အခန်း (၁၅၇)
Vol. 16 Ch. 157
နေ့လယ်စာ စားပြီးနောက် ပန်းထိုးဆိုင်မှ ထွက်လာကြသောအခါ ရှု့ရွှယ်သည် ကျန်းနျန်နှင့်အတူ လမ်းလျှောက်လာသည်။ ကျန်းနျန်၏ လက်ကောက်ဝတ်ရှိ ငွေဖြူရောင် နာရီကို မြင်သောအခါ သူမသည် ကျန်းနျန်၏ လက်ကို ကိုင်ကာ အားကျမဆုံး ဖြစ်နေသည်။ "ဒါက ယွမ် ရာဂဏန်းလောက် ပေးရမှာပဲ၊ အရမ်း ဈေးကြီးတာပဲ။"
သူမ ၎င်းကို ကုန်တိုက်တစ်ခုတွင် ယခင်က မြင်ဖူးသည်။ ၎င်းမှာ အလွန် ဈေးကြီးလှသည်။ သူမ ၎င်းကို ဝယ်နိုင်ရန် တစ်နှစ်ပတ်လုံး ပန်းထိုးရလိမ့်မည်။ ထိုသို့ဆိုလျှင်ပင် သူမသည် ပိုက်ဆံစုပြီး ပန်းထိုးနေရဦးမည် ဖြစ်သည်။
ကျန်းနျန်သည် ခဏမျှ ကြောင်တောင်တောင် ဖြစ်သွားပြီး သူမ၏ လက်ကောက်ဝတ်ရှိ ငွေဖြူရောင် နာရီကြိုးလေးကို ငုံ့ကြည့်မိသည်။ လုယွီက သူမကို ပတ်ပေးကတည်းက ရေချိုးချိန်မှလွဲ၍ ကျန်သည့်အချိန်တိုင်း သူမ ဝတ်ထားခဲ့ခြင်းဖြစ်သည်။ ဤနာရီက ဘယ်လောက်တန်လဲဆိုသည်ကိုမူ သူမ လုယွီကို တစ်ခါမျှ မမေးခဲ့ဖူးပေ။
နောက်ပြီး... သူ၏ ပိုက်ဆံအားလုံးမှာလည်း သူမဆီမှာပဲ အပ်ထားတာ မဟုတ်ပါလား။ သူက နာရီဝယ်ဖို့ ပိုက်ဆံကို ဘယ်ကနေ ရလာတာလဲ။
ကျန်းနျန်သည် မျက်ခုံးလေး ပင့်လိုက်ပြီး သူမ၏ နောက်တွင် ရှိနေသော လုယွီကို လှည့်ကြည့်လိုက်သည်။ ထိုအမျိုးသားမှာ အရပ်ရှည်ပြီး ခြေတံရှည်သည်။ စစ်စိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်တိုတိုမှာ စူးရှနေသည်။ သူ၏ အေးစက်သော မျက်ခုံးများကြားတွင် အပြုံးရိပ်များ ပြည့်နှက်နေသည်။ တကယ့်ကို ရုပ်ရည်ချောမောပြီး ဇာတ်လိုက်တစ်ယောက် ရှိသင့်သည့် အားသာချက်အားလုံးနှင့် ပြည့်စုံသူပင် ဖြစ်သည်။
ကျန်းနျန် - ပိုက်ဆံတွေ ဝှက်ထားတာလား။
ယခုတစ်ခေါက်တွင် ကျန်းနျန် ပန်းထိုးရန် မလိုသေးပေ။ တိန်ခဲ့ ရောက်လာပြီး အခြေအနေကို ကြည့်ပြီးမှသာ သူမ ဆုံးဖြတ်မည် ဖြစ်သည်။ သို့သော် လုယွီ ရောက်လာစဉ်မှာပင် ကောမိန်က ကျန်းနျန်၏ ပန်းထိုးစင်ကို အိမ်သို့ ပြန်သယ်သွားရန် လုယွီကို ခိုင်းလိုက်သည်။ ပန်းထိုးစင်မှာ အတော်လေး လေးလံလှသည်။ ဖန်ရှန်းနှင့် ရှု့ရွှယ်တို့သည် လုယွီကို ကူချင်ကြသော်လည်း လုယွီကမူ လက်နှစ်ဖက်ဖြင့် မကာ အလွယ်တကူပင် အပြင်သို့ သယ်ထုတ်သွားခဲ့သည်။
ရှု့ရွှယ် - ....
