လူ့စိတ်မနော
Vol. 10 Ch. 914
ယခုအခါ နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီးပြန်ရောက်လာပြီဖြစ်၍ ရှင်းကုံကျစ်တာအိုဂိုဏ်း၏ ဂိုဏ်းသားများသည် မြို့လေးမြို့ဆီမှ သက်တန့်များအပေါ်သို့ နောက်တစ်ကြိမ် ပြန်ရောက်လာကြတော့သည်။
ဝတ်မှုန်နှင့် သန့်စင်ပြီးနောက် သက်တန့်၏အရောင် ပြန်လည်ရရှိသွားခဲ့သည်။ သို့သော် ဧရာမကျင်းပေါက်ကြီးကား အပြာရောင်သက်တန့်တွင် ကျန်ရှိနေသေး၏။ အမှန်တွင် ထိုကျင်းကြီးအား မော့ကြည့်လိုက်သည့်မည်သူမဆို အထဲရှိ ပိုင်ရှောင်ချန်းကို မြင်နိုင်သည်။
ပိုင်ရှောင်ချန်းမှာ ထွက်သွားချင်ပါသော်လည်း သူထွက်ပြေးခါနီးအချိန်တိုင်း ခရမ်းရောင်သက်တန့်မှ ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအာရုံစီးကြောင်းများ ကျရောက်လာကာ သူ့အား ဦးညွှတ်သွားစေပြီး မလှုပ်မယှက် တင်ပျဥ်ခွေထိုင်စေကာ လွင့်မျောနေစေသည်။
" ဒီလိုဖြစ်မယ်သာသိရင် ငါဂိုဏ်းကို ဘယ်လောက်ဂရုစိုက်တဲ့အကြောင်း ပြောနေမယ့်အစား အင်မော်တယ်ဂူကို ပြန်ဆောက်ဖို့ လုပ်နေတာလို့ ပြောခဲ့မှာပေါ့ "
သူက သက်ပြင်းချလိုက်၏။ ဤကဲ့သို့ မနေချင်ဘဲ နေရသည်မှာ တစ်ဂိုဏ်းလုံးရှေ့တွင် ကြိုးပေးခံရသကဲ့သို့ ဆိုးရွားလှသည်။ ယင်းမှာ အလွန်ရှက်စရာကောင်းလှပေသည်။
" အနည်းဆုံးတော့ သက်တန့်တွေအရောင်ပြန်ရသွားပြီး ဂိုဏ်းသားတစ်ယောက်မှလဲ မထိခိုက်သွားဘူးလေ "
ထိုအကြောင်းများ တွေးမိသောအခါ သူ၏အပြစ်ရှိသလို ခံစားချက်များ အတော်လေး လျော့ကျသွား၏။
ပိုင်ရှောင်ချန်းအတွက် ထိုသို့ဖြစ်နေရသည်က မျက်နှာပျက်စရာကြီးဖြစ်နေပါသော်လည်း နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီးအကြောင်းကို သူ ကောင်းကောင်းမသိသေးသောကြောင့်ပင် ဖြစ်သည်။ အမှန်တွင် ထိုလူသည် အလွန်တရာရက်စက်ပြီး စည်းကမ်းတင်းကြပ်သူဖြစ်၏။ သူ့အကြောင်း သိထားကြသူတိုင်းက ကြီးလေးသောပြစ်ဒဏ်များကို ချမှတ်လိမ့်မည်ဟု အထင်ရှိခဲ့ကြသည်။
" အပြစ်မပေးပါလား။ သတိပေးတာတောင် မရှိဘူး။ ဝါရင့်ဂိုဏ်းဝင်ထဲက တစ်ယောက်က နောက်ပေါက်ဂိုဏ်းသားတစ်ယောက်ကို မျက်နှာသာပေးနေတာ သေချာတယ် "
