← Chapters

အခန်း (၁၅၉)

Vol. 16 Ch. 159

အခန်း (၁၅၉)

Vol. 16 Ch. 159

ကျန်းနျန် ယနေ့ ဆေးရုံဆင်းသဖြင့် ကုရှစ်ကျိုးက ကားမောင်းလာပေးသည်။ သူတို့သုံးဦး နိုင်ငံပိုင် စားသောက်ဆိုင်တွင် မနက်စာစားပြီးနောက် အိမ်ပြန်လာကြသည်။ ကားပေါ်မှ ဆင်းချိန်တွင် တပ်ရင်းမှူးဟဲနှင့် ချန်ယောင်တို့နှင့် ဆုံခဲ့သည်။

တပ်ရင်းမှူးဟဲက ကျန်းနျန်၏ သွယ်လျသော လက်မောင်းနှင့် ခြေထောက်များကို ကြည့်ကာ ပြောလိုက်သည်။ "မင်းရဲ့ ခန္ဓာကိုယ်က အရမ်းအားနည်းတာပဲ။ လေလေး တိုက်လိုက်တာနဲ့ အအေးမိပြီး ဖျားကုန်ရော။ ငါ့အထင်တော့ လုယွီက မင်းကို ခန္ဓာကိုယ် သန်မာလာအောင် နေ့တိုင်း လေ့ကျင့်ပေးသင့်တယ်။"

ကျန်းနျန် - ....

အစကတော့ သူမ ဘယ်လိုလုပ် ဖျားသွားလဲဆိုသည်ကို မသိခဲ့ပေ။ ယနေ့ ဆရာဝန်မကြီးက ပြောမှသာ သူမ အမှတ်ရသွားတော့သည်။ လက်ထပ်ပြီး ဤရက်ပိုင်းအတွင်း သူမ၏ ခန္ဓာကိုယ်မှာ ဤမျှလောက် အားနည်းသွားရခြင်းမှာ လုယွီ၏ အပြစ်သာ ဖြစ်ပေသည်။

လုယွီက ချောင်းတစ်ချက်ဆိုးလိုက်ပြီး တပ်ရင်းမှူးဟဲကို ပြောလိုက်သည်။ "ကျွန်တော်တို့ အရင် ပြန်လိုက်ပါဦးမယ်။"

တပ်ရင်းမှူးဟဲက ပြောသည်။ "ကောင်းပြီ၊ ဒီနေ့ည ငါတို့အိမ်မှာ ထမင်းလာစားဖို့ မမေ့နဲ့ဦး။ မင်းမရီး ချောင်လန်က ဟင်းအချို့ ချက်ထားလိမ့်မယ်။"

လုယွီ - "ဟုတ်ကဲ့။"

တပ်ရင်းမှူးလု၏ ဇနီးသစ် ဆေးရုံတက်ရသည့် သတင်းမှာ တစ်စခန်းလုံးနှင့် မိသားစု အဆောင်များဆီသို့ ပျံ့နှံ့သွားခဲ့သည်။ လမ်းတွင် တွေ့သော စစ်သည်ဇနီးသည်တိုင်းက တစ်ခုခု ပြောကြသည်။

သူတို့အားလုံးက ကျန်းနျန်ကို အစားများများစားရန်နှင့် ကိုယ်အလေးချိန် တိုးအောင်လုပ်ရန် တိုက်တွန်းကြသည်။ သူမက အရမ်းပိန်သဖြင့် လေတိုက်ရင် လဲသွားနိုင်ကြောင်း၊ မဖျားရင်မှ ထူးဆန်းကြောင်း ပြောကြသည်။

အပြင်လူများက ထိုသို့ ပြောနေကြသော်လည်း ဤဖျားနာမှု၏ အရင်းအမြစ်ကိုမူ သူတို့နှစ်ဦးသာ သိကြပေသည်။

လုယွီက သူတို့ကို တုံ့ပြန်လိုက်သည်။ "သိပါပြီ။"

မိသားစု အဆောင်သို့ ပြန်ရောက်သည်နှင့် ကျန်းနျန် အိမ်ထဲဝင်လိုက်သည်တွင် လုယွီက သူမကို ပွေ့ချီလိုက်သည်။ ကျန်းနျန်မှာ လန့်သွားပြီး ကိုယ်လေး တောင့်သွားကာ သူ့ကို ကန်ရန် ခြေထောက်မြှောက်လိုက်သော်လည်း လုယွီက သူမ၏ ခြေကျင်းဝတ်ကို ဖမ်းကိုင်လိုက်သည်။ သူ၏ မျက်နှာတွင် စိုးရိမ်မှုမှလွဲ၍ ဘာမှမရှိပေ။ "ကိုယ့်ကို ကြည့်ပါဦး၊ ဆေးလိမ်းပေးမယ်။"

