အခန်း (၆၅၈-၆၆၀)
Vol. 44 Ch. 658-660
အခန်း (၆၅၈) မလျှော့သော ဇွဲ
ဒဏ်ရာအပြင်းအထန် ရထားသည့် ကျန့်ဝမ်ရွှီက အဆုံးသတ်တွင် သွေးဓားကို ထုတ်သုံးနိုင်သေး၏။ ထိုအရာက တုန်လှုပ်ဖို့ ကောင်းလှသည်။
အထွတ်အထိပ်သဏ္ဌာန်ကတ်၏ အရှိန်အဝါမရှိဘဲ လုကျိုးက ပွင့်ချပ်ခြောက်လွှာအဆင့်သာ ဖြစ်၏။ ပွင့်ချပ်ရှစ်လွှာ သို့မဟုတ် ကိုးလွှာအဆင့် ကျင့်ကြံသူတစ်ယောက်အတွက် ပွင့်ချပ်ခြောက်လွှာသည် အင်မတန် အားနည်းလှသည်။ သို့သော် ဒဏ်ရာအပြင်းအထန် ရထားသည့် တော်ဝင်မင်းဆရာနှင့် သာမန် တခြားမျိုးနွယ်ဝင်များအတွက် သူက မကျော်လွှားနိုင်သည့် တောင်ကြီးတစ်လုံးလို ဖြစ်နေသည်။
အမည်မဲ့ဆီမှ စွမ်းအင်ဓားက ကျန့်ဝမ်ရွှီ၏ နှလုံးသားဆီ ထိုးဖောက်ဝင်ရောက်သွားသည်။
စောင့်နေရမှာလား … ဘာလို့ စောင့်နေရမှာလဲ။
“ဒါပေမဲ့ ခင်ဗျားပြိုင်ဘက်က ကျုပ်ပဲ ” တခြားသာမန် ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူက ကျန့်ဝမ်ရွှီအတွက် ပြိုင်ဘက် ဖြစ်မည် မဟုတ်ပေ။ တိုင်းပြည်ငါးခု သို့မဟုတ် ခုနှစ်ခု မဟာမိတ် ဖြစ်စေ သာလွန်ကောင်းကင်အဆင့် လက်နက် ရှိထားသည့် လျိူကော ဖြစ်စေ သူတို့က ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူအသစ် လွယ်လွယ် ရင်ဆိုင်နိုင်မည့်လူများ မဟုတ်ပေ။
လုကျိုး၏ စကားတွင် ဖုံးကွယ်ထားသည့် အဓိပ္ပာယ်များ ပါဝင်နေသော်လည်း ကျန့်ဝမ်ရွှီက အကုန်လုံးကို နားမလည်နိုင်ပေ။ သူက ကျန့်ဝမ်ရွှီသည် အားလုံးကို နားလည်လိမ့်မည်ဟုလည်း မထင်ထားပေ။
ကျန့်ဝမ်ရွှီက သူ့ရင်ဘတ်မှ သွေးထွက်နေသည်ကို ငုံ့ကြည့်လိုက်သည်။ သူ့အသက်ဓာတ်က အလျင်အမြန် လျော့ပါးလာနေလေပြီ။ သူက ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။ “အနက်ရောင် သင်္ကေတ … အပြာရောင်လက်ဝါးစည်းတံဆိပ် … ခင်ဗျားကလည်း ဒီကမ္ဘာက မဟုတ်ဘူးမလား”
“မင်း ကြိုက်သလို ထင်” လုကျိုးက စိတ်မပါစွာ ပြောလိုက်သည်။
ကျန့်ဝမ်ရွှီက ရုန်းကန်ရင်း ဘေးပတ်လည်ကို ကြည့်လိုက်သည်။ သူက နောက်ဆုံးတစ်ကြိမ် ကုန်းမြေကို ကြည့်လိုက်၏။ ဤနေရာက တစ်ခါက သူ့ထိန်းချုပ်မှုအောက် ကျရောက်ခဲ့သည်။ သူက လုကျိုးအား ခိုကိုးရာမဲ့ အမူအရာြဖင့် ကြည့်လိုက်ပြီး ခက်ခက်ခဲခဲ ပြောလိုက်သည်။ “ ခင်ဗျား ကျုပ်ကို မသတ်သင့်ဘူး ”
“ဘာလို့လဲ” လုကျိုးက သူ့စွမ်းအင်ဓားကို ပြန်မနှုတ်သေးပေ။ ကျန့်ဝမ်ရွှီက အားကောင်းသော သူ့တိုက်ကွက်များစွာကို ထိမှန်ပြီးသည့်နောက်တွင်ပင် အသက်ရှင်ကျန်နေလေရာ သူ့ဇွဲနပဲက သိသာလှသည်။
“ငါ့အသက်ကျောက်တုံးက အနီရောင်ကြာနယ်မြေထဲမှာပဲ။ ငါ သေသွားရင် ငါ့အသက်ကျောက်တုံးက ကြေမွသွားလိမ့်မယ်။ အဲလိုဆိုရင် သူတို့က ငါ့ကို လိုက်ရှာပြီး ရွှေကြာရှိတဲ့လူတိုင်းကို သုတ်သင်ပစ်ကြမှာပဲ”
ကျန့်ဝမ်ရွှီ၏ အသံက ယခုအခါ အားနည်းနေသည်။ သူက ဆက်ပြောလိုက်၏။ “ လူသားတွေက တွေးခေါ်တတ်တဲ့ တိရစ္ဆာန်အပြင် မပိုဘူး။ ကျူးကျော်မှုကနေ ငြိမ်းချမ်းရေးနဲ့ ဘေးကင်းမှုက အားနည်းသူတွေ ရေရွတ်တဲ့ စကားပဲ။ ပုရွက်ဆိတ်တွေက သူတို့ဘာသာ အဟုတ်ကြီး ထင်နေကြတာ။ ပုရွက်ဆိတ်တစ်ကောင်က သစ်ပင်ကို ဘယ်လိုလုပ်ရွေ့နိုင်ပါ့မလဲ။ ဘယ်လိုလုပ် … ဘယ်လိုလုပ် … ”
“ သူတို့တွေ မြန်မြန် ရောက်လာဖို့ပဲ မျှော်လင့်တယ်” လုကျိုးက ပြောလိုက်သည်။
ကျန့်ဝမ်ရွှီက လုကျိုးအား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ပြီး “ ကျုပ် မသေခင် … ခင်ဗျား ဘယ်သူလဲဆိုတာ ပြောပြခဲ့လို့ ရမလား”
သူက လုကျိုးကို ကောင်းကင်ကျုံးထိပ်ရှိ သူ့ပုံရိပ်မှတဆင့် မြင်ခဲ့ဖူးပြီး လုကျိုးနှင့် ပတ်သက်ပြီး တစ်ခုခု ထူးခြားနေကြောင်း အာရုံခံမိခဲ့သည်။ ထို့အပြင် တိုက်ပွဲတစ်လျှောက်လုံး သူက ပွင့်ချပ်ဆယ်လွှာနှင့် တိုက်ခိုက်နေရသလိုမျိုး ခံစားနေမိ၏။
လုကျိုးက ခေါင်းခါလိုက်သည်။
ငါ့မေးခွန်းကိုကျ မဖြေတဲ့လူကို သူ့မေးခွန်းကို ပြန်ဖြေစရာလား ….
