← Chapters

ရွှေ့ပြောင်းကြခြင်း

Vol. 10 Ch. 912

ရွှေ့ပြောင်းကြခြင်း

Vol. 10 Ch. 912

ကျွတ်ကျွတ်ညံနေသောအသံများ သက်တန့်တစ်ခုလုံး ပြည့်နှက်သွား၏။ ရှင်းကုံကျစ်တာအိုဂိုဏ်းသည် ၄င်း၏ အဆင့်အတန်းအား ထင်ဟပ်နေသော သက်တန့်ခုနစ်ခုဖြင့် နှစ်ပေါင်းစွာ တည်ရှိခဲ့သည် မဟုတ်ပါလော။

ထိုသက်တန့်တည်ဆောက်ပုံသည် အရှေ့ဘက်ကောင်းကင်တံတားမြစ်တွင် ကျော်ကြားသည်သာမက အခြားမြစ်ဝဂိုဏ်းသုံးဂိုဏ်း၏ ချီးကျုးအမွှမ်းတင်ခြင်းလည်း ခံရလေသည်။

အလှတရားနှင့် ခမ်းနားထည်ဝါမှုအရ ရှင်းကုံကျစ်တာအိုဂိုဏ်းသည် မြစ်လက်တက်များအားလုံးအကြား ပထမနေရာယူထားလေရာ နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီးများနှင့် သာမန်ဂိုဏ်းသားများအတွက် ဂုဏ်ယူစရာ အဓိကအကြောင်းရင်းတစ်ခုဖြစ်သည်။

သို့သော် ယခုတွင် ခုနစ်ရောင်ခြယ်သက်တန့်သည်ကား လုံးမည်းမှောင်သွားလေပြီ။ ၄င်း၏မျက်နှာစာပေါ်ရှိ အဆောင်အအုံများပင်လျှင် မည်းနက်သွားရာ ဂိုဏ်းသားများ ရူးမတတ် ဖြစ်နေတော့သည်။

" ငါတို့ သက်တန့် "

" ငါတို့ဂိုဏ်းကော ဟုတ်သေးရဲ့လား "

" သက်တန့်ကြီး"

" အားလုံး စိတ်အေးအေးထားကြပါ။ ငါတို့ အခုချက်ချင်း ဒီကထွက်သွားဖို့လိုတယ်။ သက်တန့်ကြီး အဆိပ်ခတ်ခံလိုက်ရသလိုပဲ။ ငါတို့သာ အခုချက်ချင်း ထွက်မပြေးရင် အကုန်လုံးသေတော့မှာလို့ ခံစားနေရတယ် "

အောက်ဖက်ရှိ မြို့လေးမြို့မှ ကျင့်ကြံသူများမှာ အံသြတုန်လှုပ်ခြင်းများ ဖုံးလွှမ်းနေသော မျက်နှာများဖြင့် မော့ကြည့်လိုက်ကြပြီး ပင့်သက်ရှိုက်သွားကြလေသည်။

" ဘုရားရေ။ အကြီးအကဲပိုင် ဆေးဖော်ရင် ကြောက်စရာကောင်းလှလိမ့်မယ်လို့ ဘယ်သူက တွေးမိမှာတုန်း "

" သူဘယ်လိုလုပ်လိုက်တာလဲ။ ဆေးဖော်စပ်တာက ဒီလို ဖြစ်လိမ့်မယ်လို့ တစ်ခါမှတောင် မကြားဖူးဘူး"

"သက်တန့်ကြီး၊ အခု အမည်းရောင်ဖြစ်သွားပြီ "

ဖက်တီးကျန်းကြီးနှင့် ရွှီပေါက်ချိုင်တို့မှာ မှင်သက်လျက် အကြည့်များဖလှယ်လိုက်ကြသည်။ သူတို့သည် အခြားလူများထက် ထိုကဲ့သို့အရာများနှင့်ပတ်သက်၍ အတွေ့အကြုံပိုရှိ၍ ကပ်ဘေးကြီးကျရောက်တော့မည်ဟု အစောကတည်းက ယူဆခဲ့သည်တိုင် သူတို့ပင်လျှင် မြင်နေရသောအရာကြောင့် ဆွံအသွားတော့သည်။

သူတို့သည် မည်းနက်နေသော သက်တန့်ကြီးကို ကြည့်ကာ ရင်တဒိန်းဒိန်းခုန်လျက် တံတွေးမနည်း မျိုချလိုက်ရသည်။ သူတို့နှင့်အတူရှိသည့် အခြားကျင့်ကြံသူများမှာ တူညီစွာ အံအားသင့်သွားတော့သည်။

