အခန်း (၂၄၂၅-၂၄၂၆)
Vol. 183 Ch. 2425-2426
အခန်း(၂၄၂၅)
“ဝုန်း..”
ထိုအခိုက်အတန့်တွင် လေထုထဲရှိ မိုင်ပေါင်းထောင်ချီ ဧရိယာသည် ရုတ်တရက် မှောင်အတိကျသွားခဲ့သည်။
ကောင်းကင်တစ်ခုလုံး ပရမ်းပတာ ဖြစ်သွားခဲ့ပြီး တောက်ပသော ဓားအလင်းနှင့် ကြောက်မက်ဖွယ်ရာကောင်းသော နတ်ဆိုးလက်ဝါး တစ်ဖက်သည် ထိပ်တိုက်ရင်ဆိုင်နေခဲ့ကြသည်။
“ဝုန်း..”
နေရာလွတ်များက ပြိုကွဲသွားခဲ့ပြီး အဖျက်စွမ်းအင် လှိုင်းလုံးများသည် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။
သို့ရာတွင် မိုချန်ယွိက နဝမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားတစ်ပါး ဖြစ်သော်လည်း ထိုအဆင့်ကို သိပ်မကြာခင်ကမှသာ ထိုးဖောက်နိုင်ခဲ့ခြင်း ဖြစ်သည်။
ဝူကျန့်ထျန်းကမူ နတ်ဘုရင် နဝမအဆင့် အထွတ်အထိပ် ကျင့်ကြံသူတစ်ဦး ဖြစ်ပြီး သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် ကပ်ဘေး အထွတ်အထိပ်အဆင့် ကျင့်ကြံသူများထက်ပင် ပိုမိုသန်မာနေခဲ့၏။
မိုချန်ယွိ၏ စွမ်းရည်သည် ထိုက်ချင်းဘိုးဘေးထက်ပင် အဆင့်ပေါင်းများစွာ နိမ့်ကျနေခဲ့ရာ ဝူကျန့်ထျန်းကို မည်ကဲ့သို့ ယှဥ်ပြိုင်နိုင်ပါအံ့နည်း။
လူတိုင်း၏ အံ့ဩတုန်လှုပ်နေသော အကြည့်များအောက်မှာပင် လေထုထဲရှိ ဓားအလင်းသည် ပို၍ အသာစီးရလာခဲ့ပြီး နတ်ဆိုးလက်ဝါးကြီးကို ချေမှုန်းပစ်နိုင်မည့် အလားအလာ ရှိလာခဲ့သည်။
ဆန့်ကျင်ဘက်အားဖြင့် နတ်ဆိုးလက်ဝါးကြီးသည် အစပိုင်းတွင် မနည်း တောင့်ခံနိုင်ခဲ့သော်လည်း တဖြည်းဖြည်းနှင့် နတ်ဆိုးလက်ဝါးကြီးပေါ်ရှိ စွမ်းအားများသည် ပို၍ အားနည်းလာခဲ့ပြီး အဆုံးသတ်တွင် ဓားအလင်း၏ ချေမှုန်းခြင်းကို ခံလိုက်ရသည်။
“ဝုန်း..”
ဓားအလင်းသည် နတ်ဆိုးလက်ဝါးကြီးကို ချေမှုန်းလိုက်ရုံသာမက မိုချန်ယွိ၏ ခန္ဓာကိုယ်ကိုပါ သက်ရောက်သွားခဲ့သည်။
“အား..”
မိုချန်ယွိက ကျယ်လောင်စွာ ညည်းညူလိုက်ရပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် ဝူကျန့်ထျန်း၏ ဓားချက်ကြောင့် ပေပေါင်း သောင်းချီ လွင့်စင်သွားခဲ့ကာ လေထုထဲတွင် ကြီးမားသော အနက်ရောင် တွင်းနက်ကြီးတစ်ခုပင် ဖြစ်ပေါ်သွားစေခဲ့သည်။
မိုချန်ယွိက သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရပြီးလေထုထဲတွင် သူ၏ ခန္ဓာကိုယ်ဟန်ချက်ကို မနည်းထိန်းချုပ်လိုက်ရ၏။
သူ၏ တစ်ကိုယ်လုံးတွင် သွေးများဖြင့် ဖုံးလွှမ်းနေခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံး ပြိုကွဲတော့မည့်အလား ဖြစ်နေခဲ့သည်။
သူက ခေါင်းမော့၍ ကြည့်လိုက်ရာ လေထုထဲတွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာ ရပ်နေသော ဝူကျန့်ထျန်းကို မြင်လိုက်ရ၏။
သူက အလွန်တရာပင် ထိတ်လန့် တုန်လှုပ်နေခဲ့သည်။
သူ့ရှေ့မှ နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူသည် အမှန်တကယ်ပင် သန်မာလွန်းလှ၏။
သူက နဝမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား အဆင့်ကို ထိုးဖောက်နိုင်ခဲ့သော်လည်း ထိုသူ၏ ရှေ့တွင် အနည်းငယ်မျှပင် ခုခံနိုင်စွမ်း မရှိခဲ့ပေ။
“ထွက်ပြေးမှ ဖြစ်မယ်”
ဤအခိုက်အတန့်တွင် မိုချန်ယွိ၏ စိတ်ထဲ၌ အတွေးတစ်ခုသာ ရှိတော့သည်။
ယင်းမှာ နတ်ကုန်းမြေတိုက်ကနေ အမြန်ဆုံး ထွက်ပြေးရန်ပင် ဖြစ်၏။
နတ်ဘုရားနယ်မြေတွင် ဤကဲ့သို့ နတ်ဘုရင်နဝမအဆင့်ပြိုင်ဘက်ကင်းပုဂ္ဂိုလ်တစ်ပါး ရှိနေပြီ ဖြစ်ရာ သူတို့၏ ယခုတစ်ကြိမ် နတ်ဘုရားနယ်မြေကို ကျူးကျော်သည့် အစီအစဥ်သည် အရှုံးဖြင့်သာ အဆုံးသတ်ပေလိမ့်မည် မဟုတ်ပါလော။
ထွက်မပြေးလျှင် သူတို့အားလုံးသည် ယနေ့ ဤနေရာ၌ အမှန်တကယ် ကျဆုံးသွားပေလိမ့်မည်။
“ဆုတ်ခွာကြတော့..”