လုကျိုးက အမည်မဲ့၏ စွမ်းအင်ဓားကို ပြန်ရုပ်သိမ်းလိုက်သည်။
သွေးများ ထွက်လာ၏။
ကျန့်ဝမ်ရွှီက ငြီးငြူလိုက်သည်။ သူ့အသက်ရှုနှုန်းက ယခုအခါ ပိုမို အားနည်းလာသည်။ သူ့ပုံရိပ်က ရုတ်ချည်းဆိုသလို ပုံပျက်သွားပြီး ခရမ်းရောင်အရာများ ထွက်ပေါ်လာသည်။ ထို့နောက် သူက ခပ်ဩဩဖြင့် ပြောလိုက်သည်။ “ ကျုပ်က ဒီခန္ဓာကိုယ်ထဲ အားအကောင်းဆုံး မန္တန်ကို ထည့်သွင်းထားခဲ့တာ ကြာလှပြီ။ ဒါက နောက်ဆုံးလက်ဆောင်ပဲ။ လျန့်စီရင်စုတစ်ခုလုံး ခင်ဗျားနဲ့အတူတူ သေဆုံးသွားလိမ့်မယ် ”
ကျန့်ဝမ်ရွှီ၏ ခန္ဓာကိုယ်က ခြောက်ကပ်သွားသည်။
ထိုအရာကို မြင်ပြီး လုကျိုးက မျက်မှောင်ကြုတ်လိုက်၏။
ဒီလူက တကယ်ကို ရွံ့စရာကောင်းပြီးတော့ ဉာဏ်များတာပဲ။
လုကျိုးက နောက်ဆုတ်လိုက်ရင်း တွေးလိုက်မိသည်။
ငါ ထူးခြားအံ့ဖွယ် စွမ်းအားအကုန်လုံး သုံးပြီးသွားပြီ … အခု ဘာဆက်လုပ်ရမလဲ
စီးဝူယာ့နှင့် တခြားလူများကလည်း ထိုအရာကို မြင်လိုက်ကြသည်။
“နောက်ဆုတ်ကြ”
အသံလှိုင်းက မြို့၏ နေရာအနှံ့ ပျံ့နှံ့သွားလေသည်။
တာ့ယန်၏ကျင့်ကြံသူများက ထိုအမိန့်ကို ကြားသည့်အခါ မော့ကြည့်လိုက်ကြသည်။ သူတို့က အငွေ့များကို မြင်လိုက်ရပြီးနောက် အလျှင်အမြန် နောက်ဆုတ်လိုက်ကြသည်။
မဟာမိတ် တိုင်းပြည်ခုနှစ်ခုလည်း ယခုအခါ အိုနာကျိုးကန်း ဖြစ်နေလေပြီ။ သူတို့ကို ဖျက်ဆီးပစ်ဖို့ အလျင်လိုစရာ မလိုပေ။
“ငါ့အတွက် ဒီလောက်စိတ်ပျက်ရွံ့ရှာဖို့ ကောင်းခဲ့တဲ့ နောက်ဆုံးလူက မော့လီပဲ။ အခုတော့ တော်ဝင်မင်းဆရာက သူ့ထက်တောင် ပိုအရှက်မဲ့နေတာပဲ” ကျန်းအိုက်ကျန့်က ပြောလိုက်သည်။
စီးဝူယာ့က ပြောလိုက်သည် “အဲဒါကြောင့် မော့လီက လျိူကုနဲ့ လျိုကောကို မထိန်းချုပ်နိုင်တာပေါ့။ ဧကရာဇ်က နတ်ဆရာနှစ်ယောက်ကို ဒုတိယမင်းသားနဲ့ နီးကပ်ခွင့်ပြုထားတာ အံ့ဩစရာ မဟုတ်တော့ဘူးပဲ။ တော်ဝင်မိသားစုက အဲဒီကတည်းက မပျော်ရွင်ရတော့တာ မဆန်းတော့ဘူးပဲ။ လျိူကုက ပွင့်ချပ်ကိုးလွှာအဆင့်ကို ဒီလောက်စွဲလမ်းနေတာလည်း မဆန်းတော့ဘူး ”
အားလုံး သိထားကြသည့် အမှန်တရားက တကယ်တော့ အလိမ်အညာတစ်ခုသာ ဖြစ်နေသည်။
“တကယ်ကို အလိမ်အညာကြီးပဲ” ဟွမ်းရှစ်ကျဲက ပြောလိုက်၏။
“ အခု အဲဒီအကြောင်းပြောနေရမဲ့ အချိန်မဟုတ်ဘူး။ အဲဒီခရမ်းရောင်အငွေ့တွေက တစ်ခုခုတော့ မူမမှန်ဘူး။ မြန်မြန် နောက်ဆုတ်ရအောင်” ကျန်းအိုက်ကျန့်က နဂါးတေးသံကို ကိုင်ဆောင်ရင်း နောက်ဆုတ်လိုက်သည်။
အငွေ့ပျံ့နှံ့လာနှုန်းက အားလုံး၏ အတွေးထက် ကျော်လွန်နေသည်။ အစပိုင်းတွင် ပျံ့နှံ့လာနှုန်းက နှေးကွေးခဲ့၏။ သို့သော်လည်း ကြီးမားလာသည့်အခါ ပိုမို ပျံ့နှံ့လာသည်။
“ရှစ်စွင်း ”
“ မျှော်နန်းသခင်”
လုကျိုးက တခြားသူများ၏ အပေါ်တွင် ရှိနေပြီး အနောက်သို့ ကြည့်ကာ ပြောလိုက်သည် “နောက်ဆုတ်ကြ”
တခြားလူများက ခေါင်းညိတ်လိုက်ကြသည်။ အကယ်၍ ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူက ထိုခရမ်းရောင်အငွေ့ကို မခံနိုင်လျှင် မည်သူကများ ခံနိုင်မည်နည်း။
ထိုစဉ် ခရမ်းရောင်အငွေ့များက ပျံ့လာသည်။ ထိုအရာက မြို့တံတိုင်းကို ထိသွားသည့်အခါ တံတိုင်းပေါ်တွင် တိုက်စားသည့် အက်ကြောင်းတစ်ခု ထွက်ပေါ်လာသည်။
ဒါက ဘယ်လိုမန္တန်မျိုးလဲ …
“ခင်ဗျား ကျေနပ်လိမ့်မယ်လို့ မျှော်လင့်တယ်” လေထုထဲမှ အသံတစ်သံ ထွက်ပေါ်လာသည်။
ကျန့်ဝမ်ရွှီက သူ့အသက်ဓာတ်အား စုန်းအတတ်မန္တန်ထဲ ထည့်သွင်းခဲ့သည်မှာ သိသာလှသည်။
လုကျိုးက လက်ဆန့်ထုတ်လိုက်၏။ ကြောက်ရွံ့ခြင်းမဲ့ စည်းတံဆိပ်တော်က ခရမ်းရောင်အငွေ့များကြား ဝင်ရောက်သွားပြီး ပျောက်ကွယ်သွားသည်။ ထိုအရာက သက်ရောက်မှု မရှိလိုက်ပေ။
ခရမ်းရောင်အငွေ့က အဆိပ်ပြင်းပြီး တိုက်စားနိုင်သည်။ မြို့တံတိုင်း၏ အပေါ်ယံ မျက်နှာပြင်နှင့် အရောင်ပင် ကွာကျသွားလေပြီ။ လူသားခန္ဓာကိုယ်အကြောင်း ထည့်ပြောစရာ မလိုတော့ပေ။
ထိုခရမ်းရောင်အငွေ့နှင့် ထိတွေ့မိသည့်အခါ မြို့တံတိုင်းပေါ်ရှိ အလောင်းက ချက်ချင်းဆိုသလို အရည်ပျော်ကျသွားသည်။ မြို့တံတိုင်းပေါ် သွေးနှင့် အသားများသာ ကျန်ရှိနေခဲ့၏။
“နတ်ခြင်္သေ့” လုကျိုးက ခပ်တိုးတိုး ခေါ်လိုက်သည်။
နတ်ခြင်္သေ့က တိမ်တိုက်များကြား ချက်ချင်း ထွက်ပေါ်လာသည်။ ထိုအရာက လုကျိုး၏ ရည်ရွယ်ချက်ကို နားလည်နေသည့်အလား လျန့်စီရင်စုတစ်ခုလုံး အနှံ့ ပျံ့နှံ့သွားစေဖို့ ခပ်ကျယ်ကျယ် အသံပေးလိုက်သည်။
တာ့ယန်၏ ကျင့်ကြံသူများက မော့ကြည့်လိုက်သည့်အခါ ခရမ်းရောင်အငွေ့ထက်တွင် မင်္ဂလာချီများကို မြင်လိုက်ရသည်။
ခဏအကြာတွင် မင်္ဂလာချီ မိုးက ရွာသွန်းလာသည်။
“အား” လေထုထဲ အော်သံကြီး ထွက်ပေါ်လာသည်။ အသံက အငြိုးတရားနှင့် စိတ်ပျက်မှုအတိ ပြည့်နေဟန်ပေါ်သည် “ဘာလို့လဲ … ”
