← Chapters

အခန်း (၁၆၀)

Vol. 16 Ch. 160

အခန်း (၁၆၀)

Vol. 16 Ch. 160

နောက်တစ်နေ့ မနက်တွင် ကျန်းနျန်မှာ ခဲခဲယဉ်းယဉ်း စောစောနိုးလာခဲ့သည်။ သူမသည် ကိုယ်တိုင် စောလှပြီဟု ထင်ထားသော်လည်း သူမ ထလာချိန်တွင် လုယွီမှာ မရှိတော့ပေ။ အိုးထဲတွင် နွေးနေသော အစားအစာများသာ ကျန်ရစ်သည်။

မနက်စာစားပြီးနောက် သူမသည် ပန်းထိုးစင်ပေါ်တွင် အဝတ်ကို တပ်ဆင်ပြီး အပ်ချည်များကို သေသေချာချာ စီစဥ်လိုက်သည်။ ပန်းထိုးရန် ပြင်ဆင်နေစဉ်မှာပင် တံခါးအပြင်ဘက်မှ လန်ဟွေ့၏ အသံကို ကြားလိုက်ရသည်။ "ကျန်းနျန်... ငါတို့ စာသင်ဝိုင်း သွားကြရအောင်။"

ကျန်းနျန် - ....

သူမသည် အင်္ကျီလဲ၊ မှတ်စုစာအုပ်နှင့် ဘောပင်ကို ယူကာ အပြင်ထွက်ခဲ့သည်။ လန်ဟွေ့အပြင် ဟဲယွဲ့လည်း ရှိနေသည်။ ဟဲယွဲ့ မေးလိုက်သည်။ "နင့်အအေးမိတာ ဘယ်လိုလဲ။ သက်သာရဲ့လား။"

ကျန်းနျန် ပြုံးလိုက်သည်။ "အခု ကောင်းသွားပါပြီ။"

စာသင်ဝိုင်းကို ခန်းမကျယ်ကြီးတစ်ခုတွင် ပြုလုပ်ခြင်းဖြစ်သည်။ အတွင်းတွင် စားပွဲ၊ ကုလားထိုင်များနှင့် ရှေ့တွင် ကျောက်သင်ပုန်းကြီးတစ်ခု ရှိသည်။ စစ်သည်ဇနီးသည်များကို စာသင်ပေးသော ဆရာမှာ သက်ကြီးရွယ်အို အမျိုးသားတစ်ဦး ဖြစ်သည်။

၎င်းမှာ စာသင်ဝိုင်းဟု ဆိုသော်လည်း အတင်းအဖျင်း ပြောဆိုစုဝေးရာ နေရာနှင့် ပိုတူနေသည်ဟု ကျန်းနျန် ခံစားရသည်။ ဆရာက စာသင်သော်လည်း အချို့လူများမှာ စိတ်မဝင်စားကြဘဲ တိုးတိုးတိုးတိုးဖြင့် အတင်းပြောနေကြသည်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ လန်ဟွေ့မှာ အလေးအနက်ဆုံး သင်ယူနေသူ ဖြစ်သည်။

ဟဲယွဲ့ပင်လျှင် ငြိမ်ငြိမ်မထိုင်နိုင်ဘဲ ဟိုကြည့်ဒီကြည့် လုပ်နေသည်။ ဟဲယွဲ့က သူမကို စကားပြောချင်ပုံရသောအခါ ကျန်းနျန်သည် အမြန်ပင် ခေါင်းငုံ့ကာ မှတ်စုစာအုပ်ထဲတွင် စာရေးကျင့်နေလိုက်သည်။ ဆရာ ကျောက်သင်ပုန်းပေါ်တွင် ရေးထားသော စကားလုံးနှစ်လုံးဖြစ်သည့် "ရဲဘော်" ဆိုသည့် စာလုံးကို သူမ ကူးရေးနေခြင်းဖြစ်သည်။

ကျန်းနျန်သည် သူမ၏ အိမ်မက်ထဲက 'ကျန်းနျန်' ၏ မှတ်စုများကို အတုယူရန် ကြိုးစားနေပြီး စာကို သေချာမရေးတတ်သကဲ့သို့ တွန့်လိမ်ကောက်ကွေးစွာ ရေးနေခြင်း ဖြစ်သည်။