ဖန်ရှန်း - ....
သူက တကယ်ကို ခွန်အားကြီးတာပဲ။
ကောမိန်က ကျန်းနျန်ကို အနီရောင် စာအိတ်နှစ်အိတ် ပေးလိုက်ရာ ကျန်းနျန် ခဏမျှ မှင်တက်သွားသည်။ ကောမိန်က ပြောသည်။ "တစ်ခုက ပန်းထိုးတဲ့အတွက် နင့်ရဲ့ လုပ်အားခ၊ နောက်တစ်ခုကတော့ အိမ်ပြန်လာတဲ့အတွက် ငါပေးတဲ့ လက်ဖွဲ့စာအိတ်ပဲ။ ဒီလက်ဖွဲ့ကိုတော့ နင် သေချာပေါက် လက်ခံရမယ်။"
ကျန်းနျန် မျက်တောင်တဖျတ်ဖျတ် ခတ်ရင်း ကောမိန်ကို မော့ကြည့်ကာ ခေါ်လိုက်မိသည်။ "အစ်မကော..."
သူမ၏ စကားများမှာ လည်ချောင်းထဲတွင် တစ်ဆို့သွားပြီး မည်သို့ ဆက်ပြောရမည်ကို မသိတော့ပေ။
ကောမိန်က စာအိတ်နှစ်အိတ်ကို ကျန်းနျန်၏ လက်ထဲသို့ ထည့်ပေးလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။"ကောင်းပြီ... မြန်မြန် ပြန်ကြတော့။"
"ကျေးဇူးတင်ပါတယ် အစ်မကော။"
ကျန်းနျန် စာအိတ်များကို သိမ်းဆည်းလိုက်ပြီး ကောမိန်ကို လက်ပြနှုတ်ဆက်ကာ ကားပေါ်တက်ပြီး ထွက်ခွာလာခဲ့သည်။
ကားမှာ စခန်းရှိရာဘက်သို့ ဦးတည်မောင်းနှင်နေပြီး မှန်ပြတင်းပေါက်များကို ပိတ်ထားသည်။ ကျန်းနျန်က ကားမောင်းနေသော လုယွီကို ဘေးတိုက် လှည့်ကြည့်လိုက်သည်။ ထိုအမျိုးသား၏ ဘေးတိုက်ရုပ်သွင်မှာ ထင်ရှားပြတ်သားလှသည်၊ မပြုံးထားချိန်တွင် သူ၏ မျက်ခုံးများမှာ အေးစက်စူးရှနေပြီး မျက်ဝန်းများမှာလည်း အနည်းငယ် အလှမ်းဝေးသကဲ့သို့ ခံစားရစေသည်။
လုယွီသည် ကျန်းနျန်၏ အကြည့်ကို သတိထားမိသည်မှာ ကြာပြီဖြစ်သဖြင့် သူမဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ၏ မျက်ခုံးများကြားမှ အပြုံးရိပ်ကြောင့် မျက်ဝန်းထဲမှ အေးစက်မှုများမှာ ခဏလေးအတွင်း လျော့ပါးသွားရသည်။
"ဘာဖြစ်လို့လဲ။"
ကျန်းနျန် နှုတ်ခမ်းလေးကို စေ့ထားမိပြီး လုယွီ ရှေ့သို့ ပြန်ကြည့်လိုက်ချိန်မှ မေးလိုက်သည်။ "ရှင် ကိုယ်ပိုင် ပိုက်ဆံတွေ ဝှက်ထားတာလား။"
လုယွီ - …
သူသည် ကျန်းနျန် ဆိုလိုသည်ကို နားလည်သွားပြီး ပြုံးကာ ပြောလိုက်သည်။ "မနှစ်က ခြောက်လလောက် အပြင်သွားတုန်းက ရခဲ့တဲ့ လစာနဲ့ ထောက်ပံ့ကြေးတွေကို မင်းကို မပေးရသေးလို့ပါ။"
