မမှာ ဘာနောင်တမှ ရှိတော့မှာ မဟုတ်ပါဘူး"
စုန်ယန်သည် အရက်အိုးကို ဘေးသို့ချလိုက်သည်။
ရှောင်ကျိုက အလန့်တကြားဖြင့် "မလုပ်ပေးနိုင်ရင်လည်း ရပါတယ်။ ကျွန်မ သခင့်စကားကိုပဲ နားထောင်ပါ့မယ်" ဟု အမြန်ပြောရှာသည်။
စုန်ယန်က ခပ်အုပ်အုပ်အသံဖြင့် "သေချာပေါက် လုပ်ပေးမှာပေါ့ ဘယ်သူက မလုပ်ပေးနိုင်ဘူးလို့ ပြောလို့လဲ" ဟု ပြန်ပြောလိုက်သည်။
...
...
စုန်ယန် သစ်ရွက်နီကျွန်းသို့ ပြန်ရောက်သောအခါ ကျွန်းကို ကာကွယ်ထားသော အစီအရင် ဒိုင်းကြီးကို ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။
ကြည့်ရသည်မှာ တစ်စုံတစ်ရာသော သဘောတူညီမှု ရရှိသွားပုံရပြီး နန်ဝူဓားဂိုဏ်းအနေဖြင့် လောလောဆယ်တွင် အစီအရင်ကို ဘေးကင်းစွာ ဖြုတ်သိမ်းခွင့် ရရှိသွားခြင်း ဖြစ်ပေလိမ့်မည်။
သို့သော် ထိုသဘောတူညီချက်က ဘာလဲဆိုသည်ကိုမူ စုန်ယန် မသိပေ။
သူ မသိသော်လည်း အချက်တစ်ချက်ကိုမူ ကောင်းကောင်းနားလည်ထားသည်။ ယွီရွှမ်းဝေ၏ မှတ်ဉာဏ်ကျောက်စိမ်းမှတစ်ဆင့် မြေခွေးနှင့် ဝံပုလွေမျိုးနွယ်စုမှ ရောက်လာသူများက စုနယန်က ကျားသစ်ဝိညာဉ်ဘုရင်၏ သွေးစွမ်းအင်ကို စုပ်ယူသွားပြီဖြစ်ကြောင်း သိရှိသွားကြပြီး လုံးဝ မှင်တက်သွားကြပေလိမ့်မည်။ သူတို့အနေဖြင့် ချက်ချင်း တုံ့ပြန်ရန် ခက်ခဲနေသောကြောင့် အချိန်တစ်ခုယူကာ အချင်းချင်း ဆွေးနွေးရန် သို့မဟုတ် သူတို့မျိုးနွယ်စုထံမှ ညွှန်ကြားချက်ကို စောင့်ရန်အတွက် ဆုတ်ခွါသွားကြခြင်းသာ။
ဤအချက်က မြေခွေးနှင့် ဝံပုလွေမျိုးနွယ်စုများကိုသာ မှင်တက်သွားစေခဲ့သည်မဟုတ်ဘဲ နန်ဝူဓားဂိုဏ်းနှင့် ရုပ်သေးဂိုဏ်းတို့ပါ အံ့အားသင့်သွားစေခဲ့သည်။ ကျားသစ်ဝိညာဉ်ဘုရင်၏ သွေးစွမ်းအင်အတွင်းရှိ ဆေးအဆိပ်မှာ မည်မျှအထိ ကြောက်စရာကောင်းသလဲဆိုသည်ကို မည်သူမဆို ခန့်မှန်းနိုင်ကြသည်။ ၎င်းကို စုပ်ယူနိုင်ရန် ကြိုးစားခြင်းမှာပင် ရူးသွပ်မှုတစ်ခုဟု ပြောနိုင်သည်။
ယခုအခါ စုန်ယန်လည်း တစ်စုံတစ်ခုကို သဘောပေါက်လာခဲ့သည်။ ဤကျားသစ်သွေး၏ နောက်ကွယ်က အရေးပါမှုမှာ ၎င်း၏ မျက်နှာပြင်ပေါ်က စွမ်းအားထက် များစွာသာလွန်နေသည်။ ဤအရာသည် အလွန်အရေးကြီးသော တစ်စုံတစ်ရာနှင့် ဆက်နွှယ်နေပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ဤသွေးမျိုးနွယ်မှာ တစ်မျိုးတည်းသာ ကျန်ရှိတော့ခြင်းကြောင့် မိစ္ဆာကြီးများစွာက ၎င်းကို အသည်းအသန် လိုက်လံရှာဖွေနေကြခြင်းပင်