လုယွီ၏ အမြင်တွင် 'ကျန်းနျန်' မှာ ကျေးလက်တွင် ကြီးပြင်းလာပြီး နောက်ပိုင်းတွင် ရှု့ချန်နှင့် လက်ထပ်ကာ အိမ်မှာပင် ပြုစုစောင့်ရှောက်ခဲ့သူ ဖြစ်သဖြင့် ကျောင်းတစ်ခါမှ မတက်ဖူးသူ ဖြစ်သည်။ အကယ်၍ သူမက စာကို လက်ရေးလှလှဖြင့် ချောချောမောမော ရေးလိုက်ပါက လုယွီ၏ သံသယကို ဖြစ်ပေါ်စေနိုင်ပေသည်။

စာသင်ဝိုင်းမှာ မွန်းလွဲပိုင်းနီးပါးအထိ ကြာမြင့်ခဲ့သည်။ ကံကောင်းသည်မှာ တစ်ပတ်လျှင် သုံးရက်သာ ရှိခြင်းဖြစ်သည်။ ကျန်ရှိသော အချိန်များကို ကျန်းနျန်သည် အိမ်မှာပင် ပန်းထိုးရင်း ကုန်ဆုံးနိုင်သည်။

စာသင်ဝိုင်းမှ ထွက်လာပြီး မိသားစု အဆောင်များဆီသို့ လျှောက်လာစဉ် ဟဲယွဲ့၏ ပြောသံကို ကြားလိုက်ရသည်။ "တပ်ရင်းမှူးလုနဲ့ တခြားသူတွေ ပြန်လာကြပြီ။"

ကျန်းနျန် လှည့်ကြည့်လိုက်ရာ လုယွီသည် ဗိုလ်ကြီးဖန်နှင့် ဗိုလ်ကြီးရန်တို့နှင့်အတူ ပြန်လာသည်ကို မြင်လိုက်ရသည်။

ထိုနှစ်ဦးက ကျန်းနျန်ကို "ခယ်မလေး" ဟု နှုတ်ဆက်ပြီး သူတို့၏ ဇနီးသည်များနှင့်အတူ အသီးသီး အိမ်ပြန်သွားကြသည်။ ကျန်းနျန် မေးလိုက်သည်။ "ဒီနေ့ ဘာလို့ ဒီလောက် စောစောပြန်လာတာလဲ။"

လုယွီက ပြောသည်။ "ဒီနေ့ တပ်ရင်းမှာ ဘာကိစ္စမှ မရှိတော့လို့ပါ။ ဪ... နောက်ပြီး တစ်ခုရှိသေးတယ်။" ထိုသို့ဆိုကာ ကျန်းနျန်ကို ကြည့်လိုက်သည်။

"အစ်မဖန့်တို့ သန်ဘက်ခါကြရင် လာကြလိမ့်မယ်။"

ကျန်းနျန်၏ ရင်ခုန်သံမှာ တစ်ချက် တုန်သွားသည်။ သူမ သိထားသည်မှာ သူတို့ လက်မထပ်ခင်ကပင် လုယွီသည် အစ်မဖန့်နှင့် တပ်ရင်းမှူးစုန့်တို့ဆီသို့ ကြေးနန်းရိုက်ခဲ့သည်။ ထိုအချိန်မှစ၍ မည်သည့်တုံ့ပြန်မှုမျှ မရှိခဲ့သဖြင့် အစ်မဖန့်နှင့် တပ်ရင်းမှူးစုန့်တို့မှာ သူမနှင့် လုယွီတို့အပေါ် ဆက်ဆံရေး ဆက်မလုပ်ချင်တော့ဘူးဟု သူမ ထင်ထားခဲ့ခြင်း ဖြစ်သည်။

သူတို့ တကယ် လာကြလိမ့်မည်ဟု သူမ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

ဖန့်မိန်သည် သုံးရက်အကြာ၌ တနင်္ဂနွေနေ့တွင် ရောက်ရှိလာသည်။ ထိုနေ့မှာ လုယွီ၏ အလုပ်ပိတ်ရက်နှင့်လည်း တိုက်ဆိုင်နေသည်။

လုယွီသည် အစ်မဖန့်နှင့် သူမ၏ မိသားစုကို ဘူတာရုံတွင် သွားကြိုရန် စစ်တပ်ပိုင်ကားကို မောင်းနှင်သွားခဲ့သည်။ သူတို့သည် ထွက်ပေါက်တွင် ရပ်စောင့်နေကြသည်။ ကျန်းနျန်သည် အရပ်ပုသဖြင့် လူအုပ်ကြားထဲမှ မြင်ရစေရန် ခြေဖျားထောက်ကြည့်နေရသည်။ အရပ်ရှည်ပြီး ခြေတံရှည်သော လုယွီကမူ ကျောတွင် စစ်စိမ်းရောင် အိတ်ကြီးတစ်လုံးကို လွယ်ထားသော ဖန့်မိန်ကို လှမ်းမြင်လိုက်သည်။ သူမ၏ ဘယ်ဘက်တွင် စုန့်ရှန်းတုန်နှင့် ညာဘက်တွင် စုန့်ရှန်းဟုန်တို့၏ လက်ကို ဆွဲကာ လူအုပ်ထဲမှ တိုးဝှေ့ထွက်လာကြသည်။