ခရမ်းရောင်အငွေ့က လျန့်စီရင်စုတစ်ခုလုံးဆီ မပျံ့နှံ့သွားခင် နတ်ခြင်္သေ့က အပေါ်တွင် လှည့်ပတ်ကာ မင်္ဂလာကောင်းချီး မိုးကို ရွာသွန်းစေလိုက်၏။
မိုးရွာသွန်းလာခြင်းက ခရမ်းရောင်အငွေ့များကို ဆေးကြောလိုက်သကဲ့သို့ ဖြစ်၏။ ခရမ်းရောင်အငွေ့များက မင်္ဂလာမိုးကြောင့် ချက်ချင်း ပျယ်ပြန်သွားသည်။
ခရမ်းရောင်အငွေ့ကြားမှ ဆိုးဆိုးရွားရွား အော်သံသာ ထွက်ပေါ်နေသည်။ ထိုအရာက အချိန်ကြာလာသည်နှင့်အမျှ ပိုမို အားနည်းလာသည်။
တာ့ယန်၏ ကျင့်ကြံသူများက ဝေဟင်အထက် ပျံသန်းနေသည့် နတ်ခြင်္သေ့အား တအံ့တဩ ကြည့်လိုက်ကြသည်။
မင်္ဂလာ မိုးက ဆက်လက်ရွာသွန်းနေသည့်အတွက် တခြားလူများက နောက်မဆုတ်ကြတော့ပေ။
လုကျိုးက သူ့ဘာသာ မိုးရေအစိုခံလိုက်သည်။ သူက နတ်ခြင်္သေ့၏ ပြန်လည် အားဖြည့်ပေးသည့် စွမ်းအားကို အကြိုက်တွေ့နေသည်။ ယခင်ကဲ့သို့ သူ့ထူးခြားအံ့ဖွယ် စွမ်းအားသည် အလျှင်အမြန် ပြန်ပြည့်လာသည်။ ပြန်ကောင်းလာနှုန်းက အံ့ဖွယ် ဖြစ်၏။
နတ်ခြင်္သေ့က ဘယ်လိုစွမ်းအားမျိုးကို ပိုင်ဆိုင်ထားတာလဲ … စုန်းအတတ်ကို ဖိနှိပ်ပြီး ထူးခြားအံ့ဖွယ်စွမ်းအားကို ပြန်လည်ဖြည့်တင်းပေးနိုင်လေသည်။
လုကျိုး၏ အမြင်၌ ကောင်းကင်ကျမ်း စွမ်းအားက ဗုဒ္ဓ၊ တာအိုနှင့် ကွန်ဖြူးရှပ် အဖွဲ့အစည်းများနှင့် ကွဲပြားသည့် နည်းစနစ်အပိုင် ဖြစ်၏။ သူက နတ်ခြင်္သေ့သည် သူ့ထူးခြားအံ့ဖွယ် စွမ်းအားကို ပြန်လည်ဖြည့်တင်းနိုင်စွမ်း ရှိသည့်အတွက် အမှန်တကယ် အံ့အားသင့်မိခဲ့သည်။
“ အား ” ထိုစဉ် ဝေဟင်ထဲ စူးစူးရှရှ အော်သံကြီး ထွက်ပေါ်လာသည်။
တာ့ယန်၏ ကျင့်ကြံသူများက အမှန်တကယ် တုန်လှုပ်သွားကြသည်။
ကျန့်ဝမ်ရွှီ၏ ဇွဲက အားလုံး၏ ထင်မြင်ချက်ကို ကျော်လွန်နေလေ၏။
လုကျိုးက မျက်မှောင်အသာကြုတ်လိုက်သည်။ သူက လို့လန်မှာကတည်းက ကျန့်ဝမ်ရွှီအား ကောင်းကောင်းရိုက်ထားခဲ့သည်။ ကျန့်ဝမ်ရွှီသည် ကြာကြာတောင့်ခံနိုင်သည့်အတွက် အမှန်ကယ် အံ့အားသင့်မိခဲ့၏။ ကျန့်ဝမ်ရွှီအား သူနှင့် အတူခေါ်ဆောင်လာခဲ့သည်မှာ ဉာဏ်ရှိသည့် အပြုအမူသာ ဖြစ်၏။
“တင်း ပစ်မှတ်ကို သတ်နိုင်တဲ့အတွက် ကုသိုလ်ရမှတ် လေးထောင် ရရှိပါတယ်”
“ လေးထောင်လား ”
…
အခန်း (၆၅၉) သလင်း၏ဆန်းကြယ်မှု
ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ခြင်းအတွက် ဆုလာဘ်သည် ကုသိုလ်မှတ် ၁၅၀၀ဖြစ်သည်။ သို့သော် ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ခြင်းအတွက် ဆုလာဘ်ကမူ ကုသိုလ်မှတ် ၄၀၀၀ဖြစ်၏။ ယင်းသည် အမှတ်နှစ်ဆထက်ပိုသည်။
စနစ်၏တွက်ချက်မှုအရ ချီရောင်၏ဆုလာဘ်သည် ကုသိုလ်မှတ် ၅၀၀၀ ဖြစ်သည်။ တစ်နည်းအားဖြင့် ချီရောင်သည် ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ဦးထက် အနည်းငယ်ပိုသန်မာသည်။
သူသည် ပေတစ်သောင်းချောက်နက်ထဲရှိ သူ၏အတွေ့အကြုံကို ပြန်တွေးမိသောအခါ ဗဟုသုတ အတွေ့အကြုံ ရှိနေသော်ငြား သူ ကြောက်လန့်သွားသည်။ ဆိုရလျှင် ထိုစဉ်က သူ့၌ အသေရိုက်ချက်ကတ် မရှိလျှင် သူသည် ချီရောင်၏အစာဖြစ်သွားလောက်သည်။ သူ၏ထူးကဲအံ့ဖွယ်စွမ်းအားတစ်ဝက်ကို အသုံးပြုပြီးသည့်တိုင် ချီရောင်သည် ထိခိုက်ပုံမရ။ သူ၏ဝှက်ဖဲဖြင့် အသေရိုက်ချက်ကတ်မရှိသည့်ရလဒ်ကို မှန်းဆနိုင်လိမ့်မည်။
ချီရောင်နှင့်ယှဉ်လျှင် တော်ဝင်မင်းဆရာက အမှန်တကယ်ပဲပိုအားနည်းသည်။
မိုးတိတ်သွားသည်နှင့် ခရမ်းရောင်ငွေ့များသည် တဖြည်းဖြည်းပျောက်ကွယ်သွားကာ ဘာမှမကျန်တော့ပေ။
မိုးတိတ်သွားသောအခါ နေသာနေသောကောင်းကင်ထဲတွင် သက်တံတစ်စင်း ပေါ်လာလေ၏။
မိုး၏နောက်ဆုံးတစ်စက်ရွာသွန်းမှုနှင့်အတူ ငြိမ်းချမ်းမှုကနောက်ဆုံး၌ ပြန်ရလာ၏။
နတ်ခြင်္သေ့က၎င်း၏တာဝန်ရလဒ်ကို စစ်ဆေးသည့်ပမာ အော်လိုက်ပြီးနောက် အဝေးသို့ ပျံသန်းသွားသည်။ သူ၏စွမ်းအင်ကုန်ခန်းသွားပြီးနောက် ဆောင်းခိုနေတော့မှာပဲဖြစ်သည်။
လုကျိုးသည် စနစ်မျက်နှာပြင်ကိုကြည့်လိုက်၏။ ထင်သည့်အတိုင်းပင် နတ်ခြင်္သေ့၏ ယခုအခြေအနေသည် အနားယူနေကြောင်းပြသနေ၏။
နတ်ခြင်္သေ့သည် ယခုအခေါက်တွင် ယခင်နှင့် ယှဉ်ပါက စွမ်းအင်များ ပိုသုံးခဲ့ကြောင်း ဝေဝါးဝါး ပြောနိုင်ပေ၏။ ခုနစ်ရက်သည် နတ်ခြင်္သေ့ ပိုကောင်းလာရန် လုံလောက်ပါ့မလားဟု တွေးနေမိသည်။
“ရှစ်စွင်း နတ်ခြင်္သေ့က အံ့ဩစရာပဲ” ရှောင်ယွမ်အာသည် ခရုလေးနှင့်အတူ ပျံသန်းလာသည်။
လုကျိုးသည် ခရုလေးကိုလှည့်ကြည့်လိုက်သည်။
ခရုလေးသည် မြေပြင်ပေါ်ရှိပျက်စီးမှုကို စိတ်ရှုပ်ထွေးသောအမူအရာဖြင့် ကြည့်နေလေ၏။
လျန့်စီရင်စုမြို့သည် စစ်ပွဲဒဏ်ကို ခံရတာ သဘာဝကျသည်။ အထူးသဖြင့် ရထားလုံးပျံခုနစ်လုံးက သိမ်းကြုံးဖြတ်တိုက်သွားသည့်နေရာများတွင် သိသာလှပေသည်။
