အခန်း (၂၆၅)
Vol. 27 Ch. 265
ကိုယ်ပျောက်နေသော ရွှီရန်သည် ရေပြင်အထက် ၅ မီတာခန့်အကွာတွင် ဝဲပျံနေသည်။
ဖျက်ဆီးခြင်း ကပ်ဘေးအလင်းကို ထုတ်လွှတ်လိုက်ပြီ ဖြစ်ရာ ၎င်းသည် ရေကန်အောက်ခြေရှိ လျှို့ဝှက်ဟင်းလင်းပြင်ကို တိုက်ရိုက်ဖောက်ထွင်းသွားတော့သည်။ ရေကန်မှ ရေများမှာ ထိုဟင်းလင်းပြင်အတွင်းသို့ တရဟော တိုးဝင်သွားကြ၏။
ပတ်ဝန်းကျင်ရှိ ရေလှိုင်းများမှာ ရွှီရန်၏ ဆံပင်များကို လာရောက်ထိတွေ့နေသော်လည်း အရာဝတ္တုတစ်ခုကို ထိတွေ့မိသည့် အသွင်မဆောင်ဘဲ ထူးဆန်းစွာ ဖြတ်သန်းစီးဆင်းသွားသည်။ ဤသည်မှာ ပြီးပြည့်စုံသောအဆင့်သို့ ရောက်ရှိနေသည့် ကိုယ်ဖျောက်အတတ်၏ စွမ်းပကားပင်။
သူသည် တုန်ခါမှုကို ခံစားလိုက်ရသည်။ သစ်သားရုပ်တုမိစ္ဆာအချို့က သူ့ဆီသို့ ပြေးဝင်လာသော်လည်း နတ်ဘုရားသတ်တပ်ဖွဲ့ ဝင်များက ပေါ့ပေါ့ပါးပါးပင် ရိုက်ချေဖျက်ဆီးပစ်လိုက်ကြသည်။
အန္တရာယ်ကင်းသွားပြီ။
ရွှီရန်သည် စိတ်လှုပ်ရှားစွာဖြင့် လျှို့ဝှက်ဟင်းလင်းပြင်ထဲသို့ ခုန်ဝင်လိုက်သည်။ သူ၏ ကောင်းကင်ဘုံမျက်လုံးရတနာစွမ်းရည်ဖြင့် အတွင်းပိုင်းအလွှာကို တစ်ချက်မျှ စကင်ဖတ်ကြည့်လိုက်ပြီးနောက်၊ ၂၀ စင်တီမီတာခန့် နေရာရွှေ့ကာ ဖျက်ဆီးခြင်း ကပ်ဘေးအလင်းကို နောက်တစ်ကြိမ် ထပ်မံထုတ်လွှတ်လိုက်ပြန်သည်။
ဒုတိယအလွှာဖြစ်သော လျှို့ဝှက်ဟင်းလင်းပြင်ကြီးမှာလည်း ကြေမွပျက်စီးသွားတော့သည်။
ရွှီရန်သည် လက်ကို ဆန့်ထုတ်လိုက်ပြီး ထိုနေရာရှိ အဖော်သစ်သားကို လက်အတွင်းသို့ ဆုပ်ကိုင်ဖမ်းယူလိုက်သည်။
လျိုယန်က အံ့ဩတကြီးဖြင့် “ဘုရားရေ... ဒါက အလွှာနှစ်ထပ်ဆင့်ထားတဲ့ ဟင်းလင်းပြင်ဖြစ်နေတာကိုး။ ညစ်ညမ်းမှုအရင်းအမြစ်ဆိုတဲ့ဟာကို ဒီလောက်အထိ လုံအောင်ပိတ်ထားတာ။ ငါတို့ ရှာမတွေ့တာ မဆန်းတော့ဘူး”
“ဒါပေမဲ့ မင်းကတော့ တကယ့် မိစ္ဆာလေးပဲကွာ ဒီလျှို့ဝှက်ဟင်းလင်းပြင် တည်ရှိတဲ့နေရာကို မြင်နိုင်ရုံတင်မကဘဲ ဖျက်ဆီးပစ်နိုင်သေးတယ်”
“နတ်ဘုရားအဆင့်ရှိတဲ့ သတ္တဝါတွေရဲ့ နတ်ပေးစွမ်းရည်နဲ့ စီမံထားတဲ့ ဟင်းလင်းပြင် ခင်းကျင်းချက်က မင်းရှေ့မှာတော့ စက္ကူလေးလိုပဲ ပါးလွှာနေပါလား”
ကျန်ရှိနေသော သူများကလည်း ရွှီရန်ကို မရပ်မနား ချီးကျူးနေကြတော့သည်။
ရွှီရန်က ခပ်ဖွဖွ ပြုံးလိုက်ရင်း “ဒါက ကျွန်တော့်ရဲ့ ဆုလာဘ်ပဲ”
ပြောပြောဆိုဆိုဖြင့်...