လုပ်စရာရှိတာတွေ လုပ်ပြီးသားဆိုပေမယ့် အခုက နေ့ခင်းကြောင်တောင်ကြီး ဖြစ်နေသဖြင့် ကျန်းနျန် ရှက်နေမိသည်။ သို့သော် လုယွီကို သူမ မလွန်ဆန်နိုင်ပေ။ နောက်ဆုံးတွင်မူ သူမသည် လုယွီ ဆေးလိမ်းပေးသည်ကို ငြိမ်သက်စွာ ခံယူလိုက်ရသည်။

လိမ်းဆေးမှာ အေးမြသော်လည်း ကျန်းနျန်၏ ပါးပြင်များမှာမူ ပူနွေးနေသည်။

လုယွီသည် ဆေးဘူးကို သိမ်းလိုက်ပြီး ကျန်းနျန်ကို စောင်နှင့်အတူ ပွေ့ဖက်ကာ သူမ၏ နဖူးကို နမ်းလိုက်သည်။

"တောင်းပန်ပါတယ်။"

သူ၏ အသံမှာ တိုးညင်းကာ အနည်းငယ် အက်ရှနေပြီး နောင်တရသောအသံများ ပါဝင်နေသည်။

ကျန်းနျန်မှာ ဘာမှမပြောဘဲ ငြိမ်နေမိသည်။ ခဏမျှ သူမ ဘာပြောရမည်ကို မသိဘဲ ဖြစ်နေသည်။ လုယွီ ပြန်ပြောလိုက်သည်။ "နောက်ကြရင် ကိုယ် ပိုပြီး ဂရုစိုက်ပါ့မယ်။"

သူ၏ စိတ်မရှည်မှုကြောင့်သာ သူမ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

အပြင်ဘက်မှ လေတိုက်သဖြင့် လိုက်ကာများ လွင့်နေသည်။ ကျန်းနျန်က နှုတ်ခမ်းစေ့ထားပြီး စောင်ထဲမှနေ၍ လုယွီကို တို့လိုက်သည်။ "ကျွန်မ အဆင်ပြေသွားပါပြီ။"

လုယွီ ဤသို့ဖြစ်နေသည်ကို သူမ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ရာ အနည်းငယ် နေရခက်နေမိသည်။

ခဏမျှ နေပြီးနောက် လုယွီ တပ်ရင်းသို့ ပြန်သွားသည်။ ဟဲယွဲ့ လာလည်ပြီး ကျန်းမာရေး အခြေအနေကို မေးမြန်းရာ ကျန်းနျန်က အများကြီး သက်သာသွားပြီဖြစ်ကြောင်း ပြန်ပြောပြသည်။

မွန်းလွဲပိုင်းတွင် လုယွီသည် ကန်တင်းမှ နေ့လယ်စာ သယ်လာပေးသည်။ ကျန်းနျန် ထမင်းစားပြီးနောက် ဆေးသောက်ရန် ခဏစောင့်နေလိုက်သည်။

ညနေပိုင်းတွင် လုယွီ ပြန်လာပြီး ကျန်းနျန်ကို တပ်ရင်းမှူးဟဲ၏ အိမ်သို့ ထမင်းစားခေါ်သွားသည်။ မရီးလန်က ဟင်းသုံးမျိုး ချက်ထားသည်။ သူမက ကျန်းနျန်ကို ကြည့်ပြီး မေးသည်။ "အအေးမိတာ သက်သာရဲ့လား။"

ကျန်းနျန် ပြုံးလိုက်သည်။ "အများကြီး သက်သာသွားပါပြီ၊ ဒီရက်ပိုင်း ဆေးသောက်နေလို့ပါ။"

ကျန်းနျန် ပဝါကို ပတ်ထားဆဲဖြစ်သည်ကို မြင်သော်လည်း ချောင်လန် ဘာမှမပြောတော့ပေ။ သူမက ကျန်းနျန် နာလန်ထခါစမို့ ချမ်းနေသေးသည်ဟု ထင်ပုံရသည်။

ထမင်းစားပြီးနောက် နှစ်ဦးသား အိမ်ပြန်လာကြသည်။ လုယွီက ကျန်းနျန် ခြေထောက်ဆေးရန် ရေနွေး ပြင်ပေးသည်။ သူမ၏ ချောမွတ်သော ခြေသလုံးလေးများကို ရေနွေးထဲတွင် နှစ်ထားလိုက်ရာ နွေးထွေးမှုကို ခံစားလိုက်ရသည်။ လုယွီက သူမကို ကြည့်ပြီး မေးလိုက်သည်။ "ရေက အရမ်းပူနေလား။"

"အနေတော်ပါပဲ။"

ကျန်းနျန် နူးညံ့စွာ ပြုံးလိုက်သည်။

ညဘက် ကုတင်ပေါ်တွင် လှဲနေစဉ် လုယွီသည် လိမ်းဆေးဘူးကို ထပ်ယူလာသည်ကို ကျန်းနျန် မြင်လိုက်ရသည်။ သူမသည် စောင်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး ရှက်ရှက်ဖြင့် နေရခက်နေမိသည်။ လုယွီက စောင်ကို မကာ သူမ၏ ခြေကျင်းဝတ်ကို ကိုင်ပြီး ညင်သာစွာ ပြောခဲ့သည်။ "ကိုယ် ဆေးလိမ်းပေးမယ်။"

ကျန်းနျန် - ....

