အခန်း (၁၉-၂၀)
Vol. 2 Ch. 19-20
အခန်း ၁၉ - ဟန်ချွမ်တောင်၊ ဝိုင်တောင်ကို အကြမ်းဖျင်း သတ်မှတ်ခြင်း
“ကျွန်တော်လည်း ဒါက ဖြစ်နိုင်ခြေရှိတယ်လို့ ထင်တယ်...”
“ငါတို့ရဲ့ တာလော့အင်မော်တယ်ဂိုဏ်းက ဒါကို အပြည့်အဝ လုပ်နိုင်ပါတယ်... သူ့ရဲ့ အခြေခံအုတ်မြစ်ကို မထိခိုက်စေဘဲ ဝိုင်တာအိုကို ဖျက်သိမ်းလို့ ရတာပဲ...”
“တကယ်လို့ အဆင်မပြေရင်လည်း သူ့ကို တာလော့ ရွှေရောင်အမြူတေ တစ်လုံး ထပ်ပေးလိုက်ရုံပေါ့...”
ဤသို့သော အကြံပြုချက်ကို ထောက်ခံသူ တစ်ဦးမက ရှိနေခဲ့ပေသည်။
“လျှောက်မပြောနဲ့...”
“လင်းရီရဲ့ ဝိုင်တာအိုက အရိုးစစ်ဆေးရေးစင်မြင့်ကနေ လင်းလက်လာခဲ့တာလေ...”
“ဘေးလမ်းစဉ် တာအိုလေး ဖြစ်နေတာကို ထားလိုက်ဦး... ဒီတာအိုက ချေးပုံကြီးပဲ ဖြစ်နေပါစေဦး သူက အနာဂတ်မှာ အင်မော်တယ်အဖြစ် တက်လှမ်းနိုင်ဦးမှာပဲ...”
“မင်းတို့က ဘာကို စိုးရိမ်နေကြတာလဲ...”
“အတိအကျပဲ... ငါတို့ တာလော့အင်မော်တယ်ဂိုဏ်းက အခုလို အခြေအနေမျိုး ရှိနေတာဟာ ငါတို့မှာ ကြီးမားတဲ့ သတ္တိ ရှိလို့ပဲ...”
“လင်းရီက ဝိုင်တာအိုကို ရွေးချယ်ခဲ့တယ်... စည်းမျဉ်းတွေအရ သူ့ကို သူ့ဘာသာ တာအို တည်ထောင်ပြီး ကိုယ်ပိုင်တောင် ဖွဲ့စည်းခွင့် ပေးလိုက်ရုံပဲ... ဒါပဲလေ...”
တောင်တစ်ရာ တောင်သခင်က အတွင်းစည်းကို မျက်နှာမထောက်ဘဲ ပြန်လည် တုံ့ပြန်လိုက်သည်။ တောင်တစ်ရာကို အပြင်စည်းဟု ခေါ်ဆိုသော်လည်း ၎င်း၏ အဆင့်အတန်းမှာ နိမ့်ကျသည်ဟု မဆိုနိုင်ချေ။ တာလော့အင်မော်တယ်ဂိုဏ်းတွင် ထူးခြားသော ဖွဲ့စည်းပုံ ရှိနေခြင်းသာ ဖြစ်ပေသည်။
“အင်မော်တယ်တွေမှာလည်း အဆင့်အတန်း ရှိတယ်လေ...”
“မင်းက အဲဒီလောက် အရည်အချင်းရှိရင် အပ်အင်မော်တယ် တစ်ယောက်ကို လီတိရှန်းနဲ့ သွားတိုက်ခိုင်းကြည့်ပါလား...”
မီးလိုနီရဲနေသော ဆံပင်နှင့် မုတ်ဆိတ်မွေးများ ရှိသည့် အဘိုးအိုက လှောင်ပြောင်လိုက်၏။
“မင်းက အဲဒီလောက် တော်နေရင် ကျိုးယွင်ကို သွားတိုက်ကြည့်ပါလား...”
ကဲ့ချင်က ပြန်လည် လှောင်ပြောင်လိုက်သည်။
“မီးတာအိုကို ကျင့်ကြံတဲ့ မင်းက ပညာရှင် တစ်ယောက်ကို မနိုင်ဘူးလို့တော့ မပြောနဲ့ဦးနော်...”
“ငါက ပညာရှင် တစ်ယောက်ကို ကြောက်ရမလား...”
“ငါ ဒါတွေ လုပ်နေတာ လင်းရီ ကောင်းဖို့အတွက်ပဲ... လင်းရီရဲ့ အနာဂတ်ကို ဖျက်ဆီးမပစ်ကြစမ်းနဲ့...”
နီရဲသော ဆံပင်နှင့် အဘိုးအိုက မထီမဲ့မြင်ဟန်ဖြင့် ပြောလိုက်ပြီး တည်ငြိမ်သော အမူအရာဖြင့် ထိုင်နေသည့် ကျိုးယွင်ကို တစ်ချက် ကြည့်လိုက်ရာ သူ၏ မျက်မှောင်များမှာ တွန့်ကွေးသွားခဲ့သည်။
အုပ်ချုပ်ရေး ကောင်းကင်ဘုံ တစ်ခုလုံးမှာ ရှုပ်ထွေးနေခဲ့ပြီး စုစုပေါင်း သက်တမ်း နှစ်သောင်းချီ ရှိနေကြသည့် အဘိုးအို ဘီလူးကြီးများ အုပ်စုမှာ အချင်းချင်း နည်းနည်းမှ အလျှော့မပေးဘဲ အငြင်းပွားနေကြရာ ၊ သူတို့၏ အသံများမှာ အုပ်ချုပ်ရေး ကောင်းကင်ဘုံ တစ်ခုလုံးတွင် ပဲ့တင်ထပ်နေခဲ့သည်။
လင်းရီ၏ အခြေခံအုတ်မြစ်မှာ အလွန်ပင် ကောင်းမွန်လွန်းလှပေသည်။ အလွန် ကောင်းမွန်လွန်းသဖြင့် ဤအဘိုးကြီးများမှာ သူတို့၏ လက်စွပ်များကို ချွတ်ကာ တိုက်ခိုက်ချင်စိတ်ပင် ပေါက်နေကြ၏။ သို့သော်လည်း ဤကိစ္စမှာ နောက်ဆုံးတွင် ပြေလည်သွားခဲ့သည်။ မည်သို့ ပြေလည်သွားသနည်း ကို ဆိုရသော် ၊ လက်သီးချင်းချင်း ထိပ်တိုက်တွေ့ဆုံခြင်းကြောင့်သာ ဖြစ်သည်။
“အကြီးအကဲ ခုနစ်...”