ကျန်းနျန်က သူ့ကို လှည့်ကြည့်လိုက်ရာ လုယွီက ဆက်ပြောခဲ့သည်။ "ဒီနှစ် မင်္ဂလာဆောင်အတွက် စုထားတာလေ။"
ကျန်းနျန် နှုတ်ခမ်းလေးစေ့ကာ ပြုံးလိုက်ပြီး ရှေ့က လမ်းကို ပြန်ကြည့်နေမိသည်။ မမျှော်လင့်ဘဲ လုယွီက ထပ်၍ မေးခွန်းထုတ်လာခဲ့သည်။ "ဘယ်အပ်ချုပ်ဆရာက မင်းကို ပန်းထိုးပညာ သင်ပေးခဲ့တာလဲ"
ကျန်းနျန်သည် မျက်တောင်ကို တဖျတ်ဖျတ်ခတ်ရင်း ရှေ့ကလမ်းကို ငေးကြည့်နေမိပြီး ခဏမျှ စကားမပြောနိုင်ဘဲ ဖြစ်နေသည်။
ပြီးခဲ့သည့်တစ်ခေါက် ကျန်းမိသားစုထံ အကြွေးသွားတောင်းစဉ်ကပင် လုယွီသည် သူမ၏ အကြောင်းများကို ပို၍ သိနေပုံရသည်။ ဤခေတ်ကာလတွင် မည်သည့်ရွာ၌မဆို အပ်ချုပ်သည် သို့မဟုတ် ပန်းထိုးသည် ရှိပါက ၎င်းမှာ လူတိုင်းလိုချင်သော အလုပ်အကိုင်မျိုး ဖြစ်သည်။ အနီးနားရှိ ရွာများတွင် မည်သည့်ရွာ၌ အပ်ချုပ်သည်ရှိသည်ကို မည်သူက မသိဘဲ ရှိပါမည်နည်း။
ဤကိစ္စတွင် ပန်းထိုးဆိုင်က လူများကို လှည့်ဖြားရန် လွယ်ကူသော်လည်း လုယွီကို လိမ်ရန်မှာမူ မဖြစ်နိုင်ပေ။ သူသည် အမြဲတမ်း ထက်မြက်ပြီး သူမ၏ နောက်ကြောင်းကိုလည်း ကောင်းကောင်းသိရှိထားသူ ဖြစ်သည်။ ကျန်းနျန်သည် ဦးနှောက်ကို အစွမ်းကုန်အသုံးချကာ နောက်ဆုံးတွင်မူ သူမ၏ စကားအတိုင်းပင် "ကျွန်မဘာသာ သင်ယူခဲ့တာပါ။"
"ကိုယ်တိုင်သင်တာလား..."
လုယွီက ထိုစကားကို ထပ်ရွတ်လိုက်ရာ သူ၏လေသံထဲတွင် နက်နဲသော အဓိပ္ပာယ်များ ပါဝင်နေသကဲ့သို့ ကျန်းနျန် ခံစားလိုက်ရသည်။
"မရီး..."
လုယွီက ရုတ်တရက် သူမကို ဤသို့ ခေါ်လိုက်သည်။ ကျန်းနျန်၏ ရင်ခုန်သံ တုန်ရင်သွားပြီး သူ့ကို လှည့်ကြည့်ကာ နှုတ်ခမ်းလေးကို အနည်းငယ် စေ့လိုက်သည်။ "ကျွန်မကို မရီးလို့ မခေါ်ပါနဲ့တော့။"
ဤသို့ ပြောပြီးနောက် သူမသည် ပြတင်းပေါက်အပြင်ဘက်သို့ လှည့်ကြည့်လိုက်ရာ ပါးပြင်နှစ်ဖက်မှာ အကြောင်းပြချက်မရှိဘဲ ပူထူလာခဲ့သည်။
အရင်က ခေါ်ဝေါ်လျှင် အဆင်ပြေခဲ့သော်လည်း သူတို့နှစ်ဦး လက်ထပ်ပြီးနောက် လုယွီ၏ နှုတ်ဖျားမှ ထိုသို့ခေါ်သံမှာ ခံစားချက်ချင်း ကွာခြားသွားရသည်။
လုယွီက ခပ်ဖွဖွ ပြုံးပြီး ထပ်မမေးတော့ပေ။
