အခန်း (၂၆၈)
Vol. 27 Ch. 268
“ငါတို့ရဲ့ ခန္ဓာကိုယ်ထဲက သွေးစွမ်းအင်တွေကို စုပ်ယူနေတဲ့ ထူးဆန်းတဲ့စွမ်းအားတွေ ပျောက်သွားပြီ ဖျက်ဆီးလိုက်တာ တကယ်ကို ထိရောက်တာပဲ”
“လာကြ အတွင်းထဲဝင်ပြီး တစ်ချက်လောက် ကြည့်ရအောင်။ သတိတော့ ထားကြနော်”
ပြောပြောဆိုဆိုဖြင့် အဖွဲ့သားအားလုံးသည် သွေးလေမီးအိမ် ထွန်းညှိခြင်းအတတ်ကို အသုံးပြုကာ တစ်ဦးနောက်တစ်ဦး စီတန်း၍ အတွင်းသို့ ဝင်ရောက်သွားကြသည်။
မြေပြင်ပေါ်တွင် လဲလျောင်းနေသော နတ်ဘုရားရုပ်တုပျက်ကြီးကို မြင်လိုက်ရချိန်တွင် အားလုံး၏ ရင်ထဲ၌ စိမ့်ခနဲ ခံစားလိုက်ရပြီး ကြောက်စိတ်များပင် ကျန်ရစ်နေခဲ့သည်။
တကယ့်ကို ထူးဆန်းလွန်းလှသည်။
ခန္ဓာကိုယ်တစ်ဝက်သာ ကျန်တော့သည်အချိနိမှာပင် မြွေများ၊ ဝိညာဉ်သရဲများနှင့်တူသော ကျိန်စာသင့်အငွေ့အသက်များကို ထုတ်လွှတ်နေဆဲပင်။
ယဲ့ဖျင်သည် ခပ်ကုန်းကုန်း ထိုင်လိုက်ပြီး အဆောင်တစ်ခုကို ဂရုတစိုက် လှန်ကြည့်
လိုက်သည်။
“ဒီထူးဆန်းတဲ့ ခန္ဓာကိုယ်တစ်ပိုင်း ရုပ်တုကြီးကို အဆောင်တွေနဲ့ ဖုံးအုပ်ထားတာပဲ။ ဒါက အဆောင် ရန်ငြိုးဖွဲ့နတ်ဘုရားရဲ့ လက်ချက်ဖြစ်ရမယ်”
သူနှင့် ရွှီရန်တို့သည် ယခင်ကလည်း ဤကဲ့သို့သော ရုပ်တုမျိုးကို မြင်ဖူးခဲ့ကြသော်လည်း ယခုတစ်ကြိမ်တွင်မူ ပုံစံချင်း ဆင်တူသော်လည်း ညစ်ညမ်းမှုများ စုစည်းထားသည့် အသွင်ဖြင့် ပို၍ပင် ယုတ်မာကောက်ကျစ်သော အငွေ့အသက်များ ရှိနေသည်။
ရွှီရန်သည်လည်း အဆောင်တစ်ခုကို ခွာယူလိုက်ပြီး အပြန်အလှန် အသေအချာ လေ့လာနေမိသည်။
“ဟုတ်တယ်... အဆောင် ရန်ငြိုးဖွဲ့နတ်ဘုရားရဲ့ အငွေ့အသက်တွေ ရှိနေတယ်။ ဟားဟား...”
“အားလုံးပဲ မြန်မြန်လုပ်ကြ။ မပျက်စီးသေးတဲ့ အဆောင်တွေကို အကုန်ခွာယူထားလိုက်ကြ။ ရှောင်ရွှီ လေ့လာဖို့အတွက် သိမ်းထားပေးရမယ်”
လင်ဖုန်းသည် ကပ်ပါးအိတ်ကို ထုတ်ယူလိုက်သည်။
“ကောင်းပြီ”
အဖွဲ့သားအားလုံး အလုပ်ရှုပ်သွားကြတော့သည်။
ရွှီရန်သည် သူ၏လက်ထဲမှ အဆောင်ကို အသေးစိတ် စူးစမ်းနေမိ၏။ ထိုအဆောင်မှာ ညစ်ညမ်းမှုများဖြင့် ပြည့်နှက်နေပြီး ရေးဆွဲပုံမှာလည်း ရှုပ်ထွေးလွန်းလှသည်။ အဆောင် ရန်ငြိုးဖွဲ့နတ်ဘုရား၏ ထူးခြားသော နတ်ပေးစွမ်းရည်များလည်း ကိန်းအောင်းနေသည်ကို တွေ့ရသည်။
“ဒီထဲမှာ ယဇ်ပူဇော်တဲ့ နည်းလမ်းတွေ ပါဝင်နေတယ်။ ခဏလောက် အချိန်ပေးပြီး လေ့လာလိုက်ရင် ကျွန်တော် တတ်မြောက်သွားနိုင်တယ်... ဖြစ်နိုင်ရင် ဒီယဇ်ပူဇော်မှုကို ပြောင်းပြန်လှန်ပြီးတောင် လုပ်လို့ရနိုင်မလားပဲ...”