" ပိုင်ရှောင်ချန်းက ဘာလို ဒီလိုဆက်ဆံခံရတာလဲ။ မင်းသိလား၊ အဏ္ဏဝါခေါ်သံဂိုဏ်းကို ငါ ဘယ်တုန်းကမှ မကြိုက်ခဲ့ဘူး။ သူတို့က ဘာလို့ တဟုန်ထိုး တိုးတက်လာတာတုန်း။ ပြီးတော့ ဒီကောင် ပိုင်ရှောင်ချန်းကို ဘာလို့လုပ်ချင်တာလုပ်ခွင့်ပေးနေရတာလဲ။ ဟမ့်၊ ဒီကောင်တွေက တောသားတွေထက်မပိုပါဘူးကွာ။ ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ အဆင့်နိမ့်ဆုံးလူတောင် သူတို့ထက် ပိုသာသေးတယ် "
ထိုကဲ့သို့ စကားများမှာ ပိုင်ရှောင်ချန်းက ဂိုဏ်းစောင့်အကြီးအကဲအဖြစ် ခန့်အပ်ခံခဲ့ရသည့် အခိုက်အတန့်မှစ၍ တိတ်တဆိတ်ပျံ့နှံ့နေခဲ့သည်။ ရှင်းကုံကျစ်တာအိုဂိုဏ်းသည် မြစ်ဝဂိုဏ်းတစ်ဂိုဏ်းဖြစ်၍ ဂိုဏ်းသားများက လွန်စွာဂုဏ်ယူကြသည်။ သူတို့က မြစ်အောက်ပိုင်းမှ ဂိုဏ်းများကို အမြဲအထင်သေးပြီး ထိုဂိုဏ်သားများကိုလည်း တောသား၊ရွာသားများအဖြစ်သာ သတ်မှတ်ကြ၏။ ထို့ကြောင့် ပိုင်ရှောင်ချန်း တဟုန်ထိုးကျော်ကြားလာခြင်းက သူတို့အတွက် မနာလိုစရာကောင်းနေသည်မှာ ပုံမှန်ပင် ဖြစ်သည်။
ယခင်က ထိုအကြောင်းအရာများအား တစ်ယောက်မှ ပွင့်ပွင့်လင်းလင်းမပြောရဲကြပါသော်လည်း သူ ဆေးစဖော်ပြီးနောက်ပိုင်း သူတို့၏ခံစားချက်များအား ထပ်၍ မထိန်းထားနိုင်တော့ပေ။ အမှန်တွင် သူတို့သည် အလွန်စိတ်ထိခိုက်နေ၍ ဆေးဖော်စပ်ခြင်းကြောင့် သူတို့ မထိခိုက်ခဲ့သည့်အချက်ကိုပင် မတွေးမိတော့ချေ။
ယခုတွင် မနာလိုစိတ်များ၊ မကျေနပ်မှုများက ဒဏ်ရာဟောင်းပေါ်တွင် စုပြုံကျလာတော့သည်။ မကြာမီ လူတိုင်းက ထို "တောသား"အား မည်မျှမုန်းတီးကြောင်း စကားများသည် ပိုင်ရှောင်ချန်းဆီသို့ ရောက်သွားပြီး သူ၏ရင်ထဲတွင် ခါသီးနာကြည်းစိတ်များ ပြည့်နှက်လာခြင်းနှင့်အတူ ဆွံ့အနေတော့သည်။
" သူတို့အကြောင်း ခေါင်းထဲထည့်နေစရာ မလိုဘူးထင်ပါတယ် "
သူက တွေးလိုက်သည်။ ရှင်းကုံကျစ်တာအိုဂိုဏ်းသည် သူ့အိမ်မဟုတ်ကြောင်း နောက်တစ်ခါထပ်၍ သတိပေးလိုက်၏။ သူ့မှာ အဏ္ဏဝါခေါ်သံဂိုဏ်းဟူသော အိမ်တစ်အိမ်သာရှိသည်။
သို့သော် အတင်းအဖျင်းစကားများ ပြင်းထန်မလာခင် လူတိုင်းကို အလွန်အမင်းတုန်လှုပ်အံ့သြသွားစေသော သတင်းအသစ်ထွက်ပေါ်လာ၏။
` ကောင်းကင်ဧကရာဇ်က တပည့်အသစ်တစ်ယောက် ခေါ်ဆောင်နေသည် ‘
သတင်းသည် ရှင်းကုံကျစ်တာအိုဂိုဏ်းအတွင်း တောမီးသဖွယ် ပျံနှံ့သွား၏။ တချိန်တည်းမှာပင် ကောင်းကင်တံတားပင်လယ်ပေါ်ရှိ ဧရာမစစ်သင်္ဘောကြီးသည် ဆူညံသံများဖြင့် ထစ်ခြုန်းမြည်ဟည်းလာရာ သတင်းအား ပို၍ပင် ပျံ့နှံ့သွားစေတော့သည်။