သူမသည် စောင်နှင့် ခေါင်းမြီးခြုံထားလိုက်ပြီး သူ၏ ထိတွေ့မှုများကို လျစ်လျူရှုရန် ကြိုးစားလိုက်သည်။ အေးမြသော ခံစားချက်လေး သူမ၏ အသားထဲသို့ စိမ့်ဝင်သွားချိန်မှသာ ကျန်းနျန် စိတ်လျှော့လိုက်တော့သည်။

လုယွီသည် လွန်ခဲ့သည့် သုံးရက်ပတ်လုံး ကောင်းကောင်းမအိပ်ခဲ့ရပေ။ အိမ်ပြန်ရောက်လာပြီး ကျန်းနျန် အခြေအနေ ကောင်းလာပြီဖြစ်သဖြင့် ထိုညတွင် သူသည် ကောင်းကောင်း အိပ်ပျော်သွားသည်။ သူ နိုးလာချိန်တွင် မှောင်နေဆဲ ဖြစ်သည်။ ကျန်းနျန်သည် သူ့ကို သွယ်လျသော လက်မောင်းလေးများဖြင့် တင်းတင်းကြပ်ကြပ် ဖက်ထားသည်။

လုယွီက ကိုယ်ကို လှည့်လိုက်ပြီး ကျန်းနျန်၏ ဆံပင်နုနုလေးများကို ပွတ်သပ်ကာ သူမ၏ နှုတ်ခမ်းကို နမ်းလိုက်သည်။ ထို့နောက် ထကာ ကျန်းနျန်ကို စောင် ပြန်ခြုံပေးပြီးနောက် သူမအတွက် ဆေးထပ်လိမ်းပေးသည်။

အေးမြသော ခံစားချက်နှင့် ထူးဆန်းသော ယားကျိကျိ ခံစားချက်တို့ ပေါင်းစပ်သွားသဖြင့် ကျန်းနျန် တိုးတိုးလေး ညည်းတွားမိသည်။ ၎င်းမှာ လုယွီ၏ သည်းခံနိုင်စွမ်းကို ပြတ်တောက်လုနီးပါး ဖြစ်စေသည်။ သူသည် ဆေးဘူးကို အမြန်သိမ်း၊ ကျန်းနျန်ကို စောင်ခြုံပေးပြီးနောက် အလွန်အေးသော ထိုနေ့တွင် ရေချိုးခန်းထဲ၌ ရေအေးဖြင့် ရေချိုးလိုက်ရတော့သည်။

လုယွီ တပ်ရင်းသို့ ထွက်သွားချိန်တွင် သူသည် မနက်စာ ပြင်ပေးထားခဲ့ပြီးဖြစ်သည်။ ကျန်းနျန်သည် နေထွက်လာသည့်တိုင်အောင် အိပ်ပျော်နေပြီးမှ နိုးလာသည်။ လုယွီ သူမကို ဆေးလိမ်းပေးထားခဲ့သည်ကို သူမ ခံစားမိသည်။ မနက်စာစားပြီးသည်နှင့် အပြင်ဘက်မှ စစ်သားတစ်ဦး၏ အော်သံ ကြားလိုက်ရသည်။ "ရဲဘော် ကျန်း စစ်ဌာနချုပ် ရုံးခန်းမှာ ခင်ဗျားအတွက် ဖုန်းလာနေပါတယ်။"

ကျန်းနျန် ပထမဆုံး တွေးမိသူမှာ ကောမိန် ဖြစ်သည်။ တန့်ခယ် ရောက်လာပြီ ဖြစ်ကောင်းဖြစ်လိမ့်မည်။

သူမသည် စစ်သားနောက်သို့ လိုက်သွားကာ ဖုန်းလက်ခံစကားပြောလိုက်ရာ တစ်ဖက်မှ ကောမိန်၏ အသံကို ကြားလိုက်ရသည်။ "ကျန်းနျန် မနက်ဖြန်ကြရင် ပန်းထိုးဆိုင်ကို လာနိုင်လား။"