လုယွီ ပြောလိုက်သည်။ "မရီးဖန့် ရောက်လာပြီ။"

"ဘယ်မှာလဲ။"

ကျန်းနျန် ခြေဖျားထောက်ကြည့်လိုက်ရာ လူအုပ်ထဲမှ ထွက်လာသော ဖန့်မိန်ကို မြင်လိုက်ရသည်။

စုန့်ရှန်းတုန်နှင့် စုန့်ရှန်းဟုန်တို့ကလည်း ကျန်းနျန်ကို မြင်သွားကြသည်။ သူတို့က ပြုံးပြီး နှုတ်ဆက်ကြသည်။ "ဒေါ်လေးကျန်း၊ ဦးလေးလု။"

"ကျန်းနျန်။"

ဖန့်မိန်သည် ရင်းနှီးသော ဆွေမျိုးတစ်ဦးနှင့် တွေ့သကဲ့သို့ ကျန်းနျန်ထံ ပြေးလာပြီး သူမကို ဖက်ကာ ပြောလိုက်သည်။ "နင့်ကို အရမ်းသတိရနေတာ။ နှစ်လပဲ ခွဲရသေးတယ်ဆိုတာ ယုံနိုင်လား။ ငါ့အတွက်တော့ တစ်သက်လုံးကြာသွားသလိုပဲ။"

ကျန်းနျန်၏ နှလုံးခုန်သံများ တုန်ရင်သွားပြီး ဖန့်မိန်ကို ပြန်ဖက်ရန် ခဏမျှ တွန့်ဆုတ်နေမိသည်။ ဖန့်မိန် ရောက်လာလျှင် သူမ၏ အတွေးများကြောင့် ခပ်တန်းတန်း ဖြစ်နေမည်ဟု ကျန်းနျန် ထင်ထားခဲ့သော်လည်း ဖန့်မိန်ကမူ ဘာမှမမေးဘဲ သူမကို နွေးထွေးစွာ ဖက်ထားခဲ့သည်။

"အစ်မဖန့် ကျွန်မလည်း အစ်မဖန့်ကို သတိရနေတာ။"

ကျန်းနျန် ပြုံးလိုက်သည်။ ဖန့်မိန်၏ အိတ်မှာ အလွန်လေးလှသည်။ လုယွီက ထိုအိတ်ကို ယူကာ လက်တစ်ဖက်ဖြင့် သယ်လိုက်ပြီး ကျန်လက်တစ်ဖက်ဖြင့် စုန့်ရှန်းဟုန်ကို မချီလိုက်သည်။ သူက မေးလိုက်သည်။ "မင်းရဲ့ အဖေရော။"

စုန့်ရှန်းဟုန် ပြောလိုက်သည်။ "အဖေက အစည်းအဝေး သွားရလို့။ အမေက ကျွန်တော်တို့ကို အရင်ခေါ်လာတာ။"

ကလေး၏ စကားပြောသံမှာ လွန်ခဲ့သော နှစ်နှစ်ကထက် ပို၍ ရှင်းလင်းလာသည်။ စုန့်ရှန်းတုန်သည် လုယွီ၏ ဘေးတွင် လျှောက်ရင်း သူ၏ အရပ်ရှည်သော ပုံစံကို မော့ကြည့်ကာ ပြောလိုက်ုက်သည်။ "ဦးလေးလု အဖေက ဦးလေးအတွက် အရက်ကောင်းတစ်ပုလင်း ဝယ်ပေးလိုက်သေးတယ်။ အမေ့အိတ်ထဲမှာ ရှိတယ်။"

လုယွီ ပြုံးလိုက်သည်။ "အိမ်ရောက်မှ ငါ စစ်ကြည့်လိုက်မယ်။"

ဖန့်မိန်နှင့် ကျန်းနျန်တို့ နောက်က လိုက်လာကြစဉ် ပြန်လည်ဆုံတွေ့ရသည့် ရင်ခုန်သံများမှာ အနည်းငယ် ငြိမ်ကျသွားသည်။ ဖန့်မိန်သည် ကျန်းနျန်၏ အင်္ကျီလက်ကို ဆွဲကာ ရှေ့က လုယွီ၏ ကျောပြင်ကို ကြည့်ပြီး လျှာသပ်လိုက်သည်။

