သံသယများ
Vol. 10 Ch. 911
ရှင်းကုံကျစ်တာအိုဂိုဏ်း တစ်ဂိုဏ်းလုံးမှာ ယောက်ယက်ခတ်နေကြပြီဖြစ်သည်။ ကံကောင်းသည်မှာ ထိုမီးခိုးထုကြီးသည် သက်တန့်ကိုသာ ဖုံးလွှမ်းသွားသည်ဖြစ်ပြီး မြေပြင်ပေါ်ရှိ မြို့တော်များအထိ ရောက်မလာခြင်းပင်။ ထိုနေရာနှစ်နေရာ၏ သိသာထင်ရှားလွန်းလှသော ကွာခြားချက်ကြောင့် အောက်ဘက်ရှိ ဂိုဏ်းသားများမှာ တအံ့တသြ မော့ကြည့်ကုန်ကြတော့သည်။
ယခုအခါ ရှင်းကုံကျစ်တာအိုဂိုဏ်းသည် အလန့်တကြား အော်ဟစ်မြည်တမ်းသံများနှင့် ပြည့်နှက်နေသော အမှောင်ထုကြီးတစ်ခု၏ လွှမ်းခြုံခြင်းကို ခံထားရသည့် အလား။
အောက်ဘက်ရှိ ဂိုဏ်းသားများမှာ အလွန် ဂနာမငြိမ်ဖြစ်လာတော့သည်။
" အဲဒါ ဘာကြီးလဲ "
" ဘုရား၊ ဘုရား၊ ဘယ်လို နတ်ဘုရားအတတ်ကြီးတုံး "
မြေပြင်ပေါ်ရှိ မြို့ကြီးလေးမြို့မှ လူအုပ်ကြီးမှာ တအံ့တသြဖြင့် ပင့်သက်ရှိုက်နေကြတော့သည်။ သို့သော် ကုံမြို့တော်ထဲရှိ လူအနည်းငယ်မှာမူ ကြောက်ရွံ့နေကြသလို တချိန်ထဲမှာပင် ဝမ်းမြောက်နေကြသည်။ ထိုလူအုပ်ကြားတွင် ရပ်နေသည့် အခြားကျင့်ကြံသူ နှစ်ယောက်ကိုပင် သူတို့သည် နှုတ်ဖြင့် ကျေးဇူးတင်စကားများ ဆိုလိုက်ကြတော့သည်။ ထိုနှစ်ယောက်ကား ဖက်တီးကျန်းကြီးနှင့် ရွှီပေါက်ချိုင်တို့ဖြစ်သည်။
" အစ်ကိုကျန်းရေ။ ကျွန်တော့်မှာ ကျေးဇူးတင်စရာဆိုလို့ ခင်ဗျားပဲရှိတော့တယ်။ လုံးဝကို ကျေးဇူးတင်ပါတယ်ဗျာ "
" အစ်ကိုပေါက်ချိုင်ရေ။ ကျွန်တော်ဘယ်လောက် ကျေးဇူးတင်နေလဲဆိုတာ စကားလုံးတွေနဲ့တောင် ဖော်ပြလို့ရမှာမဟုတ်ဘူး။ အနာဂတ်မှာ ပြဿနာတစ်ခုခုနဲ့ကြုံရင် ကျွန်တော့်ကိုလာရှာဗျာ။ အဲဒီအခါ တစ်နည်းနည်းနဲ့ ကျေးဇူးကျွေးပြန်ဆပ်ပါ့မယ် "
ရွှီပေါက်ချိုင်နှင့် ဖက်တီးကျန်းကြီးတို့နှစ်ယောက်မှာမူ အခြားလူများကဲ့သို့ပင် တုန်လှုပ်ခြောက်ခြားနေကြသည်။ သူတို့သည် ပိုင်ရှောင်ချန်း၏အကြောင်းကို နောကျေအောင်သိထားကြသဖြင့် သူဆေးဖော်စပ်နေသည်ဖြစ်ကြောင်း သိလိုက်ရသည့်အခါ သူတို့နှစ်ယောက်မှာ ကြောက်ကြောက်လန့်လန့်နှင့် ထွက်ပြေးခဲ့ကြခြင်း ဖြစ်သည်။ ပိုင်ရှောင်ချန်းသာ စိတ်ပိုင်းဖြတ်ပြီးပါက ဖျောင်းဖျတားမြစ်ရန်မှာ မဖြစ်နိုင်သဖြင့် အကောင်းဆုံးရွေးချယ်စရာမှာ ထွက်ပြေးသွားရန်သာ မဟုတ်ပါလော။