ထိုအချိန်တွင် သက်တန့်ပေါ်ရှိ ကျင့်ကြံသူများမှာ ပျားအုံတုတ်နှင့် ထိုးချလိုက်သည့်အလား အုတ်အော်သောင်းနင်းဖြစ်နေလေသည်။ သူတို့က အော်ဟစ်လျက် သက်တန့်ပေါ်မှ မြန်နိုင်သမျှ မြန်မြန် ဝရုန်းသုန်းကား ပြေးနေကြတော့သည်။

သူတို့သည် ပိုင်ရှောင်ချန်းဆေးဖော်စပ်သည်ကို တွေးလိုက်ရုံနှင့်ပင် လုံးလုံးလျားလျား ထိတ်လန့်ကြောက်ရွံ့သွားပြီး ထွက်ပြေးခြင်းသာ အကောင်းဆုံးဖြစ်ကြောင်း အခိုင်အမာယုံကြည်နေတော့သည်။

ထိပ်ဆုံးမှစ၍ အောက်ခြေအထိ ရှင်းကုံကျစ်တာအိုဂိုဏ်း၏ သက်တန့်သည် ပြောင်တလင်းခါလာတော့သည်။ မြန်မြန်မပြေးနိုင်သူများမှာ လျှို့ဝှက်မှော်ပညာများသုံး၍ သူတို့တတ်စွမ်းသလောက် မြန်မြန်ပြေးနေကြလေသည်။

ရှင်းကုံကျစ်တာအိုဂိုဏ်း စတင်တည်ထောင်သည့်နေ့မှ အစပြု၍ ယနေ့ထိတိုင် ယခုကဲ့သို့ဖြစ်ရပ်မျိုး တစ်ကြိမ်တစ်ခါမှ မဖြစ်ပွားခဲ့ဖူးပေ။

များမကြာမီ သက်တန့်ခုနစ်ထပ်လုံး အစအနပင်မကျန်အောင် ပြောင်းတလင်းခါသွားတော့သည်။

ယခင်က ပြာလဲ့လဲ့ရှိနေခဲ့သော သက်တန့်ပေါ်တွင် ပိုင်ရှောင်ချန်းမှာ ပါးစပ်အဟောင်းသားနှင့် တဆတ်ဆတ်တုန်ယင်လျက် ဖြစ်ပျက်နေသည်များကို ရပ်သာကြည့်နေမိသည်။ အမှန်တွင် သူ၏ရင်ထဲ၌ စိုးရိမ်ကြောင့်ကြမှုများ ဆက်လက်မြင့်တက်လာနေပြီ ဖြစ်သည်။

" ဘာလို့ ဒီလို ဖြစ်သွားတာတုန်း။ ချီးတဲ့မှပဲ။ မတော်တဆမှုတစ်ခုမှ မဖြစ်အောင် ငါအကုန်လုံး သေသေချာချာလုပ်ခဲ့တာပါ။ မဟုတ်တာ တစ်ခုခု ဖြစ်နေပြီ။ မဟုတ်တာ တစ်ခုခုဖြစ်နေပြီ"

သူ့ရင်ထဲတွင် ကြောက်လန့်ခြင်းများနှင့် ရူးသွပ်စိတ်များ မြင့်တက်လာလျက် သူက ခါးသီးသောအပြုံးဖြင့် သံမဏိသွေးကြောခေါင်းဆောင်ကြီးအား လှမ်းကြည့်လိုက်သည်။

" တာအိုရောင်ရင်းတို့။ ခင်ဗျားတို့အားလုံးလဲ မြင်တယ်မလား။ ကျုပ် အရင်အမှားကို ပြင်နေတာပါ။ သက်တန့်ရဲ့အရောင်ကို မပြောင်းချင်ပါဘူးဗျာ "

ယခုအခါ အခြားဂိုဏ်းစောင့်အကြီးအကဲသုံးယောက်မှာ ကြက်သေသေနေလေသည်။ သူတို့၏ မျက်လုံးများ ကြောင်တောင်တောင်ဖြစ်နေပြီး အံ့အားသင့်လွန်းလှ၍ မည်သို့ပြုလုပ်ရမည်ကိုပင် မသိတော့ပေ။

