← Chapters

အခန်း (၆၅၂-၆၅၄)

Vol. 44 Ch. 652-654

အခန်း (၆၅၂-၆၅၄)

Vol. 44 Ch. 652-654

အခန်း (၆၅၂) ထူးခြားအံ့ဖွယ်စွမ်းအား၏ အထွတ်အထိပ်

“ခင်ဗျားက ကပ်ဘေး မလှုံ့ဆော်မိတာ အံ့ဩမိသား ” ကျန့်ဝမ်ရွှီက ပြောလိုက်သည်။

“ ခင်ဗျားလည်း အတူတူပဲ” လုကျိုးက ကျန့်ဝမ်ရွှီသည် သူ့ကိုယ်ပိုင် ပွင့်ချပ်ကိုးလွှအဆင့်ကို ဖိနှိပ်ဖို့ မည်သည့်နည်းလမ်း သုံးထားကြောင်း သိချင်မိသည်။ အကယ်၍ ပွင့်ချပ်ကိုးလွှာအဆင့်သာ ကပ်ဘေးကို အမှန်တကယ် ဖြစ်ပေါ်စေခဲ့လျှင် သူက အဘယ်ကြောင့် ကပ်ဘေးကို မဖြစ်စေခဲ့သနည်း။

ကျန့်ဝမ်ရွှီက ပြောလိုက်သည် “ကျုပ်မှာလည်း ကိုယ့်နည်းလမ်းနဲ့ကို ရှိတာပေါ့”

သူက ထပ်မံ လက်ဝေ့လိုက်သည်။

လို့လန်ရှေးဟောင်းမြို့တော်၏ အပြင်ဘက်တွင် ကျင့်ကြံသူများက တန်းစီလျက် သူတို့ဆီ ချီတက်လာနေသည်။

လေထုထဲ မီတာရာချီ အရှည်ရှိသည့် ရထားလုံးပျံလေးခုကလည်း သူတို့ဆီ ပျံသန်းလာနေသည်။

ကျန့်ဝမ်ရွှီ၏ ပုံရိပ်က ရထားလုံးပျံများထက် မြင့်တက်သွားသည်။

လုကျိုးလည်း မြင့်တက်လာ၏။ သူက မြင့်မြင့် ပျံသန်းလေလေ ပိုမို မြင်ရလေလေ ဖြစ်၏။

ရထားလုံးပျံလေးခုနှင့် ကျင့်ကြံသူများစွာက ရှေးဟောင်းမြို့တော်ကို ဝိုင်းထားကြသည်။ မြင်ကွင်းတွင် သေမျိုးများ ရှိမနေပေ။

“လို့လန်က အထွတ်အထိတ်မှာ ရှိခဲ့တုန်းက တာ့ယန်က လျော့မတွက်ရဲခဲ့ဘူး။ ကျုပ်က ခင်ဗျားအတွက် ဒီတိုင်းပြည်လေးခုကို ပြင်ဆင်ထားခဲ့တာပဲ။ တကယ်လို့ ကျုပ်ကို တိုက်ချင်ရင် ခင်ဗျား သူတို့ကို ဖြတ်ကျော်ရမယ် ” ကျန့်ဝမ်ရွှီက လုကျိုးထံ ပြောလိုက်သည်။

ရထားလုံးပျံလေးခုက နီးကပ်လာနေသည်နှင့်အမျှ တဝီဝီ မြည်လာသည်။ သူတို့က ရှေးဟောင်းမြို့တော်ဆီ အတားအဆီးမရှိ ရောက်လာကြသည်။

လုကျိုးက ရထားလုံးပျံများအား ကြည့်ကာ ပြောလိုက်သည် “ အစုတ်အပြတ်တွေပါပဲ ”

“ခင်ဗျားရဲ့ ယုံကြည်ချက်ကိုတော့ လေးစားမိသား … ခင်ဗျား တခြားလူတွေကို သတိပေးဖို့ ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ စွမ်းအားကို ထုတ်ဖော်နိုင်ဖို့ မျှော်လင့်ပါတယ်” ကျန့်ဝမ်ရွှီက ပျံသန်းထွက်သွားသည်။

လုကျိုးက မတိုက်ခိုက်လိုက်ပေ။ သူက ကျန့်ဝမ်ရွှီ ရှိမည့်နေရာကို ရှာဖို့ လိုအပ်နေ၏။

ထိုစဉ် မင်ရှစ်ရင်၊ ယွီကျန့်ဟိုင်၊ လန်လော့နှင့် ဖန်လီထန်းတို့က လုကျိုးအနား ပျံသန်းလာကြသည်။

မင်ရှစ်ရင်က မဟာမိတ်တိုင်းပြည်လေးခုမှ အုပ်စုကို မြင်လိုက်သည့်အခါ အံ့အားသင့်သွားမိသည်။ သူက ပြောလိုက်၏။

“ တော်ဝင်မင်းဆရာက ထောင်ချောက် ဘယ်လိုဆင်ရမလဲ သိသားပဲ။ ဒါက လှည့်စားနေတာပဲ ”

မိစ္ဆာဝေဟင်မျှော်နန်းမှ လူငါးယောက်က လေထဲ ဝဲပျံရင်း တိုင်းပြည်လေးခုမှ ကျင့်ကြံသူမြောက်များစွာကို ကြည့်လိုက်သည်။

“ယွီကျန့်ဟိုင်ကို ကာကွယ်ထား” လုကျိုးက ပြောလိုက်သည်။

“ရှစ်စွင်း စိတ်မပူပါနဲ့ ”

ယွီကျန့်ဟိုင်က အလျင်အမြန် ပြောလိုက်သည်။

“ကျွန်တော့်ကို စိတ်ထဲ မထားပါနဲ့”

ပုံမှန်အားဖြင့် တခြားလူများက သူ့ကို လျစ်လျူရှုထားကြလိမ့်မည်။ ယွီကျန့်ဟိုင်တွင် သူ့ကျင့်ကြံဆင့် မရှိသလို မှတ်ဉာဏ်များလည်း မရှိပေ။ သူက ကာကွယ်မှု လိုအပ်နေ၏။

ဘုရင်အန်းကွေ့လည်း ကောင်းကောင်း မစဉ်းစားနိုင်တော့ပေ။ အမတ်များလည်း ဆွံ့အမိနေကြ၏။

ရှေးဟောင်းမြို့တော်၏ ခံတပ်က တာ့ယန်၏ အကြီးကျယ်ဆုံး ကျင့်ကြံသူကြောင့် ပျက်စီးသွားလေပြီ။ သို့သော်လည်း သူတို့က ထိုမတိုင်ခင် သူတို့၏ ရပ်တည်မှုအကြောင်း ရှင်းလင်းထားနိုင်ခဲ့၏။

ဘွန်အာမိသားစု ခေါင်းဆောင် လန်ဟိုင်က ချက်ချင်း နောက်ဆုတ်လိုက်သည်။ သူက တော်ဝင်မင်းဆရာသည် ပုံရိပ်မျှသာ ဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

လို့လန်၏ လူများဆီမှ တုံ့ပြန်မှုများက လုကျိုး၏ မျက်စိအောက်မှ မလွတ်ပေ။ သူက ပြောလိုက်သည် “သူတို့ကို တိုက်ကြ”

“ ကျုပ် သွားဖမ်းလိုက်မယ် ” ရွှေရောင်သေရည်ဘူးသီးခြောက်က အလင်းတန်းများ တောက်ပလာသည်။ သူက ပြန်လည်ကျင့်ကြံထားသော်လည်း သူ့အဆင့်တူများထက် သာလွန်နေသေး၏။

ပိန်လှီနေသည့် ကုလားအုတ်တစ်ကောင်က မြင်းထက် ပိုကြီးမားသေးသည် မဟုတ်ပါလော။

ထိုအရာကို မြင်ပြီး လန်ဟိုင်က ကြောက်လန့်မိသွားသည်။ သူက မန္တန်တစ်ခု မြန်မြန် ထုတ်သုံးရင်း ထွက်ပြေးဖို့ ပြင်လိုက်သည်။

ရွှေရောင်သေရည်ဘူးသီးခြောက်ကက ရွှေရောင်အလင်းတန်းဖြင့် ထပ်မံ တောက်ပလာသည်။

ဘန်း

ထိုအရာက လန်ဟိုင်၏ ကျောဘက် ကျရောက်လာသည်။

လန်ဟိုင်သည် အစကတည်းက လုကျိုးကြောင့် ဒဏ်ရာရထားပြီးသား ဖြစ်၏။ သူက ကောင်းကင်အဆင့်လက်နက်ကို ကိုင်ဆောင်ထားသည့် ဖန်လီထန်းအတွက် ပြိုင်ဘက် မဟုတ်ပေ။ သူက သွေးတစ်ပွက် အန်လိုက်ရပြီး မြေပေါ် ပြုတ်ကျလာသည်။

ဖန်လီထန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ သူက လန်ဟိုင်အား ဖမ်းဆုပ်မည့် လက်ဝါးစည်းတံဆိပ်ကို ထုတ်လွှင့်လိုက်သည်။ သူက လုကျိုးဘေးနား ပျံသန်းလာလိုက်ပြီး “ ရုန်းမနေနဲ့ … မင်းကို သေတဲ့အထိ ရိုက်ပစ်လိုက်မှာ ”

ဖန်လီထန်း၏ စကားများက လန်ဟိုင်အား ကြောက်ရွံ့သွားစေသည်။

ထို့နောက် ဖန်လီထန်းက လန်ဟိုင်၏ ချီသွေးကြောရှစ်ခုလုံးကို စည်းပိတ်လိုက်သည်။ ယခု ကျင့်မင်တာအိုဂိုဏ်း၏ အထူးချွန်ဆုံး ပါရမီရှင်က လန်ဟိုင်၏ ကျင့်ကြံဆင့်ကို စည်းပိတ်လိုက်ပြီဖြစ်၍ လန်ဟိုင်သည် ချိုးဖောက်ဖို့ အခွင့်အရေး မရှိတော့ပေ။

ထိုစဉ်

ရထားလုံးပျံလေးခုက ရှေးဟောင်းမြို့တော်အထက် ရပ်တန့်သွားပြီး ပုံရိပ်လေးခု ဆင်းသက်လာသည်။ သူတို့က လုကျိုးနှင့် ပေတစ်ရာအကွာတွင် ရပ်လိုက်ပြီး စက်ဝန်းပြတ် အနေအထား နေရာ ယူထားလိုက်၏။

“ ရှန်မူတိုင်းပြည်ရဲ့ အာဝမ်က တော်ဝင်မင်းဆရာ အမိန့်နဲ့ လာတိုက်တာပါ ”

“ ဝူချန်းတိုင်းပြည်က ဘာစစ်က တော်ဝင်မင်းဆရာ အမိန့်နဲ့ တိုက်ဖို့ ရောက်လာတာပါ”