စကားဆုံးသည်နှင့် မိုချန်ယွိ၏ တစ်ကိုယ်လုံးသည် အနက်ရောင်အလင်းတန်းတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး အနောက်ဘက် အရပ်ဆီသို့ ပျံသန်းသွားခဲ့သည်။
“ထွက်ပြေးချင်တာလား.. ဒီကို ရောက်လာခဲ့မှတော့ ဒီမှာပဲ ထာဝရ အိပ်စက်ဖို့ ပြင်ထားလိုက်တော့”
ထိတ်လန့်တကြား ထွက်ပြေးသွားသော မိုချန်ယွိကို မြင်လျှင် ဝူကျန့်ထျန်းသည် အေးစက်စက် ရေရွတ်လိုက်သည်။
သူက လက်ထဲမှ ရွှေရောင်ဓားရှည်ဖြင့် ဓားကွက် တစ်ကွက်ကို ထုတ်ဖော်ကာ မိုချန်ယွိကို တိုက်ခိုက်လိုက်၏။
ထိုဓားချက်က အလွန်အမင်း မြန်ဆန်လွန်းပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် မိုင်ပေါင်းထောင်ချီ နေရာလွတ်ကို ဖြတ်ကျော်သွားခဲ့သည်။
မိုချန်ယွိအနေဖြင့် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ဝူကျန့်ထျန်း၏ ဓားချက်ထိမှန်သွားခဲ့သည်။
ရုတ်တရက် ထိုဓားချက်အောက်တွင် မိုင်ပေါင်းထောင်ချီဧရိယာသည် ပရမ်းပတာဖြစ်သွားခဲ့ပြီး မိုချန်ယွိ၏ ခန္ဓာကိုယ်သည်လည်း ထိုဓားချက်အောက်၌ လုံးဝ အစိတ်စိတ် အမြွှာမြွှာ ပျက်စီးသွားခဲ့သည်။
ဝူကျန့်ထျန်းသည် နဝမအဆင့်ဟင်းလင်းပြင်နတ်ဆိုးနတ်ဘုရားတစ်ပါးကို အလွယ်တကူပင် သတ်ဖြတ်ပစ်လိုက်၏။
ဤအခိုက်အတန့်တွင် ပတ်ဝန်းကျင် တစ်ခုလုံးသည် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့သည်။
နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများဖြစ်စေ၊ ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စုမှ နတ်ဆိုးများဖြစ်စေ မှင်တက်ရာကနေ သတိပြန်ဝင်လာရန် အချိန်အတော်ကြာ ယူခဲ့ရသည်။
“ဝူမိသားစုက လျှို့ဝှက်ဆန်းကြယ်တဲ့ ပုဂ္ဂိုလ်က ဒီလောက်အထိ သန်မာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး”
မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် ကျန်းဝူရနှင့်အခြားသူများ၏ မျက်ဝန်းထဲ၌ အလွန်အမင်း ဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ယခု သူတို့ နတ်ဘုရားနယ်မြေတွင် ဤကဲ့သို့ ပြိုင်ဘက်ကင်းပုဂ္ဂိုလ်တစ်ပါး ရှိနေခဲ့ပြီ ဖြစ်ရာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အဘယ်ကြောင့် ကြောက်နေရပါတော့မည်နည်း။
ဖြစ်နိုင်သည်မှာ သူတို့သည် ယခုတစ်ခေါက်တွင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို တိုက်ထုတ်နိုင်ရုံသာမက တန်ပြန် တိုက်စစ်ဆင်ပြီး နတ်ကုန်းမြေတိုက်ကို ကျူးကျော်လာသည့် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အမြစ်ပြတ်ချေမှုန်းနိုင်မည့် အခွင့်အရေး ရှိနေခဲ့ချေပြီ။
အခြားတစ်ဖက်တွင်မူ ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စုမှ အစွမ်းထက် ကျင့်ကြံသူများသည် မျက်နှာများ ဖြူဖျော့နေကြပြီး ကူကယ်ရာမဲ့ဖြစ်နေကြသည်။
နဝမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရားမိုချန်ယွိ၏ ဦးဆောင်မှုအောက်တွင် သူတို့ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်ကို သေချာပေါက် သိမ်းပိုက်နိုင်ပြီး နတ်ကုန်းမြေတိုက်၏ အရှင်သခင် ဖြစ်လာလိမ့်မည်ဟု မူလက ထင်ထားခဲ့ကြသည်။