ကျန်းနျန် ပြုံးလိုက်သည်။ "လာခဲ့ပါ့မယ်။"

နောက်တစ်နေ့ မနက်စာစားပြီးနောက် လုယွီက ကျန်းနျန်ကို ပန်းထိုးဆိုင်သို့ လိုက်ပို့ပေးသည်။ သူသည် ကျန်းနျန် နာကျင်မည်စိုးသဖြင့် ကားကို ရည်ရွယ်ချက်ရှိရှိ ဖြည်းဖြည်းချင်း မောင်းခဲ့သည်။ သူမကို ချပေးပြီးနောက် သူသည် တပ်ရင်းသို့ အမြန်ပြန်သွားခဲ့သည်။

ပန်းထိုးဆိုင်တွင် ပုံမှန်အလုပ်လုပ်နေသူများအပြင် အပြင်ဘက်၌ ထိုင်နေကြသော လူအချို့ ရှိနေသည်။ ကောမိန်၊ တန့်ခယ်၊ တန့်ခယ်၏ လက်ထောက် ရှဟယ်နှင့် ကောမိန်၏ အထက်လူကြီး နှစ်ဦးတို့ ဖြစ်သည်။

ကျန်းနျန် ရောက်လာသည်ကို မြင်သောအခါ ကောမိန်က သူမကို ထိုင်ခိုင်းလိုက်သည်။ တန့်ခယ်က ကျန်းနျန်ကို ပြုံးပြသည်။ "မတွေ့ရတာ ကြာပြီနော်။"

ကျန်းနျန်လည်း ပြုံးပြလိုက်သည်။ "မတွေ့ရတာ ကြာပြီ။"

"နင် မနှစ်ကထက်စာရင် ပိန်သွားသလိုပဲ။" တန့်ခယ် ပြောလိုက်သည်။

ကျန်းနျန် သူမ၏ မျက်နှာကို ကိုင်ကြည့်လိုက်သည်။ ဒီရက်ပိုင်း ဖျားနာခဲ့ရသဖြင့် ကိုယ်အလေးချိန် ကျသွားပုံရသည်။ သူမသည် တန့်ခယ်နှင့် စကားအနည်းငယ်ပြောပြီး အထက်လူကြီးများ၏ မေးခွန်းများကိုလည်း ယဉ်ကျေးစွာ ဖြေကြားလိုက်သည်။ ကောမိန်နှင့် တန့်ခယ်တို့သည် ပန်းထိုးကိစ္စများကို ဆွေးနွေးကြပြီးနောက် တန့်ခယ်က ရှဟယ်ကို ဒီဇိုင်းပုံစံများကို ထုတ်ခိုင်းလိုက်သည်။

ဒါက ကိစ္စကြီးတစ်ခု ဖြစ်သည်။ ပန်းထိုးထည် စုစုပေါင်း ရှစ်ထည် ရှိပြီး နှစ်ထည်မှာ ကျန်းနျန် ကိုယ်တိုင် ပန်းထိုးရမည့် အရာများ ဖြစ်သည်။ ထိုနှစ်ထည်မှာ သိပ်မကြီးဘဲ မိသားစု သုံးယောက်ပုံနှင့် သားအဖ နှစ်ယောက်ပုံတို့ ဖြစ်သည်။

တန့်ခယ်က ကျန်းနျန်ကို မေးလိုက်သည်။ "နင် မနှစ်က အဘိုးအိုရဲ့ ပုံတူကို မှတ်မိသေးလား။"

ကျန်းနျန်က ခေါင်းညိတ်သည်။ "မှတ်မိတယ်"

ကောမိန်ကလည်း ထိုပန်းထိုးကို မှတ်မိသည်။ ပန်းထိုးအလုပ် စလုပ်ကတည်းက ပုံတူကို ပန်းထိုးသည့်သူမျိုး သူမ ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။

တန့်ခယ် ပြောလိုက်သည်။ "ဒါတွေက အဲဒီအဘိုးအိုရဲ့ ဆွေမျိုးတွေပဲ။ သူက ဈေးကြီးပေးပြီး နိုင်ငံပိုင် ပန်းထိုးဆိုင်က ရဲဘော်ကျန်းကိုပဲ ထိုးခိုင်းစေချင်တယ်လို့ အထူးမှာကြားထားတာ။"

တန့်ခယ်က ကျန်းနျန်၏ ပါရမီမှာ ဒီမှာနေရခြင်းဖြင့် နှမြောစရာကောင်းသည်ဟု ခံစားရသည်။ သူမသည် ကျန်းနျန်ကို ဟောင်ကောင်မြို့သို့ ခေါ်သွားပြီး တိုးတက်အောင် လုပ်ပေးချင်သော်လည်း လက်ရှိ အခြေအနေအရ ခက်ခဲနေသလို ကျန်းနျန်ကလည်း လိုက်ချင်မည် မဟုတ်ပေ။

