← Chapters

အခန်း (၂၄၂၁-၂၄၂၂)

Vol. 183 Ch. 2421-2422

အခန်း (၂၄၂၁-၂၄၂၂)

Vol. 183 Ch. 2421-2422

အဆတစ်ရာစနစ် စာစဥ်(၁၈၃)

အခန်း(၂၄၂၁)

“ဟားဟား လူသားဧကရာဇ်နန်းတော်ရဲ့ လူသားဧကရာဇ်ကလည်း ဒီလောက်ပဲလား”

လက်သီးချက် တစ်ချက်တည်းဖြင့် ကျန်းချန်ကို နောက်သို့ ဆုတ်သွားစေပြီးနောက်တွင် မိုဝူလင်း၏ မျက်ဝန်းထဲတွင် အထင်သေးသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

လူသားဧကရာဇ်နန်းတော်၏ လက်ရှိ လူသားဧကရာဇ်သည် ယခင် သုံးဆက်က လူသားဧကရာဇ်များထက် ပါရမီအလွန်တရာ ထူးချွန်သော်လည်း နတ်ဘုရင် ဆဋ္ဌမအဆင့်သာ ရှိနေသေး၏။

အကယ်၍ သူသာ သတ္တမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားအဆင့်ကို မထိုးဖောက်မီက ဆိုလျှင် လူသားဧကရာဇ်ကို အနိုင်ယူနိုင်ရန် သေချာပေါက် အာမခံနိုင်မည်မဟုတ်ပေ။

“မင်းက စကားသိပ်များတာပဲ”

ကျန်းချန်က အေးစက်စက် မျက်နှာထားဖြင့် ပြောလိုက်သည်။

ထို့နောက်တွင် လက်ဟန်များကို လျင်မြန်စွာ ပြုလုပ်လိုက်ရာ ဆန်းကြယ်သော အနက်ရောင်လေးထောင့်တုံး စည်းတံဆိပ်သည် ဝိညာဥ်ကိုပင် ဖိနှိပ်နိုင်စွမ်းရှိသော ကြောက်မက်ဖွယ်စွမ်းအားများကို သယ်ဆောင်ကာ မိုဝူလင်း ဆီသို့ တိုက်ရိုက်ပင် တိုးဝင်လာခဲ့သည်။

ကျန်းချန်၏ တိုက်ခိုက်မှုကို မြင်လျှင် မိုဝူလင်းသည် အနည်းငယ်မျှပင် မကြောက်ရွံ့ဘဲ သူ၏ လက်သီးဖြင့် အနက်‌ရောင်လေးထောင့်တုံး စည်းတံဆိပ်ကို အပိုင်းပိုင်းဖြစ်အောင် ထိုးနှက်လိုက်၏။

“ကျူးရှန်းစည်းတံဆိပ်.. ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်”

သူ၏ ရှေးဟောင်းဝိညာဥ်ငြိမ်းသတ်ခြင်း စည်းတံဆိပ်က မိုဝူလင်း၏ လက်ထဲတွင် အလွယ်တကူ ဖြိုခွင်းခံလိုက်ရသည်ကိုမြင်သော်လည်း ကျန်းချန်၏ အမူအရာသည် ပြောင်းလဲသွားခြင်း မရှိခဲ့ပေ။

သူက လူသားဧကရာဇ်စည်းတံဆိပ် သုံးခုထဲမှ ကျန်ရှိသော စည်းတံဆိပ်နှစ်ခုကို လျင်မြန်စွာ ထုတ်ဖော်လိုက်ပြီး မိုဝူလင်းကို တိုက်ခိုက်လိုက်သည်။

လူသားဧကရာဇ် စည်းတံဆိပ်သည် လူသားဧကရာဇ်နန်းတော်မှ ကျန်းမိသားစု၏ အထွတ်အထိပ် သိုင်းပညာရပ် ဖြစ်ပြီး ရှေးခေတ်ကာလက ကျန်းမိသားစု၏ အုပ်စိုးသူအဆင့် ဘိုးဘေးများ ဖန်တီးခဲ့ခြင်း ဖြစ်သည်။

ထိုသိုင်းပညာရပ်၏ စွမ်းအားသည် ကျန်းချန် အင်အားတိုးတက်လာမှုနှင့်အတူ အမြဲတစေ ပိုမို အစွမ်းထက်လာခဲ့၏။

လက်ရှိအချိန်တွင် ကျန်းချန်သည် လူသားဧကရာဇ် စည်းတံဆိပ်၏ အထွတ်အထိပ် စွမ်းအားကို ထုတ်ဖော်နိုင်နေပြီဖြစ်သည်။

နတ်ဘုရင်ဆဋ္ဌမအဆင့် ရှိသည့် သူ၏ ကျင့်ကြံခြင်း အဆင့်ဖြင့်သာ ပေါင်းစပ်လိုက်လျှင် လူသားဧကရာဇ်၏ စွမ်းအားသည် သာမန်သော နတ်ဘုရင်အဋ္ဌမအဆင့် ပုဂ္ဂိုလ်များကိုပင် နောက်ဆုတ်သွားစေရန် လုံလောက်၏။

