အခန်း (၂၆၂)
Vol. 27 Ch. 262
ရွှီရန်သည် လေထဲတွင် ဝဲပျံနေရင်း ရေမျက်နှာပြင်ကို စူးစမ်းကြည့်ရှုလိုက်သည်။
နေရောင်ခြည်မှာ အလွန်ပြင်းထန်လှပြီး ရေမျက်နှာပြင်မှ ပြန်ဟပ်နေသော အလင်းတန်းများကြောင့် သာမန်မျက်စိဖြင့် တည့်တည့်ကြည့်ရန်ပင် မဖြစ်နိုင်ချေ။
ရွှီရန်: "..."
သူသည် နေရာအနည်းငယ် ပြောင်းလိုက်ပြီး မျက်တောင်ကို အသာအယာ စေ့လိုက်ရာ ယခုတစ်ကြိမ်တွင်မူ အလင်းပြန်မှုဒဏ်ကို မခံရတော့ပေ။ သူသည် ကောင်းကင်ဘုံမျက်လုံးရတနာစွမ်းရည်ကို အပြည့်အဝ ဖြန့်ကျက်လိုက်သည်။
စူးစမ်းစမ်း။
ရွှီရန်၏ မျက်နှာမှာ တောက်ပလာပြီး အပြုံးတစ်ခု ထွက်ပေါ်လာသည်။
“တွေ့ပြီ။ ဦးလေးယဲ့... ဦးလေးဖုန်းနဲ့ ကျန်တဲ့သူတွေအားလုံးကို အမြန်ပြန်ခေါ်လိုက်ပါ။ ဒီညစ်ညမ်းမှုအရင်းအမြစ်ကို အမြစ်ပြတ်ရှင်းဖို့ လူ ၁၄ ယောက်စလုံး ပူးပေါင်းမှ ဖြစ်မယ်"
ယဲ့ဖျင်သည် ရွှီရန်ကို အထူးယုံကြည်သူဖြစ်သဖြင့် ဆက်သွယ်ရေးတံဆိပ်ကို ချက်ချင်းကောက်ကိုင်လိုက်သည်။
“ညီအစ်ကိုတို့... ရှောင်ရန်ရောက်နေပြီ။ သူက မိစ္ဆာတွေရဲ့ ပင်မခန္ဓာကိုယ် ပုန်းနေတဲ့နေရာကို ရှာတွေ့ပြီတဲ့"
ရေအောက်တွင် အရှိန်အဟုန်ဖြင့် ကူးခတ်နေသော လင်ဖုန်းမှာ ချက်ချင်းပင် ရပ်တန့်သွားသည်။
“တကယ်လား”
“တကယ်ပဲ။ ငါအခုတင် သတင်းရတာ... ဒီကလေးက ကျင်းမြို့တော်မှာ သွေးစွမ်းအင် ၁.၂ သန်းရှိတဲ့ လမင်းနယ်ပယ် မိစ္ဆာ ၄ ကောင်ကို ရေအောက်မှာတင် တစ်ယောက်တည်း သတ်ပစ်ခဲ့တာတဲ့”
“ဘာလဲ”
နတ်ဘုရားသတ်တပ်ဖွဲ့ ဝင်များမှာ မယုံကြည်နိုင်အောင် ဖြစ်သွားကြသည်။
“ဒီကလေးက ဒီလောက်တောင် ပါရမီထူးတာလား တကယ့် မိစ္ဆာလေးပဲ”
“မနေ့က တိုက်ပွဲမှာ သူ ဝှက်ဖဲတွေ ကျန်နေသေးတာပဲ"
“သူ သေချာပေါက် ဝှက်ထားတာ။ အရေးကြီးတဲ့အချိန်ကျမှ ချင်းရိဟောက်ကို ပုံရိပ်ယောင်တွေ ပြန်ရုပ်သိမ်းခိုင်းလိုက်တာက သူ့ကိုယ်သူ အကုန်အစင် မဖော်ပြချင်လို့ပဲ ဖြစ်ရမယ်”