ထိုအချိန်တွင် သူတို့သုံးဦးလုံး၏ အိတ်များထဲရှိ သတင်းပို့ကျောက်စိမ်းပေလွှာများ တုန်ခါလာသည်။ သူတို့က နတ်ဘုရားအာရုံများဖြင့် စစ်ဆေးလိုက်သောအခါ ချက်ချင်းပင် သူတို့၏ ရောင်ရင်းမျိုးနွယ်စုများမှလာသော အကူအညီတောင်းဆိုချက်များအား ကြားလိုက်ရတော့သည်။

" ခေါင်းဆောင်ကြီး၊ တခြားလူတွေအားလုံး သက်တန့်ကနေ ထွက်သွားကြပြီ။ ကျွန်တော်တို့လဲ ထွက်သွားဖို့လိုတယ်"

" ခေါင်းဆောင်ကြီး။ အကြီးအကဲပိုင်က ဆေးဖော်စပ်တဲ့အချိန်မှာ ကြောက်စရာကောင်းတယ်။ ဒီက ထွက်သွားကြရအောင်။ အခုထွက်မသွားရင် သက်တန့်နဲ့အတူ ကျွန်တော်တို့ ဖျက်စီးခံရလောက်တယ် "

ပိုင်ကျိမ်းထျန်မှာ သူ၏ မျိုးနွယ်စုဝင်များဆီမှ စာများအား ကြားသောအခါ စကားတစ်လုံးပင် မပြောဘဲ ရှေ့တစ်လှမ်းတိုး၍သာ ပျောက်ကွယ်သွားသည်။ သူက သူ၏ မျိုးနွယ်စုထံရောက်ရှိပြီးနောက် ကျင့်ကြံသူများအားလုံးကို စုဝေး၍ ထွက်သွားတော့သည်။

သူသည် အမည်းရောင်သက်တန့်ကြီး အဆိပ်ခတ်ခံရသည်မဟုတ်ကြောင်း အတန်အသင့် သေချာနေပါသော်လည်း ပိုင်ရှောင်ချန်း၏ ဆေးဖော်စပ်နည်းလမ်းများကိုတော့ ကြောက်လန့်နေသေးသည်။ ထို့ပြင် ယခုအချိန်တွင် ထိုကိစ္စနှင့်ပတ်သက်၍ သူ မည်သို့မျှ မတတ်နိုင်ရာ သူ၏မျိုးနွယ်စုဝင်များအား စောင့်ရှောက်ရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။

အမှန်တွင် ပိုင်ကျိမ်းထျန်မှာ ယခုကဲ့သို့ တစ်ခါမှ မတုန်လှုပ်ခဲ့ဖူးချေ။

" ဒီကောင် ပိုင်ရှောင်ချန်းရဲ့ ဆေးဖော်စပ်တာက သူ့အတိုက်အခိုက်စွမ်းရည်ထက်တောင် ပိုကြောက်စရာကောင်းနေပါလား "

သူသည် ပိုင်ရှောင်ချန်းအား သူ့ရှေ့ဂိတ်တံခါး၏ အပြင်တွင် ဆေးဖော်စပ်ခွင့်ပြုရမည်ဆိုပါက ထိုအစား သူနှင့်တိုက်ခိုက်ရင်းသာ သေဆုံးမည်ဟု သံန္နိဋ္ဌာန်ချလိုက်သည်အထိပင် ဖြစ်နေသည်။

" သေစမ်း၊ ဒီလို လျှောက်သွားနေတဲ့ ကပ်ဘေးကြီးက နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်တဲ့အထိ အသက်ရှည်လိမ့်မယ်လို့ မယုံနိုင်ဘူး"

ပိုင်ကျိမ်းထျန်မှာ စိတ်ဓာတ်ကျနေလျက် တတ်နိုင်သမျှ မြန်မြန်သုတ်ချေတင်တော့သည်။

လီရှမ်းတောက်မှာလည်း ပိုင်ကျိမ်းထျန်နှင့် အတွေးတူသည်။ တစ်ခုတည်းသော ခြားနားချက်မှာ သူက ပို၍ကြောက်လန့်နေခြင်းပင်။ ပိုင်ရှောင်ချန်းကိုသာ အချိန်လုံလုံလောက်လောက်ပေးပြီး အခါအခွင့်သင့်နေလျှင် သူသည် ကောင်းကင်တံတားဒေသတစ်ခုလုံးအား အမှန်တကယ် ဖျက်စီးပစ်နိုင်သည်ဟု ခံစားနေရတော့သည်။

