← Chapters

အခန်း (၂၄၂၃-၂၄၂၄)

Vol. 183 Ch. 2423-2424

အခန်း (၂၄၂၃-၂၄၂၄)

Vol. 183 Ch. 2423-2424

အခန်း(၂၄၂၃)

“မဟုတ်ဘူး...ငါမရှုံးသေးဘူး”

မိုဝူလင်းက အရှုံးကို လက်မခံသေးဟန်ဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

သူက လက်ခုံဖြင့် ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်ပြီးနောက်တွင် သူ၏ခန္ဓာကိုယ်မှ အတွင်းဒဏ်ရာကိုပင် ဂရုမစိုက်ဘဲ နောက်ထပ် လက်သီးချက် တစ်ချက်ကို ထုတ်ဖော်ကာ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။

“မင်းက ဒီလောက်တောင် သေချင်နေမှတော့ ငါဖြည့်ဆည်းပေးရသေးတာပေါ့”

ကျန်းချန်၏ မျက်ဝန်းများက အေးစက်သွားခဲ့ပြီး အလင်းတန်းတစ်ခုပင် လင်းလက်သွားခဲ့သည်။

ထို့နောက်တွင် ကျန်းချန်သည် နတ်ခန္ဓာပုံရိပ် ဖြစ်သည့် လူသားဧကရာဇ်ဓားကို ထုတ်ဖော်လိုက်ပြီး ရှေးဟောင်းရွှေရောင်ဓားနှင့် ပေါင်းစပ်ကာ မိုဝူလင်းကို တိုက်ခိုက်လိုက်သည်။

အစောပိုင်းက ကျန်းချန်၏ ဓားချက်ကြောင့် ဒဏ်ရာအပြင်းအထန် ရရှိထားသော မိုဝူလင်းသည် ဤအခိုက်အတန့်တွင် ကျန်းချန်၏ ဓားချက်ကို မခုခံနိုင်တော့ပေ။

“ဖူး..”

သူ၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရကာ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ကြိုးပြတ်သွားသော စွန်တစ်‌ကောင်နှယ် နောက်သို့လွင့်စင်သွားခဲ့သည်။

ဤအခိုက်အတန့်တွင် ကျန်းချန်၏ မျက်နှာထားသည် အေးစက်နေခဲ့သည်။

သူက မိုဝူလင်းကို အနည်းငယ်မျှပင် အသက်ရှူခွင့်ပေးရန် ရည်ရွယ်ချက်မရှိဘဲ ရှေးဟောင်းရွှေရောင်ဓားကို ဝှေ့ယမ်းကာ မိုဝူလင်းကို သတ်ဖြတ်ရန် ပြေးဝင်သွားခဲ့သည်။

မိုဝူလင်း၏ ပါရမီနှင့်ခွန်အားသည် အလွန်တရာပင် ဆန်းကြယ်ပြီး မိုဝူလင်းသည် သူတို့ နတ်ကုန်းမြေတိုက် အတွက် ကြီးမားသော ခြိမ်းခြောက်မှုကြီး တစ်ခု ဆိုလည်းမမှားပေ။

မိုဝူလင်းက သေတွင်းထဲကို တိုးဝင်လာပြီဖြစ်ရာ သူ့အနေဖြင့် အမှိုက်ဇာတ်သိမ်းပေးရန်သာ ရှိတော့သည် မဟုတ်ပါလား။

သူ့ဆီသို့ သတ်ဖြတ်ရန် ပြေးဝင်လာသော ကျန်းချန်ကို မြင်လျှင် မိုဝူလင်း၏ မျက်နှာထက်၌ ရူးသွပ်သော အမူအရာတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလို သူက လက်ဖဝါးကို လှုပ်ရှားလိုက်ရာ ‌ရွှေရောင်အရည်တစ်စက် ပါရှိသည့် ကျောက်စိမ်းပုလင်းတစ်လုံးသည် သူ၏ လက်ဖဝါးထဲတွင် ထွက်ပေါ်လာခဲ့သည်။

သူက ကျောက်စိမ်းပုလင်းကို အလျင်အမြန် ဖွင့်လိုက်ပြီး ပုလင်းထဲမှ ရွှေရောင်သွေးစက်ကို တုံ့ဆိုင်းမနေဘဲ မျိုချလိုက်သည်။

“ဝုန်း.”