“မင်း သူ့ကိုသိလား” လုကျိုးက စုံစမ်းမေးမြန်းလိုက်၏။
ခရုလေးက ခေါင်းခါပြီးပြောလိုက်တော့သည်။ “မသိဘူး”
လုကျိုးသည် အနီရောင်ကြာကို ထည့်မပြောခဲ့ပေ။ တာ့ယန်ကျင့်ကြံသူအများစုသည် ရွှေရောင်ကြာနှင့် အနီရောင်ကြာကွာဟချက်ကို မသိသောကြောင့်ဖြစ်သည်။
“မင်းရဲ့မွေးရပ်မြေ ဘယ်မှာလဲဆိုတာ မှတ်မိလား” လုကျိုးက မေးလိုက်၏။
“အဝေးကြီး ... အဝေးကြီးမှာ အချိန်အတော်ကြာ ရွက်လွင့်ဖို့လိုတယ်” ခရုလေးက ပြန်ပြောလိုက်၏။
လုကျိုးက တစ်ဖက်လှည့်ကာ ခရုလေးကို မျက်နှာချင်းဆိုင်လိုက်သည်။ သူက ခရုလေးကို မေးလိုက်၏။
“ဘယ်လိုလှေမျိုးလဲ”
“အနီရောင်ခေါင်းတလား။ အဲဒါကို ရှစ်စွင်း အရင်ကမြင်ဖူးပါတယ်” ခရုလေးက ပြန်ပြောလိုက်၏။
ယင်းက လုကျိုးခန့်မှန်းသည့်အတိုင်းပင်။
ထိုစကားကို ကြားသောအခါ အနားတွင် ရပ်နေသော စီးဝူယာ့က ထိတ်လန့်သွားလေ၏။ အနီရောင်ခေါင်းတလားသည် ပို့ဆောင်ရေးအတွက်သုံးတာ ဖြစ်လိမ့်မည်ဟု သူ မထင်ထားပေ။
အနီရောင်ခေါင်းတလားပေါ်ရှိ အနီရောင်ရုန်းများသည် ထိတ်လန့်ဖွယ်ကောင်းသည့် ခုခံမှုများ ပိုင်ဆိုင်ထား၏။ အမှန်တကယ်ပင် ချောက်နက်၏ရေနက်များကိုဖြတ်ကျော်ရန် ကျင့်ကြံသူများကို ပို့ဆောင်ပေးဖို့ အံ့ဩဖွယ်ကောင်းသည့် အကြံတစ်ခုပဲဖြစ်သည်။
“အနက်ရောင်ရေကို မှတ်မိလား”
ခရုလေးက ခေါင်းခါပြီးဇဝေဇဝါဖြစ်သွား၏။ “ကြည်လင်နေတဲ့ပင်လယ်ရေ။ အဲ့ဒီမှာ အနက်ရောင်ရေ မရှိဘူး”
“အနက်ရေပေါ်မှာ ရွက်လွှင့်ခဲ့တာမဟုတ်ဘူးလား” လုကျိုးက မေးလိုက်၏။
ခရုလေးက ခေါင်းထပ်ခါလိုက်သည်။
ထိုအဖြေသည် လုကျိုး၏မှန်းဆချက်ထက်ကျော်လွန်နေသည်။ ဆိုလိုသည်မှာ အနီရောင်ကြာနယ်မြေကို ဤကမ္ဘာကနေ အနီရောင်ကြာနယ်မြေကို ဝင်ရောက်ရန် လမ်းကြောင်းတစ်ခုမက ရှိသည်။
“လော့ရှစ်ရင်ကို သိလား” လုကျိုးကမေးလိုက်၏။
“လော့ ... လော့ ကျွန်မသိတယ်” ခရုလေးသည် ရင်းနှီးနေသောအမည်ကို ကြားလိုက်ရသောအခါ သိသွားပုံပေါ်၏။
“အခု သူ ဘယ်မှာလဲ”
“ကျွန်မ မမှတ်မိဘူး”
“တခြားသူတွေကကော”
“ကျွန်မ မမှတ်မိဘူး” ခရုလေးက ခေါင်းခါလိုက်၏။
လုကျိုးသည် အနည်းငယ်စိတ်ပျက်သွားပုံပေါ်၏။ ခရုလေး၏ လက်ရှိနိုးထခြင်းအခြေအနေဖြင့် သူမ ဤမျှမှတ်မိသည်ကပင် ချီးကျူးဖွယ်ကောင်းနေပြီဖြစ်သည်။
“မင်းရဲ့လက်ပေး” လုကျိုးက ပြောလိုက်၏။
“ဟုတ်” ခရုလေးသည် လိမ်လိမ်မာမာဖြင့် သူ့ရှစ်စွင်းဆီလက်ဆန့်ပေးလိုက်သည်။
တွေးနေသောအမူအရာဖြင့် ဤမြင်ကွင်းကိုကြည့်နေသော စီးဝူယာ့မှအပ ကျန်သည့်သူများသည် လုကျိုးဘာလုပ်နေမှန်းမသိပေ။
လုကျိုးသည် ခရုလေး၏ သွေးကြောကို စစ်ဆေးလိုက်၏။ စစ်ဆေးပြီးနောက် သူ အတွေးနက်သွားတော့သည်။
စစ်ဆေးမှုအရ ခရုလေး၏အသက်ဓာတ်က သန်မာပုံရသည်။ သူမ၏ကိုယ်ထဲတွင် သက်တမ်းနှစ်တစ်ထောင် ရှိနေပုံပေါ်၏။ သူမသည် မဟာအကန့်အသတ်ကို ရောက်ရန် အရှည်ကြီး လိုနေသေး၏။ သူမက ယွီကျန့်ဟိုင်နှင့် လုံးဝဆန့်ကျင်ဖက်ဖြစ်နေလေ၏။
ယွီကျန့်ဟိုင်သည် သုံးကြိမ်သေခဲ့ပြီးဖြစ်သည်။ သူ၏နှစ်တစ်ထောင်သက်တမ်းသည် အပြည့်အဝ သုံးကုန်သွား၏။ သူ့အသက်တချို့ကို ပြန်လည်တည်ဆောက်ပေးနိုင်သော အနီရောင်ငါးနှလုံးသားသည် တစ်ခုတည်းသော အကြောင်းအရင်း ဖြစ်၏။ သူ၏ အသက်ငွေ့က အားနည်းလှပေသည်။
ခရုလေးသည် ဝူချီကဲ့သို့မျိုးနွယ်မဟုတ်တာ သိသာလှပေ၏။ ထို့ကြောင့် လော့ရှစ်ရင်သည် ခရုလေး မဖြစ်နိုင်လောက်ပေ။ ထိုအကြောင်းကို ပြောဖို့ကလည်း စောလွန်းနေသေး၏။ အနီရောင်ကြာနယ်မြေ၌ ထိတ်လန့်ဖွယ်ကောင်းသော အသက်ပြန်ရှည်မည့် နည်းရှိမည်ဆိုတာ မည်သူက သိနိုင်မည်နည်း။
လုကျိုးသည် ခရုလေး၏မျက်နှာထက်ရှိအခက်တွေ့နေသော အမူအရာကိုမြင်သောအခါ သူကမေးလိုက်သည်။
“အဲဒါကို မှတ်မိဖို့ မင်းကိုယ်မင်း ဖိအားပေးဖို့မလိုဘူး”
“တပည့်တောင်းပန်ပါတယ် ရှစ်စွင်း။ တမင်တကာ မေ့လိုက်တာမဟုတ်ပါဘူး” ခရုလေးက နောက်တစ်ကြိမ်ပြောလိုက်၏။
ရှောင်ယွမ်အာသည် ခရုလေး၏လက်ကိုပုတ်ပေးလျက်ပြောလိုက်သည်။ “အဆင်ပြေတယ်။ ရှစ်စွင်းက ညီမကို အပြစ်တင်တာမဟုတ်ဘူး”
“အင်း”
တာ့ယန်၏ကျင့်ကြံသူများသည် လျန်စီရင်မြို့ပေါ်၌ ပျံဝဲနေလျက် ဖွပ်ဖွပ်ညက်ညက်ကြေနေသော မြို့ကို ကြည့်လိုက်၏။ သူတို့သည် တညီတညွတ်တည်းသက်ပြင်းချလိုက်၏။ တန်ကြေးက ကြီးမားသော်ငြား သူတို့ကို ငြိမ်းချမ်းမှုဆောင်ယူလာပေး၏။ ယင်းက ထိုက်တန်သည်။
ဤစစ်ပွဲပြီးနောက် မဟာမိတ်တိုင်းပြည်ခုနစ်ခုက ပြိုကွဲသွားလိမ့်မည်။ အချိန်အတိုင်းအတာတစ်ခုအထိ အနှောင့်အယှက်ရှိမှာမဟုတ်ပေ။
ကျင့်ကြံသူရာကျော်က လေထဲသို့ပျံတက်လာပြီးနောက် လုကျိုးကို မျက်နှာချင်းဆိုင်ကာ စိတ်ရင်းမှန်ဖြင့်အရိုအသေပေးလိုက်ကြသည်။ သူတို့မပြောခဲ့သည် ကျေးဇူးတင်စကားအားလုံးသည် သူတို့အကြည့်ထဲတွင်ပါရှိနေသည်။
