← Chapters

အခန်း (၆၇၆-၆၇၈)

Vol. 46 Ch. 676-678

အခန်း (၆၇၆-၆၇၈)

Vol. 46 Ch. 676-678

အခန်း (၆၇၆) ကပ်ဘေးအစလား

လုကျိုးက လုပ်လက်စကို ရပ်လိုက်သည်။ သူက မုတ်ဆိတ်ကို သပ်လိုက်ပြီး ပြောလိုက်၏။

" အဆင်မြင့်သားရဲတွေလား "

" သာမန်ကျင့်ကြံသူတွေက သူတို့ကို ဘာမှမလုပ်နိုင်ဘူး။ အဲဒီသားရဲတွေက မော့မြို့မှာ သောင်းကျန်းနေကြပြီ။ မြို့ကို အကောင်းဆုံးအစီအရင်နဲ့ ကာကွယ်ထားတာမလို့ ကံကောင်းသွားတယ်။ မဟုတ်ရင် ဘာဖြစ်သွားမယ်ဆိုတာကို ဘယ်သူမှသိလိုက်မှာ မဟုတ်ဘူး"

စီးဝူယာ့က ပြောလိုက်သည်။

" ကျန့်ဝမ်ရွှီက သေသွားပြီပဲ။ မော့မြို့မှာ ဘာလို့သားရဲတွေ ထွက်ပေါ်လာတာလဲ”

စီးဝူယာ့က ရှင်းပြလိုက်သည်။

”မန်မန်းတွေ ကောင်းကင်ကျုံးမှာ ပေါ်ထွက်လာကတည်းက ကျွန်တော့်လူတွေကို လူသားနေထိုင်ရာ အပြင်ဘက်မှာ စောင့်ကြည့်ခိုင်းထားတယ်။ မန်မန်းတွေက ဖြည်းဖြည်းချင်းတော့ ထွက်သွားကြတယ်။ ကျွန်တော် ကောက်ချက်ချထားတာကတော့ ကျန့်ဝမ်ရွှီက ပွင့်ချပ်ကိုးလွှာအဆင့် စွမ်းအားကို ထုတ်ဖော်လိုက်ကတည်းက သားရဲတွေရဲ့ အာရုံကို ဖမ်းစားလိုက်တယ်လို့ ထင်တယ်။ မန်မန်းတွေက သူတို့ ရှာနေတာ မတွေ့တော့ ထွက်သွားကြတာပဲ”

" မော့မြို့က တစ်ယောက်ယောက်က ပွင့်ချပ်ကိုးလွှာအဆင့် ရောက်သွားလို့လား”

လုကျိုးက မေးလိုက်သည်။

" အဲ့လိုဖြစ်နိုင်တယ်။ ကျန့်ဝမ်ရွှီရဲ့ စကားတွေ အရဆိုရင် ပွင့်ချပ်ကိုးလွှာအဆင့် ယူဆောင်လာမဲ့ ကပ်ဘေးက သားရဲတွေပဲ။ ဒါပေမဲ့ မော့မြို့က ကျွန်တော့် သတင်းအရင်းအမြစ် ပြောတာကတော့ ပွင့်ချပ်ကိုးလွှာအဆင့် တစ်ယောက်မှ မရှိဘူးတဲ့ " စီးဝူယာ့က ပြောလိုက်သည်။

လုကျိုးက မုတ်ဆိတ်သပ်လိုက်ပြီး စဥ်းစားလိုက်၏။

စီးဝူယာ့က သူ့ရှစ်စွင်းအား ကြည့်ကာ ပြောလိုက်သည်။

”ဒီသားရဲတွေက ရှစ်စွင်းကြောင့် ရောက်လာတာလို့ ထင်တယ်”

လုကျိုးက ဘာမှပြန်မဖြေပေ။ သူက တကယ့် ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ မဟုတ်ပေ။ အကယ်၍ ပွင့်ချပ်ကိုးလွှာအဆင့်က ကပ်ဘေးကို ယူဆောင်လာမည် ဆိုလျှင်ပင် သူ့ကြောင့် မဟုတ်ပေ။ ဒီလိုဆိုလျှင် အကြောင်းရင်းက မည်သို့ဖြစ်မည်နည်း။

ဤသည်က တောအုပ်စည်းမျဥ်းသာမက မဟူရာတောအုပ်၏ စည်းမျဥ်းလည်း ဖြစ်၏။ လူသားများက အန္တရာယ်ပြည့်နှက်နေသည့် မဟူရာတောအုပ်အတွင်း အမဲလိုက်မုဆိုးများ ဖြစ်ကြသည်။ မုဆိုးများက တောအုပ်အတွင်းသွားလာနေရင်း တခြားမုဆိုးများနှင့် တွေ့နိုင်ခြေရှိ၏။

အကယ်၍ တခြားသူက မိတ်ဆွေလား ရန်သူလား ဖြစ်မည်ကို ဆုံးဖြတ်ဖို့ မဖြစ်နိုင်သည့်အခါ အမဲလိုက်မုဆိုးက သူတို့၏ ဘေးကင်းလုံခြုံမှုကို မည်သို့လုပ်မည်နည်း။

အဖြေကမူ တစ်ဖက်လူကို သတ်ပစ်ဖို့ ဖြစ်၏။ အကယ်၍ အမဲလိုက်မုဆိုးက ပုရွက်ဆိတ်တစ်ကောင်နှင့် တွေ့ဆုံခဲ့လျှင် ဘာကို ဂရုစိုက်မည်နည်း။ သူက ထွက်သွားနိုင်သလို အစကတည်းက သတိမထားမိခြင်းလည်း ဖြစ်နေနိုင်သည်။ အကယ်၍ အမဲလိုက်မုဆိုးက ကနဦးသားရဲနှင့် တွေ့ဆုံခဲ့လျှင် မည်သို့ဖြစ်မည်နည်း။ သူ့လက်နက်များက အသုံးဝင်တော့မည် မဟုတ်ပေ။ ဒီလိုဆိုလျှင် သူ့အနေနှင့် လုပ်နိုင်သည့် အရာက ထွက်ပြေးဖို့ရာသာ ဖြစ်၏။

" ငါသွားကြည့်လိုက်မယ် " လုကျိုးက ပြောလိုက်သည်။

စီးဝူယာ့က အနည်းငယ် အံ့အားသင့်သွားမိ၏။ သူက သူ့ရှစ်စွင်းသည် ကိုယ်တိုင်ကိုယ်ကျ လှုပ်ရှားလိမ့်မည်ဟု မထင်ထားမိပေ။ သူက သူ့ရှစ်စွင်းအား လက်ရှိအခြေအနေကို သတိပေးဖို့ ရည်ရွယ်ထားရုံမျှ ဖြစ်၏။ သို့သော် သူ့ရှစ်စွင်းက သူ့ကိုယ်သူ ခုခံမပြောဘဲ သားရဲများကို ရှာဖို့ ထွက်သွားလေသည်။ သူက သူ့ရှစ်စွင်းသည် ချီယောင်ကိုပင် သတ်နိုင်ကြောင်း အမှတ်ရသည့်အခါ စိတ်ပူမနေတော့ပေ။

" ရှစ်စွင်း ကောင်းကောင်းသွားပါ "

" ဒီကစ္စကို တခြားသူတွေကို မပြောနဲ့ဦး "

" ဟုတ်ကဲ့ "

လုကျိုးက စနစ်အား ကြည့်လိုက်သည်။ နတ်ခြင်္သေ့က အနားယူနေစဲ ဖြစ်ကာ ပိအန်းကမူ စီးနင်းဖို့ရာ မာကျောလွန်းသည်။ ထို့ကြောင့် သူက ကျီလျန့်ကို ဆင့်ခေါ်လိုက်ပြီး ရှင်းလင်းနေသည့် လမ်းမှ ထွက်လာခဲ့၏။

...

အတိတ်တုန်းက လုကျိုးသည် သူ သွားလာစဥ်အတွင်း သူ့ကို ကာကွယ်ဖို့အတွက် တပည့်များအား ခေါ်ဆောင်လေ့ရှိသည်။ အသေရိုက်ချက်ကတ်အပြင် ယခုသူက ပွင့်ချပ်ရှစ်လွှာအဆင့် ရောက်ရှိသွားပြီ ဖြစ်ကာ ကောင်းကင်ကျမ်းစွမ်းအားနှင့် အသုံးပြုပစ္စည်းကတ်များကို ထည့်ပေါင်းလိုက်လျှင် သူက ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူနှင့် ရင်ဆိုင်ရလျှင်ပင် ယှဥ်တိုက်နိုင်သည်။

သူ့တပည့်ဆယ်ယောက်အနက် ပွင့်ချပ်ကိုးလွှာအဆင့် တက်လှမ်းဖို့ ကြံရွယ်နေသည့် လောင်တာ့၊ လောင်အာ့နှင့် လောင်လျိုတို့မှ လွဲ၍ တခြားတပည့်များက သူတို့၏ ကျင့်ကြံဆင့်အတွက် တိုးမြှင့်ဖို့ လိုအပ်နေသေးသည်။ သူတို့အား ခေါ်ဆောင်လာခြင်းက သူ့အား နှောင့်နှေးစေလိမ့်မည်။

သူက ထွက်လာရင်း ပျံသန်းနေသည့် အမြန်နှုန်းက နှေးကွေးနေသည်ဟု ခံစားမိလာသည်။ ထို့ကြောင့် သူက စီးတော်သားရဲကို ပြောလိုက်၏။

” ကျီလျန့် မြန်မြန်သွား "

ဟီး

ကျီးလျန့်က စိတ်မပါတပါ မြည်ဟီးလိုက်သော်လည်း အရှိန်ကို မြှင့်လိုက်သည်။ သို့သော်လည်း မလုံလောက်သေးပေ။

လုကျိုးက ထပ်ပြောလိုက်သည်။

” တိရစ္ဆာန်ကောင် ငါ့အမိန့်ကို လွန်ဆန်ရဲတယ်လား "

ကျီးလျန့်က လုကျိုးစကားသံကို ကြားသည့်အခါ အနည်းငယ် မြည်ဟီးပြီးနောက် အရှိန်မြှင့်တင်လိုက်သည်။

လုကျိုးက မုတ်ဆိတ်သပ်လိုက်ပြီးနောက် ထိုမြင်းသည် စိုးရိမ်နေသည်လားဟု စဥ်းစားမိလာသည်။

သူမှလွဲ၍ မင်ရှစ်ရင်နှင့် ယွီရှန်းရုန်တို့သာ ကျီလျန့်ကို စီးဖူးသည့်သူများ ဖြစ်၏။

ကျီလျန့်က အတော်လေး ထူးခြားနေသည့်အကြောင်းမှာ သူ့ဆီ သူ့ဘာသာသူ ရောက်လာသည့် တစ်ဦးတည်းသော စီးတော်သားရဲ ဖြစ်နေ၍ ဖြစ်သည်။

သို့သော်လည်း လုကျိုးက တခြားအတွေးများ မရှိပေ။

...