ထိုရွှေရောင်သွေးစက်ကို မိုဝူလင်းမျိုချလိုက်သည့် အခိုက်အတန့်မှာပင် မိုဝူလင်း၏ ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါသည် သိသိသာသာပင် မြင့်တက်လာခဲ့ပြီး သူ၏ အထွတ်အထိပ် အခြေအနေကထက်ပင် ပိုမို သန်မာလာခဲ့သည်။

ခုနက သွေးမရှိသကဲ့သို့ ဖြူဖျော့နေသော သူ၏ အရေပြားသည် ချက်ချင်းဆိုသလိုပင် သွေးရောင်လွှမ်းသွားခဲ့၏။

သူ၏ ကျောဘက်ရှိ ကောင်းကင်နတ်ဆိုး ပုံရိပ်ယောင်သည်လည်း ပိုမို ရှင်းလင်း ပြတ်သားလာခဲ့ပြီး ရက်စက်ကြမ်းကြုတ်သော အသွင်အပြင်များ ဖြစ်ပေါ်လာခဲ့သည်။

“လူသားဧကရာဇ်.. ငါ့ကို ဒီလောက်အထိ ဖိအားပေးနိုင်တာကပဲ မင်းအတွက် ဂုဏ်ယူဖို့ လုံလောက်နေပြီ.. ဒါပေမဲ့ မင်းဘယ်လောက်ပဲ ပါရမီထူးချွန်နေပါစေ.. မင်း ဒီနေ့ သေချာပေါက် သေရလိမ့်မယ်”

မိုဝူလင်းက ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်ကာ အေးစက်စက်ကြုံးဝါးလိုက်သည်။

“မိုဝူလင်းရဲ့ အရှိန်အဝါကို သူအထွတ်အထိပ် အခြေအနေကထက် ချက်ချင်း သန်မာလာစေခဲ့တာ ဆိုတော့ အဲဒီအရာက ဘာများလဲ”

နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများသည် အံ့ဩထိတ်လန့်နေခဲ့ကြသည်။

“အဲဒီသွေးထဲမှာ ပါဝင်တဲ့စွမ်းအားက မဟာနတ်ဆိုးဘုရင်အဆင့်ကိုတောင် ကျော်လွန်နေခဲ့ပြီ.. ဒီသွေးစက်က ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုရဲ့ နတ်ဆိုးဧကရာဇ်ရဲ့ သွေး ဖြစ်ဖို့များတယ်”

ဓားတစ်သောင်း သူတော်စင်ဂိုဏ်းမှ ကျန့်ယွမ်ထျန်းက တစ်စုံတစ်ရာကို ရုတ်တရက် သတိရမိသွားပြီး အမူအရာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

“နတ်ဆိုးဧကရာဇ်ရဲ့ သွေးလား”

ကျန့်ယွမ်ထျန်း၏စကားကိုကြားလျှင် နတ်ဘုရားနယ်မြေမှကျင့်ကြံသူ အများအပြားသည် အံ့အားသင့်ကာ မျက်နှာပျက်သွားကြသည်။

နတ်ဆိုးဧကရာဇ်ဆိုသည်မှာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ ခေါင်းဆောင်ကြီး ဖြစ်ပြီး နတ်ဘုရားနယ်မြေ၏ အုပ်စိုးသူအဆင့် အရှင်သခင်နှင့် ယှဥ်နိုင်သည့် သန်မာသော တည်ရှိမှုတစ်ခု ဖြစ်သည်။

ထို့ကြောင့် နတ်ဆိုးဧကရာဇ်၏ သွေးတစ်စက် ပါဝင်သော စွမ်းအားသည် သံသယဖြစ်ဖွယ်ရာ မရှိ အလွန်တရာကြောက်မက်ဖွယ်ရာ ကောင်းမည် ဖြစ်ပြီး သာမန် နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူပင်လျှင် ခုခံနိုင်ရန် မသေချာပေ။

မိုဝူလင်း၏ လက်ထဲတွင် ဤကဲ့သို့ ဝှက်ဖဲမျိုး ရှိနေလိမ့်မည်ဟု သူတို့ လုံးဝ မထင်ထားခဲ့ချေ။

“မိုချန်းယွိ.. လူငယ်ပါရမီရှင်တွေရဲ့ တိုက်ပွဲမှာ မင်းတို့ဘက်က နတ်ဆိုးဧကရာဇ်ရဲ့သွေးကိုတောင် အသုံးပြုနေပါလား.. ဒါက အရမ်း အောက်တန်းကျမနေဘူးလား”

ဆန့်ကျင်ဘက်မှ မိုချန်းယွိ တို့ကို ကြည့်ကာ ကျန်းဝူရတို့သည် ချက်ချင်းဆိုသလိုပင် ဒေါသထွက်လာကြသည်။

ကျန်းချန်၏ ပါရမီက မည်မျှပင် ထူးခြားပြီး တိုက်ခိုက်ရေးစွမ်းအားတွင် ပြိုင်ဘက်ကင်း ဖြစ်နေပါစေ၊ နတ်ဆိုးဧကရာဇ်သွေးကို မျိုချထားသော မိုဝူလင်းကို ယှဥ်ပြိုင်နိုင်ရန်မှာ မလွယ်ကူချေ။