ထို့နောက် သူမသည် ကျန်းနျန်ဘက် လှည့်ကာ ပြောသည်။ "လုယွီက နင်တို့နှစ်ယောက် လက်ထပ်တော့မယ်လို့ ကြေးနန်းရိုက်လိုက်တုန်းက လောင်စုန့်က စာဖတ်တာ မှားနေတယ်လို့ ငါထင်တာ။ လောင်စုန့်ကလည်း ကြေးနန်းရိုက်တဲ့သူ မှားရိုက်တာလို့ ထင်နေတာ။ သူက နင်တို့ တကယ်လက်ထပ်တာ ဟုတ်မဟုတ် အတည်ပြုဖို့ နောက်ထပ် ကြေးနန်းတစ်စောင်တောင် ပြန်ရိုက်လိုက်သေးတယ်။"

ကျန်းနျန် ခေါင်းငုံ့ကာ ခပ်ဖွဖွ ပြုံးလိုက်သည်။ "တကယ်ပါပဲ။"

"ပြီးတော့ နင်တို့နှစ်ယောက်က..."

ဖန့်မိန် ခေတ္တမျှ ရပ်သွားပြီး ဘယ်က စပြောရမှန်း မသိဖြစ်နေသည်။ ခဏမျှ စဉ်းစားပြီးနောက် သူမက နောက်ဆုံးတွင် မေးလိုက်သည်။ "နင်တို့နှစ်ယောက် ဘယ်တုန်းက စဖြစ်သွားကြတာလဲ။ ငါတို့တွေ အတူတူ အကြာကြီး နေခဲ့တာတောင် ငါ လုံးဝ သတိမထားမိပါလား။ ပြီးခဲ့တဲ့တစ်ခေါက် နင်နဲ့ လုယွီ တုန်းရှီမြို့ကို လာတုန်းကတောင် ငါက နင်တို့ကို မတ်နဲ့ မရီး ဆက်ဆံရေးရှိတာာလို့ ထင်နေတုန်း။ နှစ်လပဲ ကြာသေးတယ်၊ ဘယ်လိုလုပ် လက်ထပ်လိုက်ကြတာလဲ။"

ဖန့်မိန်သည် မေးခွန်းများစွာကို တရစပ် မေးတော့သည်။

သူမ တကယ်ပင် သိချင်နေခြင်း ဖြစ်သည်။ လုယွီနှင့် ကျန်းနျန်တို့မှာ သွေးသားမတော်စပ်သော မတ်နှင့် မရီး ဖြစ်သဖြင့် သူတို့ အတူတူရှိခြင်းမှာ ပြဿနာမရှိပေ။ သို့သော် ဘယ်အချိန်က စတွဲခဲ့ကြသနည်း။ သူတို့ဆီက ဘာအရိပ်အယောင်မှလည်း မတွေ့ခဲ့ရပေ။

ကျန်းနျန်သည် ရှေ့က လျှောက်နေသော လုယွီကို တစ်ချက်ကြည့်ကာ တွန့်ဆုတ်နေပြီး ထိုမေးခွန်းကို လုယွီထံသာ လွှဲလိုက်ရန် ဆုံးဖြတ်လိုက်သည်။ "အစ်မဖန့်... အိမ်ရောက်မှ လုယွီကိုပဲ မေးကြည့်လိုက်ပါတော့။"

ထိုသို့ ပြောပြီးနောက် သူမသည် ဖန့်မိန်ကို ဆွဲကာ ကားဆီသို့ ပြေးသွားတော့သည်။

ဖန့်မိန် - ....

ဟေး... သူတို့က ငါ့ကို မပြောပြတော့ဘူးလား။

စုန့်ရှန်းတုန်နှင့် စုန့်ရှန်းဟုန်တို့သည် ကားနောက်ခန်းတွင် ထိုင်လိုက်ကြသည်။ စုန့်ရှန်းဟုန်က ပျော်ရွှင်စွာ ပြောခဲ့သည်။ "ကျွန်တော် အဖေ့လိုမျိုး ကားစီးနေရပြီ။"