“ နျဲအာတိုင်းပြည်ရဲ့ ကူပေါ်က တော်ဝင်မင်းဆရာ အမိန့်နဲ့ တိုက်ဖို့ ရောက်လာတာပါ ”

“ရို့လီတိုင်းပြည်ရဲ့ ရှားကျီက တော်ဝင်မင်းဆရာ အမိန့်နဲ့ တိုက်ဖို့ ရောက်လာတာပါ”

လေးယောက်လုံးက အားကောင်းသည့် အငွေ့အသက်မျိုး ရှိထားသည်။ သူတို့၏ တိုက်ပွဲစိတ်ဓာတ်က တောက်လောင်နေပြီး အကြည့်များတွင်ပင် စိတ်လှုပ်ရှားမှုအပြည့် ဖြစ်နေသည်။

ရို့လီပြည်သား ရှားကျီက လှုပ်ရှားဖို့ မစောင့်နိုင်တော့ပေ။ ရို့လီစစ်သူကြီး ကာရိုး သေဆုံးမှုက ရို့လီပြည်သားများကို ဒေါသထွက်စေခဲ့သည်။ ထို့အပြင် လျန့်စီရင်စုအတွင်း အကျဉ်းသားတစ်သောင်း ရှိနေလေသည်။

လုကျိုးက သူတို့လေးယောက်အား ကြည့်လိုက်ကာ “ငါက အမြဲတမ်း သက်ညှာပေးတယ်။ မင်းတို့ အခုပြန်သွားမယ်ဆိုရင် မင်းတို့အသက်ကို ထိန်းထားနိုင်တယ်”

“ မြားက ချိန်ရွယ်ပြီးမှတော့ ပစ်လွှတ်ဖို့ပဲ ကျန်ပါတော့တယ်”

“ဒီနေ့ ကျုပ်တို့ထဲက တစ်ယောက် သေမှ ဖြစ်မယ်”

အားကောင်းသည့် တော်ဝင်မင်းဆရာက သူတို့ကို ထောက်ပံ့ပေးထားလေရာ သူတို့အနေနှင့် ထိုအခွင့်အရေးကို မည်သို့လက်လွှတ်ခံနိုင်မည်နည်း။

ထိုစဉ် ရထားလုံးပျံလေးခုဆီမှ တိုက်ပွဲစည်သံများ ထွက်ပေါ်လာသည်။

ရှားကျီက ပြောလိုက်၏ “ တခြားတိုင်းပြည် ခုနှစ်ခုကလည်း ကောင်းကင်ကျုံးကို လာတဲ့လမ်းမှာ ရောက်နေပြီ။ ခင်ဗျားက ပွင့်ချပ်ကိုးလွှာအဆင့် ဆိုရင်တောငါ် ဒီလောက်အဝေးကြီးက လူတွေကို မကယ်နိုင်ပါဘူး ”

“တော်ဝင်မင်းဆရာက ဒီနေ့ စောင့်ကြည့်နေတယ်။ တော်ဝင်မင်းဆရာက ပွင့်ချပ်ကိုးလွှာအဆင့်ကို လွန်ခဲ့တဲ့ ရာစုနှစ်ကတည်းက ရောက်ခဲ့ပြီးသား ငါတို့ ဘာတွေစောင့်နေကြဦးမှာလဲ ”

လုကျိုးက ထိုကျင့်ကြံသူလေးယောက်ကို လေ့လာကြည့်လိုက်သည်။ ကျန့်ဝမ်ရွှီက သူတို့အား ကောင်းကောင်း ဦးနှောက်ကျင်းထားဟန်ပေါ်သည်။

ရှန်မူတိုင်းပြည်၏ အာဝမ်က ဓားမော့တစ်ချောင်း ဆွဲကိုင်ကာ ကျယ်ကျယ်လောင်လောင် ကြေညာလိုက်သည်။ “ ငါ အရင်သွားမယ်”

သူက ဓားမော့ကို လက်နှစ်ဖက်ဖြင့် ကိုင်ရင်း စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်သည်။

ဝှစ်

ကြာမဲ့ ကျားသစ်ဘုရင် စိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်လာပြီးနောက် ပြန်လည် ပျောက်ကွယ်သွားသည်။ အာဝမ်က သူ့အင်အားကို ကြွားလုံးထုတ်ချင်နေမှန်း သိသသာလှသည်။ သူ့စိတ်ဝိညာဉ်သဏ္ဌာန်ဘေးနားရှိ ပွင့်ချပ်ရှစ်လွှာက သူ့ကျင့်ကြံဆင့်ကို သွေဖယ်နေ၏။

သူက ပွင့်ချပ်ရှစ်လွှာနှင့် တစ်ဝက်အဆင့် ဖြစ်နေနိုင်သည်။

လုကျိုးက မုတ်ဆိတ်သပ်လိုက်သည်။ ကြည့်ရသည်မှာ ကျန့်ဝမ်ရွှီက သူ့အား အသုံးပြုကာ အလားအလာရှိသည့် ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူများကို သတ်ဖို့ ကြံရွယ်ထားဟန်ပေါ်၏။

“ငါ လာပြီ” အာဝမ်က ဖြတ်ခနဲ မီတာငါးဆယ်အရှေ့သို့ ရောက်လာသည်။ သူ ပေါ်ထွက်လာသည့်အခါ သူ့ကျားသစ်ဘုရင် စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် ပေါင်းစပ်သွားသည်။ သူက ဓားမော့ကို ကိုင်ဆောင်ရင်း စွမ်းအင်ဓားမော့က ကျယ်ပြန့်လာသည်။ ကြည့်ရသည်မှာ ကောင်းကင်ကိုပင် ထိုးဖောက်သွားတော့မည့်အလား ဖြစ်၏။ သူက ခုန်လိုက်ပြီးနောက် ဓားမော့ဖြင့် ခုတ်ချလိုက်သည်။ စွမ်းအင်ဓားမော့က ခေါင်းဖြတ်စက် ကျဆင်းလာသကဲ့သို့ ဖြစ်၏။

လန်ဟိုင်က ထိုမြင်ကွင်းကြောင့် ကျောက်ရုပ်နီးပါး တုံ့ဆိုင်းနေမိသည်။

တစ်ဖက်တွင် အကြီးအကဲနှစ်ဦး၊ မင်ရှစ်ရင်နှင့် ယွီကျန့်ဟိုင်တို့က နည်းနည်းလေးမှ မတုန်လှုပ်‌ပေ။

ထိုစွမ်းအင်ဓားမော့က လုကျိုးဆီ ကျရောက်လာသည်။

ထိုစဉ် လုကျိုးက ညာဘက်လက်မှ လက်နှစ်ချောင်းကို မြောက်လိုက်သည့်အခါ အပြာရောင်အလင်းတန်းတစ်ခု တောက်ပလာသည်။

ဘန်း

စွမ်းအင်ဓားမော့က ဆက်မလှုပ်လာတော့ပေ။

အားလုံးက လုကျိုးအပေါ် အာရုံစိုက်ထားကြသည်။ သူ့ဘယ်ဘက်လက်က နောက်ကျောဘက် ပစ်ထားဆဲ ဖြစ်၏။ သူ့က ညာဘက်လက်ကို အသာမြောက်လိုက်သည့်အခါ စွမ်းအင်ဓားမော့ကြီးကို လက်နှစ်ချောင်းတည်းဖြင့် ဘာမှအားမစိုက်လိုက်ရဘဲ ဖမ်းယူနိုင်ခဲ့သည်။

အာဝမ်က အံ့အားသင့်နေမိ၏။ သူက ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူသည် အားကောင်းမှန်း သိထားသော်လည်း လုကျိုးသည် အပြည့်အဝ ထုတ်ဖော်ထားသည့် သူ့တိုက်ကွက်ကို တားဆီးနိုင်လိမ့်မည်ဟု မထင်ထားမိခဲ့ပေ။ သူက အသိပြန်ဝင်လာသည့်အခါ ဓားမော့ကို ပြန်ဆွဲယူဖို့ ကြိုးစားလိုက်သည်။ သို့သော် သူက မလှုပ်ရှားနိုင်ကြောင်း သိလိုက်ရ၏။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …

အာဝမ်က ကနဦးချီကို တိုးမြင့်လိုက်လျှင်ပင် သူ့ဓားမော့က မလှုပ်မယှက် ကျန်ရှိနေဆဲ ဖြစ်၏။

လက်နှစ်ချောင်းတည်းဖြင့် ဓားမော့ကို ဆုပ်ကိုင်ထားသော လူအိုကြီးက အင်မတန် တည်ငြိမ်နေသည်။

သိပ်မကြာခင် လုကျိုးက ဖျတ်ခနဲ လှုပ်ရှားလိုက်သည်။

မဟာနည်းစနစ် …

အာဝမ်က အာရုံစိုက်များနေစဉ် လုကျိုးက သူ့ဘေးမှ ဖြတ်သွားလေသည်။

အာဝမ်က ကြက်သီးတဖြန်းဖြန်း ထသွားပြီး ဆံပင်များပင် ထောင်မတ်ကုန်သည်။

သွားပြီ …

သူက ဓားဖြင့် ကာကွယ်လိုက်ရသည့်အတွက် စွမ်းအင်ဓားမော့က ကြေမွသွားလေသည်။

ဘန်း

လုကျိုးက အာဝမ်အနောက်သို့ လျှပ်စီးအလား ဖြတ်ခနဲ ရောက်လာသည်။ သူက လက်ထဲတွင် အမည်မဲ့ကို ကိုင်ဆောင်ထား၏။

တခြားသုံးယောက်ကတည်းက ကျိုးပဲ့လွယ်နေဟန်ပေါ်သည့် လူအိုကြီးအား လှမ်ကြည့်လိုက်ကြသည်။

အာဝမ်က လုကျိုးကို နောက်ကျောပေးထားသည်။ သူက အေးခဲသွားဟန်ပေါ်၏။ သူက ဓားမော့ကို လက်နှစ်ဖက်ဖြင့် ကိုင်ဆောင်ထားဆဲ ဖြစ်၏။

“အာဝမ်” ရှန်မူတိုင်းပြည်၏ ရထားလုံးပျံဆီမှ အသံလှိုင်းတစ်ခု ထွက်ပေါ်လာသည်။

အသံလှိုင်း ဖြတ်သန်းသွားသည့်အခါ ဓားမော့က နှစ်ခြမ်းကွဲသွားသည်။ တစ်ချိန်တည်းဆိုသလို အာဝမ်၏ ခန္ဓာကိုယ်လည်း နှစ်ပိုင်း ကွဲသွား၏။ ထို့နောက် အမှိုက်ကဲ့သို့ သူ့သွေးများက ကျဆင်းလာကာ မြေပေါ် ပြုတ်ကျသွားသည်။

“တင်း ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ် ”