“ဒီကလေး... တကယ့်ကို ကောက်ကျစ်စဉ်းလဲတာပဲ”
တံဆိပ်မှတစ်ဆင့် ခေတ္တမျှ စကားပြောဆိုပြီးနောက် နတ်ဘုရားသတ်တပ်ဖွဲ့နှစ်ဖွဲ့စလုံးမှ အဖွဲ့ဝင်များမှာ ရေထဲမှ ဝုန်းခနဲ ခုန်ထွက်လာကြသည်။ ရေလှိုင်းပုတ်ခတ်သံများကို ဆက်သွယ်ရေးတံဆိပ်မှတစ်ဆင့် ကြားနေရ၏။
“ကောင်းပြီ ငါတို့ အခုလာနေပြီ။ ၁၀ မိနစ်လောက်ပဲ ကြာမယ်"
၁၀ မိနစ်အကြာတွင် ဝိညာဉ်သန့်စင်ခြင်းအဖွဲ့နှင့် မီးငရဲအဖွဲ့တို့မှ အဖွဲ့ဝင်များမှာ ရွှီရန်နှင့် ယဲ့ဖျင်ရှိရာသို့ တဖြည်းဖြည်း စုရုံးရောက်ရှိလာကြသည်။ သူတို့ဝတ်ဆင်ထားသော ရွှေရောင်ဝင်းပနေသည့် ဝတ်ရုံများနှင့် မီးလျှံများ တောက်လောင်နေသော ဝတ်ရုံများမှာ အလွန်ပင် ခန့်ညားထည်ဝါလှသည်။
“တော်လိုက်တဲ့ကလေး မင်းတကယ်ပဲ ရေအောက်ကို တစ်ယောက်တည်းဆင်းပြီး သွေးစွမ်းအင် ၁.၂ သန်းရှိတဲ့ လမင်းနယ်ပယ် မိစ္ဆာ ၄ ကောင်ကို သတ်ခဲ့တာလား”
ရွှီရန်က နှိမ့်ချစွာ ပြုံးလိုက်ရင်း “ဘေးကနေ ပုန်းအောင်းပြီး အလစ်အငိုက် တိုက်ခိုက်ခဲ့တာပါပဲ။ ဒါက တရားဝင်တိုက်ခိုက်တဲ့ နည်းလမ်းတော့ မဟုတ်ပါဘူး။ တကယ့်ကို ကောက်ကျစ်စဉ်းလဲတဲ့ နည်းလမ်းလို့ပဲ ပြောရမှာပါပဲ"
ထိုစဉ် လေထဲမှနေ၍ လင်ဖုန်းနှင့် လျိုယန်တို့ သူ၏ဘေးသို့ ဆင်းသက်လာကြသည်။
စိတ်တိုလွယ်သော လျိုယန်က တောက်တစ်ချက်ခေါက်ကာ ဆဲဆိုကြိမ်းမောင်းလိုက်သည်။
“ကောက်ကျစ်စဉ်းလဲတယ် ဟုတ်လား။ ရန်သူကို သတ်နိုင်တဲ့စွမ်းရည်က အမြင့်မြတ်ဆုံးသော နည်းဗျူဟာပဲကွ။ ကောက်ကျစ်တာ မကောက်ကျစ်တာ ဘယ်သူက ဂရုစိုက်နေမှာလဲ။ အဲဒီ အဆင့်နိမ့်မိစ္ဆာတွေကို သတ်ဖို့ဆိုရင် အယုတ်မာဆုံးနည်းလမ်းတွေ သုံးတာတောင် အားမရသေးဘူး။ သူတို့ကို အပိုင်းပိုင်းခုတ်ပြီး အရိုးတွေကို အမှုန့်ခြေပစ်ရမှာ”
လင်ဖုန်းကတော့ တည်ငြိမ်စွာပင် ရွှီရန်၏ ပုခုံးကို ပုတ်ပေးလိုက်သည်။