အမှန်တော့ ပိုင်ရှောင်ချန်းက စစ်သင်္ဘောထံမှ အသံကို ပထမဆုံးသတိပြုမိသူ ဖြစ်သည်။ သူက တအံ့တဩဖြစ်လျက် နတ်ဘုရားအာရုံတချို့အား ပို့လွှတ်လိုက်ကာ ဧရာမအရာဝတ္ထုကြီးတစ်ခုသည် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအင်များကို စုပ်ယူခြင်းဖြင့် အားဖြည့်နေကြောင်း ချက်ချင်း အာရုံရလိုက်သည်။
သူ၏ကျင့်ကြံခြင်းအခြေခံ အဆင့်နိမ့်နေစဥ်က ထိုကဲ့သို့အရာတစ်ခုအား သူ မစစ်ဆေးနိုင်ခဲ့ပေ။ သို့သော် ယခုတွင် သူသည် နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်၍ သဲလွန်စများအား ချက်ချင်းသိနိုင်သည်။ စစ်သင်္ဘောသည် သိသာထင်ရှားစွာပင် ပတ်ပတ်လည် ပင်လယ်ရေများထံမှ စိတ်စွမ်းအင်ပမာဏများစွာကို စုပ်ယူခြင်းဖြင့် အလုပ်လုပ်နိုင်သော ရှေးဟောင်းမှော်လက်နက်ဖြစ်သည်။
သို့သော် ၄င်းအားဖြည့်တင်းရန် အချိန်များစွာလိုအပ်သည်။ ၄င်းက ရွက်မလွှင့်နိုင်ခင် ရက်ပေါင်းများစွာ ကြာလိမ့်မည်ဖြစ်ကြောင်း သူ တပ်အပ်ပြောနိုင်သည်။
" ကောင်းကင်ဧကရာဇ်က တပည့်အသစ်လက်ခံနေတယ်"
သူ၏မျက်လုံးများ ကျဥ်းမြောင်းသွားကာ ရေရွတ်လိုက်သည်။
" ပြီးတော့ စစ်သင်္ဘောက အားဖြည့်နေတယ် "
ဤသည်မှာ ကောင်းကင်ဧကရာဇ်က တပည့်အသစ်တစ်ယောက် ခေါ်ယူနေကြောင်းနှင့် ပတ်သက်သော ကောလဟလများအား သူ ပထမဆုံးအကြိမ် ကြားရခြင်းမဟုတ်ပေ။ စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးက ထိုအကြောင်းပြောပြခဲ့ပြီး အမှန်တကယ်ဆိုရလျှင် ယင်းမှာ ရှင်းကုံကျစ်တာအိုဂိုဏ်းသို့ ပိုင်ရှောင်ချန်း ပြန်လာခဲ့ရသည့် အကြောင်းအရင်းတစ်ခုလည်း ဖြစ်သည်။
" ကောင်းကင်ဧကရာဇ်က အဆင်ပြေနေတာပဲ မဟုတ်ဘူးလား။ ဘာလို့ တပည့်အသစ်တစ်ယောက်လိုမှာတုန်း "
ထိုကိစ္စသည် မသင်္ကာဖွယ်ကောင်းကြောင်း ပိုင်ရှောင်ချန်း သိနှင့်နေလေပြီ။ သုံးရက်ကြာသော် စစ်သင်္ဘောကြီးမှ အသံဗလံများ ပျောက်ကွယ်သွားပြီး ၄င်းထံမှ အချိန်မရွေး ရွက်လွှင့်နိုင်သည်ကို ညွှန်ပြနေသော အခိုးအငွေ့များ တလိပ်လိပ်ထွက်ပေါ်လာတော့သည်။
ထိုအချိန်တွင် အလယ်ပိုင်းဒေသနှင့် အောက်ပိုင်းဒေသမှ ကျင့်ကြံသူများ စတင်ရောက်ရှိလာကြ၏။ မြစ်ဝကျွန်းပေါ်သားများပင်လျှင် လာရောက်ကြလေသည်။