“ကောင်းကင်နတ်ဆိုးလက်သီး တိုက်ကွက်”

မိုဝူလင်း၏ ခန္ဓာကိုယ်ကနေ နတ်ဆိုးစွမ်းအင်များ ပေါက်ကွဲထွက်လာခဲ့ပြီး ကျောဘက်တွင် ကြီးမားသော ကောင်းကင်နတ်ဆိုးပုံရိပ်ယောင် တစ်ခု ချက်ချင်းဆိုသလို ဖြစ်ပေါ်လာခဲ့သည်။

ထိုပုံရိပ်သည် မိုဝူလင်း၏ လက်သီးချက်နှင့်အတူ ရှေ့သို့ ပြေးထွက်သွားခဲ့၏။

“ဝုန်း..”

ကောင်းကင်တစ်ခုလုံး တုန်ခါသွားစေသည့် ကျယ်လောင်သော အသံသည် ဥက္ကာခဲများ တိုက်မိသကဲ့သို့ လေထုထဲတွင် မြည်ဟည်းသွားခဲ့သည်။

စွမ်းအားနှစ်ခု ထိပ်တိုက် တွေ့ဆုံသော နေရာကနေ အဖျက်စွမ်းအင် မုန်တိုင်းတစ်ခု တိုက်ခတ်သွားခဲ့ပြီး လေထုတစ်ခုလုံးကို တစ်ခဏအတွင်း ပရမ်းပတာ ဖြစ်သွားစေခဲ့သည်။

ခဏအကြာတွင် ပုံရိပ်နှစ်ခုသည် တစ်ချိန်တည်းနီးပါး နောက်ပြန် လွင့်စင်လာခဲ့သည်။

မိုဝူလင်းက သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို မနည်း ပြန်လည်ထိန်းချုပ်လိုက်ရသည်။

သူ၏ အမူအရာသည် ချက်ချင်းဆိုသလိုပင် အလွန်တရာ သုန်မှုန်သွားခဲ့သည်။

“လူသားဧကရာဇ်နန်းတော်ရဲ့ လူသားဧကရာဇ် ရှေးဟောင်းစည်းတံဆိပ်က တကယ်ကို နာမည်ကျော်ကြားသလောက်အစွမ်းထက်တာပဲ.. ဒါပေမဲ့ ငါ့ကို အနိုင်ယူဖို့အတွက်က ဒီလောက်လေးနဲ့တော့ မလုံလောက်သေးဘူး”

မိုဝူလင်းက အေးစက်စက် ရေရွတ်လိုက်ပြီးနောက်တွင် သူ၏ ခန္ဓာကိုယ်မှ အနက်ရောင် မိုးကြိုးစွမ်းအားများကို ထုတ်ဖော်လိုက်သည်။

“ဝုန်း..”

မိုဝူလင်း၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး ခန္ဓာကိုယ်အတွင်းရှိ နတ်ဆိုးနတ်ဘုရား စွမ်းအားများကို အစွမ်းကုန်မြှင့်တင်လိုက်ရာ ထိုစွမ်းအားကြောင့် လေထု တစ်ခုလုံးသည် အဆက်မပြတ် တုန်ခါနေခဲ့သည်။

“ကောင်းကင်နတ်ဆိုးမိုးကြိုး လက်သီး”

မိုဝူလင်း၏ ခန္ဓာကိုယ်ပေါ်ရှိ အနက်ရောင် မိုးကြိုးစွမ်းအားများသည် ရုတ်တရက် တောက်ပသွားခဲ့ပြီး အဆုံးသတ်တွင် ညာဘက်လက်သီး ပေါ်၌ လျင်မြန်စွာ စုစည်းသွားခဲ့သည်။

ထို့နောက်တွင်မူ မိုဝူလင်းသည် ကျန်းချန် ထံသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်၏။

ထိုလက်သီးသည် ယခင်လက်သီးထက် ပိုမို ကြောက်မက်ဖွယ်ရာကောင်းပြီး လေထု တစ်ခုလုံးကို လက်သီးဖြင့် ပိတ်ဆို့ထားသကဲ့သို့ ဖြစ်နေခဲ့၏။

လက်သီးအလင်း ဖြတ်သန်းလာသည့် လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံးသည် ပျက်စီးသွားသည်အထိ ချေမှုန်းခံလိုက်ရသည်။

“သိပ်ကို အားကောင်းလိုက်တဲ့ လက်သီးချက်ပါလား.. ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုရဲ့ အသန်မာဆုံး ပါရမီရှင်မှာ နတ်ဘုရင် နဝမအဆင့်ထက် မနိမ့်တဲ့အင်အား ရှိနေတာပဲ”