" တော်သေးတာပေါ့ သူပြဿနာလာရှာတုန်းက ငါ့ကို ရိုက်ရုံပဲရိုက်ပြီး ဆေးဖော်စပ်ဖို့ မဆုံးဖြတ်လို့ "

လီရှမ်းတောက်သည် ကျန်ရှိနေသေးသော အကြောက်တရားများဖြင့် ရင်တဒိန်းဒိန်းခုန်နေလျက် ပိုင်ရှောင်ချန်းကို စကားတစ်ခွန်း အလျင်အမြန် လှည့်ပြောလိုက်သည်။

" အမ်၊ တာအိုရောင်ရင်းပိုင်။ ကျုပ်မှာ ကိစ္စတစ်ခုရှိလို့ နောက်မှတွေ့တာပေါ့ "

ထို့နောက် သူက သူ့မျိုးနွယ်စုကို ရွှေ့ပြောင်းရန် သုတ်သီးသုတ်ပျာပြန်သွားတော့သည်။

ယခုတွင် ပိုင်ရှောင်ချန်းကို စူးစိုက်ကြည့်နေကာ မျက်ရည်ကျလုမတတ်ဖြစ်နေသော သံမဏိသွေးကြောခေါင်းဆောင်ကြီးသာ ကျန်ရစ်ခဲ့တော့သည်။

အမှန်တွင် သံမဏိသွေးကြောခေါင်းဆောင်ကြီးမှာ ပိုင်ကျိမ်းထျန်နှင့် လီရှမ်းတောက်အား သွက်သွက်လက်လက် ထွက်ပြေးသွားသည့်အတွက် ကျိန်ဆဲနေတော့သည်။ သူက ခပ်ယဲ့ယဲ့ပြုံး၍ ပိုင်ရှောင်ချန်းကို ပြန်ကြည့်ကာ ပြော၏။

“ မိတ်ဆွေကြီးပိုင်။ မင်းလဲ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဘာမှမတတ်နိုင်ဘူး။ ငါ၊ အမ်... ဟို ကိုယ့်ကိုကိုယ် ဂရုစိုက်ကွာ။ နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီးက အလွန်ဆုံး လေးငါးရက်အတွင်း ပြန်ရောက်လိမ့်မယ် ထင်တာပဲ "

ထို့နောက် သူက သံမဏိသွေးကြောခန်းမကို သက်တန့်အပေါ်မှ ကပျာကယာ သွားရွှေ့ပြောင်းလေသည်။

မကြာမီ စောစောက ယောက်ယက်ခတ်နေသော သက်တန့်တွင် လူတစ်ယောက်သာ ကျန်ရစ်ခဲ့တော့သည်။ ထိုလူသည်ကား ပိုင်ရှောင်ချန်း။

" ငါ ကာမငြိမ်သက်ဆေးလုံးတစ်လုံးပဲ ဖော်စပ်ချင်တာပါ။ ဒီလို အဆုံးသတ်လိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးဘူး။ ငါ့အမှားဆိုတာတော့ သိပါတယ်ကွာ "

သူက ငိုချင်နေသော မျက်နှာထားဖြင့် လှည့်ပတ်ကြည့်နေလျက် စိတ်တည်ငြိမ်အောင် မည်သို့မျှ မလုပ်နိုင်ကြောင်း သိလိုက်သည်။ ` နှလုံးသားက ရေတွင်းထဲမှ ရေပုံးဆယ့်ငါးပုံကဲ့သို့ ရေပုံးရှစ်ပုံးက အောက်သို့ ကျဆင်းသွားစဥ် ခုနစ်ပုံးက အပေါ်သို့တက်လာသည့်ပမာ တဒိန်းဒိန်းခုန်နေရသည် ´ ဆိုသော ရှေးဆိုရိုးစကားအတိုင်း အစက သူ ဆေးဖော်စပ်ခြင်းကြောင့် မည်သူမျှ သူ့ဆီသို့ လာရောက်မပေါက်ကွဲသည်မှာ ကောင်းမွန်ကြောင်း တွေးခဲ့ပါသော်လည်း ယခုတွင် သူတစ်ယောက်တည်းသာ ကျန်ခဲ့တော့ရာ ရုတ်တရက် အပြစ်ရှိသလို ခံစားလိုက်ရတော့သည်။

" နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီးက လေးငါးရက်အတွင်း ပြန်လာလိမ့်မယ် "

ခေါင်းဆောင်ကြီး မည်သို့ဖြစ်သွားမည်ကို တွေးလိုက်ရုံနှင့်ပင် ပိုင်ရှောင်ချန်းမှာ ကြောက်လန့်တုန်ရီနေတော့သည်။