လုကျိုးက တစ်ဖက်လူအား တစ်ချက်တည်းဖြင့် အလွယ်လေး သတ်နိုင်ခဲ့သည်။ ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူကို မည်သူကများ ယှဉ်နိုင်မည်နည်း။

လက်ရှိ လူအများစုက ပွင့်ချပ်ကိုးလွှာအဆင့်သည် အားကောင်းကြောင်း သိထားကြသော်လည်း သူတို့ထင်ထားသည်ထက် ကျော်လွန်နေသည်။ သူက ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူကို တစ်ချက်တည်းဖြင့် သတ်ပစ်ခဲ့၏။

မမျှတလိုက်တာ …

လေပြင်းတစ်ချက် ဝေ့တိုက်လာသည့်အခါ လုကျိုး၏ ဝတ်ရုံက တလူလူ လွင့်နေသည်။ သူ့ကြည့်ရသည်မှာ အမတအရှင်အလား ဖြစ်၏။

တခြားလူများက မနည်းအသက်ရှုလိုက်ကြရသည်။

ထိုစဉ် ရထားလုံးပျံလေးခုနောက်မှ ရင်းနှီးပြီးသား အသံတစ်ခု ထွက်ပေါ်လာသည် “ဆက်လုပ်”

“တော်ဝင်မင်းဆရာက ငါတို့ကို ဆက်လုပ်ဖို့ အမိန့်ပေးနေတယ်”

“ငါ အရင်သွားမယ်” ဘာစစ်က အော်ရင်း ပျံသန်းသွားလိုက်သည်။ သူက ကျားဘုရင် စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် ပေါင်းစပ်လိုက်သည်။ သူ့လက်မောင်းရှိ ကြွက်သားများက ချက်ချင်းဆိုသလို ပိုကြီးလာ၏။ သူက ခုန်ထွက်လာ၏။ ရွှေကြာ၏ အတားအဆီးမရှိဘဲ ပွင့်ချပ်ရှစ်လွှာ ကျားဘုရင် စိတ်ဝိညာဉ်သဏ္ဌာန်က ယခုအခါ အချုပ်အနှောင် မရှိတော့ပေ။

လုကျိုးက ညာဘက်လက်ကို အသာမြောက်လို်သည်။ အမည်မဲ့ဝန်းကျင်တွင် အနက်ရောင်သင်္ကေတများ ပေါ်ထွက်လာသည်။ သူက မြင်ကွင်းထဲမှ မပျောက်ကွယ်သွားခင် ဝေဝေဝါးဝါး လှုပ်ရှားမှုသာ ရှိလိုက်သည်။

ဘာစစ်က ပြောလိုက်၏ “ငါ ဒါကို စောင့်နေတာ”

သူက လွှမ်းမိုးနိုင်သည့် အသံလှိုင်းကို ထုတ်လွှင့်လိုက်သည်။ သူ့အော်သံက ကောင်းကင်ကိုပင် ပဲ့တင်ထပ်သွားစေသည်။

ထိုအရာက အသံလှိုင်းမျှ ဖြစ်သော်လည်း တခြားလူများက သူတို့ဆီ လှိမ့်ဝင်လာသလိုမျိုး ခံစားလိုက်ရသည်။

“အားကောင်းလိုက်တဲ့ အသံလှိုင်းနည်းစနစ်ပဲ ”

အသံက လုကျိုး ကျားဘုရင်ဘေး ပေါ်ထွက်လာသည့်အခါ မှေးမှိန်သွားသည်။ သူက မထူးမခြားနား အမူအရာဖြင့် ညာဘက်လက်ကို ဝေ့ယမ်းလိုက်သည်။

“တားဆီးစမ်း” ဘာစစ်က လက်ကို မြောက်လိုက်သည်။

ဓားပူတစ်ချောင်းက ထောပတ်ကို လှီးလိုက်သကဲ့သို့ အမည်မဲ့က ကျားဘုရင် စိတ်ဝိညာဉ်သဏ္ဌာန်၊ အာဝမ်၏ လက်မောင်းနှင့် အပေါ်ပိုင်းကို ပိုင်းဖြတ်သွားသည်။

တိုက်ပွဲက အဆုံးသတ်သွားလေပြီ။

ဘာစစ်၏ နှုတ်ခမ်းများက တုန်ယင်လာပြီး မျက်ဝန်းအထက် အကြောက်တရား ပြည့်နှက်လာသည်။ သူက ယုံကြည်ဖို့ ခက်ခဲနေမိသည်။

“ ဒီလိုအသံလှိုင်းနည်းစနစ်မျိုးနဲ့ငါ့ကို ဒဏ်ရာပေးနိုင်တယ်များ ထင်နေလား ”

“…”

“တင်း ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် ၁၅၀၀ ရရှိပါတယ်”

ကျန်ရှိနေသည့် ကျင့်ကြံသူနှစ်ယောက်ဖြစ်သည့် ကူပေါ်နှင့် ရှားကျီတို့က တုန်လှုပ်နေကြသည်။ ပွင့်ချပ်ရှစ်လွှာအဆင့် ကျင့်ကြံသူတစ်ယောက်က တစ်ချက်တည်းဖြင့် အသတ်ခံခဲ့ရသည်။ သူတို့က မည်သို့ မကြောက်ဘဲ နေမည်နည်း။ သူတို့က စောစောလေးက အမိန့်ထွက်လာသည့် နေရာသို့ လှမ်းကြည့်လိုက်ကြသည်။

တော်ဝင်မင်းဆရာ၏ အသံက အချိန်ကိုက် ထွက်ပေါ်လာသည်။

“သူ့ဆီ အတူတူ တက်ပြီး တိုက်ကြ ”

လုကျိုးက ထူးခြားအံ့ဖွယ်စွမ်းအားကို စစ်ဆေးကြည့်လိုက်သည်။ သူက ကျင့်ကြံသူနှစ်ယောက်ကို သတ်ခဲ့သည်။ သူက အမည်မဲ့ကို အသုံးပြုခဲ့သော်လည်း ထူးခြားအံ့ဖွယ် စွမ်းအား တစ်ဝက်လောက် ရှိနေသေး၏။ သူက သူတို့၏ တွဲဖက်နှစ်ယောက်ကို သတ်လိုက်ပြီး၍ ထိုနှစ်ယောက်သည် သူ့ဆီ ရင်ဆိုင်ဖို့ သတ္တိရှိလိမ့်မည်ဟု မထင်ထားမိပေ။

ကူပေါ်နှင့် ရှားကျီတို့က အတူတူ တိုက်ခိုက်လိုက်ကြသည်။

တစ်ချိန်တည်းဆိုသလို ရထားလုံးပျံလေးခုမှ ကျင့်ကြံသူများစွာကလည်း ခုန်ဆင်းလာကြသည်။

ဆယ်ကမ္ဘာစိတ်ဝိညာဉ်သဏ္ဌာန်များ၊ ယင်ယန်အသွင်ပြောင်းခြင်းကိုးပါး စိတ်ဝိညာဉ်သဏ္ဌာန်တို့က လုကျိုးဆီ ချီတက်လာကြသည်။ နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်အဆင့် ကျင့်ကြံသူ လက်တစ်ဆုပ်စာလောက်လည်း ရှေ့တိုးလာကြသည်။ သူတို့က ကျိုင်းကောင်အုပ် ကပ်ဘေးလိုမျိုး ဖြစ်၏။

…

အခန်း (၆၅၃) ပွင့်ချပ်ကိုးလွှာကျင့်ကြံသူများကြားရှိ တိုက်ပွဲတစ်ပွဲ

လုကျိုး၌ အထွတ်အထိပ်အသွင်ကတ်မရှိခဲ့လျှင် သူသည် နောက်ပြန်ဆုတ်ဖို့ ရွေးမိလောက်သည်။ အတိတ်တုန်းက သူ၏တပည့်များနှင့်အကြီးအကဲများက သူ့အတွက် တိုက်ခိုက်ပေးနေကျ ဖြစ်သည်။ သို့သော် ယနေ့တွင်မူ မလိုအပ်တော့ပေ။

လုကျိုးသည် တဖြည်းဖြည်းချင်း မော့ကြည့်လိုက်စဉ် ကျင့်ကြံသူများသည် ကျိုင်းကောင်အုပ်များပမာ သူ့ဆီသို့ပျံသန်းလာလေ၏။

“ရှေးယခင်ကကာလတည်းက သွေးမထွက်ဘဲ အနိုင်ရတဲ့ ငြိမ်းချမ်းမှုဆိုတာ မရှိခဲ့ဘူး။ ငြိမ်းချမ်းတဲ့မြေရဲ့ ရွှံစေးအောက်ကို တူးဖော်လိုက်ရင် လူ့အရိုးတွေကို သေချာပေါက်ရှာတွေ့မှာပဲ။ လူတွေက စစ်မြေပြင်ပေါ် ရောက်လာပြီး တောရိုင်းတိရစ္ဆာန်ကို မောင်းထုတ်ရင်း သူတို့ရဲ့အိမ်တွေကို ကာကွယ်ပြီး သူတို့ရဲ့မြေတွေကို ကာကွယ်ရင်းနဲ့ နယ်စပ်ကို ထိန်းချုပ်ထားကြတယ်၊ သူတို့ကိုသတ်”

အမှန်တရားဟူသည် အရေအတွက်များသည့်အပေါ်တွင် မူတည်သည်။

လူတစ်ယောက်သည် ဂိုဏ်း၏တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့လျှင် သူတို့သည်လည်း တစ်သားတည်း ဖြစ်လာပြီး မျက်ကန်းဖြစ်ကုန်ကာ ခေါင်းမာမာဖြင့် ရှေ့တိုးကြလိမ့်မည်။ သူတို့အတွက် စဉ်းစားဆင်ခြင်နိုင်စွမ်းအလွယ်တကူဆုံးရှုံးနိုင်ပြီး သူတို့အတွက် တိကျသည့်သက်သေကို အားလုံးသည် ဆင်ခြင်တုံတရားကင်းမဲ့သည့် အရူးများသာဖြစ်သည်။

ထိုကျင့်ကြံသူတစ်ခုသည် လုကျိုးက နောက်ဆုတ်ရမည့်အစား ရှေ့တိုးလာတာကို မြင်ချိန်၌ ထိတ်လန့်အံ့အားသင့်သွားသည်။ သူသည် စွမ်းအားကို ထုတ်ဖော်လျက် ကျိုင်းကောင်အုပ်ကြီးဆီသို့ တစ်ဟုန်ထိုး တိုးဝင်သွားတော့သည်။

စွမ်းအင်ဓားမော့များနှင့် စွမ်းအင်ဓားများသည် ယခုအချိန်၌ စုဝေးလာကာ ပြင်းထန်စွာ တိုက်ခိုက်တော့သည်။