မိုဝူလင်း၏ ပိုမို ကြောက်မက်ဖွယ်ရာကောင်းလှသော လက်သီးစွမ်းအားကို ကြည့်ကာ ကျန့်ယွမ်ထျန်း၏ အမူအရာသည် ချက်ချင်းဆိုသလိုပင် အလွန်အမင်း လေးနက်သွားခဲ့သည်။

နတ်ဘုရင်အဋ္ဌမအဆင့် အထွတ်အထိပ် ဖြစ်သည့် သူ၏ ခွန်အားဖြင့်ပင် မိုဝူလင်း၏ လက်သီးချက်ကို အလွယ်တကူ ခုခံနိုင်ရန် မသေချာပေ။

ထိုအခိုက်အတန့်တွင် ကျန်းဝူရနှင့် အခြားသူများ၏ မျက်နှာထက်တွင် စိုးရိမ်သည့် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ အသန်မာဆုံး လူငယ်ပါရမီရှင်သည် အလွန်အမင်း ကြောက်မက်ဖွယ်ရာ‌ကောင်း၍ ကျန်းချန်ကို အမြဲတစေ ယုံကြည်မှုရှိခဲ့သော ကျန်းဝူရ ပင်လျှင် စိုးရိမ်ပူပန်မှုကို မခံစားဘဲ မနေနိုင်ခဲ့ပေ။

ကျန်းချန်၏ လက်ရှိအင်အားဖြင့် နတ်ဘုရင် နဝမအဆင့်နှင့် ယှဥ်နိုင်သော ထိုကဲ့သို့ အစွမ်းထက် ပုဂ္ဂိုလ်ကို အမှန်တကယ် ရင်ဆိုင်နိုင်ပါမည်လော။

“မစိုးရိမ်ပါနဲ့.. မိတ်ဆွေလေးကျန်းချန် အဆင်ပြေသွားမှာပါ”

ထိုအခိုက်အတန့်တွင် ကျန်းဝူရနှင့် အခြားသူများသည် တည်ငြိမ်စွာ ရေရွတ်လိုက်သော အသံတစ်သံကို ရုတ်တရက်ကြားလိုက်ရသည်။

လူတိုင်းက အသံလာရာဆီသို့ ကြည့်လိုက်ရာ ထိုစကားကို ပြောလိုက်သူမှာ ကျန်းချန်နှင့်အတူ လိုက်ပါလာသည့် သန်မာထွားကျိုင်းသည့် လူလတ်ပိုင်းအရွယ် အမျိုးသား ဖြစ်ကြောင်း‌ တွေ့ရှိခဲ့ရသည်။

ထိုသန်မာထွားကျိုင်းသော လူလတ်ပိုင်းအရွယ် အမျိုးသား၏ ခန္ဓာကိုယ်ကနေ ခန့်ညားပြီး အလွန်တရာ နက်ရှိုင်းသော အရှိန်အဝါ တစ်ခုကို ထုတ်လွှတ်နေပြီး ပထမဆုံးအကြိမ် မြင်ရုံဖြင့်ပင် သာမန်လူ မဟုတ်မှန်း သိသာနေခဲ့သည်။

ကျန်းဝူရက လက်သီးကို ဆုပ်၍ ဂါဝရပြုကာ မေးလိုက်သည်။

“လူကြီးမင်းက ဘယ်သူလဲဆိုတာ သိလို့ရမလား”

ဝူကျန့်ထျန်းက ခပ်ယဲ့ယဲ့ပြုံးကာ ပြန်ဖြေလိုက်သည်။

“ကျုပ်က ဝူမိသားစုက ဝူကျန့်ထျန်းပါ”

ဝူကျန့်ထျန်း၏ စကားကိုကြားလျှင် ကျန်းဝူရနှင့်နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများ၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

သူတို့ရှေ့မှလူသည် ဝူမိသားစုမှ အဖွဲ့ဝင်တစ်ဦး ဖြစ်နေပါသလော။

ဝူမိသားစုသည် နတ်ဘုရားနယ်မြေမှ လူများနှင့် သဘာဝကျစွာပင် မစိမ်းပေ။

ဆိုရလျှင် ဝူမိသားစုသည် နတ်ဘုရားနယ်မြေ၏ ရှေးခေတ်ကာလတွင် နာမည် အလွန်အမင်း ကျော်ကြားသော ထိပ်တန်းမိသားစု တစ်စု ဖြစ်ပြီး လူသားအင်အားစု တစ်စုလည်း ဖြစ်သည်။

နတ်ဘုရားနယ်မြေတွင် ဝူမိသားစု၏ အမွေအနှစ်သမိုင်းကြောင်းသည် အလွန်တရာ ရှည်လျားပြီး လူသားဧကရာဇ်နန်းတော် မပေါ်မီကပင် တည်ရှိခဲ့ခြင်း ဖြစ်၏။