မော့မြို့က လျန့်စီရင်စု၏ မြို့ဆယ်မြို့အနက် မြောက်ဘက်အကျဆုံး လူသားနေထိုင်ရာ နေရာဖြစ်၏။

တစ်နာရီအတွင်း မော့မြို့က သူ့မြင်ကွင်းထဲ ထွက်ပေါ်လာသည်။

ဝုန်း ဝုန်း ဝုန်း

မော့မြို့အထက်တွင် လင်းနို့နှင့်တူသည့် သက်ရှိများက ပျံသန်းနေ၏။ သူတို့၏ လက်သည်းများက အလင်းဖျပ်ဖျပ် တောက်ပနေသည်။

သားရဲများကို တားဆီးထားသည့် ကောင်းကင်အကာအရံတစ်ခုလည်း ရှိနေသည်။

" မန်မန်းတွေလား " လုကျိုးက ကျီလျန့်၏ ကျောပေါ်တွင် ရပ်ကာ မန်မန်းများကို ကြည့်လိုက်သည်။

အပေါ်ရှိ ငှက်များက သေးငယ်လှသည်။ သူတို့က အကာအရံကို စုပြုံကာ တိုက်နေပြီး သူတို့၏ ထိပ်တိုက်တွေ့ဆုံမှုကြောင့် အသံများ ထွက်ပေါ်နေလျက် ရှိသည်။

လုကျိုးက ကျီလျန့်ပေါ်မှ ဆင်းကာ မြို့ထဲသို့ ဝင်ရောက်လိုက်သည်။ သူက လူများသည် အိမ်အတွင်း ပုန်းအောင်းနေသည်ကို မြင်လိုက်ရ၏။

တစ်ခါတစ်ရံတွင် မြို့တံတိုင်းမှ ဒုံးကျည်လို အရာများကို ပစ်လွှတ်လာသည်။ သို့သော် ထိုအရာက ရေခွက်တစ်ခွက်ဖြင့် မီးငြိမ်းနေသည်နှင့် တူညီလေသည်။ သက်ရောက်မှု မရှိပေ။

လုကျိုးက လမ်းတစ်လျောက် လျှောက်လာခဲ့၏။

ကျင့်ကြံသူများက သူ့အား ကျော်ဖြတ်ကာ သွားကြသည်။ တစ်စုံတစ်ယောက်က အော်ပြောလိုက်၏။

" ပင်မမြို့ထဲ တစ်ယောက်ယောက် သွားပြီလား။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မျှော်နန်းသခင်ဆီ အကူအညီ လှမ်းတောင်းလိုက်။ ကိစ္စတွေက ခက်ခဲလာပြီ။ တကယ်လို့ ဒီလိုသာ ဆက်ဖြစ်နေမယ်ဆိုရင် မော့မြို့က အဆုံးသတ်သွားလိမ့်မယ်”

" မော့ကြည့်လိုက်ဦး "

လုကျိုးက သူတို့ညွှန်ပြရာ နေရာသို့ လှမ်းကြည့်လိုက်သည်။

မန်မန်းအုပ်စုက မြောက်ဘက်မှ ချဥ်းကပ်လာလေ၏။ သူတို့ကို ဧရာမငှက်ကြီးတစ်ကောင် ဦးဆောင်လာသည်။

" အာ ထပ်မဖြစ်ပါနဲ့တော့။ ဒီတစ်ခေါက် အကာအရံက ခံနိုင်မယ် မထင်ဘူး”

မြို့ထဲရှိ ကျင့်ကြံသူများက ပျံသန်းလိုက်ကြသည်။

စွမ်းအင်ဓားမော့များနှင့် ဓားများက အကာအရံမှ ထွက်လာကာ မန်မန်းအငယ်များကို သတ်ပစ်နေကြသည်။

သို့သော်လည်း အကြီးဆုံးငှက်ကြီးအပေါ် သက်ရောက်မှု မရှိပေ။ သူက အကာအရံဆီ ဆက်လက်ပျံသန်းလာ၏။

ဝုန်း

အကာအရံ မျက်နှာပြင်အထက်တွင် လှိုင်းတွန့်များ ထွက်ပေါ်လာသည်။

ဧရာမငှက်ကြီးက မီတာဒါစင်ချီ ကျယ်ပြန့်သည့် တောင်ပံ ရှိလေသည်။ ခေါင်းတစ်ခုတည်းဖြင့်ပင် မီတာအနည်းငယ် ကြီးမားနေပြီဖြစ်၏။ တောင်ပံကို ဖြန့်လိုက်သည့်အခါ ကောင်းကင်ကို လွှမ်းမိုးသွားနိုင်လုနီးပါး ကြီးမားလှသည်။

ဝေဟင်အထက် ပျံဝဲနေသည့် ကျင့်ကြံသူများက နောက်ဆုတ်လိုက်ကြ၏။

ကျင့်ကြံသူတစ်ယောက်က လုကျိုးကို သတိထားမိကာ လှမ်းခေါ်လိုက်သည်။

" လူကြီးမင်း နောက်ဆုတ် … ထွက်မလာခဲ့နဲ့ "

ကျင့်ကြံသူများက ကြင်နာလှသည်။

လုကျိုးက မတုံ့ပြန်ပေ။ သူက ငှက်ကြီးကိုသာ စိုက်ကြည့်နေ၏။

ဝုန်း

ဧရာမငှက်ကြီးက အကာအရံကို ထပ်မံဝင်တိုက်ပြန်သည်။

လှိုင်းတွန့်တစ်ခု ထွက်ပေါ်လာ၏။

ဝုန်း

ဝေဟင်အထက်အက်ကွဲသံ ထွက်ပေါ်လာပြီး အကာအရံက နောက်ဆုံးအခြေအနေ ရောက်ရှိနေကြောင်း ညွှန်ပြနေသည်။

" အသင့်ပြင်ထား "

လုကျိုးက ကျင့်ကြံသူ ဒါဇင်ခန့်သည် ထိုသားရဲကြီးအား တိုက်ခိုက်ဖို့ လုပ်နေသည်ကို မြင်လိုက်ရ၍ အနည်းငယ် အံ့အားသင့်သွားသည်။

ဝုန်း

ဂျွတ်

ငှက်ကြီးက ထပ်မံ ဝင်တိုက်လာသည့်အခါ ထူးဆန်းသည့် အလင်းရောင် ဖြာထွက်သွား၏။

လှိုင်းတွန့်များ ပြန့်နှံ့လာသည့်အခါ ကောင်းကင်အကာအရံက သတ်မှတ်ချက် ရောက်ရှိသွားပြီး ဖန်သဖွယ် ကြေမွသွားသည်။ ဝေဟင်အထက် စွမ်းအင်လိုက်ကာက ကြယ်တာရာများကဲ့သို့ ပြန့်ကျဲသွားသည်။

" အခုပဲ "

မော့မြို့ရှိ ကျင့်ကြံသူများက ဝေဟင်အထက် ပျံသန်းလိုက်ကြသည်။ နတ်ဒေဝါဦးတည် နယ်ပယ်အဆင့်အောက်မှ ကျင့်ကြံသူများကမူ မန်မန်းအငယ်များကို ရင်ဆိုင်တိုက်ခိုက်နေသည်။

မန်မန်းအလောင်းများက ကောင်းကင်မှ ပြုတ်ကျလာ၏။

ထိုစဥ် နတ်ဒေဝါဦးတည် နယ်ပယ်အဆင့် ကျင့်ကြံသူငါးယောက်သည် ဧရာမငှက်ကြီးနှင့် တိုက်ခိုက်နေကြသည်။ ငါးယောက်က သူတို့၏ စွမ်းအင်ဓားမော့များနှင့် ဓားများကို တစ်ပြိုင်နက် ထုတ်လွှတ်နေကြ၏။

ဝုန်းဝုန်းဝုန်း

စွမ်းအင်ဓားမော့နှင့် ဓားများက ငှက်ကြီးဆီ ဝင်ရောက်သွားသော်လည်း အသုံးမဝင်ခဲ့ပေ။

" ခန္ဓာကိုယ်ကို တိုက် "

" ကောင်းပြီ "

ငါးယောက်သား လူခွဲကာ စွမ်းအင်ဓားများဖြင့် နေရာအနှံ့မှ တိုက်ခိုက်ကြသည်။

သူတို့က ဧရာမငှက်ကြီးကို ဒေါသထွက်အောင် စလိုက်ဟန်ပေါ်သည်။ ထိုအရာက တောင်ပံကို ခတ်လိုက်၏။

ဝှစ်

ထိုအရာက ဘယ်ဘက်ရှိ ကျင့်ကြံသူသုံးယောက်ကို လွင့်စဉ်သွားစေသည်။

ဝုန်း ဝုန်း ဝုန်း

ကျင့်ကြံသူသုံးယောက်က လွင့်စဉ်သွားလေသည်။ ကံကောင်းစွာဖြင့် သူတို့၏ ကိုယ်ကို ကာကွယ်ရေးစွမ်းအားများဖြင့် ကာကွယ်ပေးထားသေးသည်။ ထိုစဥ် သူတို့က သူတို့ဘာသာသူတို့ ပြန်လည်မက်တပ်ရပ်လိုက်ကြ၏။