တန့်ခယ်၏ ယခုတစ်ခေါက် လာရောက်မှုသည် နိုင်ငံပိုင် ပန်းထိုးဆိုင်အတွက် အကျိုးအမြတ် များစွာ ရရှိစေပြီး ဒါရိုက်တာ ကောမိန်၏ နှစ်ပတ်လည် မှတ်တမ်းအတွက်လည်း ထူးခြားသော အောင်မြင်မှုတစ်ခု ဖြစ်လာသည်။ ဘေးရှိ အထက်လူကြီး နှစ်ဦး၏ မျက်နှာများမှာလည်း ပြုံးပျော်နေကြသည်။

မွန်းလွဲပိုင်းတွင် တန့်ခယ်က ကောမိန်နှင့် ကျန်းနျန်တို့ကို အနီရောင်ကြယ်ဟိုတယ်တွင် နေ့လယ်စာ ကျွေးသည်။ ၎င်းမှာ စီးပွားရေးအရ မဟုတ်ဘဲ သူငယ်ချင်းများအဖြစ် ကျွေးခြင်း ဖြစ်သည်။ သူတို့သည် တံခါးနှင့် ဝေးသောနေရာတွင် ထိုင်လိုက်ကြသည်။

တန့်ခယ်က ကျန်းနျန်နှင့် ကောမိန်ကို ပြုံးကြည့်ကာ ပြောလိုက်သည်။ "အခွင့်အရေး ရရင် မင်းတို့ နှစ်ယောက်လုံးကို ဟောင်ကောင်ကို ခေါ်သွားချင်တယ်။"

ကောမိန် ပြုံးလိုက်သည်။ "ကောင်းတာပေါ့။"

ကျန်းနျန်သည် သူမ၏ မူလကမ္ဘာတွင် ရှိစဉ်က ဟောင်ကောင်သို့ ရောက်ဖူးသော်လည်း ဤခေတ်ကာလတွင်မူ မရောက်ဖူးပေ။

သို့သော် လက်ရှိအခြေအနေအရ သူမတွင် သွားရန် အချိန် သို့မဟုတ် အခွင့်အရေး ရှိမည် မဟုတ်ပေ။

တန့်ခယ်နှင့် ကောမိန်တို့ နှစ်ဦးစလုံးမှာ ပြတ်သားသော စရိုက်ရှိသူများ ဖြစ်ကြသည်။ ဟောင်ကောင်၏ တိုးတက်မှုများအကြောင်း ပြောဆိုကြစဉ်တွင် ကောမိန်၏ မျက်ဝန်းထဲ၌ ထိုနေရာအပေါ် မြတ်နိုးမှုနှင့် မျှော်လင့်ချက်များကို ကျန်းနျန် မြင်လိုက်ရသည်။

တစ်ဦးနှင့်တစ်ဦး သိလာသည်မှာ ကြာပြီဖြစ်သော်လည်း ကောမိန်၏ မျက်ဝန်းထဲတွင် အနာဂတ်အတွက် ထိုမျှလောက်သော မျှော်လင့်ချက်မျိုးကို ကျန်းနျန် ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။

ကောမိန်၏ စိတ်ထဲတွင် သူမသာ ဟောင်ကောင်တွင် မွေးဖွားခဲ့ပါက ယခုထက် ပို၍ ကြီးကျယ်သော အောင်မြင်မှုများ ရရှိလိမ့်မည်ဟု တွေးနေမည်ကို ကျန်းနျန် ခံစားရသည်။

အနီရောင်ကြယ်ဟိုတယ်မှ ထွက်လာပြီးနောက် တန့်ခယ်နှင့် ရှဟယ်တို့ ထွက်သွားကြသည်။

ကောမိန်နှင့် ကျန်းနျန်တို့ လမ်းပေါ်တွင် လျှောက်လာကြသည်။ ကောမိန်မှာ အတော်ကြာအောင် တိတ်ဆိတ်နေသည်။ ပန်းထိုးဆိုင်သို့ ရောက်ခါနီးမှ သူမက ရုတ်တရက် ပြောလိုက်သည်။ "ကျန်းနျန် ငါတို့တွေများ ခေတ်မှားပြီး မွေးလာတာလားမသိဘူးနော်။"