လူသားဧကရာဇ်နန်းတော် မပေါ်ခင်က ဝူမိသားစုသည် နတ်ဘုရားနယ်မြေမှ လူသားမျိုးနွယ်စု၏ နံပါတ်တစ် အင်အားစုအဖြစ် သတ်မှတ်ခံခဲ့ရပြီး ၎င်းတို့၏ အင်အားသည် အလွန်ပင် နက်ရှိုင်းသည်။

ရှေးခေတ်ကာလက ကပ်ဘေးကြီး အပြီးတွင် နတ်ဘုရားနယ်မြေ ပြိုလဲပြီးနောက် ထိုကပ်ဘေးအတွင်း ဝူမိသားစုသည် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

ကျန်းချန် ခေါ်ဆောင်လာသည့် လျှို့ဝှက်ဆန်းကြယ်သော လူလတ်ပိုင်းအရွယ် အမျိုးသားသည် ဝူမိသားစုမှ အဖွဲ့ဝင်တစ်ဦး ဖြစ်နေလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။

“ဝုန်း..”

လူတိုင်းက ဝူကျန့်ထျန်း မည်သူမည်ဝါ ဖြစ်ကြောင်း သိလိုက်ရ၍ အံ့ဩ တုန်လှုပ်နေစဥ်မှာပင် လေထုထဲတွင် ကျန်းချန်သည် ရုတ်တရက် လှုပ်ရှားလိုက်သည်။

သူက နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားကို ထုတ်ဖော်ကာ သူ၏ လက်ထဲရှိ ရှေးဟောင်းရွှေရောင်ဓားနှင့် ပေါင်းစပ်လိုက်ပြီး မိုဝူလင်း၏ တိုက်ကွက်ကို ရင်ဆိုင်လိုက်သည်။

ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားနှစ်ခု ထိပ်တိုက်ဆုံတွေ့မှုကြောင့် လေထုထဲတွင် ကြီးမားသော အနက်ရောင် တွင်းနက်ကြီး တစ်ခုပင် ဖြစ်ပေါ်လာခဲ့၏။

တိုက်ပွဲစက်ကွင်း မလွတ်သည့် နေရာများသည် ထိုနှစ်ဦး၏ လက်ချက်ဖြင့် ထိခိုက် ပျက်စီးသွားခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် ပုံရိပ်နှစ်ခုသည် နောက်ပြန် လွင့်စင်လာခဲ့ကြ၏။

မိုဝူလင်းသည် လေထုထဲတွင် ပေပေါင်းသောင်းချီ နောက်သို့လွင့်စင်ပြီးမှ သူ၏ ခန္ဓာကိုယ် ဟန်ချက်ကို ထိန်းချုပ်နိုင်ခဲ့သည်။

ဤအခိုက်အတန့်တွင် သူ၏ ရှေ့တည့်တည့်မှ ကျန်းချန်ကို ကြည့်ကာ သူ၏ မျက်ဝန်းထဲ၌ လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

သူ့ရှေ့တွင် ရှိနေသော လူသားဧကရာဇ် နန်းတော်၏ လူသားဧကရာဇ်သည် အမှန်တကယ်ပင် ဆန်းကြယ်လှ၏။

ဤ လူသားဧကရာဇ်၏ ကျင့်ကြံခြင်း အဆင့်သည် နတ်ဘုရင် ဆဋ္ဌမအဆင့်၌ ရှိသေးသော်လည်း တိုက်ခိုက်ရေးစွမ်းအားကမူ သူကဲ့သို့ သတ္တမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားထက် အနည်းငယ်မျှပင် မနိမ့်ကျပေ။

တစ်နည်းအားဖြင့် ဆိုရလျှင် လူသားဧကရာဇ်၏ ပါရမီသည် သူ့ထက်ပင် သာလွန်နေခဲ့၏။

ကျန်းချန်က မိုဝူလင်း၏ ဖျက်စီးအားပြင်းသော လက်သီးချက်ကို တားဆီးနိုင်ခဲ့သည်အား မြင်လျှင် ကျန်းဝူရ အပါအဝင် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများသည် သက်ပြင်းချလိုက်ကြသည်။

ကံကောင်းစွာဖြင့် ကျန်းချန်သည် မိုဝူလင်းကို ယှဥ်ပြိုင်နိုင်သော အင်အားရှိနေခဲ့၏။

သို့မဟုတ်လျှင် ယနေ့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုမှ ပါရမီရှင်နှင့် ယှဥ်ပြိုင်ပွဲတွင် သူတို့ နတ်ဘုရားနယ်မြေသည် အမှန်တကယ် ရှုံးနိမ့်သွားပေလိမ့်မည် မဟုတ်ပါလော။

ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ အကြီးအကဲ မိုချန်းယွိသည် ဤအခိုက်အတန့်တွင် မျက်မှောင် အနည်းငယ်ကြုတ်သွားခဲ့သည်။

နတ်ကုန်းမြေတိုက်တွင် မိုဝူလင်းထက်ပင် မနိမ့်ကျသည့် လူငယ်ပါရမီရှင် တစ်ဦး ရှိနေလိမ့်မည်ဟု သူလုံးဝ ထင်မှတ်မထားခဲ့ပေ။