စဉ်းစားရင်းနှင့် ရွှီရန်သည် ရုတ်တရက် အရာအားလုံးကို မေ့လျော့ကာ စိတ်အာရုံကို အပြည့်အဝ စုစည်းလိုက်တော့သည်။
မကြာမီပင် ရုပ်တုပေါ်ရှိ အဆောင်များအားလုံးကို ဖယ်ရှားပြီးစီးသွားခဲ့သည်။
လင်ဖုန်းက ရွှီရန်၏ ပခုံးကို ပုတ်ကာ “အခုလောလောဆယ်တော့ ဒါကို ထိုင်လေ့လာနေလို့ မရသေးဘူး။ ငါတို့ တခြားရုပ်တုတွေကိုလည်း လိုက်ဖျက်ဆီးဖို့ လိုသေးတယ်” ဟု သတိပေးလိုက်သည်။
ရွှီရန်က အဆောင်ကို ကပ်ပါးအိတ်ထဲသို့ ထည့်လိုက်ရင်း “ကောင်းပါပြီ ဆက်သွားကြစို့” ဟု ပြန်ဖြေလိုက်သည်။
ထိုသို့ဖြင့် အဖွဲ့သားအားလုံးသည် အချိန်ဆွဲခြင်းမရှိဘဲ ခရီးဆက်ခဲ့ကြသည်။ လင်ဖုန်းက ရွှီရန်ကို ပိုး၍ နောက်ထပ် လျှို့ဝှက်နတ်ဘုရားရုပ်တု တည်ရှိရာနေရာများသို့ ဦးတည်လိုက်ကြ၏။
နတ်ဘုရားရုပ်တုများမှာ တစ်ခုပြီးတစ်ခု ပြိုလဲပျက်စီးသွားကြရသည်။ အချို့ရုပ်တုများမှာ ခန္ဓာကိုယ်အောက်ပိုင်း ပျောက်ဆုံးသွားပြီး အချို့မှာ ဒူးဆစ်အထက်မှ ပျက်စီးသွားကာ အချို့မှာမူ ရင်ဘတ်အောက်ပိုင်းမှစ၍ ကြေမွသွားကြသည်။
ရုပ်တုကြီးများမှာ သွေးမျက်ရည်များ ကျဆင်းနေကြရသည်။
သူတို့၏ ကြာပန်းပလ္လင်များ ရိုက်ခွဲခံရပြီး အဆောင်များမှာလည်း အခွါခံရကာ အသိမ်းခံလိုက်ရသည်ကို သူတို့မှာ အားကိုးရာမဲ့စွာ ကြည့်နေရုံမှတစ်ပါး အခြားမရှိချေ။
ထိုနေရာမှ မထွက်ခွာမီ ရွှီရန်သည် အသေးစား သန့်စင်ခြင်း ရတနာအဆောင်တစ်ခုကို လျှို့ဝှက်ဟင်းလင်းပြင်၏ အကာအကွယ်အတားအဆီးပေါ်တွင် ကပ်ထားခဲ့သည်။ ထူးဆန်းသော စွမ်းအင်များမှာ တစ်လက်မချင်းစီ တိုက်စားခံလိုက်ရပြီး ကျင့်ကျိုးတစ်ခွင်ရှိ အနီဖျော့ရောင် အလင်းကွယ်ကာကြီးမှာလည်း တစ်ဖြည်းဖြည်း အရည်ပျော်ကာ အပေါက်ကြီးများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။
“ရှောင်ရွှီ... ဒါက နောက်ဆုံးရုပ်တုပဲလား”
“ဟုတ်တယ်”
ရွှီရန်က ခေါင်းညိတ်ပြလျက် “ပြီးတော့ အတွင်းထဲမှာ အဖော်သစ်သားရှိမရှိ ကျွန်တော် မသိဘူး။ အကယ်၍ မရှိဘူးဆိုရင်တော့... ဒါက ယဇ်ပူဇော်ခြင်း ခင်းကျင်းချက်ရဲ့ အဝါးမြိုတာကို ခံလိုက်ရပြီပေါ့။ တောက်... နှမြောစရာကြီးဗျာ”
ဖြူစင်တဲ့ အဖော်သစ်သားတွေကို ယဇ်ပူဇော်ခြင်း ခင်းကျင်းချက်အတွက် အကုန်သုံးပစ်လိုက်ကြတာလား။