ထိုစဉ် လုကျိုး၏စွမ်းအင်သည် အပြာရောင်တောက်ပလာပြီး သူ့ဆီရောက်လာသည့် တိုက်ကွက်များအားလုံးကို ဟန့်တားလိုက်၏။ သူသည် ရှေ့သို့ ဆက်သွားစဉ် ကျိုင်းကောင်အုပ်၏ အလယ်သို့ ရောက်သွား၏။ အပြာရောင်ကြာပွင့်သည် သူ့ခြေထောက်အောက်၌ ဖူးပွင့်နေကာ သူ၏ခန္ဓာကိုယ်သည် အပြာရောင်အလင်းဖျော့ဖျော့ဖြင့် တောက်ပလာ၏။

အရာအားလုံးကို တိတ်ဆိတ်စေသည့် စွမ်းအားရရှိရန် သမာဓိကို ထိန်းသိမ်းထားရမည်။ အလင်းနှင့်အရိပ်ကို ပျံ့နှံ့စေကာ သမာဓိရှိရှိ နေရပေမည်။

အရာအားလုံးကို တိတ်ဆိတ်စေသော စွမ်းအားပေတည်း။

အပြာရောင်ကြာပွင့်သည် ဖူးပွင့်လာချိန် နျဲအာတိုင်းပြည်၏ ကူပေါ်က လက်ထဲတွင် အနီရောင် ဓားမြှောင်ဖြင့် ရှေ့တက်လာ၏။ သူက အော်ပြောလိုက်သည်။ "မင်းက ငါတို့ထောက်ချောက်ထဲ ကျသွားပြီ။ ဒါက သာလွန်ကောင်းကင်အဆင့် အစက်အပြောက်မဲ့ ဓားမြှောင်ပဲ။ တော်ဝင် မင်းဆရာပေးထားတဲ့ ဓားပဲ”

“ဟမ်” လုကျိုးသည် သူ၏မျက်လုံးထောင့်ကနေ ကူပေါ်ကိုကြည့်ရုံသာ ကြည့်ပြီး အပြာရောင်ကြာပွင့်မှာ ပွင့်ချပ်များသည် အစက်အပြောက်မဲ့ဓားမြှောင်ကိုကိုင်ဆောင်ထားသည့် ကူပေါ်ဆီသို့ ပစ်ခွင်းသွားတော့၏။

ဘန်း

တိတ်ဆိတ်ခြင်းစွမ်းအားသည် ချေမှုန်းတိုက်ခိုက်လိုက်၏။ ရန်သူနှင့်မိတ်ဆွေမခွဲခြားပေ။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

“တင်း ... နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်ပစ်မှတ် ငါးယောက်သတ်ပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ငါးထောင်။ နတ်ဒေဝါဦးတည်နယ်ပယ်ပစ်မှတ် နှစ်ရာ့တစ်ဆယ်သတ်ပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် နှစ်ထောင့်တစ်ရာ။ ကျန်သည့်သတ်ဖြတ်မှုများအတွက် ဆုမရရှိပါ”

အလောင်းများက မြေပြင်ပေါ်ပြုတ်ကျလာ၏။

ဦးစွာတိုက်ခိုက်လာသည့် နျဲ့အာတိုင်းပြည်မှ ကူပေါ်သည် သူ၏လက်ပြတ်ကျသွားတာကို ကြည့်နေရ၏။ အစက်အပြောက်မဲ့ ဓားမြှောင်ကလည်း လေထဲပြုတ်ကျသွားသည်။

လုကျိုးသည် သူ၏လက်ထဲတွင် ဓားမြှောင်ကို ဖမ်းလိုက်သည်။

“တင်း ... သာလွန်ကောင်းကင်အဆင့်လက်နက် အစက်အပြောက်မဲ့ဓားမြှောင်ကို ရရှိပါပြီ။ ပိုင်ရှင်ကျန့်ဝမ်ရွှီ။ အသုံးမပြုခင် သန့်စင်ရန် လိုအပ်ပါသည်”

“မဟုတ်ဘူး” ကူပေါ်က ကြည့်နေစဉ် ပြုတ်ကျလာလေ၏။ အစက်အပြောက်မဲ့ဓားမြှောင်ကို ဆုံးရှုံးရခြင်းသည် သူ၏ဒဏ်ရာကို မေ့လျော့သွားစေ၏။ သူသည် အပြည့်အဝဖူးပွင့်နေသော အပြာရောင်ကြာပွင့်ကိုကြည့်မိချိန်တွင် သူ မျက်လုံးထဲ၌ ကြောက်ရွံ့မှုများပြည့်နေ၏။

ကျွီ ကျွီ ကျွီ

ရထားလုံးပျံ လေးစင်းကလည်း အသံတိတ်စွမ်းအား၏ သက်ရောက်မှုကြောင့် ယိမ်းခါသွား၏။ သူတို့၏ဘောင်များက ထိခိုက်ကာ ပဲ့များကလည်း ကျိုးပဲ့ကုန်၏။

သူတို့၏ရဲဘော်ရဲဘက်များစွာကို ဆုံးရှုံးပြီး ကျန်ရှိနေသည့်သူများသည် ရထားလုံးပျံကို လေထဲပျံသန်းနိုင်အောင်ထိန်းထားဖို့သာ တတ်နိုင်၏။ လေထဲတွင်လှုပ်ရှားဖို့ကတောင် ခက်ခဲနေလေ၏။

လေထဲတွင် ကျိုင်းကောင်များမရှိတော့လေရာ မိုင်တစ်သောင်းအထိကောင်းကင်က ကြည်လင်သွားတော့သည်။

လုကျိုးသည် အစက်အပြောက်မဲ့ဓားမြှောင်ဖြင့် ဆော့ကစားနေလေ၏။

လက်ရွေးစင်လေးဦးထဲတွင် ရို့လီမှ ရှားကျီသာကျန်ရစ်သည်။

ရှားကျီသည် လေထဲမီတာတစ်ရာနောက်ဆုတ်လိုက်၏။ သူတို့၌ တော်ဝင်မင်းဆရာ၏ ပံ့ပိုးမှုရှိနေသော်ငြား သူတို့ခွန်အားနှင့် လုကျိုးကြားကွာဟချက်က အလွန်သိသာသည်။ လုကျိုး၏ခွန်အားကို မျက်မြင်တွေ့ပြီးနောက် အရည်အတွက်တစ်ခုတည်းဖြင့် အနိုင်ရနိုင်သည့်တိုက်ပွဲဟု သူ မထင်တော့ပေ။ သူက အနည်းငယ်ပျာယာခတ်သွားပြီးပြောလိုက်၏။

“တော်ဝင်မင်းဆရာ အခု ပေါ်လာရမဲ့အချိန်တန်ပါပြီ”

ရှားကျီလက်ခံရရှိလိုက်သည့် တစ်ခုတည်းသော တုံ့ပြန်မှုက တိတ်ဆိတ်မှုဖြစ်နေသည်။

လုကျိုးက ရှေ့တိုးလာ၏။ သူက ရထားလုံးပျံလေးစင်းကို လေ့လာလိုက်သည်။ သုံးခါ တိုက်ခိုက်ပြီးနောက် မဟာမိတ်တိုင်းပြည်လေးခု၏ တပ်ဖွဲ့တစ်ဝက်က ရှင်းထုတ်ခံလိုက်ရသည်။ အထူးသဖြင့် သူတို့၏ပင်မတပ်ဖွဲ့ဖြစ်ကာ သုံးယောက်က ဆုံးရှုံးသွားသည်။ ဗြဟ္မာပင်လယ်ကျင့်ကြံသူ မည်မျှများစွာ သူ့ဆီရောက်လာစေကာမူ ကွာဟချက်ရှိမှာ မဟုတ်ပေ။ နောက်ဆုံးတွင် သူက ရှားကျီကို ကြည့်လိုက်၏။ “ရို့လီရဲ့ ရှားကျီလား”

ဖန်လီထန်းက ဝင်ပြောလိုက်၏။

"ရို့လီရဲ့ရှားကျီ သူက ရှားမိသားစုထဲမှာ အဆင့်ရှစ်ပဲ”

လုကျိုးက ဆက်လက်ရှေ့တက်လိုက်သည်။

ရှားကျီသည် သူသည် အဆိုးရွားဆုံးအိမ်မက်ဆိုးနှင့် ရင်ဆိုင်နေရသည့်တိုင် သူက သိက္ခာရှိရှိ ပြုမူနေ၏။ သူက မျက်မှောင်ကျုံ့ထားလျက် ရှေ့တက်လာသော လုကျိုးကို ကြောက်လန့်တကြား ကြည့်နေသည်။

ရှားကျီ၏နားထဲတွင် ပဲ့ပိုင်းမှ အသံတစ်သံပေါ်လာ၏။

“ရှားကျီတိုက်ခိုက်”

ရထားလုံးပျံလေးစင်းက မြင့်တက်လာ၏။ ရထားလုံးပျံလေးစင်း၏ ကုန်းပတ်ပိုင်းမှ ခေါင်းစွပ်ဖြင့် ကျင့်ကြံသူများက ပေါ်ထွက်လာသည်။ သူတို့၌ ခရမ်းစွမ်းအင်များရစ်ဝဲနေပြီး သူတို့၏လက်ဖဝါးများ ပူးကပ်လိုက်သည်။

ဗြဟ္မာသားချော့တေး

ဂါထာရွတ်ဆိုသံသည် ကောင်းကင်ထဲတွင် ယင်ကောင်များ တဝီဝီမြည်နေသည့်ပမာပင်။

မြေပြင်ပေါ်၌ အလောင်းများက ကျလာပြီး အသက်ရှင်လျက် ရုန်းကန်နေ၏။

“ဗြဟ္မာသားချော့တေးနဲ့ စုန်းအတတ်ရဲ့ ရုပ်သေးနည်းပေါင်းစပ်မှုလား” လုကျိုးသည် သူ၏ထူးကဲအံ့ဖွယ်စွမ်းအား လေးပုံတစ်ပုံသာကျန်တော့သည်။

ဤလက်ရွေးစင်လေးဦးကို သတ်ပြီးနောက် ကျန့်ဝမ်ရွှီကိုပေါ်လာအောင် ဖိအားမပေးနိုင်ခဲ့သည်။ အဆုံးကျ သူ အသေရိုက်ချက်ကတ်ကို သုံးရန် ဖိအားပေးခံရတော့မည်လော။

နှမြောစရာပဲ။

လုကျိုးက အတွေးနက်နေစဉ် ရှားကျီသည် ပုံရိပ်ယောင်ပမာ သူ့ဆီပျံသန်းလာ၏။ သူ၏လက်နှစ်ဖက်ကို ရှေ့ထုတ်ထားလျက် အရှိန်ပြင်းပြင်းဖြင့်ရောက်လာနေသည်။

မကြာခင်၌ ရှားကျီ၏စိတ်ဝိညာဉ်သဏ္ဌန်က ပေါ်လာလေ၏။ ဝံပုလွေဘုရင်စိတ်ဝိညာဉ်သဏ္ဌာန်ပေါ်၌ ပွင့်ချပ်ရှစ်လွှာနှင့်တစ်ဝက် ရှိသည်။