ယခုအခါတွင် ကိစ္စရပ်များသည် အနည်းငယ် ရှုပ်ထွေးသွားခဲ့ပြီ ဖြစ်သည်။

ပတ်ဝန်းကျင်ရှိ လူအားလုံးထဲတွင် ဝူကျန့်ထျန်း တစ်ဦးတည်းသာလျှင် အလွန်တရာ တည်ငြိမ်နေခဲ့သည်။

သူက မြောက်ပိုင်းနယ်မြေတွင် ရှိစဥ် ကျန်းချန်၏ ကြောက်မက်ဖွယ် တိုက်ခိုက်ရေးစွမ်းအားကို ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။

ကျန်းချန်သည် နတ်ဘုရင်နဝမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသည့် သူ့ကို မယှဥ်နိုင်သော်လည်း သာမန်နတ်ဘုရင်နဝမအဆင့်ထက် လုံးဝမနိမ့်ကျ‌ပေ။

ဆိုရလျှင် ဆန့်ကျင်ဘက်မှ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ ပါရမီရှင်သည် အလွန်တရာ သန်မာသော်လည်း ကျန်းချန်ကို မမီသေးပေ။

အခန်း(၂၄၂၁)ပြီး၏။

အခန်း(၂၄၂၂)

“ကောင်လေး ငါမင်းကို အစောပိုင်းက အထင်သေးမိခဲ့တယ်ဆိုတာ ငါဝန်ခံတယ်”

မိုဝူလင်းက ကောင်းကင်ယံတွင် ဝင့်ကြွားစွာ ရပ်နေရင်း ပြောလိုက်သည်။

သူ၏ စကားသံက ရေခဲကဲ့သို့ အေးစက်နေခဲ့သည်။

“မင်းဘယ်လောက်ပဲ ထူးချွန်ပါစေ.. ဒီနေ့တော့ မင်း ငါ့လက်ထဲမှာ သေချာပေါက် သေရလိမ့်မယ်”

လူသားဧကရာဇ်နန်းတော်၏ မျိုးဆက် အသီးသီးမှ လူသားဧကရာဇ်တိုင်းသည် တုန်လှုပ်ချောက်ချားဖွယ် ကောင်းလောက်သည်အထိ အစွမ်းထက်ကြပြီး သူတို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အဆုံးမဲ့ ကပ်ဘေးများ ဆောင်ကြဥ်းပေးခဲ့ကြသည်။

လက်ရှိ လူသားဧကရာဇ်သည် နတ်ဘုရင်ဆဋ္ဌမအဆင့်သာ ရှိသေးသော်လည်း နတ်ဘုရင် နဝမအဆင့်နှင့် ယှဥ်နိုင်သော တိုက်ခိုက်ရေးစွမ်းရည်ကိုပင် ပိုင်ဆိုင်ထားခဲ့ပြီ ဖြစ်သည်။

အကယ်၍သာ လူသားဧကရာဇ်ကို နတ်ဘုရင်နဝမအဆင့်အထိ ကြီးထွားခွင့်ပေးလိုက်မည် ဆိုလျှင် နောက်ထပ် အနှိုင်းမဲ့ နတ်ဘုရင်တစ်ပါး ထွက်ပေါ်လာပေတော့မည်။

ထို့ကြောင့် မည်မျှပင် အဖိုးအခပေးဆပ်ရပါစေ၊ သူက ယနေ့တွင် လူသားဧကရာဇ်ကို သတ်ပစ်ရန် ဆုံးဖြတ်ထားခဲ့ပြီဖြစ်သည်။

မိုဝူလင်းက အေးစက်စက် ကြုံးဝါးပြီးသည်နှင့် သူ၏ ခန္ဓာကိုယ်အတွင်းမှ နတ်ဆိုးနတ်ဘုရား စွမ်းအားများကို နောက်တစ်ကြိမ် ထပ်မံ ထုတ်ဖော်လိုက်၏။

ထိုအခိုက်အတန့်တွင် ကောင်းကင်နှင့်မြေကြီးကြားရှိ အရာအားလုံးသည် ရပ်တန့်သွားသကဲ့သို့ ဖြစ်နေခဲ့ပြီး လေထုထဲရှိ တိမ်တိုက်များပင် ရွေ့လျားမှု ရပ်တန့်သွားခဲ့ကာ ကောင်းကင်နှင့်မြေကြီးကို ဖျက်ဆီးနိုင်လောက်သည့် အရှိန်အဝါ တစ်ခုသည် မိုဝူလင်းကို ဗဟိုပြု၍ ပျံ့နှံ့သွားခဲ့သည်။

မိုဝူလင်း၏ အရှိန်အဝါသည် လောကတစ်ခွင်ရှိ သတ္တဝါအားလုံး၏ မသိစိတ်ကို သက်ရောက်မှု ရှိစေခဲ့ပုံရ၏။