ယခုမူ ရွှေ့ပြောင်းခြင်းအစီအရင်မှတစ်ဆင့် အခြားတစ်ဖက်သို့ ကူးပြောင်းလိုသည့် သူ၏ မူလပြင်းပြသောဆန္ဒမှာ အနည်းငယ် လျော့ပါးသွားခဲ့သည်။ အနည်းဆုံးတော့ နောက်ဆုံးအချိန်အထိ သူ ထွက်မသွားချင်သေးပေ။ ထို့ပြင် သူ၏ မျက်လှည့်အတတ်ပိုမိုအားကောင်းလာခြင်းက သူ့ကို ဘဝသစ်တစ်ခုတွင် အေးအေးချမ်းချမ်း နေထိုင်နိုင်မည့် အခွင့်အလမ်းကို ပေးစွမ်းထားသည်။
နောက်တစ်နေ့ နံနက်စောစောတွင် စုန်ယန်သည် အကြီးအကဲကူယဲ့ကို နှုတ်ဆက်ကာ နန်ဝူဓားဂိုဏ်းမှ ထွက်ခွာလာခဲ့သည်။
...
...
ရက်အနည်းငယ်အကြာတွင်...
ကျန့်ရွှေမြို့တော်ရှိ ဝမ်မိသားစုမှ အဘွားအိုတစ်ဦး၏ ပြတင်းပေါက်တွင် စုန်ယန်သည် တောင်ထိပ်မှ အကောင်းဆုံးပန်းများကို ခူးယူကာ လာရောက်ချထားပေးခဲ့သည်။ ထိုအဘွားအိုမှာ မျက်စိမမြင်ရှာသော်လည်း ပန်းရနံ့ကို ရရှိသည့်အခါ ရှောင်ကျို၏အမည်ကို တမ်းတကာ စမ်းတဝါးဝါးဖြင့် ထလာခဲ့သည်။
စုန်ယန်သည် သူမနှင့် စကားစမြည်ပြောဆိုကာ သူ့ကိုယ်သူ ရှောင်ကျို၏ စီနီယာအစ်ကိုအဖြစ် မိတ်ဆက်လိုက်သည်။ ထို့နောက် အဘွားအိုနှင့်အတူ နေ့စဉ်လူမှုဘဝအကြောင်းများကို အကြာကြီး စကားပြောဖြစ်ခဲ့သည်။ ရှောင်ကျို လာမတွေ့နိုင်ခြင်းမှာ သူမကို ဂိုဏ်းက အရေးတယူဖြင့် ဓားပညာများကို ကြိုးစားကျင့်ကြံခိုင်းနေပြီး နောင်တွင်လည်း အဝေးတစ်နေရာသို့ မိစ္ဆာနှိမ်နင်းရန် သွားရတော့မည်ဖြစ်ကြောင်း ထို့ကြောင့် နောက်ပိုင်းတွင် လာရောက်ရန် အလွန်အလုပ်ရှုပ်နေတော့မည်ဖြစ်ကြောင်း ရှင်းပြပေးခဲ့သည်။
အဘွားအိုမှာ မှင်တက်သွားရှာသည်။ သူမသည် သူမ၏မြေးမလေး ရှောင်ကျိုက ကျင့်ကြံသူတစ်ဦး ဖြစ်နေမှန်းပင် မသိခဲ့ပေ။ ထိုသတင်းကို ကြားလိုက်ရချိန်တွင် သွားမရှိတော့သော ပါးစပ်ကြီးကို ဖြဲကာ ပြုံးရွှင်သွားပြီး "မြေးလေး ရှောင်ကျိုကို ကောင်းကောင်းစောင့်ရှောက်ပေးပါနော် သူက တကယ့်ကလေးလိမ္မာလေးပါ" ဟု မှာကြားရှာသည်။
စုန်ယန်က ပြုံးလျက် "စိတ်ချပါ အဘွား" ဟု ပြန်ပြောလိုက်သည်။ ထို့နောက် ခန္ဓာကိုယ်ကို အားဖြည့်ပေးမည့် ဆေးလုံးတစ်လုံးကို ချန်ထားရစ်ခဲ့ပြီး လှည့်ထွက်လာခဲ့တော့သည်။
...