မိုချန်းယွိက အေးစက်စက် ပြုံးကာ ပြောလိုက်သည်။

“လူငယ်တွေ ယှဥ်ပြိုင်ကြတဲ့ ပြိုင်ပွဲမှာ ပြင်ပအကူအညီ မသုံးရဘူးလို့ ငါတို့တွေ သတ်မှတ်မထားဘူး ထင်တယ်.. မိုဝူလင်းမှာ နတ်ဆိုးဧကရာဇ်ရဲ့သွေး ရှိနေမှတော့ သူက ဘာလို့ အသုံးမပြုနိုင်ရမှာလဲ”

ထိုစကားကို ကြားလျှင် ကျန်းဝူရတို့လူစု၏ အမူအရာသည် အလွန်အမင်း သုန်မှုန်သွားခဲ့သည်။

“အားလုံးပဲ.. ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက အရမ်းကိုကောက်ကျစ်လွန်းတယ်.. သူတို့နဲ့ သူသေကိုယ်သေ တိုက်ခိုက်ဖို့ ပြင်ဆင်ကြတော့”

ကျန်းဝူရက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

နတ်ဆိုးဧကရာဇ်၏ သွေးကို မျိုချထားသော မိုဝူလင်းနှင့် ရင်ဆိုင်ရာတွင် ကျန်းချန်အတွက် အနိုင်ရရန် အခွင့်အရေး လုံးဝမရှိပေ။

ကျန်းချန်သည် သူ၏ သားအရင်း ဖြစ်ရုံသာကမ လက်ရှိ လူသားဧကရာဇ် နန်းတော်၏ လူသားဧကရာဇ်လည်းဖြစ်သည်။

ထို့‌ကြောင့် မိုချန်ယွိတို့လူစု၏ အကောက်ကြံမှုအောက်တွင် ကျန်းချန် ကျဆုံးသွားမည်ကို သူဒီအတိုင်း ထိုင်ကြည့်မနေနိုင်ခဲ့ပေ။

“‌ကောင်းပြီ တိုက်ကြတာပေါ့”

ကျန့်ယွမ်ထျန်းကလည်း အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ကာ ပြောလိုက်သည်။

နတ်ကုန်းမြေတိုက်ပေါ်ရှိ သူတို့အနေဖြင့် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု ထံတွင် အရှုံးပေးရန်မှာ လုံးဝ မဖြစ်နိုင်သည့်ကိစ္စ ဖြစ်၏။

လူငယ်ပါရမီရှင်များနှင့် အဆုံးဖြတ်တိုက်ပွဲကို သဘောတူခဲ့ခြင်းသည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ အင်အားအစစ်အမှန်ကို စမ်းသပ်ရန် အပြင် အဓိကအားဖြင့် အချိန်ဆွဲရန် ရည်ရွယ်ချက်လည်း ပါဝင်၏။

ယခုအခါ အခြေအနေက ဤအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ရာ တစ်ခုတည်းသော နည်းလမ်းသည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုနှင့် သူသေကိုယ်သေ တိုက်ခိုက်ရန်သာ ရှိတော့သည်မဟုတ်ပါလော။

“မစိုးရိမ်ပါနဲ့.. မိတ်ဆွေလေးကျန်းချန် အဆင်ပြေသွားမှာပါ.. ကျေးဇူးပြုပြီး အေးအေးဆေးဆေးပဲ စောင့်ကြည့်ကြစမ်းပါ”

ဝူကျန့်ထျန်းက တည်ငြိမ်စွာ ‌ပြောလိုက်သည်။

“တကယ်လို့ မတော်တဆ တစ်ခုခု ဖြစ်လာခဲ့ရင် ငါလှုပ်ရှားမှာပါ.. ဒီနေရာမှာ ရှိတဲ့ ဘယ်သူကမှ မိတ်ဆွေလေး ကျန်းချန်ကို အန္တရာယ် မပေးနိုင်စေရဘူး”

ဝူကျန့်ထျန်း၏ စကားကိုကြားလျှင် လူတိုင်း၏ စိတ်နှလုံး တုန်လှုပ်သွားခဲ့သည်။

သတ္တမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား ဖြစ်သည့် မိုဝူလင်းသည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ အစွမ်းအထက်ဆုံး ပါရမီရှင် ဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းအားတွင် ပြိုင်ဘက်ကင်းဟုပင် ဆို၍ရ၏။

တစ်ဦးချင်းသာ တိုက်ခိုက်မည်ဆိုလျှင် နတ်ဘုရင်အဋ္ဌမအဆင့် အထွတ်အထိပ်တွင် ရှိသော ကျန့်ယွမ်ထျန်းပင်လျှင် မိုဝူလင်းနှင့် ယှဥ်ပြိုင်နိုင်ရန် မသေချာပေ။

ယခုအခါ မိုဝူလင်းက နတ်ဆိုးဧကရာဇ်၏ သွေးကိုပါ မျိုချထားရာ မိုဝူလင်း၏ တိုက်ခိုက်ရေးစွမ်းရည်သည် ပုံမှန်ထက်သုံးဆမက ပို၍ သန်မာလာလိမ့်မည် ဖြစ်၏။