တကယ့်ကို ဖြုန်းတီးလိုက်တာပဲ။
အပုပ်နံ့နံလှချည်လား။
ရွှီရန်၏ မျက်ဝန်းများမှာ အေးစက်သွားပြီး အနောက်ဘက်တောင်တန်းဆီသို့ မျက်နှာကို အနည်းငယ် စောင်းကာ လှည့်ကြည့်လိုက်တော့သည်။
…..
ဤအချိန်တွင် နေဝင်ရိုးရီဆည်းဆာသည် တောင်တန်းများနောက်ကွယ်သို့ လုံးဝဥဿုံ နစ်မြုပ်ကွယ်ပျောက်သွားခဲ့ပြီဖြစ်သည်။
ညဉ့်ကောင်းကင်ယံကြီး၏ အောက်တွင်မူ ပါးလွှာသော အနီရောင်အလင်းကွယ်ကာကြီးမှာ ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံရန် ကြိုးပမ်းလျက် အဆက်မပြတ် ပျံ့နှံ့နေသော်လည်းတစ်ဖက်တွင်မူ ပြိုလဲပျက်စီးလုနီးပါး အခြေအနေသို့ ရောက်ရှိနေသည်။
“ငါ့ရဲ့ အဖော်သစ်သားကို ဝါးမြိုရက်တယ်ပေါ့လေ”
လူငယ်လေးသည် အငြိုးအတေးအနည်းငယ်နှင့်အတူ ဖျက်ဆီးခြင်း ကပ်ဘေးအလင်းကို ပြတ်သားစွာ ထုတ်လွှတ်လိုက်တော့သည်။
တောက်ပလှသော ကပ်ဘေးအလင်းတန်းသည် လူငယ်လေး၏ ခန့်ညားထက်မြက်သော ရုပ်သွင်ကို ထင်ဟပ်စေရုံတင်မကဘဲ သူ၏နောက်ကွယ်ရှိ လူများ၏ မျက်နှာများကိုပါ တစ်ခဏချင်းမှာပင် လင်းထိန်သွားစေခဲ့သည်။
“ဘုန်း”
...
အဝေးတစ်နေရာတွင်မူ ကိုယ်ပေါ်တွင် အဆောင်များဖြင့် ဖုံးလွှမ်းလျက် အရှိန်အဟုန်ဖြင့် ပျံသန်းနေသော အဆောင် ရန်ငြိုးဖွဲ့နတ်ဘုရားသည် ရုတ်တရက်ဆိုသလို သူ၏နှလုံးသားထဲတွင် ဆတ်ခနဲ တုန်ခါသွားသည်ကို ခံစားလိုက်ရ၏။
“တောက်... ယဇ်ပလ္လင်က ပျက်စီးသွားပြီလား ဘယ်လိုဖြစ်နိုင်မှာလဲ အနည်းဆုံးတော့ ခဏလောက် ထပ်ခံဦးမယ်လို့ ငါထင်ထားတာ... လူသား ၃ သန်းတောင် ယဇ်မပူဇော်ရသေးခင်မှာပဲ အဖျက်ဆီးခံလိုက်ရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး”
“တကယ့်ကို မထင်မှတ်ထားစရာပဲ”
“ကံကောင်းတာက ငါ နတ်ဘုရား လေးပါးကို ယဇ်ပူဇော်ခဲ့လို့ပဲ။ သူတို့ရဲ့ စွမ်းအားတွေ ကုန်ခမ်းသွားပေမဲ့ သူတို့ရဲ့ ကံကြမ္မာနဲ့ ကံတရားတွေကတော့ ရှိနေသေးတယ်... ဒါတွေက ကမ္ဘာမြေရဲ့ ကောင်းကင်ယံကို ဆွဲဖြဲပစ်ဖို့ လုံလောက်ပါတယ်”
“ငါ့ရဲ့ ရွေးချယ်မှုက တကယ့်ကို မှန်ကန်ခဲ့တာပဲ”
“ငါ့ကိုယ်ငါတောင် ချီးကျူးမိတယ်”
“သနားစရာကောင်းတဲ့ ငါ့သူငယ်ချင်းအတွက်တော့ နှမြောစရာပါပဲ... ဘယ်သူမှ အဖော်မပါဘဲ တစ်ယောက်တည်း သေဆုံးသွားခဲ့ရရှာတယ်...”