သူတို့အားလုံးက အလွန်သိချင်စိတ်ပြင်းပြစွာပြုမူနေကြပြီး တစ်ယောက်မှ ဂိုဏ်းအတွင်းထဲ မဝင်ဝံ့ကြပေ။ ထိုအစား သူတို့က ဘေးပတ်ဝန်းကျင်ဒေသများတွင် စခန်းချလိုက်ကြသည်။ ရှင်းကုံကျစ်တာအိုဂိုဏ်းက သူတို့ကို တားဆီးခြင်းမရှိဘဲ အချိန်များ ကုန်လွန်လာသည်နှင့်အမျှ တစတစ ရောက်ရှိလာကြတော့သည်။
သူတို့က အရှေ့ဘက်မြစ်ဒေသများအားလုံးမှ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံခြင်းအခြေခံရှိသော လူများ ဖြစ်ကြသည်။
ရှင်းကုံကျစ်တာအိုဂိုဏ်းသားများနှင့် မိတ်ဆွေဖြစ်သူများက ဂိုဏ်းအတွင်းဝင်ရောက်နိုင်၏။ ထိုကဲ့သို့ လူများအားလုံးမှာ အလယ်ပိုင်းဒေသက ဖြစ်ပေသည်။ အောက်ပိုင်းဒေသ၏ ကျင့်ကြံသူများသော်ဖြစ်စေ ၊ မြစ်ဝကျွန်းပေါ်ကျင့်ကြံသူများဖြစ်စေ၊ မြစ်ဝဂိုဏ်းတွင် မိတ်ဆွေရောင်းရင်းတစ်ယောက်မှ မရှိကြသည် ဖြစ်ရာ တစ်ယောက်မှ ထိုကဲ့သို့ မလုပ်ဝံ့ကြပေ။
ကျင့်ကြံသူအုပ်လိုက်ကြီးက ကောင်းကင်ဧကရာဇ် တပည့်အသစ်ခေါ်ယူခြင်းနှင့် ပတ်သက်သည့် ကောလာဟလအလုံးကို လောင်စာထည့်ပေးလိုက်လေသည်။ ရှင်းကုံကျစ်တာအိုဂိုဏ်း၏ ဂိုဏ်းသားများမှာ ထိုအကြောင်းအား မရပ်မနား အတင်းအဖျင်းပြောကြတော့သည်။
" ကြည့်ရတာ ကောလဟာလတွေ မှန်တဲ့ပုံပဲ "
" ကောင်းကင်ဧကရာဇ်က တပည့်အသစ်ခေါ်တာကို ကျုပ်ဖြင့် ယုံတောင် မယုံနိုင်ဘူး။ ဒါက တစ်ချက်တည်းနဲ့ ထိပ်ဆုံးခုန်တက်ဖို့ အခွင့်အရေးတစ်ခုပဲ။ ကံကောင်းခြင်းအထွတ်အထိပ်ပေါ့ဗျာ "
" ကျုပ်ဘာကြားခဲ့တယ် ထင်တုန်း။ ကောင်းကင်ဧကရာဇ်က တပည့်အသစ်ကို အချိန်မရွေး ရွေးချယ်မှာတဲ့။ ပြီးတော့ တပည့်ဖြစ်သူက မြစ်လက်တက်လေးသွယ်ရဲ့ ဘယ်နေရာဖြစ်ဖြသ် လာနိုင်တယ်။ အခုထိ သူက တပည့်လေးယောက်ပဲ လက်ခံသေးတာ "
" ကျုပ်လဲ အဲဒီလိုကြားတယ်။ ကောင်းကင်ဧကရာဇ်ရဲ့ တပည့်လေးဦးက မြစ်ဝဂိုဏ်းလေးဂိုဏ်းက နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီးလေးဦးပဲ "
အမှန်တော့ ထိုကိစ္စတွင် ရွှီပေါက်ချိုင်ကား ထိပ်ဆုံးက ဖြစ်သည်။ မကြာမီ သူသည် အသေးစိတ်တင်ပြချက်တစ်ခု စုဆောင်း၍ ပိုင်ရှောင်ချန်းထံ ယူလာတော့သည်။
သူသည် အပြာရောက်သက်တန့်ထဲက ကျင်းပေါက်ကြီးဆီသို့ သုတ်သီးသုတ်ပျာပြေးလာပြီးနောက် ပိုင်ရှောင်ချန်းကို တွေ့ကာ ပြောလိုက်သည်။
" ခေါင်းဆောင်လေးရေ ကိစ္စကြီးတစ်ခုတော့ ဖြစ်နေပြီဗျို့ "