သို့သော်လည်း လက်တွေ့ အမှန်တရားကမူ ခါးသီးလှ၏။
ယနေ့ခေတ် နတ်ကုန်းမြေတိုက်ပေါ်တွင် ဤကဲ့သို့ နတ်ဘုရင်နဝမအဆင့် ပြိုင်ဘက်ကင်း ပုဂ္ဂိုလ်တစ်ပါး ရှိနေလိမ့်မည်ဟု မည်သူမှ မထင်မှတ်ထားခဲ့ကြပေ။
သူတို့ အားကိုးရသည့် နဝမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား မိုချန်ယွိ ပင်လျှင် ထိုပုဂ္ဂိုလ်၏ ဓားချက်အောက်တွင် လုံးဝ အစိတ်စိတ် အမြွှာမြွှာ ချေမှုန်းခံလိုက်ရသည် မဟုတ်ပါလား။
ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် သူတို့ ယှဥ်ပြိုင်နိုင်သည့်အရာ လုံးဝ မဟုတ်ပေ။
“မြန်မြန်ဆုတ်ကြ”
မိုဝူလင်းက လေထုထဲတွင် ဝင့်ကြွားစွာ ရပ်နေသော ဝူကျန့်ထျန်းကို ထိတ်လန့်တကြား တစ်ချက် ကြည့်လိုက်ပြီးနောက်တွင် နောက်သို့ပင် လှည့်မကြည့်တော့ဘဲ ချက်ချင်းဆိုသလို ထွက်ပြေးသွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်လျှင် ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စုမှ အစွမ်းထက် ကျင့်ကြံသူများသည်လည်း ဤနေရာတွင် ဆက်လက်နေရန် မဝင့်ရဲတော့ဘဲ ကူကယ်ရာမဲ့သော ခွေးများကဲ့သို့ နတ်ကုန်းမြေတိုက်၏ အနောက်ဘက်အရပ်ဆီ ထိတ်လန့်တကြား ထွက်ပြေးသွားခဲ့ကြသည်။
ဝူကျန့်ထျန်းက တည်ငြိမ်သော အမူအရာဖြင့်ပင် ဓားချက်တစ်ချက်ကို ထပ်မံ ထုတ်ဖော်လိုက်ရာ သတ္တမအဆင့်ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား အချို့သည် ထိုဓားချက်အောက်တွင် အပိုင်းပိုင်း ဖြစ်သွားခဲ့သည်။
“သတ်ကြစမ်း .. ကျူးကျော်သူတွေ ဖြစ်တဲ့ ဒီ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုကို အစွမ်းကုန် သုတ်သင်ကြ”
ကျန်းချန်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့သည်။
သူက ကျယ်လောင်စွာ အော်ဟစ် အမိန့်ပေးလိုက်ပြီး ချက်ချင်းဆိုသလိုပင် ကိုယ်တိုင် ဦးဆောင်၍ ထိတ်လန့်တကြား ထွက်ပြေးနေသော ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို သတ်ဖြတ်ရန် ပြေးဝင်သွားခဲ့သည်။
ကျန်းဝူရနှင့် နတ်ဘုရားနယ်မြေမှ အခြားသော ကျင့်ကြံသူများသည်လည်း စိတ်ဓာတ်များ အလွန်အမင်း တက်ကြွလာခဲ့ပြီး ထွက်ပြေးနေသော ဟင်းလင်းပြင်နတ်ဆိုးများကို ကျန်းချန်နှင့်အတူ လိုက်လံ သတ်ဖြတ်ခဲ့ကြသည်။
ယနေ့တွင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် ဝူကျန့်ထျန်း၏ ကြောက်မက်ဖွယ်ရာကောင်းသော ခွန်အားကြောင့် စိတ်ဓာတ်များ ပျက်စီးနေပြီ ဖြစ်ရာ နတ်ဘုရားနယ်မြေကို ပြန်လည် တိုက်ခိုက်ရန်ပင် သတ္တိမရှိတော့ပေ။
ကျန်းချန်နှင့် တခြားသူများ၏ လိုက်လံ တိုက်ခိုက်မှုအောက်တွင် ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စုများသည် ပရမ်းပတာဖြစ်သွားခဲ့ကြသည်။
သတ္တမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား အများအပြားသည် ကျန်းချန်တို့၏ လက်ထဲတွင် ကျဆုံးသွားခဲ့ကြ၏။