သူတို့နှစ်ယောက်လုံး သက်တန့်ပေါ်တွင် ဆက်ရှိနေလျှင် ဘေးကင်းနိုင်မည်မဟုတ်ဟု ခံစားမိကြသဖြင့် အံများကြိတ်ကာ ကုံမြို့တော်ရောက်သည့်တိုင်အောင် ဆင်းလာခဲ့ကြသည်လည်းဖြစ်သည်။ ထိုအခါမှသာ သူတို့သည် ဘေးကင်းသွားသည့်အလား ခံစားလိုက်ရသည်။
သူတို့၏ အဖွဲ့အစည်းထဲသို့ ထည့်သွင်းခဲ့သည့် လူအားလုံးကိုလည်း ချန်ရစ်မထားရက်ခဲ့သဖြင့် သတင်များပေးပို့ကာ ကိစ္စကြီးတစ်ခု ပေါ်ပေါက်လာတော့မည်ဖြစ်၍ ဘေးအကင်းဆုံးမှာ ကုံမြို့တော်သို့ ခေတ္တမျှ ရွှေ့ပြောင်းသင့်ကြောင်း သတိပေးခဲ့ကြသည်။
လူအချို့မှာ သူတို့နှစ်ယောက် ပုံကြီးချဲ့နေသည်ဟုထင်မှတ်၍ လျစ်လျူရှုခဲ့ကြသည်။ အချို့မှာမူ ချီတုံချတုံနှင့် အောက်သို့ ဆင်းလာခဲ့ကြသည်။
သက်တန့်အဆောက်အဦကြီးအား အနက်ရောင် မီးခိုးများ အပြီးတိုင်ဖုံးလွှမ်းသွားသည်ကို မြင်လိုက်ရသောအခါ သတိပေးချက်ကို လိုက်နာခဲ့ကြသည့် လူများမှာ မပျော်ရွှင်ပဲ မနေနိုင်ကြတော့ပေ။
" ငါတို့အားလုံးက ညီအစ်ကိုတွေပဲ "
ဖက်တီးကျန်းကြီးက ကြောက်ရွံမှုကြောင့် ဖြူဆုတ်နေဆဲဖြစ်သည့် မျက်နှာဖြင့် ဆိုလိုက်သည်။
“ အဲဒီလိုတွေ ပြောနေစရာမလိုပါဘူး။ ငါမင်းတို့ကို စောစောက ပြောခဲ့တဲ့အတိုင်းပဲ အကြီးအကဲပိုင် ဆေးဖော်စပ်ပြီဆိုရင် နတ်ဘုရားတွေဖြစ်ဖြစ်၊ သရဲတွေဖြစ်ဖြစ် ထွက်ပြေးပြီး အကာအကွယ်ယူကြရတာကွ "
ရွှီပေါက်ချိုင်မှာ အသက်ပြင်းပြင်းရှူလိုက်ပြီး အာရုံစူးစိုက်လိုက်သည့်အလား မျက်မှောင်ကြုတ်၍ ဝင်ပြောလိုက်သည်။
" ပြီးတော့ ငါပြောပြမယ် နားထောင်။ အကြီးအကဲပိုင်နဲ့ ပတ်သတ်လို့ ငါသိသလောက်ဆိုရင် ဒီကိစ္စက ဒီလောက်နဲ့ ပြီးသွားဦးမှာမဟုတ်ဘူးကွ။ မင်းတို့တွေ လုံးဝလုံးဝ အဲဒီအပေါ်ကို ပြန်မသွားသေးနဲ့ဦး "