ကားသည် စစ်အခြေစိုက်စခန်းသို့ ပြန်ရောက်လာခဲ့သည်။ လုယွီက ကျန်းနျန်ကို မိသားစု အဆောင်သို့ ပို့ပေးပြီး ပန်းထိုးစင်ကို တတိယထပ်သို့ သယ်ပေးခဲ့သည်။ ထို့နောက် သူသည် ကားပြန်အပ်ရန် အောက်ထပ်သို့ ဆင်းသွားသည်။ ကျန်းနျန်သည် အိမ်ထဲသို့ ပြန်ဝင်ကာ ခဏမျှ ထိုင်နားနေမိသည်။ သူမသည် တစ်ကိုယ်လုံးတွင် တစ်မျိုးကြီးဖြစ်ကာ သက်တောင့်သက်သာ မရှိသလို ခံစားနေရသည်။
"ကျန်းနျန် အိမ်မှာ ရှိလား။"
တံခါးခေါက်သံ ကြားလိုက်ရသည်။ ကျန်းနျန်သည် သူမ၏ ခါးကို နှိပ်နယ်ရင်း တံခါးသွားဖွင့်ပေးလိုက်သည်။ အပြင်တွင် ရပ်နေသူမှာ ထျန်မိုင်နှင့် သူမ၏ သမီးနှစ်ယောက် ဖြစ်သည်။ ထျန်မိုင်သည် ချဉ်ဖတ်အိုးလေးတစ်လုံးကို ကိုင်ထားခဲ့သည်။ "နင့်ကို လာတွေ့တာ၊ အဆင်ပြေရဲ့လားလို့။"
ကျန်းနျန် ပြုံးပြလိုက်သည်။ "ဝင်လာခဲ့လေ။"
ထျန်မိုင်နှင့် သမီးနှစ်ယောက်က အိမ်ထဲဝင်လာခဲ့သည်။ ကျန်းနျန်က သူတို့ကို ထိုင်ခုံများတွင် ထိုင်ခိုင်းလိုက်ပြီး စားပွဲပေါ်မှ သကြားလုံးနှင့် ဘီစကစ်အချို့ကို ယူကာ နင်ရှို့နှင့် နင်ချန့်တို့ ရှေ့တွင် ချပေးလိုက်သည်။ "အန်တီကျန်းအိမ်မှာ အားမနာနဲ့နော်၊ ဒါတွေက သမီးတို့စားဖို့ ပြင်ထားတာ။"
နင်ချန့်က ကျန်းနျန်ကို အရင်ကြည့်ပြီးနောက် ထျန်မိုင်ကို ကြည့်လိုက်သည်။ ထျန်မိုင် ပြောလိုက်သည်။ "အန်တီကျန်းက သမီးတို့အတွက် ပြင်ပေးထားတာ၊ စားလိုက်လေ။"
နင်ရှို့မှာမူ လက်ချောင်းလေးများကို တစ်ခုနှင့်တစ်ခု လိမ်ယှက်ထားပြီး ခေါင်းငုံ့ထားကာ တုံ့ဆိုင်းနေမိသည်။ နင်ချန့်မှာမူ အနည်းငယ် ပို၍ သတ္တိရှိသည်။ သူမက အန်တီကျန်းကို ကျေးဇူးတင်စကား ပြောကာ သကြားလုံးတစ်လုံးယူ၊ အခွံနွှာပြီး နင်ရှို့ကို ပေးလိုက်သည်။ "အစ်မ... သကြားလုံးစားဦး။"
ထိုအခါမှသာ နင်ရှို့က လက်လှမ်းယူလိုက်သည်။ နင်ချန့်က နောက်ထပ် သကြားလုံးတစ်လုံးကို ယူကာ ကိုယ်တိုင် အခွံနွှာစားလိုက်သည်။
ကျန်းနျန် မျက်မှောင် အနည်းငယ် ကြုတ်မိသွားသည်။ နင်ရှို့တွင် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားရသည်။ နောင်တစ်ချိန်တွင် သူမသည် အလုပ်သွားလုပ်သည်ဖြစ်စေ၊ အိမ်ထောင်ကျသည်ဖြစ်စေ ဒုက္ခရောက်နိုင်ပေသည်။ ဤကလေးမလေး၏ စရိုက်မှာ သူတို့၏ အဖွားဖြစ်သူနှင့် များစွာ ပတ်သက်နေနိုင်ပေသည်။