“ကျွန်မ ဒါလုပ်တာ ရှင် ကောင်းဖို့အတွက်ပါ...”
ထို့နောက် အလွန်အမင်း အေးစက်သော ဓားအလင်းတန်း တစ်ခုမှာ အုပ်ချုပ်ရေး ကောင်းကင်ဘုံအတွင်းသို့ တိုးဝင်လာခဲ့သည်။ ထိုဓားအလင်းတန်းမှာ ခဏတာမျှသာ ကြာမြင့်ခဲ့သော်လည်း အတွင်းစည်း တစ်ခုလုံးကို အရိုးထဲအထိ အေးစိမ့်သွားစေခဲ့၏။ ထို့ကြောင့် ဤကိစ္စမှာ ပြေလည်သွားခဲ့ပေသည်။ လင်းရီအား တာလော့အင်မော်တယ်ဂိုဏ်း၏ ၁၀၁ ခုမြောက် တောင်သခင်အဖြစ် ခန့်အပ်ကာ ကိုယ်ပိုင် တာအို တည်ထောင်စေရန် ဆုံးဖြတ်လိုက်ကြသည်။
တောင်တစ်ရာ တောင်သခင် အတွင်းစည်းမှ ထွက်လာသောအခါ ကဲ့ချင်က ကျိုးယွင်ကို ထူးဆန်းစွာ ကြည့်လိုက်သည်။
ကျိုး လူအိုကြီး... မင်းက သူမနဲ့ အကွက်တစ်ရာအတွင်းမှာ သရေကျအောင် တိုက်နိုင်မယ်ဆိုတာ သေချာရဲ့လား...”
ကျိုးယွင်က ၎င်းကို ကြားသောအခါ ဟန်မပျက် ခေါင်းညိတ်လိုက်သည် ။
“ကျွန်တော့်မှာ တိုက်ခိုက်နိုင်တဲ့ ခွန်အားတော့ သေချာပေါက် ရှိပါတယ်...”
“ငါ့အမြင်တော့ နောက်ထပ် စကားတစ်ခွန်း ထပ်တိုးသင့်တယ် ထင်တယ်...”
ဝမ်ရှန်းကန်းက ပြုံးလိုက်သည်။
“ဘာလဲ...”
ကဲ့ချင်က စိတ်ဝင်တစား မေးလိုက်၏။
“ဒါပေမဲ့ အနိုင်ရဖို့ အခွင့်အရေးတော့ မရှိဘူးလေ...”
ဝမ်ရှန်းကန်းက အားရပါးရ ရယ်မောလိုက်ပြီးနောက် ထွက်ပြေးသည့်အလား ပျောက်ကွယ်သွားခဲ့တော့သည်။
...
“ချီသန့်စင်ခြင်း ကျင့်စဉ်အခန်းကတော့ ပြည့်စုံသွားပြီ...”
“ဒါပေမဲ့ အခြေတည်အဆင့်အတွက်တော့ ဘာအရိပ်အမြွက်မှ မရှိသေးဘူး...”
တစ်ချိန်တည်းမှာပင် လင်းရီသည် သူ့ မျက်လုံးများကို ဖွင့်လိုက်သည်။ တစ်ဝက်ရက်မျှ နားလည်သဘောပေါက်မှုနှင့် ကျင့်ကြံခြင်းဖြင့် လင်းရီ၏ ချီသန့်စင်ခြင်း ဒွါဒသမအဆင့်မှာ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားခဲ့ပြီး သူ၏ အခြေခံအုတ်မြစ်မှာလည်း ခိုင်မာနေခဲ့၏။ နောက်ထပ် အဆင့်မှာ ချီသန့်စင်ခြင်း ပြီးပြည့်စုံခြင်းနယ်ပယ် ဖြစ်ပေလိမ့်မည်။
ထိုအချိန်ရောက်လျှင် လင်းရီအနေဖြင့် အခြေတည်အဆင့်အတွက် ပြင်ဆင်ရန် လိုအပ်ပေလိမ့်မည်။ အခြေတည်အဆင့် ဆိုသည်မှာ အင်မော်တယ်တာအို၏ အခြေခံအုတ်မြစ်ကို သွန်းလောင်းခြင်း ဖြစ်၏။ အင်မော်တယ်တာအို၏ အခြေခံအုတ်မြစ် ပိုမိုခိုင်မာလေ အနာဂတ်တွင် ပိုမိုဝေးကွာသော ခရီးကို လျှောက်လှမ်းနိုင်လေ ဖြစ်ပေသည်။ သို့သော် လင်းရီမှာ အင်မော်တယ်ဂိုဏ်းသို့ အခုမှ ရောက်လာသူ ဖြစ်သဖြင့် အခြေတည်အဆင့်ကို မည်သို့ ပြုလုပ်ရမည်ကို နားမလည်သေးချေ၊ ဝိုင်တာအိုကဲ့သို့ ဘေးလမ်းစဉ် တာအိုတစ်ခုအတွက်ဆိုလျှင် ပို၍ပင် ဝေးလှသေးသည်။
“လင်းရီ ရှိလား...”
လင်းရီ တွေးတောနေစဉ် သူ၏ အင်မော်တယ်လိုဏ်ဂူအတွင်းသို့ ပြင်းထန်သော အသံတစ်ခု ဝင်ရောက်လာသည်ကို ကြားလိုက်ရသည်။
“တပည့် ရှိပါတယ်...”