သက်တန့်ပေါ်တွင်မူ ဂိုဏ်းသားများမှာ ရူးသွပ်နေကြတော့သည်။ ပိုင်ရှောင်ချန်းက အပြာရောင်သက်တန့်အထက်ရှိ လေပေါ်တွင်ရစ်ဝဲနေပြီး အနက်ရောင်မီးခိုးများကို စိုးရိမ်ထိတ်လန့်စွာ ကြည့်ရှုနေတော့သည်။
" ငါက ကောင်းကင်ဘုံရဲ့ စိတ်ဆန္ဒတွေထက် သာလွန်တဲ့ စိတ်ဆန္ဒကိုပိုင်ဆိုင်ထားတဲ့ နတ်အဆင့်ကျင့်ကြံသူ တစ်ယောက်ဆိုပေမဲ့ ဆေးပေါင်းဖိုပေါက်ကွဲရာက ထွက်လာတဲ့ မီးခိုးတွေကိုတော့ ဘာမှလုပ်လို့မရပါလား။ တစ်ခုခုတော့ ထူးဆန်းနေပြီ "
သူသည် ဖြစ်ရပ်တစ်ခုလုံးအပေါ် မအံ့သြပဲ မနေနိုင်တော့ပေ။ လက်ရှိအခြေအနေကို ထိန်းချုပ်နိုင်ရန်အတွက် သူသည် အလွန်ခက်ခက်ခဲခဲ ကြိုးစားနေပါသော်လည်း မီးခိုးများကိုမူ ထိန်းချုပ်နိုင်စွမ်းမရှိဖြစ်နေရသည်။
" ဒီတစ်ခေါက် ဆေးဖော်စပ်တဲ့ လုပ်ငန်းစဥ်ကို စခဲ့တဲ့အချိန်ထဲက ဒီလိုမျိုးအမြဲဖြစ်နေတာ။ ငါက နတ်အဆင့်ကျင့်ကြံသူ ဖြစ်နေတာတောင် ဘာကိုမှ ထိန်းချုပ်လို့မရဘူး ဖြစ်နေတာက လုံးဝ အဓိပ္ပါယ် မရှိဘူး။ မတော်တဆတစ်ခုခု ပေါ်ပေါက်လာရင်တောင် အရမ်းကြီး ဆိုးဆိုးရွားရွား မဖြစ်သွားအောင်လို့ ငါက တားဆီးနိုင်နေရမှာ။ ဒါပေမဲ့ ဆိုးဝါးတဲ့ အရာတွေက ဆက်ဖြစ်နေတုံးပဲ "
သူသည် အဖြေရှာမရဖြစ်နေသဖြင့် လက်သင့်မခံနိုင်လောက်အောင် ဖြစ်နေရတော့သည်။
" ဒါတောင် တာအိုဆေးပညာနဲ့ပတ်သတ်တဲ့ ငါ့ကျွမ်းကျင်မှုက အများကြီး တိုးတက်လာလို့သာပဲ "
သူ အဖြေကို လုံးဝရှာမရပေ။ သူ ရွှေအမြုတေအဆင့်တွင် စ၍ ပျိုးထောင်ခဲ့သည့် စိတ်ဆန္ဒက သူ ကောင်းကင်တာအို ယင်ယန်ဝိညာဥ်ကို ဖန်တီးလိုက်သည့်အချိန်တွင် အစအနရှာမရအောင် ပျောက်ဆုံးသွားခဲ့သည့်အချိန်က အတိုင်း သူ စဥ်းစားတွေးတောနိုင်သည့် ရှင်းလင်းချက် လုံးဝရှိမနေပေ။
" အာ...ဘာပဲဖြစ်ဖြစ်ပါ။ ငါပြဿနာတက်အောင်လုပ်ခဲ့မိလို့ ပြန်ဖြေရှင်းပြီးသွားပြီပဲ။ ငါပျော်ရွှင်နေရမှာပေါ့ "
သူ၏ နတ်ဘုရားအာရုံကိုအသုံးချ၍ ကြည့်ရှုလိုက်သောအခါ ဂရုမစိုက်ခြင်းသစ်သီး၏ အစွမ်းကို ခံစာခဲ့ရသည့် ဂိုဏ်းသားများအားလုံးမှာ အနက်ရောင်မီးခိုးထုကြီးကြောင့် မည်သည့် လက္ခဏာမှ မပေါ်တော့ကြောင်း တွေ့လိုက်ရသည်။