ယခုအချိန်တွင် ပိုင်ရှောင်ချန်းသည် ကောင်းကင်ဧကရာဇ် တပည့်အသစ်တစ်ယောက်လက်ခံနေသည့်ကိစ္စနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များပါရှိသည့် သံမဏိသွေးကြောခေါင်းဆောင်ကြီးထံမှ ကျောက်စိမ်းပေလွှာကို ကိုင်ထားသည်။
သူက ရွှီပေါက်ချိုင်၏အသံကိုကြားသောအခါ အလန့်တကြား ဖြစ်သွားပြီး ကျောက်စိမ်းပေလွှာကို သိမ်းလိုက်သည်။
" ကျွန်တော်ပြောတာ ကြားလား ခေါင်းဆောင်လေး " ရှီပေါက်ချိုင်က ရွှန်းရွှန်းဝေအောင် ပြောတော့သည်။
" ကောင်းကင်ဧကရာဇ်က တပည့်အသစ်တစ်ယောက် ခေါ်နေတယ် “
" အခုအချိန်အထိ ကောင်းကင်ဧကရာဇ်မှာ တပည့်လေးယောက်ပဲရှိခဲ့တာ။ သူတို့ထဲက တစ်ယောက်က ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီးပဲ “
" အခု သူက ငါးယောက်မြောက် တပည့်ကို လက်ခံနေပြီ။ ခေါင်းဆောင်လေး စဥ်းစားကြည့်၊ ငါးယောက်မြောက်တပည့် ဘယ်သူဖြစ်ဖြစ် တစ်ရက်ကျရင် နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီး ဖြစ်လာမှာ “
" ကောင်းကင်ဧကရာဇ်က တပည့်အသစ်တစ်ယောက် လက်ခံတိုင်း သူက မြစ်ရဲ့ အရှေ့ပိုင်းကတင်မဟုတ်ဘဲ မြစ်လက်တက်လေးသွယ်လုံးက လက်ခံတာလို့လဲ ကျွန်တော်ကြားတယ်။ အဓိကကန့်သတ်ချက်က ယင်ယန်ဝိညာဥ်အဆင့်နဲ့ အထက်ကလူတွေပဲ ပါဝင်လို့ရတာတဲ့။ ဒါ့အပြင် ဘယ်သူမဆို မြစ်ဝဂိုဏ်းတစ်ဂိုဏ်းဂိုဏ်းမှာ စာရင်းသွင်းနိုင်တယ်။ မြစ်ဝဂိုဏ်းတွေကိုလဲ နှောင့်ယှက်ပိတ်ပင်တာ တားမြစ်ထားတယ်။ တကယ်တမ်းပြောရရင်ဗျာ မြစ်ဝဂိုဏ်းတွေက ကောင်းကင်တံတားကျွန်းဆွယ်ကိုရောက်ဖို့ လူတိုင်းစာရင်းပေးရအောင် တာဝန်ရှိတယ်တဲ့ “
ရွှီပေါက်ချိုင်မှာ ဘာမှထိမ်ချန်မနေဘဲ သူသိသမျှအကုန် ပိုင်ရှောင်ချန်းအား ကရားရေလွှတ် တတွတ်တွတ် ပြောပြနေတော့သည်။
ပိုင်ရှောင်ချန်း လန့်သွားရသည့် အကြောင်းရင်းမှာ ယခုလေးတွင် ရွှီပေါက်ချိုင်က သူ့ကို ပြောခဲ့သည့် အချက်အလက်များအားလုံးမှာ သူ့အား သံမဏိသွေးကြောခေါင်းဆောင်ကြီးပေးသည့် ကျောက်စိမ်းပေလွှာထဲမှ သူသိထားပြီးသော သတင်းများ ဖြစ်နေသောကြောင့်ပင်။
ရွှီပေါက်ချိုင် မဖော်ထုတ်ရသေးသည့် သတင်းအနည်းငယ်ရှိပြီး ၎င်းတို့မှာလည်း လူအနည်းစုသာ သိထားကြခြင်း ဖြစ်သည်။
၎င်းတို့မှာ ကောင်းကင်ဧကရာဇ်သည် သူ၏တပည့်ကို နတ်မီးလျှံစမ်းသပ်ပွဲမှ ရွေးချယ်ရန် စီစဥ်ထားခြင်း ဖြစ်သည်။ ကောင်းကင်တံတားကျွန်းဆွယ်ပေါ်တွင် ယင်ယန်ဝိညာဥ်အဆင့်မှ နတ်ဘုရားတစ်ပိုင်းအဆင့်ထိ မည်သူမဆို ဝင်ရောက်နိုင်သော လျှို့ဝှက်ဆန်းကြယ်အမွေအနှစ်ဒေသတစ်ခုရှိသည်။