ထျန်မိုင် ပြောလိုက်သည်။ "ငါ ပဲတောင့်ရှည်ချဉ်နဲ့ ငရုတ်သီးချဉ်တွေ ယူလာပေးတယ်၊ ဒါတွေက ပြောင်းဖူးပန်ကိတ်နဲ့ တွဲစားရင် အရမ်းကောင်းတာ။ အားမနာဘဲ စားလိုက်နော်။"
ကျန်းနျန် ပြုံးလိုက်သည်။ "ဘာလို့ အားနာရမှာလဲ။ အိမ်မှာလည်း ဟင်းသီးဟင်းရွက် မရှိတာနဲ့ အတော်ပဲ။ အစ်မထျန်ကိုပဲ ကျေးဇူးတင်ရမှာပါ။"
နင်ချန့်က ဘီစကစ်တစ်ခုကို ယူပြီး နှစ်ခြမ်းခွဲကာ တစ်ဝက်ကို နင်ရှို့ကို ပေးသော်လည်း နင်ရှို့က ခေါင်းခါပြကာ လက်မခံပေ။
ထျန်မိုင်မှာ ယွီရှ၏ အပြုအမူကို ကျင့်သားရနေပုံရပြီး စိတ်ထဲမထားပေ။ ကျန်းနျန်က မေးလိုက်သည်။ "အစ်မထျန် ကလေးမလေးနှစ်ယောက်က ညဘက်ဆို ယောက္ခမနဲ့ အတူအိပ်တာလား။"
သူမ၏ ယောက္ခမအကြောင်း ပြောလိုက်သည်နှင့် ထျန်မိုင်၏ လေသံမှာ ပြောင်းလဲသွားသည်။ "အိမ်မှာက အခန်းနှစ်ခန်းပဲ ရှိတာဆိုတော့ သူနဲ့ပဲ အိပ်ရတာပေါ့။ သူက ဒီသားတစ်ယောက်တည်း ရှိလို့သာပေါ့၊ မဟုတ်ရင် ငါ သူ့ကို သူ့ဇာတိရွာဆီ ပြန်ပို့လိုက်တာ ကြာလှပြီ။ ငါတို့ဆီ ပြောင်းလာကတည်းက အိမ်မှာ တစ်ခါမှ မပျော်ရဘူး။ သားမမွေးနိုင်လို့ဆိုပြီး နေ့တိုင်း အပြစ်တင်နေတာ။ သူ့လို စရိုက်မျိုးနဲ့ဆို ဘယ်မိသားစုက သားကများ ငါ့ဝမ်းထဲကို ဝင်ရဲမှာလဲ။"
ထျန်မိုင်၏ စကားကြောင့် ကျန်းနျန် ရယ်ချင်စိတ်ကို အောင့်ထားလိုက်ရသည်။
သူမသည် နင်ရှို့အကြောင်း ပိုမေးချင်သော်လည်း ပထမဆုံးတွေ့ဆုံခြင်း ဖြစ်သဖြင့် ပို၍ မမေးတော့ရန် ဆုံးဖြတ်လိုက်သည်။
ခဏမျှ ထိုင်ပြီးနောက် ထျန်မိုင် ပြန်သွားခဲ့သည်။ သူမ ပြန်သွားချိန်အထိ နင်ရှို့မှာ ခေါင်းငုံ့ထားဆဲဖြစ်ပြီး ဘာမှမပြောခဲ့ပေ။
ကျန်းနျန်သည် ဤကလေးမလေးတွင် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ရှိနေမည်ကို တကယ်ပင် စိုးရိမ်မိသည်။ အဖွားဖြစ်သူနှင့် တစ်ခန်းတည်း နှစ်ပေါင်းများစွာ အတူနေထိုင်ခြင်းမှာ ဤကလေးနှစ်ယောက်၏ စိတ်ဓာတ်အပေါ် မည်သို့ သက်ရောက်မှုရှိမည်ကို မည်သူသိနိုင်မည်နည်း။ အချို့က ဖိအားကို ကောင်းစွာ ခံနိုင်ရည်ရှိသော်လည်း အချို့မှာမူ ပို၍ ထိခိုက်လွယ်တတ်ကြသည်။
နင်ရှို့နှင့် နင်ချန့်တို့မှာ ယင်း၏ ဥပမာများပင် ဖြစ်သည်။