ဂရုမစိုက်ခြင်းသစ်သီး၏ အငွေ့အသက်ကို လုံးဝမစုပ်ယူခဲ့မိသည့် ဂိုဏ်းသားများအတွက်လည်း သူက ကြိုတင်ပြင်ဆင်ထားခဲ့သည်။ သူတို့အား အနည်းငယ်မျှပင် မအီမသာ မခံစားရစေရန် သူက ဆေးကို သေသေချာချာ ဖော်စပ်ခဲ့သည်။
" အနက်ရောင်မီးခိုးထဲမှာ အဆိပ် နည်းနည်းလေးတောင် မပါဘူးကွ "
ထိုမီးခိုးထုကြီး ပျောက်ကွယ်စ ပြုလာသောအခါ ပိုင်ရှောင်ချန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်စ ပေါ်ထွက်လာသည်။ ပြဿနာ၏ အဓိကအကြောင်းအရင်းကို သူရှာဖွေကာ မဖြေရှင်းနိုင်သေးသည့် အချိန်အထိ မည်သည့်ဆေးဝါးကိုမှ ထပ်၍ဖော်စပ်တော့မည်မဟုတ်ဟု သူက ဆုံးဖြတ်ချက် ချလိုက်တော့သည်။
ထိုအချိန်တွင် အလင်းတန်း သုံးတန်းမှာ ရုတ်တရက် လေကိုခွင်း၍ ပိုင်ရှောင်ချန်းဆီသို့ ဦးတည်လာတော့သည်။ သူတို့မှာ လီရှမ်းတောက်၊ ပိုင်ကျိမ်းထျန်နှင့် သံမဏိသွေးကြောခန်းမမှ နတ်အဆင့် ခေါင်းဆောင်ကြီးတို့ ဖြစ်သည်။
လီရှမ်းတောက်နှင့် ပိုင်ကျိမ်းထျန်တို့၏ မျက်နှာအမူအရာများမှာ အလွန်တင်းမာနေသည်။ အစက သူတို့သည် ဝင်ရောက်စွက်ဖက်ရန် အစီအစဥ်မရှိပါသော်လည်း ယခုကိစ္စမှာ တစ်ဂိုဏ်းလုံးအပေါ် အကျိုးသက်ရောက်မှု ရှိလာပြီဖြစ်သဖြင့် သူတို့တွင် အခြားရွေးချယ်စရာ မရှိတော့ပေ။ သံမဏိသွေးကြောခေါင်းဆောင်ကြီးမှာမူ ပိုင်ရှောင်ချန်းနှင့် အတော်အသင့်ကောင်းမွန်သည့် ဆက်ဆံရေးမျိုးရှိပါသော်လည်း သူသည်ပင် ခပ်ယဲ့ယဲ့အပြုံးဖြင့် ချဥ်းကပ်လာနေသည်။
" မိတ်ဆွေကြီးပိုင်ရာ။ မင်းပြောတော့ နောက်တစ်ကြိမ် ထပ်မဖြစ်စေရပါဘူးဆို "
ယခုတွင် အန္တရာယ်မှာ ပြီးဆုံးသွားပြီဖြစ်၍ ပိုင်ရှောင်ချန်းမှာ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်၏ ဟန်ပန်အမူအရာပြန်ဖမ်းလိုက်ပြီး ပြန်ပြောလိုက်လေသည်။
“ တကယ်ကို တောင်းပန်ပါတယ် မိတ်ဆွေကြီးရာ။ ဒီလိုဗျ... အရင်နောက်ဆုံးတစ်ခေါက်တုံးက ဖြစ်ခဲ့တဲ့ မတော်တဆမှုကြောင့် ဂိုဏ်းသားအချို့က အန္တရာယ်ရှိတဲ့ ဓာတ်ပစ္စည်းတစ်ခုရဲ့ ကူးစက်ခြင်းကို ခံခဲ့ရတယ်။ ကျုပ်က အဲဒါကိုစိတ်ပူလွန်းလို့ သူတို့ကိုဖြေဆေးပေးနိုင်ဖို့ရာ ဒီမီးခိုးကို တမင်ထုတ်လွှတ်လိုက်ရတာပါ။ မယုံရင် ကြည့်လိုက်ဗျာ။ ဒီမီးခိုးနဲ့ ထိတွေ့မိခဲ့တဲ့ ဘယ်သူမဆို နည်းနည်းလေးတောင် မအီမသာ မဖြစ်စေရဘူး။ "