“ရန်သူတွေနဲ့ ရင်ဆိုင်ရတဲ့အခါ မင်းကိုယ်မင်း ကောက်ကျစ်တယ်လို့ မတွေးပါနဲ့ ယုံကြည်ချက်အပြည့်နဲ့သာ လုပ်ဆောင်ပါ။ သူတို့က တိရစ္ဆာန်တွေပဲ”
ရွှီရန် ပြုံးလိုက်သည်။
“နားလည်ပါပြီ"
သူ့အနေဖြင့် ထိုကိစ္စအတွက် စိတ်ထဲတွင် ဝန်ထုပ်ဝန်ပိုး မရှိပေ။ အမှန်တကယ်တော့ သူ့တွင်သာ လုံလောက်သော ခွန်အားရှိခဲ့ပါက အကြမ်းတမ်းဆုံးသော နည်းလမ်းဖြင့် မိစ္ဆာများကို ဖိခြေ၍ သတ်ဖြတ်ပစ်ခဲ့မည်သာ။
ရွှီရန်သည် တကယ့်ကို ပြတ်သားသောသူဖြစ်ပြီး သူ၏ရန်သူများအပေါ်တွင်မူ ကရုဏာတရား အလျဉ်းမရှိပေ။ စောစောက သူပြောခဲ့သော စကားများမှာ လူကြီးများရှေ့တွင် အလိုက်သင့် နှိမ့်ချပြောဆိုခဲ့ခြင်းသာ။
သိပ်မကြာခင်မှာပင် မြင့်မြတ်သောအမျိုးသမီး ရှောင်ရွှေးသည် ရွှီရန်၏ရှေ့သို့ မီးလျှံအငွေ့အသက်များနှင့်အတူ ဆင်းသက်လာသည်။ ပူနွေးသော လေအဟုန်ကြောင့် ရွှီရန်၏ ဆံပင်များပင် လွင့်ပျံသွားတော့သည်။
“ဟေး... ချောချောလေး မင်းက အရမ်းကို အစွမ်းထက်လွန်းနေတာ မဟုတ်ဘူးလား”
“မင်းရဲ့ အစ်မကြီးကိုလည်း နည်းနည်းလောက် သင်ပေးပါဦးလား။ အစ်မလည်း ကိုယ့်ထက် အဆပေါင်းများစွာ သန်မာတဲ့ မိစ္ဆာတွေကို သတ်ချင်လို့ပါ”
ရွှီရန်က လက်ကို ဘေးသို့ဆန့်ထုတ်ကာ အချိုးအစားကျလှသော အန်တီရှောင်ရွှေးကို တစ်
ချက်စောင်းကြည့်လိုက်ပြီး “ရိုးရှင်းပါတယ်။ အခြေခံလိုအပ်ချက် အနည်းငယ်ပဲရှိတယ်။ ပထမဆုံးက ကိုယ်ဖျောက်အတတ်ကို ပြီးပြည့်စုံတဲ့အဆင့်အထိ တတ်မြောက်ထားရမယ်။ ဒုတိယကတော့...”
ကိုယ်ဖျောက်အတတ် ပြီးပြည့်စုံတဲ့အဆင့်ဆိုသည့် စကားကို ကြားလိုက်ရချိန်တွင်
ရှောင်ရွှေး၏ ဦးနှောက်မှာ ဝုန်းခနဲ ဖြစ်သွားသည်။
“တော်ပြီ ဆက်မပြောနဲ့တော့... အဲဒီ ကိုယ်ဖျောက်အတတ် အကြောင်း ကြားရုံနဲ့တင် ငါ့ခေါင်းတွေ ကိုက်လာပြီ”
ကျန်ရှိနေသော သူများ၏ မျက်နှာပေးများမှာလည်း အနည်းငယ် ပျက်ယွင်းသွားကြသည်။ သူတို့အားလုံးသည် အတိတ်က ထိုအတတ်ကို သင်ယူစဉ်က ခံစားခဲ့ရသော နာကျင်မှုများကို ပြန်လည်အမှတ်ရသွားကြပုံပင်။