ထိုအခိုက်အတန့်တွင် အရှေ့အရပ်ဆီမှ သူတို့ဆီသို့ စိတ်ဝိညာဉ်သဏ္ဌာန်များပျံသန်းလာ၏။ ဦးဆောင်လာသည့်သူက ဝတ်စုံဖြူဖြင့် ယဲ့ထျန်းရှင်းဖြစ်သည်။ သူမသည် ရံဖန်ရံခါ၌ ပွင့်ချပ်ရှစ်လွှာစိတ်ဝိညာဉ်သဏ္ဌာန်ကို အသက်သွင်းပြီးအရှိန်ဖြင့်ပျံလာသည်။
သူမ၏နောက်တွင် ဟွားဝူတောက်၊ ဟွားယွဲ့ရှင်း၊ ကျော့ယွီရှုနှင့် ကျန်သည့်သူများကလည်း လိုက်လာ၏။
ရှောင်ယွမ်အာသည် သူတို့ကိုသွားတွေ့လိုက်သည်။ သူမက ပြောလိုက်သည်။ "ရှစ်ကျဲ နောက်ကျသွားပြီ”
ယဲ့ထျန်းရှင်းက ရပ်တန့်သွားပြီးနောက် လှည့်ကြည့်လိုက်၏။ သူမက တအံ့တဩဖြင့်
“ငါတို့နောက်ကျသွားတာလား”
“လျှိုရှစ်ကျဲ ... ရှစ်စွင်းက သူ့ရဲ့ပွင့်ချပ်ကိုးလွှာစိတ်ဝိညာဉ်သဏ္ဌာန်ဖြင့် မဟာနည်းစနစ်ကို သုံးပြီးရောက်လာတာ။ ဒီလို ဒီလို” ရှောင်ယွမ်အာကလည်း ပြောစရာစကားမဲ့နေသည်။ သူမ၏အတွေးများကို ပြောပြရန် သင့်တော်သည့်စကားလုံးမရှာနိုင်ဖြစ်နေသည်။
“တော်လောက်ပြီ” လုကျိုးသည် ဤကိစ္စပြီးနောက် သူသည် မျက်နှာချိုသွေးခံရမည်မှန်းသိနေသည်။ သို့သော် ထိုအတွက်အချိန်မဟုတ်ပေ။
ယဲ့ထျန်းရှင်းသည် ကျန်သည့်သူများကိုခေါ်လာလျက် အရိုအသေပေးလိုက်၏။
“ရှစ်စွင်း”
“မျှော်နန်းသခင်”
ကျော့ယွီရှု၊ ဟွားယွဲ့ရှင်းနှင့် ဟွားဝူတောက်တို့သည် အစုလိုက်အပြုံလိုက်သေဆုံးနေမှုကို မြင်သောအခါ သူတို့စိတ်တည်ငြိမ်ရန် အချိန်တချို့ယူလိုက်ရသည်။ ဤနေရာ၌ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာ မှန်းဆရန်ခက်ခဲနေ၏။
မြို့ထဲရှိ ပျက်စီးမှုအခြေအနေသည် သူတို့မှန်းဆသည်ထက်ကျော်လွန်နေသည်။ ကောင်းကင်ထဲတွင် ကားလိပ်ကဲ့သို့အရံအတားသည်လည်း အပြည့်အဝပြိုလဲသွားပြီဖြစ်၏။ အပျက်အစီးထဲတွင် အလောင်းများ နေရာအနှံ့ရှိနေ၏။
လုကျိုးက မုတ်ဆိတ်သပ်လျက်ပြောလိုက်တော့သည်။ “ဒါတွေရှင်းလိုက်”
“နားလည်ပါပြီ” တာ့ယန်ကျင့်ကြံသူများသည် ချက်ချင်းလှုပ်ရှားကြတော့သည်။
စီးဝူယာ့က ပြောလိုက်၏။ "ရှစ်စွင်း မြို့ရဲ့ထိပ်ပိုင်းက အထိအခိုက်မရှိပါဘူး။ ရှစ်စွင်းအချိန်အတော်ကြာ တိုက်ခိုက်ခဲ့တာ အနားယူလိုက်ပါဦးလား”
“ကောင်းပြီ”
လုကျိုး၏ထူးကဲစွမ်းအားသည် နတ်ခြင်္သေ့၏စွမ်းအားဖြင့် အားပြန်ပြည့်လာသော်ငြား အတော်ကြာ တိုက်ခိုက်ပြီးနောက် သူ မည်ကဲ့သို့ အထိအခိုက်မရှိဘဲနေမည်နည်း။ သူ စဉ်းစားတွေးတောရန် အချိန်တချို့ လို၏။
ထိုစဉ် အနီရောင်ကြာနယ်မြေရှိ မြင့်မားလှသော နန်းတော်ထဲတွင်ဖြစ်သည်။
အနီရောင်သရဖူဖြင့် အဖိုးအိုတစ်ယောက်သည် မျက်လုံးမှိတ်လျက်အနားယူကာ ခုံတွင်ထိုင်နေ၏။
လက်အောက်ငယ်သားတစ်ယောက်ကဝင်လာပြီး အရိုအသေပေးလိုက်တော့သည်။
“အကြီးအကဲချိုး ... အကြီးအကဲကျန့်ဝမ်ရွှီရဲ့ အသက်ကျောက်တုံးတစစီဖြစ်သွားပါပြီ”
အနီရောင်သရဖူကိုဆင်မြန်းထားသော အဖိုးအိုက မျက်လုံးဖွင့်လျက်ပြောလိုက်သည်။ "သူ့ဆီက သတင်းမကြားရတာ နှစ်ပေါင်းများစွာကြာပြီ။ သူ့ကိုယ်သူ ကာကွယ်ဖို့ နည်းလမ်းတွေ အများကြီးရှိခဲ့တာ။ ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူတစ်ယောက်ပဲ သူ့ကို သတ်နိုင်တယ်”
“ပွင့်ချပ်ဆယ်လွှာကျင့်ကြံသူက ဘုံတစ်ထောင်လေပွေ ဖြစ်ရမယ်။ ဒီလိုအစွမ်းထက်တဲ့လူတစ်ယောက်ကြောင့် အကြီးအကဲကျန့် သေသွားတာကို လက်စားချေသင့်လား”
“အရာအားလုံးအတွက် အမိန့်တစ်ခုရှိတယ်။ အခုတော့ သူ ပြန်ပို့လိုက်တဲ့ သလင်းကို လေ့လာထား။ ပြီးတော့ အနီရောင်ခေါင်းတလားရဲ့လမ်းကြောင်းကို တတ်နိုင်သမျှမြန်မြန်ဖြေရှင်းဖို့ပြောလိုက်ဦး။ သူ ဘယ်မှာလဲဆိုတာရှာရမယ်” အကြီးအကဲချိုးက ပြောလိုက်၏။
“နားလည်ပါပြီ”
“ပြီးတော့ ကြယ်ပျံအိမ်ရဲ့အခြေအနေက ဘယ်လိုလဲ” အကြီးအကဲချိုးက မေးလိုက်သည်။
“ကြယ်ပျံအိမ်တော်က လွမ့်ကိုအနိုင်ယူပြီး အခြေအနေကောင်းနေပါတယ်။ ဒါပေမဲ့ သူတို့ထိခိုက်မှုလည်း များတယ်။ သူတို့တွေက ဆန်းကြယ်တဲ့လူသတ်သမားကို စုံစမ်းစစ်ဆေးဖို့ ကြိုးစားနေတယ်လို့ကြားတယ်။ ဒါပေမဲ့ သူတို့ဘာမှရှာမတွေ့သေးဘူး” လက်အောက်ငယ်သားက ပြန်ပြောသည်။
“လူသတ်သမားလား”
“ကြယ်ပျံအိမ်တော်က တာဝန်သွားထမ်းဆောင်ရွက်တဲ့အချိန် ပွင့်ချပ်ငါးလွှာကျင့်ကြံသူတစ်ယောက် ဆုံးရှုံးခဲ့တယ်။ သားရဲတစ်ကောင် လုပ်တာလားတော့ သေချာမသိဘူး။ သူတို့က မြို့ထဲမှာ လိုက်မေးပေမဲ့ ဓားရေးကျွမ်းကျင်တဲ့ သိုင်းပညာရှင်ဖြစ်လိမ့်မယ်လို့ မထင်ထားဘူးလေ။ သူက သူတို့ထဲက သုံးယောက်ကိုသတ်သွားတာ”
အကြီးအကဲချိုးက ခေါင်းညိတ်ပြီးပြောလိုက်၏။
"ဒီလို အကျော်အမော်ဓားသမားမျိုးက ဘာကောင်မှ မဟုတ်တာ မဖြစ်နိုင်ဘူး။ ငါတို့ရဲ့လူတွေကို သူ့အကြောင်းစုံစမ်းခိုင်းထားလိုက်။ ရန်သူရဲ့ရန်သူက မိတ်ဆွေပဲ။ သူ့ကို ငါတို့ဖက်ခေါ်ထားဖို့ ကြိုးစားကြည့်”