ထိုသို့ဆိုကာ သူသည် ခပ်ယဲ့ယဲ့ပြုံး၍ အောက်ဘက်ရှိ လူအုပ်ကြီးအား ညွှန်ပြလိုက်သည်။
အခြားနတ်အဆင့် ကျင့်ကြံသူ သုံးယောက်မှာ အောက်သို့လှမ်းကြည့်လိုက်ကြသောအခါ ပိုင်ရှောင်ချန်းက အမှန်အတိုင်းပြောနေခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။ ဂိုဏ်းသားအချို့မှာ တတွတ်တွတ်နှင့် ကျိန်ဆဲကာ စောဒကတက်နေကြသော်လည်း တစ်ယောက်တစ်လေပင် အနည်းငယ်လေးမျှ ထိခိုက်သွားခဲ့သည့် ပုံမပေါ်ပေ။
ထိုအခါ နတ်အဆင့်ကျင့်ကြံသူသုံးယောက်မှာ စိတ်သက်သာရာ ရသွားပြီး သက်ပြင်းချလိုက်တော့သည်။ ပြဿနာတစ်စုံတစ်ရာသာ ပေါ်ထွက်လာပါက နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီးပြန်ရောက်လာသည့်အချိန်တွင် သူ့တို့အားလုံး ဒုက္ခရောက်ကုန်မည် မဟုတ်လော။
" မပူပါနဲ့ဗျ။ တွေ့တယ်မလား။ မီးခိုးကလည်း မရှိတော့ဘူး။ ခင်ဗျားတို့ကမှ စိတ်ပူနေသေးတယ်ဆိုရင် ဒီနေရာမှာပဲ အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းစာအချိန်လောက် အေးအေးဆေးဆေး ထိုင်စောင့်သွားဗျာ။ အဲဒီအခါ တစ်ဂိုဏ်းလုံး နဂိုအတိုင်းပြန်ဖြစ်သွားမှာ "
ပိုင်ရှောင်ချန်းမှာ ဤသို့သောအခြေအနေမျိုးအတွက် ကြိုတင်ပြင်ဆင်ထားခဲ့သည့် ပုံပင်။ သူသည် အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး လက်ဖက်ရည်စားပွဲတစ်လုံးနှင့် အမွှေးတိုင်တစ်တိုင်ကိုပင် ထုတ်ယူလိုက်သည်။ ထို့နောက် ထိုင်ချလိုက်ပြီး အခြားနတ်အဆင့်ကျင့်ကြံသူများကိုပါ သူနှင့်အတူဝင်ထိုင်ရန် ကိုယ်ဟန်အမူအရာ ပြလိုက်သည်။
ပိုင်ကျိမ်းထျန်မှာ တွေဝေနေပါသော်လည်း လီရှမ်းတောက်နှင့် သံမဏိသွေးကြောခေါင်းဆောင်ကြီးမှာ ဝင်ထိုင်၍ စကားများပြောဆိုလိုက်ကြတော့သည်။ ထိုအချင်းအရာကိုမြင်လိုက်ရသောအခါ ပိုင်ကျိမ်းထျန်မှာလည်း အားတင်း၍ ဝင်ထိုင်လိုက်တော့သည်။
