အခန်း (၆၂၈-၆၃၀)
Vol. 42 Ch. 628-630
အခန်း (၆၂၈) သေစမ်း
ရို့လီစစ်သည်တော်များနှင့် ကျင့်ကြံသူများက သူတို့၏ စစ်နတ်ဘုရား ကာရိုးကို လေးစားမှုအပြည့်ဖြင့် ကြည့်လိုက်ကြသည်။
ကာရိုးနှင့် သူ့ဒုစစ်သူကြီးလေးယောက်တို့က ဟိတ်ဟန်အပြည့်ဖြင့် ရပ်နေကြသည်။
ဟီး
မြင်းများက ရပ်တန့်ကာ ခွာမြောက်လိုက်ကြသည်။
ကာရိုးက မော့ကြည့်လိုက်သည့်အခါ သူ့ရှေ့တွင် မထင်ရှားလောက်သည့် လူအုပ်စုကို မြင်လိုက်ရသည်။
“စစ်သူကြီး လူအိုကြီးက စိန်ခေါ်ချင်တဲ့လူပါ …”လက်အောက်ငယ်သားတစ်ယောက်က မုတ်ဆိတ်သပ်နေသည့် လူအိုကြီးအား လက်ညှိုးထိုးကာ ပြလိုက်သည်။
ကာရိုးက အသံမြင့်ပြောလိုက်သည်။
“စိန်ခေါ်သူ … ခင်ဗျားနာမည်က ဘာလဲ ”
လုကျိုးက ပြန်မဖြေပေ။ ထို့အစား သူက လက်ဝေ့လိုက်၏။
စီးဝူယာ့က အဓိပ္ပာယ်ကို နားလည်ကာ ရှေ့တိုးလာသည်။ သူက တည်ငြိမ်စွာ ပြောလိုက်၏။
“ စစ်သူကြီးကာရိုးရဲ့ ဂုဏ်သတင်းတွေက တကယ်ကို ကျော်လွန်နေတာပဲ ”
ကာရိုးက စီးဝူယာ့ကို ကြည့်လိုက်သည်။ သူက စီးဝူယာ့ လက်ထဲမှ ဒေါင်းမြီးယပ်တောင်ကို မြင်လိုက်ရသည်။ ထိုအရာက သူ့တွင် ရှိထားသည့် သတင်းအချက်အလက်နှင့် ကိုက်နေသည်။
“ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ခုနှစ်ယောက်မြောက် တပည့် စီးဝူယာ့ … မင်းက လျန့်စီရင်စုထဲ ဗျူဟာရှင်လား ”
“ကျုပ်က ကိုယ့်ဘာသာ ဗျူဟာရှင်လို့ မခေါ်ဘူး။ ကျုပ်က နည်းနည်း ဉာဏ်ကောင်းရုံပါ” စီးဝူယာ့က အပြုံးလေးဖြင့် ပြောလိုက်သည်။
“ တစ်မိုးအောက်မှာ လူအများကြီးကို ထိန်းချုပ်ဖို့ ဒီလိုနည်းလမ်းရလာတာ မင်းတစ်ယောက်တည်းပဲ နေလိမ့်မယ်”
“ချီးကျူးလွန်းနေပါပြီ”
ကာရိုးက စီးဝူယာ့နောက်မှ တစ်ယောက်ချင်းစီကို ကြည့်လိုက်သည်။ သူက စီးဝူယာ့ဆီ ပြန်အကြည့်ရောက်လာပြီး မေးလိုက်၏ “ငါတို့က စစ်ဖြစ်နေတာ။ မင်းက လူတစ်ရာလောက်ပဲ ခေါ်လာတယ်။ စီးဝူယာ့ မင်းကို ဘယ်သူက သတ္တိတွေ အဲလောက်ပေးလိုက်တာလဲ ”
စီးဝူယာ့က ပြောလိုက်သည်။ “ အရေးကြီးတာက စစ်သားအရေအတွက် မဟုတ်ဘူး။ အရည်အသွေးပဲ။ လွန်ခဲ့တဲ့ နှစ်တစ်သန်းလောက်တုန်းက အနောက်တောင်ဘုရင် ဓားသူတော်စင် ကျုံးလီတောက်က နယ်စပ်ကို သူ့ဘာသာ တစ်ယောက်တည်း စောင့်ကြပ်ခဲ့တာ။ အဲဒါတောင် အားကောင်းတဲ့ လိုလန်တပ် တစ်သိန်းက ခြေတစ်လှမ်းမှ မတိုးနိုင်ခဲ့ဘူး။ အခု ကျုပ်တို့ဘက်မှာ လူတစ်ရာတောင် ရှိထားတယ် ”
ကာရိုးက သဘောမတူစွာ ပြောလိုက်သည် “ မင်းကို နှစ်ချက်ပြင်ပေးရဦးမယ်။ ပထမတစ်ချက် မင်းက အနောက်တောင်ဘုရင် ကျုံးလီတောက် မဟုတ်ဘူး။ ဒုတိယတစ်ချက် အချိန်က မတူတော့ဘူး။ ရို့လီက အရင်ကလို မဟုတ်ဘူး ”
စီးဝူယာ့က ခေါင်းညိတ်ကာ “ဟုတ်တာပေါ့။ အမှန်ပဲ … ကျုပ်က ကျုံးလီတောက် မဟုတ်ပေမဲ့ တာ့ယန်ကလည်း အရင်က တာ့ယန် မဟုတ်တော့ဘူး”
“စကားတွေ ပြောနေတာ အဓိပ္ပာယ်မရှိဘူး” ကာရိုးက စီးဝူယာ့နောက်မှ လူများအား အထင်သေးဟန်ဖြင့် ကြည့်လိုက်သည် “မင်းက မင်းဘာသာ ခေါင်းလာဆက်သမှတော့ ငါ့ဘက်က လက်မခံရင် ရိုင်းသွားမှာပေါ့။ စလိုက်ကြရအောင် ”
ရို့လီစစ်သည်တော်များက ဖြန့်လိုက်ကြသည်။ စစ်သူကြီးကာရိုး၏ အမိန့်တစ်ခုတည်းဖြင့် သူတို့က သေခြင်းတရားကို ကြောက်ရွံ့ခြင်းမရှိ ချီတက်လာကြသည်။
ကာရိုးက အသံမြင့်ကာ အေးစက်စက် ပြောလိုက်သည် “ငါက အမြဲတည့်တိုးပြောတယ်။ မင်းဆရာကလွဲရင် မင်းတို့တွေကို ဘယ်သူမှ အထင်မကြီးဘူး။ မင်းတို့က ငါ့ပြိုင်ဘက် ဖြစ်လာခွင့်မရှိဘူး” သူက လက်ဝေ့လိုက်သည်။
သူ့ဒုစစ်သူကြီးလေးယောက်လည်း နောက်မှ လိုက်ပါလာသည်။
ဆိုလိုသည်မှာ သူတို့က အရိုးရှင်းဆုံး တိုက်ပွဲပုံစံကို ဆင်နွဲကြလိမ့်မည်။
စစ်သူကြီး၏ စီးချင်းထိုးပွဲ …
တပ်မဟာနှစ်ခု ရင်ဆိုင်သည့်အခါ စစ်သူကြီးကြားမှ တိုက်ပွဲကို စစ်သူကြီး စီးချင်းထိုးပွဲဟု ခေါ်သည်။ တပ်မဟာတစ်ခုချင်းစီက လုပ်ရည်ကိုင်ရည်ရှိသည့် စစ်သူကြီးတစ်ယောက်ကို တိုက်ခိုက်ဖို့အတွက် ရွေးချယ်လိမ့်မည်။
စီးဝူယာ့က ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ “ကျုပ်ရှစ်စွင်းက တိုက်ပွဲကို ရှောင်လို့ရတယ် ပြောထားတယ်”
“ဟမ်”
“ကျုပ်ရှစ်စွင်းက အမြဲတမ်းသက်ညှာမှု ရှိတဲ့လူဆိုတော့ ရို့လီပြည်သားဆိုရင်တောင် သွေးချောင်းစီးတဲ့ ကိစ္စမျိုး မဖြစ်စေချင်ဘူး။ အဲဒါကြောင့် ခင်ဗျားတို့ မြင်းကို ပြန်နောက်ဆုတ်ပြီး ရုတ်သိမ်းလိုက်မယ်ဆိုရင် ကျုပ်ရှစ်စွင်းက ကြင်ကြင်နာနာနဲ့ သေချာပေါက် ခင်ဗျားကို အပြစ်ဒဏ်နည်းနည်းပဲ ပေးလိမ့်မယ် ”
ထိုစကားကို ကြားကာ ကာရိုး၏ ဒုစစ်သူကြီးလေးဦးက အရယ်ရဆုံး ပြက်လုံးကို ကြားလိုက်ရသလိုမျိုး ရယ်လိုက်ကြသည်။ ထို့နောက် ချက်ချင်းဆိုသလို ဟားတိုက်ရယ်လိုက်ကြ၏။
သို့သော်လည်း စီးဝူယာ့၏ အမူအရာက လေးနက်နေသည်။ မိစ္ဆာဝေဟင်မျှော်နန်းရှိ အဖွဲ့သားများ၏ အမူအရာက အတူတူသာ ဖြစ်၏။
သူတို့ဘက် ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူရှိနေသည့်အခါ ဘာရယ်စရာရှိမည်နည်း။ ဤသည်က အလေးအနက် ကိစ္စ ဖြစ်၏။
ကာရိုးက ပြောလိုက်သည် “ အားလုံးက မင်း ဉာဏ်များတယ်ဆိုတာ သိထားပြီးသား ”
“ကျုပ်က မိစ္ဆာဝေဟင်မျှော်နန်းရဲ့တပည့်ပါ။ ရှစ်စွင်ရှေ့မ ဘယ်တော့မှ မညာဘူး … ရှစ်စွင်းက ကျုပ်နောက်မှာ ရပ်နေတယ်”
စီးဝူယာ့ စကားဆုံးသည်နှင့် ဒုစစ်သူကြီးလေးဦး၏ ရယ်သံက ရပ်တန့်သွားသည်။ သူတို့က စီးဝူယာ့နောက်ကို အလန့်တကြား လှမ်းကြည့်လိုက်ကြသည်။