ကျန်းနျန်မှာ အံ့အားသင့်သွားပြီး ကောမိန်ကို မော့ကြည့်လိုက်မိသည်။

သူမ၏ မျက်နှာတွင် ဘာပြောင်းလဲမှုမှ မရှိသော်လည်း ဤခေတ်ကာလက ကန့်သတ်ချက်များစွာ ရှိနေသည်ကို ကျန်းနျန် ကောင်းကောင်း နားလည်သည်။ အကယ်၍ ကောမိန်သာ ၁၉၈၀ ခုနှစ်များတွင် မွေးဖွားခဲ့ပါက သူမသည် တန့်ခယ်ကဲ့သို့ လွတ်လပ်သူ ဖြစ်ပေလိမ့်မည်။ ကောမိန်သည် တန့်ခယ်၏ လွတ်လပ်မှုနှင့် ကြီးကျယ်သော အောင်မြင်မှုများအပေါ် အားကျနေသည်ကို သူမ သိသည်။

ကောမိန် သက်ပြင်းချလိုက်သည်။ "သွားကြစို့။"

ကျန်းနျန်က နှုတ်ခမ်းစေ့လိုက်ပြီး နောက်ဆုံးတွင် ပြောလိုက်သည်။ "အစ်မကော ကျွန်မတို့ရဲ့ နေ့ရက်တွေလည်း ရောက်လာမှာပါ။"

ကောမိန်၏ အကြည့်နှင့် ဆုံသောအခါ သူမက ပြုံးပြလိုက်သည်။ "အဲဒီနေ့ဟာ မကြာခင် ရောက်လာလိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။"

နောက်ထပ် လေး၊ ငါးနှစ်ထက် မပိုတော့ပေ။

ကောမိန် ပြုံးလိုက်သည်။ "ငါလည်း မျှော်လင့်ပါတယ်။"

ကျန်းနျန်သည် ညနေအထိ ပန်းထိုးဆိုင်တွင် နေခဲ့သည်။ လုယွီ ကားမောင်းပြီး သူမကို လာကြိုသည်။ သူမသည် ပန်းထိုးဒီဇိုင်းနှစ်ခုကို အဝတ်အိတ်လေးထဲ ထည့်ကာ ကားပေါ်တွင် ထိုင်လိုက်သည်။ လုယွီက လာတုန်းကကဲ့သို့ပင် သူမ နာကျင်မည်စိုးသဖြင့် ကားကို ဖြည်းဖြည်းချင်းသာ မောင်းခဲ့သည်။

ခြေထောက်ပေါ်တွင် တင်ထားသော သူမ၏ လက်ကလေးမှာ ရုတ်တရက် အုပ်ကိုင်ခြင်း ခံလိုက်ရသည်။ ကျန်းနျန်၏ မျက်တောင်လေးများ တုန်ရင်သွားသည်။ သူမ ခေါင်းငုံ့ကြည့်လိုက်ရာ သူမ၏ လက်ကလေးကို လုယွီက ဆုပ်ကိုင်ထားသည်ကို မြင်လိုက်ရသည်။ သူ၏ ရှည်လျားသော လက်ချောင်းလေးများက သူမ၏ လက်ကလေးကို အလွယ်တကူ ငုံ့ထားနိုင်သည်။ သူက ရှေ့ကို ငြိမ်သက်စွာ ကြည့်နေပြီး တိတ်ဆိတ်သော ကားထဲတွင် သူ၏ အသံမှာ ပို၍ ဆွဲဆောင်မှု ရှိနေသည်။ "အခုရော နာနေသေးလား။"

ကျန်းနျန်သည် တစ်ခဏမျှ ကြောင်အသွားပြီး သူ ဘာကို ဆိုလိုသည်ကို နားမလည်ဘဲ ဖြစ်နေသည်။

လုယွီ၏ ပါးပြင်ပေါ်တွင် ရှက်သွေးဖျော့ဖျော့ ပေါ်လာပြီး ကျန်းနျန်၏ လက်ချောင်းထိပ်လေးများကို ခပ်ဖွဖွ ဆုပ်နယ်လိုက်သည်။ "အဲဒီနေရာက နာနေသေးလား။ နာနေသေးရင် ကိုယ် ကားကို ပိုနှေးနှေးမောင်းပေးမယ်။"

ကျန်းနျန်၏ မျက်နှာမှာ ရုတ်တရက် အသားကုန် နီမြန်းသွားတော့သည်။ သူမသည် မျက်တောင်တဖျတ်ဖျတ် ခတ်ရင်း ပြတင်းပေါက်အပြင်ဘက်သို့ လှည့်ကြည့်လိုက်သည်။ "မ... မဟုတ်တာ၊ မနာတော့ပါဘူး။"

သူမသည် စကားပြောရာတွင် ထစ်အသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သူမက မနာတော့ဟု ပြောသော်လည်း လုယွီကမူ ကားကို ဖြည်းဖြည်းချင်းသာ ဆက်မောင်းခဲ့သည်။ မှောင်မည်းနေသော လမ်းမထက်တွင် ရှေ့မီးကြီးများ၏ အလင်းရောင်သာ ရှိနေပြီး လုယွီသည် တစ်လမ်းလုံး ကျန်းနျန်၏ လက်ကို ဆုပ်ကိုင်ထားခဲ့သည်။ စစ်အခြေစိုက်စခန်းသို့ ပြန်ရောက်သောအခါ လုယွီသည် ကျန်းနျန်ကို အိမ်သို့ ပို့ဆောင်ပေးပြီးနောက် ကားပြန်အပ်ရန် ထွက်သွားခဲ့သည်။