လင်းရီ၏ နှလုံးသား လှုပ်ခတ်သွားပြီး အင်မော်တယ်လိုဏ်ဂူ တံခါးကို အမြန် ဖွင့်လိုက်သည်။ ထို့နောက် လင်းရီသည် အတူတကွ ရောက်ရှိလာသော ပုံရိပ်နှစ်ခုကို မြင်လိုက်ရ၏။ ၎င်းတို့အနက် တစ်ဦးမှာ သဘာဝကျကျ တာအိုသိုလှောင်ရာ စာအုပ်တောင်၏ သခင် ဆရာကျိုး ပင် ဖြစ်ပေသည်။
အခြားတစ်ဦးမှာမူ မီးကဲ့သို့ နီရဲသော ဆံပင်နှင့် မုတ်ဆိတ်မွေးများ ရှိပြီး မီးတောက်များအလား တောက်လောင်နေခဲ့သည်။ ထိုအဘိုးအို၏ ဆံပင်ပုံစံမှာ အတော်လေး ခေတ်ဆန်နေပြီး ဦးရေပြားနှင့် ကပ်လျက် ရိတ်ထားသဖြင့် တစ်ချက်ကြည့်လိုက်လျှင် ဗုဒ္ဓဘာသာဂိုဏ်းမှ မီးရဟန်းတစ်ပါးနှင့် တူနေပေသည်။ ရိုးရာ တာလော့အင်မော်တယ်ဂိုဏ်းတွင် ၎င်း၏ ပုံသဏ္ဍာန်မှာ အတော်လေး ရယ်စရာ ကောင်းနေခဲ့၏။
“လင်းရီ... အတွင်းစည်း အကြီးအကဲ ခုနစ် ကျူးယန်ကို ဘာလို့ အရိုအသေ မပေးသေးတာလဲ...”
ကျိုးယွင်က ပြုံးကာ သတိပေးလိုက်သည်။
“တပည့် လင်းရီက အကြီးအကဲ ကျူးယန်ကို အရိုအသေပေးပါတယ်...”
လင်းရီက အမြန် ဦးညွှတ်လိုက်၏။
“အတွင်းစည်းက ဒီနေ့ကစပြီး မင်းကို အပြင်စည်းရဲ့ ၁၀၁ ခုမြောက် တောင်သခင်အဖြစ် ခန့်အပ်လိုက်ပြီ...”
“မင်းရဲ့ ကိုယ်ပိုင် တာအိုကို တည်ထောင်ပြီး ကိုယ်ပိုင်တောင်ကို ဖွင့်လှစ်နိုင်တယ်...”
“ငါတို့ တာလော့အင်မော်တယ်ဂိုဏ်းအတွက် နောက်ထပ် တာအိုတစ်ခု ထပ်တိုးပေးနိုင်မယ့် ဝိုင်တာအို အမွေအနှစ်ကို စောစောစီးစီး ဖန်တီးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်...”
ကျူးယန်သည် အံကြိတ်ကာ ပြောလိုက်ပုံရ၏။
“ဟုတ်ကဲ့ပါ...”
လင်းရီက ထပ်မံ ဦးညွှတ်လိုက်သည်။
ဝှစ်။
ကျူးယန် စကားပြောပြီးနောက် သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းပေလွှာ တစ်ခုမှာ ကျူးယန်၏ လက်ထဲမှ ပျံထွက်လာပြီး လင်းရီ၏ လက်ထဲသို့ ကျရောက်သွားခဲ့သည်။
“ဒါက ဝိုင်တောင်ရဲ့ အသေးစိတ် သတ်မှတ်ချက်တွေပဲ...”
“ဘယ်လိုပုံစံမျိုး လိုချင်လဲဆိုတာ ကိုယ့်ဘာသာ ရွေးလိုက်...”
“ရွေးပြီးရင် ဒီအကြီးအကဲကို အကြောင်းကြားလိုက်...”
ကျူးယန် စကားပြောပြီးနောက် လှည့်ထွက်သွားခဲ့တော့သည်။ လင်းရီသည် ကျောက်စိမ်းပေလွှာကို ကိုင်ထားရင်း ဇဝေဇဝါ ဖြစ်နေခဲ့သည် “ဆရာကျိုး... ဒီအကြီးအကဲ ခုနစ်က စိတ်မကြည်မလင် ဖြစ်နေတာလား...”
“ဘယ်သူပဲ ဖြစ်ဖြစ် ကတုံးအပြောင် ရိတ်ခံထားရရင်တော့ စိတ်ကြည်မှာ မဟုတ်ဘူးလေ...”
ကျိုးယွင်က တောက်ပစွာ ပြုံးလိုက်သည်။ လင်းရီသည် ၎င်းကို ကြားသောအခါ ချက်ချင်း အံ့အားသင့်သွားခဲ့၏။ ဘယ်သူကများ ဤမျှ သတ္တိကောင်းပြီး တာလော့အင်မော်တယ်ဂိုဏ်း၏ အတွင်းစည်း အကြီးအကဲ ခုနစ်ကို ကတုံးရိတ်ပစ်နိုင်လောက်အောင် အရည်အချင်းရှိနေသနည်း။
“လင်းရီ... မင်းက တောင်သခင် တစ်ယောက် ဖြစ်သွားပြီဆိုတော့ အနာဂတ်မှာ ငါ့ကို စီနီယာလို့ မခေါ်နဲ့တော့...”
“ငါတို့က တာအိုမိတ်ဆွေလို့ပဲ အချင်းချင်း ခေါ်ရမယ်...”
ကျိုးယွင်က သတိပေးလိုက်သည်။ ကျင့်ကြံခြင်းတွင် တင်းကြပ်သော မျိုးဆက် အဆင့်အတန်းများ အများကြီး မရှိချေ၊ နောက်ဆုံးတွင် ကျင့်ကြံခြင်းနှင့် အဆင့်အတန်းအပေါ်တွင်သာ မူတည်ပေသည်။ ဥပမာအားဖြင့် ကျိုးယွင်နှင့် ဖာတောင်သခင် ကဲ့သို့ ဖြစ်၏။ ထိုနှစ်ဦးတွင် ဆရာနှင့် တပည့် ဆက်ဆံရေး ရှိသော်လည်း ပုံမှန်အားဖြင့် သူတို့သည် အချင်းချင်း တာအိုမိတ်ဆွေဟုသာ ခေါ်ဆိုကြသည်။
“ဆရာက ဂျူနီယာကို လမ်းပြပေးခဲ့တာပါ...”