ထိုအမွေအနှစ်ဒေသအတွင်း မည်သည်တို့ဖြစ်ပျက်လိမ့်မည်ကို တစ်ယောက်မှ အတိအကျ မသိပါသော်လည်း အဓိကလိုအပ်ချက်တစ်ခုရှိကြောင်းကိုတော့ သူတို့ သိကြသည်။ ၄င်းအထဲမှ ပထမဆုံး ထွက်လာသူသည် ကောင်းကင်ဧကရာဇ်၏ ငါးယောက်မြောက်တပည့်ဖြစ်မည် ဖြစ်သည်။
ထိုမျှသာမက အမွေအနှစ်ဒေသမှ ထွက်လာသော ထိပ်ဆုံးအယောက်တစ်ရာသည် တပည့်ဖြစ်မလာသော်လည်း အထူးဆုလာဘ်တစ်မျိုးရမည် ဖြစ်သည်။
ကောင်းကင်ဧကရာဇ်၏ တပည့်တစ်ယောက် ဖြစ်လာရန် အခွင့်အရေးလေးအား လူအများစုသည် ကြုံတောင့်ကြုံခဲ ကံကောင်းခြင်းတရားအဖြစ် ရှုမြင်ထားကြသည်။ ထိုတစ်ခုတည်းကပင် နတ်အဆင့်ကျင့်ကြံသူများကိုပင် အရူးအမူး ဖြစ်သွားစေရန် လုံလောက်၏။
သို့သော် ပိုင်ရှောင်ချန်း၏ စိတ်ဝင်စားမှုကို ဖမ်းယူလိုက်သည့်အရာက တပည့်တစ်ယောက်ဖြစ်လာသောကိစ္စမဟုတ်။ အထူးဆုလာဘ်ပင် ဖြစ်သည်။
ဒုတိယရသူက ဆေးလုံးတစ်လုံး ရရှိမည် ဖြစ်သည်။
ထိုေဆးလုံးများမှာ ကောင်းကင်ဧကရာဇ်ကိုယ်တိုင် ဖော်စပ်ထားသည့် အတိုင်းထက်အလွန် ရှာမှရှားသည့် နှစ်တစ်ထောင်သက်ရှည်ဆေးလုံးများပင်ဖြစ်သည်။
ထိုကဲ့သို့ ဆေးလုံးလေးတစ်လုံးလေးကပင် လူတစ်ယောက်အား နှစ်ပေါင်း ၁၀၀၀ ဆက်၍ အသက်ရှည်ခြင်းအား ပေးစွမ်းမည်ဖြစ်ပြီး အင်မော်တယ်ဆေးလုံးများဟု ခေါ်ဆိုကြသည်မှာ ချဲ့ကားထားခြင်း မဟုတ်ချေ။ မဟာအကြီးအကဲ ဆေးဆရာတစ်ယောက် ဖြစ်သည့်တိုင်အောင် ပိုင်ရှောင်ချန်းပင် ထိုဆေးလုံးမျိုးအား ပြုလုပ်နိုင်မည် မဟုတ်ပေ။
မည်သည့်အတွက်ကြောင့်ဆိုရသော် ပါဝင်ပစ္စည်းများအနက် အံအားသင့်ဖွယ်ကောင်းသော ဆေးရွက်အမျိုးအစားတစ်မျိုးမှာ အချိန်အတော်ကြာကတည်းက မျိုးတုန်းသွားခဲ့ပြီး ဖြစ်သောကြောင့် ဖြစ်လေသည်။
နှစ်တစ်ထောင်သက်ရှည်ဆေးလုံးများသည် ကောင်းကင်ဧကရာဇ်အတွက်ပင် အလွန်အမင်းတန်ဖိုးကြီးလိမ့်မည်ဟု ပိုင်ရှောင်ချန်း ပြောနိုင်သည်။
ကျင့်ကြံအားထုတ်ခြင်းတွင် ရှေ့မတက်နိုင်ဘဲ အချိန်အကန့်အသတ်ရှိသော ကျင့်ကြံသူများအတွက် နှစ်တစ်ထောင်သက်ရှည်ဆေးလုံးတစ်လုံးသည် အဆင့်တက်နိုင်ရန်အတွက် အချိန်ဆွဲရန် အရေးပါသော နည်းလမ်းတစ်ခုဖြစ်ပေသည်။
ယင်းက ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများကို နတ်အဆင့်ကျင့်ကြံသူ ဖြစ်စေပြီး နတ်အဆင့်ကျင့်ကြံသူများအား နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူ ဖြစ်သွားစေသည်။