“နားလည်ပါပြီ”
ထိုစဉ် အကြောင်းအရာများစွာ၏ခေါင်းစဉ်ဖြစ်သူ ယွီရှန်းရုန်ကမူ အရက်ဆိုင်တွင် ထိုင်လျက် အရက်တစ်ခွက်ကို ရံဖန်ရံခါ အလုတ်အနည်းငယ်သောက်နေ၏။ သူသည် သူ၏မျက်နှာချင်းဆိုင်တွင် တလက်လက် တောက်ပနေသော မျက်လုံးရွဲကြီးများဖြင့် ထိုင်နေသော မိန်းမငယ်လေးကို ကြည့်နေ၏။ သူ သိမ်မွေ့လွန်းသောကြောင့် ဤမိန်းကလေးသည် သူ့နောက်လိုက်ရလောက်အောင် ရဲတင်းသလားဟု သူ တွေးနေမိသည်။ ထိုကြောင့် သူသည် အေးစက်ပုံပေါ်အောင် အကောင်းဆုံးကြိုးစားပြီး ပြောလိုက်၏။ “မင်း ငါ့နောက်ထပ်လိုက်လာရင် မင်းကို သတ်မယ်”
…
အခန်း (၆၆၀) မိုးမခတစ်ထောင် ဘုရားကျောင်း၏ ဓားနတ်ဆိုး
ဝူဝူက မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ သူမက သူ့ကို ကြောက်ဖို့ကောင်းသည်ဟု မထင်ရုံသာမက သူ့အပြုအမူများသည် ချစ်ဖို့ကောင်းသည်ဟု ထင်မိသည်။ သူမက ခပ်တောင့်တောင့် ရယ်မောလိုက်၏။ ထို့နောက် သူမက လက်မြောက်လိုက်သည့်အခါ ညင်သာသလို အားပြင်းဟန်ပေါ်သည့် အနီရောင်စွမ်းအား ထွက်ပေါ်လာသည်။
“ အစ်ကိုကြီး အရင်တုန်းက ဘယ်မှာညအိပ်တာလဲ။ ငှက်တွေက ဖမ်းမသွားဘူးလား။ ဒဏ်ရာရသွားသေးလား။ ညီမ ကုပေးပါရစေ … ညီမရဲ့ ကုသစွမ်းရည်က အတော်လေး ကောင်းတယ်”
ယွီရှန်းရုန်က ဆွံ့အနေမိသည်။
ဝူဝူက ထပ်မံ လျစ်လျူရှုခံရသည်ကို မြင်သည့်အခါ စိတ်အားလျော့စွာ ပြောလိုက်သည်။
“ ဘယ်လိုလုပ် ဒဏ်ရာမရဘဲ နေမှာလဲ ”
ယွီရှန်းရုန်က ပြောလိုက်သည်။ “ သားရဲတွေက ကြောက်ဖို့ကောင်းပေမဲ့ ရှောင်ဖို့ မခက်ပါဘူး”
သူ ငယ်စဉ်က တောအုပ်များနှင့် လွင်ပြင်များကို ဖြတ်ကာ မြောက်ပိုင်းမှ တာ့ယန်ဆီ အကောင်းအတိုင်း ရောက်အောင် လာနိုင်ခဲ့သည်။ သူက တောအုပ်နှင့် လွင်ပြင်များကြားတွင် အချိန်အများဆုံး ကုန်ဆုံးခဲ့ရသောကြောင့် သူ့အန္တရာယ်ခံနိုင်စွမ်းက တခြားလူများထက် ပိုမြင့်မား၏။ ထို့အပြင် သူက ပွင့်ချပ်ရှစ်လွာအဆင့် ကျင့်ကြံသူ ဖြစ်၏။
“ အစ်ကိုကြီးက တကယ်တော်တာပဲ” ဝူဝူလေးက ထိုင်ခုံကို မှီလိုက်ရင်း လက်ပေါ် မေးတင်ထားလိုက်သည်။
ယွီရှန်းရုန်က ထရပ်လိုက်သည်။ သူက အသက်ရှည်ဓားကို ကောက်လိုက်ပြီး ပြောလိုက်၏။ “နှုတ်ဆက်ပါတယ် ”
“ ညီမက အစ်ကိုကြီးနောက် လိုက်တာ မဟုတ်ဘူးနော်။ အစ်ကိုကြီးရဲ့ ပြောစကားလိုမျိုး ဒါက ကံကြမ္မာပဲ ဖြစ်ရမယ်။ အစ်ကိုကြီးရဲ့ အသက်ဓာတ်က ကျင့်ကြံဆင့်နဲ့ မလိုက်ဖက်ဘူး” ဝူဝူက ထိုင်ခုံပေါ်မှ ခုန်ဆင်းကာ လိုက်လာလေသည်။
ယွီရှန်းရုန်က ရပ်လိုက်ပြီး သူမအား လှည့်ကြည့်လိုက်၏။ “ မင်း ပြောနိုင်တယ်လား”
မုရှီးတိုင်းပြည်မှ လူများသည် အသက်တိုကြသည်။ အသက်ရှင်ခြင်းက တန်ဖိုးကြီးအရာတစ်ခု ဖြစ်၏။ သူတို့ သေဆုံးသွားကြလျှင် သူတို့က မိုးမြေနှင့် တခြားလူများဆီ အပြစ်တင်ခြင်းများ မရှိပေ။
ထိုစဉ် ဝူဝူအနောက်ဘက်မှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ “ရှစ်မေ့ ပြန်ဖို့အချိန်ကျပြီ ”
“ရှစ်ရှိုး အချိန်မီ ရောက်လာတာပဲ … ဒါက ညီမ ပြောဖူးတဲ့လူလေ။ သူက ကျွမ်းကျင်တဲ့ ဓားသမားတစ်ယောက်ပဲ” ဝူဝူက ပြောလိုက်သည်။
ဝူဝူနောက်တွင် ပေါ်လာသူက လူလတ်အရွယ် အမျိုးသားတစ်ဦး ဖြစ်၏။ သူက မျက်ခုံးထူထူနှင့် မျက်လုံးကြီးကြီး ရှိသည်။ သူက ဓားပြားကို သယ်ဆောင်ထား၏။ သူက ယွီရှန်းရုန်ကို ကြည့်လိုက်ပြီး “ ကျုပ်က မိုးမခတစ်ထောင် ဘုရားကျောင်းက ကျီဖုန်းရှင်းပါ။ လူကြီးမင်းကိုရော ဘယ်လိုခေါ်ရမလဲ ”
ယွီရှန်းရုန်က တည်ငြိမ်စွာ ပြောလိုက်သည်။ “ ကျုပ်တို့က အခွင့်ကြိုက်လို့ တွေ့ဆုံရတဲ့ သူစိမ်းတွေပါ။ ရင်းနှီးစရာ မလိုပါဘူး။ နှုတ်ဆက်ပါတယ်”
“ ခဏနေပါဦး” ကျီဖုန်းရှင်းက ကမ္ဘာဦးချီကို လှည့်ပတ်လိုက်သည်။ သူ့ဓားက လက်ထဲ ရောက်လာသည်။
“ ကျုပ်က ဓားကတဆင့် မိတ်ဆွေဖွဲ့ရတာ သဘောကျတယ်။ တကယ်လို့ ဝူဝူသာ ခင်ဗျားက အရည်အချင်းရှိတယ်လို့ တွေးတယ်ဆိုရင် ခင်ဗျားက ဓားရေးကျွမ်းကျင်မှန်း သံသယဖြစ်စရာ မလိုတော့ဘူး။ တစ်ပွဲတစ်လမ်းလောက် မဆင်နွှဲချင်ဘူးလား”
အကယ်၍ ကျီဖုန်းရှင်းသာ တခြားတစ်ခု ပြောခဲ့လျှင် ယွီရှန်းရုန်က သူ့အား လျစ်လျူရှုကာ ထွက်သွားမည် ဖြစ်၏။ သို့သော်လည်း ဓားနှင့် သက်ဆိုင်သည့်အရာအားလုံးက သူ့စိတ်ဝင်စားမှုကို ဖမ်းစားနိုင်သည်။ လူတစ်ယောက်က တစ်ဘဝလုံး စိတ်ဝင်စားမှုတစ်ခုတည်းအပေါ် မြှပ်နှံထားသည်မှာ ရှားပါးလှသည်။ နမူနာအားဖြင့် သူ့တာ့ရှစ်ရှိုးက သေရည်ကို ကြိုက်သလိုမျိုး ဖြစ်၏။ စားပွဲပေါ်တွင် သေရည်ရှိနေသရွေ့ သူ့တာ့ရှစ်ရှိုး၏ စိတ်ပူပင်မှုများက လျော့ကျသွားလိမ့်မည်။ သူ့အတွက် ဓားရှိနေသရွေ့ ဤတိုက်ခိုက်ရေးလောကကြီးထဲ ခရီးလျှောက်သွားနေရုံဖြင့် ပျော်ရွင်နေသည်။