ကျန်းချန်တို့က တစ်လမ်းလုံး လိုက်လံ တိုက်ခိုက်ခဲ့ကြပြီး ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုမှ မရေမတွက်နိုင်သော ကျင့်ကြံသူများကို သတ်ဖြတ်ခဲ့ကြသည်။
အလွန်လျင်မြန်စွာပင် မူလက ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုများ သိမ်းပိုက်ထားသော ဒေသကို ကျန်းချန် တို့က ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။
အဆုံးသတ်တွင် အသက်လု၍ ထွက်ပြေးခဲ့ကြသည့် ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စု အချို့သည် အနောက်ဘက်ဒေသရှိ ဟင်းလင်းပြင် နတ်ဆိုးအသိုက်အမြုံထဲသို့ ဝင်ရောက်ကာ ဆုတ်ခွာသွားခဲ့ကြသည်။
ကျန်းချန်က နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူ အများအပြားကို ဦးဆောင်၍ ဟင်းလင်းပြင် နတ်ဆိုးအသိုက်အမြုံ၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့၏။
အားလုံး၏ ဘေးကင်းလုံခြုံရေး အတွက် ကျန်းချန်သည် ဟင်းလင်းပြင် နတ်ဆိုးအသိုက်အမြုံ ထဲသို့ တိုက်ရိုက် ထိုးဖောက် မဝင်သေးဘဲ ဟင်းလင်းပြင် နတ်ဆိုးအသိုက်အမြုံ၏ ဝင်ပေါက်ကို အထပ်ထပ် ဝိုင်းရံထားစေခဲ့သည်။
“လူသားဧကရာဇ်ကျန်းချန်.. ငါတို့ ဟင်းလင်းပြင် နတ်ဆိုးအသိုက်အမြုံထဲကို တိုက်ရိုက်ဝင်ပြီး နတ်ဘုရားနယ်မြေကို ကျူးကျော်လာတဲ့ ဒီ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အမြစ်ပြတ်ချေမှုန်းနိုင်တာပဲ မဟုတ်လား.. မင်းဘာကို စောင့်နေတာလဲ”
စစ်ခုန်ဟိုင်က စိတ်မရှည်သော လေသံဖြင့် ပြောလိုက်သည်။
ကျန်းချန်က တည်ငြိမ်စွာပင် ပြန်ပြောလိုက်၏။
“ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက နတ်ဘုရားနယ်မြေကို အကြိမ်ကြိမ် အကျပ်အတည်းထဲ ကျရောက်အောင် တွန်းပို့နိုင်ခဲ့တာက အပေါ်ယံ မြင်နေရသလောက် မရိုးရှင်းဘူး”
ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု နတ်ဘုရားနယ်မြေသို့ ဆင်းသက်လာစဥ်တွင် လူသားဧကရာဇ် ကျန်းချင်းထျန်းသာ မရှိခဲ့လျှင် နတ်ဘုရားနယ်မြေသည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ လက်ထဲသို့ ကျရောက်သွားမည်မှာ ကြာပြီဖြစ်သည်။
ယခုတစ်ကြိမ်တွင်လည်း သူသာ သေရေးရှင်ရေး အချိန်တွင် ဝူကျန့်ထျန်းနှင့် အတူ မြောက်ဘက်ပိုင်းနယ်မြေမှ ပြန်ရောက်မလာခဲ့လျှင် နတ်ဘုရားနယ်မြေသည် အမြစ်ပြတ် ချေမှုန်းခံရမည့် ဘေးဒုက္ခနှင့် ရင်ဆိုင်ရပေလိမ့်မည် မဟုတ်ပါလော။
အင်အားအရကြည့်လျှင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် နတ်ဘုရားနယ်မြေထက် သိသိသာသာပင် သာလွန်နေခဲ့၏။
ထို့အပြင် လူသားဧကရာဇ် ကျန်းချင်းထျန်းသည် ကျင့်ကြံသူများကို ဦးဆောင်ပြီး ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို အနိုင်ယူခဲ့သည့်တိုင် အမြစ်ပြတ်အောင် မချေမှုန်းနိုင်ခဲ့ပုံထောက်လျှင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို ဖျက်ဆီးပစ်ရန်မှာ ထိုမျှ မလွယ်ကူမှန်း သက်သေပြနေခဲ့၏။
ယခုအခါတွင် သူတို့သည် ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စုကို အနိုင်ယူနိုင်ခဲ့ပြီး ဝူကျန့်ထျန်း ကဲ့သို့ နတ်ဘုရင် နဝမအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ပါး ရှိနေသော်လည်း ကျန်းချန် မပေ့ါဆဝံ့ပေ။