အဆောင် ရန်ငြိုးဖွဲ့နတ်ဘုရားသည် ဝမ်းနည်းပူဆွေးဟန်ဖြင့် သွေးမျက်ရည်များ ကျဆင်းလာပြန်သည်။
“ဒါပေမဲ့ ညီအစ်ကိုရာ... မင်း ဝမ်းမနည်းပါနဲ့။ အရှင်သခင်ဆင်းသက်လာတဲ့အခါ ကျရင်တော့ ကမ္ဘာမြေတစ်ခုလုံးက မင်းနောက်ကို လိုက်ခဲ့ရမှာပါ...”
အဆောင် ရန်ငြိုးဖွဲ့နတ်ဘုရားသည် အလွန်တရာ စိတ်ရင်းမှန်ပြီး လေးနက်လှသော ပူဆွေးမှုများဖြင့် ရေရွတ်လိုက်လေတော့သည်။
အခြားတစ်ဖက်တွင်မူ မြေပြင်ပေါ်၌ အပိုင်းပိုင်းအစစ ကြေမွပျက်စီးနေသော နတ်ဘုရားရုပ်တုကို ကြည့်ရင်း အားဟောင်သည် သက်ပြင်းရှည်ကြီးတစ်ချက်ကို မှုတ်ထုတ်လိုက်သည်။
“ရပ်သွားပြီ။ ကျင်းမြို့တော်ကို လွှမ်းခြုံထားတဲ့ တစ်ဝက်စက်ဝိုင်းပုံစံ အနီရောင်အလင်းလွှာကြီး နောက်ဆုံးတော့ လုံးဝဥဿုံ ပျောက်ကွယ်သွားပြီ”
“ကောင်းကင်ယံကို ဦးတည်ထားတဲ့ ဖျက်ဆီးအားပြင်း အလင်းတန်းကြီးလည်း နောက်ထပ် ဖြစ်ပေါ်လာမှာ မဟုတ်တော့ဘူး။ တကယ်လို့သာ ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ခံရမယ်ဆိုရင် အပေါက်ကြီးက ဆယ်ဆလောက် ပိုကြီးသွားနိုင်တယ်။ အဲဒီအခါကျရင် ကျင်းမြို့တော်က လူတွေတင်မကဘဲ ပတ်ဝန်းကျင် မြို့ကြီးတွေပါ ယဇ်ပူဇော်ခံရမယ့် အခြေအနေပဲ...”