" နောက်တစ်ခေါက် "

ငှက်ကြီးက သူတို့အား စိတ်ဝင်စားဟန်မပေါ်ပေ။ ထိုအရာက အရှိန်ပြင်းပြင်းဖြင့် အနိမ့်သို့ ဆင်းသက်လာသည်။ တောင်ပံကို ခတ်လိုက်ပြန်သည်။

ဝုန်း

တောင်ပံကြောင့် အဆောက်အဦးနှစ်ခုက ပျက်စီးသွား၏။ ဖျက်ဆီးစွမ်းအားက အံ့သြဖွယ်ကောင်းလှသည်။ ကျင့်ကြံသူငါးယောက်က ပြိုင်ဘက်မဟုတ်ပေ။

လုကျိုးက သူသည် အကုန်မြင်ပြီးပြီဟု ဆုံးဖြတ်ကာ ထိုတိရစ္ဆာန်ကောင်အား ဤနေရာတွင် သောင်းကျန်းနေသည်ကို ခွင့်မပြုနိုင်ပေ။ သူက မြေပေါ်မှခြေဆောင့်ကန်ကာ ပြောလိုက်၏။

” တိရစ္ဆာန်ကောင် "

ထိုစဥ် တစ်စုံတစ်ယောက်က သူ့ဆီ အလျင်အမြန်ပြေးဝင်လာ၏။ သူက လုကျိုးရှေ့တွင် ရပ်ကာ ကာကွယ်ပေးလိုက်သည်။

” လူကြီးမင်း နောက်ဆုတ်နေ။ ကျုပ် ဖြေရှင်းလိုက်မယ် "

လုကျိုးက ထိုလူကြီး၏ ကျောပြင်အား ကြည့်ကာ " မင်းက ဒီသားရဲအတွက် ပြိုင်ဘက် မဟုတ်ဘူး။ ငါ လုပ်လိုက်မယ် "

ထိုလူကြီးက လုကျိုးအား လျစ်လျူရှုထားလေသည်။ သူက နတ်ဒေဝါဦးတည် နယ်ပယ်အဆင့် ကျင့်ကြံသူငါးယောက်အား ကြည့်ကာ ပြောလိုက်၏။

” ငါက လော့ဂိုဏ်းက ချူးနန်ပဲ။ အားလုံး နောက်ဆုတ်ကြ "

ချူးနန်လား။ လော့ဂိုဏ်းရဲ့ မဟာအကြီးအကဲ မဟုတ်ဘူးလား...

လုကျိုးက မုတ်ဆိတ်သပ်ကာ စဥ်းစားလိုက်မိသည်။ သူက လော့ဂိုဏ်း၏ တော်ဝင်နယ်မြေကို နှစ်ခါရောက်ဖူးသော်လည်း သူ သိသမျှ လူများက ဒုတိယအကြီးအကဲနှင့် နတ်လေးသည်တော်သာ ဖြစ်၏။ သူက မဟာအကြီးအကဲကို အာရုံမစိုက်မိခဲ့ပေ။

ငါဘယ်သူလဲဆိုတာကိုလည်း လှည့်ကြည့်ပါဦး။ ငါ့ဇာစ်မြစ်ကို ထုတ်ဖော်လိုက်ရင် သူ့အသက်လည်း အလကား မဖြစ်တော့ဘူး...

" ချူးနန်လား " လုကျိုး၏ အသံက အားကောင်းလှသည်။

ချူးနန်က လှည့်မကြည့်ဘဲ ပြောလိုက်၏။

”လူကြီးမင်း ဓားမှာ မျက်စိမပါဘူး။ ဒီသားရဲက အတော်လေး ရက်စက်တယ်။ ခင်ဗျားက ဒီကြားထဲမှာ ဝင်ပါမိလိမ့်မယ်။ အချိန်က လူကိုမစောင့်ဘူး ဆိုပေမဲ့ ကျုပ်ကို အချိန်ပေးပါဦး။

" ... "

ထိုသို့ပြောပြီးသည့်နောက်တွင် ချူးနန်က သားရဲကြီးဆီ ပစ်လွှတ်လိုက်သည့် မြားသဖွယ် ပြေးဝင်သွားသည်။ သူက လျပ်စီးလို အရှိန်ဖြင့် လှုပ်ရှားလာ၏။

ကျင့်ကြံသူများက သူ့အမြန်နှုန်းကြောင့် အံ့အားသင့်နေကြသည်။

လော့ဂိုဏ်းရဲ့ ပါရမီရှင်ဆိုတဲ့ အတိုင်းပဲ...

" အားလုံးတောင့်ခံထားကြ။ မိစ္ဆာဝေဟင်မျှော်နန်းက လူတွေ ရောက်လာရင် ငါတို့ဘေးကင်းပြီ "

" လော့ဂိုဏ်းကလည်း အားမနည်းဘူးကွ "

သူတို့၏ စိတ်နှလုံးသားထဲ မျှော်လင့်ချက် အလင်းရောင် ပြန်လည်တောက်ပလာသည်။

…

အခန်း (၆၇၇) ငါ လုပ်ရဦးမှာပဲ

သိချင်စဖွယ်တိုက်ဆိုင်မှုတစ်ခုဖြစ်သည်။

လုကျိုးသည် လော့ဂိုဏ်း၏တော်ဝင်မြေသို့ ပထမဆုံးရောက်စဉ်က ချူးနန်သည် မိစ္ဆာဝေဟင်မျှော်နန်းကို နှုတ်ဆက်ရန်အတွက် အဖွဲ့ကို ဦးဆောင်လာသည့်သူဖြစ်သည်။ သို့သော် ချူးနန်သည် မယုံနိုင်စရာကောင်းလောက်အော င်ဝင့်ကြွား၏။ လုကျိုးပေါ်မလာခင် သူသည် ဖန်လီထန်းနှင့် လန်လော့တို့ ရှင်းထုတ်တာ ခံလိုက်ရသည်။ သူသည် လုကျိုးကို တွေ့တောင် မတွေ့လိုက်ရပေ။ ထို့အပြင် နောက်ပိုင်း၌ လုကျိူးသည် အကြောင်းပြန်လှန်ကတ်များစွာ သုံးခဲ့သည်။ သူ့ဆံပင်တဝက်က ယခုဆိုမည်းနက်နေပြီဖြစ်၏။ အတိတ်တုန်းက ဆံပင်ဖြူနှင့်ယှဉ်လျှင် ယခု သူကမတူညီတော့ပေ။

ထို့အပြင် ယခုချူးနန်သည် သူ့ကို တစ်ချက်တောင် မကြည့်ပေ။ ယခင်သင်ခန်းစာက မလုံလောက်သေးပုံ ရ၏။

လော့ဂိုဏ်း၏လူများက ဝင့်ကြွားလွန်းသည်။ ယင်းက အမှန်ဖြစ်နေသည်။

လုကျိုးက ခေါင်းခါလိုက်၏။ ချူးနန်က ဦးစီးပြီး မော့မြို့ကို ကာကွယ်ရန် စိတ်အားထက်သန်နေတာကို သူ မငြင်းခဲ့ပေ။ သူက လေထဲပျံဝဲလျက် ကြည့်ရုံသာ ကြည့်နေသည်။

ဘန်း

လေထဲ၌ ကျယ်လောင်သည့် ပေါက်ကွဲသံတစ်သံ ပေါ်ထွက်လာသည်။ ကုန်းမြေပေါ်၌ ပဲ့တင်သံ ထွက်သွားသည်။

ချူးနန်သည် လက်ဝါးနှစ်ဖက်ကို ပူးကပ်လိုက်၏။ သူ၏လက်ဝါးဓားသွားသည် အင်မတန် ကြမ်းကြုတ်ကာ ဧရာမသားရဲ၏တောင်ပံကို ထိမှန်သွား၏။

မီးပွင့်များလွင့်စဉ်လာသည်။

ယင်းက သူ၏တောင်ပံတစ်ခုကို ဖြတ်သွားစေသည်။

“ကောင်းတယ်”

“လုပ်တာကောင်းတယ်”

“လော့ဂိုဏ်းရဲ့ မဟာအကြီးအကဲဆိုတာ အမှန်ပဲ” တောင်ပံတစ်ချောင်းသာ ကျွတ်ထွက်သွားစေသော်ငြား ဘာမှအာနိသင်မရှိတာထက်တော့ ကောင်းသည်။ ကျန်သည့်သူများသည် ထိုအချက်ကြောင့် အားတက်လာ၏။

လုကျိုးသည် ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်သည်။ ယခုက သူတို့အဖို့ သူတို့၏စိတ်ဓာတ်ခွန်အားကို မြှင့်တင်ရမည့်အချိန် မဟုတ်သော်ငြား အမွေးတစ်ချောင်း ကျွတ်ထွက်သွားချိန်တွင် စိတ်လှုပ်ရှားနေလေရာ ထိုသို့သော ပုံစံဖြင့် သားရဲကို မည်သို့အနိုင်ယူမလဲဆိုတာ သူ သိချင်သည်။ ဤသားရဲများသည် ပွင့်ချပ်ကိုးလွှာကျင့်ကြံသူများအတွက် ဤနေရာသို့ရောက်လာတာပဲဖြစ်သည်။

ထိုစဉ် တစုံတစ်ယောက်က လုကျိုး၏ တုံ့ပြန်မှုကို မြင်ပြီးမေးလိုက်သည်။

”လောင်ချန်းပေ့ ဘာကြောင့် ခေါင်းခါနေတာလဲ”

“ဒီသားရဲတွေက ဖြေရှင်းဖို့မလွယ်ဘူး”