ဆိုရလျှင် သူ့အနေဖြင့် အားလုံး ဘေးကင်းစေရန် အတွက် သတိမပြတ် ထားရပေလိမ့်မည်။
အခန်း(၂၄၂၅)ပြီး၏။
အခန်း(၂၄၂၆)
“လူသားဧကရာဇ်ကျန်းချန်.. မင်းက ကိုယ့်ဂုဏ်သိက္ခာကိုမှမထောက်.. တော်တော် အကြောက်လွန်နေတာပဲ”
စစ်ခုန်ဟိုင်က နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။
“အခု ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုက ငါတို့လက်ထဲမှာ ရှုံးနိမ့်သွားပြီ ဆိုတော့ ဒါက သူတို့ကို အမြစ်ပြတ် ရှင်းလင်းပစ်ဖို့ အကောင်းဆုံး အချိန်ပဲ”
“စစ်ခုန်ဟိုင်.. ခင်ဗျားမမေ့နဲ့.. ခင်ဗျားက ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုကို မဆင်မခြင် သွားတိုက်ခိုက်ပြီး ရှုံးနိမ့်ခဲ့လို့သာ နတ်ဘုရားနယ်မြေက အကျပ်အတည်းတည်း ကျရောက်ခဲ့ရတာပဲ.. တကယ်လို့ ကျန်းချန်သာ စီနီယာဝူနဲ့အတူ အချိန်မီ ပြန်ရောက်မလာခဲ့ဘူး ဆိုရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲ ဆိုတာ မင်းတွေးမိရဲ့လား.. ဘာလဲ မင်းက အခုထိ သောက်မှတ်မရှိသေးဘဲ အမှားဟောင်းကို နောက်တစ်ကြိမ် ကျူးလွန်ချင်နေတာလား”
ကျန်းဝူရက မထီမဲ့မြင်ကြည့်ကာ ခနဲ့လိုက်သည်။
ထိုစကားကိုကြားလျှင် စစ်ခုန်ဟိုင်၏ မျက်နှာသည် ချက်ချင်းပင် အလွန်တရာ သုန်မှုန်သွားခဲ့သည်။
သူက ကျန့်ယွမ်ထျန်းကို ကြည့်ကာ လေးနက်သော လေသံဖြင့် မေးလိုက်၏။
“ဂိုဏ်းချုပ်ကျန့်.. ခင်ဗျားသဘောကရော ဘယ်လိုလဲ”
ကျန့်ယွမ်ထျန်းက ခဏမျှ စဥ်းစားပြီးမှ ပြောလိုက်သည်။
“ခေတ်အဆက်ဆက် လူသားဧကရာဇ်နန်းတော်ရဲ့ လူသားဧကရာဇ်တွေက စစ်မိစ္ဆာမဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်နဲ့ ငါတို့ နတ်ကုန်းမြေတိုက်ကြီးရဲ့ ခေါင်းဆောင်တွေ ဖြစ်ခဲ့ကြတယ်.. ဒါကြောင့် ဒီကိစ္စရဲ့ အဆုံးအဖြတ်က ကျန်းချန် အပေါ်မှာပဲ မူတည်ပါတယ်”
ဓားတစ်သောင်း သူတော်စင်ဂိုဏ်းမှ ဂိုဏ်းချုပ် ကျန့်ယွမ်ထျန်းသည်လည်း ကျန်းချန်ကိုသာ ခေါင်းဆောင်အဖြစ် သတ်မှတ်ထားသည့် သဘောကို ထင်ထင်ရှားရှားပင် ထုတ်ပြလိုက်သည်။
စစ်မိစ္ဆာမဟာမိတ်အဖွဲ့၏ ဒသမမြောက် အကြီးအကဲ စစ်ခုန်ဟိုင်နှင့် နှိုင်းယှဥ်လျှင် လူသားဧကရာဇ်နန်းတော်မှ ကျန်းချန်သည် သံသယဖြစ်ဖွယ်ရာမရှိ ပို၍ အားကိုးထိုက်၏။
ထို့အပြင် ကျန်းချန်၏ နံဘေးတွင် နတ်ဘုရင် နဝမအဆင့်ရှိ ဝူကျန့်ထျန်း တစ်ယောက်လုံး ထောက်ခံနေသည် ဖြစ်ရာ ဤနတ်ကုန်းမြေတိုက် ပေါ်တွင် မည်သူက ကျန်းချန်ကို အာခံဝံ့ပါမည်နည်း။
“စစ်ခုန်ဟိုင်.. တကယ်လို့ ငါတို့သာ မင်းရဲ့ အဆင်ခြင်မဲ့ ခေါင်းဆောင်မှုနောက်ကို မလိုက်ခဲ့ရင် ငါတို့ နတ်ဘုရားနယ်မြေက ဒီလောက်အထိ အကျပ်အတည်း ရောက်ခဲ့မှာမဟုတ်ဘူး”
“အမှန်ပဲ.. ဒီနေ့တိုက်ပွဲမှာ နတ်ကုန်းမြေတိုက်ကို အရှုံးကနေ အနိုင်အဖြစ် ပြောင်းလဲပေးခဲ့တာက လူသားဧကရာဇ်ပဲ.. အခုကစပြီး ငါက လူသားဧကရာဇ်ရဲ့အမိန့်ကို လိုက်နာဖို့အသင့်ပဲ”
“ကျုပ်လည်း အတူတူပဲ”
“..........”
နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများသည် ဤအခိုက်အတန့်တွင် သူတို့၏ သဘောထားများကို ထုတ်ပြခဲ့ကြပြီး အားလုံးနီးပါးသည် ကျန်းချန်ကို ထောက်ခံခဲ့ကြရာ စစ်မိစ္ဆာ အမိန့်တော်ကို ထုတ်ပြန်ခဲ့သည့် စစ်မိစ္ဆာမဟာမိတ်အဖွဲ့၏ ဒသမမြောက် အကြီးအကဲ စစ်ခုန်ဟိုင်သည် ဤအခိုက်အတန့်တွင် ထောက်ခံသူမရှိ ဖြစ်သွားခဲ့သည်။
“ကောင်းတယ် သိပ်ကောင်းတယ်...မင်းတို့က သူ့ရဲ့စကားပဲ နားထောင်ချင်နေမှတော့ ဒီအကြီးအကဲက ဝင်မပါတော့ဘူး”
စစ်ခုန်ဟိုင်က ဒေါသတကြီး ပြောလိုက်ပြီး ချက်ချင်းဆိုသလိုပင် စစ်မိစ္ဆာမဟာမိတ်အဖွဲ့မှ သူ၏ လူယုံအချို့ကို ခေါ်ဆောင်ကာ ထွက်ခွာသွားခဲ့သည်။
ကျန်းချန်ကမူ စစ်ခုန်ဟိုင်ကို လှည့်ကြည့်ရန်ပင် ပျင်းရိနေခဲ့ပြီး ဝူကျန့်ထျန်းကို ပြုံး၍ ပြောလိုက်သည်။
“စီနီယာဝူ.. အားလုံးကို ဦးဆောင်ပြီး ဒီနေရာမှာ စောင့်ကြပ်ပေးပါ.. ကျွန်တော် အဲဒီနေရာကို ချက်ချင်းသွားဖို့ လိုအပ်တယ်”
သူနှင့် ဝူကျန့်ထျန်းတို့ ရှိနေသရွေ့ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုမှ နဝမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား တစ်ပါး သို့မဟုတ် နှစ်ပါး ရောက်လာလျှင်ပင် သူတို့အတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်ပေ။
သို့သော်လည်း မတော်တဆမှု တစ်ခုခု ဖြစ်လာမည်ကို သူစိုးရိမ်မိသည်။
ထို့ကြောင့် သတိထားသည့် အနေဖြင့် ကျန်းချန်သည် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေရှိ လနတ်နန်းတော်သို့ အရင်သွားရန် ဆုံးဖြတ်လိုက်၏။
ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က သူ့အားပေးအပ်ထားသော လျှို့ဝှက်နည်းစနစ်ကို လနတ်နန်းတော်မှ လူများထံ လွှဲပြောင်းပေးနိုင်သရွေ့ လနတ်နန်းတော်သည် ကောင်းကင်လမ်းစဥ် နိယာမများ၏ ကန့်သတ်ခြင်းကို ယာယီအားဖြင့် ခံရတော့မည် မဟုတ်ပေ။
ထိုအချိန်သို့ရောက်လျှင် လနတ်နန်းတော်၏ နန်းတော်သခင်မသည် လနတ်နန်းတော်၏ အင်အားများကို လောကထဲသို့ ဆောင်ကြဥ်းလာနိုင်မည် ဖြစ်ပြီး သူ့အနေဖြင့်လည်း ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုကို ကိုင်တွယ်ရန် သေချာပေါက် ယုံကြည်ချက် ရှိလာမည် ဖြစ်ကာ အားလုံးကို ဦးဆောင်၍ ထာဝရဟင်းလင်းပြင်ထဲရှိ ဟင်းလင်းပြင်နတ်ဆိုးများကို အမြစ်ပြတ် ချေမှုန်းရန်ပင် မဖြစ်နိုင်သည်တော့ မဟုတ်ချေ။
“ကောင်းပြီ”
ဝူကျန့်ထျန်းက ခေါင်းညိတ်၍ သဘောတူလိုက်သည်။
ဝူကျန့်ထျန်းသည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု အကြောင်းကို သိပ်မသိသော်လည်း အင်မော်တယ် ကျင့်ကြံသူများ မည်မျှ ကြောက်မက်ဖွယ်ရာကောင်းသည်ကို ကောင်းစွာသိထားသူ ဖြစ်သည်။
ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုသည် နတ်ဘုရားနယ်မြေတွင် ကျန်ရစ်ခဲ့သော အင်မော်တယ် ကျင့်ကြံသူများ၏ အကြွင်းအကျန်များ ဖြစ်သောကြောင့် ၎င်းတို့သည် သာမန်မဟုတ်သည်မှာ ထင်ရှားနေခဲ့သည်။
ကျန်းချန်က မဆင်မခြင် မတိုက်ခိုက်ရန် ဆုံးဖြတ်ထားသဖြင့် သူက ဤနေရာကို စောင့်ကြပ်ရန် တာဝန်ယူလိုက်တော့သည်။