ဗီရိုထဲတွင် ဟင်းပန်းကန်အချို့ ရှိနေဆဲဖြစ်ရာ ကျန်းနျန်သည် လက်ဆေးပြီး ကြက်သွန်မြိတ်ပန်ကိတ် ၇ ခု၊ သခွားသီးသုပ်နှင့် ဝက်သားစပ်ကြော် တစ်ပန်းကန် ပြင်ဆင်လိုက်သည်။ ထိုခေတ်တွင် မီးဖိုချောင် လေစုပ်စက်များ မပေါ်သေးသဖြင့် ဟင်းချက်ရနံ့များမှာ မီးဖိုချောင်ထဲတွင် ပြည့်နှက်နေပြီး အနည်းငယ် အသက်ရှုကျပ်ချင်စရာ ကောင်းနေသည်။ ကျန်းနျန်သည် လေဝင်လေထွက်ကောင်းအောင် ပြတင်းပေါက်ကို ဖွင့်လိုက်သည်။ တံခါးဖွင့်သံ ကြားလိုက်ရသောအခါ သူမသည် နောက်လှည့်မကြည့်ဘဲ ပြောလိုက်သည်။ "ညစာ အဆင်သင့်ဖြစ်ပြီနော်။"

"အင်း။"

လုယွီသည် လက်ဆေးပြီး ဟင်းပန်းကန်များကို စားပွဲပေါ်သို့ သယ်လာခဲ့သည်။ ကျန်းနျန်က တူများကို ကိုင်ကာ ထွက်လာစဉ် ပြတင်းပေါက်အပြင်ဘက်မှ တစ်စုံတစ်ဦး ပြောသံကို ကြားလိုက်ရသည်။ "ဘယ်သူ့မိသားစုကများ ဒီလောက်မွှေးအောင် ချက်နေတာလဲ။ အနံ့က ငါတို့အိမ်အထိတောင် ရောက်လာတယ်။"

ကျန်းနျန်က ပြုံးလျက် လုယွီကို ကြည့်လိုက်သည်။ "ကျွန်မချက်တဲ့ ဟင်းက တကယ်မွှေးနေတာလား။"

သူမကိုယ်သူမလည်း အနည်းငယ် ဂုဏ်ယူနေမိသည်။

လုယွီက သူမ၏ နှုတ်ခမ်းကို နမ်းလိုက်ရာ ကျန်းနျန်မှာ မမျှော်လင့်ထားသဖြင့် ခဏမျှ ကြောင်သွားပြန်သည်။ ထို့နောက် ထိုအမျိုးသား၏ ခပ်တိုးတိုး ရယ်မောသံကို ကြားလိုက်ရသည်။ "မွှေးတယ်။"

သို့သော် ကျန်းနျန်ကမူ လုယွီ၏ "မွှေးကြိုင်ခြင်း" ဆိုသည့် စကားလုံးနောက်ကွယ်တွင် အထူးအဓိပ္ပာယ် တစ်ခုခု ပါနေသကဲ့သို့ ခံစားလိုက်ရသည်။

ကျန်းနျန်သည် ပန်ကိတ်တစ်ခုကို တစ်ကိုက်စားပြီး ကျန်တာအားလုံးမှာ လုယွီ၏ ဗိုက်ထဲသို့ ရောက်သွားတော့သည်။ ကိုယ်လက်သန့်စင်ပြီးနောက် သူမသည် အခန်းထဲတွင် လှဲနေလိုက်သည်။

လုယွီသည် ပန်းကန်ခွက်ယောက်များကို ဆေးကြောသိမ်းဆည်းပြီးမှ အထဲဝင်လာခဲ့သည်။ မျက်လုံးလေးများ မှေးစပြုနေပြီဖြစ်သော ကျန်းနျန်ကို မြင်သောအခါ သူသည် ဗီရိုထဲမှ လိမ်းဆေးကို ထုတ်လိုက်ပြီး စောင်ကို မကာ ကျန်းနျန်၏ သွယ်လျသော ခြေကျင်းဝတ်ကို ဖမ်းကိုင်လိုက်သည်။