လူတိုင်း၏ စိတ်ထဲတွင် အားငယ်ခြင်းနှင့်စိုးရိမ်ပူပန်ခြင်း စသည့် အနှုတ်လက္ခာဏာ ခံစားချက်များ ခပ်ရေးရေး ဖြစ်ပေါ်လာခဲ့ကြသည်။

“ဒါက ဘယ်လို လက်သီးချက်မျိုးလဲဟ”

ကျန်းဝူရနှင့် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများပင် မိုဝူလင်း၏ လက်သီး အရှိန်အဝါကို ခံစားမိလျှင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့ကြသည်။

မိုဝူလင်း၏ ဤလက်သီးချက်ကို သူတို့ထဲမှ မည်သူမဆို တားဆီးနိုင်ရန်မှာ မသေချာပေ။

မိုဝူလင်း၏ လက်သီးချက်ကို မြင်လျှင် ကျန်းချန်၏ မျက်နှာအမူအရာသည် အနည်းငယ် ပို၍ လေးနက်သွားခဲ့သည်။

မိုဝူလင်း၏ လက်သီးချက်သည် နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူ၏ အစွမ်းကုန် ထိုးနှက်ချက်ထက် မနိမ့်ကျပေ။

သူ၏ လက်ရှိအင်အားဖြင့်ပင် ထိုလက်သီးမှ အန္တရာယ်အ‌ငွေ့အသက်ကို ခံစားနေရ၏။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများကို လှုံ့ဆော်လိုက်သည်။

“အပြာရောင်ဧကရာဇ်ဓားကွက်”

လောကကြီးကိုပင် ဖျက်ဆီးနိုင်လောက်သည့် မိုဝူလင်း၏ လက်သီးချက်နှင့် ရင်ဆိုင်ရချိန်တွင် ကျန်းချန်သည် အနည်းငယ်မျှပင် ထိမ်ချန်ထားခြင်း မရှိဘဲ အပြာရောင်ဧကရာဇ်သက်ရှည်ကျင့်စဥ်၏ နောက်ဆုံးဓားကွက် ဖြစ်သော အပြာရောင်ဧကရာဇ် ဓားကွက်ကို သူ၏ ခွန်အားရှိသမျှဖြင့် အသုံးပြုလိုက်သည်။

“ဝုန်း..”

အလင်းတံခါးက ပွင့်သွားခဲ့ပြီး ပြိုင်ဘက်ကင်းဓားသမား တစ်ဦးကဲ့သို့ ဝင့်ကြွားသော ဟန်အမူအရာရှိသည့် အပြာရောင်ပုံရိပ်တစ်ခုသည် အလင်းတံခါးကနေ လှမ်းထွက်လာခဲ့သည်။

ထိုအပြာရောင်ပုံရိပ်သည် ကျန်းချန် ယခင်က အသုံးပြုခဲ့သော အပြာရောင်ဧကရာဇ် ဓားကွက်ထက် အဆပေါင်းများစွာ ပိုမိုသန်မာနေခဲ့၏။

အပြာရောင်ပုံရိပ်က ဖျက်ဆီးခြင်း အရှိန်အဝါများ ခန္ဓာကိုယ်တွင် ပြည့်နှက်နေသော မိုဝူလင်းကို အေးစက်စက် ငုံ့ကြည့်လိုက်သည်။

သူ၏ မောက်မာသော စကားသံသည် လေထုထဲတွင် ကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။

“ကောင်းကင်နတ်ဆိုးရဲ့ သွေးမျိုးဆက် အစအနလေးပဲရှိတဲ့ ပုရွက်ဆိတ် တစ်ကောင်ကများ ငါဧကရာဇ်ရဲ့လူကို တိုက်ခိုက်ရဲတယ်လား.. သွားသေလိုက်တော့”

အပြာရောင်ပုံရိပ်က ရုတ်တရက် စကားပြောလာသည်ကို ကြားလျှင် အပြာရောင်ဧကရာဇ် ဓားကွက်ကို အကြိမ်ပေါင်းများစွာ အသုံးပြုခဲ့ဖူးသည့် ကျန်းချန်သည်လည်း ထိုအခိုက်အတန့်တွင် မကြုံစဖူး အံ့ဩတုန်လှုပ်သွားခဲ့၏။

သူ၏ ခန့်မှန်းချက်သာ မမှားလျှင် တတိယဓားကွက် ဖြစ်သည့် အပြာရောင်ဧကရာဇ် ဓားကွက်ကနေ ဆင့်ခေါ်လိုက်သည့် အပြာရောင်ပုံရိပ်သည် သူ့ကို အပြာရောင်ဧကရာဇ် သက်ရှည်ကျင့်စဥ် သင်ကြားပေးခဲ့သော ဓားအင်မော်တယ်ဧကရာဇ်ရှချင်း ဖြစ်နိုင်လောက်သည်။