“ကြီးမားတဲ့ ဘေးဒုက္ခကြီးတစ်ခုကို ငါတို့ တားဆီးနိုင်ခဲ့ပြီလား”
ရှောင်ရွှေးသည်လည်း ရင်ထဲမှ အလုံးကြီးကျသွားသကဲ့သို့ သက်ပြင်းချလိုက်မိသည်။ နံနက်မိုးလင်းကတည်းက နေဝင်ရိုးရီတိုင်အောင် သူတို့အားလုံး အနားမနေဘဲ ကြိုးပမ်းခဲ့ကြခြင်းပင်။
လက်တလော ကျရောက်တော့မည့် ကပ်ဘေးကြီးကို အမြစ်ပြတ် တားဆီးနိုင်ခဲ့သော်လည်း ပို၍ကြီးမားသော ဘေးအန္တရာယ်တစ်ခုမှာမူ အရှိန်အဟုန်ဖြင့် စတင်ဖြစ်ပေါ်နေပြီ ဖြစ်သည်။
ယဲ့ဖျင်နှင့် နတ်ဘုရားသတ်တပ်ဖွဲ့ဝင် ၁၄ ဦးစလုံးမှာ အဝေးက ကောင်းကင်ယံဆီသို့ တညီတညွတ်တည်း မော့ကြည့်လိုက်ကြသည်။ လက်မအရွယ်အစားရှိသော ထိုအပေါက်ငယ်လေးအတွင်းမှ နဝမမြောက် ကောင်းကင်ဘုံအထက်မှ ဆေးသုတ်ထားသကဲ့သို့ ပျစ်ချွဲညစ်ညမ်းသော အရည်များ စီးကျနေသည်။ ၎င်းမှာ အပေါ်ယံတွင် အိမ်သာကျင်းတစ်ခု ပေါ်လာသကဲ့သို့ပင် မြင်ရသူအပေါင်းအား ရွံရှာဖွယ်ရာ အတိဖြစ်စေသည်။
အားလုံး၏ မျက်နှာထက်တွင် လေးနက်သော အရိပ်အယောင်များ ဖုံးလွှမ်းသွားတော့သည်။
“အဲဒီညစ်ညမ်းမှုတွေက နောင်ရှန်းတောင်တန်းကြီးရဲ့ ဗဟိုချက်မဆီကို ကျရောက်နေတာပဲ...”
“လူသူမနီးတဲ့ ရှေးဦးတောနက်ကြီးထဲမှာလား”
“ဟုတ်တယ်။ အဆောင် ရန်ငြိုးဖွဲ့နတ်ဘုရားက တကယ့်ကို သေချာတွက်ချက်ထားတာပဲ။ ညစ်ညမ်းမှုတွေကို အရှုပ်ထွေးဆုံး နယ်မြေမှာ အရင်ဆုံး စတင်ပေါ်ပေါက်အောင် လုပ်လိုက်တာ။ မကြာခင်မှာ နောင်ရှန်းတောင်တန်းကြီးဟာ မိစ္ဆာတွေရဲ့ ပျော်စံရာ နယ်မြေတစ်ခု ဖြစ်လာတော့မယ်”
လျိုယန်က အံကြိတ်လျက် “တောက်... ခွေးကောင်တွေ”
“ဒီတိရစ္ဆာန်တွေက တကယ့်ကို ရွံဖို့ကောင်းလွန်းတယ်”
အားလုံး၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများက အထင်အရှား ရှိနေကြသည်။
ရွှီရန်က ကောင်းကင်ယံသို့ တစ်ချက်ကြည့်လိုက်ပြီး “လက်မအရွယ် အပေါက်ကလေးအတွက်ဆိုရင်တော့ ကောင်းကင်ဘုံထိပ်သီးနန်းဆောင်မှာ ကုစားမယ့် နည်းလမ်းတွေ ရှိမှာပါ”
“အဆိုးဆုံး အခြေအနေနဲ့ ကြုံလာရရင်လည်း အဲဒီနေရာမှာပဲ စစ်တလင်းတစ်ခု ဖွင့်လိုက်ကြတာပေါ့”
“ဒါ့အပြင် ကျွန်တော့်ဆီမှာ အသေးစား သန့်စင်ခြင်း ရတနာအဆောင်တွေ ရှိတယ်။ တစ်သောင်းနဲ့ မလုံလောက်ရင် တစ်သိန်း၊ တစ်သိန်းနဲ့ မလုံလောက်ရင် နောက်ထပ် လူတွေကို အဆောင် ရေးဆွဲနည်း သင်ပေးပြီး သန်းနဲ့ချီပြီး ထုတ်လုပ်ပစ်မယ်”
နတ်ဘုရားသတ်တပ်ဖွဲ့ဝင် ၁၄ ဦးစလုံးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။
သူတို့၏ မျက်ဝန်းများတွင် နားလည်သဘောပေါက်မှုများဖြင့် အရောင်တလက်လက် တောက်ပလာသည်။
“ဟုတ်သားပဲ... ရှောင်ရွှီရဲ့ အဆောင်တွေက နတ်ဘုရားအဆင့် ရတနာတွေပဲလေ”