...
ညနေစောင်းတွင် စုန်ယန်သည် ကျန့်ရွှေမြို့တော် ဆင်ခြေဖုံးရှိ သာမန်လူတန်းစား ဂိုဏ်းငယ်လေးတစ်ခုထံသို့ ထပ်မံရောက်ရှိလာပြန်သည်။ သူ့ကိုယ်သူ ရှောင်ကျို၏ စီနီယာအစ်ကိုအဖြစ် မိတ်ဆက်ပြီးနောက်တွင် ကလေးငယ်အချို့ ပြေးထွက်လာကြပြီး "မမရှောင်ကျို" အကြောင်းကို မနားတမ်း မေးမြန်းကြတော့သည်။
စုန်ယန်သည် အဘွားအိုကို ပြောပြခဲ့သည့်အတိုင်းပင် ထိုပုံပြင်ကို ထပ်မံပြောပြခဲ့ပြီး ကလေးတစ်ဦးချင်းစီအတွက် လိုအပ်သည်များကို စီစဉ်ပေးခဲ့သည်။ ထို့နောက် မိန်းကလေးငယ်တစ်ဦးကို သီးသန့်ခေါ်ထုတ်ခဲ့သည်။
သူသည် ထိုမိန်းကလေးငယ်ကို သေချာကြည့်လိုက်မိသည်။ သူမ၏ မျက်ခုံးနှင့် မျက်ဝန်းများမှာ ညီမလေးရှောင်ကျိုနှင့် အတော်ပင် ဆင်တူသည်။ ရှောင်ကျို ပြောပြချက်အရ ဤကလေးမလေးမှာ သူမ၏ တူမဖြစ်သူ ထျန်းရှောင်လင်ပင်။
သူမ၏ မိဘနှစ်ပါးစလုံးမှာ သိုင်းလောကသားများဖြစ်ကြပြီး ရုပ်သေးဂိုဏ်း၏ ကျူးကျော်မှုကို ခုခံရင်း ကြေကွဲဖွယ် သေဆုံးခဲ့ကြရခြင်း ဖြစ်သည်။ မသေဆုံးမီမှာပင် ရှောင်ကျိုက သူမ၏တူမလေးကို ဂိုဏ်းအတွင်းရှိ ရင်းနှီးသူတစ်ဦးထံတွင် ခေတ္တအပ်နှံထားခဲ့ခြင်းပင်။
ထျန်းရှောင်လင်တွင် ထူးကဲအမြစ်ရှိပြီး သူမ၏မိဘများမှာ လူဆိုးများကို တိုက်ခိုက်ရင်း သေဆုံးသွားခဲ့ရမှန်း သူမ သိရှိထားသည်။ မူလက ရှောင်ကျိုသည် အခြေအနေများ ငြိမ်
သက်သွားပါက သူမကို ဓားဂိုဏ်းသို့ ခေါ်ဆောင်သွားရန် စီစဉ်ထားသော်လည်း ရှောင်ကျို သေဆုံးသွားခဲ့ရသဖြင့် ထိုကတိမှာ မည်သည့်အခါမျှ ပြည့်ဝတော့မည် မဟုတ်ပေ။
အကယ်၍ စုန်ယန်သာ ပေါ်မလာခဲ့ပါက ထျန်းရှောင်လင်သည် တစ်နေ့နေ့တွင် သူမ၏ အဒေါ်သေဆုံးသွားပြီဖြစ်ကြောင်း မတော်တဆ သိရှိသွားရချိန်အထိ မျှော်လင့်ချက်များဖြင့်သာ နေ့ရက်များကို ကုန်လွန်စေရမည် ဖြစ်သည်။ သို့သော် စုန်ယန်၏ ရောက်ရှိလာမှုက အရာအားလုံးကို ပြောင်းလဲပေးလိုက်သည်။