သို့သော် သူတို့ရှေ့မှ ဝူကျန့်ထျန်းကမူ မိုဝူလင်းကို လုံးဝ ဂရုမစိုက်သည့်ပုံ ပေါ်နေခဲ့သည်။

ဤလူသည် နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူတစ်ဦးများ ဖြစ်နေပါသလော။

“မိုဝူလင်း.. မင်းတစ်ယောက်ပဲ ဝှက်ဖဲရှိတယ်လို့ ထင်နေတာလား”

ကျန်းချန်က‌ နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်ပြီး ချက်ချင်းဆိုသလိုပင် သူ၏လက်ဖဝါးကို လှုပ်ရှားလိုက်ရာ နတ်အလင်းများ ဖြာထွက်နေသော ကျောက်တိုင်တစ်ခုသည် သူ၏ လက်ဖဝါးထက်တွင် ပေါ်လာခဲ့သည်။

နတ်ဆိုးဧကရာဇ်သွေးကို မျိုချထားသော မိုဝူလင်းနှင့် ရင်ဆိုင်ရာတွင် ကျန်းချန်သည် ဒဏ္ဍာရီလာ အင်မော်တယ်ကျောက်တိုင်ကို အသုံးပြုရန် တုံ့ဆိုင်းမနေတော့ပေ။

ကျန်းချန်က အင်မော်တယ် ကျောက်တိုင်ကို လှုံ့ဆော်လိုက်ပြီး ပေတစ်‌သောင်းအမြင့် ရှိသော နတ်ဘုရားကျောက်တိုင်ကြီးအဖြစ်သို့ တိုက်ရိုက်ပင် ပြောင်းလဲလိုက်ကာ မိုဝူလင်းကို ရိုက်ချလိုက်သည်။

နတ်ဘုရားကျောက်တိုင်မှ ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားကို ခံစားမိလျှင် မိုဝူလင်းသည် ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး ရှေးဟောင်းနတ်ဆိုးနတ်ဘုရား တစ်ပါး ကဲ့သို့ပင် လက်သီးချက်တစ်ချက်ကို ထုတ်ဖော်ကာ အင်မော်တယ် ကျောက်တိုင်ကို တိုက်ခိုက်လိုက်သည်။

သို့သော်လည်း ကျန်းချန်၏ လက်ရှိခွန်အားဖြင့် အင်မော်တယ်ကျောက်တိုင်ကို လှုံ့ဆော်ကာ အသုံးပြုခြင်းသည် ကပ်ဘေးအထွတ်အထိပ် အဆင့်ကို ကျော်လွန်နေသည့် အင်မော်တယ်ကျင့်ကြံသူများကိုပင် ခြိမ်းခြောက်နိုင်ရန် လုံလောက်၏။

မိုဝူလင်းသည် နတ်ဆိုးဧကရာဇ်၏သွေးကို မျိုချထားသည့်တိုင် အင်မော်တယ် ကျောက်တိုင်က‌နေ ပေါက်ကွဲထွက်လာသော စွမ်းအားကို ရင်ဆိုင်ရန်မှာ အလွန်တရာပင် ခက်ခဲနေခဲ့သည်။

“ဝုန်း..”

မိုဝူလင်း၏ တိုက်ခိုက်မှုက ချေဖျက်ခံလိုက်ရပြီး မိုဝူလင်းကိုယ်တိုင်သည်ပင် အင်မော်တယ် ကျောက်တိုင်၏ ရိုက်ခတ်မှုကို ခံလိုက်ရကာ ‌သွေးများအန်ထုတ်၍ နောက်သို့ လွင့်စင်သွားခဲ့သည်။

သူ၏ခန္ဓာကိုယ်ကနေ အရိုးကျိုးသံများ ထွက်ပေါ်လာခဲ့ပြီး အရိုးခုနစ်ချောင်း၊ ရှစ်ချောင်းခန့် ကျိုးသွားကာ ပါးစပ်ကနေ သွေးများ အန်ထွက်လာခဲ့ပြီး ဝတ်စုံ တစ်ခုလုံးသည်လည်း သွေးများဖြင့် ရွှဲရွှဲစိုသွားခဲ့သည်။

“သေပေတော့”

ကျန်းချန်၏ မျက်နှာထားက အေးစက်နေခဲ့ပြီး လုံးဝညှာတာရန် ရည်ရွယ်ချက်မရှိဘဲ အင်မော်တယ် ကျောက်တိုင်ကို လှုံ့ဆော်ကာ မိုဝူလင်းကို ထပ်မံ တိုက်ခိုက်လိုက်သည်။