သို့သော်လည်း ကာရိုးက ပြောလိုက်၏။ “ငါ့ကို အရူးလုပ်နိုင်မယ်လို့ ထင်မနေနဲ့။ မင်းရှစ်စွင်းက အံ့ဖွယ်မြို့တော်ကို စောင့်ကြပ်ပေးနေတာဆိုတော့ ထွက်လာနိုင်မှာ မဟုတ်ဘူး။ မင်းက သူနဲ့တူတဲ့ လူကို ခေါ်လာပြီး ငါ့ကို စိန်လာခေါ်တာပဲ။ ငါက အဲဒီအကွက်ထဲ ကျမယ်များ ထင်နေလား ”
စစ်ပွဲတွင် စိတ်ပိုင်းဆိုင်ရာ တိုက်ပွဲလည်း မကြာခဏ ဆင်နွဲလေ့ရှိသည်။ ထိုအရာက အစစ်နှင့် တူလေလေ အတုဖြစ်ဖို့ များလေလေ ဖြစ်၏။
သို့သော် စီးဝူယာ့က စိတ်ကစားပွဲ ဆော့ကစားနေခြင်း မဟုတ်ပေ။ သူက ကူကယ်ရာမဲ့စွာ ပြောလိုက်၏ “ကာရိုး … ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူက လှည့်ကွက်သုံးဖို့ လိုမယ်များ ထင်နေလား ”
ထိုစဉ် ဒုစစ်သူကြီးတစ်ယောက်က ပြောလာသည်။ “ စီးဝူယာ့ … စစ်သူကြီးကာရိုးက ဦးနှောက်မရှိဘူးလို့များ ထင်နေတာလား။ မင်း မေးခွန်းကို ဖြေပေးလိုက်မယ်”
သူက ခြေနှစ်လှမ်း ရှေ့တိုးလာကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ “ ပွင့်ချပ်ကိုးလွှာအတွက် အံ့ဖွယ်မြို့တော်ထဲ ဆက်နေတာ ပုံမှန်ပဲ။ ငါ ဒါကို မပြောချင်ပေမဲ့ ပွင့်ချပ်ကိုးလွှာသာ အံ့ဖွယ်မြို့တော်ကနေ ထွက်လာတာနဲ့ ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူတွေက တော်ဝင်မြို့တော်ထဲ ခိုးကြောင်ခိုးဝှက် ဝင်လာပြီး အားလုံးကို သတ်ပစ်ကြမှာပဲ။
အဲဒါမတိုင်ခင် အံ့ဖွယ်မြို့တော်ကို စစ်သူကြီးရှစ်ယောက်နဲ့ ဧကရာဇ်ရဲ့ ခွေးတစ်ကောင်နဲ့ စောင့်ကြပ်ထားခဲ့တာ။ ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူက ဘယ်လိုလုပ် ထွက်လာရဲမှာလဲ။ တကယ်လို့ သူ ဒီရောက်လာရင် သူ့စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်ရုံပဲ။ ငါတို့က သေချာပေါက် နောက်ဆုတ်ပေးမှာပေါ့။ ဘာမှစကားပြောနေဖို့ မလိုတော့ဘူး”
သူ့စကားများက ကမ္ဘာဦးချီ ပါဝင်နေ၍ အနောက်ဘက်မှ လူများအထိ ရောက်ရှိသွားသည်။
မင်ရှစ်ရင်က လှည့်လာပြီး ပြောလိုက်သည်။
“ရှစ်စွင်း သူတို့ကို စိတ်ဝိညာဉ်သဏ္ဌာန် ထုတ်ပြပြီး ခြောက်လွှတ်လိုက် ”
တခြားလူများကလည်း လုကျိုးကို ကြည့်လိုက်ကြသည်။ သူတို့က မျှော်လင့်တကြီး ကြည့်နေကြပြီး သူ့စိတ်ဝိညာဉ်သဏ္ဌာန် ဆင့်ခေါ်မည်ကို စောင့်ဆိုင်းနေကြသည်။
စစ်ပွဲတွင် အကောင်းဆုံး ဖြစ်ရပ်က ရန်သူကို အမှန်တကယ် မတိုက်ခိုက်ဘဲ စိတ်ဝိညာဉ် ပြိုလဲသွားစေခြင်း ဖြစ်၏။
လုကျိုးက မင်ရှစ်ရင်အား မျက်လုံးထောင့်မှ ကြည့်လိုက်သည်။
ဒီငမိုက်သားက အခုလတ်တလော ကိစ္စတွေချောမွေ့နေတာနဲ့ သူ့နေရာသူ မေ့နေပြီလား … ငါက နောက်ဆုံးရုပ်ဖျက်ကတ်ပဲ ကျန်တော့တာကွ
ငါ သုံးလိုက်ရင်တောင် မင်း ပြောလို့ သုံးလိုက်တာတော့ မဟုတ်ဘူး။ ငါ့ကို ဟာသများ ထင်နေလား
မင်ရှစ်ရင်က သူ့ရှစ်စွင်း၏ အကြည့်နောက်ကွယ်မှ ဆိုလိုရင်းကို တန်းသဘောပေါက်လိုက်သည်။ သူက အလျှင်စလို လှည့်သွားပြီး အော်ပြောလိုက်သည် “ သောက်အရေးမပါတာတွေ … ငါ့ရှစ်စွင်းရဲ့ စိတ်ဝိညာဉ်သဏ္ဌာန်ကို ကြည့်ချင်တိုင်း ကြည့်လို့ရမယ် ထင်နေလား။ ရှစ်စွင်း ကျွန်တော် တိုက်ခိုက်ဖို့ ခွင့်တောင်းပါတယ် ”
လုကျိုးက ဘာမှမပြောပေ။ သူက အသာလက်ဝေ့ပြလိုက်၏။
မင်ရှစ်ရင်က ရှစ်စွင်း၏ ခွင့်ပြုချက်ကို ရထားပြီးနောက် ခုန်ဆင်းလိုက်သည်။
အမျိုးသား၏ စိတ်က ထူးဆန်းလှသည်။ သူတို့ ထိုသို့ပြုမူလေလေ လိမ်ညာနေသည်ဟု ထင်လေလေ ဖြစ်၏။
ဒုစစ်သူကြီးက လှောင်လိုက်၏။ “ ထုတ်ဖော်ခံလိုက်ရတော့ အရှက်ရပြီး ဒေါသထွက်နေပြီမလား။ စစ်သူကြီး ကျွန်တော်လည်း တိုက်ခိုက်ဖို့ ခွင့်တောာင်းပါတယ် ”
“မြန်မြန်သွက်သွက်လက်လက်လုပ်”
“နားလည်ပါပြီ ” ပထမ ဒုစစ်သူကြီးက ရှေ့တိုးလာသည်။
စီးဝူယာ့က ကူကယ်ရာမဲ့စွာ ခေါင်းအသာယမ်းရင်း ဘေးဖယ်လိုက်သည်။ သူက ညှိနှိုင်းဖို့ အကောင်းဆုံး ကြိုးစားပြီးသွားလေပြီ။
လုကျိုးက လှုပ်ရှားနိုင်သော်လည်း တစ်ဖက်တွင် လူတစ်သန်းနီးပါး ရှိနေခဲ့လျှင် သူက မည်သို့ရှင်းထုတ်နိုင်မည်နည်း။ ထူးခြားအံ့ဖွယ် စွမ်းအား ကုန်သွားလိမ့်မည်။ အကောင်းဆုံးနည်းလမ်းက သူတို့ခေါင်းဆောင်ကို ဖယ်ရှားလိုက်ခြင်း ဖြစ်၏။ ဤသည်က စစ်ပွဲ တိုက်ခိုက်သလိုမျိုး ဖြစ်၏။
ဒုစစ်သူကြီးက တိုက်ပွဲကွင်းပြင် အလယ် ရောက်လာသည်။ သူက မင်ရှစ်ရင်နှင့် လေထဲတွင် တွေ့ဆုံလိုက်၏။
ဝှစ်
မင်ရှစ်ရင်က သူ့စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်သည်။ ပွင့်ချပ်နှစ်လွှာ ရွှေကြာက လေထဲ ပေါ်ထွက်လာသည်။
ဒုစစ်သူကြီးက ပွင့်ချပ်နှစ်လွှာ ရွှေကြာကို မြင်လိုက်သည့်အခါ နှာခေါင်းရှုံ့ကာ လှောင်လိုက်သည် “ ဒါပဲလား။ မင်းကို တစ်ချက်တည်းနဲ့ အနိုင်ပိုင်းပစ်မယ်”
သူက လက်ကို ယှက်လိုက်သည့်အခါ မင်ရှစ်ရင်ဆီ ပုဆိန်သဏ္ဌာန် စွမ်းအင်စည်းတံဆိပ်တစ်ခု ပြေးဝင်သွားသည်။
ပွင့်ချပ်နှစ်လွှာ ရွှေကြာဖြင့် မင်ရှစ်ရင်သည် ခွဲခွာချိတ်ကောက်အား ကိုင်ဆောင်ကာ ရှေ့တိုးလာသည်။ သူက ရွှေရောင်တောက်နေသည့် ပုဆိန်အား ပိုင်းဖြတ်ချလိုက်၏။
ကာရိုးက အော်ပြောလိုက်သည် “မင်းပြိုင်ဘက်ကို လျော့မတွက်နဲ့”
ဒုစစ်သူကြီးက နားလည်သွားကာ “မင်းက အင်အားကို ဖုံးကွယ်ထားတာ သိတယ်။ သေလိုက်စမ်း”
ပုဆိန်က နဂိုအရွယ်အစားထက် သုံးဆ ကြီးမားလာသည်။
တစ်ချိန်တည်းဆိုသလို ဝံပုလွေဘုရင်၏ လက်က ဒုစစ်သူကြီး၏ လက်မောင်းအထက် ပေါ်ထွက်လာသည်။ စိတ်ဝိညာဉ်သဏ္ဌာန်က သူနှင့်အတူ ထွက်ပေါ်လာသည်။
ရွှေကြာဟူ၍ မရှိနေပေ။
မင်ရှစ်ရင်က အံ့အားသင့်သွားမိသည်။ သူက ခွဲခွာချိတ်ကောက်ကို ဆက်လက်၍ ဝေ့ယမ်းနေသည်။