ထျန်းရှောင်လင်မှာ ဆံပင်နှစ်ဖက်ကို အထုပ်ကလေးများထုံးထားသည့် ပိန်ပိန်ပါးပါး မိန်းကလေးငယ်လေး ဖြစ်သည်။ မိဘများ စောစောစီးစီး ဆုံးပါးသွားရသဖြင့် သူမသည် အသက်နှင့်မလိုက်အောင် တည်ငြိမ်ရင့်ကျက်သည်။ သူမသည် စည်းကမ်းဘောင်ကို သိနားလည်ပြီး မမေးသင့်သည်ကို မမေးဘဲ မပြောသင့်သည်ကို မပြောဘဲနေကာ စုန်ယန်၏ နောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာခဲ့သည်။
သူတို့ မြူကြည့်ကျွန်းသို့ ရောက်ရှိသောအခါ စုန်ယန်သည် အောက်သို့ဆင်းသက်ပြီး သူမကို ဝါးအိမ်လေးတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် အိမ်အတွင်းရှိ အမျိုးသမီးကျင့်ကြံသူတစ်ဦးကို ပြောလိုက်သည်။
"ညီမလေး... ဒီကလေးမလေးက ရှောင်ကျိုရဲ့ တူမလေးပဲ။ သူ့မှာ ထူးကဲအမြစ်လည်း ပါလာတယ်"
အခန်း။ ၁၅၀
အမျိုးသမီးကျင့်ကြံသူသည် စုန်ယန်ကို မှတ်မိသွားပြီး အလျင်အမြန်ပင် ပြောလိုက်သည်။
"စီနီယာအစ်ကိုဘိုင်... ဒီကလေးမလေးကို ကျွန်မဆီသာ အပ်ခဲ့လိုက်ပါ။ စမ်းသပ်မှုက တစ်လလောက် ကြာပါလိမ့်မယ်။ တကယ်လို့ သူ့မှာ ပါရမီရှိတယ်ဆိုရင်တော့ စီနီယာအစ်ကို နေထိုင်တဲ့ သစ်ရွက်နီကျွန်းဆီကို ကျင့်ကြံဖို့အတွက် ပို့ပေးပါ့မယ်"
စုန်ယန်က ခေါင်းညိတ်ပြပြီးနောက် မိန်းကလေးငယ်ကို လှည့်ကြည့်ကာ "ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ပါ။ အစွမ်းကုန် ကြိုးစားပြီး မင်းရဲ့ အဒေါ်ကို မျက်နှာမပျက်စေနဲ့" ဟု မှာကြားလိုက်သည်။
ထျန်းရှောင်လင်သည် သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ခေါင်းကို မာနတကြီး မော့လျက် လူကြီးတစ်ယောက်ကဲ့သို့ မေးလိုက်သည်။
"ဦးလေး... ကျွန်မရဲ့ အဒေါ် ဘယ်မှာလဲဟင်"
စုန်ယန်က သူမ၏ မျက်လုံးများကို စိုက်ကြည့်ကာ တစ်လုံးချင်း ပြောလိုက်သည်။
"သူ တိုက်ပွဲထဲမှာ သေသွားပြီ"
ထျန်းရှောင်လင်၏ မျက်ဝန်းများမှာ သိသိသာသာ နီရဲလာပြီး မျက်ရည်များ ဝဲတက်လာတော့သည်။ စုန်ယန်က အမျိုးသမီးကျင့်ကြံသူကို တစ်ချက်ကြည့်လိုက်ရာ သူမက "စီနီယာအစ်ကို... သူ့ကို ကျွန်မဆီမှာပဲ ထားခဲ့ပါ" ဟု ပြောလိုက်သည်။