ဘယ်ဖက်ခြမ်းတွင်ရပ်နေသောသူက ခေါင်းညိတ်လိုက်၏။

“လူကြီးမင်း ကျုပ်တို့အားလုံးသိတယ်။ ဒါပေမဲ့ ဒီသားရဲကသောင်းကျန်းနေတာ ရွေးချယ်စရာ မရှိဘူး။ တတ်နိုင်သလောက်လုပ်ရမှာပဲ။ ထိုင်ပြီး အသတ်ခံရမှာကို စောင့်နေတာထက်တော့ ပိုကောင်းတယ်လေ။ ဒါပေမဲ့ ကျူပ်တို့ နောက်ဆုတ်ရင် ဒီမှာရှိတဲ့ သာမန်ပြည်သူက ဘယ်လိုလုပ်မလဲ။ စစ်ဖြစ်ရင် အခွင့်အရေး ရှိသေးတယ်။ ဒါပေမဲ့ ဒီသားရဲတွေက မတူဘူး”

“မင်း သေမှာမကြောက်ဘူးလား”

“ဘာများကြောက်စရာရှိလို့တုံး"

လုကျိုးက မုတ်ဆိတ်သပ်လျက် ခေါင်းညိတ်လိုက်သည်။ သူက ချီးကျူးနေ၏။

”မင်းလို လူငယ်တွေကို ငါ သဘောကျတယ်”

“ချီးကျူးတာ ကျေးဇူးတင်ပါတယ် ဆရာကြီး”

“မင်းက ဘယ်ဂိုဏ်းကလဲ”

“ကျုပ်မှာဂိုဏ်းမရှိဘူး”

“မင်း ဆန္ဒရှိရင် ငါ့ဂိုဏ်းထဲဝင်လို့ရတယ်။ မင်းက ငါ့တပည့် မဖြစ်နိုင်ပေမဲ့ ဂိုဏ်းသားတစ်ယောက် ဖြစ်တာက အမြစ်မရှိတဲ့ဒိုက်မှော် ဖြစ်ရတာထက်တော့ပို ကောင်းတယ်”

လုကျိုးသည် ထိုကဲ့သို့ ပါရမီရှင်ကို တကယ်သဘောကျသည်။ မိစ္ဆာဝေဟင်မျှော်နန်းသည် အရေအတွက်ထက် အရည်အသွေးကို အလေးပေး၏။ လူတစ်ယောက်၏အကြည့်စရိုက်က ပိုကောင်းသည်။

သို့သော်ငြား လူငယ်သည် ခေါင်းခါပြီး ပြောလိုက်တော့၏။

”ကျုပ်က လွတ်လွတ်လပ်လပ် အဟန့်အတားမရှိနေနေကြ။ ချည်နှောင်ခံရတာကို မကြိုက်ဘူး။ ဒါပေမဲ့ ဆရာကြီးကမ်းလှမ်းတာ ကျေးဇူးတင်ပါတယ်”

“ငါက”

“တော်လောက်ပါပြီ ဆရာကြီး။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ဂိုဏ်းချုပ်ကိုယ်တိုင် ရောက်လာရင်တောင် ကျုပ်အဖြေက တူဦးမှာပဲ”

“...”

ငါ့ရဲ့မိစ္ဆာဝေဟင်မျှော်နန်းက နာမည်မကြီးလို့လား။

ရိုးရိုးသားသားဆိုရလျှင် အခုက လုကျိုး ပထမဆုံးအကြိမ် အငြင်းခံရတာ ဖြစ်သည်။

ထားလိုက်တော့။ စိတ်မပါတဲ့သူကို ငါ ဖိအားပေးတတ်တာမဟုတ်ဘူး။

ဘန်း

လော့ဂိုဏ်း၏ မဟာအကြီးအကဲ ချူးနန်သည် လက်အုပ်ချီလျက် ဧရာမမန်မန်းကို မောင်းထုတ်နေသည်။ သူ၏လက်ဝါးဓားသွားဖြင့် ထိမှန်သွားပြီး နောက်ထပ်အမွေးတစ်ချောင်း ကျွတ်သွားသည်။

“ကောင်းတယ်”

လူအုပ်ကြီးက အားပေးလိုက်၏။

သေးငယ်သည့်မန်မန်းများသည် ရှေ့မတိုးဘဲ သူတို့သည် ကျန်သည့်သူများဟန့်တားတာ ခံနေရ၏။ သူတို့သည် လေထဲမြင့်မြင့်ပျံဝဲကာ သူတို့ခေါင်းဆောင်ဦးဆောင်မှာကို စောင့်နေလေသည်။

ဧရာမမန်မန်းသည် နောက်ထပ်အမွေးတစ်ချောင်းကျွတ်သွားသောအခါ စူးရှစွာအော်လိုက်၏။ ၎င်း၏လက်သည်းများက နီရဲလာပြီးတောင်ပံကို တဖျတ်ဖျတ်ခတ်လိုက်တော့၏။

“မင်းကို ဖြတ်ချပစ်မယ်” ချူးနန်က အော်လိုက်၏။ သူသည် လျှပ်ပြက်သည့်အရှိန်ဖြင့် သားရဲကြီး၏အပေါ်၌ ပေါ်လာ၏။ ပြီးနောက်သူသည်လက်ဝါးနှစ်ဖက်ကို ပူးကပ်လိုက်သည်။ မကြာမီ၌ ကြီးမားလှသော စွမ်းအင်သည် သူ၏လက်နှစ်ဖက်ကြား၌ ဖွဲ့တည်လာသည်။

စွမ်းအင်ဓားမော့သည် မီတာဒါဇင်ကျော်ရှည်ပြီး မီတာများစွာကျယ်၏။ မန်မန်း၏ ခန္ဓာကိုယ်ကိုလွှဲရန် လုံလောက်အောင် ကြီးမားသည်။

ဝှစ်

စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်၏။

လူတိုင်းသည် တောက်ပနေသောရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို မြင်ချိန်၌ မျက်လုံး ပြူးကျယ်သွားသည်။

“သူက ပွင့်ချပ်ရှစ်လွှာအဆင့်ကို ကျင့်ကြံထားတာပဲ။ အံ့ဩစရာကောင်းလိုက်တာ”

“ငါတို့ ဘေးကင်းပြီ။ သူက ပြန်ကျင့်ကြံထားတဲ့ ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူပဲ”

ထင်သည့်အတိုင်းပင် စိတ်ဝိညာဉ်သဏ္ဌာန်ပေါ်လာချိန်၌ မန်မန်းများသည် အန္တရာယ်ကို အာရုံခံမိသွား၏။ ၎င်း၏အရပ်မျက်နှာကို ချိန်ညှိကာ တောင်ပံတဖျတ်ဖျတ်ခတ်လိုက်သည်။

ချူးနန်သည် စွမ်းအင်ဓားမော့ကို ထုတ်သုံးလိုက်၏။

စိတ်ဝိညာဉ်သဏ္ဌာန်၏လက်ဝါးက လှုပ်ရှားလာ၏။ ၎င်းသည် စွမ်းအင်ဓားမော့ကိုကိုင်ဆောင်ကာ လက်ဖြင့်လွဲယမ်းလိုက်သည်။

“ရွှေကြာဖြတ်တောက်ပြီးရင် စိတ်ဝိညာဉ်သဏ္ဌာန်က လှုပ်ရှားနိုင်တယ်လို့ကြားမိတယ်။ အမှန်လို့ မထင်ခဲ့ဘူး”

“အိမ်ပြန်ရောက်တဲ့အချိန် စမ်းကြည့်မယ်။ ဒါ အံ့ဩဖို့ကောင်းတယ်”

ကျန်သည့်သူများကလည်း ထိုမြင်ကွင်းကို မျက်မြင်တွေ့ချိန်၌ စိတ်လှုပ်ရှားနေသည်။

စွမ်းအင်ဓားမော့က ထိမှန်သွားချိန်၌ မန်မန်းသည် ၎င်း၏တောင်ပံနှစ်ဖက်ကိုသုံးကာ စွမ်းအင်ဓားမော့သည် တောင်ပံကို ထိသွား၏။

ဖုန်း

ငှက်မွေးများစွာ ကျလာ၏။ မန်မန်းသည် စူးရှစွာအော်ကာ တောင်ပံကိုဆန့်တန်းလိုက်၏။ ၎င်း၏အရှိန်နှင့်စွမ်းအားသည် ယခင်ကထက်တိုးလာသည်။ စိတ်ရူးသွားပုံပေါ်၏။ အစက ၎င်း၏ပစ်မှတ်သည် ထိုကျင့်ကြံသူများမဟုတ်။ သို့သော် ချူးနန်၏မနားမနေတိုက်ခိုက်မှုများသည် ရန်စလိုက်ပုံရသည်။

ထိုစဉ် မန်မန်း၏လက်သည်းများက နီရဲလာသည်။

ဝှစ် ဝှစ် ဝှစ်

“မဟုတ်ဘူး” ချူးနန်သည် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကိုပြန်ရုပ်သိမ်းကာ လွင့်ထုတ်သွားသည်။ သို့သော် မန်မန်းသည် ဉာဏ်ရည်မြင့်၏။ ချူးနန်ဘယ်နေရာသို့ဆုတ်မည်မှန်း သိနေပုံပေါ်သည်။ တောင်ပံတဖျတ်ဖျတ် ခတ်ကာ လိုက်တော့သည်။

ပိုသေးသည့်မန်မန်းများကလည်း သူတို့၏ခေါင်းဆောင်အော်သံကြားသောအခါ ရှေ့တိုးလာကြသည်။

ထိုအခြေအနေအောက်တွင် ချူးနန်သည် တစ်ချက်တည်းဖြင့် သတ်ရန် စိတ်ဝိညာဉ်သဏ္ဌာန်များကို ဆင့်ခေါ်ရမည်။ သို့သော် ထိုသို့ပြုလုပ်ခဲ့လျှင် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်သည် သားရဲ၏ ချွန်ထက်သော လက်သည်းများကြောင့် ထိသွားလိမ့်မည်။ သူ ဘာလုပ်ရမည်နည်း။ အဆုံးကျ သူ၏ကာကွယ်ရေးစွမ်းအင်ကို အသက်သွင်းပြီး သူ့နားရှိမန်မန်းလေးများကို ဖယ်ချနေသည်။

“လူကြီးမင်း သတိထား”

