← Chapters

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း (၁၁-၁၂)

Vol. 2 Ch. 11-12

အခန်း ၁၁ - ကောင်းကင်ဘုံသို့ တက်လှမ်းမည့် တောင်ကို တက်ခြင်း၊ ထူးခြားသော လမ်းစဉ်တစ်ခုကို ဖွင့်လှစ်ခြင်း

ကျယ်ပြောပြီး အဆုံးအစမဲ့သော မြေပြင်ပေါ်တွင် သပ်ရပ်စွာ စီစဉ်ထားသော လယ်ကွင်းများ ရှိနေခဲ့သည်။

ဝိညာဉ်နယ်မြေတွင်လည်း လယ်ကွင်းများ ရှိနေကြောင်း ထင်ရှားပေ၏။

သို့သော် ဤလယ်ကွင်းများတွင် စိုက်ပျိုးထားသော အရာများမှာ များပြားလွန်းလှသည်။

အပြင်ဘက်ဆုံးအလွှာတွင် စပါးခင်းများ ပါဝင်ပြီး တစ်ချက်ကြည့်လိုက်လျှင် ပြင်ပကမ္ဘာရှိ စပါးများနှင့် သိသာထင်ရှားသော ကွာခြားချက် မရှိပုံရပေ၏။

သို့သော် ၎င်းတို့အတွင်း ပါဝင်သော ဝိညာဉ်ရေးရာ အနှစ်သာရများကို ကြည့်လျှင် ဤစပါးစေ့များမှာ သာမန်မဟုတ်ကြောင်း သက်သေပြနေခဲ့သည်။

ဒုတိယအလွှာတွင် သစ်သီးမျိုးစုံ ပါဝင်ပြီး ၊ ၎င်းတို့ တစ်ခုချင်းစီတိုင်းသည် ပုံဆောင်ခဲကဲ့သို့ ကြည်လင်နေကာ ကြွယ်ဝသော သစ်သီးရနံ့များကို ထုတ်လွှတ်နေခဲ့၏။

ကောင်းကင်ယံ ပေတစ်ရာခန့် အမြင့်မှပင် ၎င်းတို့ကို ရှင်းလင်းစွာ မြင်နိုင်ပေသည်။

အတွင်းဘက်သို့ ပိုမိုဝင်ရောက်သွားသောအခါ မြင့်မားသော သစ်ပင်ကြီးများ ရှိနေပြီး အချို့မှာ ပွင့်လန်းနေကာ အချို့မှာ အသီးများ သီးနေပြီ ဖြစ်၏။

ထိုသစ်ပင်ကြီးများအထက်တွင် လင်းရီသည် ယူဟန် ဝင်္ကပါပြား ပေါ်ရှိ ပုံစံများနှင့် အလွန်ဆင်တူသော လျှို့ဝှက်ဆန်းကြယ်သည့် ပုံစံများကို မြင်တွေ့ခဲ့ရသည်။

လယ်ကွင်းများအတွင်း၌ အလုပ်လုပ်နေသော သက်ရှိမျိုးစုံလည်း ရှိနေခဲ့၏။

လယ်ကွင်းရိုးများကြားတွင် သွားလာလှုပ်ရှားနေသော လူနှင့်တူသည့် သက်ရှိများ ရှိနေပြီး ၊ ပေါင်းသင်ခြင်း သို့မဟုတ် ရိတ်သိမ်းခြင်းများ ပြုလုပ်နေကာ ပေါကြွယ်ဝမှုများဖြင့် ပြည့်နှက်နေသော လေထုတစ်ခုကို ဖန်တီးပေးနေခဲ့သည်။

ထို့ပြင် အဝေးရှိ မြစ်ကြီးတစ်ခုမှ ပျံဝဲထွက်ပေါ်လာသော နှင်းကဲ့သို့ ဖြူဖွေးသည့် နဂါးများလည်း ရှိနေကာ လယ်ကွင်းများအထက်တွင် ဝဲပျံနေကြပြီး ၊ တစ်ချက် မှုတ်ထုတ်လိုက်ရုံဖြင့် ကောင်းကင်အပြည့် မိုးဖွဲများကို ရွာသွန်းစေကာ ပြန့်ကျဲစွာ ကျဆင်းလာစေသည်။

လယ်ကွင်းများ၏ အဆုံးတွင် တိမ်များထဲသို့ ထိုးတက်နေသော မြင့်မားသည့် တောင်တန်းတစ်ရာ ရှိနေခဲ့သည်။

၎င်းတို့မှာ အမှန်တကယ်ပင် ပေတစ်သောင်းခန့် မြင့်မားသော တောင်များဖြစ်ပြီး ၊၎င်းတို့၏ တောင်ထွတ်များကို မမြင်နိုင်ဘဲ တောင်ခါးပန်းများတွင် ရစ်ပတ်နေသော တိမ်များကိုသာ မြင်တွေ့နိုင်သည်။ ၎င်းတ်ို့သည် အမှန်တကယ်ပင် အင်မော်တယ်များ၏ ရတနာနယ်မြေတစ်ခု ဖြစ်ပေသည်။

တောင်ပေါ်တွင် ထူးဆန်းသော ပန်းများနှင့် ရှားပါးသော ဆေးဖက်ဝင်အပင်များစွာ ပေါက်ရောက်နေပြီး ၊ မြူခိုးတိမ်တိုက်များကြားတွင် ပုန်းကွယ်နေသော ခမ်းနားလှသည့် နန်းတော်များလည်း ရှိနေကာ လှပသော ပန်းချီကားတစ်ချပ်နှင့် တူနေပေသည်။

ရံဖန်ရံခါ ကောင်းကင်ယံကို ဖြတ်ပျံနေသော ကြိုးကြာငှက်တန်းများကိုလည်း မြင်တွေ့နိုင်ပြီး သွက်လက်ကာ အသက်ဝင်မှုများ အပြည့်ရှိနေခဲ့၏။

မည်သူပင်ဖြစ်စေ ဤနေရာသည် အင်မော်တယ်များ၏ ကောင်းချီးနယ်မြေ ဖြစ်ကြောင်း သံသယဝင်မည် မဟုတ်ချေ။