စုန်ယန်သည် ထျန်းရှောင်လင်၏ ပခုံးကို အသာအယာပုတ်ကာ နှုတ်ဆက်လိုက်ပြီး ဓားပျံကို အသုံးပြု၍ ထွက်ခွာရန် ပြင်လိုက်သည်။
သို့သော်လည်း မြူကြည့်ကျွန်း၏ အခြားတစ်ဖက်သို့ လူရိပ်အချို့ ဆင်းသက်လာသည်ကို မြင်လိုက်ရသဖြင့် သူ ခေတ္တမျှ တန့်သွားခဲ့သည်။
ဦးဆောင်လာသော အမျိုးသမီးမှာ ပိုးဖဲကတ္တီပါ ဝတ်စုံကို ဆင်မြန်းထားပြီး မြင့်မြတ်သောအသွင်နှင့်အတူ ဖော်ရွေမှုအရိပ်အယောင်များ ရှိနေကာ သူမ၏ ဗာဒံစေ့ပုံစံ မျက်ဝန်းများမှာ တည်ငြိမ်မှုနှင့် ကျေးဇူးတရားများဖြင့် ပြည့်နှက်နေသည်။ နန်ဝူဓားဂိုဏ်းတွင် အဆင့်မြင့်
ပုဂ္ဂိုလ်များသာလျှင် ငွေရောင်ဓားဝတ်စုံကို ဝတ်ဆင်ရန် မလိုဘဲ ကိုယ်နှစ်သက်ရာကို လွတ်လပ်စွာ ဝတ်ဆင်ခွင့်ရှိကြခြင်းပင်။
အမျိုးသမီးက စုန်ယန်ကို မြင်သောအခါ အနည်းငယ် ခေါင်းညိတ်ပြလျက် ပြုံးလိုက်ပြီး "ကူယဲ့ဓားဆရာကြီးရဲ့ ထူးချွန်တဲ့တပည့်လေးဟာ ဓားတရားကို နားလည်သဘောပေါက်သွားပြီး ဖြောင့်မတ်တဲ့စိတ်ဓာတ်နဲ့ ပြည့်စုံနေတယ်ဆိုတာ ကြားဖူးတာကြာပါပြီ။ ဒီနေ့ ကိုယ်တိုင်မြင်ရတော့မှ တကယ်ပဲ ထူးခြားတာကို တွေ့ရတော့တယ်" ဟု ပြောလိုက်သည်။
စုန်ယန် သတိပြန်ဝင်လာပြီး အသာအယာ ဦးညွှတ်ကာ "ရှို့ဟူက သခင်မလေး ခုနစ်ကို ဂါရဝပြုပါတယ်" ဟု ပြန်လည် နှုတ်ဆက်လိုက်သည်။
ရောက်လာသူမှာ အခြားသူမဟုတ်ဘဲ စုယောင်ပင်။
ကြာမြင့်စွာ ဝေးကွာနေခဲ့ပြီးနောက် သူမသည် စုန်ယန်အတွက်ပင် စိမ်းသက်သွားသော ပုံစံတစ်ခုသို့ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ မူလကရှိခဲ့သော ရဲရင့်မှု ထို့နောက်တွင် ပါလာသော သတ်ဖြတ်လိုသည့် စိတ်ဆန္ဒနှင့် နောက်ပိုင်းတွင် ခံစားခဲ့ရသော အေးစက်စက် အငွေ့အသက်များမှာ ယခုအခါ ပျောက်ကွယ်သွားခဲ့သည်။
နောက်ဆုံးတွင် သူမသည် အထက်တန်းလွှာ သခင်မကြီးတစ်ဦး၏ အမှတ်အသားနှင့် လိုက်ဖက်သော တည်ငြိမ်မှုအသွင်သို့ ရောက်ရှိနေသည်။