လင်းရီက ခေါင်းယမ်းလိုက်သည် “အနည်းဆုံးတော့ သီးသန့်နေရာမှာ ဂျူနီယာက ခင်ဗျားကို ဆရာကျိုး လို့ပဲ ခေါ်ချင်ပါတယ်...”
ကျိုးယွင်၏ အကြည့်များမှာ ၎င်းကို ကြားသောအခါ သိသိသာသာ နူးညံ့သွားခဲ့သည်။ ဆရာကျိုး၊ ဤခေါ်ဆိုမှုမှာ ဝိညာဉ်နယ်မြေတွင် အနည်းငယ် ဆန်းသစ်နေသော်လည်း လောကီကမ္ဘာတွင်မူ ဆရာတစ်ဦး၏ အကြိုက်ဆုံး ခေါ်ဆိုမှု ဖြစ်ပေသည်။
“မင်းရဲ့ တောင်ကို ဘယ်လို ရွေးရမလဲဆိုတာ ငါ အရင် သင်ပေးမယ်...”
ကျိုးယွင်သည် လင်းရီနောက်သို့ လိုက်ကာ အင်မော်တယ်လိုဏ်ဂူအတွင်းသို့ ဝင်လာခဲ့သည်။ ထိုနှစ်ဦးမှာ ခန်းမဆောင်တွင် ထိုင်ကာ ကျူးယန် ချန်ထားခဲ့သော ကျောက်စိမ်းပေလွှာကို တိုက်ရိုက် ဖြန့်လိုက်ကြ၏။ ကျောက်စိမ်းပေလွှာပေါ်တွင် အမျိုးမျိုးသော ပုံစံထုတ်မှုများ၊ အမည်များ အစရှိသည်တို့ ပါရှိနေသည်။
“တောင်တစ်လုံး ဖြစ်တဲ့အတွက် သိပ်ပြီး ကွာခြားမှု မရှိနိုင်ဘူး မဟုတ်လား...”
လင်းရီက မေးလိုက်သည်။
“သေချာပေါက် ကွာခြားချက် ရှိတာပေါ့...”
ကျိုးယွင်က သေချာပေါက် ပြောလိုက်၏။
“ဥပမာအားဖြင့် တောင်ရဲ့ ပင်မခန္ဓာကိုယ်မှာ မြေကမ္ဘာအကြောတွေ ပါဝင်နိုင်တယ်၊ ကမ္ဘာပြင်ပ ကြယ်တွေကနေ ပြုလုပ်ထားတာ ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် ဝိညာဉ်နယ်မြေကနေ တိုက်ရိုက် ရွှေ့လာတဲ့ နာမည်ကြီး တောင်တစ်လုံးတောင် ဖြစ်နိုင်တယ်... မတူညီတဲ့ ပစ္စည်းတွေက မတူညီတဲ့ အာနိသင်တွေ ရှိကြတယ်လေ...”
ကျိုးယွင်က ရှင်းပြလိုက်သည်။
“ဪ ဒီလိုကိုး...”
လင်းရီ ရုတ်တရက် နားလည်သွားခဲ့သည် “ဒါဆိုရင် ကျွန်တော် ဘယ်လို ရွေးသင့်လဲ...”
“မင်းနဲ့ အသင့်တော်ဆုံးက အကောင်းဆုံးပဲ...”
“မင်းရဲ့ ဝိုင်တောင်က ဝိုင်တာအိုကို အမွေအနှစ်အဖြစ် အခြေခံထားတာဆိုတော့ အနာဂတ်မှာ ဝိုင်ချက်လုပ်ခြင်းက မရှိမဖြစ် လိုအပ်လာလိမ့်မယ်...”
“ကျင့်ကြံခြင်းအတွက်ဆိုရင်တော့ တာအိုရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ကို နားလည်သဘောပေါက်ခြင်းက အမြဲတမ်း အရေးကြီးနေမှာပဲ...”
“ဒါကြောင့် ဒီ ဟန်ချွမ်တောင်က မဆိုးဘူး...”
ကျိုးယွင်က တတိယမြောက် ပုံစံထုတ်မှုကို ညွှန်ပြရင်း ပြောလိုက်သည်။
“ဟန်ချွမ်တောင်လား...”
လင်းရီ၏ နှလုံးသား လှုပ်ခတ်သွားခဲ့၏။
“ဟန်ချွမ်တောင်က မူလက ဝိညာဉ်နယ်မြေမှာ နာမည်ကြီးတဲ့ တောင်တစ်လုံးပဲ... ၎င်းရဲ့ အထဲမှာ စိတ်ဝိညာဉ်စမ်းရေ တစ်ခု ပါဝင်တယ်လေ...”
“စမ်းရေထဲက စမ်းရေတွေက အလွန်အမင်း ယင်-အအေးဓာတ် ရှိရုံသာမက မွေးရာပါ တာအိုစည်းချက်တွေလည်း ပါဝင်နေတယ်...”
“ဝိုင်တာအိုကို လေ့လာဖို့နဲ့ ဝိုင်ချက်နည်းတွေကို စမ်းသပ်ဖို့အတွက် ဒါက အကောင်းဆုံး ဖြစ်သင့်တယ်...”
ကျိုးယွင်က ပြောလိုက်သည်။
“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာကျိုး...”