“ ဓားနည်းစနစ် ပြိုင်ပွဲလား” ယွီရှန်းရုန်က လှည့်ကာ လူလတ်အရွယ် အမျိုးသာအား စိတ်ဝင်တစားဖြင့် ကြည့်လိုက်သည်။
“ ကျုပ်က အဲဒါတွေ မတော်ဘူး။ ဒါပေမဲ့ ကျုပ်ကို မိုးမခတစ်ထောင် ဘုရားကျောင်းရဲ့ ဓားနတ်ဆိုးလို့ ပေးထားတာ ”
“ဓားနတ်ဆိုးတဲ့လား” ယွီရှန်းရုန်၏ အရည်အချင်းကြောင့် ထိုဂုဏ်ပုဒ်ရရှိထားသည်မှာ ကြာမြင့်လှလေပြီ။ တာ့ယန်ထဲတွင် သူ့ကို ကြောက်ရွံ့သောကြောင့် မည်သူကမှ ထိုဂုဏ်ပုဒ်ကို အသုံးမပြုဝံ့ပေ။ သူက တစ်ယောက်ယောက် သူ့ဘာသာ ဓားနတ်ဆိုးဟု သုံးနှုန်းသည့်အခါ ထူးဆန်းသလို ခံစားလိုက်မိသည်။
“ကောင်းပြီ” ကျီဖုန်းရှင်းက ပြောလိုက်သည်။
ယွီရှန်းရုန်က မထူးမခြားနား မေးလိုက်သည် “ ဘယ်လိုပြိုင်ချင်တာလဲ ”
“ ကျုပ်တို့တွေ ဗြဟ္မာပင်လယ်အဆင့်အောက် ဓားနဲ့ ချီကို ထိန်းချုပ်ကြမယ်” ကျီဖုန်းရှင်းက ရှင်းပြလိုက်သည်။
အကယ်၍ သူတို့က နတ်ဒေဝါဦးတည်နယ်ပယ်အဆင့် စွမ်းအားကို အသုံးပြုခဲ့လျှင် သူတို့တိုက်ပွဲမှ အပျက်အစီးများကို ထိန်းချုပ်ဖို့ ခက်လိမ့်မည်။ ထို့ကြောင့် အနီရောင်ကြာပိုင်နက်ရှိ လူအများစုက ဗြဟ္မာပင်လယ်အဆင့်အောက် စွမ်းအားချင်းသာ ယှဉ်လေ့ရှိသည်။
ယွီရှန်းရုန်က ထိုအကြုံပြုချက်သည် သင့်တော်သည်ဟု ထင်မိသည်။ သူက ခေါင်းညိတ်ကာ ပြုံးလိုက်၏ “ကောင်းပြီ ”
ကျီဖုန်းရှင်းက ဓားကို ဆွဲထုတ်လိုက်သည်။ သူ့ကမ္ဘာဦးချီက ချီသွေးကြောမှတဆင့် လက်ဝါးတစ်လျှောက်မှ ဓားအထိ စီးဆင်းလာသည်။
“ မိုးမခတစ်ထောင် ဘုရားကျောင်းရဲ့ ဓားရေးနည်းစနစ်က ခွန်အားပေါ် အခြေခံထားတယ်။ ကျုပ်တို့ကို ချီကို စွမ်းအားအဖြစ် ဖွဲ့စည်းတဲ့နေရာမှာ အမြန်နှုန်းကြောင့် လူသိများတယ်။ ကျုပ်တို့စွမ်းအင်ဓားရဲ့ အင်အားက ကွဲပြားပြီးတော့ သဘာဝကို သဘောကျကြတယ်”
ကျီဖုန်းရှင်းက ဓားကို ဆွဲထုတ်ပြီးသည်နှင့် တခြားလူတစ်ယောက်အဖြစ် ပြောင်းသွားဟန်ပေါ်သည်။
“လူကြီးမင်း … ကျုပ်ကို သုံးကြိမ်လှုပ်ရှားအောင် လုပ်နိုင်တဲ့သူကို အဆင့်မြင့် ဓားသမားလို့ ယူဆနိုင်တယ်။ ကျုပ် …. ”
ဝှစ်
အနီရောင် အလင်းတန်း ဖျတ်ခနဲ တောက်ပလာသည်။
ဘန်း
ကျီဖုန်းရှင်း စကားမဆုံးခင် ယွီရှန်းရုန်၏ ဓားက ဓားအိမ်ထဲ ပြန်ရောက်ရှိသွားလေပြီ။ သူ့အမူအရာက မပြောင်းမလဲ ကျန်ရှိနေဆဲ ဖြစ်၏။
ကျီဖုန်းရှင်း၏ ဓားက မြောက်နေဆဲ ဖြစ်ကာ သူ့စကားကလည်း လည်ချောင်းထဲ တစ်ဆို့သွားသည်။
ချွမ်
ကျီဖုန်းရှင်း၏ ဓားက နှစ်ပိုင်းကွဲသွားပြီး မြေပေါ် ပြုတ်ကျလာသည်။ သူက စကားပြောနေစဉ် တစ်ဖက်လူကြောင့် သူ့လက်နက်က နှစ်ပိုင်းကွဲသွားသည်။ သူက တစ်ခါမှ မလှုပ်ရှားလိုက်ရပေ။ သူက သစ်သားကြက်ရုပ်လိုမျိုး ကြောင်အမ်းနေမိ၏။
ယွီရှန်းရုန်၏ အမူအရာတွင် အပြောင်းအလဲ မရှိနေပေ။ ဤသည်မှာ ဘာမှဂုဏ်ယူစရာ မဟုတ်ပေ။ သူက အနီရောင်ကြာပိုင်နက်တွင် လူသစ် ဖြစ်သော်လည်း အဆင့်မြင့် ကျင့်ကြံသူများက သူ့ပစ်မှတ် ဖြစ်၏။
ထိုစဉ် ယွီရှန်းရုန်က စိတ်ပျက်မှုကြီးစိုးလာသည်။ သူ့အတွက် သူနှင့် ဓားလမ်းစဉ်တွင် ပခုံးချင်းတိုက်ကာ လျှောက်လှမ်းနိုင်မည့်လူကို ရှာဖွေဖို့ အလွန်ခက်ခဲနေသည်။ အနီရောင်ကြာပိုင်နက်၏ ဓားနတ်ဆိုးက အတော်လေး ပျင်းဖို့ကောင်းလှသည်။
“ သက်ညှာပေးတာ ကျေးဇူးပါ” ယွီရှန်းရုန်က ပြောလိုက်ပြီးနောက် နေဝင်နေသည့်အရပ်ကို ဦးတည်ထွက်လာလိုက်သည်။ နေရောင်က သူ့အရိပ်အား ရှည်လျားဖြောင့်မတ်နေစေသည်။
ကျီဖုန်းရှင်းက အသိပြန်ကပ်လာသည့်အခါ ယွီရှန်းရုန်နောက် မြန်မြန် ပြေးလိုက်လာသည်။
“ဟေးဟေး … ကျုပ်က မပြင်ဆင်ရသေးလို့ပါ။ ခင်ဗျားက ဘယ်လိုလုပ်လိုက်တာလဲ”
ယွီရှန်းရုန်က တိတ်ဆိတ်နေသည်။
ကျီဖုန်းရှင်းက ဆက်ပြောလိုက်သည် “ ခင်ဗျားနိုင်သွားပေမဲ့ ကျုပ်က ရလဒ်ကို မကျေနပ်ဘူး။ ခင်ဗျား ကျုပ်ပြောတာ ကြားလား“
ဝူဝူက ကျီဖုန်းရှင်းနောက်မှ လိုက်လာပြီး ပြောလိုက်သည် “ရှစ်ရှိုးက ဒီလိုထပ်လုပ်ပြန်ပြီ … ”
“ကလေးတွေက လူကြီးတွေ ပြောနေတာ ဝင်မပါရဘူး။ ထပ်လုပ်ပြန်ပြီက ဘာတုံး” ထို့နောက် သူက ယွီရှန်းရုန်ဘက် လှည့်ကာ ပြောလိုက်သည်။ “ဟေး ခင်ဗျားကို ပြောနေတာလေ။ ကျုပ်တို့က သဘောထားတူတယ်မလား ”
ဝှစ်
ယွီရှန်းရုန်က သူ့ဓားကို ထပ်မံ ဆွဲထုတ်လိုက်သည်။
ကျီဖုန်းရှင်က နောက်ဆုတ်လိုက်သည်။
ယွီရှန်းရုန်က ရှေ့တိုးလာ၏။ သူ့ဓားအရိပ်များက တစ်ခုနှင့် တစ်ခု ထပ်သွားသည်မှာ ထူးခွန်ပြောင်မြောက်သည့် မြင်ကွင်းတစ်ခု ဖြစ်၏။
ဝှစ် ဝှစ် ဝှစ်
ယွီရှန်းရုန်က ပုံရိပ်သုံးခုအဖြစ် ကွဲထွက်သွားသည်။
ပြန်လာဝင်ရောက် ဝိညာဉ်သုံးပါး
နောက်စက္ကန့်ပိုင်းလေး၌ သူ့အသက်ရှည်ဓားက ကျီဖုန်းရှင်း၏ လည်ပင်းအနား ရောက်နေလေပြီ။ တစ်လက်မလောက် နီးကပ်လိုက်ပါက သွေးများ ထွက်လာလိမ့်မည်။
ထိုစဉ် အရာအားလုံးက တိတ်ဆိတ်သွားသည်။