ရွှီရန်သည် လက်မခန့်အထူရှိပြီး ၁၀ စင်တီမီတာခန့် ရှည်လျားသော သမုဒ္ဒရာပြာရောင် သန္တာကျောက်တုံးလေးကို ကိုင်မြှောက်ရင်း ပြုံးလိုက်သည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော သမုဒ္ဒရာပြာရောင် သန္တာကျောက်တုံးသည် ကျောက်မျက်ရတနာတစ်ခုကဲ့သို့ ဖျော့တော့သော အလင်းတန်းများကို ထုတ်လွှတ်နေသော်လည်း တစ်ဖက်တွင်မူ ဖော်ပြ၍မရနိုင်သော ကြောက်မက်ဖွယ်ရာ အငွေ့အသက်များကိုလည်း ထုတ်လွှတ်နေ၏။
၎င်းက မည်မျှပင် ထူးဆန်းနေပါစေ၊ မည်မျှပင် ညစ်ညမ်းနေပါစေ ယခုအခိုက်အတန့်တွင်မူ ရွှီရန်၏ နှလုံးသားထဲတွင် ရတနာကို သိမ်းပိုက်နိုင်ခြင်း၏ ပီတိလှိုင်းများသာ ပြည့်နှက်နေတော့သည်။
ဒီလောက်အထိ ကြီးမားပြီး ထူထဲတဲ့ အဖော်သစ်သားမျိုးကို ငါတစ်ခါမှ မမြင်ဖူးသေးဘူး။
ရွှီရန်၏ စိတ်လှုပ်ရှားနေသော မျက်နှာပေးကို မြင်သောအခါ ကျန်ရှိနေသော သူများမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ရင်း အနည်းငယ် ဝေခွဲမရ ဖြစ်နေကြသည်။
“ဒါက ဘာကြီးလဲ။ အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုခုများလား”
ရွှီရန်က ရှင်းပြရန် ပြင်လိုက်သော်လည်း ရုတ်တရက်ဆိုသလို သူ ဆတ်ခနဲ တုန်သွားသည်။
“မဟုတ်သေးဘူး... တစ်ခုခုက ဒီထဲက စွမ်းအင်တွေကို ခိုးယူနေတယ်။ စွမ်းအင်တွေ ဆုံးရှုံးနေတဲ့နှုန်းက ဘာလို့ ဒီလောက်တောင် မြန်နေရတာလဲ”
အရာရာကို နှမြောတတ်သော ရွှီရန်သည် ချက်ချင်းပင် သူ၏ စွမ်းရည်များကို အသက်သွင်းလိုက်ပြီး အဖော်သစ်သား တစ်ခုလုံးကို ဝါးမြိုပစ်လိုက်တော့သည်။
[ဂုဏ်ယူပါသည်။ သင်သည် ဂျယ်လီငါး ရန်ငြိုးဖွဲ့နတ်ဘုရား၏ အဖော်သစ်သားကို ဝါးမြိုလိုက်ပြီ ဖြစ်သဖြင့် နတ်ဘုရားမူလဓာတ် ၂ စက်နှင့် ဂုဏ်သရေရှိ ရွှေရောင်သွေး ၄ စက်ကို ရရှိပါသည်]
နတ်ဘုရားမူလဓာတ် ၂ စက်တောင်မှ…..