“စစ်ရှစ်ရှိုး”
“စတုတ္ထသခင်လေး”
ဘန်း
ခွဲခွာချိတ်ကောက်က ပုဆိန်ကို ပိုင်းဖြတ်လိုက်သည်။
တစ်ချိန်တည်းဆိုသလို ပုဆိန်က မင်ရှစ်ရင်၏ စိတ်ဝိညာဉ်သဏ္ဌာန်ဆီ ကျရောက်လာသည်။
နှစ်ဦးသား တစ်ယောက်နှင့် တစ်ယောက် ထိပ်တိုက် ရင်ဆိုင်နေကြ၏။
လေထုထဲ အသံတစ်သံ ထွက်ပေါ်လာသည်။
ဘယ်သူက ထိအောင် တိုက်နိုင်သွားတာလဲ …
နှစ်ယောက်သားက ကျောချင်းပေးထားလျက် အနေအထား ရှိနေသည်။ တိုက်ပွဲက တစ်ချက်တည်းဖြင့် အဆုံးသတ်သွား၏။
အားလုံးက ထိုနှစ်ယောက်အပေါ် အာရုံစိုက်ထားလိုက်ပြီး ရလဒ်ကို စောင့်ဆိုင်းနေကြသည်။
ဘယ်သူ နိုင်သွားတာလဲ …
မင်ရှစ်ရင်က မလှုပ်လာပေ။ သူက ရို့လီ ဒုစစ်သူကြီးဘက် ကျောပေးထားဆဲ ဖြစ်၏။
ရို့လီ ဒုစစ်သူကြီးက လှည့်လာကာ ရယ်မောလိုက်သည် “မင်းက ငါ့ကို အနိုင်ယူနိုင်မယ် ထင်နေလား။ ဟာသပဲ”
သူက လှည့်လိုက်သည့်အချိန် သူ့ဝံပုလွေဘုရင် စိတ်ဝိညာဉ်သဏ္ဌာန်က ပျောက်ကွယ်သွားသည်။
“စစ်ရှစ်ရှိုး …” စီးဝူယာ့က အော်ခေါ်လိုက်၏။
စီးဝူယာ့က ဝင်ပါတော့မည့်ဆဲဆဲ ဒုစစ်သူကြီးက ရှေ့နှစ်လှမ်းတိုးလိုက်သည့်အခါ လေထုထဲ အက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ သိပ်မကြာခင် သူ့ချပ်ဝတ်က မြေပေါ် ပြုတ်ကျလာသည်။
“ဟမ်”
ဒဏ်ရာမှ သွေးများစီးကျလာ၏။
“မင်း…” ရို့လီ ဒုစစ်သူကြီးက လက်မောင်းကို မြောက်ကာ မင်ရှစ်ရင်၏ ပခုံးကို ကြည့်လိုက်သည်။
မင်ရှစ်ရင်က ခွဲခွာချိတ်ကောက်ကို အင်္ကျီလက်ဖြင့် သုတ်လိုက်သည်။
ရို့လီ ဒုစစ်သူကြီး၏ အမြင်မှ သူက ရှေ့တိုးလာသည့်အခါ မင်ရှစ်ရင်၏ အဝတ်အောက် အသေးစား ရွှေကြာကို မြင်လိုက်ရသည်။ မင်ရှစ်ရင်က ထိုအရာကို ဖိနှိပ်ထားသည့်အတွက် စက္ကန့်ပိုင်းမျှသာ ကြာမြင့်လိုက်သည်။ သူက ပွင့်ချပ်၏ အရေအတွက် အတိအကျ သို့မဟုတ် အမြင့်ကို မသိရသော်လည်း အနည်းဆုံး ပွင့်ချပ်ခြောက်လွှာ ရှိနေကြောင်း သေချာမြင်လိုက်ရသည်။ သိပ်မကြာခင် လေထဲ အသံတစ်သံ ထွက်လာကာ သူ့လည်ပင်းမှ သွေးများစီးကျလာပြီး မြေပေါ် လဲကျသွားတော့သည်။
ဝုန်း
ရို့လီ ဒုစစ်သူကြီးက အသက်မရှုတော့ပေ။
မင်ရှစ်ရင်က သူ့ခွဲခွာချိတ်ကောက်ကို သန့်ရှင်းလိုက်ရင်း မော့ကြည့်ကာ မထူးမခြားနား ပြောလိုက်သည် “နောက်တစ်ယောက် … ”
…
အခန်း (၆၂၉) ပြောင်မြောက်သောတိုက်ကွက်ဖြင့် ကျန်သည့်သူများကို အံ့ဩသွားစေ
“ဂျိုလီ” ကာရိုးက အက်ကွဲစွာအော်လိုက်၏။ ဒုစစ်သူကြီးသည် မြေပြင်ပေါ်၌ မလှုပ်မယှက်လှဲနေ၏။ သေသွားတာ သိသာနေလေသည်။ သူ့လည်ပင်းရှိဒဏ်ရာမှ သွေးများ ဆက်တိုက်ပန်းထွက်နေ၏။
ယင်းက တိုက်ပွဲများတွင် အရည်အချင်းရှိပြီး ရဲစွမ်းသတ္တိရှိလှသော စစ်သူကြီးသည် တစ်ချက်တည်းပင် လည်ပင်းအဖြတ်ခံလိုက်ရကြောင်း သက်သေပဲဖြစ်သည်။
တစ်ချက်တည်း
ကျန်ရှိသည့် ရို့လီဒုစစ်သူကြီး သုံးဦးက မင်ရှစ်ရင်ကို အမျက်ဒေါသဖြင့်ကြည့်လိုက်၏။
အစောတုန်းက စိုးရိမ်ပူပန်နေကြသည့် မိစ္ဆာဝေဟင်မျှော်နန်း၏ဂိုဏ်းသားများက ယင်းကို မြင်သောအခါ စိတ်အေးသွားကြသည်။ “အံ့ဩဖို့ကောင်းလိုက်တာ စစ်ရှစ်ရှိုး” ရှောင်ယွမ်အာက လက်ခုပ်တီးလိုက်သည်။
ခရုလေးက ဝင်ပြောလိုက်သည်။ “စစ်ရှစ်ရှိုး သေတော့မယ်လို့ထင်နေတာ။ လန့်စရာပဲ”
မင်ရှစ်ရင် “...”
အသံက မှားနေတဲ့ပုံပဲ။ သူက ကျိရှစ်မေ့ လွှမ်းမိုးတာ ခံလိုက်ရတဲ့ပုံပဲ။
ဖန်လီထန်းကပြောလိုက်သည်။ "တကယ်တော့ အစတည်းက မင်ရှစ်ရင်နိုင်မယ်မှန်း ကျုပ်သိနေတယ်”
လန်လော့က ပြောလိုက်၏။ "ရှေ့လှိုင်းမပျောက်ခင် နောက်လှိုင်းကတက်လာပြီ။ ကျုပ်တို့အသက်ကြီးနေပြီပဲ။ လူငယ်မျိုးဆက်က တစ်နေ့ကျ ကျုပ်တို့ကိုကျော်တက်သွားမှာ ကြိမ်းသေတယ်”
ယခုအခေါက်တွင် နှစ်ယောက်လုံးက မငြင်းခုန်တော့ပေ။ ရှားရှားပါးပါး သူတို့ သသဟဇာတဖြစ်သည့်အချိန်ပဲ ဖြစ်သည်။
လုကျိုးက တည်တည်ငြိမ်ငြိမ် မုတ်ဆိတ်သပ်လိုက်၏။ သူက မင်ရှစ်ရင်၏နောက်ကျောကို ကြည့်လိုက်သည်။ ငမိုက်သားက သူ့ရဲ့ခွန်အားအစစ်အမှန်ကို ဘယ်လောက်ဖုံးကွယ်ထားတာလဲ။
အစောတုန်းက နည်းစနစ်သည် ရိုးရှင်းပုံ ပေါ်သော်ငြား အင်မတန်အန္တရာယ်များ၏။ မင်ရှစ်ရင်၏ အကျင့်စရိုက်ဖြင့် သူသည် ထိုကဲ့သို့စွမ်းရည်ဖြင့် ဘယ်တော့မှလောင်းကြေးထပ်မှာမဟုတ်။ စိုးစဉ်းမျှ သတိမမူခဲ့လျှင် သေသွားလိမ့်မည်။ တနည်းအားဖြင့် မင်ရှစ်ရင်သည် အလွန်ယုံကြည်ချက်ရှိနေ၏။ သူသည် ပွင့်ချပ်ခုနစ်လွှာအဆင့်ကို ရောက်နေပုံပေါ်သည်။ လုကျိုးက ကျေနပ်စွာခေါင်းညိတ်လိုက်၏။ မင်ရှစ်ရင်သည် သူ ကူးပြောင်းလာချိန်၌ သဘောကျမှုအနည်းဆုံး တပည့်ဖြစ်ခဲ့၏။ သို့သော် မင်ရှစ်ရင်ကြီးပြင်းလာပြီး ရင့်ကျက်လာသည်နှင့်အမျှ သူ ပိုနှစ်သက်လာသည်။
လုကျိုးသည် ကုသိုလ်မှတ်တစ်ထောင်ရလိုက်၏။
လုကျိုးသည် ကျန်ရှိသည့် ဒုစစ်သူကြီးသုံးယောက်ကိုကြည့်လိုက်၏။ သူက စိတ်အေးလက်အေး လေသံဖြင့်ပြောလိုက်၏။ “နောက်တစ်ယောက်လို့ပြောပြီးပြီလေ။ ဘာစောင့်နေတာလဲ”
“တိုက်ခိုက်ခွင့်တောင်းပါတယ်”
“တိုက်ခိုက်ခွင့်တောင်းပါတယ်”
“တိုက်ခိုက်ခွင့်တောင်းပါတယ်”
ကျန်ရှိသည့် ဒုစစ်သူကြီးသုံးယောက်သည် လက်သီးဆုပ်မိုးလျက် တညီတညွတ်တည်း ပြောလိုက်သည်။
ကာရိုးသည် မင်ရှစ်ရင်ကို ကြည့်ပြီးနောက် ပြောလိုက်သည်။
“ဘေးဖယ်”
“စစ်သူကြီး”
“ဘေးဖယ်လို့ ငါပြောနေတယ်”
သုံးယောက်သားသက်ပြင်းချလျက် နောက်ဆုတ်ကာ စိတ်မပါမှန်းသိသာနေ၏။