တောင်တစ်ရာ ၏ ဗဟိုတွင် မြင့်မားသော စင်မြင့်တစ်ခု ရှိနေခဲ့သည်။

မြင့်မားသော စင်မြင့်မှာ ပေသုံးဆယ်ခန့်သာ မြင့်သော်လည်း ၎င်းသည် တောင်တစ်ရာ ၏ အဓိက အာရုံစိုက်ရာနေရာ ဖြစ်လာခဲ့၏။

မည်သည့်ဘက်မှ ကြည့်သည်ဖြစ်စေ ၎င်းကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။

မြင့်မားသော စင်မြင့်တစ်ခုလုံးသည် ကျောက်စိမ်းပမာ ဖြူဖွေးတောက်ပနေပြီး၊ အမည်မသိ ပစ္စည်းတစ်ခုဖြင့် ပြုလုပ်ထားကာ မှိန်ဖျော့ဖျော့ အလင်းရောင်များကို ထုတ်လွှတ်နေသည်။

ဤအချိန်တွင် ထိုမြင့်မားသော စင်မြင့်ပေါ်၌ များစွာသော သက်ရှိများသည် တစ်လှမ်းချင်း တက်လှမ်းနေကြပြီး ၊ တစ်ခါတစ်ရံတွင် တစ်စုံတစ်ဦးသည် ရပ်တန့်သွားကာ သူတို့၏ ခန္ဓာကိုယ်မှ တောက်ပသော အလင်းရောင်များ ပေါက်ကွဲထွက်လာကြပြီး ၊ တစ်ခါတစ်ရံတွင် တစ်စုံတစ်ဦးသည် မလိုလားသော မျက်နှာအမူအရာဖြင့် နောက်ဆုတ်သွားတတ်ကြသည်။

ဤကောင်းကင်နှင့် မြေကြီးတွင် ဝိညာဉ်ချီများသည် ကောင်းကင်မြစ်ပမာ အောက်သို့ စီးကျနေပြီး ၊ ရံဖန်ရံခါ ဝိညာဉ်ရေးရာ အလင်းရောင် အစက်အပြောက်လေးများကို လှုံ့ဆော်ပေးလျက် ရှိသည်။

ဤသည်မှာ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားသည် အလွန်အမင်း စုစည်းသွားသော အခြေအနေသို့ ရောက်ရှိသွားသောအခါ အစိုင်အခဲ ဖြစ်သွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပေသည်။

ထိုသို့သော နေရာတွင် အချိန်ကြာမြင့်စွာ ကျင့်ကြံပါက ၊ ကျင့်ကြံခြင်း အမြန်နှုန်းမှာ မည်မျှမြန်ဆန်မည်ကို စိတ်ကူးကြည့်ရန်ပင် ခက်ခဲလှပေ၏။

"အဲဒါ အရိုးစစ်ဆေးရေးစင်မြင့် ပဲ..."

"ဒါက မင်းတို့ ရင်ဆိုင်ရမယ့် ဒုတိယမြောက် စမ်းသပ်မှုလည်း ဖြစ်တယ်..."

"ဒါကို တက်လှမ်းခြင်းလမ်းစဉ် လို့ ခေါ်တယ်..."

"ခြေလှမ်း တစ်ရာ တက်နိုင်တဲ့သူတွေက ဂိုဏ်းထဲကို ဝင်ခွင့်ရမယ်..."

ကျိုးယွင်သည် ယူဟန် ဝင်္ကပါပြား ကို ထိန်းချုပ်နေသော ကျင့်ကြံသူအား အချက်ပြလိုက်ပြီးနောက် ၊ လူတိုင်းကို လယ်ကွင်းရိုးများပေါ်သို့ ဆင်းသက်ရန်် တည်ငြိမ်စွာ ပြောလိုက်၏။

"ခြေလှမ်း တစ်ရာ တက်နိုင်ရင် ဂိုဏ်းထဲ ဝင်ခွင့်ရတယ်ပေါ့..."

"ခြေလှမ်း နှစ်ရာ၊ ခြေလှမ်း သုံးရာ... ဒါမှမဟုတ် ခြေလှမ်း တစ်ထောင့်နှစ်ရာ ဆိုရင်ကော..."

လူငယ်တစ်ဦးက မနေနိုင်ဘဲ မေးလိုက်သည်။

"အရိုးစစ်ဆေးရေးစင်မြင့် ပေါ်မှာ ပထမ ခြေလှမ်း ငါးရာက အခြေခံ တပည့်တွေအတွက်ပဲ..."

"ခြေလှမ်း ငါးရာ ကနေ တစ်ထောင် အထိက တောင်တစ်ရာ ရဲ့ အတွင်းစည်း တပည့်တွေ ဖြစ်လာမယ်..."

"ခြေလှမ်း တစ်ထောင် ကို ကျော်ဖြတ်နိုင်ရင် စစ်မှန်တဲ့ တပည့်တွေ ဖြစ်လာမယ်..."

"ခြေလှမ်း တစ်ထောင့်နှစ်ရာ ကို ရောက်ပြီး အရိုးစစ်ဆေးရေးစင်မြင့် ပေါ်ကို တကယ် တက်နိုင်တဲ့ သူတွေအတွက်ကတော့ ...သူတို့က အတွင်းစည်းဂိုဏ်းရဲ့ အပြင်စည်း တပည့်တွေ ဖြစ်လာနိုင်တယ်..."

ကျိုးယွင်သည် လူတိုင်းကို ဖြည်းညင်းစွာ ရှေ့သို့ ဦးဆောင်သွားရင်း တည်ငြိမ်စွာ ပြောလိုက်၏။

"အတွင်းစည်း ဂိုဏ်းရဲ့ အပြင်စည်း တပည့်တွေလား..."

၎င်းကို ကြားသောအခါ လူတိုင်း အံ့အားသင့်သွားကြသည်။

"အရိုးစစ်ဆေးရေးစင်မြင့် ပေါ်ကို တက်နိုင်တာက ဒီလူမှာ အမြင့်မြတ်ဆုံးနဲ့ အသန်မာဆုံး ပါရမီ ရှိတယ်ဆိုတာကို ညွှန်ပြနေတယ်..."

"ဒီလိုလူတွေကို အတွင်းစည်း ဂိုဏ်းအောက်မှာ စာရင်းသွင်းလိမ့်မယ်..."

"သူတို့ကို ယာယီအားဖြင့် တောင်တစ်ရာ ရဲ့ တောင်သခင် က တိုက်ရိုက် သင်ကြားပေးလိမ့်မယ်..."