တပ်ရင်းမှူးစုန့်သည် ယခုအခါ ဒုတိယ တပ်မမှူး ဖြစ်နေပြီပင်။ တစ်ခါတရံ သူ အပြင်သွားလျှင် ကြိုပို့လုပ်ရန် ကားမောင်းသူများ ရှိသည်။ စုန့်ရှန်းဟုန်နှင့် စုန့်ရှန်းတုန်တို့သည် အဖေဖြစ်သူ ကားဖြင့် ကြိုပို့ခံရသည်ကို မကြာခဏ မြင်ဖူးသဖြင့် သူတို့ကိုယ်တိုင်လည်း ကားစီးချင်နေကြခြင်း ဖြစ်သည်။

သို့သော် စစ်တပ်နယ်မြေရှိ ရုံးသုံးကားများမှာ သူတို့ စိတ်ကြိုက် စီးနင်းနိုင်သော အရာများ မဟုတ်ပေ။ ကလေးနှစ်ယောက်မှာ ဤအခွင့်အရေးကို စောင့်မျှော်နေခဲ့ကြခြင်း ဖြစ်သည်။ ဖန့်မိန်ပင်လျှင် ထိုင်ခုံများကို ပျော်ရွှင်စွာ ကိုင်တွယ်ကြည့်နေသည်။

"လောင်စုန့်ရဲ့ ကျေးဇူးကို မခံစားရဘဲ တပ်ရင်းမှူးလုရဲ့ အောင်မြင်မှု ကျေးဇူးကို အရင် ခံစားရလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။"

လုယွီက နောက်ကြည့်မှန်မှတစ်ဆင့် ဖန့်မိန်ကို တစ်ချက်ကြည့်ကာ မေးသည်။ "ဒုတိယ တပ်မမှူးစုန့် အခုတလော ဘယ်လိုလဲ။"

ဖန့်မိန် ပြန်ဖြေလိုက်သည်။ "သူကတော့ အရင်အတိုင်းပါပဲ။"

"အို့... ဟုတ်သားပဲ။" ဖန့်မိန်က တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး လုယွီဘက်သို့ အနည်းငယ် တိုးကာ ပြောလိုက်သည်။ "မင်းကို တကယ် ကျေးဇူးတင်ရမယ့် ကိစ္စတစ်ခု ရှိတယ်။ မင်းသာ တောင်ပေါ်ကို အမဲလိုက်သွားပြီး လောင်စုန့်ကို ခေါ်မထုတ်ခဲ့ရင် သူ တုန်းကော ခရိုင်ကို သွားမိမှာ။ ဘယ်သူသိမှာလဲ၊ သူ အခုလို ပြန်ရောက်ချင်မှ ရောက်မှာ။"

ထိုအကြောင်းကို တွေးမိသည်နှင့် ဖန့်မိန် တစ်ကိုယ်လုံး တုန်သွားသည်။

လုယွီက ကားစတီယာရင်ကို အနည်းငယ်လှည့်ကာ ရှေ့ကို ကြည့်ရင်း မေးလိုက်သည်။"တုန်းကော ခရိုင်မှာ ဘာဖြစ်လို့လဲ။"

ကျန်းနျန်က လုယွီကို တစ်ချက်ကြည့်ကာ စူးစမ်းစိတ်နှင့် ဇဝေဇဝါဖြစ်လျက် ဖန့်မိန်ဘက် လှည့်မေးလိုက်သည်။ "အဲဒီမှာ ဘာဖြစ်ခဲ့လို့လဲ။"

ဖန့်မိန်က ရင်ဘတ်ကို ပုတ်ကာ ပြောသည်။ "နောက်တစ်နေ့မှာ ငလျင်လှုပ်သွားတာလေ။ အသေးစိတ်တော့ မသိဘူး၊ ဒါပေမယ့် တော်တော် ပြင်းထန်တယ်လို့ ကြားတယ်။ လောင်စုန့်သာ သွားဖြစ်ခဲ့ရင် သူ ပြန်လာနိုင်ပါ့မလားလို့ ငါ ကြောက်နေတာ။ သူကတောင် ပြောသေးတယ်၊ ဒါက ကံတရားပဲ၊ ကောင်းကင်ဘုံက သူ့ကို ဒီတစ်ခေါက် မသွားစေချင်တာတဲ့။"

ကျန်းနျန် ပြုံးလျက် ရှေ့က လမ်းကို ကြည့်နေလိုက်သည်။

ခဏအကြာတွင် သူမသည် ကားမောင်းနေသော လုယွီကို ထပ်ကြည့်မိပြီး စိတ်ထဲတွင် မေးခွန်းတစ်ခု ရုတ်တရက် ပေါ်လာသည်။ စွင်းယင်သည် ပြန်လည်မွေးဖွားလာသူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သူမသည် အတိတ်ဘဝမှ အကြောင်းအရာအချို့ကို သိနေပုံရသည်။ ကျန်းနျန်ကမူ သူမ ဘယ်လိုသိလဲဆိုသည်ကို မသိပေ။