ဤနေရာမှ ကိစ္စရပ်များကို ဝူကျန့်ထျန်းထံ လွှဲပြောင်းပေးပြီးနောက်တွင် ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ပေ။
-------------------
ကျန်းချန်က နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းနယ်မြေသို့ သွားနေစဥ်မှာပင် ဝူကျန့်ထျန်းတို့ လူစု စောင့်ကြပ်နေသော ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု အသိုက်အမြုံထဲတွင် မိုဝူလင်းနှင့် ထွက်ပြေးလာကြသော ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုမှ ကျင့်ကြံသူ တချို့သည် အခန်းတစ်ခုထဲတွင် အစည်းအဝေး ပြုလုပ်နေကြသည်။
လူတိုင်း၏ မျက်နှာသည် သုန်မှုန်နေခဲ့ပြီး အခန်းအတွင်းရှိ လေထုသည် လေးလံ ထိုင်းမှိုင်းနေခဲ့၏။
“အားလုံးပဲ.. အခု နတ်ကုန်းမြေတိုက်မှာ နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူ တစ်ယောက် ရှိနေခဲ့ပြီ.. အခု ငါတို့ ဘာဆက်လုပ်သင့်လဲ”
အချိန်မည်မျှကြာသွားမှန်းပင် မသိရပေ။
မိုဝူလင်းသည် အဆုံးသတ်တွင် ခန်းမအတွင်းရှိ တိတ်ဆိတ်မှုကို ဖြိုခွင်းကာ စတင်စကားပြောလိုက်သည်။
“ငါတို့က တခြားဘာတတ်နိုင်ဦးမှာလဲ.. ဒီနေ့ခေတ် နတ်ကုန်းမြေတိုက်ကို ငါတို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု ကျူးကျော်ဖို့ လုံးဝ မဖြစ်နိုင်တော့ဘူး.. ငါ့ရဲ့ အမြင်အရတော့ ငါတို့ ထာဝရဟင်းလင်းပြင်ဆီ ပြန်ဆုတ်ပြီးမှပဲ အစီအစဥ်အသစ်ကို ပြန်ရေးဆွဲသင့်တယ်”
အဋ္ဌမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား တစ်ပါးက လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုမှ ကျင့်ကြံသူများသည် မထောက်ခံဘဲ မနေနိုင်ခဲ့ကြပေ။
ယခုတစ်ကြိမ်တွင် သူတို့သည် နတ်ကုန်းမြေတိုက်ကို အမြစ်ပြတ် ချေမှုန်းရန် အတွက် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ အဓိက အင်အားများကို စုစည်းကာ ချီတက်ခဲ့ကြသည်။
သို့သော်လည်း အဆုံးအဖြတ်အချိန်တွင် လူသားဧကရာဇ်နန်းတော်မှ လူသားဧကရာဇ် ကျန်းချန်သည် နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူနှင့် အတူ ပေါ်ထွက်လာခဲ့ပြီး စစ်ပွဲ၏ အခြေအနေကို ချက်ချင်းပင် ပြောင်းပြန်လှန်ပစ်ခဲ့သည်။
ယခု သူတို့ဘက်တွင် နဝမအဆင့် ဟင်းလင်းပြင် နတ်ဆိုးနတ်ဘုရား ဖြစ်သည့် အကြီးအကဲမိုချန်ယွိ ကျဆုံးသွားခဲ့ချေပြီ။
အကြီးအကဲ ၃၆ဦးနှင့် ခေါင်းဆောင် ၇၂ဦး တို့သည်လည်း နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများ၏ လိုက်လံတိုက်ခိုက်မှုအောက်တွင် ထက်ဝက်ကျော်ခန့် သေဆုံးသွားပြီ ဖြစ်ရာ သူတို့၏ အင်အားကို အကြီးအကျယ် ထိခိုက်ခဲ့သည်ဟု ဆိုနိုင်၏။
အကယ်၍ သူတို့သာ ဤနေရာတွင် ဆက်နေမည်ဆိုလျှင် နတ်ကုန်းမြေတိုက်ကို မကျူးကျော်နိုင်ရုံသာမက သူတို့ အားလုံး အမြစ်ပြတ် ချေမှုန်းခံရနိုင်ခြေ ရှိနေခဲ့သည် မဟုတ်ပါလား။
“ကောင်းပြီ.. ငါ အရင်ဆုံး မဟာနတ်ဆိုးဘုရင် ရှစ်ပါးကို ဆက်သွယ်ပြီး ဒီကိစ္စကို တင်ပြလိုက်ဦးမယ်”