စုမိသားစုမှာ ဆုံးရှုံးမှုကြီးကြီးမားမား ခံစားခဲ့ရကြောင်း စုန်ယန် သိရှိထားသည်။ ယခုအခါ စုယောင်သည် နောက်ဆုံးတွင် အပြောင်းအလဲများ ပြုလုပ်လိုက်ပုံရပြီး မိသားစုတာဝန်များကို ဖြည်းဖြည်းချင်း ပခုံးထမ်းတင်ရန် အသင့်ဖြစ်နေပြီ ဖြစ်ရာ သူမ၏ အမူအရာနှင့် စကားပြောဆိုပုံများမှာ လူကြီးသူမဆန်သော အငွေ့အသက်များကို ပြသနေသည်။
စုန်ယန်၏ အကြည့်မှာ စုယောင်၏ နောက်ကွယ်ရှိ အမျိုးသမီးကျင့်ကြံသူထံသို့ အလိုအလျောက် ရောက်ရှိသွားခဲ့သည်။ သူသည် ထိုအမျိုးသမီးမှာ ချောင်ယွီကျွမ်းဖြစ်ကြောင်း ချက်ချင်း မှတ်မိလိုက်သည်။
သို့သော်လည်း ချောင်ယွီကျွမ်းမှာ လူစိမ်းများကို မြင်တွေ့သောအခါ ကြောက်လန့်တကြားဖြင့် စုယောင်၏ နောက်ကွယ်သို့ ပုန်းကွယ်သွားရှာသည်။ စုယောင်က ခပ်ဖျော့ဖျော့ ပြုံးရင်း "ခွင့်လွှတ်ပါ မိတ်ဆွေ... ယွီကျွမ်းက အရင်က မိစ္ဆာဂိုဏ်းထဲကို ကျရောက်ခဲ့ပြီး အရမ်းညှဉ်းပန်းခံခဲ့ရလို့ အခုထိ စိတ်ဒဏ်ရာတွေက မပျောက်သေးလို့ပါ" ဟု ရှင်းပြလိုက်သည်။
စုန်ယန်က ဆက်လက် ကြည့်နေမိသည်။ သို့သော် သူ၏ အကြည့်မှာ အနည်းငယ် ကြာသွားသောအခါ ချောင်ယွီကျွမ်းသည် ရုတ်တရက် သူမ၏ ခါးရှိ ဓားရှည်ပေါ်သို့ လက်ငါးချောင်းဖြင့် တင်းတင်းဆုပ်ကိုင်လိုက်ပြီး စုန်ယန်ကို စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်လာတော့သည်။
စုယောင်က မျက်မှောင်ကြုတ်လိုက်ပြီး "ယွီကျွမ်း" ဟု သတိပေးလိုက်သည်။
ထိုအခါမှသာ ချောင်ယွီကျွမ်းသည် သူမ၏ လက်ကို လွှတ်လိုက်တော့သည်။
စုယောင်က သက်ပြင်းတစ်ချက် ထပ်မံချလိုက်ပြီး "ဒါတွေက အတိတ်က အဖြစ်အပျက်တွေနဲ့ ပတ်သက်နေလို့ပါ။ ယွီကျွမ်းက အဲဒါတွေကို ပြန်တွေးမိတိုင်း အရမ်းကြောက်လန့်သွားတတ်တယ်။ ဒါကြောင့် သူက အမျိုးသားတွေအပေါ်မှာ မုန်းတီးစိတ် ရှိနေတာပါ။ မိတ်ဆွေတစ်ယောက်တည်းကို ရည်ရွယ်တာ မဟုတ်ပါဘူး" ဟု ရှင်းပြသည်။
စုန်ယန် : ...