ဧရာမသားရဲသည် ၎င်း၏လက်သည်းကိုလွဲကုတ်လိုက်၏။

ချူးနန်က နောက်သို့ လွင့်သွားသည်။ သူ၏ကာကွယ်ရေးစွမ်းအင်သည် ချွန်ထက်သော လက်သည်းကြောင့် ချက်ချင်းထိုးဖောက်ခံလိုက်ရ၏။ သူ၏အဝတ်အစားများ ချက်ချင်း စုတ်ပြဲသွားတော့သည်။

“အစွမ်းထက်လိုက်တာ”

ကျန်သည့်သူများကလည်း စိတ်လေးသွား၏။

ဧရာမမန်မန်း၏တိုက်ခိုက်မှုက ကျရောက်လာသည့်တောင်ပံကိုခတ်ကာ တဟုန်ထိုးဆင်းလာ၏။

ဖုန်း ဖုန်း

အိမ်နှစ်လုံးလဲပြိုသွားသည်။

လုကျိုးသည် ခေါင်းခါလိုက်တော့သည်။ သူ မုတ်ဆိတ်သပ်ကာ ပြောလိုက်လေ၏။

”အဆုံးကျ ငါလုပ်ရဦးမှာပဲ”

လုကျိုးသည် လေထဲတက်လှမ်းကာ မျက်စိရှေ့မှာပျောက်ကွယ်သွား၏။ အရှိန်ပြင်းပြင်းဖြင့်သူသည် ချူးနန်ရှေ့က ပေါ်လာသည်။ သူသည်ဉာဏ်ပညာကြီးမားသည့်ပုံပန်းသွင်ပြင်မျိုးရှိနေလျက် နောက်ကျော၌ လက်နောက်ပစ်ကာရပ်နေသည်။

ငယ်ရွယ်သည့် ကျင့်ကြံသူလေးများသည် ထိတ်လန့်သွားကာ တညီတညွတ်တည်း အော်လိုက်၏။

”ဆရာကြီး”

လုကျိုးသည် ချုနန်၏နောက်ကျောကိုကြည့်ကာ ထိတ်လန့်သွားပုံပေါ်၏။

“ဆရာကြီး ဝေးဝေးပြေးပါ။ ကျုပ် တိုက်ခိုက်နိုင်သေးတယ်”

“မင်း အားနည်းလွန်းတယ်။ မင်း အနိုင်မယူနိုင်တဲ့တိုက်ပွဲကို တိုက်ခိုက်တာ ဘာအဓိပ္ပာယ်ရှိလဲ”

လုကျိုးသည် စကားပြောနေချိန်တွင် ချူးနန်ကိုမကြည့်ပေ။ သူ၏မျက်လုံးများက မန်မန်းများပေါ်တွင်သာ ရောက်နေသည်။

ထိုစဉ် ဧရာမမန်မန်းသည် လုကျိုးရှေ့သို့နောက်ဆုံး၌ ရောက်လာ၏။ သူ၏လက်ဝါးဖြင့် ရိုက်ချလိုက်သည်။

ဗုဒ္ဓလက်စည်းတံဆိပ်

ဧရာမလက်ဝါးသည် မန်မန်း၏ရင်ဘတ်ကိုထိသွား၏။

ဖုန်း

ငှက်ကအော်ကာ တောင်ပံခတ်လိုက်သည်။

လုကျိုးသည် သူ၏မဟာနည်းစနစ်ကို ထုတ်ဖော်ပြီး မန်မန်းရှေ့၌ပေါ်လာသည်။

“စိတ်ဝိညာဉ်သဏ္ဌာန်”

ပေတစ်ရာခန့်မြင်သည့် ‌ရွှေကြာစိတ်ဝိညာဉ်သဏ္ဌာန်သည် လေထဲ၌ပေါ်ထွက်လာသည်။

“ပွင့်ချပ်ရှစ်လွှာရွှေကြာစိတ်ဝိညာဉ်သဏ္ဌာန် သူက အကျော်အမော်တစ်ယောက်ပဲ”

“တာ့ယန်မှာ အမည်မသိ အကျော်အမော်တွေ အများကြီးရှိလိမ့်မယ်လို့ မထင်ဘူး”

“အခုချိန်မှာ သူတို့ရွှေကြာဖြတ်တောက်ဖို့ ခုခံနိုင်တဲ့လူက လက်တစ်ဆုပ်စာပဲ ရှိတယ်”

မည်သို့ပင်ဆိုစေ ကျင့်ကြံသူများသည် စိုးရိမ်ပူပန်နေသေး၏။ ပွင့်ချပ်ရှစ်လွှာအဆင့်ကို ပြန်လည်ကျင့်ကြံခဲ့သော ချူးနန်တောင် မန်မန်းကိုဘာမှမလုပ်နိုင်ပေရာ ‌ရွှေကြာဖြင့် ဆရာကြီးသည် ၎င်းကို မည်ကဲ့သို့ အနိုင်ယူနိုင်မည်နည်း။ သူတို့အမြင်တွင် ရွှေကြာဖြင့် စိတ်ဝိညာဉ်သဏ္ဌာန်သည် ရွှေကြာမရှိသည့် စိတ်ဝိညာဉ်သဏ္ဌာန်ထက်ပိုအားနည်း၏။

သူသည် စိတ်ဝိညာဉ်သဏ္ဌာန်ကိုဆင့်ခေါ်ပြီးနောက် သူ၏လက်ဝါးဖြင့်ရိုက်ချလိုက်သည်။

“သူ ဘာလုပ်နေတာလဲ” လူတိုင်း၏အကြည့်သည် လုကျိုးဆီရောက်နေ၏။

လုကျိုးက ရွှေကြာဖြင့် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကိုထိန်းချုပ်ကာ မန်မန်းကိုဆွဲချလိုက်သည်။

ဖုန်း

ရွှေကြာပေါ်၌ လှိုင်းဂယက်ငယ်လေးများပြန့်သွားသည်။

ကျီ

ဧရာမမန်မန်းက စူးရှစွာအော်လိုက်သည်။ ရွှေကြာမှ ခြေမှုန်းခြင်းအင်အားသည် သူ့ကို နာကျင်သွားစေသည်။

ချူးနန်နှင့်လူငယ်ကျင့်ကြံသူများသည် သူတို့၏ပါးစပ်ထဲမှ နှလုံးခုန်ထွက်လာသည့်ပမာ ခံစားနေရ၏။ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဒီလိုမျိုးသုံးလို့ရတာလား။

စိတ်ဝိညာဉ်သဏ္ဌာန်ကို သုံးသည့်နည်းလမ်းများစွာရှိသည်။ ရွှေကြာအဆင့်ခုခံမှုသည် ကောင်းကင်အဆင့်လက်နက်နှင့် ယှဉ်နိုင်သည်။ သူသည်လူတိုင်းထက် ရွှေကြာကိုပိုကောင်းကောင်း အသုံးပြုသည့်နည်းသိသည်။ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ပြန်ရုပ်သိမ်းကာ ပြန်ထုတ်လိုက်၏။

သူက ယခုကောင်းကင်ထဲ၌ မြင့်တက်လာပြီဖြစ်သည်။

ယခင်နှင့်မတူ ယခုအခေါက်တွင် လုကျိုး၏စိတ်ဝိညာဉ်သဏ္ဌာန်သည် ဘေးသို့ အနည်းငယ် စောင်းသွား၏။ ချွန်ထက်သည့်ရွှေကြာပွင့်ချပ်များသည် လည်ထွက်သွားပြီးနောက် မန်မန်းဆီသို့ဦးတည်သွား၏။

ဘန်း ဘန်း ဘန်း

ငှက်မွှေးများ ပြုတ်ကျလာ၏။

ရှစ်ကြိမ် တိုက်ခိုက်ပြီးနောက် မန်မန်းသည်နောက်ဆုတ်သွားသည်။

၎င်းသည်ဒဏ်ရာရသွားပုံပေါ်၏။

“အံ့ဩစရာပဲ ဆရာကြီး”

“မဖြစ်နိုင်တာ” ချူးနန်သည်လည်း အသစ်အဆန်းတစ်ခုကို သိရှိလိုက်ရသည်။ မန်မန်း နောက်ဆုတ်သွားသည်နှင့် သူသည် အဘိုးအိုကို အထင်မသေးတော့ပေ။ အရိုအသေပေးကာ ပြောလိုက်တော့၏။

”ဘယ်ဂိုဏ်းကပါလဲ ချန်းပေ့”

လုကျိုးသည် ပြန်မပြောပေ။ ထိုအစား သူကပြောလိုက်သည်။

”အနီးကပ်ကြည့်” ဝေဝါးဝါးပုံရိပ်တချို့ ပေါ်လာပြီး လုကျိုး၏စိတ်ဝိညာဉ်သဏ္ဌာန် ပျောက်သွားသည်။

လုကျိုး၏လက်ဖဝါးထဲ၌ အမည်မဲ့ပေါ်လာသည်။

သားရဲသည်မာကျောသောကြောင့် ပွင့်ချပ်ရှစ်လွှာတစ်ဦး၏ သာမန်တိုက်ခိုက်ရေးစွမ်းအားဖြင့် ၎င်းကိုသတ်ရန် အင်မတန်ခက်ခဲမည်ဖြစ်ရာ ဇာစ်မြစ် မသိရသောအမည်မဲ့သည် ကျန့်ဝမ်ရွှီ၏သွေးဓားကို ပိုင်းဖြတ်နိုင်သောကြောင့် သားရဲကို ပိုင်းဖြတ်နိုင်မလားဟု လုကျိုးသိချင်မိသည်။

ဓားပေါ်၌ အနက်ရောင်သင်္ကေတများလည်ပတ်နေသည်။

အမည်မဲ့ကသေးပြီးနုနယ်လွန်း၏။ တိုက်ခိုက်နေစဉ် သတိမပြုမိဖို့က ခက်ခဲလှသည်။

လုကျိုးသည်အမည်မဲ့ကို တင်းကြပ်စွာဆုပ်ကိုင်ထား၏။ မြန်ဆန်သောလှုပ်ရှားမှုဖြင့် သူသည် မန်မန်းဆီ ပစ်ထုတ်လိုက်သည်။