"နောက်ဆုံးမှာ သူတို့က ရွှေရောင်အမြူတေ အဆင့်ကို ရောက်သွားပြီးရင် အတွင်းစည်း တပည့်တွေ ဖြစ်လာကြလိမ့်မယ်..."

ကျိုးယွင်က ဖြည်းညင်းစွာ ပြောလိုက်၏။

"ဒါဆို အကောင်းဆုံး ရလဒ်ရခဲ့ရင်ရော ဘယ်လိုဖြစ်မလဲ..."

လင်းရီက မေးလိုက်သည်။

"အကောင်းဆုံးဆိုရင်တော့ သူတို့က ကိုယ်ပိုင် တောင်ကို တည်ထောင်ပြီး ကိုယ်ပိုင် တာအိုကို ဖွင့်လှစ်နိုင်တယ်လေ..."

ကဲ့ချင် က ကျိုးယွင်ကို အဓိပ္ပာယ်ပါပါ ကြည့်ကာ ပြုံးလိုက်၏။

"ကိုယ်ပိုင် တောင်ကို တည်ထောင်ပြီး ကိုယ်ပိုင် တာအိုကို ဖွင့်လှစ်တယ်ပေါ့..."

လင်းရီ အံ့အားသင့်သွားခဲ့သည်။

ဤနေရာသို့ ရောက်လာသော လူများထဲတွင် လင်းရီ၏ ချီသန့်စင်ခြင်း ဒုတိယအဆင့်သည် လူတိုင်းထက် အားသာချက် ဖြစ်နေပြီ ဖြစ်၏။

သို့တိုင်အောင် သူသည် ဝိညာဉ်နယ်မြေတွင် အဆင့်နိမ့် ကျင့်ကြံသူ တစ်ဦးသာ ဖြစ်နေသေးသည်။

ထိုသို့သော ကျင့်ကြံခြင်းမျိုးဖြင့် မည်သို့ ကိုယ်ပိုင် တာအိုကို ဖွင့်လှစ်ကာ ကိုယ်ပိုင် တောင်ကို တည်ထောင်နိုင်မည်နည်း။

"ခြေလှမ်း တစ်ထောင့်နှစ်ရာ ကို တက်ပြီး အရိုးစစ်ဆေးရေးစင်မြင့် ထဲကို ဝင်နိုင်တာကို ဒွါဒသမအဆင့် အောင်မြင်မှုလို့ သတ်မှတ်တယ်..."

"အကယ်၍ လူတစ်ယောက်ရဲ့ အရိုးတည်ဆောက်ပုံက ငါတို့တောင်တစ်ရာ နဲ့ အပြည့်အဝ ကိုက်ညီမယ်ဆိုရင်တော့ သဘာဝကျကျ အကောင်းဆုံးပေါ့.."

"ဒါပေမဲ့ ကောင်းကင်တာအို က အကန့်အသတ် မရှိဘူး..."

"အကယ်၍ လူတစ်ယောက်ဟာ ငါတို့ တောင်တစ်ရာမှာ ရှိတဲ့ တာအိုတစ်ရာနဲ့ မကိုက်ညီဘူးဆိုရင်တော့ တာလော့အင်မော်တယ်ဂိုဏ်း က အဲ့လိုလူကို သင်ကြားပေးနိုင်မှာ မဟုတ်ဘူး..."

"ဒါပေမဲ့ ငါတို့ရဲ့ တာလော့အင်မော်တယ်ဂိုဏ်း မှာ ကြီးမားတဲ့ သတ္တိတွေ ရှိတယ်..."

"သင်ပေးနိုင်တဲ့သူ မရှိရင် သူတို့ဘာသာ တာအိုကို တည်ထောင်ခွင့် ပေးလိုက်တယ်လေ..."

"တောင်တစ်ရာ ရဲ့ အနှစ်သာရ အားလုံးကို အသုံးချလို့ ရတယ်..."

"ဒါက ငါတို့ရဲ့ တာလော့အင်မော်တယ်ဂိုဏ်း ကို နောက်ထပ် ကြီးမြတ်တဲ့ တာအိုအမွေအနှစ် တစ်ခု ရလာစေမှာပဲ..."

"ငါတို့ရဲ့ တာလော့အင်မော်တယ်ဂိုဏ်း က ဝိညာဉ်နယ်မြေမှာရှိတဲ့ ထိပ်တန်း အင်မော်တယ်ဂိုဏ်း ငါးခုစာရင်းမှာ ပါဝင်နိုင်တယ်ဆိုတာက ဒီကြီးမားတဲ့ သတ္တိကြောင့်ပဲ..."

ကဲ့ချင် ၏ မျက်နှာပေါ်တွင် ဂုဏ်ယူမှုနှင့် ဝင့်ကြွားမှုများဖြင့် ပြည့်နှက်နေခဲ့၏။

လင်းရီနှင့် အခြားသူများအားလုံး ၎င်းကို ကြားသောအခါ အံ့အားသင့်သွားကြသည်။

သင်ပေးနိုင်သူ မရှိပါက သူတို့၏ ကိုယ်ပိုင် တာအိုကို တည်ထောင်ရာတွင် ကူညီရန် တောင်တစ်ရာ၏ အနှစ်သာရကို အသုံးချခွင့်ပေးမည်။

ဂိုဏ်းတွင် နောက်ထပ် တာအိုတစ်ခုကို မွေးဖွားခွင့်ပြုမည်။

ထိုသို့သော သတ္တိနှင့် အမြင်မျိုးက မည်သို့ အံ့ဩစရာ မကောင်းဘဲ နေမည်နည်း။

"အဲဒီလို အောင်မြင်ခဲ့တဲ့သူ ရှိဖူးလား..."

လင်းရီက မေးလိုက်၏။

"သဘာဝကျကျ ရှိဖူးတာပေါ့..."

ကျိုးယွင်က ခေါင်းညိတ်လိုက်သည်။

"တာလော့အင်မော်တယ်ဂိုဏ်း ကို စတင်တည်ထောင်တုန်းက တောင် ရှစ်ဆယ့်တစ်လုံး ရှိခဲ့တယ်..."