" ငါ့ကို ဒီလိုရာထူးပေးလိုက်တာ နောင်တများ ရသွားမလား "

ထိုအတွေးလေးကပင် သူ့မျက်နှာကို သွေးဆုတ်ဖြူရော်သွားစေတော့သည်။ တခဏကြာသော် သူက သူ၏အင်မော်တယ်ဂူထံ အပြေးအလွှားပြန်သွား၏။

" မဖြစ်သေးဘူး။ ငါ့မှာ လေးငါးရက်အချိန်ရှိသေးတယ်။ ဒီပြဿနာကို ငါဖြေရှင်းလို့ရတယ်။ ငါလုပ်နိုင်တယ်။ ငါ သေချာပေါက် သက်တန့်အရောင်တွေ ပြန်ရအောင်လုပ်နိုင်တယ် "

မြို့တော်လေးမြို့၏ စုစုပေါင်းလူဦးရေသည် အချိန်တိုလေးအတွင်း တဟုန်ထိုးမြင့်တက်သွား၏။ တချိန်တည်းမှာပင် မရေမတွက်နိုင်သော ခါးသီးသည့်အကြည့်များသည် အပေါ်ထက် အမည်းရောက်သက်တန့်ကြီးဆီသို့ ကျရောက်နေတော့သည်။

" ကောင်းတယ်၊ အကြီးအကဲပိုင် တစ်ယောက်တည်းနေပါစေ "

" ဒါပေမဲ့ ဘယ်တော့ အဆုံးသတ်မှာလဲ။ ဒီအောက်မှာ ငါတို့ တစ်သက်လုံးနေလို့မရဘူးလေ "

" ငါတို့ အခုဘာလုပ်ရမလဲ။ ဂိုဏ်းစောင့်အကြီးအကဲတွေတောင် မြို့ထဲ ပြောင်းလာပြီ။ ဒီကနေတောင် အကြီးအကဲပိုင်ရဲ့ ဆေးလုံးတွေ ဘယ်လောက်ကြောက်စရာကောင်းလဲ မြင်နိုင်တယ် "

" မကြာခင် ပြီးပါစေလို့ ဆုတောင်းကြတာပေါ့ကွာ။ ဒီလိုသာဆက်ဖြစ်နေရင် ဂိုဏ်းက ပြိုကွဲသွားတော့မှာ "

နောက်တစ်နေ့ ပိုင်ရှောင်ချန်းသည် အင်မော်တယ်ဂူထဲမှ သုတ်သီးသုတ်ပျာထွက်လာ၏။ သူ၏ဆံပင်များ ရှုပ်ပွလျက် ပိန်လှီနေပြီး သူ၏အဝတ်အစားများသည်လည်း စုတ်ပြဲနေလေသည်။

" ငါသိပြီ " သူက ရေရွတ်လိုက်၏။

" အနက်ရောင်ပန်းသီးကို မိလော်သစ်သားနဲ့ ရောရင် တမူထူးခြားတဲ့ အနည်အနှစ်ကို ထုတ်ပေးတယ်။ အဲဒါက သက်တန့်အရောင်ကို ပြောင်းသွားစေတာပဲ။ သောက်ကျိုးနည်းကွာ၊ ငါ အရင်ဆုံး အများကြီး စစ်ဆေးလေ့လာခဲ့တာပဲ။ ဒီအနည်အနှစ်အကြောင်း တစ်ခါမှ မတွေ့ဖူးပါဘူး။ ငါဆေးဖော်တော့မှ ဘာလို့ ပေါ်လာတာတုန်း။ အဲဒါကို ဖယ်တာက လွယ်မှာ မဟုတ်ပေမယ့် ငါ နည်းတစ်ခုစဥ်းစားကြည့်သင့်တယ်။

" ငါ ဝိညာဥ်သန့်စင်ဒေစီပန်းဝတ်မှုံကို ဆေးဖော်စပ်ခါနီးမှာ သုံးရင် အနက်ရောင်ကို ဖယ်ထုတ်နိုင်တယ်။ ငါ့ကျင့်ကြံခြင်းအခြေခံစွမ်းအားနဲ့ အားဖြည့်လိုက်ရင်တော့ အလုပ်ဖြစ်လောက်တယ် "