ကျီဖုန်းရှင်းက တံတွေးမျိုချလိုက်ပြီးနောက် သူ့ရှေ့မှ လူအား ယုံရခက်စွာ ကြည့်လိုက်သည်။
နှစ်ယောက်သား ထိုအနေအထားအတိုင်း အချိန်အတော်ကြာ တိတ်ဆိတ်နေသည်။
ခဏအကြာတွင် ယွီရှန်းရုန်က အသက်ရှည်ဓားကို ပြန်ရုပ်လိုက်ပြီး ပြောလိုက်သည်။ “တကယ်လို့ သေတဲ့ထိ တိုက်ရမယ်ဆိုရင် မင်း ဆယ်ကြိမ်မက သေပြီးနေပြီ ”
ကျီဖုန်းရှင်းက ယွီရှန်းရုန် စကားများကို ပြန်လည်မချေပပေ။ ခဏကြာ တိတ်ဆိတ်နေပြီးနောက် သူက မေးလိုက်၏ “ဒါက ဘာဓားနည်းစနစမျိုးလဲ”
ယွီရှန်းရုန်က လက်ပိုက်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည် “ ဓားအဆင့် လေးခု ရှိတယ်။ ပထမက သာမန်လူရဲ့ ဓား၊ ဒုတိယက စစ်သူကြီး ဓား၊ တတိယက ဘုရင်ဓားနဲ့ အမြင့်ဆုံး ဓားအဆင့်က ဓားတစ်ချောင်းအဖြစ် ဖန်ဆင်းမှုကို အသုံးပြုတာမျိုး … ဓားမပါတာက ဓားကို ကိုင်ဆောင်တာထက် ပိုကောင်းတယ် ”
ကျီဖုန်းရှင်းက ထိုစကားကြောင့် နားရှုပ်သွားသည်။
ယွီရှန်းရုန်က ပြောလိုက်၏။ “မင်း ဓားရေးက အားပျော့တယ်။ နောက်ပိုင်း ဓားနတ်ဆိုး နာမည်မသုံးတာ အကောင်းဆုံးပဲ။ မင်း မာနကို ထိခိုက်သွားစေတယ်ဆိုရင်တော့ စိတ်မကောင်းပါဘူး”
သူ့စကားဆုံးသည်နှင့် လှည့်ထွက်လိုက်သည်။
“ချန်းပေ့” ကျီဖုန်းရှင်း၏ ခေါ်ဝေါ်ပုံက ချက်ချင်း ပြောင်းလဲသွားသည်။
“ဘာကိစ္စရှိသေးလို့လဲ”
“ခင်ဗျားက ဘယ်အဆင့်မှာလဲ” ကျီဖုန်းရှင်းက မေးလိုက်သည်။
“ငါလား” ယွီရှန်းရုန်က ခေါင်းခါကာ ခါးသက်စွာဖြင့် ပြောလိုက်သည်။ “ငါက ဒုတိယအဆင့်ပဲ ရှိသေးတယ် ”
“…”
ကျီဖုန်းရှင်းက အံ့ဩနေဟန်ပေါ်သည်။ သူက ပြောလိုက်၏ “ခင်ဗျားက ဒုတိယအဆင့်ဆိုရင် ဘယ်သူက အမြင့်ဆုံးအဆင့်လဲ ”
“အဲဒါက ငါ့ရှစ်စွင်း ဖြစ်လောက်မယ်” ယွီရှန်းရုန်က ပြန်ဖြေလိုက်သည်။
“ခင်ဗျားရဲ့ ရှစ်စွင်းလား” ကျီဖုန်းရှင်းက အံ့အားသင့်သွားကာ “သူက ကမ္ဘာမှာ အားအကောင်းဆုံး ဓားသမားပဲ ဖြစ်ရမယ်”
ယွီရှန်းရုန်က ခေါင်းခါလိုက်ပြီး “ငါ့ရှစ်စွင်းက ဓားရေးမဟုတ်ဘဲ သူ့လက်ဝါးစည်းတံဆိပ်ကြောင့် ကျော်ကြားတာ”
“…”
ကျီဖုန်းရှင်းက ချက်ချင်း ပြောလိုက်သည် “ဆရာကြီးက လက်ဝါးစည်းတံဆိပ်မှာ ကျွမ်းကျင်တာပေါ့ … ကောင်းတယ်။ ကျုပ်လည်း လက်ဝါးစည်းတံဆိပ်ကို သဘောကျတယ် ”
“…”
ယွီရှန်းရုန်က ထိုလူသည် အရာအားလုံးပေါ် စိတ်ဝင်စားကြောင်း ခံစားချက်ရနေသည်။ သူက ထိုလူနှင့် ဓားရေးနည်းစနစ်များအကြောင်း လဲလှယ်ဖို့ အတွေးပင် ပျောက်ဆုံးသွားရ၏။ သူ့အနေနှင့် ထိုသို့လူမျိုးနှင့် ကိုက်ညီရန် ခက်လှသည်။ ဒုံးကျဉ် ဖန်တီးသူက မီးပန်း ဖန်တီးသူနှင့် စကားပြောနေသလိုမျိုး ဖြစ်နေလိမ့်မည်။
အဆုံးသတ်တွင် သူက မေးလိုက်၏။ “ မင်းရဲ့ ဓားနည်းစနစ်က အရောင်မတင်ရသေးဘူး။ မင်းကိုယ်မင်း ဘယ်လိုလုပ် ဓားနတ်ဆိုးလို့ ခေါ်နိုင်ရတာလဲ ”
ထိုစဉ် ဝူဝူက ရယ်မောလိုက်ပြီး “အစ်ကိုကြီး ဒါက သူ တခြားသူတွေကို ခြောက်ဖို့ သုံးတဲ့ ဂုဏ်ပုဒ်လေ။ သူက ဓားကို ချစ်ပေမဲ့ ဆရာ မရှိဘူး။ အစ်ကိုကြီးသာ သူ့ကို သင်ပေးမယ်ဆိုရင် အရမ်းကောင်းမှာပဲ ”
ယွီရှန်းရုန်က သဘောပေါက်သွားကာ “ မိုးမခတစ်ထောင် ဘုရားကျောင်းမှာ မင်းကို သင်ပေးမဲ့ ဆရာတွေ မရှိဘူးလား”
ထိုအရာကို ကြားပြီး ကျီဖုန်းရှင်းက သက်ပြင်းချကာ “ ကျုပ်ပါရမီက ဝူဝူနဲ့ အလှမ်းကွာနေတာလေ။ ဝူဝူက ကျုပ်နဲ့ တစ်ရွာတည်းသားပဲ။ အဲဒါကြောင့် သူမက ကျုပ်ကို ကူညီဖို့ ကြိုးစားနေတာ ”
“ အဲလိုလုပ်တာက နည်းနည်းတော့ စွန့်စားရတာပေါ့ ”
ကျီဖုန်းရှင်းက ယွီရှန်းရုန်သည် သူ့အင်အားကို ဖုံးကွယ်ထားသည့် ပညာရှင်တစ်ဦးဟု ယူဆလိုက်လေပြီ။ သူတို့စကားပြောနေရင်း နေဝင်သွားခဲ့သည်။
ယွီရှန်းရုန်က အတွေးတစ်ခု ရလာ၍ မေးလိုက်သည်။ “ မိုးမခတစ်ထောင် ဘုရားကျောင်းက ဘယ်မှာလဲ”
“ဒီနဲ့ သိပ်မဝေးဘူး”
ယွီရှန်းရုန်က ပြုံးကာ “ အဲဒီမှာ အခန်းလွတ်ရှိသေးလား ”
ကျီဖုန်းရှင်းက ထိုအရာကို ကြားပြီး ကြောင်သွားသည်။ သူက ပြောလိုက်၏။ “ တကယ်လို့ တခြားလူဆိုရင် ခွင့်ပြုမှာ မဟုတ်ဘူး။ ဒါပေမဲ့ ချန်းပေ့ ဖြစ်နေတော့ အခန်းလွတ် ရှိတာပေါ့။ ကျုပ်ဆီသာ အပ်ထာလိုက်”
သူက ဝူဝူဆီမှ ထိုပညာရှင်သည် အိုးမဲ့အိမ်မဲ့ ဖြစ်ကြောင်း ကြားထားခဲ့သည်။ အကယ်၍ ပညာရှင်သာ မိုးမခတစ်ထောင် ဘုရားကျောင်းတွင် နေလိုပါက သူ့အား ဓားရေး သင်ပေးဖို့ တောင်းဆိုနိုင်လိမ့်မည်။
“ကျေးဇူးပါ”
………..
တာ့ယန်
နှစ်ရက်ကြာမြင့်ပြီးနောက်
လျန့်စီရင်စုမြို့၏ အရှေ့ပိုင်း၊ ငရဲဂိုဏ်း၏ အဖွဲ့ခွဲအတွင်း
လုကျိုးက စနစ်၏ စာမျက်နှာပေါ်မှ အမှတ်များကို မြင်လိုက်ရသည့်အခါ စိတ်ခံစားချက် အပြည့် ဖြစ်လာသည်။ သူက ယခု သူ့ကျင့်ကြံဆင့်ကို တိုးမြင့်ဖို့ အချိန်ကျရောက်လာကြောင်း ဆုံးဖြတ်လိုက်၏။