မိုဝူလင်းက လက်တစ်ဖက်ကို ဝှေ့ယမ်းကာ လူတိုင်း၏ ဆွေးနွေးမှုကို ရပ်တန့်ရန် အချက်ပြလိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလိုပင် သူ၏ မျက်လုံးများကို မှိတ်ကာ ဆန်းကြယ်သော နည်းစနစ်တစ်ခုကို လျင်မြန်စွာ အသုံးပြုလိုက်သည်။
ခဏအကြာတွင် အနက်ရောင်ပုံရိပ် တစ်ခုသည် မိုဝူလင်း၏ ရှေ့တွင် တစ္ဆေတစ်ကောင်နှယ် ရိပ်ခနဲ ပေါ်ထွက်လာခဲ့၏။
ထိုအနက်ရောင်ပုံရိပ်မှာ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ မဟာနတ်ဆိုးဘုရင် ရှစ်ပါးထဲမှ တစ်ပါး ဖြစ်သော ကောင်းကင်အရိပ်နတ်ဆိုးဘုရင် ဖြစ်၏။
သူက မိုဝူလင်းနှင့် အခြားသူများကို ကြည့်ကာ မျက်မှောင် အနည်းငယ်ကြုတ်၍ ပြောလိုက်သည်။
“မိုဝူလင်း.. မင်းငါ့ကို ဒီလောက် အသည်းအသန် ဆက်သွယ်ရအောင် ဘာကိစ္စရှိလို့လဲ”
“ကောင်းကင်အရိပ်နတ်ဆိုးဘုရင်.. ဒီတစ်ကြိမ် နတ်ကုန်းမြေတိုက်ကို တိုက်ခိုက်တာ ကျွန်တော်တို့ဘက်က ရှုံးနိမ့်သွားခဲ့ပြီ”
မိုဝူလင်းက အနည်းငယ်မျှပင် ဖုံးကွယ်မထားဘဲ နတ်ကုန်းမြေတိုက်တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို ကောင်းကင်အရိပ် နတ်ဆိုးဘုရင်ထံ အလျင်အမြန် ရှင်းပြလိုက်သည်။
“နတ်ကုန်းမြေတိုက်မှာ မိုချန်ယွိကိုတောင် သတ်ပစ်နိုင်တဲ့ နတ်ဘုရင် နဝမအဆင့် ကျင့်ကြံသူ တစ်ယောက် ရှိနေသေးတယ်.. ဟုတ်လား”
နတ်ကုန်းမြေတိုက်၏ အခြေအနေကို သိလိုက်ရလျှင် မိုထျန်းယွီ၏ မျက်ဝန်းထဲတွင် အံ့ဩထိတ်လန့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
နတ်ကုန်းမြေတိုက်တွင် နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူ ခုနစ်ဦးသာ ရှိသည်။
ထိုအစွမ်းထက် ပုဂ္ဂိုလ်ခုနစ်ဦးသည် ယခုအခါတွင် ထာဝရဟင်းလင်းပြင်၌ ရှိနေကြပြီး သူတို့ မဟာနတ်ဆိုးဘုရင် ရှစ်ပါးကို နတ်ကုန်းမြေတိုက်သို့ မလာနိုင်အောင် တားဆီးထားကြ၏။
သို့ဆိုလျှင် နတ်ကုန်းမြေတိုက်မှ ထိုနတ်ဘုရင် နဝမအဆင့်ကျင့်ကြံသူသည် မည်သည့်နေရာက ထွက်ပေါ်လာပါသနည်း။
“ဒါက ယုံနိုင်စရာမရှိပေမဲ့ အမှန်တရားပါပဲ”
မိုဝူလင်းက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်ကာ ပြောလိုက်သည်။
“ကျေးဇူးပြုပြီး မဟာနတ်ဆိုးဘုရင် ညွှန်ကြားချက်ပေးပါဦး.. ကျွန်တော်တို့ နောက်ထပ် ဘာဆက်လုပ်သင့်လဲ”
“နတ်ဘုရားနယ်မြေက ပြန်လည်နိုးထလာနေပြီ.. သိပ်မကြာခင်မှာ သူတို့က အရင်ကလို ခမ်းနားထည်ဝါတဲ့ အခြေအနေဆီ ပြန်ရောက်သွားလိမ့်မယ်.. ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုအနေနဲ့ နောက်ဆုတ်စရာ မရှိတော့ဘူး.. ဒီတိုက်ပွဲက ငါတို့ ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု အတွက် နောက်ဆုံး အခွင့်အရေးပဲ”
ကောင်းကင်အရိပ် နတ်ဆိုးဘုရင်က ခဏမျှ တိတ်ဆိတ်သွားပြီးမှ ပြောလိုက်သည်။
“မင်းတို့ ဟင်းလင်းပြင် နတ်ဆိုးအသိုက်အမြုံမှာပဲ စောင့်နေကြပါ.. မင်းတို့ နတ်ကုန်းမြေတိုက်ကို သိမ်းပိုက်နိုင်အောင် အကူညီပေးဖို့ အတွက် အနှိုင်းမဲ့သန်မာတဲ့ ကျင့်ကြံသူ တစ်ယောက်ကို သိပ်မကြာခင် ငါတို့ စေလွှတ်ပေးမယ်”
အခန်း(၂၄၂၆)ပြီး၏။