ဝှစ်

အမည်မဲ့၏ဓားသွားက လင်းလာသည်။

လုကျိုးသည် လျှပ်ပြက်သောအရှိန်ဖြင့်မန်မန်းကို ဖြတ်ကျော်သွားပြီးနောက် ၎င်း၏ တောင်ပံတောက်လျှောက် အမည်မဲ့ကို ဆွဲချလိုက်သည်။

ဗြီ

တောင်ပံတစ်ခြမ်း ကျိုးသွားသည်။

“အမည်က အာနိသင်ထူးသားပဲ”

မကြာမီ၌ လုကျိုးသည် သူ၏ယူဆချက်ကိုအတည်ပြုလိုက်၏။ တောင်ပံပြုတ်ကျမှာကို စောင့်မနေဘဲ ထပ်လှုပ်ရှားသည်။

သားရဲများက ပိုမိုကြမ်းတမ်းလာပြီး သူတို့ဒဏ်ရာရချိန်၌ ပိုကြောက်မက်ဖွယ်ကောင်းကြောင်း လုကျိုးသတိပြုမိသည်။ ထို့ကြောင့် သူသည် ၎င်းအမှန်တကယ်ဒေါသမထွက်ခင် မော့မြို့အပြင်ဖက်သို့မောင်းထုတ်ချင်သည်။

လုကျိုးသည် မန်မန်းရှေ့၌ ထပ်ပေါ်လာပြီးနောက် အပြာရောင်အလင်းဖြင့်တောက်ပနေသော လက်ကိုလှုပ်လိုက်သည်။

နတ္ထိမှဇာစ်မြစ်က အရာအားလုံးမှရောက်လာသည်။ သံသရာတွင်နေထိုင်ပြီး ၎င်းမှသင်ယူ၏။ ယင်းက အတိတ်ဘဝကစွမ်းအားဖြစ်သည်။

တာအိုကိုးပါးဖြတ်တောက်ခြင်းလက်စည်းတံဆိပ်

ဘန်း

မန်မန်းက အော်လိုက်၏။ ၎င်းမြေပြင်ပေါ်မပြုတ်ကျခင် အပြာရောင်လက်ဝါးစည်းတံဆိပ်ကြောင့် တွန်းထုတ်ခံလိုက်ရသည်။

“ဒါက” ကျန်သည့်သူများက အံ့ဩဆွံ့သွားသည်။

လုကျိူးသည် အရှိန်ဖြင့်ရှေ့တက်သွားသည်။ သူသည်မန်မန်းကိုကြည့်ကာ ခပ်ပြတ်ပြတ် ပြောလိုက်သည်။

“ကျန်တာတွေကိုရှင်းလိုက်”

“နားလည်ပါပြီ”

ကျန်သည့်သူများသည် သတိဝင်လာလျက် ကျန်သည့်အကောင်လေးများဆီသွားလိုက်သည်။ လုကျိုးက ရှေ့တိုးကာနောက်ထပ်ဧရာမလက်ဝါးစည်းတံဆိပ်သုံးလိုက်၏။

မန်မန်သည် နောက်သို့ လွင့်ထွက်သွားကာ အသက်ရှူရန်ကြိုးစားလိုက်ချိန်တွင် လုကျိုးသည် လက်ဝါးစည်းတံဆိပ်ဖြင့် ပို့ပေးသည်။

ချူးနန်က ထုတ်ဖော်ပြောလိုက်၏။

”ကျုပ်ရဲ့အမြင်ကျယ်သွားပြီ”

…

အခန်း (၆၇၈) မျှော်နန်းသခင်ရှိနေမှတော့မင်းမေးစရာလိုသေးလို့လား

လုကျိုးအတွက် သူ့ပွင့်ချပ်ရှစ်လွှာအဆင့်ဖြင့် ငှက်ကြီးကို ဒဏ်ရာရအောင်လုပ်ဖို့ အနည်းငယ် ခက်လှသည်။ ချူးနန်နှင့် ထိုသားရဲကြားမှ တိုက်ပွဲအရ ထိုမန်မန်းသည် ပွင့်ချပ်ရှစ်လွှာအဆင့်ထက် အားကောင်းသည့် အဆင့်မြင့်သားရဲ ဖြစ်ကြောင်း ပြောနိုင်လေ၏။ ထို့ကြောင့် သူက ထူးခြားအံ့ဖွယ် စွမ်းအားတချို့ကို လက်ထဲတွင် စုစည်းပြီး တိုက်ခိုက်လိုက်သည်။

ဤသည်က လုကျိုး အသစ်ဖန်တီးထားသည့် တိုက်ခိုက်ရေး နည်းလမ်း ဖြစ်၏။ သူက ပွင့်ချပ်ရှစ်လွှာအဆင့် ရောက်ရှိပြီဖြစ်၍ ထိုအုတ်မြစ်ကို အလကား မဖြုန်းတီးလိုပေ။ သူက ကျင့်ကြံဆင့်အပေါ် တိုက်ကွက်ကို အခြေခံထားပြီး ထူးခြားအံ့ဖွယ် စွမ်းအားဖြင့် ရောနှောထားသည့် ဤနည်းဖြင့် သူ့အဆင့်တူများအတွင်း ပြိုင်ဖက်ကင်းသွားလိမ့်မည်။ တစ်ချိန်တည်းဆိုသလို သူက ထူးခြားအံ့ဖွယ် စွမ်းအားအများအပြားကိုလည်း ချွေတာမိသား ဖြစ်သွားလိမ့်မည်။ မန်မန်းများအပေါ် သူ့စမ်းသပ်ချက်က အောင်မြင်၏။ လက်ဝါးချက် တစ်ချက်ချင်းစီက မန်မန်းများကို မခုခံနိုင်အောင် ပြုလုပ်နိုင်သည်။

လက်ဝါးချက် ဒါဇင်ချီအပြီးတွင် သားရဲများက မော့မြို့မှ အရှေ့တောင်ဘက်သို့ ထွက်သွားကြသည်။

မြို့ထဲရှိ ကျင့်ကြံသူများ၏ စိတ်ဓာတ်ကလည်း ပြန်လည်မြင့်တက်လာကြ၏။ သူတို့က မန်မန်းအငယ်များဆီ ပြေးဝင်ကာ တိုက်ခိုက်နေကြသည်။

တချို့ကျင့်ကြံသူများကမူ အစီအရင်၏ ဗဟိုချက်ကို သွားကာ အကာအရံကို ပြင်ဆင်နေကြသည်။

ထိုစဥ် ချူးနန်က ကျောက်ရုပ်သဖွယ် ကြောင်အမ်းအမ်း ဖြစ်နေမိ၏။ သူက မည်မျှ အမြင်ကျယ်သွားရသည်ကို ရေရွတ်နေမိသည်။

လုကျိုး၏ ဖိတ်ခေါ်မှုကို ငြင်းဆန်သည့် ကျင့်ကြံသူကလည်း ကြောင်အမ်းနေမိ၏။

” ဆရာကြီးက တကယ်ကို အားကောင်းတာဘဲ။ သူက မိစ္ဆာဝေဟင်မျှော်နန်းသခင်နဲ့ တူတယ်”

" မိစ္ဆာဝေဟင်မျှော်နန်းသခင်လား " ချူးနန်က လှမ်းကြည့်လိုက်သည်။

" ဆရာကြီးက နည်းနည်းပိုငယ်တယ်ဆိုပေမဲ့ သူ့လက်ဝါးချက်တွေ မိစ္ဆာဝေဟင်မျှော်နန်းသခင်နဲ့ အတော်လေးကို တူတယ်”

" မင်းက မိစ္ဆာဝေဟင်မျှော်နန်းနဲ့ ပတ်သက်ပြီး ဘာသိထားလို့လဲ " ချူးနန်က မေးလိုက်သည်။

" သူတို့နဲ့ ပတ်သက်ပြီး နည်းနည်းလေးပဲ သိထားတာပါ။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မျှော်နန်းသခင်က ကျွန်တော် အလေးစားရဆုံးသူပဲ။ သူက လက်ဝါးစည်းတံဆိပ်မှာ ဆရာကြီးလေ။ မိစ္ဆာဝေဟင်မျှော်နန်းက ထိုက်ရွီကျောင်းတော်ရဲ့ လင်းရှင်းနဲ့ ရင်ဆိုင်တုန်းက ကျွန်တော်က တန့်ယန်တောင်ထိပ်မှာ ကြည့်နေခဲ့တာ။

ပွင့်ချပ်ရှစ်လွှာလင်းရှင်းက မျှော်နန်းသခင်က ဝင်ပါဖို့တောင် မလိုလိုက်ဘူးလေ။ လင်းရှင်း သေဆုံးသွားပြီးတော့ မျှော်နန်းသခင်ရဲ့ အစွန့်ပစ်ခံ ဉာဏ်ပညာက ထိုက်ရွီကျောင်းတော်ရဲ့ အကာအရံကို တစ်စစီ ကြေမွသွားစေတာ”

ချုးနန်က ပြောလိုက်သည်။

” မင်းပြောတာ ဟုတ်သားဘဲ။ လူငယ်လေး မင်းက တခြားသူတွေထက် ပိုရဲရင့်တယ်။ မင်း လော့ဂိုဏ်းကို ဝင်ဖို့ တွေးဘူးလား”

ထိုအရာကို ကြားပြီးသည့်နောက်တွင် လူငယ်လေးက ချက်ချင်းဆိုသလို စိတ်သက်သာရာ ရမိသွား၏။ သူက ပြောလိုက်သည်” ကျွန်တော်က လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းတာကို နေသားကျနေပါပြီ။ အကယ်လို့ မျှော်နန်းသခင်ကိုယ်တိုင်တောင် ရှိနေရင် ကျွန်တော် သူ့ဂိုဏ်းကို လွယ်လွယ်ကူကူလေး ဝင်မှာ မဟုတ်ဘူး။