ပွင့်ချပ်ရှစ်လွှာနှင့်တစ်ဝက်

လုကျိုးက အထင်တသေးပြောလိုက်၏။ "မင်းက သေချင်နေတာပဲ”

လုကျိုး၏ လက်ချောင်းသည် အပြာရောင်အလင်းဖြင့်တောက်ပလာသည်။ သူ၏ လက်ချောင်းများကြား၌ စွန့်ပစ်ခံဉာဏ်ပညာ၏ သင်္ကေတများ ပေါ်လာသည်။

ပြီးနောက် ရန်သူ၏လက်ဖဝါးနှင့် တိုက်မိသွား၏။

ဖုန်း

စွမ်းအင်လှိုင်းက ရှေ့သို့ဦးတည်ပေါက်ကွဲသွား၏။

လုကျိုး၏ ထိတ်လန့်ဖွယ်လက်ဝါးရိုက်ချက်သည် ရှားကျီကိုသေစေလိမ့်မည်ဟု လူတိုင်းကထင်ခဲ့၏။ သို့သော် ဖုန်မှုန့်များ လွင့်ပြယ်သွားချိန်တွင် ရှားကျီက သူ့ရှေ့တွင် ရပ်နေတာကို လုကျိုးတွေ့လိုက်၏။ ရှားကျီ၏အမူအရာက ကြောင်အနေကာ သူ၏မျက်လုံးများက အာရုံစူးစိုက်မှုမရှိပုံရသည်။

ရထားလုံးပျံလေးစင်းမှာ ဂါထာရွတ်ဆိုမှုသည် ပိုမိုကျယ်လောင်လာသည်။

သေလွန်ပြီးသော လက်ရွေးစင်များကို ဂါထာကထိန်းချုပ်ထား၏။ သူတို့က ယခုရုပ်သေးများ ဖြစ်နေပြီး သူတို့တိုးဝင်လာသည်။

လုကျိုးသည် သူ၏ထူးခြားအံ့ဖွယ်စွမ်းအားကို စစ်ကြည့်လိုက်သည်။ မရှိတော့ပေ။

ရုတ်တရက် ရှားကျီသည် ဘေးသို့လန်သွားကာ ကျန့်ဝမ်ရွှီက သူ၏ရှေ့တွင်ပေါ်လာ၏။ ကျန့်ဝမ်ရွှီသည် ရှားကျီ၏နောက်တွင်ပုန်းနေတာဖြစ်၏။ ထိုအခိုက်အတန့်တွင် သူ၏အမူအရာက တည်ငြိမ်နေကာ သူ၏အပြုံးက ယုံကြည်ချက်ရှိနေသည်။ ညာလက်တွင် သွေးစွန်းထင်းနေသည်။ ယင်းက ရှားကျီ၏သွေးဖြစ်၏။

အစောတုန်းက ရှားကျီသေသွားပြီဖြစ်သည်။

ဝှစ်

ပေတစ်ရာ့ငါးဆယ် စိတ်ဝိညာဉ်သဏ္ဌာန်သည် ကျန့်ဝမ်ရွှီ၏နောက်၌ ပေါ်လာသည်။ အနီရောင်ကြာပွင့်က စိတ်ဝိညာဉ်သဏ္ဌာန်အောက်၌ ဖူးပွင့်လာ၏။ ကြာပွင့်နားတွင် ကြေးသွေးရောင်ကြာပွင့်ကိုးခု လည်ပတ်နေလျက် သူတို့က တလက်လက်တောက်ပနေသည်။

ပွင့်ချပ်ကိုးလွှာတော်ဝင်မင်းဆရာသည် နောက်ဆုံးတော့ ကိုယ်ထင်ပြလာချေပြီ။

မင်ရှစ်ရင်၊ လန်လော့၊ ဖန်လီထန်းနှင့် ယွီကျန့်ဟိုင်က ထိတ်လန့်သွား၏။

ကျန့်ဝမ်ရွှီက ခပ်ရေးရေးပြုံးကာ ပြောလိုက်တော့၏။ “ဒါကို မင်း ကျေနပ်မလားသိချင်မိတယ်”

ရှားကျီသည် ပွင့်ချပ်ရှစ်လွှာနှင့် တစ်ဝက်အဆင့်သို့ ရောက်ပြီးဖြစ်၏။ သူသည် ပွင့်ချပ်ကိုးလွှာအဆင့်နှင့် အနီးဆုံးဖြစ်သည်။ ကျန့်ဝမ်ရွှီက သိထားသောကြောင့် ရှားကျီကို ရှေ့ဆက်တိုးတက်ခွင့် ပြုမှာမဟုတ်ပေ။

လုကျိုးက ငုံ့ကြည့်လိုက်၏။ အသက်ပြန်ရှင်လာသော ရုပ်သေးများသည် သူတို့အနေအထားကို အမှုမထားဘဲ ရူးသွပ်စွာတဟုန်ထိုးတက်လာ၏။ အရေအတွက်က များလွန်းပြီး ယခု ပိုအစွမ်းထက်လာရာ သေရမှာကို ကြောက်လန့်မှုမရှိပေ။

နာကျင်မှုနှင့် စိတ်ခံစားချက်တို့ မရှိသည့် ရုပ်သေးများသည် ဒုတိယမြောက်ကျိုင်းကောင်အုပ်ကို ဖန်တီးလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ လုကျိုးသည် မုတ်ဆိတ်သပ်ကာ ပြုံးပြီးပြောလိုက်၏။ “ငါ ကျေနပ်တယ်"

ကျန့်ဝမ်ရွှီက ပြောလိုက်သည်။

"မင်းက အစက်အပြောက်မဲ့ဓားမြှောင်ကို ပိတ်ဆို့နိုင်စွမ်းရှိတာပဲ။ မင်းရဲ့အပြာရောင်စွမ်းအားက ဇာစ်မြစ်မသိရဘူး၊ ဘေးကင်းဖို့အတွက် မင်းရဲ့ ကနဦးချီနဲ့ စွမ်းအင်အားလုံးကို လျော့ပါးအောင် လုပ်ရမယ်။ မင်း ရှုံးသွားပြီ ... လုံးဝရှုံးသွားပြီ”

လုကျိုးသည် သူ့ဆီသို့ တဖြည်းဖြည်းချင်း နီးကပ်လာနေသောကျိုင်းကောင်များကိုကြည့်လိုက်၏။ အစက သူသည် အသေရိုက်ချက်ကတ်ဖြင့် ကျန့်ဝမ်ရွှီကို သတ်ဖို့ရည်ရွယ်ထားသည်။ သို့သော် အသေရိုက်ချက်ကတ်သည် သူ့လက်ရှိရင်ဆိုင်နေရသော ပြဿနာကို မဖြေရှင်းနိုင်မှန်း သဘောပေါက်သွား၏။ အဆုံးကျ သူပြောလိုက်သည်။

“ဒါပဲလား”

တစ်ချိန်တည်းတွင် အထွတ်အထိပ်အသွင်ကတ်က လုကျိုး၏လက်ဖဝါးထဲတွင် ပေါ်လာ၏။

ကျန့်ဝမ်ရွှီသည် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ရုပ်သိမ်းလိုက်သည်။ သူသည် သူ၏လှုပ်ရှားမှုများကို ကျိုင်းကောင်များ၏ လျှပ်ပြက်သည့်အရှိန်ဖြင့် ပူးပေါင်းလိုက်ကာ ရှေ့သို့တဟုန်ထိုးတက်လာလျက် အနီရောင်လက်ဝါးရိုက်ချက်ကို ထုတ်ဖော်လိုက်၏။

“ရှစ်စွင်း”

“မျှော်နန်းသခင်”

ကျန်သည့်သူများ တိုက်ခိုက်နေတာဆိုလျှင် စိုးရိမ်ပူပန်မှာမဟုတ်။ သို့သော် ပွင့်ချပ်ကိုးလွှာအဆင့်သို့ ရာစုနှစ်ပေါင်းများစွာတည်းက ရောက်ပြီးဖြစ်သော တော်ဝင်မင်းဆရာတိုက်ခိုက်နေတာဖြစ်သည်။ သူတို့ မည်ကဲ့သို့စိတ်တည်ငြိမ်နိုင်မည်နည်း။

တစ်ချိန်တည်းတွင် လုကျိုးသည် အထွတ်အထိပ်အသွင်ကတ်ကို ဖျက်ဆီးလိုက်သည်။

သူ့စွမ်းအင်ဗဟိုချက်၏ချီပင်လယ်က ချက်ချင်းပြည့်သွား၏။ ကြွယ်ဝသည့်စွမ်းအင်များ သူ့ဆီ ပြန်ရောက်လာသည်။

ဒုက္ခမိုင်တစ်ရာရှုကွင်းစိတ်ဝိညာဉ်သဏ္ဌာန်

ပေတစ်ရာ့ငါးဆယ် စိတ်ဝိညာဉ်သဏ္ဌာန်သည် လေထဲ၌ ပေါ်ပေါက်လာ၏။ ၎င်း၏ခြေထောက်အောက်ရှိ ရွှေကြာက ရွှေရောင်များ တောက်ပနေသည့်ပွင့်ချပ်များပမာ အသက်ကိုးသက် ရှိနေသည်။ သူ့နားသို့ ကပ်လာသည့်ကျိုင်းကောင်များသည် အချင်းချင်း တွန်းကန်ခံရပြီး မြေပြင်ပေါ်ပြုတ်ကျသွား၏။

လုကျိုး၏မျက်လုံးက ကျန့်ဝမ်ရွှီပေါ်တွင်သာရှိနေလျက်ပြောလိုက်သည်။ “အခု မင်း ဘယ်ပြေးမလဲ ကြည့်ကြသေးတာပေါ့”

ကျန့်ဝမ်ရွှီက မျက်နှာသေဖြင့်ပြောလိုက်၏။ "ဒီတော့ မင်းက တကယ်ပွင့်ချပ်ကိုးလွှာအဆင့်မှာပဲ။ အခုမင်းက ပျံသန်းမှုရဲ့နောက်ဆုံးအဆင့်မှာ မြားတစ်စင်းပဲ။ မင်းသေချာပေါက်ရှုံးမှာ”

“ပျံသန်းမှုရဲ့အဆုံးသတ်က မြားရဲ့အရသာကို မင်းကို မြည်းစမ်းခွင့်ပေးမယ်” လုကျိုးသည် လျင်မြန်စွာ ရွေ့လိုက်၏။