"နောက်ပိုင်းမှာ သူတော်စင်တွေနဲ့ ပညာရှိတွေက တာအိုကို ရရှိခဲ့ကြပြီး တောင် ဆယ့်ခြောက်လုံး ထပ်တိုးလာလို့ တောင် ကိုးဆယ့်ခုနစ်လုံး ဖြစ်လာခဲ့တယ်..."

"ကျန်တဲ့ တောင် သုံးလုံးကတော့ ဒီ အရိုးစစ်ဆေးရေးစင်မြင့် ပေါ်မှာ ဒွါဒသမအဆင့် ကို တက်နိုင်ခဲ့တဲ့ သူတွေက သူတို့ရဲ့ ကိုယ်ပိုင် တာအိုကို ဖန်တီးပြီး တည်ထောင်ခဲ့တာမလို့ တစ်ရာ ပြည့်သွားတာပဲ..."

ကဲ့ချင် က တည်ငြိမ်သော အမူအရာဖြင့် ပြောလိုက်၏။

"ဪ ဒီလိုကိုး..."

"ဘယ်လို အံ့မခန်း ပါရမီရှင်တွေကများ ကိုယ်ပိုင် တောင်ကို တည်ထောင်ပြီး ကိုယ်ပိုင် တာအိုကို ဖွင့်လှစ်နိုင်ခဲ့တာလဲ..."

လူငယ်အချို့က လေးစားအားကျစွာဖြင့် အာမေဍိတ်သံ ပြုလိုက်ကြသည်။

"အဝေးကြီး သွားမနေနဲ့ အနီးစပ်ဆုံး တစ်ယောက်ကို မင်းတို့အားလုံး သိတယ်..."

ကဲ့ချင် က ရယ်မောလိုက်၏။

"ဟင်..."

ရောက်ရှိနေသူအားလုံးမှာ ဉာဏ်ရည်ထက်မြက်ကြပြီး သူတို့၏ စိတ်ထဲတွင် ဆက်စပ်မှုတစ်ခု ချက်ချင်း ဖြစ်ပေါ်လာခဲ့သည်။

"သဘာဝကျကျ တောင်သခင် ကျိုးယွင် ပေါ့..."

ကဲ့ချင် သည် အားရပါးရ ရယ်မောလိုက်၏။

ကျိုးယွင်သည် သူ၏ ငယ်ရွယ်စဉ်ကာလတွင် လေ့လာမှုမှတစ်ဆင့် တာအိုထဲသို့ ဝင်ရောက်ခဲ့ပြီး သူ၏ မွေးရာပါ ပါရမီဖြင့် ခြေလှမ်း တစ်ထောင့်နှစ်ရာ ကို တက်ကာ ဒွါဒသမအဆင့် သို့ ရောက်ရှိခဲ့ပြီး ၊ တာအိုသိုလှောင်ရာ စာအုပ်တောင် ကို လက်ဗလာမှ စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပေသည်။

ယခုအခါ ၎င်းသည် တောင်တစ်ရာ ၏ ခေါင်းဆောင်အဖြစ် ခမ်းနားမှုကို ပိုင်ဆိုင်နေပြီ ဖြစ်၏။

ပါရမီအရ ပြောရလျှင် ရှေးဟောင်း သမိုင်းကို ရှာဖွေကြည့်လျှင်ပင် နှိုင်းယှဉ်နိုင်သူ အနည်းငယ်သာ ရှိပေလိမ့်မည်။

လင်းရီနှင့် လူငယ်များအားလုံးသည် ကျိုးယွင်ကို တောင့်တမှုနှင့် လေးစားမှုများဖြင့် ကြည့်လိုက်ကြသည်။

သူပဲ ဖြစ်ရမယ် ...

ကျိုးယွင်သည် ဤအရာများကို ဂရုမစိုက်ပုံရပြီး ၊ လူတိုင်းကို အရိုးစစ်ဆေးရေးစင်မြင့် နှင့် တက်လှမ်းခြင်းလမ်းစဉ် ကို လုပ်ဆောင်ရန် ဦးဆောင်သွားခဲ့၏။

ဝီ။

ဤနေရာသို့ ချဉ်းကပ်သွားရုံဖြင့် လူတိုင်း၏ ခန္ဓာကိုယ်များမှာ အလိုအလျောက် မြည်ဟည်းသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

မမြင်နိုင်သော စွမ်းအားတစ်ခုက သူတို့၏ နက်ရှိုင်းသော နေရာတွင် မြှုပ်နှံထားသည့် စွမ်းအားများကို လှုံ့ဆော်ပေးရန် ကြိုးစားနေသကဲ့သို့ ပင်။

"ဒီ အရိုးစစ်ဆေးရေးစင်မြင့် က အတိအကျက ဘာလဲ..."

"ဘယ်လိုလုပ် ဒီလောက် ကြောက်စရာကောင်းနေရတာလဲ..."

"အနားရောက်ရုံနဲ့တင် ငါ့အထဲက စွမ်းအားတွေ ပေါက်ကွဲထွက်တော့မလို ခံစားနေရပြီ..."

များစွာသော လူများသည် အရိုးစစ်ဆေးရေးစင်မြင့် နှင့် တက်လှမ်းခြင်းလမ်းစဉ် ကို ကြည့်ကာ အံ့အားသင့်စွာဖြင့် ပြောဆိုလိုက်ကြသည်။

"အရိုးစစ်ဆေးရေးစင်မြင့် က ဝိညာဉ်နယ်မြေမှာရှိတဲ့ ‘ကြီးမြတ်တဲ့တာအိုကို မေးမြန်းခြင်း စင်မြင့်’ သုံးခုထဲက တစ်ခုပဲ..."

ကျိုးယွင်က တည်ငြိမ်စွာ ပြောလိုက်၏။

" ဒါဆို’ ကြီးမြတ်တဲ့တာအိုကို မေးမြန်းခြင်း စင်မြင့်’ နှစ်ခုက ဘာတွေလဲ..."

လင်းရီက စပ်စုစွာ မေးလိုက်သည်။

အခန်း ၁၂ - ဝိညာဉ်နယ်မြေ၏ စကားလုံး ဆယ့်လေးလုံး မန္တန်

"တစ်ခုက ယွီဟွာအင်မောတယ်ဂိုဏ်း ရဲ့ အင်မော်တယ်စောင့်ကြည့်စင်မြင့် ဖြစ်ပြီး နောက်တစ်ခုက ဗုဒ္ဓဘာသာဂိုဏ်း လန်ခဲဘုရားကျောင်း ရဲ့ ကျမ်းစာလိပ် စင်မြင့်ပဲ.."