ဤတစ်တုံးတည်းက အရင်က ၄ တုံးထက် ပို၍သာလွန်နေသည်။ သို့သော် ၆ တုံးစာလောက်
အထိ မဖြစ်သွားသည်မှာ နှမြောစရာပင်။
အကယ်၍ ၆ တုံးစာသာ ရှိခဲ့ပါက သူသည် နတ်ဘုရားမူလဓာတ် ၃ စက်အထိ ရရှိနိုင်မည်ဖြစ်သည်။ အရင်ရထားသော အပိုင်းအစလေး ၄ ခုမှ ရလဒ်များနှင့် ပေါင်းစပ်လိုက်လျှင် စုစုပေါင်း နတ်ဘုရားမူလဓာတ် ၅ စက်အထိ ရရှိနိုင်မည် ဖြစ်သည်။
ထိုပမာဏမှာ ဒုတိယအကြိမ် ရေလောင်းခြင်းကို ပြီးမြောက်စေရန် လုံလောက်ပြီး ဒုတိယမြောက် သန့်ရှင်းသောဝိညာဉ်အား နှိမ်နင်းခြင်းကို ဖန်တီးနိုင်မည်ဖြစ်သည်။
တကယ့်ကို နှမြောစရာပဲ။
နှမြောစရာကောင်းလိုက်တာ။
ရွှီရန်က နောင်တရသလိုမျိုး ခေါင်းကို ခါယမ်းလိုက်သည်။
ကျန်တဲ့သူတွေက သူ့ဘေးမှာ ဝိုင်းအုံလာကြပြီး "ဒီအတိုင်း ပျောက်သွားတာလား။ ဘာဖြစ်သွားတာလဲ"
ရွှီရန်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။
"ကျွန်တော် ဝါးမြိုပစ်လိုက်ပြီ"
ရွှီရန်က အားရပါးရ ရယ်မောလိုက်ပြီး အလေးအနက် ရှင်းပြလိုက်သည်။
"ဒါက ဂျယ်လီငါး ရန်ငြိုးဖွဲ့နတ်ဘုရားရဲ့ အဖော်သစ်သားပဲ။ အဲဒါကို ဝါးမြိုလိုက်ရင် ကျွန်တော့်အတွက် ဘေးဒုက္ခပေါင်းသောင်းခြောက်ထောင် မီးလျှံလိုမျိုး စွမ်းအင်တွေ ရစေတယ်..."
ဘေးဒုက္ခပေါင်းသောင်းခြောက်ထောင် မီးလျှံ အကြောင်းကို ပြောလိုက်သောအခါ
ယဲ့ဖျင်နဲ့ နတ်ဘုရားသတ်တပ်ဖွဲ့နှစ်ဖွဲ့စလုံးက အဖွဲ့ဝင် ၁၄ ယောက်လုံး ချက်ချင်း နားလည်သွားကြသည်။ သူတို့အားလုံးသည် ရွှီရန်၏ ထိုထူးခြားသော မီးလျှံအကြောင်းကို သိထားကြပြီးသားဖြစ်သည်။
ယခုအခါ ရွှီရန်က ရန်ငြိုးဖွဲ့နတ်ဘုရားရဲ့ အဖော်သစ်သား ကို ဝါးမြိုပြီး ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်တွေအဖြစ် ပြောင်းလဲနိုင်တယ်ဆိုတာကို ကြားလိုက်ရချိန်မှာတော့ သူတို့အားလုံး အံ့ဩမှင်သက်သွားကြရသည်။
တကယ့်ကို ထူးချွန်တဲ့ ကလေးပဲ။ တကယ့်ကို ကြောက်စရာကောင်းတဲ့ ပါရမီရှင်ပဲ။
"ဒါနဲ့... စောစောက မင်း ဘာလို့ အလန့်တကြား ဖြစ်သွားတာလဲ"
ရွှီရန်က မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်သည်။
"အတိအကျတော့ ကျွန်တော် မသိဘူး။ ဒါပေမဲ့ ဒီ အဖော်သစ်သားထဲက စွမ်းအင်တွေကို စည်းမျဉ်းအခြေခံတဲ့ စွမ်းအားတစ်ခုခုက လာပြီး ခိုးယူနေတယ်လို့ ကျွန်တော် ခံစားရတယ်။ အရှိန်ကတော့ သိပ်မမြန်ဘူး"
"ကျွန်တော့် ခန့်မှန်းချက်အရဆိုရင် ဒီစွမ်းအင်တွေကို လာခိုးနေတဲ့ အရာက မိုင်ပေါင်း ၁၀၀ ကျော် အကွာအဝေးမှာ ရှိနေလိမ့်မယ်"
"အဲဒါ ဂျယ်လီငါး ရန်ငြိုးဖွဲ့နတ်ဘုရား ဖြစ်နေမလား"
"ဒါက အသစ်ပေါ်လာတဲ့ ရန်ငြိုးဖွဲ့နတ်ဘုရားပဲ။ ငါသာ သူ့ကို သတ်နိုင်မယ်ဆိုရင်..."