ကျန်းနျန်မှာ လန့်သွားပြီး သူမ မရုန်းကန်နိုင်ခင်မှာပင် လုယွီ၏ လက်ထဲသို့ ရောက်သွားတော့သည်။ သူမသည် အောက်နှုတ်ခမ်းကို ခပ်ဖွဖွကိုက်ကာ တိုးတိုးလေး ပြောလိုက်သည်။ "ဆေးမလိမ်းပေးနဲ့တော့လေ။ ကျွန်မ တကယ် အဆင်ပြေနေပါပြီ။"

လုယွီ ပြောလိုက်သည်။ "နောက်ထပ် ရက်အနည်းငယ်လောက် ဆက်လိမ်းပါဦး။"

စောင်များမှာ ပုံနေပြီး ကျန်းနျန်၏ ခေါင်းမှာ ခေါင်းအုံးပေါ်တွင် ရှိနေကာ လက်ချောင်းလေးများက စောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ပါးနှစ်ဖက်မှာ နီမြန်းနေတော့သည်။

သူမသည် မျက်လုံးများကို မှိတ်ထားပြီး ဘာမှမတွေးမိအောင် ကြိုးစားသော်လည်း သူမ၏ အာရုံခံစားမှုများမှာ ပို၍ ထက်မြက်လာသည်။

လုယွီ သူမကို လှုပ်ရှားစေကာ အေးမြသော ဆေးများ လူးထားသည့် သူ၏ လက်ချောင်းထိပ်လေးမှာ သူမ၏ ခြေကျင်းဝတ်မှတစ်ဆင့် စိမ့်ဝင်သွားသည်ကို သူမ ရှင်းရှင်းလင်းလင်း ခံစားနေရသည်။ ကျန်းနျန်၏ အသက်ရှုသံများမှာ ပြင်းထန်လာပြီး သူမ၏ မျက်ဝန်းထဲတွင် မျက်ရည်စလေးများ ဝိုင်းလာခဲ့သည်။

"လုယွီ..."

ကျန်းနျန်၏ အသံမှာ တုန်ရင်နေခဲ့သည်။

သူမသည် ဖယ်ထုတ်ချင်သော်လည်း သူမ၏ ခါးကို လက်ကြီးတစ်ဖက်က ထိန်းထားသဖြင့် မလှုပ်သာပေ။ လုယွီ၏ နဖူးပေါ်တွင် သွေးကြောများ အနည်းငယ် ထောင်နေပြီး သူသည် ကျန်းနျန်၏ ခြေကျင်းဝတ်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည်။

"ဆေးက အနှံ့ မလိမ်းရသေးဘူးလေ။"

ဆေးလိမ်းနေသည့် ဤအဖြစ်အပျက်မှာ ဆေးလိမ်းခြင်းထက် "နှိပ်စက်ခြင်း" ခံနေရသည်နှင့် ပိုတူနေကြောင်း ကျန်းနျန် ခံစားနေရသည်။

နောက်ဆုံး ဆေးလိမ်းပြီးသွားသောအခါမှ ကျန်းနျန်မှာ သက်ပြင်းချနိုင်တော့သည်။ သူမသည် တစ်ဖက်သို့ လှည့်ကာ လှဲနေလိုက်သည်။ လုယွီ ထွက်သွားပြီးနောက် သူမ မျက်လုံးများကို မှိတ်လိုက်သည်။

ရင်ခုန်သံမြန်ဆန်နေသော နှလုံးခုန်သံကို ငြိမ်အောင် ထိန်းလိုက်ပြီးနောက် သူမ ဖြည်းဖြည်းချင်း အိပ်ပျော်သွားသည်။ အိပ်ချင်မူးတူး ဖြစ်နေစဉ် ဘေးနားမှ ကုတင်မှာ အနည်းငယ် နိမ့်ဝင်သွားသလို ခံစားလိုက်ရပြီး မကြာမီမှာပင် သူမသည် တစ်စုံတစ်ဦး၏ ရင်ခွင်ထဲသို့ ဆွဲသွင်းခြင်း ခံလိုက်ရသည်။

အေးစက်သော ခံစားချက်ကြောင့် ကျန်းနျန်မှာ လန့်သွားသည်။ သူမသည် တစ်ဖက်သို့ လှည့်ကာ အိပ်ချင်မူးတူး မျက်လုံးလေးများဖြင့် ကြည့်လိုက်သည်။ "ရှင် ဘာလို့ ဒီလောက်တောင် အေးနေရတာလဲ။"

လုယွီ ပြန်ဖြေလိုက်သည်။ "ကိုယ် ရေချိုးလာလို့ပါ။"

"ဘာလို့ ရေအေးနဲ့ ချိုးတာလဲ။"

ကျန်းနျန်က တိုးတိုးလေး ရေရွတ်လိုက်သော်လည်း လုယွီ၏ အဖြေကို သေချာမကြားလိုက်ရခင်မှာပင် ပြန်အိပ်ပျော်သွားတော့သည်။

All Chapters