သူတို့သည် အချိန်မဆွဲတော့ဘဲ အဓိကအချက်သို့ ချက်ချင်း လှည့်လိုက်ကြသည်။
“ဒါနဲ့... မင်းတကယ်ပဲ ညစ်ညမ်းမှုဗဟိုချက် ပုန်းနေတဲ့နေရာကို ရှာတွေ့နိုင်မှာလား”
ရွှီရန်၏ မျက်နှာထက်တွင် ယုံကြည်မှုများ အထင်းသား ပေါ်လွင်နေသည်။
“အသေအချာပေါ့။ သူတို့က သီးခြားဟင်းလင်းပြင်တစ်ခုထဲမှာ ပုန်းနေကြတာ။ အဲဒီဟင်းလင်းပြင်က နတ်ဘုရားအဆင့်ရှိတဲ့ သတ္တဝါတစ်ကောင်ရဲ့ လက်ချက်ဖြစ်နိုင်တယ်။ ဒါပေမဲ့ ကျွန်တော့်မှာ အဲဒါကို ရှာဖွေပြီး ဖျက်ဆီးပစ်နိုင်တဲ့ နည်းလမ်းရှိပါတယ်"
လျိုယန်က တည်ကြည်စွာဖြင့် “မင်းရှာတွေ့ရုံတင်မကဘဲ ဖျက်ဆီးနိုင်မယ် ဟုတ်လား”
ရွှီရန် “ဟုတ်ပါတယ်"
အားဟောင်က အနည်းငယ် လောနေပုံရသည်။
“ဒါဆိုရင် ကျေးဇူးပြုပြီး လုပ်ပေးပါ။ ငါတို့သာ ညစ်ညမ်းမှုဗဟိုချက်ကို ရှာမတွေ့ရင် ဒီမိစ္ဆာတွေက အဆက်မပြတ် ပြန်ရှင်နေကြဦးမှာ။ ငါတို့လည်း ဒီယွင်မုန့်ကျဲ မှာတင် ပိတ်မိနေလိမ့်မယ်။ ဒါက ဘယ်လိုမှ မကောင်းတဲ့ကိစ္စပဲ"
လင်ဖုန်းက ခေါင်းညိတ်လိုက်သည်။
“အားဟောင်ပြောတာ မှန်တယ်။ ဒီလို ထူးဆန်းတဲ့ ဟင်းလင်းပြင်ကို ဖန်တီးနိုင်တဲ့ မိစ္ဆာက ဒုတိယမြောက် ရန်ငြိုးဖွဲ့နတ်ဘုရား ဖြစ်နိုင်တယ်။ သူတို့ အခုလို လှုပ်ရှားလာတာက ပိုပြီးကြီးမားတဲ့ ပူးပေါင်းကြံစည်မှုတစ်ခု ရှိနေလို့ပဲ။ ငါတို့ ဒါကို ဒီမှာတင် အမြန်ဆုံး ဖြေရှင်းရမယ်"
ရွှီရန်က မျက်ခုံးတစ်ချက် ပင့်လိုက်ရင်း “နားလည်ပါပြီ။ ကိုယ်စားထိုး စက္ကူရုပ်က ရှေ့ကနေ လမ်းပြလိမ့်မယ်။ ခင်ဗျားတို့က သူ့နောက်ကနေ လိုက်ခဲ့ကြပါ"
ပြောပြောဆိုဆိုဖြင့် ရွှီရန်သည် သူနှင့် အစစ်အလား တူညီသော စက္ကူရုပ်တစ်ရုပ်ကို ပစ်ထုတ်လိုက်ပြီး သူကိုယ်တိုင်မှာမူ ကိုယ်ပျောက်လျက် အနီးအနားတွင် တိတ်တဆိတ် ပုန်းကွယ်လိုက်တော့သည်။
“ဒီလောက်အထိ သတိထားတုန်းပဲလား...”