ကျိုးယွင်က ပြုံးကာ ပြောလိုက်၏။

"အင်မော်တယ်စောင့်ကြည့်စင်မြင့် နဲ့ ကျမ်းစာလိပ် စင်မြင့် လား..."

"သူတို့ကကော ဒီ အရိုးစစ်ဆေးရေးစင်မြင့် လိုပဲ လူတစ်ယောက်ရဲ့ အရိုးတည်ဆောက်ပုံကို ကြည့်လို့ရလား..."

များစွာသော လူများက စပ်စုစွာ မေးလိုက်ကြသည်။

ဝိညာဉ်နယ်မြေသို့ စတင်ရောက်ရှိချိန်တွင် လူတိုင်းသည် ကျင့်ကြံခြင်းနှင့် ပတ်သက်သော ဗဟုသုတများကို ဆာလောင်နေသော ကလေးတစ်ယောက်ကဲ့သို့ အငမ်းမရ သင်ယူလေ့လာနေကြသည်။

"ဒါပေါ့ မရဘူးလေ..."

"တာအိုကို မေးမြန်းခြင်း စင်မြင့် သုံးခုထဲမှာ အရိုးစစ်ဆေးရေးစင်မြင့် တစ်ခုတည်းကသာ လူတစ်ယောက်ရဲ့ အရိုးတည်ဆောက်ပုံကို ကြည့်လို့ရတာ..." ကဲ့ချင် က ပြုံးကာ ပြောလိုက်သည်။

"ဒါဆိုရင် ဒီ အင်မော်တယ်စောင့်ကြည့်စင်မြင့် နဲ့ ကျမ်းစာလိပ် စင်မြင့် ရဲ့ အာနိသင်တွေက ဘာတွေလဲ..." လင်းရီသည် အခွင့်အရေးကို ဆုပ်ကိုင်ကာ မေးလိုက်၏။

"အင်မော်တယ်စောင့်ကြည့်စင်မြင့် က 'အင်မော်တယ်တွေကို ကြည့်ခြင်း' ဆိုတဲ့ နာမည်နဲ့အညီ ကျင့်ကြံသူတစ်ယောက်ရဲ့ အနာဂတ်ကို ဖော်ပြပေးနိုင်တယ်..."

"ကျင့်ကြံသူတစ်ယောက်က သူတို့ရဲ့ တာအိုကို အနာဂတ်ရဲ့ ထောင့်တစ်ထောင့်မှာ မြင်တွေ့နိုင်ပြီး အဲဒီ အင်မော်တယ်စောင့်ကြည့်စင်မြင့် ပေါ်မှာ ပျံသန်းနေတဲ့ အင်မော်တယ် တစ်ပါးရဲ့ အရိပ်ကိုတောင် မြင်တွေ့နိုင်တယ် အဲဒါက မှန်းဆလို့မရအောင် လျှို့ဝှက်ဆန်းကြယ်ပြီး တာအိုကို မေးမြန်းခြင်း စင်မြင့် သုံးခုထဲမှာ အနက်နဲဆုံးပဲ..." ကျိုးယွင်က တည်ငြိမ်စွာ ပြောလိုက်၏။

"အနာဂတ်ကို မြင်နိုင်တယ်ပေါ့..."

လူတိုင်း ထပ်မံ၍ အံ့အားသင့်သွားကြပြီး လင်းရီလည်း ချွင်းချက်မဟုတ်ချေ။

"ဒါက ပြောစကားတစ်ခု သက်သက်ပါ မြင်ရတာက အတိတ်လား၊ အနာဂတ်လား၊ ဒါမှမဟုတ် ကိုယ့်စိတ်ထဲက စိတ်ယောင်ချောက်ချားမှုတစ်ခုလား ဆိုတာကို ဘယ်သူက ရှင်းရှင်းလင်းလင်း ပြောနိုင်မှာလဲ..."

"အသုံးဝင်သရွေ့တော့ ရပါတယ်..." ကဲ့ချင် က ပြုံးကာ ပြောလိုက်၏။

လင်းရီက ခေါင်းညိတ်လိုက်ပြီး အင်မော်တယ်စောင့်ကြည့်စင်မြင့် အပေါ် ပို၍ပင် စိတ်ဝင်စားသွားခဲ့သည်။

"ကျမ်းစာလိပ် စင်မြင့် အတွက်ကတော့ အဲဒါက အကောင်းဆုံး တက်လှမ်းခြင်း စင်မြင့် ပဲ..." ကျိုးယွင်က ထပ်ပြောလိုက်၏။

" အကောင်း‌ဆုံး တက်လှမ်းခြင်း စင်မြင့် လား..."

လူတိုင်း ထပ်မံ၍ စိတ်ဝင်စားသွားကြသည်။

"ကျင့်ကြံခြင်းမှာ ကန့်သတ်ချက်တွေနဲ့ ပိတ်ဆို့မှုတွေ ရှိတယ်..."

"ကျင့်ကြံသူတစ်ယောက်က နယ်မြေတစ်ခုရဲ့ ပြီးပြည့်စုံခြင်းအဆင့်ကို ကျင့်ကြံတဲ့အခါ ဒါက ပိုပြီးတော့ သိသာထင်ရှားတယ်..."

"ကန့်သတ်ချက်တွေနဲ့ ပိတ်ဆို့မှုတွေကို ချိုးဖျက်ဖို့က အရမ်းကို ခက်ခဲတယ် တချို့လူတွေဆိုရင် နှစ်ရာပေါင်းများစွာ ကျင့်ကြံပေမဲ့လည်း အဲဒီခြေလှမ်းကို မလှမ်းနိုင်ကြသေးဘူး..."