သူ့ကိုယ်သူ အလွန်အမင်း ရိုးအခဲ့မိသည်ကို သူ သဘောပေါက်လိုက်သည်။ အမျိုးသမီးတစ်ဦးကို အခြေချနေထိုင်နိုင်အောင် ကူညီပေးရုံဖြင့် အရာအားလုံး ပြေလည်သွားမည်ဟု သူ ထင်မှတ်ခဲ့မိသော်လည်း သူမ ခံစားခဲ့ရသည့် ဒုက္ခများနှင့် ခြောက်လှန့်နေသော အိပ်မက်ဆိုးများမှာ မည်မျှအထိ နက်ရှိုင်းခဲ့သည်ကို သူ ထည့်မတွက်ခဲ့မိပေ။
သူက အသာအယာ ခေါင်းညိတ်ပြလိုက်ပြီး ပြုံးလျက် "သခင်မလေး ခုနစ်... စိတ်ထဲမထားပါနဲ့။ ကျွန်တော်က ဒီနေ့ သူငယ်ချင်းတစ်ယောက်ရဲ့ နောက်မျိုးဆက်ကို ပါရမီစမ်းသပ်ဖို့ ခေါ်လာပေးတာပါ။ ဒါဆိုရင်တော့ ကျွန်တော် ခွင့်ပြုပါဦး" ဟု ပြောလိုက်သည်။
စုယောင်က "ကောင်းပါပြီ မိတ်ဆွေ ဂရုစိုက်သွားပါဦး" ဟု နှုတ်ဆက်သည်။
စုန်ယန်သည် လက်သီးဆုပ်၍ ဂါရဝပြုကာ ဓားကိုထိန်းချုပ်လျက် ထွက်ခွာလာခဲ့ပြီး ဂျူနီယာညီမလေး ရှောင်ကျိုကို မြှုပ်နှံထားသည့် ဝေးလံသော ကျွန်းငယ်လေးပေါ်သို့ ပြန်လည်ဆင်းသက်လိုက်သည်။
...
နောက်ထပ် နေဝင်ရီတရော အချိန်တစ်ခါ ရောက်ရှိလာပြန်ရာ ကောင်းကင်ယံတစ်ခုလုံး ဆည်းဆာရောင်များ လွှမ်းခြုံနေသည်။ မြင်ကွင်းထဲရှိ မြူပင်လယ်ကြီးမှာ ငါးကြေးခွံများပမာ တလက်လက်တောက်ပနေပြီး အေးစက်စက် အနီရောင်အလင်းတန်းများ ဖြာထွက်နေတော့သည်။
"နောက်ဆုံးဆန္ဒ ကျန်သေးလား"
စုန်ယန်က မေးလိုက်သည်။
"မရှိတော့ပါဘူး"
ဂျူနီယာညီမလေး ရှောင်ကျိုက ဖြေပြီးနောက် တိုးညှင်းစွာ ထပ်ပြောသည်။
"ကျွန်မမှာ ဘာနောင်တမှ မရှိတော့ပါဘူး"
စုန်ယန်က ခဏမျှ စဉ်းစားပြီးနောက် ရုတ်တရက် မေးလိုက်သည်။
"အဲဒီနေ့က မင်းပြောခဲ့တာလေ... မင်းက မလှပဘူး။ မင်းရဲ့ ရုပ်ရည်ကို ဖျက်ဆီးပစ်ခဲ့တယ်ဆိုတာက... အဲဒီအချိန်တုန်းက မင်း ငါ့ကို စိတ်ဝင်စားနေခဲ့လို့လား"
ရှောင်ကျိုမှာ အတော်ကြာအောင် တိတ်ဆိတ်သွားပြီးမှ ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေခဲ့သည်။
"ကျွန်မ စိတ်ဝင်စားခဲ့တာက စီနီယာအစ်ကိုဘိုင်ကိုပါ။ အကယ်၍ စုန်ယန်သာဆိုရင်တော့ ကျွန်မ စိတ်ဝင်စားမိမှာ မဟုတ်ပါဘူး"