လင်းရီ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ လင်းရီ၏ “ဆရာကျိုး” ဟူသော ခေါ်ဆိုမှုမှာ ကျိုးယွင်၏ နှလုံးသားကို အမှန်တကယ် ထိတွေ့သွားစေခဲ့၏။ ဟန်ချွမ်တောင်ကို သတ်မှတ်ပြီးနောက် ကျိုးယွင်သည် လင်းရီအား ဝိုင်တောင်ကို အတည်ပြုနိုင်ရန် အစအဆုံး စနစ်တကျ ကူညီပေးခဲ့သည်။ မည်သည့် အသေးစိတ် အချက်အလက်ကိုမျှ ကျန်ရစ်မထားခဲ့ချေ။ တောင်၏ ပင်မခန္ဓာကိုယ်မှသည် တောင်အတွင်းရှိ ဝင်္ကပါများ၊ ခန်းမသခင် လေးဦးအား ရွေးချယ်ခြင်းနှင့် အပင်များအထိ အရာအားလုံးကို ရှင်းလင်းပြတ်သားစွာ စီစဉ်ပေးခဲ့၏။
“လင်းရီ... မင်း အခြေတည်အဆင့် နည်းလမ်းကို နားလည်သဘောပေါက်ပြီလား...”
ဝိုင်တောင်၏ ကိစ္စရပ်များ ပြေလည်သွားသောအခါ ကျိုးယွင်က လင်းရီကို ကြည့်ကာ ထပ်မံ မေးမြန်းလိုက်သည်။
အခန်း ၂၀ - တာလော့၏ မူလ၊ ချီတောင်
“ဒီတပည့် မေးချင်တာကတော့ ဆရာက အဲဒီတုန်းက လက်ဗလာအဆင့်ကနေ ကွန်ဖြူးရှပ်တာအိုအတွက် အခြေတည်အဆင့် နည်းလမ်းကို ဘယ်လို ဖန်တီးခဲ့တာလဲ ဆိုတာပါပဲ...”
လင်းရီက ဦးညွှတ်လိုက်သည်။
“မလောပါနဲ့...”
“မင်းက မင်းရဲ့ ကိုယ်ပိုင် တာအိုကို ဖန်တီးပြီး ကိုယ်ပိုင်တောင်ကို တည်ထောင်ခဲ့ပြီ... တောင်တစ်ရာရဲ့ အနှစ်သာရ အားလုံးကို မင်း ယူနိုင်ပါတယ်...”
“မနက်ဖြန်ကစပြီး ချီတောင်ကနေ စတင်ကာ တောင်တစ်ရာရဲ့ တာအိုကို အရင်ဆုံး နားလည်အောင် လုပ်ပါ... ပြီးမှ ငါ့ဆီကို တာအိုသိုလှောင်ရာ စာအုပ်တောင်မှာ လာရှာပေါ့...”
ကျိုးယွင်က ပေါ့ပါးသော စကားတစ်ခွန်းကို ချန်ထားခဲ့ပြီးနောက် ကျက်သရေရှိစွာ ထွက်ခွာသွားခဲ့တော့သည်။ လင်းရီမှာ အင်မော်တယ်ဂိုဏ်းသို့ အခုမှ ဝင်ရောက်လာသူ ဖြစ်သဖြင့် သူက တောင်သခင် တစ်ဦး ဖြစ်နေပြီ ဖြစ်သော်လည်း ကျင့်ကြံခြင်းအပေါ် သူ၏ နားလည်မှုမှာ အခြေခံအဆင့်ထက် အနည်းငယ်သာလွန်ရုံသာ ရှိသေး၏။ ကျင့်ကြံခြင်း နည်းစနစ်တစ်ခုကို ဖန်တီးရန်အတွက် အခြေခံများကို အရင်ဆုံး လေ့လာရမည် ဖြစ်ပေသည်။
“ဟုတ်ကဲ့ပါ...”
လင်းရီက သူ့ကို လိုက်လံပို့ဆောင်ရန် ထရပ်လိုက်ပြီးနောက် သူ၏ အင်မော်တယ်လိုဏ်ဂူအတွင်းသို့ ပြန်ဝင်လာခဲ့သည်။ လင်းရီသည် အမြဲတမ်း စိတ်ရှည်တတ်သူ ဖြစ်သည်၊ ချီသန့်စင်ခြင်း ပြီးပြည့်စုံခြင်းသို့ အချိန်တိုအတွင်း မတက်လှမ်းနိုင်သေးသဖြင့် သူသည် ဝိုင်အိုးတစ်အိုးကို ထုတ်ယူကာ တစ်ကိုယ်တည်း သောက်နေလိုက်၏။ လင်းရီ ချက်လုပ်ထားသော ဝိုင်အိုးများ အားလုံးကို သူ၏ အသိစိတ်ပင်လယ်အတွင်းရှိ ခရမ်း-ရွှေရောင် ဘူးသီးခြောက်ထဲတွင် သိမ်းဆည်းထားသဖြင့် ထုတ်ယူရန် အလွန် လွယ်ကူပေသည်။
“ဝိုင်တာအိုထဲကို ဝင်ပြီးတဲ့နောက်မှာ ဒီလောကီကမ္ဘာက ဝိုင်တွေကို သောက်ရတာ ခံစားချက် အနည်းငယ် ကွဲပြားနေသလိုပဲလား...”
အင်မော်တယ်မူးယစ်ဝိုင်၊ ဟုန်ချန်ဝိုင်၊ ထိုကြီးမြတ်သော အင်မော်တယ်ဝိုင် နှစ်မျိုးလုံးကို လင်းရီ သောက်သုံးခဲ့ပြီး ဖြစ်ပေသည်။ ယခု လင်းရီ သောက်နေသည်မှာ အလွန် သာမန်ကာလျှံကာ ပြင်းထန်သော သေရည်များသာ ဖြစ်၏။ သို့သော် တစ်ငုံသောက်လိုက်သည်နှင့် လင်းရီသည် သူ၏ လည်ချောင်းအတွင်း၌ ပူလောင်သော ချီများ ပေါက်ကွဲသွားသည်ကို ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်အတွင်း၌ မီးတောင်တစ်ခု ရှိနေကာ ပြင်းထန်သော ချီများ ပွင့်ထွက်လာသကဲ့သို့ ဖြစ်နေခဲ့၏။
ညတာမှာ စကားတစ်ခွန်းမျှ မရှိဘဲ ကုန်ဆုံးသွားခဲ့သည်၊ ဝိုင်ကို အဖော်ပြုရင်း လင်းရီမှာ သဘာဝကျကျပင် လွတ်လပ်ပြီး သက်သောင့်သက်သာ ရှိနေခဲ့သည်။
“ဆူးလီက ဝိုင်တောင် တောင်သခင်ကို တွေ့ခွင့်တောင်းပါတယ်...”