အင်မော်တယ်ကျောက်တိုင်ကို တစ်ဖန် လှုံ့ဆော်လိုက်သည့် ကျန်းချန်ကို ကြည့်ရင်း မိုဝူလင်း၏မျက်ဝန်းထဲတွင် အဆုံးသတ်၌ မျှော်လင့်ချက် ကင်းမဲ့ခြင်းနှင့် ထိတ်လန့်တုန်လှုပ်ခြင်း အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်နှင့် အကြိမ်ကြိမ် တိုက်ခိုက်ပြီးနောက်တွင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ နတ်ဆိုးဧကရာဇ်၏ စွမ်းအားသည် ဤအခိုက်အတန့်တွင် ကုန်ခမ်းသွားခဲ့ချေပြီ။

သို့ဖြစ်ရာ သူ့အနေဖြင့် ကျန်းချန်ကို မည်ကဲ့သို့ ဆက်လက် ယှဥ်ပြိုင်နိုင်ပါတော့မည်နည်း။

မိုဝူလင်း ထိတ်လန့် တုန်လှုပ်နေစဥ်မှာပင် တောက်ပသော နတ်အလင်းများ ဖြာထွက်နေသည့် ပေတစ်သောင်း အမြင့်ရှိသော အင်မော်တယ် ကျောက်တိုင်ကြီးသည် မိုဝူလင်း၏ ဦးခေါင်းထက်ကနေ ကျဆင်းလာခဲ့သည်။

အခန်း(၂၄၂၃)ပြီး၏။

အခန်း(၂၄၂၄)

“ကောင်လေး မင်းအတင့်ရဲလှချည်လား”

မိုဝူလင်းက ပေတစ်သောင်းအမြင့် ရှိသော နတ်ဘုရားကျောက်တိုင်ဖြင့် ဖိနှိပ်ခံရတော့မည့် ဆဲဆဲတွင် လေထုထဲကနေ ဒေါသတကြီး ကြုံးဝါးသံ တစ်သံ ထွက်ပေါ်လာခဲ့သည်။

ချက်ချင်းဆိုသလိုပင် မိုဝူလင်း၏ ဦးခေါင်းအထက်တွင် လွှမ်းမိုးနိုင်စွမ်းရှိသော နတ်ဆိုးအရှိန်အဝါများ ပြည့်နှက်နေသော လက်ဝါးတစ်ဖက်သည် လေထုထဲကနေ

ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီး ပေတစ်သောင်း အမြင့်ရှိသော နတ်ဘုရားကျောက်တိုင်ကို ရိုက်ထုတ်ပစ်လိုက်သည်။

ကျန်းချန်၏ ခန္ဓာကိုယ်တစ်ခုလုံးက တုန်ယင်သွားခဲ့ပြီး ပါးစပ်ကနေ သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရကာ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း လေထုထဲတွင် ပေပေါင်းသောင်းချီ လွင့်စင်သွားခဲ့၏။

သူက ခေါင်းမော့၍ ကြည့်လိုက်ရာ မိုဝူလင်း၏ ဦးခေါင်းအထက်တွင် တစ်စုံတစ်ယောက် ရှိနေသည်ကို မြင်လိုက်ရသည်။

ထိုနေရာတွင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအို တစ်ဦး ဝင့်ကြွားစွာ ရပ်နေခဲ့သည်။

ထိုလူသည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ အကြီးအကဲ ၃၆ ယောက်ထဲတွင် ခေါင်းဆောင် ဖြစ်သည့် မိုချန်ယွိဖြစ်သည်။

“နဝမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားပါလား”

ကျန်းချန်က လက်ခုံဖြင့် ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်ပြီး မိုချန်ယွိ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည့် ထူးခြားသော အရှိန်အဝါကို ခံစားမိလိုက်ပြီး ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

သူသိထားသလောက်ဆိုလျှင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ အကြီးအကဲ ၃၆ဦး စလုံးသည် ကျင့်ကြံခြင်းအဆင့်တွင် အဋ္ဌမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား အဆင့်ကို ရောက်ရှိနေသော ကျင့်ကြံသူများ ဖြစ်ကြ၏။

သို့သော်လည်း သူ့ရှေ့မှ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ အကြီးအကဲ ၃၆ဦး၏ ခေါင်းဆောင်ကမူ အဋ္ဌမအဆင့်ကို ထိုးဖောက်သွားခဲ့ပြီး မဟာနတ်ဆိုးဘုရင်အဆင့် ဖြစ်သည့် နဝမအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား ဖြစ်လာခဲ့ချေပြီ။

ကျန်းချန်သည် ယခုအခါတွင် နဝမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားနှင့် ရင်ဆိုင်နေရသော်လည်း သူသာ အားအင်အပြည့်အဝ ရှိနေသည့် အချိန်ဆိုလျှင် အလွန်အမင်း ကြောက်ရွံ့နေမည် မဟုတ်ပေ။