သူသည် ပြဿနာအတွက် အဖြေရှိကြောင်း ယုံကြည်နေသဖြင့် သူ၏စိတ်လှုပ်ရှားမှုများ မြင့်တက်လာတော့သည်။ သို့သော် သူက ချက်ချင်းပင် သူ၏စိတ်လှုပ်ရှားမှုများအား ဖိနှိပ်လိုက်သည်။ နောက်ထပ်ပြဿနာတစ်ခု ရှာမိမည်ကို စိုးရိမ်သဖြင့် အလျင်အမြန် တစ်သုတ်သာဖော်လိုက်ပြီးနောက် အနည်းငယ် စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် ဘေးထွက်ဆိုးကျိုးမရှိကြောင်း သေချာသောအခါ ပိုကြီးသောအသုတ် ဖော်ရန် စိတ်လှုပ်ရှားစွာနေရာချတော့သည်။

ပထမဆုံး သူသည် ကိစ္စများအား ဖြေးဖြေးမှန်မှန် စီစဥ်လိုက်သည်။ သူက အလျင်အမြန် တွက်ချက်ပြီးနောက် သက်တန့်အား သန့်စင်ခြင်းအလုပ် ပြီးဆုံးရန် သုံးရက်ကြာမည်ဟု ကောက်ချက်ချလိုက်တော့သည်။

ထိုအချိန်တွင် သံမဏိသွေးကြောခန်းမထံမှ စာတစ်စောင် ရလိုက်သည်။ နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီး နှစ်နာရီအတွင်း ပြန်ရောက်လာတော့မည်ဟူ၍။

သူသည် သတင်းကြားကြားချင်း ပေါက်ကွဲထွက်တော့မတတ် ခံစားလိုက်ရသည်။

" ငါ စွန့်စားမှရတော့မယ်"

သူက လက်ကျန်ဆေးပေါင်းဖိုများအားလုံးကို ထုတ်ပြီး အတွေးရေးရာဆောင်ကိုပင် ကိုယ်တိုင်သွားလိုက်သည်။ ထိုနေရာတွင် အစောင့်တစ်ယောက်မှ မရှိသော်လည်း ဂိုဏ်းစောင့်အကြီးအကဲတစ်ယောက်အနေဖြင့် သူသည် သိုလှောင်ရုံအား အလွယ်တကူဖွင့်ပြီး ဆေးပေါင်းဖိုအသစ် အလုံးတစ်ထောင်ကျော် ထုတ်ယူလိုက်သည်။

သူ့လက်ထဲတွင် ရှိထားသော ဆေးပေါင်းဖို ရာပေါင်းများစွာပါ ပေါင်းလိုက်လျှင် စုစုပေါင်း အလုံး၁၅၀၀ ရှိ၏။ သူက သူ၏အိမ်ဝင်းထဲတွင် ၎င်းတို့အားလုံးကို နေရာချလိုက်ပြီးနောက် ဝိညာဥ်သန့်စင်ဒေစီပန်းဝတ်မှုံမှ ဆေးလုံး အသုတ် ၁၅၀၀ အား ဖော်စပ်တော့သည်။

အချိန်အား ကန့်သတ်ထားသောကြောင့် သူသည် သူ၏ကျင့်ကြံခြင်းအခြေခံနှင့်အတူ ဆေးဖော်စပ်ခြင်းအား အကြိတ်အနယ် လုပ်ဆောင်နေသည်။ နောက်ဆုံး နှစ်နာရီကုန်ခါနီးတွင် ဆေးပေါင်းဖို ၁၅၀၀လုံး ရဲရဲနီလာတော့သည်။

" အလုပ်ဖြစ်တယ် "

သူက အချိန်ကုန်နေပြီဖြစ်ကြောင်း သိသည့်အတွက် လက်နှစ်ဖက်ကို ရှေ့ပစ်၍ ဆေးပေါင်းဖိုများအတွင်းသို့ ကျင့်ကြံခြင်းအခြေခံစွမ်းအားများ ပို့လွှတ်လိုက်ပြီး အကုန်လုံးအား ပေါက်ကွဲသွားစေလိုက်သည်။

သူ၏ကျင့်ကြံခြင်းအခြေခံဖြင့် အားဖြည့်ပေးထားသော ပေါက်ကွဲမှုကြီးက သက်တန့်ခုနစ်ခုလုံးကို ယခင်အရောင်များ ပြန်ရသွားစေသည်။

ထိုအခိုက်အတန့်တွင် နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီး၏ ဖိအားက ပတ်ဝန်းကျင်တွင် သက်ရောက်လာတော့သည်။

All Chapters