သံမဏိသွေးကြောခေါင်းဆောင်ကြီးမှာ ရောင်းရင်းဂိုဏ်းစောင့်အကြီးအကဲ တစ်ယောက်ဖြစ်ပြီး အဏ္ဏဝါခေါ်သံဂိုဏ်းတွင် ပိုင်ရှောင်ချန်းအား ကူညီပေးခဲ့သည်လည်းဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ယောက်မှာ အတော်အတန်ရင်းနှီးနေကြသဖြင့် သူသည် ဤမီးခိုးထုကြီးနှင့်ပတ်သတ်သည့် အဖုအထစ်ကို ပြေလည်သွားစေဖို့ရာ ဆန္ဒရှိနေသည်မှာ မထူးဆန်းပေ။
“ မိတ်ဆွေကြီးပိုင်ရေ။ မင်းရဲ့တာအိုဆေးပညာက ကြောက်စရာကောင်းလှပါလားကွ။ မင်းကြောင့် ငါ ဒီနေ့ ကမ္ဘာအသစ်တစ်ခုကို မြင်လိုက်ရတဲ့အတိုင်းပဲ "
ပိုင်ရှောင်ချန်းမှာမူ အနည်းငယ် အပြစ်ရှိသလိုခံစားနေရသည့် အမူအရာဖြင့် ခြောက်ကပ်ကပ်ရယ်မောကာ ပြန်ပြောလိုက်လေသည်။
“ ေဩာ်၊ ကျွန်တော်က အတွေ့အကြုံနုနယ်သေးပါတယ်ဗျာ။ ကျွန်တော့်ရဲ့ ကျွမ်းကျင်မှုတွေက စာမဖွဲ့လောက်သေးပါဘူး "
လီရှမ်းတောက်ကလည်း ရယ်မော၍ ဝင်ပြောလိုက်သည်။
“ ဝါနုသေးတယ် ဟုတ်လား။ မင်းနောက်နေတာလားကွ။ မင်းက ကျွမ်းကျင်လွန်းလို့ တာအိုဆေးပညာအတတ်ကိုပါ ပုံစံပြောင်းနိုင်နေပြီလေ။ ညီလေးပိုင်၊ မင်းက တကယ့်ကို အံ့သြဖို့ကောင်းတာပဲ "
ပိုင်ကျိမ်းထျန်တစ်ယောက်သာ စကားတစ်ခွန်းမှ ဝင်မပြောခြင်း ဖြစ်သည်။ သူတို့အဖွဲ့မှာ စကားစမြည်ပြောနေရင်း အမွှေးတိုင် သုံးပုံပုံ တစ်ပုံလောက်သာကျန်တော့သည့်အချိန်သို့ ရောက်ရှိသွားသည်။
ယခုတွင်မူ မီးခိုးအများစုမှာ ပျောက်ကွယ်သွားပြီဖြစ်ပြီး အောက်ဘက်ရှိ အဆောက်အဦများနှင့် ကျင့်ကြံသူများကို မြင်နေရပြီဖြစ်သည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်း၏ အမူအရာမှာ ပြောင်းလဲသွားတော့သည်။ တစ်စုံတစ်ခု ထူးဆန်းနေသည်။ သူမြင်နေရသည့် အရာကို မယုံကြည်နိုင်သည့်အလား မျက်လုံးများကို အကြမ်းပတမ်းပွတ်လိုက်ပြီး ဘေးဘီဝဲယာကို ထပ်မံ၍လှည့်ပတ်ကြည့်ရှုလိုက်ပြန်သည်။
သူတစ်ယောက်ထဲ ထိုသို့ဖြစ်နေသည်တော့မဟုတ်ပေ။ အခြားနတ်အဆင့် ခေါင်းဆောင်ကြီးသုံးယောက်မှာလည်း မီးခိုးထုကြီးပျောက်ကွယ်သွားပြီးနောက် ပေါ်ထွက်လာသည့် အရာများကို အသက်မဲ့နေသည့်မျက်ဝန်းများဖြင့် ငေးကြည့်နေကြတော့သည်။