ဒါဆိုရင် လုယွီကရော။

ဇာတ်လိုက်မင်းသားအနေနဲ့ သူကရော အတိတ်ဘဝက မှတ်ဉာဏ်တွေ ရှိနေတာလား။

ကျန်းနျန်သည် သူမ၏ ဆန်းကြယ်သော အတွေးများကို ပြန်တွေးမိကာ ရယ်ချင်လာသည်။ အကယ်၍ လုယွီသာ အတိတ်ဘဝက မှတ်ဉာဏ်များ ရှိနေခဲ့ပါက သူသည် မူလဇာတ်လိုက်မဖြစ်သူ စွင်းယင်နှင့် အတူရှိနေသည်မှာ ကြာလှပြီ ဖြစ်သည်။ သူမအတွက် နေရာ ဘယ်မှာ ရှိပါမည်နည်း။

"ကျန်းနျန် နင့်မျက်လုံးတွေက တပ်ရင်းမှူးလုဆီမှာပဲ ကပ်နေသလိုပဲနော်။"

ဖန့်မိန်က ကျန်းနျန်၏ ပခုံးကို တွန်းလိုက်သည်။ သူမ၏ ကြောင်အအ ဖြစ်နေသော မျက်နှာကို မြင်သောအခါ ဖန့်မိန်က ကျန်းနျန်ကိုယ်စား ရှက်မိသည်။ လက်ထပ်ပြီးသား ဖြစ်သော်လည်း လူရှေ့သူရှေ့တွင် ကိုယ့်ယောကျ်ားကို ထိုမျှလောက် တိုက်ရိုက် စိုက်ကြည့်နေခြင်းမှာ မသင့်တော်ဟု သူမ ထင်သည်။

စုန့်ရှန်းဟုန်က ကျန်းနျန်ကို ကြည့်ပြီး ပါးစပ်ကို လက်ဖြင့်အုပ်ကာ တခစ်ခစ် ရယ်ခဲ့သည်။ "ဒေါ်လေးကျန်းက ဦးလေးလုကို ခိုးကြည့်နေတာ။"

လုယွီက အသံထွက်အောင် ရယ်လိုက်သည်။

ကျန်းနျန် ရှက်သွေးဖြန်းသွားပြီး အကြည့်ကို အမြန်လွှဲကာ အခြားအကြောင်းအရာတစ်ခုသို့ ပြောင်းပြောလိုက်တော့သည်။

စစ်အခြေစိုက်စခန်းသို့ ပြန်ရောက်သောအခါ လုယွီသည် ကျန်းနျန်နှင့် တခြားလူများကို ချပေးခဲ့ပြီး ကားပြန်အပ်ရန် မောင်းထွက်သွားသည်။

ဖန့်မိန်သည် အိမ်ထဲဝင်သည်နှင့် အိတ်ကို ချက်ချင်းဖွင့်ကာ ပစ္စည်းများစွာ ထုတ်လိုက်သည်။

"ဒီမှိုတွေက လောင်စုန့်နဲ့ သူ့သူငယ်ချင်းတွေ တောင်ပေါ်က ခူးလာတာ၊ နောက်ပြီး ငရုတ်ကောင်းတွေ၊ မှိုခြောက်တွေ..." သူမသည် ပစ္စည်းများစွာ ထုတ်ပြပြီး နောက်ဆုံးတွင် အရက်တစ်ပုလင်း ပါလာသည်။

စုန့်ရှန်းတုန်က ထိုပုလင်းကို ပြေးဖက်ကာ ပြောလိုက်သည်။ "ဒါက အဖေက ဦးလေးလုအတွက် ပေးလိုက်တာ။"

"ဒီကလေး... နင်က ဘာသိလို့လဲ" ဖန့်မိန်က စုန့်ရှန်းတုန်ကို ဆူကာ ဆွဲထုတ်လိုက်ပြီး ပုလင်းကို ယူ၍ စားပွဲပေါ် တင်လိုက်သည်။ "တပ်ရင်းမှူးလု ပြန်လာမှ ပေးလိုက်။ မကွဲစေနဲ့ဦး၊ မဟုတ်ရင် နင့်အဖေက နင့်ကို ဆူလိမ့်မယ်။"