ဆရာကြီးက စောစောက ကျွန်တော်ကို ဖိတ်ကြားတုန်းက သူ့ကို ယဥ်ယဥ်ကျေးကျေး ငြင်းပယ်ခဲ့တယ်။ ဒါပေမဲ့ ကမ္ဘာကြီးက ဖရိုဖရဲဖြစ်နေတာကို စဥ်းစားပြီးတော့ အမြစ်မဲ့အပင်လိုမျိုး ကျန်ရှိနေမဲ့အစား ပြန်ရမဲ့နေရာတစ်ခုရှိတာ ပိုကောင်းတယ်လို့ ထင်မိတယ်။ မဟာအကြီးအကဲက ကျွန်တော်ကို စဥ်းစားပေးလို့ ကျေးဇူးတင်ပါတယ်”

" ကောင်းပြီ " ချူးနန်က ကျေကျေနပ်နပ် ခေါင်းငြိမ့်လိုက်သည်။ သူက ထိုသို့ချီးကျူးပြောဆိုမှုမျိုးကို ကျေနပ်နေမိ၏။

ထိုစဥ် ကျင့်ကြံသူငယ် နှစ်ယောက်ကလည်း သူတို့ဆီ ပြေးလာကာ ဆင်းသက်လိုက်ကြသည်။

" ရှောင်ယွင် ဂုဏ်ပြုပါတယ် "

" မင်း လော့ဂိုဏ်းကို ဝင်သွားပြီဆိုတော့ ငါတို့ကို စောင့်ရှောက်ပေးဦးနော် "

လေလွင့်ကျင့်ကြံသူ ရှောင်ယွင်က ခေါင်းငြိမ့်လိုက်သည်။

ချူးနန်က ပြောလိုက်၏။

” မင်းတို့အားလုံးကလည်း ပါရမီရှိတယ်ဆိုတော့ တကယ်လို့သာ မင်းတို့ ဝင်ချင်တယ်ဆိုရင် လော့ဂိုဏ်းထဲကနေ ကြိုဆိုတယ်”

ထိုစကားများကို ကြားပြီးသည့်နောက်တွင် ကျင့်ကြံသူများက ပျော်ရွှင်သွားကြသည်။ သူတို့က တစ်ပြိုင်နက် ဦးညွတ်လိုက်ပြီးနောက် " မဟာအကြီးအကဲကို ကျေးဇူးတင်ပါတယ်”

...

မော့မြို့အထက်ရှိ မန်မန်းများက ကျင့်ကြံသူများကြောင့် ရှင်းလင်းသွားပြီ ဖြစ်၏။ ကောင်းကင်က တဖန်ပြန်လည် ကြည်လင်လာကာ တိတ်ဆိတ်မှုလည်း အစားထိုး ပြန်လည်ဝင်ရောက်လာသည်။

ကျင့်ကြံသူ အယောက် ၁၀၀ က အနောက်ဖက်သို့ ပျံသန်းလာကြ၏။ သူတို့က လေထဲတွင် ဝဲပျံနေရင်း ဧရာမ မန်မန်း ကျဆင်းသည့်နေရာကို ငုံ့ကြည့်လိုက်ကြသည်။

ထိုစဥ် လုကျိုး၏ နောက်ဆုံးလက်ဝါးချက်က မန်မန်းအပေါ် ကျရောက်သွားလေ၏။ သူက ထူးခြားအံ့ဖွယ် စွမ်းအားအများအပြား ထုတ်မသုံးခဲ့ပေ။ အများဆုံးသူက ပစ်မှတ်ကို တွန်းပို့နိုင်ရုံမျှသာ ဖြစ်၏။ သို့သော်လည်း အမည်မဲ့ပေါ်ရှိ အနက်ရောင်သင်္ကေများနှင့် ပေါင်းစပ်လိုက်သည့်အခါ သူက တခြားတောင်ပံတစ်ခုကိုပါ ဖြတ်တောက်နိုင်ခဲ့သည်။

မန်မန်းက ဆက်မပျံနိုင်တော့ပေ။ သူက တောင်ပံများကို ခတ်နေရင်း မြေပေါ်လဲကျနေ၏။ ထိုအရာက သဲမုန်တိုင်းများ ဖြစ်သွားစေသည်။

ဝုန်းဝုန်းဝုန်း

ကျောက်တုံးများက မြို့တံတိုင်းပေါ်ထိ ရောက်ကာ အက်ကြောင်းများ ထင်လာစေသည်။

မန်မန်းက ဒေါသထွက်နေလေ၏။

ကျင့်ကြံသူများက မြို့တံတိုင်းသည် ပြိုကျသွားမည်ကို စိုးရိမ်နေကြသည်။ သူတို့က လေထဲတွင် ရပ်ကာ အကာအရံအလွှာကို စွမ်အားဖြင့် ဖွဲ့စည်းပြီး တံတိုင်းကို ကာကွယ်ထားလိုက်ကြ၏။ တံတိုင်းအပေါ် ယာယီအကာအကွယ်အနေနှင့် ဖွဲ့စည်းထားလိုက်ကြသည်။

ပွင့်ချပ်ရှစ်လွှာ လုကျိုးက ကျောက်တုံးပျံများကို မစိုးရိမ်ပေ။ သူ့ကာကွယ်ရေးစွမ်းအားက အသက်ဝင်နေဆဲ ဖြစ်၏။

လုကျိုးက ဆင်းသက်လာသည့်အခါ တခြားသူများက အော်ပြောလိုက်ကြသည်။

" ဆရာကြီး သတိထား "

" ဆရာကြီးက အားကောင်းတဲ့ ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူ ဆိုပေမဲ့ ဒီတိရစ္ဆာန်က တခြားသားရဲတွေလို မဟုတ်ဘူး”

ချူးနန်၏ အတွေ့အကြုံအရ မည်သူကမှ ထိုတိရစ္ဆာန်အပေါ် အထင်မသေးရဲကြပေ။

ခဏအကြာတွင် လေထဲတွင် ကျောက်တုံးပျံများ မရှိတော့ပေ။

မန်မန်း၏ တောင်ပံခတ်မှုကြောင့် မြေချိုင့်ကြီး ဖြစ်ပေါ်နေ၏။

" ကိစ္စမရှိဘူး " လုကျိုးက မုတ်ဆိတ်သပ်ကာ ရှေ့တိုးလာ၏။

တခြားလူများက ထိုမြင်ကွင်းကို မြင်ကာ အံ့အားသင့်နေကြသည်။ အဆင့်မြင့် ကျင့်ကြံသူများက အမှန်တကယ် သတ္တိကောင်းလှ၏။

ကျင့်ကြံသူ အယောက် ၁၀၀ ကလည်း လုကျိုး ရှေ့တိုးသွားသည်ကို ကြည့်နေကြသည်။

ယခင်ကဲ့သို့ အမည်မဲ့က လုကျိုး၏ လက်အတွင်း ပေါ်ထွက်လာသည်။ အနက်ရောင် သင်္ကေတများကမူ ခပ်မှိန်မှိန် မြင်တွေ့နေရဆဲ ဖြစ်၏။

အသေရိုက်ချက်ကတ် မပါဘဲ အမည်မဲ့က သူ မန်မန်းကို သတ်ဖို့လိုအပ်နေသည့် အရေးပါသည့် လက်နက်တစ်ခု ဖြစ်သည်။ ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံဆင့် တစ်ခုတည်းကို မှီခိုရုံက အချိန်နှင့် အားစိုက်ထုတ်မှု မြောက်များစွာ လိုအပ်လိမ့်မည်။

" ဆရာကြီး သတိထား။ မန်မန်းတွေက အမြဲတမ်း နှစ်ကောင်တွဲလာတာ။ တကယ်လို့ တစ်ကောင်သေသွားရင် နောက်တစ်ကောင်ရှိဦးမှာပဲ” ရှောင်ယွင်က မြို့တံတိုင်းပေါ်မှ လှမ်းအော်လိုက်သည်။

" နောက်ထပ် တစ်ကောင် ရှိသေးတာလား "

မန်မန်းက စုံတွဲငှက်များဖြစ်ကာ သူတို့က သေဆုံးသည်အထိ မခွဲမခွာအတူရှိနေကြသည်။

လုကျိုးက အတွေးနက်နေစဥ် မန်မန်း၏ လက်သည်းက အနီရောင် တောက်ပလာကာ လုကျိုးဆီ ဝင်ရောက်လာ၏။

တခြားသူများက မျက်လုံးအပြူးသား ဖြစ်သွားကြသည်။ သူတို့က ထိုသွေးသံရဲရဲမြင်ကွင်းကို ခံနိုင်ရည် မရှိပေ။ သူတို့က ထိုလက်သည်း ချွန်ထက်မှုသည် ဤလူသား၏ ကာကွယ်ရေးစွမ်အားကို အလွယ်တကူ ထိုးဖောက်နိုင်လိမ့်မည်ဖြစ်ကြောင်း သိထား၏။

ချူးနန်က မျက်မှောင်ကျုံ့လိုက်သည်။ သူက ဆင်းကာ ကူညီပေးချင်မိသည်။

ထိုစဥ် လုကျိုးက လက်ဝါးတစ်ချက် ရိုက်လွှတ်လိုက်၏။ လျိူ့ဟယ်စည်းတံဆိပ်က သူ့ခြေထောက်အောက်တွင် ပေါ်ထွက်လာပြီး သူ့ဆီမှ စည်းတံဆိပ် ခြောက်ခု ထွက်ပေါ်လာသည်။

လျိူ့ဟယ်စည်းတံဆိပ်က ထွက်ပေါ်လာ၏။ သင်္ကေတကိုးခုက တစ်ခုနှင့် တစ်ခုဆက်သွယ်ကာ စက်ဝိုင်းတစ်ခုဖြစ်သွားပြီး မန်မန်း၏ တောင်ပံရှိ ဒဏ်ရာပေါ် ကျသွားသည်။

လက်ဝါးချက်က ထိုအရာကို လေထဲ လွင့်စဉ်သွားစေ၏။

တခြားသူများက ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြသည်။ ထိုတိုက်ကွက်က တိုက်ခိုက်ရေး အတွေ့အကြုံမများပြားဘဲ လုပ်ဆောင်နိုင်သည့်အရာ မဟုတ်ပေ။ ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူအနေဖြင့် ထိုသို့ထုတ်သုံးဖို့ရန် နည်းစနစ်နှင့် ကျွမ်းကျင်မှုတို့ လိုအပ်ကြောင်း နားလည်ထားကြသည်။ ဤသည်က ကံကောင်းမှုတစ်ခုတည်းကို မှီခိုရုံမျှဖြင့် အလွယ်တကူ ရရှိနိုင်သည့် အရာ မဟုတ်ပေ။