ခမ်းနားသော ကျင့်စဉ်

ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ဦး၏ ခမ်းနားသောကျင့်စဉ်သည် ပွင့်ချပ်ရှစ်လွှာအထက် ကျင့်ကြံသူတစ်ယောက်ထက် ပိုအစွမ်းထက်တာ သဘာဝပဲဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်း လုကျိုးသည် ကျန့်ဝမ်ရွှီရှေ့၌ ပေါ်လာ၏။ သူက လက်ဆန့်ထုတ်လိုက်၏။

“စွန့်ပစ်ခံဉာဏ်ပညာ”

ဖုန်း

ပွင့်ချပ်ကိုးလွှာ စိတ်ဝိညာဉ်သဏ္ဌာန်၏ အရွယ်အစားနီးပါးရှိသော လက်ဝါးစည်းတံဆိပ်သည် ကျန့်ဝမ်ရွှီပေါ် ကျရောက်လာ၏။

ကျန့်ဝမ်ရွှီလက်ဝါးစည်းတံဆိပ်ကလည်း အနီရောင် တောက်ပနေသည်။ သူ၏ အနီရောင်စိတ်ဝိညာဉ်သဏ္ဌာန်က စွန့်ပစ်ခံဉာဏ်ပညာနှင့် တိုက်မိသွား၏။

ဖုန်း

လေများ ပြန့်ကျဲလျက် စွမ်းအင်များနေရာအနှံ့ပြန့်ကျဲကုန်သည်။

“နောက်ဆုတ်”

“နောက်ဆုတ်ကြ”

ရထားလုံးပျံလေးခု၏ ခရီးသည်များကလည်း နောက်ဆုံး၌ သူတို့၏သေးနုတ်မှုကို သဘောပေါက်သွားသည်။ သူတို့သည် ပွင့်ချပ်ကိုးလွှာကျင့်ကြံသူနှစ်ဦးကြား တိုက်ပွဲ၏ သက်ရောက်မှုကိုတောင် ခံနိုင်ရည် မရှိသည့် ယင်ကောင်များပမာဖြစ်နေ၏။ သူတို့ နောက်ဆုတ်ရပေမည်။

တစ်ချိန်တည်းတွင် ဖန်လီထန်းက အော်ပြောလိုက်သည်။

“နောက်ဆုတ်”

မင်ရှစ်ရင်သည် သူ၏အဆင့်ကိုတွေးရန်အချိန်မရပေ။ သူ၏တာ့ရှစ်ရှိုးကို ဆုပ်ကိုင်ကာ နောက်သို့ အမြန်ဆုတ်လိုက်၏။

“ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ တာ့ရှစ်ရှိုး”

လန်လော့ကို မည်သူမှစိတ်ပူခြင်းမရှိပေ။ သူသည် ကိုယ်ပျောက်တာအိုကို ကျင့်ကြံ၏။ သူသည် ကျန်သည့်သူများနှင့်ယှဉ်လျှင် ထွက်ပြေးရာ၌ ပိုတော်သည်။

စွန့်ပစ်ခံဉာဏ်ပညာသည် လို့လန်၏ကောင်းကင်များကို လင်းထိန်သွားစေသည်။ ထိုအခိုက်အတန့်တွင် ကောင်းကင်ထဲ၌ နေရောင်ထွန်းလင်းတောက်ပနေသည့်ပမာပင်။

လူများ၊ အမှုထမ်းများ၊ လို့လန်၏ကျင့်ကြံသူများ မော့ကြည့်မိသူတိုင်းသည် မျက်စိဖမ်းစားနိုင်သော ဖြစ်စဉ်ကို တွေ့ကြလိမ့်မည်။

အလင်းက အနီနှင့်အဖြူကြားတစ်လှည့်ဆီဖြစ်ပေါ်နေ၏။

လုကျိုးက ငုံ့ကြည့်လိုက်သည်။ သူ၏ လက်ဖဝါးဖြင့်ထပ်မံတိုက်ခိုက်လိုက်သည်။

တာအိုကိုးပါးဖြတ်တောက်ခြင်းလက်ဟန်

စွမ်းအား၊ စွမ်းအင်၊ သဟဇာတ ကုသခြင်း၊ အလိုလိုသိစိတ်နှင့် ဒိုင်မန်းရှင်း၏သင်္ကေတများက ဝေ့တက်လာသည်။ မျဉ်းတစ်ဖြောင့်တည်းကျလာ၏။

ဖုန်း

ကျန့်ဝမ်ရွှီသည် သူ၏အနီရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်သုံးလိုက်၏။ သူ၏လက်ကို ကောင်းကင်သို့ မျက်နှာမူထားလျက် ပေတစ်ရာအထိဆင်းသက်လိုက်သည်။ သူသည် လျင်မြန်စွာ လှုပ်ရှားကာ မူလနေရာသို့ပြန်သွားလိုက်၏။

လုကျိုးက လိုက်သွားသည်။ သူသည် ကျန့်ဝမ်ရွှီအပေါ်၌ ပေါ်လာပြီး ကျန့်ဝမ်ရွှီအပေါ်၌ အမြဲတမ်း ရှိနေရန် ဆုံးဖြတ်ချက်ချထားသည်။ ပြီးနောက် သူ၏လက်ဖဝါးကို အောက်သို့ ရိုက်ချလိုက်သည်။

စွန့်ပစ်ခံဉာဏ်ပညာ၏ ငါးချက်ဆက်တိုက် တိုက်ခိုက်မှု

“ကောင်းကင်ကနေ ကျလာတဲ့လက်ဝါးတွေကို တွေ့ဖူးရဲ့လား။ ရိုက်ချက်တစ်ခုတည်းက မလုံလောက်ရင် မင်းကို ငါးခုပေးမယ်” ရွှေရောင်လက်ဝါးရိုက်ချက်များက ကောင်းကင်ထဲတွင် ပြည့်နေ၏။

ဒီလက်ဝါးငါးချက်နဲ့အရိုက်ခံရပြီးရင် မင်း မောက်မာနိုင်ဦးမှာလား။

ဖုန်း ဖုန်း ဖုန်း

ရွှေရောင်လက်ဝါးစည်းတံဆိပ်ငါးခုသည် ကောင်းကင်ကနေကျလာပြီး အနီရောင်စိတ်ဝိညာဉ်သဏ္ဌာန်၏ သရဖူကို ထိမှန်သွားလျက် စိတ်ဝိညာဉ်သဏ္ဌာန်ကို ထိုးကျသွားစေ၏။

ကျန့်ဝမ်ရွှီက ညည်းတွားလျက် သွေးတစ်ပွက်အန်သွားသည်။ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ရုပ်သိမ်းပြီးသည်နှင့် စိတ်ထဲတွင် အတွေးတစ်ခုသာရှိတော့သည်။ ပြေး ...

…

အခန်း (၆၅၄) ထူးချွန်ပြောင်မြောက်လှသော

ကျန့်ဝမ်ရွှီက နှုတ်ခမ်းထောင့်မှ သွေးကို သုတ်ကာ လေထဲ ပျံသန်းဖို့ ပြင်လိုက်သည်။

လုကျိုးက သူ့စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်၏။ တစ်ချိန်တည်းဆိုသလို သူက မဟာနည်းစနစ်ကို ထုတ်လွှင့်လိုက်သည်။

“ထွက်ပြေးချင်တာလား”

ကျန့်ဝမ်ရွှီက မည်သည့်နေရာ ထွက်ပြေးစေကာမူ လုကျိုးက အမြဲတမ်း အမီလိုက်နိုင်ပြီး သူ့အပေါ်မှာ ရှိနေသည်။

ဝုန်း

လုကျိုး၏ ပေ ၁၅၀ မြင့်မားသည့် စိတ်ဝိညာဉ်သဏ္ဌာန်ကြီးက ရထားလုံးပျံနှစ်ခုကို ဖြတ်သန်းသွားသည့်အခါ သက်ရောက်မှုက အားကြီးလွန်း၍ ရထားလုံးပျံများက ကြေမွသွားသည်။ ရထားလုံးပျံ အစိတ်အပိုင်းများက ဝေဟင်မှ ပြုတ်ကျလာ၏။

ရွတ်ဖတ်နေသည့် ကျင့်ကြံသူများက လက်လျှော့လိုက်ပြီး လူစုခွဲလိုက်ကြရသည်။

ကျန့်ဝမ်ရွှီက ခပ်သွက်သွက် ပျံသန်းလိုက်သည်။ သူ့ရည်ရွယ်ချက်က ရထားလုံးပျံပေါ်မှ ကျင့်ကြံသူများ လုကျိုးကို အချိန်ဆွဲထားနိုင်ရန် ဖြစ်၏။ သို့သော် သူ့အနေနှင့် လုကျိုးက သူ့စိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် ဆက်လက် လိုက်ဖမ်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူက မော့ကြည့်လိုက်ပြီး စိတ်ရှုပ်ထွေးစွာ မေးလိုက်သည် “ စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြန်မရုပ်သိမ်းဘူးလား”

“ဘာလို့သိမ်းရမှာလဲ ”

“ ကနဦးချီ ထောက်ပံ့ဖို့ ပြတ်လပ်နေတာမှ မဟုတ်တာ။ ဘာလို့ ရုပ်သိမ်းနေရမှာလဲ”

ကျန့်ဝမ်ရွှီက ခေါင်းရှုပ်သွားသည်။ လုကျိုးက ကနဦးချီကို အတားအဆီးမရှိ မည်သို့ အသုံးပြုနေနိုင်သနည်း။ မိစ္ဆာအိုကြီးကျိသည် သူ့အပြာရောင်စွမ်းအား ကုန်ခမ်းလုနီးပါး ဖြစ်လိမ့်မည်ဟု သေချာနေခဲ့သည်။ သူက ဘယ်လိုတွေးတွေး နားမလည်နိုင်ပေ။

ရထားလုံးပျံနှစ်လုံးက ကြေမွသွားပြီး ကျင့်ကြံသူများက လူစုခွဲ ပြန့်ကျဲသွားကြသည်။ သူတို့က တိုက်ပွဲအတွင်း ဝင်ပါသွားမည်ကို စိုးထိတ်နေကြသည်။

သို့သော်လည်း ကျန့်ဝမ်ရွှီက အမိန့်ပေးလိုက်သည် “ဘာလုပ်နေကြတာလဲ။ သူ့ကို တိုက်ကြ ”

သူတို့ရထားလုံးကို စွန့်ခွာသွားကြသည့် ကျင့်ကြံသူများက ပေ ၁၅၀ စိတ်ဝိညာဉ်သဏ္ဌာန်ကို ကြည့်လိုက်ကြသည်။ သူတို့က စိတ်ဝိညာဉ်သဏ္ဌာန်ကို ကြည့်လိုက်သည့်အခါ ဖော်ပြဖို့ခက်သည့် ဖိအားကို ခံစားမိလိုက်ကြသည်။