နောက်တစ်နေ့ မနက်စောစောတွင် ဆူးလီ၏ အသံမှာ အင်မော်တယ်လိုဏ်ဂူ ပြင်ပမှ ထွက်ပေါ်လာခဲ့၏။ လင်းရီ၏ နှလုံးသား လှုပ်ခတ်သွားပြီး အင်မော်တယ်လိုဏ်ဂူ တံခါးမှာ ပွင့်သွားခဲ့ပြီ ဖြစ်သည်
“ဝင်ခဲ့ပါ...”
တာအိုအစေခံ၊ မနေ့က ကျိုးယွင်သည် လင်းရီအတွက် ခန်းမသခင် လေးဦးအပြင် တာအိုအစေခံနှင့် အခြားသော ဝန်ထမ်းများကိုပါ သတ်မှတ်ပေးခဲ့ပေသည်။ ၎င်းတို့အနက် တာအိုအစေခံမှာ ဆူးလီ ဖြစ်ပေ၏။ ဆူးလီကို တာအိုသိုလှောင်ရာ စာအုပ်တောင်ရှိ ဝါရင့်တစ်ဦးအဖြစ် သတ်မှတ်နိုင်ပေသည်။ သူ၏ မွေးရာပါ အရိုးတည်ဆောက်ပုံမှာ ပျမ်းမျှသာ ရှိနေခြင်းမှာ ဝမ်းနည်းစရာ ကောင်းသော်လည်း သူသည် လုံ့လဝီရိယနှင့် ကြိုးစားအားထုတ်မှုတွင် ထူးချွန်ပြီး သူ၏ စရိုက်မှာလည်း တည်ငြိမ်ပေ၏။
ဆူးလီကို လင်းရီ၏ တာအိုအစေခံအဖြစ် ထားရှိခြင်းက ပထမဦးစွာ လင်းရီအား တောင်တစ်ရာအကြောင်းကို ပိုမိုမြန်ဆန်စွာ နားလည်နိုင်စေမည်ဖြစ်သလို ဆူးလီအတွက်လည်း ထွက်ပေါက်တစ်ခု ရရှိစေမည် ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် အထွေထွေကိစ္စရပ်များခန်းမမှ အလုပ်ကြမ်းသမား တစ်ယောက်အဖြစ်မှ တောင်သခင် တစ်ဦး၏ တာအိုအစေခံအဖြစ်သို့ ရောက်ရှိသွားခြင်းမှာ ကြီးမားသော ခုန်ပျံကျော်လွှားမှု တစ်ခုပင် ဖြစ်ပေသည်။
“ဟုတ်ကဲ့ပါ...”
ဆူးလီ ဝင်လာခဲ့ပြီး လင်းရီ၏ အရှေ့တွင် ရိုသေစွာ ရပ်နေခဲ့သည်။
“တောင်သခင်... ဘယ်တောင်ကို အရင်ဆုံး သွားကြည့်ချင်လဲဆိုတာ မေးလို့ရမလား...”
“ဆရာက အခြေခံကနေ စတင်ဖို့ ပြောထားတယ်လေ... ဒါကြောင့် အရင်ဆုံး ချီသန့်စင်ခြင်းခန်းမကိုပဲ သွားကြတာပေါ့...”
လင်းရီက ပြောလိုက်၏။
“ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ တောင်သခင်...”
ဆူးလီက ဦးညွှတ်လိုက်ပြီး လင်းရီအား အင်မော်တယ်လိုဏ်ဂူအတွင်းမှ ခေါ်ထုတ်သွားခဲ့သည်။
“ချီသန့်စင်ခြင်းခန်းမက ချီတောင်မှာ ရှိတာပါ...”
“ချီတောင်က တောင်တစ်ရာထဲမှာ အတော်လေး ထူးခြားတယ်လေ...”
“အခြေခံအားဖြင့် တောင်တစ်ရာက တပည့်တွေအားလုံး ဂိုဏ်းကို စတင်ဝင်ရောက်တဲ့အခါ ချီသန့်စင်ခြင်းနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေကို လေ့လာဖို့ ချီတောင်မှာ အချိန်အတော်ကြာ ကုန်ဆုံးကြရတယ်...”
ဆူးလီက လင်းရီအား ချီတောင်ဆီသို့ ခေါ်ဆောင်သွားရင်း မိတ်ဆက်ပေးနေခဲ့၏။ အပြင်စည်း တောင်တစ်ရာ၊ ချီတောင်မှာ အစောဆုံးသော တာအိုတောင်များထဲမှ တစ်ခု ဖြစ်ပေသည်။ ချီသန့်စင်ခြင်းမှာ လူတိုင်းအတွက် မဖြစ်မနေ လျှောက်လှမ်းရမည့် လမ်းစဉ်ဖြစ်ရာ မည်သည့် ကျင့်ကြံသူမှ ချီတောင်ကို မရှောင်လွှဲနိုင်ချေ။
လင်းရီက ခေါင်းအနည်းငယ် ညိတ်ကာ အလွန် ဂရုတစိုက် နားထောင်နေခဲ့သည် “ချီတောင်က ချီသန့်စင်ခြင်းအတွက် သီးသန့်တောင်တစ်လုံး ဖြစ်ပုံရတယ်နော်...”
“မှန်ပါတယ်...”
“တောင်တစ်ရာ ထွန်းကားလာမှုနဲ့အတူ ချီတောင်ရဲ့ တိုက်ခိုက်ရေး စွမ်းအားက အခြားတောင်တွေရဲ့ ကျော်တက်ခြင်းကို ခံခဲ့ရပေမဲ့ ချီအပေါ် သူတို့ရဲ့ နားလည်မှုကတော့ တောင်တစ်ရာကြားမှာ အမြဲတမ်း အကောင်းဆုံးပါပဲ...”