သို့သော်လည်း သူက မိုဝူလင်းနှင့် ယခုလေးတင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နတ်ဆိုးဧကရာဇ်၏ သွေးကို မျိုချထားသော မိုဝူလင်းကို ရင်ဆိုင်ရန် အင်မော်တယ်ကျောက်တိုင်ကို အကြိမ်ကြိမ် လှုံ့ဆော်ခဲ့ရသည်။

ဤအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများသည် ကုန်ခမ်းနေခဲ့ချေပြီ။

ထို့ကြောင့် နဝမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားကို သူက မည်ကဲ့သို့ ယှဥ်ပြိုင်နိုင်ပါမည်နည်း။

“နဝမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားပါလား”

မိုချန်ယွိ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် ကြောက်မက်ဖွယ်အရှိန်အဝါကို ခံစားမိလျှင် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများ၏ မျက်နှာအမူအရာသည် သိသိသာသာ ပြောင်းလဲသွားခဲ့သည်။

လူသားဧကရာဇ်နန်းတော်မှ လူသားဧကရာဇ် ကျန်းချင်းထျန်းသည် စစ်မိစ္ဆာမဟာမိတ်အဖွဲ့ကို တည်ထောင်ပြီး ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို နတ်ကုန်းမြေတိုက်ကနေ တိုက်ထုတ်ပြီးကတည်းကပင် စစ်မိစ္ဆာမဟာမိတ်အဖွဲ့သည် ဟင်းလင်းပြင် နတ်ဆိုးမျိူးနွယ်စုကို ထာဝရဟင်းလင်းပြင်ထဲ၌သာ အမြဲတစေ ကန့်သတ်ထားခဲ့၏။

ဤ နှစ်ပေါင်းများစွာအတွင်း ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ နဝမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား တစ်ပါးသည် နယ်နိမိတ်ကို ကျော်လွန်ကာ နတ်ကုန်းမြေတိုက် ဆီသို့ ဆင်းသက်လာဖူးခြင်း မရှိခဲ့ပေ။

လက်ရှိအချိန်တွင် နဝမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားများ ဖြစ်သည့် မဟာနတ်ဆိုးဘုရင်များကို ကန့်သတ်ရန်အတွက် နတ်ကုန်းမြေတိုက်ပေါ်ရှိ နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူ အားလုံးသည် နတ်ကုန်းမြေတိုက်ပေါ်တွင် ရှိမနေကြတော့ပေ။

ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ အကြီးအကဲ ၃၆ဦး၏ ခေါင်းဆောင် မိုချန်ယွိသည် နဝမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား အဆင့်ကို ထိုးဖောက်သွားလိမ့်မည်ဟု သူတို့ လုံးဝ ထင်မထားခဲ့ပေ။

နဝမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားသည် နတ်ဘုရင် နဝမအဆင့်နှင့် တန်းတူ အစွမ်းထက်၏။

သို့ဖြစ်ရာ ယခုအချိန်တွင် သူတို့ နတ်ဘုရားနယ်မြေ အနေဖြင့် နဝမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား ဖြစ်သည့် မိုချန်ယွိကို မည်ကဲ့သို့ ယှဥ်ပြိုင်နိုင်ပါမည်နည်း။

“အဘိုးကြီး.. မင်းပဲ လူငယ်တွေ အချင်းချင်း ယှဥ်ပြိုင်စေပြီး အနိုင်အရှုံး ဆုံးဖြတ်မယ်လို့ ပြောခဲ့တယ် မဟုတ်လား.. ဘာလဲ.. အခု ရှုံးသွားတော့ စိတ်ပြောင်းသွားပြီလား”

နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများ ထိတ်လန့်နေစဥ်မှာပင် လေထုထဲရှိ ကျန်းချန်သည် မိုချန်ယွိကို အေးစက်စက် ကြည့်ကာ ပြောလိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် လှောင်ရိပ်များ သန်းနေခဲ့၏။

“ငါ စိတ်ပြောင်းသွားတယ် ဆိုရင်တောင် မင်းက ဘာတတ်နိုင်မှာမို့လဲ”

မိုချန်ယွိက ကောက်ကျစ်စွာ ပြုံး၍ ပြောလိုက်သည်။

“ငါက နဝမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား အဆင့်ကို ထိုးဖောက်သွားခဲ့ပြီ.. မင်းတို့ နတ်ကုန်းမြေတိုက်မှာ အခု နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူတစ်ယောက်မှ မရှိဘူး.. မင်းတို့တွေ ငါ့ကို ဘယ်လိုခုခံကြမှာလဲ”

“ဘယ်လို ခုခံမလဲသိချင်ရင် စမ်းကြည့်လိုက်လေ”

ကျန်းချန်က နှာခေါင်းရှုံ့၍ မထီမဲ့မြင် ပြောလိုက်သည်။

“ခင်ဗျား နဝမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားအဆင့်ကို ထိုးဖောက်သွားရင်တောင် နတ်ကုန်းမြေတိုက်ကို ဘယ်လိုမှ သိမ်းပိုက်နိုင်မှာ မဟုတ်ဘူး”