မီးခိုးများအားလုံးနီးပါး ပျောက်ကွယ်သွားကြပြီဖြစ်သော်လည်း... အပြာရောင်သက်တန့်ကြီးမှာ ယခုတွင် ခေါင်းအစခြေအဆုံး အမည်းရောင်အဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။
ပိုင်ရှောင်ချန်း၏ခေါင်းပေါ်တွင် ချွေးသီးလုံးများ ထွက်လာတော့သည်။ အခြားနတ်အဆင့် ကျင့်ကြံသူ သုံးယောက်မှာ ပင့်သက်ရှိုက်သွားကြသည်။
" စိတ်အေးအေးထားကြပါ။ ဘာမှစိုးရိမ်နေစရာ မလိုပါဘူး။ အချိန်နည်းနည်း ကျန်သေးတယ်လေ။ ကျွန်တော့်ကို ယုံပါ။ အရာရာအဆင်ပြေသွားလိမ့်မယ် "
ပိုင်ရှောင်ချန်းမှာ လက်ဖက်ရည်သောက်လိုစိတ်ပင် မရှိတော့ပဲ တုန်တုန်ရီရီနှင့် မတ်တတ်ထရပ်လိုက်တော့သည်။ မီးခိုးထုကြီး တဖြည်းဖြည်းဆက်၍ ပျောက်ကွယ်သွားသောအခါ ယခင်က ရောင်စုံရှိခဲ့သည့် သက်တန့်ခုနစ်စင်းမှာ ယခုတွင် လုံးဝ မည်းနက်နေသည်ကို မြင်လိုက်ရတော့သည်။ ပိုင်ရှောင်ချန်း၏ခေါင်းတစ်ခုလုံး ချာချာလည်နေတော့သည်။
အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ စိမ်းပြာ ၊ အပြာ၊ ခရမ်း....။ ယခင်က သက်တန့်အဆောက်အဦကို တည်ဆောက်ထားသည့် သက်တန့် ခုနစ်စင်းမှာ ထိုခုနစ်ရောင် ရှိခဲ့သည်။ သို့သော် ယခုတွင်မူ ၎င်းတို့အားလုံးသာမက အဆောက်အဦများပါ လုံးဝမည်းနက်နေကြပြီဖြစ်သည်။ ယခုတွင် ရှင်းကုံကျစ်တာအိုဂိုဏ်းမှာ ညအချိန်သို့ ရောက်နေသည့်အလား မည်းမှောင်နေပြီဖြစ်သည်။
ထိုအချိန်တွင် ဂိုဏ်းသားများမှာ သူတို့သည် အမည်းရောင်မြေပြင်ပေါ်တွင် ရပ်နေသည်ဖြစ်ကြောင်း သတိထားမိလိုက်ကြသည်။ သူတို့အားလုံးမှာ ပါးစပ်အဟောင်းသားဖြစ်သွားကြပြီး ပတ်ဝန်းကျင်တစ်ခုလုံး အလန့်တကြားအော်ဟစ်သံများဖြင့် ပြည့်သွားတော့သည်။
" ဘာ၊ ဘာလို့ မြေကြီးက အမည်းရောင်ဖြစ်နေရတာလဲ "
" ဘုရားရေ၊ ဒါက သက်တန့် ဖြစ်နေရမှာလေ။ အရောင်တွေ ဘယ်ရောက်ကုန်တာလဲ "
" မဟုတ်မှလွဲရော သက်တန့်က အဆိပ်မိသွားတာလား "
" ကိစ္စရပ်ကြီးတစ်ခုခုတော့ ဖြစ်တော့မယ်ဟေ့ "