“ထို့အပြင် ချီတောင်ရဲ့ စွမ်းအားက ထိပ်တန်း ဆယ်ခုစာရင်းမှာ အမြဲရှိနေခဲ့ပြီး အဲဒီရဲ့ အခြေခံ အကြောင်းရင်းကတော့ ချီအပေါ် သူတို့ရဲ့ နားလည်မှုကြောင့်ပါပဲ...”
ဆူးလီက ခေါင်းညိတ်လိုက်သည်။
“တောင်သခင်ကို နှုတ်ဆက်ပါတယ်...”
လမ်းတစ်လျှောက်တွင် လင်းရီနှင့် ဆူးလီတို့သည် တပည့်များစွာနှင့် တွေ့ဆုံခဲ့ကြရာ သူတို့အားလုံးမှာ ရိုသေစွာ ဦးညွှတ်ကြပြီး ဘေးသို့ ဖယ်ပေးခဲ့ကြသည်။ ထိုတပည့်များသည် လင်းရီကို လမ်းပြပေးနေသော ဆူးလီအား မနာလိုမှုများဖြင့် ကြည့်နေခဲ့ကြ၏။
ခြေတစ်လှမ်းတည်းနဲ့ ကောင်းကင်ဘုံကို တက်လှမ်းသွားတာပဲ….
လင်းရီမှာ တောင်သခင် တစ်ဦးဖြစ်ကြောင်း သိထားရမည်။ တောင်သခင် တစ်ဦး၏ တာအိုအစေခံ ဖြစ်လာခြင်းမှာ အပြင်စည်း တောင်တစ်ရာတွင် မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် အဆင့်အတန်း အရ ပြောရလျှင် စစ်မှန်သော တပည့်တစ်ဦး၏ အောက်တွင် အထင်ရှားဆုံး တည်ရှိမှု ဖြစ်ပေသည်။
မူလက ဆူးလီ၏ မွေးရာပါ အရိုးတည်ဆောက်ပုံအရ ၊ သူသည် တောင်သခင် တစ်ဦး၏ တာအိုအစေခံအဖြစ် ဘယ်သောအခါမှ ဖြစ်လာနိုင်မည် မဟုတ်ချေ။
ကံကောင်းထောက်မစွာဖြင့် ပထမဦးစွာ လင်းရီ၏ ကျင့်ကြံခြင်းမှာ နိမ့်ကျနေသေးသဖြင့် တာအိုအစေခံ တစ်ဦး၏ ကျင့်ကြံခြင်းအပေါ် သတ်မှတ်ချက်များမှာ မမြင့်မားခဲ့ချေ။ ဒုတိယအချက်မှာ လင်းရီသည် သူ၏ ကိုယ်ပိုင် တာအိုကို ဖန်တီးခဲ့ခြင်းဖြစ်ရာ ဝိုင်တောင်၏ အမွေအနှစ်မှာလည်း အတည်ပြုချက်အချို့ လိုအပ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် ဆူးလီကဲ့သို့သော အထွေထွေကိစ္စရပ်များမှ တပည့်တစ်ဦးမှာ အသင့်တော်ဆုံး ကိုယ်စားလှယ် ဖြစ်လာခဲ့ခြင်း ဖြစ်ပေ၏။
“ဒီ ဆူးလီကတော့ ကံအထူးကောင်းတာပဲ...”
“ဟုတိတယ်... အကြီးအကဲ အများအပြားက ဝိုင်တောင် တောင်သခင်နဲ့ နီးစပ်ဖို့အတွက် အဆက်အသွယ်တွေ အများကြီး သုံးခဲ့ကြတယ်လို့ ငါ ကြားတယ်...”
“ဒါပေမဲ့ နောက်ဆုံးမှာ သူက ဆူးလီကိုပဲ ရွေးခဲ့တာလေ...”
“မနာလိုစရာ ကောင်းတာတော့ အမှန်ပဲ၊ ဒါပေမဲ့ အန္တရာယ်လည်း ရှိတယ်လေ... ဘာပဲဖြစ်ဖြစ် ဝိုင်တာအိုက ဘာမှမရှိရာကနေ ကျင့်စဉ်တစ်ခုကို ဖန်တီးရမှာဆိုတော့ အတည်ပြုဖို့ လိုအပ်တာပေါ့...”
“အနည်းငယ် ပေါ့ဆလိုက်တာနဲ့ သွေးလေခြောက်ခြားတာမျိုး ဖြစ်နိုင်တယ်...”
“ဒီ တာအိုအစေခံက သူ့ရဲ့ အသက်နဲ့ လဲနေရတာပဲ...”
တာလော့ တပည့်များစွာက သူတို့အချင်းချင်း တိတ်တဆိတ် ဆွေးနွေးနေကြသည်။ လင်းရီဖြစ်စေ ဆူးလီဖြစ်စေ ဤအရာကို အာရုံမစိုက်ခဲ့ကြချေ။ ခဏအကြာတွင် ထိုနှစ်ဦးမှာ ချီတောင်သို့ ရောက်ရှိလာခဲ့ကြသည်။ ချီတောင်မှာ ရှေးကျပြီး ကျယ်ပြောလှကာ အချိန်ကာလ၏ အမှတ်အသားများဖြင့် ပြည့်နှက်နေပေ၏။
ချီသန့်စင်ခြင်းခန်းမမှာ တောင်ခြေတွင် တည်ရှိသည်။ ချီသန့်စင်ခြင်းခန်းမ အဝင်ဝတွင် တောင်အသီးသီးမှ တပည့်များမှာ ထိုနေရာတွင် စောင့်ဆိုင်းနေကြပြီ ဖြစ်၏။ မျက်မမြင် အဘိုးအို၊ ဟွေရှင်း နှင့် အခြားသော ဂိုဏ်းသို့ အသစ်ဝင်ရောက်လာသည့် တပည့်များလည်း ရှိနေကြပြီး တစ်ဦးစီတိုင်းတွင် တာအိုအစေခံ တစ်ဦးစီ လိုက်ပါလာခဲ့ကြသည်။
“တောင်သခင်ကို ဂါရဝပြုပါတယ်...”