မိုးစပြုလာချိန်မှသာ လုယွီ ပြန်ရောက်လာသည်။ သူသည် ဟင်းသီးဟင်းရွက်များ၊ အသားများ၊ ဂျုံမှုန့်နှင့် ပြောင်းဖူးမှုန့်များကို ဝယ်လာခဲ့ပြီး မီးဖိုချောင်ရှိ ဗီရိုများကို တစ်ခါတည်း ဖြည့်လိုက်သည်။ ကျန်းနျန်က မီးဖိုချောင် တံခါးဝသို့ ဖြည်းဖြည်းချင်း လျှောက်သွားကာ တံခါးဘောင်ကို မှီရင်း မျက်တောင်ခတ်လိုက်သည်။ "ဘာလို့ အများကြီး ဝယ်လာတာလဲ။"
လုယွီ ပြောလိုက်သည်။ "ခဏနေရင် ကုရှစ်ကျိုးနဲ့ တခြားလူတွေ လာကြလိမ့်မယ်။"
ကျန်းနျန် ထိုစကားကို ကြားသော် ပြောလိုက်သည်။ "ဒါဆိုရင် ကျွန်မ ထမင်းချက်လိုက်မယ်။"
သူမသည် နံရံတွင် ချိတ်ထားသော အေပရွန်ကို ယူကာ ခါးတွင် ပတ်လိုက်သည်။ အဝတ်စ၏ ကြိုးပါးပါးလေးမှာ သူမ၏ သွယ်လျသော ခါးလေးကို ပို၍ ပေါ်လွင်စေသည်။ သူမသည် အောက်ဘက် ဗီရိုမှ ဓားကိုယူရန် ငုံ့လိုက်စဉ် လုယွီက ရုတ်တရက် သူမကို ပွေ့ချီလိုက်သည်။ ကျန်းနျန်မှာ အံ့အားသင့်ကာ အော်လိုက်မိပြီး သူမ၏ ကျောပြင်မှာ လုယွီ၏ နွေးထွေးသော ရင်ခွင်နှင့် တင်းတင်းကြပ်ကြပ် ထိကပ်သွားသည်။
သူမသည် လုယွီ၏ လက်မောင်းကို စိုးရိမ်တကြီး ဆုပ်ကိုင်လိုက်သည်။ "ကျွန်မ ထမင်းချက်ရဦးမယ်လေ။"
သူမသည် ထိုကိစ္စကို လုပ်မည့်အစား ထမင်းချက်ရသည်ကို ပို၍ နှစ်သက်သည်။
ထိုနေရာမှာ နာကျင်နေဆဲဖြစ်ပြီး သူမအနေဖြင့် ငြင်းဆန်ချင်စိတ်ပင် ရှိနေသည်။
လုယွီ ပြောလိုက်သည်။ "ကိုယ်လုပ်လိုက်မယ်။"
ကျန်းနျန် - ....
သူသည် သူမကို ပြန်ပြောရန် အခွင့်အရေးပင် မပေးခဲ့ပေ။ လုယွီကို ဤသို့ တွေးမိအောင် သူမ ဘာလုပ်လိုက်မိလဲဆိုသည်ကိုလည်း ကျန်းနျန် မသိပေ။ သူမကို မီးဖိုချောင် စားပွဲပေါ်တွင် တင်လိုက်ချိန်၌ သူမတွင် ကျန်နေသည်မှာ အဆိုပါ အေပရွန် တစ်ခုသာ ဖြစ်သည်။
ထိုအချိန်တွင် ရာသီဥတုမှာ အေးနေဆဲဖြစ်ပြီး အဆိုပါ အေပရွန်လေးမှာ အနွေးဓာတ် လုံးဝမပေးနိုင်ပေ။ ဤအဝတ်စက ဘာကိုများ ကာကွယ်ပေးနိုင်မည်နည်း။
ကျန်းနျန် ရှက်သွေးဖြာသွားပြီး လုယွီ၏ ရင်ခွင်ထဲတွင် ပုန်းလျှိုးရန် ကြိုးစားလိုက်သည်။ သူက သူမ၏ နားနားတွင် ခပ်တိုးတိုး ကပ်ပြောလိုက်သည်။ "စိတ်မလောပါနဲ့ဦး။"
ကျန်းနျန် - !!!