“ကောင်လေး.. မင်းရဲ့တိုက်ခိုက်ရေးစွမ်းရည်က ကောင်းကင်ကိုတောင် တုန်လှုပ်စေနိုင်တယ်.. ဒါ့အပြင် မင်းမှာ ဒဏ္ဍာရီလာအင်မော်တယ်ကျောက်တိုင် ရှိတဲ့ အတွက် နတ်ဘုရင်နဝမအဆင့်နဲ့တောင် ယှဥ်နိုင်စွမ်းရှိတယ်.. နှမြောဖို့ကောင်းတာက အခုအချိန်မှာ မင်းရဲ့ခွန်အားက ဆယ်ပုံတစ်ပုံတောင် မကျန်ရှိတော့ဘူး.. ဒီအချိန်မှာ မင်းကိုငါ သတ်ချင်ရင် အလွယ်လေးပဲ”

မိုချန်ယွိက စကားဆုံးသည်နှင့် လက်တစ်ဖက်ကို မြှောက်လိုက်ရာ နတ်ဆိုးစွမ်းအင်များဖြင့် ပြည့်နှက်နေသော လက်ဝါးကြီးတစ်ဖက်သည် ကျန်းချန် ထံသို့ ဦးတည်လာခဲ့သည်။

သို့သော်လည်း ကောင်းကင်နှင့် နေမင်းကိုပင် လွှမ်းခြုံထားနိုင်သော မိုချန်ယွိ၏ လက်ဝါးကြီးသည် ကျန်းချန်၏ ဦးခေါင်းအထက်သို့ အရောက်မှာပင် ကြောက်မက်ဖွယ် ဓားအလင်းတစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး မျက်စိတစ်မှိတ်အတွင်း ထိုနတ်ဆိုးလက်ဝါးကြီးကို အမှုန့်အဖြစ် ချေမှုန်းပစ်လိုက်သည်။

တစ်ချိန်တည်းမှာပင် လွှမ်းမိုးနိုင်စွမ်း ရှိသော အသံတစ်သံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားခဲ့သည်။

“ဂုဏ်သိက္ခာရှိတဲ့ နဝမအဆင့် ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရား တစ်ပါးက အခုလေးတင် တိုက်ပွဲပြီးထားတဲ့ မျိုးဆက်သစ် လူငယ်လေးတစ်ယောက်ကို တိုက်ခိုက်နေတာ မရှက်ဘူးလား.. မင်းတိုက်ချင်တယ် ဆိုမှတော့ ငါမင်းနဲ့ အဖော်လုပ်ပေးမယ်”

မိုချန်ယွိ၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

သူက အသံလာရာ ဖြစ်သည့် ကျန်းချန်၏ နောက်ကျောဘက်ဆီသို့ လှမ်းကြည့်လိုက်သည်။

ထိုနေရာတွင် သန်မာထွားကျိုင်းသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရှိနေခဲ့သည်။

ထိုအမျိုးသားသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ လေထဲတွင် ဖြည်းဖြည်းချင်း လျှောက်လာနေခဲ့၏။

ထိုသူမှာ အခြားသူ မဟုတ်ဘဲ ကျန်းချန်နှင့် အတူ နတ်ကုန်းမြေတိုက်ဆီ လိုက်ပါလာခဲ့သော ဝူကျန့်ထျန်းပင် ဖြစ်သည်။

ဝူကျန့်ထျန်းက ကျန်းချန်၏ နံဘေးသို့ ရောက်လာခဲ့ပြီး လေသံတိုးတိုးဖြင့် မေးလိုက်သည်။

“မိတ်ဆွေလေးကျန်းချန် အဆင်ပြေရဲ့လား”

“အဆင်ပြေပါတယ် စီနီယာဝူ.. စွမ်းအားတွေ နည်းနည်းကုန်သွားတာလောက်ပါပဲ”

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး ဆန့်ကျင်ဘက်မှ မိုချန်ယွိကို တစ်ချက်ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။

“စီနီယာဝူ.. ဒီလူ့ကိုတော့ စီနီယာလက်ထဲပဲ အပ်လိုက်တော့မယ်”

“ကောင်းပြီ”

စကားဆုံးသည်နှင့် ဝူကျန့်ထျန်း၏ စူးရှသော အကြည့်သည် မိုချန်ယွိထံသို့ တိုက်ရိုက်ပင် ကျရောက်သွားခဲ့သည်။

ဤအခိုက်အတန့်တွင် ဝူကျန့်ထျန်း၏ နတ်ဘုရင်နဝမအဆင့် အထွတ်အထိပ် အရှိန်အဝါသည် အစွမ်းကုန် ပေါက်ကွဲထွက်လာခဲ့၏။

“အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရဲ့ အကြွင်းအကျန်လေးတွေကများ လာခဲ့စမ်း.. မင်းဘယ်လိုပုံစံမျိုးနဲ့ သေချင်လဲ”

ဝူကျန့်ထျန်း၏ ခန္ဓာကိုယ်မှ အားကောင်းသော အရှိန်အဝါကို ခံစားမိလျှင် မိုချန်ယွိ၏ မျက်ဝန်းများ၌ ထိတ်လန့်သောအရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

“နတ်ဘုရင်နဝမအဆင့်ပါလား.. ဒါ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

သူသိထားသလောက်ဆိုရင် ယနေ့ခေတ် နတ်ကုန်းမြေတိုက်တွင် နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူခုနစ်ဦးသာ ရှိသည်။

ထိုခုနစ်ဦးလုံးသည် ထာဝရဟင်းလင်းပြင်တွင် ရှိနေကြပြီး ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ မဟာနတ်ဆိုးဘုရင် ရှစ်ပါးကို တားဆီးထားကြသည်။

ထို့ကြောင့် နတ်ကုန်းမြေတိုက်ပေါ်တွင် နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူ တစ်ဦးမှ ရှိမနေသင့်ပေ။

ထို့အပြင် မိုချန်ယွိ ခံစားမိသည်မှာ သူ့ရှေ့မှ နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူ၏ အရှိန်အဝါသည် သူ့ထက်ပင် များစွာ သာလွန်နေခဲ့ပြီး ယခုမှ အဆင့်တက်လာသည့် နတ်ဘုရင် မဟုတ်သည်မှာ ထင်ရှားနေခဲ့၏။

“ဒီနတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူက ဘယ်နေရာကနေ ထွက်ပေါ်လာတာလဲ”

နတ်ဘုရားနယ်မြေဘက်မှ ကျင့်ကြံသူများ၏ မျက်နှာထက်တွင်မူ အလွန်အမင်း ဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။

“ဝူ”မိသားစုမှ ဖြစ်သည်ဟု သူတို့ကို ပြောဆိုထားသော ဝူကျန့်ထျန်းသည် နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်နေခဲ့သည်မဟုတ်ပါလော။

ဤပုံအတိုင်းဆိုလျှင် သူတို့ နတ်ဘုရားနယ်မြေသည် ကယ်တင်ခြင်း ခံရပေတော့မည်။

“အဘိုးကြီး.. အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာက အရင်တုန်းက ငါတို့ နတ်ဘုရားနယ်မြေကို ကျူးကျော်လာခဲ့ဖူးပေမဲ့ အဆုံးသတ်မှာ‌ အောင်မြင်မှုမရခဲ့ဘူး.. မင်းတို့ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုက ငါတို့ နတ်ဘုရားနယ်မြေမှာ ကျန်ရစ်ခဲ့တဲ့ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာရဲ့ အကြွင်းအကျန်တွေထက်မပိုဘူး.. မင်းတို့ရဲ့ အဆင့်နဲ့များ ငါတို့ရဲ့ နတ်ဘုရားနယ်မြေကို သိမ်းပိုက်ချင်နေတယ်လား.. ဒီကို ရောက်လာမှတော့ ဒီနေရာမှာပဲ ထာဝရအိပ်စက်ဖို့ ပြင်ထားလိုက်တော့”

ဝူကျန့်ထျန်းက အေးစက်စက် ကြုံးဝါးလိုက်ပြီးနောက်တွင် သူ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ ဓားအလင်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး မိုချန်ယွိကို စတင် တိုက်ခိုက်လိုက်သည်။

“ဝုန်း..”

ဝူကျန့်ထျန်း၏ ကြောက်မက်ဖွယ် ဓားအလင်းသည် ပေပေါင်းသောင်းချီဧရိယာကို ချက်ချင်းဆိုသလို ဖြတ်ကျော်သွားခဲ့ပြီး မိုချန်ယွိနှင့် သူ၏ ပတ်ဝန်းကျင် နေရာလွတ် တစ်ခုလုံးကို အမှုန့်အဖြစ် ချေမှုန်းပစ်ရန် အသင့်ဖြစ်နေခဲ့သည်။

ကောင်းကင်နှင့်မြေကြီးကိုပင် ပိုင်းဖြတ်နိုင်လောက်မည့် ဓားအလင်းကို ကြည့်ရင်း မိုချန်ယွိ၏ မျက်နှာအမူအရာသည် သိသိသာသာပင် ပြောင်းလဲသွားခဲ့သည်။

ထို့နောက်တွင် မိုချန်ယွိသည် သူ၏ ခန္ဓာကိုယ်မှ နတ်ဆိုးနတ်ဘုရား စွမ်းအားများကို အနည်းငယ်မျှပင် ထိမ်ချန်မထားဘဲ အစွမ်းကုန် ထုတ်ဖော်လိုက်တော့၏။

အခန်း(၂၄၂၄)ပြီး၏။

All Chapters