ကာရိုးသည် သူ၏မြင်းဖြင့်ရှေ့တက်လာသည်။ သူသည် မြေပြင်ပေါ်ရှိ ဂျိုလီ၏အလောင်းကို ထူးမခြားနားကြည့်လိုက်သည်။ “သူ့ကိုပြန်ခေါ်သွား။ သူ့ကို ရို့လီရဲ့အကြီးမြတ်ဆုံးဈာပနအခမ်းအနားနဲ့ မြှုပ်နှံပေးလိုက်”
“နားလည်ပါပြီ”
“နေဦး” မင်ရှစ်ရင်က လက်တစ်ဖက်မြှောက်လိုက်သည်။
“မင်း ငါတို့ကို တားမလို့လား” ကာရိုးက ဇဝေဇဝါဖြစ်သွား၏။
“မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး” မင်ရှစ်ရင်က လက်ဝှေ့ယမ်းလိုက်သည်။ “သူ့ကို အခုခေါ်သွားဖို့ မလိုဘူးလေ။ ခင်ဗျားတို့တွေ စောင့်သင့်တယ်လို့ပြောတာ။ ဒီလိုဆိုရင် ခရီးတစ်ခေါက်တည်းနဲ့ အလောင်းတွေအများကြီးသယ်လို့ရတာပေါ့”
ကာရိုးက မျက်မှောင်အနည်းငယ်ကျုံ့လိုက်၏။ သူ့အလိုလိုသိစိတ်က ဤလူသည် စီးဝူယာ့နှင့် ယှဉ်လျှင် ဖြေရှင်းရပိုခက်နေသည်ဟု ပြောပြနေသည်။ သူသည် စီးဝူယာ့ကို အချိန်ကြာမြင့်စွာ ရင်ဆိုင်ဖြေရှင်းပြီးနောက် စီးဝူယာ့၏လှည့်ကွက်မျိုးစုံကို အသားကျနေတာဖြစ်ဟန်တူသည်။ ယခုသူက လူသစ်တစ်ယောက်ကို ဖြေရှင်းနေရသောကြောင့် နမိတ်တစ်ခုကို ခံစားနေရ၏။ သို့သော်ငြား သူက တွေးမနေမတော့ဘဲ ပြောလိုက်၏။ “မင်းလား”
“အာ မဟုတ်ပါဘူး။ ကျုပ်လိုအမှိုက်က ဒါမျိုးလုပ်နိုင်စွမ်းမရှိဘူး” သူက လုကျိုးကို ညွှန်ပြနေတာ ဖြစ်သည်။
ကာရိုးသည် သူ့နောက်ကိုကြည့်ပြီး အော်ပြောလိုက်၏။
“မိစ္ဆာအိုကြီးကျိ ဒီမှာရှိနေရင်တောင် သူက အဆင်အခြင်မဲ့လှုပ်ရှားရလောက်အောင် ရဲတင်းနေမှာ မဟုတ်ဘူး” သူက မြင်းပေါ်ခုန်တက်လိုက်၏။ အချိန်ဆွဲမနေဘဲ စွမ်းအင်များ ထုတ်ဖော်လိုက်သည်။
ဖုန်း
သူ မြေပြင်ပေါ်ဆင်းသက်ချိန်၌ လေလှိုင်းသည် ရောင်ခြည်စက်ဝိုင်းထဲတွင် တလိမ့်လိမ့်တက်လာ၏။
မင်ရှစ်ရင်က အထင်မကြီးတာ သိသာနေ၏။ သူက ပြောလိုက်သည်။ “အံ့ဩဖို့ကောင်းတဲ့အရှိန်ပဲ။ ကျုပ်ပြောတာက မြန်တော့မြန်တယ်။ ဒါပေမဲ့ အဆုံးကျ အသုံးမဝင်ဘူးလေ”
“မင်းက စစ်သူကြီးတွေရဲ့လက်ရည်ယှဉ်ပွဲကိုရွေးချယ်ခဲ့တယ်ဆိုတော့ ဒီလို လက်ရည်ယှဉ်တယ်ပေါ့။ ဒီလိုနည်းနဲ့ဆုံးရှုံးမှုတွေကို လျော့ချနိုင်မယ်။ ငါရှုံးရင် ရို့လီရှုံးတာပဲ။ ငါနိုင်ရင် တာ့ယန်က အညံ့ခံရမယ်။ လောင်းရဲလား” ကာရိုးကလက်နောက်ပစ်ထားလျက် မင်ရှစ်ရင်ကိုကြည့်လိုက်၏။
မင်ရှစ်ရင်၏အကြည့်က ခက်ထန်သွားသည်။ သူသည် ဒုစစ်သူကြီးလေးဦးကို ဖြေရှင်းနိုင်ရန် ယုံကြည်ချက်ရှိ၏။ သို့သော် အဓိကစစ်သူကြီးက လွယ်ကူသည့်သူတစ်ယောက်မဟုတ်။ ရွှေကြာဖြတ်တောက်သည့်ခေတ်ကို ရောက်လာချိန်မှစပြီး ကာရိုးလှုပ်ရှားတာကို မည်သူမှ မတွေ့မိပေ။ ကာရိုး၏ကျင့်ကြံဆင့်က ဘာဆိုတာ မည်သူမျှမသိဟုဆိုလိုသည်။ အဆုံးကျ သူ အရှက်မရှိပြန်ပြောလိုက်သည်။ “မလောင်းဘူး”
“…”
ကသိကအောက်ဖြစ်စရာပဲ။ ကာရိုး၏ရင်ထဲ၌ ဒေါသမီးလျှံများပေါ်ထွက်လာသည်။ သို့သော်သူသည် စစ်သူကြီးတစ်ဦး၏သွင်ပြင်ကို ထိန်းထားလျက် တည်ငြိမ်မှုနှင့် မောက်မာထောင်လွှားမှုတို့ကို ထိန်းထားသည်။
မင်ရှစ်ရင်က ပြောလိုက်၏။ “ခင်ဗျား တံခါးနဲ့ခေါင်းနဲ့တိုက်မိတာလား။ ဒါမှမဟုတ် တစ်ခုခုပဲလား။ ဒီမှာကျုပ်ရဲ့ရှစ်စွင်းရှိနေတယ်။ ကျုပ်က ဘာကြောင့် ခင်ဗျားနဲ့လောင်းရမှာလဲ။ အဲဒါကို ကျုပ်က သဘောတူလိုက်ရင် အရူးဖြစ်သွားမှာပေါ့။ ခင်ဗျားက ကျူပ်ဉာဏ်ရည်ကို အထင်သေးနေတာပဲ။ ကျုပ်ခံစားမိတာက ခင်ဗျား ကျုပ်နဲ့ တိုက်ခိုက်ပိုင်ခွင့်မရှိဘူးလို့ပဲလေ”
ထိုသို့ ပြောပြီးသည်နှင့် သူကလှည့်ထွက်သွားတော့၏။
“…”
“မင်းက မလိုအပ်တဲ့အရှုပ်တွေဖန်တီးနေတာပဲ” ကာရိုးကပြောလိုက်သည်။ ကျန်သည့် ဒုစစ်သူကြီးများက ကာရိုးကို လှုပ်ရှားစေချင်၏။ ဤနည်းဖြင့် သူတို့ထမ်းဆောင်ရန် မလိုအပ် တော့ပေ။ အံ့ဖွယ်မြို့တော်အပြင်ဖက်၌ ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူများ စောင့်ဆိုင်းနေပြီးဖြစ်သည်။ ထိုနေရာ၌ မိစ္ဆာအိုကြီးကျိတစ်ယောက်သာရှိ၏။ မည်သို့ပင်ဆိုစေ ရို့လီသည် ဤအခြေအနေကနေ အမြတ်ထွက်လိမ့်မည်။
ဖုန်း
ကာရိုးသည် မြေပြင်ပေါ်ခြေဆောင့်နင်းလျက် မင်ရှစ်ရင်ကို ရိုက်လိုက်သည်။ လက်ဝါးနှစ်ဖက်ကို ရှေ့သို့တွန်းထုတ်ထားလျက် ဘဲဥသဏ္ဌာန်စွမ်းအင်စည်းတံဆိပ်ကို ထုတ်ဖော်လိုက်၏။ တစ်ချိန်တည်းတွင် လေထဲ၌ လက်ဝါးစည်းတံဆိပ်များစွာကို ထုတ်သုံးလိုက်၏။ သို့သော်ငြား ဘဲဥသဏ္ဌာန်စွမ်းအင်စည်းတံဆိပ်က သူ့ကိုချုပ်ထားပုံပေါ်၏။ သူ့ကိုမှတ်ထားပုံပေါ်သည်။ ၎င်း၏လားရာကို ချက်ချင်းထိန်းညှိလျက် သူ့ဆီရောက်လာ၏။
မင်ရှစ်ရင်က မြေပြင်ပေါ်ဆင်းသက်လိုက်သည်။ သူက လက်မြှောက်လိုက်ကာ သူ့ကိုယ်သူ ကာကွယ်ရန်စွမ်းအင်စည်းတံဆိပ်ကို ဖွဲ့တည်လိုက်သည်။
ဘန်း
မင်ရှစ်ရင်က နောက်သို့ယိုင်သွားသည်။ သူ၏စွမ်းအင်စည်းတံဆိပ်သည် ကာရိုး၏ အကာအကွယ်စည်းတံဆိပ်ကို ထိမှန်သွား၏။
ကာရိုးက နောက်တစ်လှမ်းဆုတ်လိုက်ရသည်။ သူကပြောလိုက်တော့သည်။
“မင်း ဒီလောက်ယုံကြည်ချက် ရှိနေတာ ပြောစရာမရှိဘူးပဲ။ မင်းက ဒီရိုက်ချက်ကို ခံနိုင်ရည်ရှိတယ်ဆိုမှတော့ မင်းက ပွင့်ချပ်ခုနစ်လွှာကျင့်ကြံသူဖြစ်ရမယ်”
“ဟိုင်းယား ... ကျုပ် ပေါ်သွားပြီပဲ။ ဒါဆို ဖုံးကွယ်နေစရာ မလိုတော့ဘူးပဲ” မင်ရှစ်ရင်က နောက်ဆုတ်ရမည့်အစား ရှေ့တိုးလိုက်၏။ သူက ခွဲခွာချိတ်ကောက်ကို လက်ပြန်ကိုင်ပြီးနောက် သူ၏ ရန်သူဆီအရှိန်ဖြင့် သွားလိုက်၏။
ကာရိုးက နှာမှုတ်လိုက်သည်။ “မင်းက သေချင်နေတာပဲ”
သူ့လက်နှစ်ဖက်ကို ဖြန့်ကားလိုက်၏။ ဘဲဥသဏ္ဌာန် စွမ်းအင်စည်းတံဆိပ်ပိုင်နက်က သူ့ဆီ ချက်ချင်း ဝန်းရံလာသည်။
မင်ရှစ်ရင်သည် ကာရိုးဆီ ရောက်ခါနီးချိန်၌ ...