များပြားလှသော တပည့်များမှာ ထပ်မံ ဦးညွှတ်ကြပြီး ဟွေရှင်းသည် လင်းရီ၏ ဘေးသို့ ရောက်လာခဲ့သည် “တောင်သခင်...”
“ဟွေရှင်း... ကျွန်တော်တို့က အသိဟောင်းတွေပဲလေ... ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး၊ ကျွန်တော့်ကို လင်းရီ လို့ပဲ ခေါ်ပါ...”
လင်းရီက ပြုံးကာ ပြောလိုက်သည်။
ဟွေရှင်းသည် ၎င်းကို ကြားသောအခါ ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းညိတ်လိုက်သည်။
“ရှင် ရှာနေတဲ့ ဝိုင်လမ်းညွှန်နဲ့ ပတ်သက်တဲ့ အရိပ်အမြွက် အချို့ ကျွန်မဆီမှာ ရှိတယ်...”
“ဒီလောက် မြန်မြန် အရိပ်အမြွက် ရလာတာလား...”
လင်းရီ၏ နှလုံးသားမှာ လှုပ်ခတ်သွားခဲ့သည်။
“အင်း...”
“မနေ့က ဆရာက ကျွန်မကို တာအိုသိုလှောင်ရာ စာအုပ်တောင်ကို ခေါ်သွားခဲ့တယ်... အဲဒီမှာ မှန်ကျောက်နဲ့ ပတ်သက်နိုင်တဲ့ မှတ်တမ်းအချို့ကို ကျမ်းစာတစ်အုပ်ထဲမှာ ကျွန်မ မြင်ခဲ့တာ...”
ဟွေရှင်းက ပြောလိုက်၏။
“ကျေးဇူးပြုပြီး ပြောပြပေးပါဦး ဟွေရှင်း...”
လင်းရီက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
“အဲဒါက ဗုဒ္ဓဘာသာဂိုဏ်းနဲ့ ပတ်သက်တဲ့ ကျမ်းစာတစ်အုပ်ပါ...”
“ဗုဒ္ဓဘာသာဂိုဏ်းက လောကသခင် တစ်ပါးက ‘ဗောဓိပင်မှာ မူလက သစ်ပင်မရှိ၊ ကြေးမှုံပြင်မှာလည်း စင်မြင့်မရှိ၊ မူလကတည်းက ဘာမှမရှိတဲ့အတွက် ဖုန်မှုန့်က ဘယ်မှာ လာကပ်မှာလဲ’ ဆိုတဲ့ ဂါထာတစ်ခုကို ချန်ထားခဲ့တယ်လို့ ဆိုကြတယ်...”
ဟွေရှင်း စကားပြောနေစဉ် သူမ၏ မျက်လုံးများထဲတွင် ဇဝေဇဝါ ဖြစ်နေသော အမူအရာတစ်ခု ပေါ်လာခဲ့၏၊ သူမအနေဖြင့် ထိုဂါထာ၏ စစ်မှန်သော အဓိပ္ပာယ်ကို နားမလည်ကြောင်း ထင်ရှားပေသည်။ လင်းရီ၏ အမူအရာမှာ ၎င်းကို ကြားသောအခါ ပြောင်းလဲသွားခဲ့၏။ ဤကမ္ဘာတွင်လည်း ထိုသို့သော ဂါထာမျိုး ရှိနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။
“ဒီဂါထာကြောင့် ကျွန်မ နောက်ထပ် ကျမ်းစာတစ်အုပ်ကို ထပ်ရှာကြည့်တော့ ဒီဂါထာက အဲဒီ လောကသခင် ကျမ်းစာလိပ် စင်မြင့်ပေါ်မှာ ဉာဏ်အလင်းပွင့်သွားပြီးနောက် ပြောခဲ့တဲ့ စကားဖြစ်ကြောင်း တွေ့ခဲ့ရတယ်...”
“ဒါကြောင့် ဒီ မှန်ကျောက် ဆိုတာက ကျမ်းစာလိပ် စင်မြင့်နဲ့ ပတ်သက်နေမလားလို့ ကျွန်မ တွေးမိနေတာပါ...”
ဟွေရှင်းက အနည်းငယ် မသေချာဟန်ဖြင့် ပြောလိုက်သည်။ ဘာပဲဖြစ်ဖြစ် အချိန်သိပ်မကြာသေးသလို ဟွေရှင်း ရှာဖွေခဲ့သော စာအုပ်များမှာလည်း အကန့်အသတ် ရှိနေသဖြင့် ဤသတင်းအချက်အလက်ကို ရှာတွေ့ခြင်းမှာပင် အတော်လေး ကံကောင်းသည်ဟု ဆိုရမည်။
“ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဟွေရှင်းကို ဒုက္ခပေးရဦးမှာပဲ...”
လင်းရီက စစ်မှန်စွာ ပြောလိုက်၏။
“အစ်ကို လင်းရီ... ယဉ်ကျေးနေဖို့ မလိုပါဘူး၊ ဒါက ဆရာ အပ်နှံထားတဲ့ တာဝန်ဖြစ်တဲ့အတွက် ဟွေရှင်းအနေနဲ့ သဘာဝကျကျ အကောင်းဆုံး လုပ်ဆောင်သွားမှာပါ...”
ဟွေရှင်းက ရှက်ကိုးရှက်ကန်း ပြောလိုက်သည်။
“တပည့်များ အားလုံး...”
“ဒီနေ့ သင်ခန်းစာကို ဟွာချီစင်မြင့်မှာ ကျင်းပဖို့ တောင်သခင်က အမိန့်ပေးထားပါတယ်၊ တောင်သခင် ကိုယ်တိုင် သင်ကြားပေးမှာ ဖြစ်ပါတယ်...”
ဤအချိန်တွင် လူငယ်တပည့်လေး တစ်ဦးသည် လေကိုစီးကာ ရောက်ရှိလာပြီး သူ စကားပြောနေစဉ် လင်းရီ၏ ဘက်သို့ မသိမသာ တစ်ချက် ကြည့်လိုက်လေသည်။