သို့သော်လည်း ကျန်းချန်သည် အပြာရောင်ဧကရာဇ် ဓားကွက်ကို အသုံးပြုပြီး သူဆင့်ခေါ်လိုက်သည့် အပြာရောင်ပုံရိပ်က အသိစိတ်ရှိနေသည့် တည်ရှိမှုတစ်ခု ဖြစ်နေလိမ့်မည်ဟု လုံးဝထင်မထားခဲ့ပေ။

ယခင်က သူ၏ ကျင့်ကြံခြင်းအဆင့် မလုံလောက်၍ အပြာရောင်ဧကရာဇ် ဓားကွက်ဖြင့် ဆင့်ခေါ်လိုက်သော အပြာရောင်ပုံရိပ်သည် ပုံကြမ်းအဆင့်သာ ရှိခဲ့သည်မှာ ထင်ရှားနေခဲ့၏။

ယနေ့တွင် သူက အင်အားအပြည့်ဖြင့် ထိုဓားကွက်ကို အသုံးပြုလိုက်ရာ အဆုံးသတ်တွင် အပြာရောင်ပုံရိပ်သည် ပထမဆုံးအကြိမ်အဖြစ် အသိစိတ်ရှိလာခဲ့ခြင်းပင်။

ကျန်းချန် ထိတ်လန့်နေစဥ်မှာပင် လေထုထဲရှိ အပြာရောင်ပုံရိပ်ရှိ လက်ထဲရှိ ဓားရှည်ကို ဝှေ့ယမ်းလိုက်ပြီး မိုဝူလင်းကို ပေါ့ပေါ့ပါးပါးပင် ခုတ်ပိုင်းချလိုက်သည်။

ဓားအလင်း ထွက်ပေါ်လာသည်နှင့်အမျှ ကမ္ဘာကြီးသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

မိုဝူလင်းသည် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ကြောက်မက်ဖွယ်ရာကောင်းသည့် ဓားအရှိန်အဝါတစ်ခု၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရသည်ဟု ခံစားလိုက်ရပြီး သေခြင်းတရား၏ အရိပ်အ‌ငွေ့က သူ၏ စိတ်နှလုံးကို ချက်ချင်းဆိုသလို ဖုံးလွှမ်းသွားခဲ့သည်။

ဤအခိုက်အတန့်တွင် မိုဝူလင်းအတွက် စဥ်းစားနေရန် အချိန်မရှိတော့ပေ။

သူက စိတ်နှလုံးထဲမှ ထိတ်လန့်မှုကို ဖိနှိပ်လိုက်ပြီး သူ၏ ခွန်အားရှိသမျှကို အသုံးပြုကာ ဓားအလင်းကို လက်သီးချက်ဖြင့် ထိုးနှက်လိုက်သည်။

မိုဝူလင်း၏ လက်သီးချက် ထွက်ပေါ်လာသည်နှင့်အမျှ လေထုသည် ထိုအခိုက်အတန့်တွင် လုံးဝ အေးခဲသွားသကဲ့သို့ ဖြစ်နေခဲ့ပြီး လေထုထဲကနေ အဖျက်စွမ်းအား တစ်ခုသည် ကြောက်မက်ဖွယ်မုန်တိုင်း တစ်ခုနှယ် ထွက်ပေါ်လာခဲ့သည်။

ထိုမုန်တိုင်းသည် အလွန်အမင်း ထိတ်လန့်ဖွယ်ရာကောင်းပြီး သေခြင်းတရား၏အရှိန်အဝါများဖြင့် ပြည့်နှက်နေခဲ့ကာ ၎င်းဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ဘာမှမကျန်ရှိတော့သည်အထိ ချေမှုန်းပစ်ခဲ့သည်။

“တကယ့်ကို ကြောက်စရာကောင်းတဲ့ ထိပ်တိုက် ရင်ဆိုင်မှုပါလား”

လေထုထဲရှိ တိုက်ပွဲကိုကြည့်ရင်း နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများဖြစ်စေ၊ ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စုမှ ဟင်းလင်းပြင် နတ်ဆိုးများ ဖြစ်စေ၊ အားလုံး၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ထိုနှစ်ဦး ထိပ်တိုက်ရင်ဆိုင်မှုကြောင့် ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ် မြင်ကွင်းသည် နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူ နှစ်ဦး၏ ထိပ်တိုက်ရင်ဆိုင်မှုထက် အနည်းငယ်မျှ မနိမ့်ကျပေ။

မရေမတွက်နိုင်သော အံ့ဩတုန်လှုပ်သည့် အကြည့်များအောက်မှာပင် မိုဝူလင်း၏ ကမ္ဘာကြီးကိုပင် ဖျက်ဆီးနိုင်လောက်သော လက်သီးချက်သည် အဆုံးသတ်တွင် ဓားအလင်းနှင့် ထိပ်တိုက် တွေ့ဆုံသွားခဲ့သည်။

“ဝုန်း..”