ဝှစ်
မင်ရှစ်ရင်သည် မြင်ကွင်းထဲမှပျောက်သွားသည်။ နောက်တစ်စက္ကန့်၌ သူသည် ကာရိုး၏ စွမ်းအင်စည်းတံဆိပ်နောက်တွက် ပေါ်လာ၏။ သူ့လက်ထဲရှိ ခွဲခွာစည်းတံဆိပ်က အေးစက်စက် အလင်းပေါ်နေတော့သည်။
ဖုန်း ဖုန်း ဖုန်း ဖုန်း ဖုန်း
မင်ရှစ်ရင်သည် မြန်ဆန်သောအရှိန်ဖြင့်လှုပ်ရှားနေသည်။ တလက်လက်တောက်ပနေသည့် လှုပ်ရှားမှုများကိုသာ မြင်နေရပြီး သူက စွမ်းအင်လွှာကို အဆက်မပြတ်တိုက်ခိုက်နေ၏။
ကာရိုးသည် မင်ရှစ်ရင်ကို ကြည့်ပြီးရှုတ်ချလိုက်သည်။ "ဒါ အကုန်ပဲလား”
“ကျုပ်တောင်းပန်ပါတယ်။ ဒါပေမဲ့ ခင်ဗျားရန်သူကို လျှော့တွက်လွန်းနေပြီ”
ဝှစ်
ပွင့်ချပ်ခုနစ်လွှာစိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်လာ၏။
ဖုန်း
ခွဲခွာချိတ်ကောက်သည် ယခုအချိန်တွင် တောက်ပသော အလင်းဖြင့်ထွန်းလင်းလာ၏။ ဤအရာနှင့် ယှဉ်လျှင် ယခင်က သူ၏သိုင်းကွက်များအားလုံးသည် အတုအယောင်နှင့်တူ၏။ ကောင်းကင်ချိတ်ကောက်သည် ကာရိုး၏ ကာကွယ်ရေးစွမ်းအင်ကို ထောပတ်ကို လှီးဖြတ်ထားသည့်ဓားပူပူပမာ ပိုင်းဖြတ်သွားလျက် ကာရိုး၏နောက်ကျော်ဆီဦးတည်သွား၏။
ဘန်း
ယခုအချိန်တွင် ကာရိုး၏ကြွယ်ဝလှသော တိုက်ပွဲအတွေ့အကြုံကပေါ်လာ၏။ သူက ရုတ်တရက် သူ့ဖက်ကို လှည့်ထိုးလိုက်သည်။ ထိုလက်သီးသည် မင်ရှစ်ရင်၏ စိတ်ဝိညာဉ်ပေါ်ကျရောက်လာ၏။
နှစ်ယောက်လုံးသည် ခြေလှမ်းတစ်ဝက်ခန့်နောက်ဆုတ်လိုက်ရသည်။
ကာရိုးသည် ဘေးသို့လှည့်ကာ မင်ရှစ်ရင်၏ချိတ်ကောက်မှ တိုက်ခိုက်မှုကို ရှောင်ရှားလိုက်၏။
သို့သော် မင်ရှစ်ရင်က အားနည်းသူ မဟုတ်။ သူ၏ခွဲခွာချိတ်ကောက်သည် လျင်မြန်စွာလှုပ်ရှားနေ၏။ ၎င်းသည် အရပ်မျက်နှာချက်ချင်းပြောင်းက ဘေးတိုက်ဖြတ်ချလိုက်သည်။
ဘန်း
ကာရိုးက နောက်သို့ယိုင်သွားလေ၏။
မင်ရှစ်ရင်သည်လည်း နောက်သို့ဆုတ်သွားသည်။ သို့သော် သူက အောက်သို့ပြုတ်ကျနေ၏။
“မာလိုက်တဲ့ခန္ဓာကိုယ်” သူ၏ကောင်းကင်အဆင့်ခွဲခွာချိတ်ကောက်သည် ကာရိုး၏ခန္ဓာကိုယ်ကို ပိုင်းဖြတ်နိုင်ခြင်းမရှိ ဖြစ်နေလိမ့်မည်ဟု မင်ရှစ်ရင်မထင်ပေ။
ကာရိုးသည် သူ၏ခန္ဓာကိုယ်ပေါ်ရှိအရာကို ငုံ့ကြည့်လိုက်သည်။ လုံလောက်သွားချေပြီ။ အရာဖျော့ဖျော့က ပျောက်ကွယ်သွား၏။ သို့သော် သူ၏သံချပ်ကာက ကွဲထွက်သွား၏။ ဒီတိုက်ကွက်ပြီးနောက် သူ အရေးနိမ့်သွားတာဖြစ်သည်။
ဖန်လီထန်းက ချီးကျူးလိုက်တော့၏။ “စတုတ္ထသခင်လေးမှာ ဒီလိုအရည်အချင်းရှိလိမ့်မယ်လို့ မထင်ထားဘူး။ သူ့ကိုတကယ်လျော့တွက်ခဲ့မိတာပဲ”
လန်လော့ “...”
သူက ဘယ်အချိန်ကစပြီး မင်ရှစ်ရင်ကို စတုတ္ထသခင်လေးလို့ခေါ်တာလဲ။
ကာရိုးက လေထဲကနေငုံ့ကြည့်လိုက်၏။ "မင်းကို အထင်ကြီးမိပါတယ်။ ဒါပေမဲ့ မင်းသေရမယ်”
ပြီးနောက် သူက ခုန်ဆင်းလာသည်။ သူ၏အကြည့်တို့ကလေးနက်တည်ကြည်လာသည်။
မင်ရှစ်ရင်သည် ထိုးနှက်ချက်ပြင်းပြင်းကို ခံစားရမည့်ပုံပေါ်၏။ သို့သော် လူတိုင်းကို မင်ရှစ်ရင်က အံ့ဩသင့်သွားစေ၏။ သူ၏ခွန်အား မည်မျှဖုံးကွယ်ထားလဲဆိုတာ လူတိုင်းက မြင်ချင်နေသည်။
လုကျိုးသည်လည်း တူညီသောအတွေးရှိနေသည်။ သူက မုတ်ဆိတ်သပ်လျက် မင်ရှစ်ရင်ဆီ ခုန်ဆင်းလာသော ကာရိုးကိုကြည့်နေသည်။ မင်ရှစ်ရင်သည် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ထပ်မံဆင့်ခေါ်လိုက်သည်။
ပွင့်ချပ်ခုနစ်လွှာသဏ္ဌာန်ရွှေကြာက လေထဲပေါ်ထွက်လာ၏။ သူ့အောက်၌ သစ်သားပြာရှိနေလေ၏။
“သစ်သားပြာနှလုံးသားကျင့်စဉ်”
“နွယ်တစ်ထောင်ကို ရစ်ခွေစေ”
ယင်းက သစ်သားပြာနှလုံးသားကျင့်စဉ်၏ခမ်းနားသောကျင့်စဉ်ပဲဖြစ်သည်။
အတိတ်တုန်းက မင်ရှစ်ရင်သည် သူ၏ခွန်အားတိုးစေရန် တောအုပ်ထဲတွင် ရှိနေရန်လိုအပ်သည်။ သို့သော် သူတောအုပ်ထဲတွင်ရှိရန်မလိုဘဲ သူ့ခွန်အားကို မြှင့်တင်ပေးနိုင်၏။
မင်ရှစ်ရင်သည် နွယ်တစ်ထောင်ရစ်ခွေစေကို တတ်ကျွမ်းနေလိမ့်မည်ဟု လုကျိုးမထင်ပေ။ သူက ထိုသိုင်းကိုသုံးနေပုံအရ ကျွမ်းကျင်နေတာအတော်ကြာနေပြီဖြစ်ပုံပေါ်၏။
မင်ရှစ်ရင်သည် သူ၏ခွဲခွာချိတ်ကောက်ကို လွှဲယမ်းလိုက်တော့သည်။
ယခုအချိန်၌ လူတိုင်းသည် ပွင့်ချပ်ခုနစ်လွှာမင်ရှစ်ရင်က ပွင့်ချပ်ရှစ်လွှာကာရိုးကို သတ်ဖြတ်နိုင်သည် ဟု ခံစားမိနေသည်။
အာဝူး ….
ကာရိုး၏စိတ်ဝိညာဉ်သဏ္ဌာန်ပေါ်လာ၏။ ရွှေကြာမရှိချေ။ ကာရိုးက သူ၏စိတ်ဝိညာဉ်သဏ္ဌာန်နှင့် ပေါင်းစည်းသွားတော့သည်။
ဘန်း
ဝံပုလွေဘုရင်စိတ်ဝိညာဉ်သဏ္ဌာန်နှင့် ပေါင်းစည်းပြီးနောက် ဝံပုလွေဘုရင်၏အရိပ်သည် ကာရိုးကို လွှမ်းထား၏။
စိတ်ဝိညာဉ်သဏ္ဌာန်ကို အသုံးပြုတဲ့ လို့လန်သားတစ်ယောက်ရဲ့နည်းအသစ်လား။ စီးဝူယာ့က တအံ့တဩထုတ်ပြောမိသွား၏။ “အရင်တုန်းက ရို့လီက လျန့်စီရင်စုကို မတိုက်ခိုက်တာ အံ့ဩစရာမရှိဘူးပဲ။ ဒီတော့မင်းက အစောတည်းက ပြန်ကျင့်ကြံနေတာကိုး”
ဘန်း
၎င်းသည် မင်ရှစ်ရင်၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ထိသွား၏။
မင်ရှစ်ရင်က မီတာတစ်ဝက်ခန့်အထိ ပြုတ်ကျသွား၏။
လက်သည်းသုံးချက်ဆက်တိုက် ကုတ်ခံပြီးနောက် မင်ရှစ်ရင်က မျက်မှောင်ကျုံ့လိုက်သည်။
ကာရိုးက အသာစီးရနေ၏။ သူက လက်သည်းမြှောက်လျက် လေထဲပျံဝဲနေကာ ဝံပုလွေဘုရင်၏လက်သည်းကို မြှောက်လိုက်သည်။ ပြီးနောက်သူသည် တစ်ပြိုင်နက်တ ည်း လက်သည်းကို ထုတ်လိုက်၏။
မင်ရှစ်ရင်က ရုတ်တရက်အပေါ်တက်လိုက်၏။ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်က လည်ထွက်သွားသည်။ ရွှေကြာကယခုရင်ဆိုင်နေလေသည်။
ဖုန်း
လက်သည်းက ရွှေကြာကိုထိမှန်သွား၏။ လက်သည်းက ရွှေကြာကိုထိမှန်သွားသည်။ မင်ရှစ်ရင်သည် တိုက်ကွက်ကို ခံနိုင်ရည်ရှိခဲ့သည်။ သူက စိတ်ဝိညာဉ်သဏ္ဌာန်ကို အမြန်ရုပ်သိမ်းပြီး ဆင်းသက်လိုက်၏။ သူက သစ်ပြာပုံထဲသို့ကျသွားတော့၏။
ကာရိုးသည် သစ်ပြာပုံကို ကြည့်ပြီး မယုံနိုင်စွာပြောလိုက်၏။ "ဒီလောက်လွယ်နေလား” သူ၏အကြည့်တို့က ခက်ထန်လာသည်။ သစ်ပြာပုံဆီခုန်ဆင်းလိုက်သည်။
ဘန်း
ထိုစဉ် မင်ရှစ်ရင်သည် သစ်ပြာပုံထဲမှပေါ်ထွက်လာပြီး သူ့လက်ထဲ၌ ခွဲခွာချိတ်ကောက်ကို ကိုင်ထားလေ၏။ သူက ကာရိုးကိုပိုင်းဖြတ်တော့သည်။ သူ၏လက်ဖဝါးထဲ၌ ပွင့်ချပ်ခုနှစ်လွှာစိတ်ဝိညာဉ်သဏ္ဌာန်လေးကလည်း လှုပ်ရှားနေလေ၏။
ကာရိုးက အော်ပြောလိုက်သည်။ "ငါ့မှာလည်း ပွင့်ချပ်ရှိတယ်ဆိုတာမေ့နေတာလား”
“အား မဟုတ်ဘူး” မင်ရှစ်ရင်က သူ တိုက်ခိုက်တာကိုရပ်တန့်လိုက်၏။ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်က ပြန့်ကားသွားတော့သည်။
ဝံပုလွေဘုရင်သည် မင်ရှစ်ရင်ဆီသို့ ပွင့်ချပ်ရှစ်လွှာကိုပစ်ထုတ်လိုက်သည်။
ဘန်း