သူမက ဆက်ပြောသည်။
"ကဲ... အခုတော့ သခင်က ကျွန်မကို တိရစ္ဆာန်တစ်ကောင်လိုပဲ ခိုင်းစေလို့ ရပါပြီ။ ဘာပဲခိုင်းခိုင်း ကျွန်မ စိတ်မဆိုးပါဘူး"
စုန်ယန်က "အဲဒါကို မင်းကိုယ်တိုင်ပဲ ဆုံးဖြတ်ခိုင်းမယ်ဆိုရင်ကော" ဟု ပြောလိုက်သည်။
ရှောင်ကျိုက ခေတ္တမျှ စဉ်းစားပြီး "နေဝင်ချိန်ကို ကြည့်ပြီးတာနဲ့ ဒီလောကကြီးကနေ ထွက်သွားပါရစေ" ဟု ပြောလိုက်သည်။
စုန်ယန်သည် ကမ်းပါးစွန်းတွင် ရပ်လျက် နေဝင်ချိန်ကို အဝေးမှ တိတ်တဆိတ် ငေးကြည့်နေခဲ့သည်။ နေလုံးကြီး လုံးဝပျောက်ကွယ်သွားပြီး ကောင်းကင်ယံတစ်ခုလုံး မှောင်အတိကျသွားချိန်တွင် သူက အသာအယာ ဆုပ်ကိုင်လျက် ကျားသစ်အစင်းကြောင်းပါသော ဝိညာဉ်လေးကို လွှတ်ပေးလိုက်သည်။
"နှုတ်ဆက်ပါတယ် စီနီယာအစ်ကိုဘိုင်... နေဝင်ချိန်က တကယ်ကို လှတာပဲ"
"နှုတ်ဆက်ပါတယ်"
ကျားသစ်အစင်းကြောင်းများ ပြေလျော့သွားသည်။
"ကျေးဇူးတင်ပါတယ်... စီနီယာအစ်ကိုဘိုင်"
ရှောင်ကျို၏ ဝိညာဉ်မှာ ချုပ်နှောင်မှုများ ကင်းဝေးသွားပြီး နောက်ဆုံးစကားလုံးကို တိုးတိုးလေးဆိုလျက် ကောင်းကင်မြင့်ဆီသို့ လွင့်မျောသွားကာ မကြာမီမှာပင် ပျောက်ကွယ်သွားတော့သည်။
သူမ သေဆုံးသွားသည့်တိုင် စုန်ယန်ကိုတော့ ကျေးဇူးမတင်ခဲ့ပေ။
သို့သော် စုန်ယန်ကတော့ စိတ်ထဲမထားပေ။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူသည် ဘိုင်ရှို့ဟူ ဖြစ်နေသောကြောင့်ပင်။ ထို့ပြင် ဘိုင်ရှို့ဟူ၏ ဖြောင့်မတ်ခြင်းဂုဏ်ရည်ကို ရှောင်ကျိုက အသိအမှတ်ပြုသွားခဲ့ပြီ ဖြစ်သည်။
ဤသည်မှာ သူသည် အမျိုးမျိုးသော စမ်းသပ်မှုများမှတစ်ဆင့် ဝါရင့်ပြီး စစ်မှန်သော ဓားကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့ပြီဖြစ်ကြောင်း သက်သေပြလိုက်ခြင်းပင်။ ရှောင်ကျိုက စီနီယာအစ်ကိုဘိုင်အပေါ် ထားရှိသော ကျေးဇူးတင်ရှိမှုက စုန်ယန်အပေါ် ထားရှိသော ကျေးဇူးတင်ရှိမှုပင်။