"အဲဒီ ကျမ်းစာလိပ် စင်မြင့် က လူတွေကို ကန့်သတ်ချက်တွေနဲ့ ပိတ်ဆို့မှုတွေကို ချိုးဖျက်ဖို့ ကူညီပေးနိုင်တယ်..." ကျိုးယွင်က ပြောလိုက်၏။

"ကန့်သတ်ချက်တွေနဲ့ ပိတ်ဆို့မှုတွေကို ချိုးဖျက်ဖို့ လူတွေကို ဘယ်လို ကူညီပေးတာလဲ..." လင်းရီက နှိမ့်ချစွာ မေးလိုက်သည်။

"အဲဒီပေါ်မှာ နှစ်ခါလောက် လိမ့်လိုက်ရုံပဲ..." ကဲ့ချင် က သူ၏ နောက်ပြောင်တတ်သော အပြုံးကို ထပ်မံပြသလိုက်၏။

"နှစ်ခါ လိမ့်ရမယ်..." လူတိုင်းက ကဲ့ချင် ကို ထူးဆန်းသော အမူအရာများဖြင့် ကြည့်လိုက်ကြသည်။

"ဟုတ်တယ်..."

"ဒီ ကျမ်းစာလိပ် စင်မြင့် က ကျောက်စိမ်းပြာတုံးကြီး တစ်တုံးနဲ့ တူတယ် အဲဒီတုန်းက မြေကမ္ဘာအင်မော်တယ် အဘိုးကြီးတစ်ယောက်က အခွင့်အရေးရလို့ အဲဒီပေါ်မှာ အကြိမ်အနည်းငယ် လိမ့်လိုက်ရာကနေ တက်လှမ်းခြင်း တာအိုကို နားလည်သဘောပေါက်သွားပြီး လေဟာနယ်ကို ချိုးဖျက်ကာ ရယ်မောရင်း ထွက်သွားခဲ့တယ်လေ..."

"ဒီလိုနဲ့ ကျမ်းစာလိပ် စင်မြင့် က ဝိညာဉ်နယ်မြေမှာ နာမည်ကြီးလာပြီး ဝိညာဉ်နယ်မြေရဲ့ တတိယမြောက် အကြီးဆုံး တာအိုကို မေးမြန်းခြင်း စင်မြင့် ဖြစ်လာခဲ့တာပဲ..." ကဲ့ချင် က လေးနက်စွာ ပြောလိုက်၏။

"မြေကမ္ဘာအင်မော်တယ် တစ်ပါးကိုတောင် ကန့်သတ်ချက်တွေ ချိုးဖျက်ဖို့ ကူညီပေးနိုင်တဲ့ တာအိုကို မေးမြန်းခြင်း စင်မြင့် တစ်ခုတဲ့လား... ဒါက တကယ်ကို အံ့ဩစရာပဲ ဒါပေမဲ့ ဒီအသုံးပြုတဲ့ နည်းလမ်းကတော့..."

လင်းရီသည် အနည်းငယ် နေရခက်သွားသလို ခံစားလိုက်ရသည်။

မည်သို့ပင်ဖြစ်စေ ကျောက်တုံးပြားပေါ်တွင် အင်မော်တယ်များ လူးလိမ့်နေကြသည့် မြင်ကွင်းသည် စိတ်ကူးကြည့်ရုံနဲ့တင် အတော်လေး လှပနေသည်မှာ သေချာသည်။

"ဒီစကားအတိုင်းပါပဲ ဘယ်လိုသုံးလဲဆိုတာက အရေးမကြီးဘူး အသုံးဝင်ဖို့ပဲ အရေးကြီးတာပါ..."

"အနည်းဆုံးတော့ ဒီနှစ်တွေအတွင်းမှာ လူအများအပြားက ကျမ်းစာလိပ် စင်မြင့် ပေါ်မှာ သူတို့ရဲ့ ကိုယ်ပိုင် ကန့်သတ်ချက်တွေကို ချိုးဖျက်ပြီး ပိုမြင့်တဲ့ နယ်ပယ်တစ်ခုကို တက်လှမ်းနိုင်ခဲ့ကြတယ်..." ကျိုးယွင်က ပြုံးကာ ပြောလိုက်၏။

"တာအိုကို မေးမြန်းခြင်း စင်မြင့် သုံးခုက တကယ်ကို ကိုယ်ပိုင်နည်းလမ်းတွေနဲ့ အံ့ဩစရာကောင်းတာပဲ အနာဂတ်မှာ အဲဒါတွေကို မြင်တွေ့ရမယ့် အခွင့်အရေး ရှိမလား မသိဘူး..." လင်းရီက မျှော်လင့်ချက်များဖြင့် တီးတိုးရေရွတ်လိုက်သည်။

"ဒါပေါ့ အခွင့်အရေး ရှိတာပေါ့..."

"အကယ်၍ မင်းရဲ့ အရိုးတည်ဆောက်ပုံက လုံလောက်အောင် ကောင်းမယ်ဆိုရင် အဲဒါကို သုံးဖို့ဆိုတာ မဖြစ်နိုင်တာမျိုး မဟုတ်ပါဘူး..." ကဲ့ချင် က သဘာဝကျသကဲ့သို့ ပြောလိုက်၏။

"ဒီလို ရတနာမျိုးကို ကြီးမြတ်တဲ့ ဂိုဏ်းနှစ်ခုက တခြားဂိုဏ်းတွေက ကျင့်ကြံသူတွေကို သုံးခွင့်ပေးပါ့မလား..." လင်းရီ အံ့အားသင့်သွားခဲ့သည်။

"ဒုတိယ သင်ခန်းစာ..."

ထိုစကားကို ကြားသောအခါ ကဲ့ချင် က လက်ချောင်းနှစ်ချောင်းကို ထောင်ပြလိုက်၏။

ကဲ့ချင် ပြောခဲ့သော ပထမ သင်ခန်းစာမှာ ယခင်က အနက်ရောင် ရေနဂါး ပင် ဖြစ်ပေသည်။

"ဘာများလဲ..." လင်းရီနှင့် အခြားသူများသည် ကဲ့ချင် ကို ကြည့်လိုက်ကြ၏။

"ဒီ ဒုတိယ သင်ခန်းစာကတော့ ဝိညာဉ်နယ်မြေမှာ ကမ္ဘာကြီးနဲ့ ဘယ်လိုဆက်ဆံရမလဲဆိုတဲ့ တာအိုပဲ..."

ကဲ့ချင် က ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

"ဝိညာဉ်နယ်မြေမှာ ဂိုဏ်းတစ်ခုစီရဲ့ ဆက်ဆံရေးကို စကားလုံး ဆယ့်လေးလုံးနဲ့ ဖော်ပြလို့ရတယ်..."