“သတိထားတာကတော့ အမြဲတမ်း ကောင်းတဲ့အရာပါပဲ”
ထိုအတောအတွင်း ကိုယ်စားထိုး ရွှီရန်သည် ရေမျက်နှာပြင်ထက်၌ ဝဲပျံကာ ဦးဆောင်နေသည်။ ယွင်မုန့်ကျဲရေကန်ကြီးမှာ အဆုံးအစမရှိ ကျယ်ပြောလှပြီး မွန်းတည့်နေရောင်မှာ ရေမျက်နှာပြင်ပေါ်သို့ တည့်တည့်ကျရောက်ကာ အလင်းပြန်နေသဖြင့် မျက်စိကျိန်းစရာ ကောင်းလှသည်။ ရွှီရန်သည် လက်တစ်ဖက်ဖြင့် မျက်လုံးကို ကာလိုက်ရင်း ရေမျက်နှာပြင်ကို စိုက်ကြည့်နေ၏။
“သတ္တဝါအိုကြီး... မင်းက ယွင်မုန့်ကျဲထဲမှာ လှည့်စားတဲ့ အလင်းတန်းတွေ ထည့်ထားတာပဲ။ ဒါပေမဲ့ ကံဆိုးတာက ငါ့ကိုတော့ မင်းလှည့်စားလို့ မရဘူး"
ဘယ်လောက်ပင် လှည့်ဖြားနေပါစေ ရွှီရန်ကတော့ အရာအားလုံးကို ဖောက်ထွင်းမြင်နေသည်။ သူသည် အဖွဲ့ကို နာရီဝက်ခန့် ဆက်လက်ဦးဆောင်လာခဲ့သည်။ နောက်ဆုံးတွင် ကိုယ်စားထိုး ရွှီရန်သည် တကယ့် အနီရောင်အလင်းတန်းရှိရာ ရေကန်၏ ဗဟိုချက်တည့်တည့်သို့ ရောက်ရှိသွားတော့သည်။
“တွေ့ပြီ ဒီအောက်တည့်တည့်မှာပဲ။ ကျွန်တော့်နောက်ကနေ ရေထဲကို လိုက်ခဲ့ကြပါ"
ပြောပြောဆိုဆိုဖြင့် ကိုယ်စားထိုး ရွှီရန်သည် ရေထဲသို့ ဦးခေါင်းဖြင့် စိုက်ဆင်းသွားသည်။ နတ်ဘုရားသတ်တပ်ဖွဲ့နှစ်ဖွဲ့စလုံးလည်း အနောက်မှ အလျင်အမြန် လိုက်ပါသွားကြ၏။
မီတာ ၁၀၀ ခန့် ငုပ်လျှိုးသွားပြီးနောက် အဖွဲ့သည် ရေကန်ဗဟိုချက်၏ အောက်ခြေသို့ ရောက်ရှိလာကြသည်။ ထိုနေရာတွင် ဗုံးကြဲတိုက်ခိုက်ထားသော အမှတ်အသားများမှာ ထင်ထင်ရှားရှား ရှိနေသေးသည်။
လျိုယန် : “ဒီအောက်မှာလား။ ငါတို့ နည်းလမ်းအမျိုးမျိုး သုံးပြီးပြီ။ တစ်ခါလည်း ဗုံးကြဲဖူးတယ်...”
“မင်းရဲ့ နယ်ပယ်ဖောက် အဆောင်ငယ်တောင် ဒီမှာ အသုံးပြုဖူးတယ်။ ဒါပေမဲ့ ဘာမှ ထူးခြားတာ ရှာမတွေ့ခဲ့ဘူးလေ"
ရွှီရန်က တောက်ပစွာ ပြုံးလိုက်ရင်း “ဒါက တကယ့် ရန်ငြိုးဖွဲ့နတ်ဘုရား တစ်ပါးပါးရဲ့ နည်းလမ်းပဲ ဖြစ်ရမယ်။ သူက ထူးဆန်းတဲ့ ဟင်းလင်းပြင်တစ်ခုကို ဖန်တီးပြီး အဲဒီဟင်းလင်းပြင်ကို ကိုယ်ပျောက်အောင် ဖုံးကွယ်ထားနိုင်တာ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး... ဖျက်ဆီးရတာက တည်ဆောက်ရတာထက် အမြဲတမ်း ပိုလွယ်ကူပါတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ ဖျက်ဆီးခြင်းစွမ်းအားက သူ့ရဲ့ ဟင်းလင်းပြင်စွမ်းရည်ထက် အဆင့်အတန်း ပိုမြင့်တယ်လေ"
သူက ခပ်ဖွဖွ ပြုံးလိုက်ရင်း ကိုယ်ပျောက်နေသော ရွှီရန်၏ အစစ်အမှန် ခန္ဓာကိုယ်က စိတ်အာရုံဖြင့် အမိန့်ပေးလိုက်သည်။
“ဖျက်ဆီးခြင်း ကပ်ဘေးအလင်း”
ချက်ချင်းပင် ဖျက်ဆီးခြင်း အငွေ့အသက်များနှင့် ရှေးဦးသွေးစွမ်းအင်များ ပြည့်နှက်နေသော အလင်းတန်းတစ်ခုသည် ရေကန်အောက်ခြေသို့ ပြင်းထန်စွာ ပစ်ခတ်၍ ဝင်ရောက်သွားတော့သည်။