ပထမဆုံးပွင့်ချပ်သည် မင်ရှစ်ရင်၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ထိမှန်သွားသောအခါ သူ၏ သွေးအဆီအနှစ်များဆန်တက်လာ၏။ “မင်းက အစွမ်းထက်ပါရဲ့။ ဒါပေမဲ့ မလုံလောက်ဘူး” ကာရိုးက သူ့လက်ဝါးကိုရိုက်ချလိုက်သည်။ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်သည် ခန္ဓာကိုယ်ထဲမှ ထွက်သွားတော့သည်။ သူသည် ကျန်ရှိသော ပွင့်ချပ်ခုနစ်လွှာဖြင့် မင်ရှစ်ရင်ကို ဝင်ရောက်တိုက်ခိုက်တော့၏။ သူသည် မင်ရှစ်ရင်ကို တစ်ကွက်တည်းဖြင့်အပြီးသတ်ချင်သည်။
နောက်ဆုံးအခိုက်အတန့်တွင် လုကျိုးက မြေပြင်ကိုခြေဆောင့်နင်းလျက်ပျံထွက်သွားတော့သည်။
“မျှော်နန်းသခင်”
“သရုပ်ပြဖို့အခွင့်အရေး လွဲချော်သွားတာလား”
“မျှော်နန်းသခင်ကို ဒီလိုခက်ခဲတဲ့အလုပ် လုပ်ခွင့်ပေးလို့ရမလဲ”
လုကျိုးသည် သူ၏ခမ်းနားသောကျင့်စဉ်ကို ချက်ချင်းအသက်သွင်းလျက် မင်ရှစ်ရင်နောက်၌ ပေါ်လာသည်။ သူကလက်တစ်ဖက်မြှောက်လိုက်၏။
မိစ္ဆာကိုယ်တော်၏လက်ဝါးစည်းတံဆိပ်
ဘန်း
လက်ဝါးစည်းတံဆိပ်သည် ဝံပုလွေဘုရင်ကို ထိသွားတော့သည်။
ကာရိုးက မျက်မှောင်ကျုံ့လိုက်၏။ သူသည်ရုတ်တရက်ပေါ်လာသည့်အဘိုးအိုကိုကြည့်ကာ ခပ်ပြတ်ပြတ်ပြောလိုက်လေ၏။ “ခင်ဗျားက တကယ်မိစ္ဆာအိုကြီးကျိဆိုရင် ဒီနေရာမှာ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်ရဲ့ခွန်အားကို ကြုံတွေ့ချင်တယ်။ မဟုတ်ရင်တော့ စိတ်မရှိပါနဲ့။ ဒီနေ့ ခင်ဗျား သေနေပဲ”
ကာရိုးက ရှေ့သို့ပျံသန်းလာ၏။
“စစ်သူကြီးက ဖြုံလောက်ပါပေတယ်”
လို့လန်သားများက စိတ်ဓာတ်တက်ကြွနေ၏။ သူတို့ စိတ်လှုပ်ရှားလာတော့သည်။
လုကျိုး၏ မျက်ဝန်းနက်များက သူ့ဆီသို့အရှိန်ဖြင့်ရောက်လာသော ကာရိုးကိုကြည့်နေ၏။ သူသည် မိစ္ဆာကိုယ်တော်၏လက်ဝါးစည်းတံဆိပ်ကို ထပ်သုံးလိုက်သည်။
ဖုန်း
ဝံပုလွေဘုရင်က ပျံသန်းလာ၏။ ဝံပုလွေဘုရင်က မြင့်လေလေ ၎င်းခုန်ဆင်းသည့်အဟုန်က ကြီးမားလေဖြစ်သည်။
ဖြစ်နိုင်တာက အဲ့ဒီလူသားကျင့်ကြံသူက ဒါကို မေ့သွားတာများလား။
မိစ္ဆာကိုယ်တော်၏လက်ဝါးစည်းတံဆိပ်သည် ပွင့်ချပ်ခြောက်လွှာကျင့်ကြံသူ၏ စွမ်းအားသာပါဝင်နေသည်ဟုခံစားမိသည်။ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်ပြီးနောက် သူသည် အမြင်အာရုံ၊ အသိအမြင်နှင့် အာရုံခံစားမှုတို့သည် ပိုတိကျလာသည်။
ကာရိုးသည် ဝံပုလွေဘုရင်စိတ်ဝိညာဉ်သဏ္ဌာန်ထဲသို့ ပျံသန်းသွား၏။
လုကျိုးသည် တည်ငြိမ်စွာပြောလိုက်တော့သည်။ “မင်း အထဲဝင်လာမှာကိုစောင့်နေတာ”
“ဟမ်” ကာရိုးသည် သူ၏ဝံပုလွေဘုရင်စိတ်ဝိညာဉ်သဏ္ဌာန်နှင့်ထပ်မံပေါင်းစည်းလိုက်၏။
ယခုအချိန်တွင် လုကျိုးက သူ၏လက်ဝါးဖြင့်ရိုက်ချလိုက်သည်။ ယခင်က မိစ္ဆာကိုယ်တော်၏ လက်ဝါးစည်းတံဆိပ်နှင့်မတူဘဲ ယခုအခေါက်တွင် အပြာရောင်လက်ဝါးစည်းတံဆိပ်တစ်ခု ဖြစ်သည်။
ကောင်းကင်ကျမ်းစာ၏ ထူးခြားအံ့ဖွယ်စွမ်းအား
ကမ္ဘာပေါ်တွင် မွေးဖွားလာသည့်လူတိုင်းသည် အမည်နှင့် မျိုးနွယ်တစ်ခုရှိသည်။ သူတို့သည် စားသောက်ရမည်။ ပျော်ရွှင်မှုနှင့်ဝမ်းနည်းမှုကို ကြုံတွေ့ရမည်။
နတ္ထိမှ ဇာစ်မြစ်ခံကာ ထိုအရာမှ အရာအားလုံး ရောက်ရှိလာ၏။ သံသရာတွင် နေထိုင်သည့်အရာအားလုံးကို သံသရာမှ သင်ယူရသည်။
အတိတ်ဘဝများ၏စွမ်းအားပဲဖြစ်သည်။
သူကလက်ဝါးဖြင့် ရိုက်လိုက်သည်။ သူ၏လက်ဝါးစည်းတံဆိပ်သည် တာအိုမဟာလေကြောင်းရတနာစည်းတံဆိပ် ဖြစ်သည်။ ၎င်းက ရိုးရှင်းပြီး သေသပ်၏။
ဖုန်း
၎င်းသည် ဝံပုလွေဘုရင်စိတ်ဝိညာဉ်သဏ္ဌာန်ကိုထိသွားတော့သည်။ စိတ်ဝိညာဉ်သဏ္ဌာန်နှင့် ကာရိုးသည် လွင့်ထွက်သွား၏။
ဒါကို အဆုံးသတ်လို့ထင်နေလား။ ကာရိုးသည် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် ပြုတ်ကျသွား၏။
လုကျိုးသည် သူ၏လက်ဝါးကို ထပ်မြှောက်လိုက်သည်။ သူက နောက်ထပ် မဟာလေကြောင်း မဟာစည်းတံဆိပ်ကို ရတနာစည်းတံဆိပ်သုံးလိုက်သည်။
စည်းတံဆိပ်ပေါ်လာသည်နှင့် ဖန်းလိုင်ကျွန်းပေါ်တွင် လက်တစ်ဖက်တည်းဖြင့် ကျွန်းကို မြှောက်ထားသည့်မြင်ကွင်းနှင့် ဆင်တူသည့်အရာကပေါ်လာ၏။
လက်ဝါးစည်းတံဆိပ်သည် အရှိန်မြင့်မြင့်ဖြင့်ရောက်လာနေသည်။ ယင်းက ကာရိုးပေါ် ကျရောက်သွားပြီး သူ့ကိုလွင့်ထွက်သွားစေ၏။
ကျန်သည့်သူများက အံ့ဩမှင်တက်ကုန်သည်။
ဘာတွေဖြစ်ကုန်တာလဲ။ ဒီအဖိုးကြီးက တကယ်ပွင့်ချပ်ကိုးလွှာကျင့်ကြံသူလား။ စစ်သူကြီးကာရိုးက ပြန်တိုက်ခိုက်နိုင်စွမ်းမရှိဘူးလား။
ကာရိုးပြုတ်ကျသွားစဉ် လုကျိုးသည် တတိယမြောက်လက်ဝါးရိုက်ချက်ကို ထုတ်သုံးလိုက်သည်။
မဟာလေကြောင်းရတနာစည်းတံဆိပ်
ထိုမြင်ကွင်းသည် လူတစ်ယောက်သည် ဘောလုံးလှုပ်ရှားနေစဉ် ပင်မဘောလုံးကို ရိုက်ချလိုက်တာနှင့်တူ၏။ ၎င်းက မြင့်တက်သွားပြီး ကျလာ၏။
လက်ဝါးရိုက်ချက်သုံးချက် ပြီးနောက် ကာရိုးသည် ခေါင်းမမာတော့ပေ။ သူသည် ဆင်းသက်ရန် နောက်တစ်နေရာကို ရွေးချယ်လိုက်၏။ လို့လန်သားများက ကြောက်လန့်တကြား မော့ကြည့်လာသည်။ စစ်သူကြီးကာရိုးက အောက်ဆင်းဖို့ ဘာကြောင့် စိတ်အားထက်သန်နေရတာလဲ။
လုကျိုးသည် အဖြေကိုသိ၏။ သူက လျင်မြန်စွာလှုပ်ရှားလိုက်သည်။
စတုတ္ထမြောက် လက်ဝါးရိုက်ချက်
“မင်းကို အောက်ဆင်းခွင့်ပေးလို့လား”
ကျန်သည့်သူများက မှင်တက်သွားတော့သည်။
“...”
ဖုန်း
လက်ဝါးရိုက်ချက်က ၎င်း၏ပစ်မှတ်ကိုထိသွားတော့သည်။
ယခုအခေါက်တွင် ကာရိုးက သွေးတစ်ပွက်အန်တော့၏။
…
အခန်း (၆၃၀) ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ၏ လက်ဝါးချက် စွမ်းအား
သွေးက ရို့လီများအား အံ့ဩတုန်လှုပ်သွားစေသည်။ သူတို့၏ စစ်နတ်ဘုရား ရှုံးပွဲမရှိ ရို့လီစစ်သူကြီးက လူအိုကြီးကို ပြန်လည်ရင်ဆိုင်တိုက်ခိုက်နိုင်ခြင်း မရှိပေ။ သူတို့က ရုတ်ခြည်း သဘောပေါက်သွားကြသည်။ တာ့ယန်က သူတို့ကို စိန်ခေါ်ဖို့ လူအယောက်တစ်ရာတည်း စေလွှတ်လိုက်သည့် အကြောင်းအရင်းကို နားလည်သွားကြ၏။
စစ်ပွဲအတွင်း သာမန်စစ်သားများ၏ အရေးပါပုံကို တည့်မတွက်ပေ။ ကမ္ဘာဦးချီ ရှားပါးသည့် ခေတ်ကာလတုန်းက စစ်သားအများစုတွင် သာမန်သေမျိုများထက် ကြံ့ခိုင်သည့် ရုပ်ခန္ဓာရှိထားကြသည်။ လေ့ကျင့်မှုတချို့ဖြင့် သူတို့က ခန္ဓာကိုယ်ကို ပိုအားကောင်းလာစေကြသည်။ တိုက်ပွဲအတွင်း ကျင့်ကြံသူမျာားက ကျင့်ကြံသူများနှင့်သာ ရင်ဆိုင်ကြလေ့ရှိသည်။ သာမန်စစ်သားများက တိုက်ပွဲရလဒ်ကို ဆုံးဖြတ်ပေးကြသူများ ဖြစ်၏။ ထိုအခိုက်အတန့်က တစ်ဖက်သတ်တိုက်ပွဲများကို ထည့်မတွက်ထားပေ။
ယခုအခြေအနေကား ထိုအခိုက်အတန့် မဟုတ်ကြောင်း သေချာနေသည်။ သူတို့က တစ်ဖက်သတ် တိုက်ပွဲနှင့် ကြုံတွေ့နေရသည်။ လူတစ်ရာဖြင့် တာ့ယန်သည် သူတို့အား အလွယ်တကူ ခြေမွပစ်နိုင်သည်။ တစ်ဖက်သတ်တိုက်ပွဲအတွင်း အရေအတွက်က အရေးမပါတော့ပေ။
………….