"အို့" စုန့်ရှန်းတုန်က ပြန်ဖြေပြီး စုန့်ရှန်းဟုန်နှင့်အတူ အိမ်ထဲတွင် လျှောက်ကြည့်နေကြသည်။ သူတို့က ကြည့်သာကြည့်ကြပြီး စားပွဲနှင့် ဗီရိုပေါ်က ပစ္စည်းများကို လုံးဝ မကိုင်ကြပေ။

ဖန့်မိန်မှာ တစ်ကိုယ်လုံး ချွေးပြန်နေသဖြင့် နဖူးကို သုတ်လိုက်သည်။ "ဒီမှာက တော်တော်နွေးတာပဲ။ ငါက အင်္ကျီတွေ အများကြီး ဝတ်လာမိလို့။ အရမ်းပူတာပဲ။"

ထိုသို့ ပြောပြီးနောက် သူမသည် အပေါ်အင်္ကျီကို ချွတ်ကာ နံရံရှိ ချိတ်တွင် ချိတ်လိုက်သည်။

အသံများ ကြားရသဖြင့် ဟဲယွဲ့ ပြေးလာခဲ့သည်။ ဖန့်မိန်ကို မြင်သောအခါ သူမ အံ့သြသွားပြီး ကျန်းနျန် ပြောမှသာ သူမသည် ဆွေမျိုး လာတွေ့ခြင်းဖြစ်ကြောင်း သိလိုက်ရသည်။

ဟဲယွဲ့၏ သားမှာ စုန့်ရှန်းတုန်ထက် တစ်နှစ်ကြီးသည်။ သူတို့က မျက်နှာချင်းဆိုင် အိမ်များတွင် နေကြသဖြင့် ဖန်းကောသည် စုန့်ရှန်းတုန်နှင့် သူ့ညီတို့၏ အသံကို ကြားပြီး ကစားရန် ပြေးလာခဲ့သည်။

မှောင်စပြုချိန်တွင် လုယွီ ပြန်ရောက်လာသည်။ သူသည် အသားတစ်ပိဿာ၊ ငါးတစ်ကောင်နှင့် ဟင်းသီးဟင်းရွက်အချို့ ဝယ်လာခဲ့သည်။

ဟဲယွဲ့သည် သူမ၏ ကလေးကို အိမ်ပြန်ခေါ်သွားပြီး ညစာကို ကျန်းနျန်က ဖန့်မိန်၏ အကူအညီဖြင့် ချက်ပြုတ်လိုက်သည်။ ကျန်းနျန် ပြုံးပြီး ပြောလိုက်သည်။ "အစ်မဖန့် ထိုင်နေပါ၊ ကျွန်မပဲ လုပ်လိုက်မယ်။"

ဖန့်မိန်က ပြန်ဖြေသည်။ "ငါ ငြိမ်ငြိမ်မထိုင်နိုင်ပါဘူး။ ဒီမှာ နင်နဲ့ စကားပြောနေရတာ ပိုကောင်းပါတယ်။ ဟေး... ငါ့အိမ် မျက်နှာချင်းဆိုင်မှာ နေတဲ့ လင်မယားကို မှတ်မိလား။"

ကျန်းနျန် ပြောလိုက်သည်။ "မှတ်မိတာပေါ့၊ ယောကျ်ားဖြစ်သူက ကလေးမရနိုင်တဲ့သူ မဟုတ်လား။"

ဖန့်မိန်က နှာမှုတ်လိုက်သည်။ "အဲဒီနှစ်ယောက် အခု ကွဲသွားပြီ။" ကျန်းနျန်၏ ဇဝေဇဝါဖြစ်နေသော မျက်နှာကို မြင်သောအခါ သူမက ဆက်ပြောသည်။ "မိန်းမဖြစ်သူက သူ့ယောကျ်ားနဲ့ ဆက်မနေချင်တော့ဘူးတဲ့၊ တစ်သက်လုံး အမေတစ်ယောက် မဖြစ်နိုင်တော့ဘူးဆိုပြီးတော့လေ။ သူတို့ ရန်ဖြစ်ပြီး ကွဲသွားကြတာ အခုဆို လဝက်လောက် ရှိပြီ။"

ညစာ အဆင်သင့်ဖြစ်သောအခါ လူအချို့ စားပွဲတွင် ထိုင်လိုက်ကြသည်။ ထိုအခါ ဖန့်မိန်က လုယွီကို မေးလိုက်သည်။ "ရှင်နဲ့ ကျန်းနျန် ဘယ်တုန်းက စတွဲကြတာလဲ။"