အဖွဲ့က အသိတရားမရှိပေ။ သူတို့က အကျိုးအကြောင်းမဆင်ခြင်နိုင်ဘဲ ရူးမိုက်ကြ၏။ သို့သော်လည်း သူတို့က အကြွင်းမဲ့ အားကောင်းနေသည့် သက်ရှိနှင့် ရင်ဆိုင်ရသည့်အခါ အသိပြန်ကပ်လာကြသည်။ ကျင့်ကြံသူအဖွဲ့က လုကျိုး၏အကြွင်းမဲ့ အင်အားကို ကြုံတွေ့ခံစားပြီးနောက် အသိပြန်ဝင်လာကြသည်။

“ကျန့်ဝမ်ရွှီ သေချာကြည့်ထား ” လုကျိုးက လက်မြောက်လိုက်သည်။

ကျန့်ဝမ်ရွှီက တုန်လှုပ်လာသည်။ သူ့အလိုလိုသိစိတ်က လုကျိုးသည် အင်အားအပြည့် ထုတ်မသုံးရသေးကြောင်း ပြောနေ၏။

လုကျိုးက ပတ်ဝန်းကျင်ထံ လက်ဝါးစည်းတံဆိပ် မြောက်များစွာ ထုတ်လွှင့်လိုက်သည်။

“ဗုဒ္ဓ မဟာမိုးကြိုးဘီး လက်သင်္ကေတ”

ထွက်ပြေးသွားသည့် ကျင့်ကြံသူများသည် ပါးစပ်အဟောင်းသားဖြင့် ရွှေရောင်လက်ဝါးစည်းတံဆိပ်များကို ကြည့်နေကြသည်။

ကျန့်ဝမ်ရွှီက မျက်မှောင်ကြုတ်လိုက်၏။ သူက အမှန်တကယ် တုန်လှုပ်နေမိကာ လုကျိုး၏ အင်အားကို လျှော့တွက်မိခဲ့သည်။

“အစကတည်းက ဒီလိုထုတ်သုံးတော့မှာလား”

မဟာမိုးကြိုးဘီး လက်ဟန်သင်္ကေတသည် အံ့ဩဖို့ကောင်းလှသည်။ ထိုအရာသည် ကြောက်ရွံ့ခြင်းမဲ့ စည်းတံဆိပ်တော်နှင့် ယှဉ်နိုင်သည့် အားကောင်းသော လက်ဝါးစည်းတံဆိပ်တစ်ခု ဖြစ်၏။ သို့သော်လည်း လုကျိုးက သာမန်တိုက်ကွက်နှင့် တူအောင် ဖန်တီးထားသည်။

လေထုထဲ မဟာမိုးကြိုးဘီး လက်ဟန်သင်္ကေတသည် ပတ်ဝန်းကျင်ရှိ ရွတ်ဖတ်နေသည့် ကျင့်ကြံသူများထံ ကျဆင်းသွားသည်။

“တင်း … နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်အဆင့် ကျင့်ကြံသူ ဆယ်ယောက်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် တစ်သောင်း ရရှိပါတယ်။ နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် ကျင့်ကြံသူ အယောက်သုံးဆယ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် သုံးရာ ရရှိပါတယ်။ တခြားလူများကို ထည့်မတွက်ပါ ”

ကျန့်ဝမ်ရွှီက အသက်အဝရှုလိုက်ပြီး ထွက်ပြေးဖို့ ပြင်လိုက်သည်။

ဝှစ်

ကျန့်ဝမ်ရွှီက သူ့မဟာနည်းစနစ်ကို ထုတ်သုံးတော့မည့်ဆဲဆဲတွင် လက်ဝါးချက်က သူ့ဆီ ကျဆင်းလာသည်။

“ငါ မင်းကို ထွက်သွားခိုင်းလို့လား”

ဝုန်း

ကျန့်ဝမ်ရွှီက သူ့အား ကူညီပေးမည့် စိတ်ဝိညာဉ်သဏ္ဌာန်မရှိဘဲ လွင့်စဉ်သွားသည်။ သူ့အနားတွင် စွမ်းအားများ စုဝေးလာ၏။

“စိတ်ဝိညာဉ်သဏ္ဌာန်” ကျန့်ဝမ်ရွှီက သွေးအဆီအနှစ်များကို ဖိနှိပ်ထားလိုက်ရသည်။ သူက ဒုက္ခမိုင်တစ်ရာရှုကွင်းကို ထပ်မံ ထုတ်လွှင့်လိုက်ရသည်။

ရွှေရောင် စိတ်ဝိညာဉ်သဏ္ဌာန်အောက်တွင် ပေ ၁၅၀ မြင့်မားသည့် အနီရောင် စိတ်ဝိညာဉ်သဏ္ဌာန်ကြီးက တောက်ပနေသည်။

လုကျိုးက ကျန်ရှိနေသည့် အချိန်ကို တစ်ချက်ကြည့်လိုက်သည်။ တော်ဝင်မင်းဆရာ ကျန့်ဝမ်ရွှီက သူ့အထွတ်အထိပ်ကတ် သက်ရောက်မှုရှိစဉ် အကြာဆုံး တောင့်ခံနိုင်သည့် ပထမဆုံးလူ ဖြစ်ပေသည်။

ကျန့်ဝမ်ရွှီက မော့ကြည့်လိုက်ပြီး သူ့စိတ်ဝိညာဉ်သဏ္ဌာန်ဆီ‌ ပြေးဝင်လာသည်။ သူက လက်ကို ဆန့်ထုတ်ထားပြီး စိတ်ဝိညာဉ်သဏ္ဌာန်လည်း လိုက်ပါလာသည်။ သူ့လက်ဝါးတွင် အနီရောင်သင်္ကေတ အမြောက်အများ ရှိနေပြီး ဧရာမစွမ်းအင်ဓားအဖြစ် ပြောင်းလဲသွားသည်။

“ ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူက လက်ထဲမှာ ဝှက်ဖဲ မရှိဘူးလို့ တကယ်ထင်နေတာလား”

ကျန့်ဝမ်ရွှီက ဓားကို ချိန်ရွယ်လိုက်သည်။

လုကျိုးက ထိုအတွက် ပြင်ဆင်ထားပြီးသား ဖြစ်၏။ သူက အနီရောင်သင်္ကေတ စွမ်းအင်ဓားကို ကြည့်ကာ သူ့လက်ထဲ အမည်မဲ့ ထွက်ပေါ်လာသည်။ ထို့နောက် အမည်မဲ့ဝန်းကျင်တွင် စွမ်းအင်ဓားတစ်လက် ဖြစ်လာသည်။

ကျန့်ဝမ်ရွှီက စိတ်ထဲ လေးလံလာ၏ “အနက််ရောင်သင်္ကေတလား… ပြိုင်ဘက်ကင်းအဆင့် လက်နက်လား ”

အကယ်၍ ကျန့်ဝမ်ရွှီသာ လုကျိုး၏ အကြွင်းမဲ့ တိုက်ကွက်များ၊ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆက်တိုက် ထိန်းထားနိုင်မှုနှင့် ကနဦးချီ အဆုံးမဲ့ ထောက်ပံ့ပေးမှုတို့ကြောင့် အံ့အားသင့်သွားသည်ဆိုလျှင် ထိုအနက်ရောင်သင်္ကေတ ပေါ်ထွက်လာမှုက သူ့အား ကြောက်လန့်သွားစေသည်။ သူက လုကျိုး အပြာရောင်စွမ်းအားကို ထုတ်သုံးစဉ်ကပင် မကြောက်ခဲ့ပေ။

“အရှုံးပေးတယ်” ကျန့်ဝမ်ရွှီက ယခုအခါ ထိတ်လန့်နေလေပြီ။

“ နောက်ကျသွားပြီ ”

အနက်ရောင်သင်္ကေတများ ဖုံးလွှမ်းနေသည့် အမည်မဲ့က ကျဆင်းလာသည်။

အနီရောင်စွမ်းအင်ဓားက နှစ်ခြမ်း ကွဲသွားပြီး အမည်မဲ့က အနီရောင်စိတ်ဝိညာဉ်သဏ္ဌာန်ဆီ ဆက်လက် ကျဆင်းလာနေသည်။

ကျန့်ဝမ်ရွှီက စိတ်ဝိညာဉ်သဏ္ဌာန်ကို အတင်းကျပ် ရုပ်သိမ်းလိုက်သည်။ သူက စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်ကို ရိုက်လိုက်ကာ ခပ်သွက်သွက် လှုပ်ရှားလိုက်သည်။ သူ့ခန္ဓာကိုယ်မှ အနီရောင်မီးတောက် ထွက်ပေါ်လာ၏။ သူက ချီပင်လယ်ကို လောင်ကျွမ်းပစ်ဖို့ ရွေးချယ်ခဲ့သည်။

လုကျိုးက အေးဆေးနေဆဲသာ ဖြစ်၏။ သူ့နည်းလမ်းက အကြမ်းထည်ဆန်ကာ ရိုးရှင်းလှသည်။ သူက အမည်မဲ့ကို ပြန်ရုတ်ကာ လက်ဝါးစည်းတံဆိပ် ထုတ်လွှင့်လိုက်သည်။

ဝုန်း

ကျန့်ဝမ်ရွှီက ညည်းညူလိုက်ရသည်။

လုကျိုးက စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆက်ထိန်းထားရင်း သူ့ဆီ လိုက်လိုက်သည်။ အရှိန်အရဖြစ်စေ၊ အခြေအနေအရဖြစ်စေ လုကျိုးက ကျန့်ဝမ်ရွှီထက် အသာကြီး သာနေသည်။

ချီပင်လယ်ကို လောင်ကျွမ်းပစ်လိုက်ပြီးနောက် ကျန့်ဝမ်ရွှီက အရှိန်မြင့်လိုက်သည်။ သူက အရှေ့ဘက် ဦးတည်လိုက်၏။ သို့သော် သူက အသုံးမဝင်ကြောင်း သိလိုက်ရသည်။ သို့သော် သူက လက်မလျော့ပေ။ သူ့စိတ်ထဲ အတွေးတစ်ခုသာ ကျန်ရှိ၏။

ထွက်ပြေးရမယ် ..