ရွှီရန်၏ မျက်ဝန်းများမှာ စူးရှတောက်ပလာပြီး အဖော်သစ်သား အပေါ် လောဘဇောများ ပြည့်နှက်သွားတော့သည်။ အစွမ်းအထက်ဆုံး ကျင့်ကြံခြင်းနည်းလမ်းမှာ လုယက်တိုက်ခိုက်ခြင်း သာဖြစ်ကြောင်း နားလည်သွားချိန်မှစ၍ သူ၏စိတ်ထဲတွင် သတ်ဖြတ်လိုစိတ်များ ကိန်းအောင်းနေခဲ့သည်။
ရွှီရန်၏ သတ်ဖြတ်လိုသော အရှိန်အဝါများမှာ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ကျန်ရှိနေသော သူများမှာလည်း ထိုပြင်းထန်လှသော အရှိန်အဝါကြောင့် အနည်းငယ် အံ့အားသင့်သွားကြရသည်။
ဘုရားရေ... သူက ရန်ငြိုးဖွဲ့နတ်ဘုရားရဲ့ အဖော်သစ်သားကိုတောင် မျက်စိကျနေတာပဲ။
လျိုယန် စကားပြောရန် ပြင်လိုက်စဉ်မှာပင် သူ၏မျက်နှာမှာ မနှစ်မြို့သည့် အရိပ်အယောင်များ ရုတ်တရက် ပေါ်လာသည်။
"မင်းတို့ တစ်ခုခု သတိထားမိလား ငါ့စိတ်ထဲမှာ တစ်ခုခုကို အရမ်းစိုးရိမ်မကင်း ဖြစ်လာတယ်။ ငါ့ရဲ့ အတွင်းစွမ်းအားတွေက တစ်စုံတစ်ခုဆီကို တဖြည်းဖြည်းနဲ့ အစုပ်ယူခံနေရသလိုပဲ။ အရှိန်က မမြန်ပေမဲ့ ပြန်လည်ပြည့်ဖြိုးနှုန်းထက်တော့ ပိုမြန်နေတယ်"
"ဒီအတိုင်းသာ အစုပ်ယူခံနေရရင် ငါ့မှာ စွမ်းအင်တွေ ကုန်ခမ်းသွားလိမ့်မယ်"
လင်ဖုန်းနှင့် ကျန်တဲ့သူများလည်း အခြေအနေကို သတိထားမိသွားကြသည်။
"ငါတို့လည်း ခံစားရတယ် ဒီစွမ်းအားက တကယ့်ကို ထူးဆန်းပြီး ရွံရှာဖို့ကောင်းတဲ့ အငွေ့အသက်တွေပဲ"
ယဲ့ဖျင် : "ငါလည်း တူတူပဲ။ မျက်ခုံးတွေတောင် လှုပ်နေပြီ... ကြီးမားတဲ့ ဘေးအန္တရာယ်တစ်ခုခု ကျရောက်တော့မယ့်အတိုင်းပဲ"
ရွှီရန်က မျက်မှောင်ကြုတ်ကာ "ကျွန်တော်လည်း အနည်းငယ် ခံစားရတယ်။ အပြင်ထွက်ပြီး အခြေအနေကြည့်ရအောင် အပြင်မှာ တစ်ခုခု ပြောင်းလဲသွားပြီ ထင်တယ်"
သူတို့ ၁၆ ယောက်စလုံးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ရင်း တညီတညွတ်တည်း ရေမျက်နှာပြင်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးတက်သွားကြတော့သည်။