ဥက္ကာခဲများ အချင်းချင်း တိုက်မိသကဲ့သို့ပင် ကျယ်လောင်သော ပေါက်ကွဲသံသည် ချက်ချင်းဆိုသလို ထွက်ပေါ်လာခဲ့သည်။

လေထုထဲရှိ မိုင်ပေါင်းထောင်ချီ ဧရိယာသည် ထိုအခိုက်အတန့်တွင် အဆက်မပြတ် ပြိုလဲနေခဲ့၏။

ဖျက်ဆီးခြင်း အရှိန်အဝါများ ပြည့်နှက်နေသော စွမ်းအင်လှိုင်းဂယက်များသည် လေထုထဲတွင် အဆက်မပြတ် ပျံ့နှံ့နေခဲ့သည်။

ထိုအခိုက်အတန့်တွင် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများဖြစ်စေ၊ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုမှ ကျင့်ကြံသူများဖြစ်စေ၊ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့လာသော စွမ်းအင်မုန်တိုင်းများကြောင့် နောက်သို့ ပေပေါင်းများစွာ ဆုတ်လိုက်ရ၏။

လူတိုင်းက ပရမ်းပတာဖြစ်နေသော လေထု ဆီသို့ တအံ့တဩစိုက်ကြည့်နေခဲ့ကြသည်။

လူငယ်နှစ်ဦး၏ ထိပ်တိုက်ရင်ဆိုင်မှုသည် ဤမျှလောက်အထိ ကြောက်မက်ဖွယ်ရာ ကောင်းသော စွမ်းအားကို ဖြစ်ပေါ်စေလိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ကြပေ။

မရေမတွက်နိုင်သည့် အံ့ဩ တုန်လှုပ်နေသော အကြည့်များအောက်မှာပင် ပရမ်းပတာ ဖြစ်နေသော လေထုထဲကနေ ပုံရိပ်တစ်ခုကနေ လွင့်စင်လာခဲ့သည်။

ထိုလွင့်စင်လာသော ပုံရိပ်မှာ အခြားသူ မဟုတ်ဘဲ ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စုမှ မိုဝူလင်း ဖြစ်နေသည်ကို လူတိုင်းသည် ထိတ်လန့်တကြား တွေ့ရှိလိုက်ရသည်။

“မိုဝူလင်း ရှုံးနိမ့်သွားပြီလား”

သူတို့ရှေ့မှ မြင်ကွင်းကိုမြင်လျှင် ကျန်းဝူရနှင့် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများ၏ မျက်နှာထက်တွင် အလွန်အမင်း ဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

သို့သော်လည်း ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုမှ မိုချန်ယွိနှင့် အခြားသူများကမူ အလွန်အမင်း သုန်မှုန်နေခဲ့သည်။

မိုဝူလင်းသည် သူတို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ သတ္တမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား အဆင့်သို့ ရောက်ရှိနေသည့် အနှိုင်းမဲ့ပါရမီရှင် ဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းရည်သည် နတ်ဘုရားနယ်မြေ၏ နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူများနှင့် ယှဥ်နိုင်၏။

ထို့ကြောင့် နတ်ကုန်းမြေတိုက်မှ ပါရမီရှင် အားလုံးကို အနိုင်ယူနိုင်သည်ဟု သူတို့ တွက်ဆထားခဲ့သည်။

ထိုအချက်ကြောင့်ပင် သူတို့သည် မိုဝူလင်းကို အားကိုးကာ နတ်ဘုရားနယ်မြေမှ လူငယ် ပါရမီရှင်များနှင့် ယှဥ်ပြိုင်စေပြီး စစ်ပွဲ၏ အရှုံး၊အနိုင်ကို ဆုံးဖြတ်ရန် ရည်ရွယ်ခဲ့ကြသည်။

သို့ရာတွင် မထင်မှတ်ဘဲ နတ်ကုန်းမြေတိုက်တွင် ဤမျှအထိ အနှိုင်းမဲ့ ပါရမီရှိသော ပါရမီရှင်တစ်ဦး ရုတ်တရက် ပေါ်လာလိမ့်မည်ဟု မည်သူမှ မထင်ထားခဲ့ကြပေ။

သူတို့အားကိုးခဲ့သည့် သတ္တမအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား အဆင့်သို့ ရောက်ရှိနေသည့် မိုဝူလင်း ပင်လျှင် ထိုပါရမီရှင်၏ လက်ထဲတွင် ရှုံးနိမ့်သွားခဲ့ရ၏။

ကျန်းချန်က လေထုထဲတွင် ဝင့်ကြွားစွာ ရပ်နေပြီး ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု ဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။

“ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု.. သဘောတူညီချက်အရဆိုရင် မင်းတို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက ရှုံးနိမ့်သွားခဲ့ပြီ.. ဒါကြောင့် နတ်ကုန်းမြေတိုက်ကနေ အခုချက်ချင်း ထွက်သွားပေးပါ”

အခန်း(၂၄၂၂)ပြီး၏။

All Chapters