လုကျိုးက လေးချက်မြောက် လက်ဝါးက ကာရိုးဆီ ကျရောက်လာပြီးနောက် သွေးမိုးများ ရွာသွန်းလာသည်။
ကျင့်ကြံသူများက သူတို့၏ စွမ်းအားကို လှုံ့ဆော်ကာ သွေးမိုးကို ကာရိုးက်ကြသည်။ ကံဆိုးစွာဖြင့် စိတ်နက်နဲမှု ဉာဏ်အလင်းပွင့်နယ်ပယ်အဆင့် မရောက်သေးသည့် ကျင့်ကြံသူများက သွေးမိုးစိုရွဲသွားကြသည်။
လုကျိုးက တိုက်ခိုက်လိုက်စဉ် သူ့အင်အားကို ကောင်းကောင်း ထိန်းချုပ်ထားခဲ့သည်။ သူက ကာရိုးအား လက်ဝါးချက်တစ်ချက်ဖြင့် ဒဏ်ရာရစေပြီး ပြန်လည်မတိုက်ခိုက်နိုင်ဖို့ ကြံရွယ်ထားခဲ့သည်။ သူက ကာရိုးကို ဒဏ်ရာမရစေခင် လက်ဝါးချက် လေးချက် သုံးလိုက်ရ၍ အံ့အားသင့်သွား၏။
ကြည့်ရသည်မှာ ကာရိုးတွင် ဝှက်ဖဲတချို့ ရှိထားဟန်ပေါ်သည်။
ထိုစဉ် ကာရိုးက အတော်လေး တုန်လှုပ်နေသည်။ သူက နာကျင်မှုကို တောင့်ခံရင်း ဝေဟင်ထဲ ပျံသန်းကာ အမိန့်ပေးလိုက်သည် “နောက်ဆုတ်ကြ”
အမိန့်ကို ကြားလိုက်သည့် ဒုစစ်သူကြီးသုံးယောက်က မြင်းများကို ပြန်လှည့်ကာ အော်ပြောလိုက်သည်။
“ နောက်ဆုတ်ဖို့ အသင့်ပြင်ကြ”
ထိုအမိန့်ဖြင့် ရို့လီအယောက် တစ်သောင်းသည် နောက်ပြန်လှည့်သွားကြသည်။
လုကျိုးက ငှက်မွေးလေးအလား ပေါ့ပါးသွက်လက်စွာဖြင့် မြေပေါ်မှ မြင့်တက်လာသည်။
ထိုစဉ် ကာရိုးက အံ့မခန်း တေင်ခံနှုန်းကို ပြသထား၏။ သူက ကတ်တီတစ်ထောင် လေးလံသည့် ကျောက်တုံးအလား ကျဆင်းလာသည်။
ဝုန်း
“စစ်သူကြီး”
ကာရိုးက ဝေဟင်ထဲမှ လုကျိုးအား ကြည့်လိုက်ရင်း အသက်လုရှုလိုက်ရသည်။ ယခု သူက မြေပေါ် ကျရောက်ပြီဖြစ်၍ ပိုမို စိတ်အေးမိသွားသည်။
လုကျိုးက ကာရိုး ဘာလုပ်မလဲ မြင်ချင်မိသည်။ ကာရိုးက လက်ဝါးလေးချက်ကို တောင့်ခံနိုင်ခဲ့သည့်အတွက် သာမန် ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူ မဟုတ်မှန်း သိသာသည်။ ကာရိုး၏ ခေါင်းကြောမာမှုက ယွီကျန့်ဟိုင်နှင့် ယှဉ်နိုင်လေသည်။ ကာရိုးက နယ်စပ်ကို စောင့်ကြပ်ဖို့ ယုံကြည်ချက်ရှိနေသည်မှာ မဆန်းပေ။
ကာရိုးက လုကျိုးအား ကြည့်ကာ နှုတ်ခမ်းမှ သွေးကို သုတ်လိုက်ပြီး ပြောလိုက်သည် “ ခင်ဗျားက တကယ်ကို မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မျှော်နန်းသခင်ကိုး ”
ထိုစကားကို ကြားလိုက်ပြီးနောက် ဒုစစ်သူကြီးသုံးယောက်က မျက်လုံးအပြူးသား ဖြစ်သွားကြသည်။ သူတို့မျက်လုံးက ယခုအခါ နွားမျက်လုံးလောက် ဖြစ်နေ၏။
ကာရိုးက လူအိုကြီးသည် မိစ္ဆာဝေဟင်မျှော်နန်း၏ ကျိထျန်းတောက် ဖြစ်ရမည်ဟု ယုံကြည်သွားသည်။ သူ့အမြင်အရ ပွင့်ချပ်ကိုးလွှာအဆင့်ကသာ သူ့အား ပြန်လည်တိုက်ခိုက်ဖို့ အင်အားမဲ့အောင် လုပ်နိုင်လိမ့်မည်။ သူက စိတ်ငြိမ်စေဖို့ အသက်ပြင်းပြင်းရှုလိုက်သည်။
လုကျိုးက မုတ်ဆိတ်သပ်လိုက်ပြီးနောက် မထူးမခြားနား ပြောလိုက်၏။ “ ငါ ဘယ်သူမှန်း သိနေမှတော့ ဘာလို့ ထွက်မပြေးသေးတာလဲ”
ကာရိုးက နာကျင်မှုကို တောင့်ခံကာ ပြောလိုက်သည် “ဂျိုလီက မညာခဲ့ဘူး။ ကျုပ်က အံ့ဖွယ်မြို့တော် အပြင်ဘက်မှာ ပွင့်ချပ်ရှစ်လွှာအဆင့်တစ်ယောက် လွှတ်ထားတယ်။ အဲဒီလူက ရို့လီမှာ အကြီးကျယ်ဆုံး လုပ်ကြံရေးသမားပဲ။ ခင်ဗျားက အံ့ဖွယ်မြို့တော်ကနေ ထွက်လာပြီဆိုတော့ တော်ဝင်မြို့တော်ကလူတွေတော့ ကပ်ဘေးကြုံရတော့မှာပဲ။ တကယ်တော့ ကျုပ်က ပညာရှင်တွေကို လေးစားခဲ့တာ။ ဘာလို့များထွက်ပြေးရမှာလဲ။ တိုက်ပွဲကွင်းပြင်မှာ ရှိနေတဲ့ အမျိုးသားက သေခြင်းတရားကို ဘယ်တော့မှ မကြောက်ဘူး ”
ကာရိုး၏ လက်က တုန်ခါသွားသည်။ သိပ်မကြာခင် ဝံပုလွေဘုရင် လက်မောင်း ပေါ်ထွက်လာ၏။ ထို့နောက် သူ့အနောက်ဘက်မှ အနီရောင်မျဉ်းများ မြင့်တက်လာသည်။ သူက ခေါ်လိုက်သကဲ့သို့ ထိုအနီရောင်မျဉ်းများက သူ့ခန္ဓာကိုယ်ကို ရစ်ပတ်သွားသည်။
အားလုံးက မြင်လိုက်ရသည့်အရာကြောင့် နားမလည်ဖြစ်နေကြသည်။
သို့သော်လည်း လုကျိုးက ကာရိုး၏ ယုံကြည်ချက် အရင်းအမြစ်ကို ရှာတွေ့သွားသည်။ ထိုအရာက ယခင်ဧကရာဇ်ဟောင်း လျိုကောကို အမှတ်ရသွားစေသည်။ လျိုကောနှင့် မတူဘဲ ထိုအနီရောင်မျဉ်းများက ကာရိုး၏ အပေါ်ယံအရည်ပြား၌သာ ရစ်ပတ်ထားပြီး လျိုကောလိုမျိုး အသားထဲ နစ်ဝင်နေခြင်းမျိုး မဟုတ်ပေ။ ထိုအကြောင်းအရင်းကြောင့် ကာရိုးသည် လျိုကောလောက် ကြောက်စရာမကောင်းပေ။
လုကျိုးက မုတ်ဆိတ်သပ်လိုက်ပြီး ကာရိုးသည် မြန်မြန် ဆင်းသက်လာသည့်အကြောင်းအား နားလည်သွားတော့သည်။
သူက မေးလိုက်၏။ “ဒါကြောင့် မင်းက ယုံကြည်ချက်ရှိနေတာလား ”
ကာရိုးက လုကျိုးက မော့ကြည့်ကာ “ကျိချန်းပေ့ … ကျုပ်က ပွင့်ချပ်ရှစ်လွှာအဆင့်ဆိုပေမဲ့ ပွင့်ချပ်ကိုးလွှာနဲ့ ကျုပ်ကြားက ကွာခြားချက်က မိုးမြေလောက် ကြီးမားမှန်း သိတယ်။ ကျုပ်က ခင်ဗျားအတွက် ထိုက်တန်တဲ့ ပြိုင်ဘက် ဖြစ်မှာ မဟုတ်လောက်ဘူး။ ဒါပေမဲ့ ဒီသင်္ကေတတွေနဲ့ ကျုပ်က ခင်ဗျားနဲ့ ရင်ဆိုင်နိုင်တယ်။ ကျုပ်က တန်ကြေးပြန်ပေးဆပ်ရမယ်ဆိုပေမဲ့ တန်ပါတယ်”
“မင်း အဲဒီသင်္ကေတတွေ ဘယ်ကရလာတာလဲ” လုကျိုးက မေးလိုက်သည်။
“ ကမ္ဘာကြီးမှာ ထူးဆန်းမှုတွေအများကြီး ရှိပါတယ်။ ဒါပေမဲ့ မပြောပြနိုင်ဘူး” ကာရိုးက လက်ကို ဖြန့်လိုက်သည့်အခါ သူ့ခန္ဓာကိုယ်ရှိ အနီရောင်သင်္ကေတများက တောက်ပလာကြသည်။
လုကျိုးအတွက် ခပ်ဖျော့ဖျော့ အနီရောင်အလင်းက ယွီရှန်းရုန်၏ အသက်ရှည်ဓားကို အမှတ်သွားရစေသည်။ သူက ခေါင်းခါကာ ပြောလိုက်၏။ “ မင်းက ပြင်ပအားတစ်ခုတည်းနဲ့ ငါ့ကို အနိုင်ပိုင်းနိုင်မယ် ထင်နေတာလား ”
“စမ်းကြည့်ရင် သိရမှာပေါ့” ကာရိုးက ပြောလိုက်သည် “တကယ်လို့ ကံကောင်းပြီး ကျုပ်နိုင်သွားရင် တာ့ယန်က အပြီးတိုင် ရှုံးနိမ့်ပြီ။ မဟာမိတ်တိုင်းပြည် ၁၂ ခုက တာ့ယန်ကို ခွဲဝေသိမ်းပိုက်ကြလိမ့်မယ်”