စိတ်ကူးကြည့်ရသရွေ့ ပိုင်ရှောင်ချန်းက ထိုကဲ့သို့ ဆေးလုံးများကို လွန်စွာ မက်မောသည်။ သူ့ဘဝ၏ အဓိကဦးတည်ချက်က ထာဝရအသက်ရှည်ရန်ဖြစ်သည် မဟုတ်ပါလော။ ထို့ကြောင့် နှစ်တစ်ထောင်သက်ရှည်ဆေးလုံးအား သူ့ရှေ့တည့်တည့်တွင် မြင်ရသည်တွင် သူ့မျက်လုံးများ ရဲရဲနီသွားပြီး ကျင်းထဲတွင် လှုပ်ရှားနေသည်ဖြစ်၍ တဆတ်ဆတ် တုန်ယင်လာတော့သည်။
နှစ်ထောင်ပေါင်းများစွာ အသက်ရှည်ခြင်းက မည်သည့်အတွက်ကြောင့် သူ့ကို မသက်ရောက်ဘဲ နေမည်နည်း။
ကံဆိုးစွာပင် မြေရိုင်းဒေသတွင် ကောင်းကင်ဧကရာဇ်နှင့် သူ ကြုံတွေခဲ့ခြင်းက သူ့ရင်ထဲတွင် အလွန် မကောင်းသော ခံစားချက်ကြီးတစ်ခု ချန်ရစ်ခဲ့သည်။ ကောင်းကင်ဧကရာဇ်က ယခုကဲ့သို့ အလွန်အရေးကြီးသော အခိုက်အတန့်တွင် တပည့်အသစ်တစ်ယောက်လက်ခံရန်ဆိုသည်မှာ အလွန် မသင်္ကာဖွယ်ကောင်းနေသည်။
ကောင်းကင်ဧကရာဇ် ဆိုးဆိုးရွားရွားဒဏ်ရာမရခဲ့သည်က ထူးဆန်းပုံမရပါသော်လည်း မည်သည့်အတွက်ကြောင့် သူက ရုတ်တရက် ကောက်ကာငင်ကာ တပည့်တစ်ယောက်မွေးမည်ဟု ဆိုလာသည့်အပေါ် ပိုင်ရှောင်ချန်းမှာ စိတ်မဝင်စားဘဲ မနေနိုင်တော့ပေ။
ရွှီပေါက်ချိုင်သည် ပိုင်ရှောင်ချန်းက ထိုကိစ္စနှင့်ပတ်သက်၍ ဝေခွဲမရဖြစ်နေကြောင်း မြင်ရ၍ မည်သည့်အတွက်ကြောင့်ဆိုသည်ကို သိချင်လာတော့သည်။ ပိုင်ရှောင်ချန်းသာ ဝင်ပြိုင်ပါက အနိုင်ရဖို့ ကြိုးစားရန်ပင်လိုမည် မဟုတ်ကြောင်း ရွှီပေါက်ချိုင် ပြောနိုင်သည်။ မြစ်လက်တက်လေးသွယ်လုံးမှ လက်ရွေးစင်များအကြား ပြိုင်ပွဲကြီးဖြစ်သည့်တိုင် ပိုင်ရှောင်ချန်းက ကောင်းကောင်း အနိုင်ရမည်ဟု ရွှိပေါက်ချိုင် အခိုင်အမာ ယုံကြည်နေသည်။
ပိုင်ရှောင်ချန်းသည် သူတွေဝေတွန့်ဆုတ်နေရသည့်အကြောင်းရင်းအား ရှီပေါက်ချိုင်ကို ရှင်းပြလျှင် အဆင်ပြေသွားလိမ့်မည်ဟု မခံစားရပေ။ သူသည် ရင်တဒိန်းဒိန်းခုန်နေသည်ကို မတားဆီးနိုင်ဘဲ ထိုင်သာထိုင်နေလိုက်တော့သည်။ ထို့နောက် သူက ရွှီပေါက်ချိုင်ကို ပြန်လွှတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။
" သွားရမလား။ မသွားရဘူးလား"
သူသည် မည်သည်က အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်ကြောင်း တွေးတောကာ ခေါင်းခါလိုက်လေသည်။