တစ်မိနစ်ခန့်အကြာတွင် ပုံရိပ် ၁၆ ခုမှာ ရေထဲမှ ဝုန်းခနဲ ခုန်ထွက်လာကြပြီး လေထဲတွင် ဝဲပျံလျက် ပတ်ဝန်းကျင်ကို စူးစမ်းလိုက်ကြသည်။ သူတို့သည် ရေထဲတွင် ကူးခတ်နေသည့် သစ်သားမိစ္ဆာများကို ရွှေရောင်နှင့် မီးလျှံရောင် အလင်းတန်းများဖြင့် ပေါ့ပေါ့ပါးပါးပင် ရိုက်ချေပစ်လိုက်ကြ၏။
အဖော်သစ်သား ဝါးမြိုခံလိုက်ရပြီ ဖြစ်သော်လည်း ထိုမိစ္ဆာများတွင် အသက်တစ်ချောင်း ကျန်ရှိနေသေးသည်။ သို့သော် အပိုင်းပိုင်းပြတ်သွားချိန်တွင်မူ သူတို့သည် ယခင်ကလို ပြန်လည်ပေါင်းစည်းခြင်း သို့မဟုတ် ရှင်သန်ခြင်း မပြုနိုင်ကြတော့ချေ။
"သူတို့ရဲ့ ပြန်လည်ရှင်သန်နိုင်စွမ်းတွေ ပျောက်ဆုံးသွားပြီ။ တစ်ချက်တည်းနဲ့ သတ်လို့ရပြီ"
လင်ဖုန်းက ခပ်ဖွဖွ ပြုံးလိုက်ရင်း "ကောင်းပြီ ဒါဆို ငါတို့ကို တားဆီးနိုင်မယ့်သူ မရှိတော့ဘူး။ ဒီနောက်ကွယ်က ရန်ငြိုးဖွဲ့နတ်ဘုရားကို နှိမ်နင်းဖို့ပဲ အာရုံစိုက်လို့ရပြီ"
စကားပြောနေစဉ်မှာပင် ရှောင်ရွှေးက ရုတ်တရက် မျက်လုံးပြူးသွားပြီး ကောင်းကင်ယံသို့ လက်ညှိုးထိုးပြလိုက်သည်။
"ဟိုအပေါ်ကို ကြည့်လိုက်ကြဦး အဲဒါ ဘာကြီးလဲ"
နတ်ဘုရားသတ်တပ်ဖွဲ့ ဝင်များအားလုံး ကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြသည်။ ရွှီရန်နှင့် ယဲ့ဖျင်လည်း ထိုနည်းတူပင်။
သူတို့မြင်လိုက်ရသည်မှာ တောက်ပလွန်းသော အနီရောင် လေဆာတန်းကြီးတစ်ခု ကောင်းကင်အဆုံးအထိ တည့်တည့်မတ်မတ် ပစ်ခတ်တက်သွားခြင်းပင်။
ထိုအသံမှာ ကောင်းကင်နှင့် မြေကြီး ပဲ့တင်ထပ်သွားသကဲ့သို့ပင် ကောင်းကင်ယံကြီးမှာ ညည်းတွားနေပြီး မြေပြင်ကြီးမှာလည်း တုန်ခါနေတော့သည်။ ရေကန်မှ ရေများမှာလည်း မီတာ ၁၀၀ ခန့်မြင့်သော လှိုင်းလုံးကြီးများအဖြစ် ရုတ်ခြည်းထကြွလာပြီး အားလုံးကို ရိုက်ချပစ်ရန် ကြိုးစားနေတော့သည်။
ရွှီရန်သည် ဖျတ်ခနဲ ခုန်တက်လိုက်ပြီး မီတာ ၁၀၀ အမြင့်မှနေ၍ အဝေးက အနီရောင်အလင်းတိုင်ကြီးကို စိုက်ကြည့်တော့သည်။