လုကျိုးက ပြန်ပြောလိုက်သည်။ “ စောင့်ကြည့်ရတာပေါ့”
ဘန်း
လုကျိုးက ခြေထောက်အောက် ကျောက်ပြားများရှိနေသကဲ့သို့ လေထဲ လမ်းလျှောက်လာသည်။ သူ ရှေ့တိုးလာတိုင်း ကျယ်လောင်သည့် အသံများကို ကြားနေရသည်။
တခြားသူများက အသက်အောင့်ထားလိုက်ပြီး လုကျိုးအား ကြည့်လိုက်ကြ၏။ ဤသည်က တာ့ယန်၏ အားအကောင်းဆုံးလူနှင့် ရို့လီ၏ အားအကောင်းဆုံးလူကြားမှ တိုက်ပွဲ ဖြစ်၏။
အဆုံးအဖြတ် တိုက်ပွဲလည်း ဖြစ်ပေသည်။
လုကျိုးက ကာရိုးအပေါ်ဘက်တွင် ပေါ်ထွက်လာသည်။ သူက လက်ကိုမြောက်ကာ ကမ္ဘာဦးချီကို လှုံ့ဆော်လိုက်သည်။ ရင်းနှီးပြီးသား မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။ သူ့လက်ချောင်းက အပြာဖျော့ဖျော့ လင်းလက်လာပြီး “စွန့်ပစ်ခံ ဉာဏ်ပညာ” ဟူသော စာလုံး ပေါ်ထွက်လာသည်။ ထို့နောက် သူက အသာတွန်းလိုက်သည်။
ကာရိုးက မော့ကြည့်လိုက်ပြီး လက်ကို မြောက်လိုက်သည်။ ထိုစဉ် အနီရောင်သင်္ကေတများက တောက်ပလာ၏။
ဝှစ်
ဝံပုလွေဘုရင် စိတ်ဝိညာဉ်သဏ္ဌာန်ပေါ်ထွက်လာပြီး ကာရိုးနှင့် ပေါင်းစပ်သွားသည်။ သူ့ခြေထောက်ဝန်းကျင်တွင် ပွင့်ချပ်လွှာများက လှည့်ပတ်နေကြ၏။
“ပွင့်ချပ်ရှစ်လွှာနဲ့ တစ်ဝက်လား ” တိုက်ပွဲနှင့် အနီးဆုံးတွင် ရပ်နေသည့် စီးဝူယာ့က အကောင်းဆုံး မြင်ကွင်း ရှိထားသည်။ သူက အံ့အားသင့်သွားမိ၏။ ကာရိုးတွင် ပွင့်ချပ်ရှစ်လွှာနှင့် တစ်ဝက် ရှိနေသည်လား။
ကာရိုးက ခြေဆောင့်ကာ ပျံသန်းလာသည်။ သူ့လက်များက အနီရောင် လင်းနေပြီး လေထဲမှ လက်ဝါးစည်းတံဆိပ်ဆီ ဦးတည်ပျံသန်းလာလေ၏။ သိပ်မကြာခင် သူက လက်သီးဖြင့် ဝေ့ယမ်းလိုက်သည်။
ဝုန်း
စွန့်ပစ်ခံ ဉာဏ်ပညာ၏ စာလုံးများက ပြုတ်ကျသွားပြီး အပြာရောင်လက်ဝါး စည်းတံဆိပ်စွမ်းအားက ကာရိုး၏ လက်သီးချက်ဖြင့် ထိပ်တိုက်တွေ့သွားသည်။
ကာရိုးက ငါးမီတာအထိ ပြုတ်ကျသွား၏။
မိုးမြေပင် တုန်ခါသွားလေသည်။ အသံက မိုးခြိမ်းလုမတတ် ကျယ်လောင်နေ၏။
အပြာရောင်လက်ဝါးစည်းတံဆိပ် တိုက်ခိုက်မှုအောက်တွင် ကာရိုးခန္ဓာကိုယ်ရှိ အနီရောင်သင်္ကေတ စွမ်းအားက အသက်ဝင်လာဟန်ပေါ်သည်။ သူ့လက်က အနက်ရောင်ဟု ထင်ရသည့် အနီမှိုင်းမှိုင်းဖြင့် တောက်ပလာသည်။
လုကျိုးက ထိုအရာကို မြင်သည့်အခါ သူ့ထူးခြားအံ့ဖွယ် စွမ်းအားသည် အနီရောင်သင်္ကေတစွမ်းအားကို အသက်သွင်းပေးနိုင်စွမ်း ရှိတာလားဟု စဉ်းစားမိသွားသည်။
အခြားလူများက ကာရိုးကို စိုက်ကြည့်ရင်း အသက်အောင့်ထားမိလိုက်ကြသည်။ ကာရိုးက ထိုတိုက်ကွက်ကို အောင်အောင်မြင်မြင် တောင့်ခံနိုင်ခဲ့သည်။
“လောင်ချန်းပေ့ ဘယ်လိုထင်လဲ ” ကာရိုး၏ အကြည့်များက စိတ်လှုပ်ရှားမှုအပြည့် ဖြစ်နေသည်။
“ စစ်သူကြီးက ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူဆီကနေ လက်ဝါးချက်ကို တားဆီးခဲ့တာလား ”
“စစ်သူကြီး”
ရို့လီဘက်က စိတ်ဓာတ်တက်ကြွလာကြသည်။
မိစ္ဆာဝေဟင်မျှော်နန်းဘက်မှာမူ ထိုအရာကို မြင်သည့်အခါ အနည်းငယ် အံ့အားသင့်သွားလေ၏။ ယခင်က မျှော်နန်းသခင်သည် လက်ဝါးချက် တစ်ချက်တည်းဖြင့် အဆုံးသတ်ပစ်လေ့ရှိသည်။ ပွင့်ချပ်ကိုးလွှာ၏ လက်ဝါးတစ်ချက်တည်းဖြင့် အမှုန့်ဖြစ်သွားသည်မှာ ပုံမှန်သာ ဖြစ်၏။ သူတို့အနေနှင့် ကာရိုးသည် ထိုလက်ဝါးချက်ကို ပထမဆုံးတောင့်ခံနိုင်သည့်သူ ဖြစ်လာလိမ့်မည်ဟု မထင်ထားမိကြပေ။
ရို့လီသားတွေက ယုံကြည်ချက်ရှိနေတာ မဆန်းတော့ပေ။ အကယ်၍ မျှော်နန်းသခင်က တကယ့်အစစ် ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ကာရိုးက ယုံကြည်ချက်ရှိနေခဲ့သည်။ အနီရောင်သင်္ကေတပါရှိပြီး ပွင့်ချပ်ရှစ်လွှာနှင့် တစ်ဝက်အဆင့် ကျင့်ကြံသူအတွက် သူက ပွင့်ချပ်ကိုးလွှာနှင့် ရင်ဆိုင်နိုင်သည်။ တကယ်တော့ သူက ကျိထျန်းတောက် ဒီမှာရှိနေဖို့ မျှော်လင့်နေခဲ့မိသည်။ သူ့ဆန္ဒပြည့်လာလိမ့်မည်ဟု မည်သူသိမည်နည်း။
လုကျိုးက ကာရိုးအား ငုံ့ကြည့်လိုက်ပြီး ပြောလိုက်သည် “ မင်းက ဘာမှမသိပါဘူး”
သူကက လက်လှန်လိုက်ပြီးနောက် ထပ်မံ ရိုက်ချလိုက်သည်။ အပြာရောင်က ယခင်ကထက် ပိုမိုတောက်ပနေဟန်ပေါ်ကာ သူ့ခြေထောက်အောက်တွင် အပြာရောင်ကြာပွင့် ပေါ်ထွက်လာသည်။ ထိုက်တောင်တန်းနှင့်တူသည့် လက်ဝါးစည်းတံဆိပ်က ထွက်ပေါ်လာ၏
ကာရိုးက တူညီသည့်နည်းလမ်းကို အသုံးပြုလိုက်သည်။ သူ့လက်မောင်းက အပူပေးထားသည့် အနီရောင် သံမဏိလို ဖြစ်နေသည်။ အနီရောင်သင်္ကေတများက ဝင့်ဝင့်စွားစွား တောက်ပနေကြသည်။ သူက ထိုက်တောင်တန်းနှင့် တူသည့် လက်ဝါးချက်ဆီ ပြေးဝင်သွားလိုက်သည်။
လက်ဝါးချက်က ပြုတ်ကျလာပြီး ကာရိုး၏ ပွင့်ချပ်ရှစ်လွှာနှင့်တစ်ဝက်သည် လှည့်ပတ်နေသည်။
ကာရိုးက သူသည် ယခင်ကဲ့သို့ ထိုလက်ဝါးချက်ကို တုံ့ပြန်နိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိနေသည်။
သို့သော် …
ဂျွတ်
သူ့လက်မောင်းအထက် အက်သံတစ်ခု ထွက်ပေါ်လာပြီး ညာဘက်လက် ကျိုးသွားတော့သည်။
လက်ဝါးစည်းတံဆိပ်က ဆက်လက် ကျဆင်းနေဆဲ ဖြစ်၏။
“မဖြစ်ဘူး”
ဝုန်း
ကာရိုး၏ နောက်ဆုံးအော်သံက လည်ချောင်းထဲ ပျောက်ဆုံးသွားသည်။ ထိုအရာက လက်ဝါးချက် မြေပေါ် ကျရောက်လာသံဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။ သူက မြေပေါ် အမှောက်သိပ်ခံလိုက်ရလေရာ တိုက်ပွဲရလဒ်အကြောင်း သံသယဖြစ်စရာ မရှိတော့ပေ။
လက်ဝါးစည်းတံဆိပ် မြေပေါ် ကျရောက်လာသည့်အခါ မြေကြီးနှင့်တောင်တန်းများပင် တုန်ခါသွားလေ၏။
ကောင်းကင်ကနေ ဆင်းသက်လာတဲ့ လက်ဝါးချက်ကို မြင်ပြီးပြီလား … အခု ဘယ်လိုခံစားရလဲ။