ထိုစဉ် ကောင်းကင်က အနီရောင်သမ်းနေသည်။

အနီရောင်သင်္ကေတ ကျန့်ဝမ်ရွှီက လုကျိုးရှေ့တွင် စုတ်ပြဲလွယ်သည့် စာရွက်လေးလို ဖြစ်နေသည်။

“ ငါ့ဆီကနေ ထွက်ပြေးနိုင်မယ် ထင်နေလား” လုကျိုး၏ အသံကျယ်ကျယ်က အပေါ်မှ ထွက်ပေါ်လာ၏။

ကျန့်ဝမ်ရွှီက ဆယ်ဆမက အရှိန်မြင့်လိုက်သည်။ သူက မော့ကြည့်လိုက်သည့်အခါ လုကျိုး၏ ပေ ၁၅၀ မြင့်မားသည့် ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကြီးက သူ့အထက် ရှိနေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

ပွင့်ချပ်ကိုးလွှာ စိတ်ဝိညာဉ်သဏ္ဌာန် လှုပ်ရှားလာပြီဖြစ်၍ တောင်ဖြစ်စေ၊ တောအုပ်ဖြစ်စေ အကုန်ပြားပြားဝပ်သွားရသည်။ ဖြတ်သန်းသွားသည့် လမ်းတစ်လျှောက် အပျက်အစီးများသာ ကျန်ရစ်၏။

လုကျိုးက ဂရုမစိုက်ပေ။ သူ့တွင် အဆုံးမဲ့ ကနဦးချီ ရှိနေလေရာ ထိုအရာများကို ထုတ်မသုံးလျှင် ကတ်အ‌ပေါ် မမျှတမည် မဟုတ်ပေ။

ကျန့်ဝမ်ရွှီက မော့ကြည့်လာကာ “ဘာလို့လဲ ”

“ကမ္ဘာအကျယ်ကြီးမှာ ထူးဆန်းတဲ့အရာတွေ အများကြီးရှိတယ်။ လူသားတွေက အစိတ်အပိုင်းအသေးလေးပဲ ရှိသေးတယ် … မင်းက တစ်ကမ္ဘာလုံးကို အရူးလုပ်နိုင်မယ် ထင်နေလား” လုကျိုးက လက်မြောက်လိုက်သည်။

ယခင်ထက် ပိုကြီးမားသည့် ရွှေရောင်လက်ဝါးစည်းတံဆိပ်များက ဝေဟင်မှ ကျဆင်းလာသည်။

ကြောက်ကြောက်လန့်လန့် ဖြစ်သွားသည့် ငှက်များက နေရာအနှံ့ ပျံသန်းထွက်ပြေးကုန်ကြသည်။ မြစ်ထဲရှိ ငါးများကလည်း လွတ်မြောက်ဖို့ရာ ခုန်ထွက်လာကြ၏။

သူ့ပွင့်ချပ်တစ်လွှာတည်းဖြင့် တခြားလူ၏ အမြင်ကို နှောင့်ယှက်ထားနိုင်သည်။ လက်ဝါးတစ်ချက်တည်းဖြင့် ကောင်းကင်ကို ဖုံးအုပ်ထားနိုင်၏။

ကျန့်ဝမ်ရွှီ၏ အကြည့်များက သွေးဆာလာသည်။ ဤနှစ်တွေတစ်လျှောက်လုံး သူက မြင့်မားသည့် အဆင့်အတန်းနှင့် အားအကောင်းဆုံး ပုဂ္ဂိုလ်ဟူသော ဂုဏ်ပုဒ်ကို သဘောတွေ့နေခဲ့သည်။

သူက ဒီလိုမျိုး ဘယ်လိုအဆုံးသတ်သွားရတာလဲ။

“အရူးတွေ … မင်းတို့ရဲ့ တုံးအမှုကြောင့် တစ်ရက်မှာ ပြန်ပေးဆပ်ရမယ်” ကျန့်ဝမ်ရွှီက စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်သည်။ အနီရောင်တောက်ပနေသည့် သူ့စိတ်ဝိညာဉ်သဏ္ဌာန်နှင့် ရွှေရောင်ကြာတို့က ယခင်ထက် ပိုတောက်ပနေသည်။ သူက လုကျိုး၏ လက်ဝါးချက်ကို တားဆီးဖို့ ပွင့်ချပ်ကိုးလွှာအဆင့် စွမ်းအားအကုန် ထုတ်လွှင့်လိုက်သည်။ သူက လက်ဝါးချက်ကို အပေါ်ဘက် ထုတ်လွှင့်လိုက်သည်။

ပုရွက်ဆိတ်က သစ်ပင်ကို လှုပ်ခါနိုင်မည်လား …

ဝုန်း

မိုင်တစ်ရာပတ်လည် တုန်ခါလှိုင်းကြီး ထွက်ပေါ်လာသည်။

တောင်တန်းများ၊ မြစ်များနှင့် သစ်ပင်များ အကုန်ပြားပြားဝပ်ကုန်သည်။

တုန်ခါလှိုင်းက ပတ်ဝန်းကျင်အထိ ပျံ့နှံ့သွားလေ၏။

မဟာမိတ် တိုင်းပြည် ၁၂ ခုမှ တခြားမျိုးနွယ်စုများကလည်း အရှေ့ဘက်ဆီ လှမ်းကြည့်လိုက်ကြသည်။

လို့လန်ရှေးဟောင်းမြို့ထဲရှိ ကျင့်ကြံသူများက လုပ်လက်စကို ရပ်လိုက်ပြီး မြေငလျှင်လိုမျိုး အသံကိုသာ နားစွင့်လိုက်ကြသည်။

ကျန့်ဝမ်ရွှီက အားအပြည့် ထုတ်သုံးခဲ့သော်လည်း လက်ဝါးချက်ကို စက္ကန့်ပိုင်းမျှသာ တောင့်ခံထားနိုင်ခဲ့သည်။ ထို့နောက် လက်ဝါးချက်ကြီးက သူ့အား ဖိနှိပ်လာ၏။

ဝုန်း

ထိုလက်ဝါးချက်သည် ပွင့်ချပ်ကိုးလွှာအဆင့်၏ စွမ်းအား ပုံဖော်မှုတစ်ခုသာမက လုကျိုး၏ အကန့်အသတ်မဲ့စွမ်းအားအပေါ် ထပ်ကာထပ်ကာ လုပ်ထားသည့် ရလဒ်လည်း ဖြစ်ပေသည်။

တစ်လျှောက်လုံး လုကျိုးက လက်ဝါးစည်းတံဆိပ်များကို တစ်ခုပြီးတစ်ခု ထုတ်လွှင့်ထားခဲ့သည်။ သူက လက်ဝါးစည်းတံဆိပ် မည်မျှ ထုတ်လွှင့်ခဲ့မှန်း သတိပင် မရတော့ပေ။ လက်ဝါးစည်းတံဆိပ်က မြေပေါ် ရောက်သွားမှသာ သူ ရပ်တန့်လိုက်ခြင်း ဖြစ်၏။

အားလုံး တိတ်ဆိတ်သွားသည်။

လုကျိုးက စိတ်ဝိညာဉ်သဏ္ဌာန်ကို အသက်သွင်းထားဆဲ ဖြစ်၏။ သူက အချိန်ကို ကြည့်လိုက်သည့်အခါ ၁၅ မိနစ် ကုန်ဆုံးသွားလေပြီ။ သူ့တွင် အချိန်တစ်ဝက် ကျန်နေသေး၏။

လက်ဝါးစည်းတံဆိပ် ကျရောက်သွားသည့်အခါ လက်ငါးချောင်းရာ ချိုင့်ဝှမ်းကြီး ဖြစ်လာသည်။

လုကျိုးက ဘေးပတ်လည်မှ လှုပ်ရှားမှုများကို အာရုံခံထားသည်။ သူက အထွတ်အထိပ်အခြေအနေတွင် ရှိသော်လည်း တော်ဝင်မင်းဆရာ တခြားနည်းလမ်းဖြင့် ထွက်ပြေးနိုင်ခြေကို ထည့်စဉ်းစားထားပြီး သတိကြီးကြီးထားထားသည်။ သူက စောင့်နေရင်း ပေ ၁၅၀ စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြန်မရုပ်သိမ်းထားခဲ့ပေ။

ငှက်များနှင့် သားရဲများပင် လုကျိုးအနား မကပ်ရဲကြပေ။

အင်မတန် တိတ်ဆိတ်နေ၏။

လုကျိုးက ချိုင့်ဝှမ်းအား ကြည့်လိုက်သည်။

ကျန့်ဝမ်ရွှီက အထဲတွင် လဲလျောင်းကာ ကောင်းကင်ကို မော့ကြည့်နေသည်။ သူ့ရင်ဘတ်တွင် သွေးနီနီ စွန်းထင်းနေ၏။ လက်ဝါးစည်းတံဆိပ်က သူ့စိတ်ဝိညာဉ်သဏ္ဌာန်ကို ပျက်စီးသွားစေခဲ့သည်။ သူ့ချီပင်လယ်ကို လောင်ကျွမ်းလိုက်ခြင်းအပြင် သူ့ကျင့်ကြံဆင့်က ယခုအခါ ပျက်စီးသွားလေပြီ။ သူက ရုတ်တရက် ထရယ်လိုက်၏။

ကျန့်ဝမ်ရွှီ၏ ရယ်မောသံက စိတ်ခံစားချက်များစွာ ပါဝင်နေသည်။ အချုပ်အားဖြင့် ကူကယ်ရာမဲ့မှု၊ မုန်းတီးမှု၊ မလိုလားမှုနှင့် လက်ခံမှုတို့ ဖြစ်သည်။

“ခင်ဗျား နိုင်သွားပြီ ” ကျန့်ဝမ်ရွှီ၏ အသံက အင်မတန် တိုးလျနေသည်။

“ မင်း နိုင်မယ်လို့ ထင်ထားတာလား” လုကျိုးက မေးလိုက်၏။

“ခင်ဗျား နိုင်တော့လည်း ဘာဖြစ်လဲ” ကျန့်ဝမ်ရွှီက သူ့ဘာသာ နှစ်သိမ့်လိုက်သည်။

“ တိုင်းပြည်ခုနှစ်ခုက ထွက်သွားတာကြာလှပေါ့။ တာ့ယန်က အခု သက်ရှိငရဲ ဖြစ်နေလောက်ပြီ ”

လုကျိုးက လျန့်စီရင်စုဘက် လှမ်းကြည့်လိုက်သည်။

“ ငါသာမင်းနေရာမှာဆို အဲလောက် သေချာမနေဘူး ”

ထိုစဉ် လုကျိုးက စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြန်ရုပ်သိမ်းပြီး အောက်ဆင်းလာသည်။

မိစ္ဆာဘုန်းကြီး လက်ဝါးစည်းတံဆိပ်က ကျန့်ဝမ်ရွှီအား ဖမ်းဆုပ်လိုက်သည်။

“ခင်ဗျား … ဘာလုပ်ဖို့ ကြိုးစားနေတာလဲ ” ကျန့်ဝမ်ရွှီက မေးလိုက်သည်။

လုကျိုးက လျန့်စီရင်စုဘက် လှမ်းကြည့်လိုက်သည်။ သူက ခပ်သွက်သွက် လှုပ်ရှားလိုက်သည်။

ထိုအခါမှ ကျန့်ဝမ်ရွှီက သဘောပေါက်သွားကာ ပြောလိုက်၏။ “ခင်ဗျားက အလျင်စလို ပြန်ဖို့ လုပ်နေတာလား။ လက်လျှော့လိုက်စမ်းပါ … ဒီတိုက်ပွဲမှာ နှစ်ယောက်လုံးက အရှုံးသမားပဲ ”

All Chapters