ကျန်းနျန် လုပ်လက်စများကို ရပ်လိုက်ပြီး လုယွီကို ခိုးကြည့်လိုက်သည်။ သူမ တကယ်ပင် မပြောရဲပေ၊ အစောကြီး သိသွားပါက ဖန့်မိန်က သူမနှင့် လုယွီတို့ လူတိုင်းကို လိမ်ညာထားခဲ့သည်ဟု ထင်သွားမည်ကို စိုးရိမ်မိသည်။ ထိုစဉ်က ဖန့်မိန်မှာ သူမကို စုန့်ပိုင်နှင့် အတင်းအောင်သွယ်ပေးရန် ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။

လုယွီကလည်း ဤအချက်ကို စဉ်းစားမိပြီး ဖန့်မိန်ကို ပြောလိုက်သည်။ "ဆေးရုံတက်တုန်းက နှစ်သစ်ကူးကာလ ဝန်းကျင်မှာပါ။"

ဤအချိန်မှာ အစောကြီးလည်း မဟုတ်၊ နောက်ကျတာလည်း မဟုတ်ပေ။ လုယွီ ထွက်သွားပြီး ပြန်လာသည့် ခြောက်လအကြာ အချိန်နှင့် ကွက်တိပင် ဖြစ်သည်။ ဖန့်မိန် တစ်ခဏမျှ ကြောင်သွားပြီးနောက် ဘာမှမပြောဘဲ အသားတစ်ဖတ်ကို တိတ်ဆိတ်စွာ စားနေလိုက်သည်။ စုန့်ရှန်းဟုန်က ဘာကို ဆိုလိုမှန်း မသိသော်လည်း စုန့်ရှန်းတုန်ကမူ နားလည်ပုံရသည်။ သူသည် ခေါင်းငုံ့ထားပြီး ဘာမှမပြောပေ။

ခဏအကြာတွင် ဖန့်မိန်သည် သူမ၏ ခြေထောက်ကို ပုတ်ကာ ကျန်းနျန်၏ လက်ကို တွန်းပြီး ပြောလိုက်သည်။ "နင်ကတော့ တကယ့် မိန်းကလေးပဲ၊ ဘာလို့ ငါ့ကို အစောကြီး မပြောခဲ့တာလဲ။ လက်ထပ်မယ့်အကြောင်းလည်း ကြိုမပြောဘူး။ ငါ နောက်ကျမှ ရောက်လာတော့ မင်္ဂလာအရက်ကို ဘယ်မှာ သွားသောက်ရတော့မှာလဲ။"

ကျန်းနျန် သက်ပြင်းချနိုင်သွားပြီး ပြုံးလိုက်သည်။ "အခု သောက်လည်း နောက်မကျသေးပါဘူး။"

"ဒီမှာ အရက်။"

ဤတစ်ခေါက်တွင်မူ စုန့်ရှန်းဟုန်က ဗီရိုထဲမှ ပုလင်းကို ယူကာ ကျန်းနျန်ကို ပေးလိုက်သည်။ ကျန်းနျန်သည် ပုလင်းကို ယူလိုက်ပြီး ဇဝေဇဝါဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ ဖန့်မိန်က ရှင်းပြသည်။ "လောင်စုန့်က နင်တို့နှစ်ယောက် လက်ထပ်တာ သိလို့ ဒါကို အထူးတလည် ပေးလိုက်တာ။"

သူမသည် လုယွီကို ကြည့်ကာ ပြောလိုက်သည်။ "သမင်ဦးချိုအရက်ပါ။ တော်တော် တန်ဖိုးရှိတာနော်။"

[သမင်ဦးချိုအရက်သည် အမျိုးသားများအတွက် လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီး ခန္ဓာကိုယ်ကို နွေးထွေးစေကာ အဆစ်အမြစ်များကို ကောင်းမွန်စေသည်ဟု ဆိုကြသည်။]

"အဟွတ်... အဟွတ်..."

ကျန်းနျန်သည် ကြက်စွပ်ပြုတ်တစ်ငုံ သောက်လိုက်ကာစတွင် သီးသွားတော့သည်။ ပုလင်းကို စားပွဲပေါ် ပြန်တင်လိုက်ပြီး ရေတစ်ဖန်ခွက်ကို အမြန်သောက်လိုက်ရသည်။

လုယွီ - ....

သူသည် လည်ချောင်းကို ခပ်ဖွဖွ ရှင်းလိုက်ပြီး ထကာ အရက်ပုလင်းကို ဗီရိုထဲ ပြန်ထည့်လိုက်သည်။ "စားကြရအောင်။"

All Chapters