"ကျွန်မ ချမ်းတယ်။"
တကယ်ပင် ချမ်းနေခြင်း ဖြစ်သည်။
တိုက်ပွဲအပြီးတွင် ကျန်းနျန်သည် ကုတင်ပေါ်၌ အားအင်ကုန်ခမ်းစွာ လှဲလျောင်းနေရပြီး လက်ကောက်ဝတ်တွင် ချိတ်နေဆဲဖြစ်သော အဝတ်စကြိုးလေးမှာ သနားစရာကောင်းလောက်အောင် လှုပ်ခါနေသည်။ လုယွီက အဝတ်စကို ဖယ်ရှားပြီး သူမ၏ နှုတ်ခမ်းကို နမ်းလိုက်သည်။ "ကိုယ် သွားချက်လိုက်မယ်။"
ဤသို့ပြောပြီးနောက် သူသည် လန်းဆန်းတက်ကြွစွာဖြင့် ထွက်သွားတော့သည်။
ပြီးခဲ့သည့်တစ်ခေါက် ဖန့်မိန် အိမ်အပြင်ဘက်တွင် လုယွီ ပြောခဲ့သော "လက်ထပ်ပြီးရင် အမှန်တရားက ပေါ်လာမှာပါ" ဆိုသည့် စကား၏ အဓိပ္ပာယ်ကို ကျန်းနျန် ယခုမှ နားလည်သွားတော့သည်။
သူသည် သူ၏ လုပ်ဆောင်ချက်များဖြင့် သူ ဘယ်လောက် စွမ်းဆောင်နိုင်ကြောင်းကို သူမကို ပြောပြနေခြင်း ဖြစ်သည်။
လက်ထပ်ပြီး နှစ်ရက်အကြာမှာတင် သူမသည် တစ်ကိုယ်လုံး ပင်ပန်းနွမ်းနယ်နေသလို ခံစားနေရသည်။ သူမသည် နှာချေမိပြီး ကုတင်ပေါ်တွင် လှဲနေရင်း မည်သည့်အချိန်တွင် အိပ်ပျော်သွားသည်ကို မမှတ်မိတော့ပေ။
ဝေဝေဝါးဝါးဖြင့် အပြင်ဘက်မှ ရယ်မောသံများကို ကြားလိုက်ရသည်။ လုယွီက "ရေယူလာခဲ့" ဟု ပြောသံကိုလည်း ကျန်းနျန် ကြားလိုက်ရသည်။
"တပ်ရင်းမှူးလု မရီးက အိပ်နေတုန်းပဲလား။"
"တပ်ရင်းမှူးလု ခင်ဗျားက တကယ်ကို အံ့သြစရာပဲ။"
ချန်ယောင်၏ အသံနှင့် သူမ မသိသော အခြားအသံအချို့ကိုလည်း ကြားနေရသည်။
ကျန်းနျန် - ....
လုယွီက ခပ်အေးအေးပင်။ "သူမ ဒီနေ့ လမ်းလျှောက်တာ များသွားလို့ ပင်ပန်းသွားတာ။"
ကျန်းနျန် - ....
လူလိမ်။
အခန်းထဲတွင် မီးမထွန်းထားသော်လည်း ကံကောင်းသည်မှာ ပြတင်းပေါက်မှ လရောင်ဝင်နေသဖြင့် အလင်းရောင် အနည်းငယ် ရရှိနေသည်။ ကျန်းနျန်သည် ထရန် ကြိုးစားလိုက်သည်။ မလှုပ်မချင်း အဆင်ပြေသော်လည်း လှုပ်လိုက်သည်နှင့် တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။ တစ်ကိုယ်လုံး ကိုက်ခဲနေရုံသာမက ထိုနေရာမှာလည်း သက်တောင့်သက်သာ မရှိဘဲ နာကျင်နေသည်။
သူမသည် ကုတင်ပေါ်တွင် ခဏမျှ လှဲနေပြီးနောက် ဖြည်းဖြည်းချင်း ထကာ လည်သာဆွယ်တာ တစ်ထည်ကို ဝတ်ပြီး အပြင်ထွက်ရန် ဆုံးဖြတ်လိုက်သည်။ လုယွီ၏ ရဲဘော်များ သူတို့အိမ်သို့ ပထမဆုံးအကြိမ် ထမင်းလာစားခြင်းဖြစ်ရာ သူမအနေဖြင့် ကုတင်ပေါ်တွင် လှဲမနေချင်ပေ။ သူမသည် ဆံပင်ကို ဖြီးသင်ကာ တံခါးဖွင့်ပြီး ထွက်လာခဲ့သည်။