"စကားလုံး ဆယ့်လေးလုံးလား..." လင်းရီ၏ ဓားကဲ့သို့သော မျက်ခုံးများ မြင့်တက်သွားခဲ့၏။

"လူမှုဆက်ဆံရေးက သုံးဆယ်ရာခိုင်နှုန်း၊ အကြောင်းပြချက်က သုံးဆယ်ရာခိုင်နှုန်း၊ လက်သီးက လေးဆယ်ရာခိုင်နှုန်း..." ကျိုးယွင်က ပြုံးကာ ပြောလိုက်သည်။

လင်းရီနှင့် အခြားသူများသည် ဤစကားလုံး ဆယ့်လေးလုံးကို ဂရုတစိုက် မြည်းစမ်းကြည့်ရာ ၎င်းတို့မှာ အမှန်တကယ်ပင် နက်နဲကြောင်း တွေ့ရှိလိုက်ရ၏။

"ဝိညာဉ်နယ်မြေမှာ အင်မော်တယ်ဂိုဏ်း အများအပြား ရှိပြီး သူတို့ရဲ့ ကိုယ်ပိုင် တာအို လမ်းကြောင်းကို လျှောက်လှမ်းနေကြပေမဲ့ သူတို့အကြားမှာ ရှုပ်ထွေးတဲ့ အဆက်အသွယ်တွေလည်း ရှိတယ် ဒါကြောင့် သဘာဝကျကျ လူမှုဆက်ဆံရေး အချို့တော့ လိုအပ်တာပေါ့..."

"ငါတို့ရဲ့ တာလော့အင်မော်တယ်ဂိုဏ်း က အရိုးစစ်ဆေးရေးစင်မြင့် ကို ပိုင်ဆိုင်ထားပေမဲ့ ငါတို့က အဲဒါကို သိမ်းဆည်းမထားဘူး တခြားဂိုဏ်းတွေက အသုံးပြုချင်ရင် ဒီကိုလာပြီး ငှားသုံးလို့ရတယ်..."

"အရိုးစစ်ဆေးရေးစင်မြင့် က ဒီလိုပဲဆိုတော့ ကျန်တဲ့ တာအိုကို မေးမြန်းခြင်း စင်မြင့် ကြီးနှစ်ခုကလည်း အတူတူပဲပေါ့”

"ငါတို့ရဲ့ တာလော့အင်မော်တယ်ဂိုဏ်း က ပစ္စည်းတစ်ခုခုကို သုံးပြီးသွားရင် သူတို့က ငါတို့ အင်မော်တယ်ဂိုဏ်းကို သဘာဝကျကျ ကျေးဇူးဆပ်ရမယ် အနာဂတ်မှာ ငါတို့ရဲ့ တာလော့ က အကူအညီ လိုအပ်လာရင် တောင်းဆိုရ လွယ်ကူသွားမယ် ဒါက လူမှုဆက်ဆံရေးပဲ..." ကျိုးယွင်က ပြုံးကာ ပြောလိုက်၏။

"ဒီနည်းလမ်းက အရမ်းကောင်းတယ် မလိုအပ်တဲ့ ပဋိပက္ခတွေကို အများကြီး လျှော့ချပေးနိုင်တယ်..." လင်းရီက ခေါင်းညိတ်လိုက်ပြီး ဝိညာဉ်နယ်‌မြေအပေါ် ပို၍ ကောင်းမွန်သော အထင်အမြင်ကို ရရှိသွားခဲ့သည်။

"ဒါက မှန်ပေမဲ့ လူတွေရှိတဲ့နေရာမှာ ပဋိပက္ခတွေက သဘာဝကျကျ ရှိလာမှာပဲ..."

"ယေဘုယျအားဖြင့် ပြောရရင် ငါတို့က အင်အားမသုံးပါဘူး..."

"ဘာဖြစ်လို့လဲဆိုတော့ ကျင့်ကြံခြင်းရဲ့ ရည်ရွယ်ချက်က အင်မော်တယ်တာအို နဲ့ ထာဝရအသက်ကို ရှာဖွေဖို့လေ တိုက်ခိုက်သတ်ဖြတ်ဖို့ မဟုတ်ဘူး..."

"ဒါကြောင့် အကြောင်းပြချက်ပေးလို့ရရင် အကြောင်းပြချက်ပေးတယ်..."

"အကြောင်းပြချက်ပေးလို့ မရရင်တော့ အင်အားသုံးရတော့မှာပေါ့..."

"မှတ်ထားပါ မင်း 'လက်သီးရဲ့ အကြောင်းပြချက်' ကို သုံးဖို့ အဆင်သင့်ဖြစ်ပြီဆိုရင် မတွေဝေနဲ့၊ ဘာမှလည်း ချန်မထားနဲ့ မိုးကြိုးကဲ့သို့သော နည်းလမ်းတွေကို သုံးပြီး တိုက်ရိုက် ဖိနှိပ်သတ်ဖြတ်ရမယ်...

" ကျိုးယွင် စကားပြောနေစဉ် သူ၏ ခန့်ညားသော မျက်လုံးများနှင့် လုံးဝ မလိုက်ဖက်သည့် အေးစက်သော ထက်မြက်မှုတစ်ခုက ၎င်းတို့အတွင်း လင်းလက်သွားခဲ့၏။

"မရိုက်ရင် နေမယ်၊ ရိုက်ရင် သေချာပေါက် သတ်ရမယ်ပေါ့..."

လင်းရီ၏ မျက်လုံးများ တောက်ပသွားခဲ့ပြီး ဤလုပ်ဆောင်မှုပုံစံမှာ လင်းရီ၏ အကြိုက်နှင့် အလွန် ကိုက်ညီနေပေသည်။

"ဟုတ်တယ်..."

"တစ်ခါ အရေးယူပြီးပြီဆိုရင် ပြိုင်ဘက်ကို လက်တုံ့ပြန်ဖို့ အခွင့်အရေး ဘယ်တော့မှ မပေးရဘူး..."

"မင်း ဘယ်သူ့ကိုပဲ သတ်သတ် ဂိုဏ်းက မင်းကို သဘာဝကျကျ ဖုံးကွယ်ပေးလိမ့်မယ်..."