အပြင်ဘက်တွင် လူအချို့ ထိုင်နေကြသည်။ သူမသည် ကုရှစ်ကျိုးနှင့် ချန်ယောင်ကိုသာ သိပြီး ကျန်သုံးယောက်မှာ သူစိမ်းများ ဖြစ်သည်။ တံခါးဖွင့်သံ ကြားလိုက်သည်နှင့် သူတို့အားလုံးသည် တံခါးဘောင်ကို ကိုင်ကာ ရပ်နေသော ကျန်းနျန်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
သူမသည် ပန်းနုရောင် လည်သာဆွယ်တာနှင့် ဘောင်းဘီရှည်ကို ဝတ်ထားသည်။ ကျပ်ထုတ်နေသော ဆွယ်တာမှာ သူမ၏ သွယ်လျသော ခါးလေးကို ပေါ်လွင်စေပြီး ခြေတံများမှာလည်း သွယ်လျလှသည်။ တပ်ရင်းမှူးလုသည် သူမ၏ ခြေသလုံးကို လက်တစ်ဖက်တည်းဖြင့်ပင် ချိုးပစ်နိုင်လောက်သည်ဟု သူတို့ တွေးမိကြသည်။
ကျန်းနျန်တွင် ဖြူစင်သော အသားအရေရှိပြီး ဝါကျင်ကျင် မီးသီးအလင်းရောင်အောက်တွင်ပင် သူမသည် နှင်းကဲ့သို့ ဖြူဖွေးကာ ဆွဲဆောင်မှု ရှိနေသည်။ သူမသည် ဆံပင်ကို ထုံးထားပြီး ခုမှ နိုးလာကာစ ဖြစ်သဖြင့် သူမ၏ မျက်တောင်လေးများမှာ စင်းကျနေသည်။ အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် သူမသည် လူတစ်ဦးကို နူးညံ့ပြီး အနိုင်ကျင့်ရလွယ်သော ပုံစံမျိုး ခံစားရစေသည်။ ကုရှစ်ကျိုးက ခေါင်းညိတ်ပြီး ကျန်းနျန်ကို နှုတ်ဆက်ခဲ့သည်။ "ခယ်မလေး။"
ဤသို့ ပြောပြီးနောက် သူသည် အကြည့်ကို အခြားနေရာသို့ လွှဲလိုက်သည်။
ကျန်လူများကလည်း လိုက်၍ နှုတ်ဆက်ခဲ့ကြသည်။ "မရီး။"
ကျန်းနျန်လည်း ပြုံးလျက် နှုတ်ဆက်လိုက်သည်။ "မင်္ဂလာပါ။"
သူမ၏ လည်ချောင်းမှာ အနည်းငယ် ခြောက်သွေ့ကာ နာနေသဖြင့် သက်တောင့်သက်သာ မရှိပေ။
ချန်ယောင် ပြောလိုက်သည်။ "မရီး... ကျွန်တော်တို့ကို ဟင်းတစ်ခွက်လောက် ချက်ပေးပါဦးလား။ ကျွန်တော်ကတော့ မရီးရဲ့ လက်ရာက နိုင်ငံပိုင် စားသောက်ဆိုင်တွေထက်တောင် ပိုကောင်းတယ်လို့ ကြွားထားတာ။ ဒီနေ့ လာတဲ့သူတွေ အားလုံးက မရီးရဲ့ လက်ရာကို မြည်းကြည့်ချင်နေကြတာ။"
ကျန်းနျန် ပြုံးလိုက်သည်။ "ရတာပေါ့၊ ပြဿနာမရှိပါဘူး။"
ချန်ယောင်က ထိုသို့ ကြွားထားသည်ဖြစ်ရာ သူမအနေဖြင့် တစ်ခုခု ချက်ကျွေးရန် တာဝန်ရှိသည်ဟု ခံစားရသည်။
လုယွီသည် သူမ ထွက်လာသည်ကို မြင်သောအခါ သူမ၏ ဖြူဖျော့ပြီး ပင်ပန်းနေသော မျက်နှာကို တစ်ချက်ကြည့်ကာ ခပ်တိုးတိုး မေးခဲ့သည်။ "အဆင်ပြေရဲ့လား။"
ကျန်းနျန်က နှုတ်ခမ်းကို ရုတ်တရက် စေ့လိုက်ပြီး သူ့ကို မော့ကြည့်ကာ ပြန်မေးလိုက်သည်။ "ရှင်ကရော အဆင်ပြေရဲ့လား။"
လုယွီက မျက်ခုံးလေး ပင့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်တွင် လျှို့ဝှက်ဆန်းပြားသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။ "မင်းကရော ထပ်ပြီး စမ်းကြည့်ချင်သေးလို့လား။"
ကျန်းနျန် - ....
သူမ ထိုသို့ မပြောခဲ့သင့်ပေ။