"ငါတို့ရဲ့ တာလော့ က လောကကို အကျိုးပြုနိုင်တယ် လူမှုဆက်ဆံရေးတွေ လုပ်နိုင်တယ် ပြီးတော့ အင်မော်တယ်ဂိုဏ်းတွေကိုလည်း ဓားတစ်လက်တည်းနဲ့ သုတ်သင်ရှင်းလင်းနိုင်တယ်..."

"ဝိညာဉ်နယ်မြေမှာ တာလော့ တပည့်တစ်ယောက် မသတ်နိုင်တဲ့သူဆိုတာ မရှိဘူး ပြီးတော့ ငါတို့ရဲ့ တာလော့အင်မော်တယ်ဂိုဏ်း က မကာကွယ်ပေးနိုင်တဲ့ တပည့်ဆိုတာလည်း မရှိဘူး..."

"ဒါက ဂိုဏ်းက မင်းတို့ကို ပေးတဲ့ ယုံကြည်မှုပဲ..."

"အသက်ရှင်နေမှသာ တာအိုကို မေးမြန်းနိုင်မယ် ပြီးတော့ အသက်ရှင်နေမှသာ ကောင်းကင်ဘုံကို တက်လှမ်းနိုင်မယ်..." ကဲ့ချင် က ထက်မြက်သော လေသံဖြင့် ပြောလိုက်၏။

လင်းရီနှင့် အခြားသူများသည် ကဲ့ချင် ၏ ပဲ့တင်ထပ်နေသော စကားများကို နားထောင်ရင်း သူတို့၏ နှလုံးသားများမှာ စိတ်လှုပ်ရှားမှုများဖြင့် အနည်းငယ် လှုပ်ခတ်သွားခဲ့ကြသည်။

ဝိညာဉ်နယ်မြေမှာ တာလော့ရဲ့ တပည့်တစ်ယောက်က မသတ်နိုင်တဲ့သူဆိုတာ မရှိစေရဘူး..

ဝိညာဉ်နယ်မြေမှာ တာလော့ မကာကွယ်ပေးနိုင်တဲ့ တပည့်ဆိုတာလည်း မရှိဘူး…

လင်းရီနှင့် အခြားသူများသည် တာလော့အင်မော်တယ်ဂိုဏ်း အတွင်းသို့ မဝင်ရောက်ရသေးသော်လည်း သူတို့၏ နှလုံးသားထဲတွင် အမည်မသိ ခံစားချက်တစ်ခု အလိုအလျောက် ပေါ်ပေါက်လာခဲ့၏။

ပိုင်ဆိုင်မှု ခံစားချက်။

ကဲ့ချင် နှင့် ကျိုးယွင်တို့သည် ရိုးရှင်းသော သင်ခန်းစာနှစ်ခုဖြင့် ဝိညာဉ်နယ်မြေ၏ အလှတရားနှင့် သွေးထွက်သံယို ရက်စက်မှုတို့ကို လင်းရီနှင့် အခြားသူများ၏ အရှေ့တွင် တိုက်ရိုက် ပြသခဲ့ကြသည်။

ဤသည်မှာ ကောင်းကင်ဘုံသို့ တက်လှမ်းခြင်း တာအိုသာမက ရှင်သန်ခြင်း တာအိုလည်း ဖြစ်ပေ၏။

ဤရှင်သန်ခြင်း တာအိုသည် တာလော့အင်မော်တယ်ဂိုဏ်း က ရှည်လျားသော ခေတ်ကာလများတစ်လျှောက် အကျဉ်းချုပ်ထားသည့် နိယာမတစ်ခု ဖြစ်ပေသည်။

အသက်ရှင်နေမှသာ အနာဂတ်ဆိုတာ ရှိမည်။

"သင်ခန်းစာတွေ ပြီးသွားပြီ..."

"အချိန်လည်း ပြည့်တော့မယ် မင်းတို့ အခု စင်ပေါ်ကို တက်သင့်ပြီ..." ကျိုးယွင်က တက်လှမ်းခြင်းလမ်းစဉ် ဘေးရှိ ကျောက်စိမ်းဖြူ စားပွဲတစ်ခုကို ညွှန်ပြလိုက်၏။

ကျောက်စိမ်းဖြူ စားပွဲအရှေ့တွင် တာအိုကျင့်ကြံသူတစ်ဦး ထိုင်နေသည်။ လူတိုင်းသည် စင်ပေါ်သို့ မတက်မီ ထိုနေရာတွင် စာရင်းပေးသွင်းရမည် ဖြစ်၏။

ခြေလှမ်း တစ်ရာ အထက်သို့ တက်လှမ်းသော ကျင့်ကြံသူများသည် ထိုနေရာတွင် ခါးဆွဲတံဆိပ်တစ်ခု ရရှိမည်ဖြစ်ကြောင်း လင်းရီ စောစောက သတိပြုမိခဲ့သည်။

အကဲဖြတ်မှုကို မအောင်မြင်သော တပည့်များမှာ ဧရိယာကို စောင့်ကြပ်နေသော ဂိုဏ်းငယ်လေးများမှ ကျင့်ကြံသူများ၏ ခေါ်ဆောင်သွားခြင်းကို ခံရမည် ဖြစ်၏။

လင်းရီနှင့် အခြားသူများသည် မတွေဝေတော့ဘဲ စာရင်းပေးသွင်းရန် ရှေ့သို့ လှမ်းသွားခဲ့ကြပြီးနောက် တက်လှမ်းခြင်းလမ်းစဉ် ပေါ်သို့ တက်လှမ်းလိုက်ကြသည်။

ချလွင်။

လင်းရီ လှေကားထစ်ပေါ်သို့ တက်လှမ်းလိုက်ရုံသာ ရှိသေး၏။

လင်းရီ၏ ခန္ဓာကိုယ်အတွင်းမှ ကြည်လင်ပြတ်သားပြီး တုန်ခါနေသော အသံတစ်ခု ပဲ့တင်ထပ်သွားခဲ့သည်။

ထို့နောက် လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ကောင်းကင်တာအို က တချွင်ချွင် မြည်ဟည်းသွားပြီး ၊ ၎င်း၏ ရှေးဟောင်းနှင့် လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတများသည် တောက်ပစွာ လင်းလက်လာကာ ပြိုင်ဘက်ကင်း ဓားသန္ဓေသားတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လင်းရီ၏ ခေါင်းအထက်တွင် ချိတ်ဆွဲထားလေတော့၏။

All Chapters