" တကယ်လို့ နောက်ထပ်တစ်ကောင် ရှိရင် သတ်လိုက်မယ်။ နောက်ထပ်နှစ်ကောင်ရှိရင် နှစ်ကောင်ကို သတ်မယ် " လုကျိုးက ပေါ့ပါးသွက်လတ်စွာ လှုပ်ရှားလိုက်သည်။ သူက မန်မန်း၏ ငှက်မွှေးမျှသာ အရွယ်အစားရှိသည့်အတွက် ပုရွက်ဆိတ်တစ်ကောင်က သစ်ပင်ကြီးကို လှုပ်ခါဖို့ ကြိုးစားနေသည်နှင့် တူနေသည်။

တခြားသူများက အသက်အောင့်ထားကြပြီး ဆက်ကြည့်နေကြသည်။

မန်မန်းက မြေပေါ်ကျမလာခင် လုကျိုးက အမည်မဲ့ကို ကိုင်ဆောင်လိုက်၏။

စွမ်းအင်ဓားတစ်ခု ထွက်ပေါ်လာသည်။

ရွှေရောင်တောက်ပနေသည့် စွမ်းအင်ဓားက အနက်ရောင်သင်္ကေတများ ရစ်ပတ်နေသည့်အတွက် အမှောင်အငွေ့အသက်ဖြင့် ဖုံးလွှမ်းထားသလိုမျိုး ဖြစ်၏။

" အဲ့ဒါက ဘာလဲ "

" မိစ္ဆာဇင်လား "

" တကယ်လို့ မိစ္ဆာဇင်ကို သမာသမတ်ကျတဲ့ ရည်ရွယ်ချက်နဲ့ သုံးမယ်ဆိုရင် ကောင်းတာဘဲ "

ထိုစွမ်းအင်ဓား ထွက်ပေါ်လာသည်နှင့် မန်မန်း၏ ခန္ဓာကိုယ်ထဲ ထိုးစိုက်သွားသည်။ ထိုစဥ် စူးစူးရှရှအော်သံကြီး ထွက်ပေါ်လာ၏။

" ဒါက ... "

" တကယ့်ကို အံ့သြစရာပဲ "

" ဆရာကြီးက ပွင့်ချပ်ရှစ်လွှာအဆင့် ဆိုပေမဲ့ ဘာမှအားမစိုက်လိုက်ရဘဲ လုပ်နိုင်ခဲ့တာဘဲ။ ဒါက ပညာရှင်ဆိုတာကိုး "

အဝေးတစ်နေရာမှ လုကျိုးသည် ဓားကို အပေါ်မှ ကျဆင်းလာစေပြီး သားရဲအား လှီးဖြတ်စေလိုက်သည်။

...

မော့မြို့ အနောက်ဘက် အဝေးတစ်နေရာ တောအုပ်အတွင်း

အော်သံကြီးတစ်ခုထွက်ပေါ်လာသည်။

မန်မန်းများက ပျံသန်းလာကြ၏။

" သူတို့လာပြီ "

ကျင့်ကြံသူ အယောက် ၁၀၀ က တောအုပ်ကို လှမ်းကြည့်လိုက်သည့်အခါ လုကျိုး၏ စွမ်းအားကို အံ့အားသင့်နေဖို့အချိန် မရတော့ပေ။

" ဆရာကြီး နောက်ဆုတ်တော့ "

လုကျိုးက အမည်မဲ့ကို သိမ်းလိုက်သည်။ ထို့နောက် သူက ဒဏ်ရာရနေသည့် မန်မန်းအထက်တွင် ပေါ်ထွက်လာ၏။

တခြားသော မန်မန်းအသေးလေးများက သစ်ပင်မှ ပျံသန်းလာကြသည်။

" အဆင်သင့်ပြင်ထား” မြို့တံတိုင်းပေါ်မှ ကျင့်ကြံသူများက ထပ်အော်လိုက်ကြသည်။

ထိုစဉ် မော့မြို့၏ တောင်ဘက်မှ ကျင့်ကြံသူတစ်ယောက်က စိတ်လှုပ်ရှားစွာ လှမ်းအော်လာသည်။

“ မိစ္ဆာဝေဟင်မျှော်နန်းက လူတွေ ရောက်လာပြီ”

“ မိစ္ဆာဝေဟင်မျှော်နန်း ရောက်လာပြီ”

ကျင့်ကြံသူတွေက စိတ်လှုပ်ရှားလာကြပြီး အနောက်ဘက် လှမ်းကြည့်လိုက်ကြသည်။

မိုးကုတ်စက်ဝန်းပေါ်တွင် မိစ္ဆာဝေဟင်မျှော်နန်း၏ တိမ်ခွင်းရထားလုံးပျံက အရိပ်များသာ ချန်ထားပြီး အရှိန်အပြည့်ဖြင့် ပျံသန်းလာနေသည်။

လုကျိုးက ရထားလုံးပျံအား ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ သူက စီးဝူယာ့အား သိုသိုသိပ်သိပ်နေဖို့သာ မှာခဲ့သည်။

မိစ္ဆာဝေဟင်မျှော်နန်းက ဘယ်လိုလုပ် ဒီရောက်လာတာလဲ …

မော့မြို့ရှိ ကျင့်ကြံသူများက ရထားလုံးပျံအား တိတ်တဆိတ် စောင့်ဆိုင်းနေကြသည်။

ခဏအကြာတွင် ရထားလုံးပျံက မော့မြို့အထက် ရပ်တန့်သွား၏။

ချူးနန်က အဖွဲ့အား ဦးဆောင်ကာ နှုတ်ဆက်လာသည်။

“ မိစ္ဆာဝေဟင်မျှော်နန်းက လူတွေ ရောက်လာမယ်လို့ မထင်ထားမိဘူး။ ချန်းပေ့ ကျုပ်တို့ဘက် လစ်ဟာမှုအတွက် ခွင့်လွတ်ပေးပါ”

ထိုစဉ် ရထားလုံးပျံမှ လူတစ်ယောက် ထွက်လာသည်။ ထိုသူက အကြီးအကဲလေးယောက် ခြံရံနေသည့် စီးဝူယာ့ ဖြစ်၏။

စီးဝူယာ့က ချူးနန်ကို မကြည့်ဘဲ တန်းဆင်းလာကာ “ရှစ်စွင်း ”

ချူးနန်နှင့် ရှောင်ယွင်တို့က အံ့အားသင့်သွားကြ၏။

လုကျိုးက မုတ်ဆိတ်သပ်လိုက်ပြီး စီးဝူယာ့အား ကြည့်လိုက်ကာ “ ငါ ဒါကို ဖြေရှင်းနိုင်တယ်။ မင်းက လျန့်စီရင်စုကို စောင့်ကြပ်မဲ့အစား ဒီဘာလာလုပ်တာလဲ”

စီးဝူယာ့က အလျင်စလို ပြောလာသည်။

“ရှစ်စွင်း ဒီကိစ္စက ရိုးရှင်းတယ်တော့ မထင်ဘူး။ ကျွန်တော် တစ်ခု ရှာတွေ့ထားတယ်”

“ဘာများလဲ”

“ မန်မန်းတွေရဲ့ အသိုက်ကို ရှာတွေ့ထားတယ်” စီးဝူယာ့က အဆောင်တစ်ခု ထုတ်လိုက်သည်။

အဆောင်က အနီရောင်သင်္ကေတများဖြင့် ရေးဆွဲထား၏။

လုကျိုးက မျက်မှောင်ကြုတ်လိုက်သည်။

စီးဝူယာ့က ဆက်ပြောလိုက်၏ “ အနီရောင်ကြာနယ်မြေက လူတွေ ဒီရောက်နေပြီလို့ ထင်တယ်။ အနီရောင်ကြာနယ်မြေထဲ ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ ရှိထားတော့ သူတို့က အနီရောင်ကြာ လေ့လာမှုနဲ့ကျင့်ကြံမှုမှာ ကျွန်တော်တို့ထက် ပိုအဆင့်မြင့်တာ သေချာတယ်။ အနီရောင်ခေါင်းတလားကလည်း သူတို့ဖန်တီးမှုပဲ။ အဲဒါကြောင့် သူတို့က ရွှေကြာပိုင်နက်ထဲ ရောက်နေတာ ဖြစ်ဖို့များတယ် ”

ထိုစဉ် နောက်ထပ် ဧရာမမန်မန်းကြီးက ပေါ်ထွက်လာပြီး အံ့အားသင့်ဖွယ် အပြုအမူမျိုး လုပ်လာသည်။ ထိုအရာက ထိုးဆင်းလာာ ဒဏ်ရာရနေသည့် မန်မန်းအား နှုတ်သီးဖြင့် ကိုက်ချီသွားလေ၏။

ထိုစဉ် မန်မန်းအငယ်လေးများက မော့မြို့ဆီ ချီတက်လာကြသည်။

လုကျိုးက သူတို့အား ကြည့်ကာ ပြောလိုက်၏။

“ မော့မြို့ကို အကြီးအကဲလေးယောက်နဲ့ စောင့်ရှောက်ထား … ငါ ပြန်လာခဲ့မယ် ”

“ဟုတ်ကဲ့” စီးဝူယာ့က ဦးညွှတ်လိုက်သည်။

လုကျိုးက လေထဲ ခုန်ဝင်ကာ မန်မန်းနှစ်ကောင်နောက် လိုက်သွားသည်။ သူက ပြောလိုက်၏ “တိရစ္ဆာန်ကောင် မင်း ဘယ်ပြေးမလဲ ကြည့်ရသေးတာပေါ့”

ထိုစဉ် လုကျိုးနှင့် မန်မန်းနှစ်ကောင်က မိုးကုတ်စက်ဝန်းထဲ ပျောက်ကွယ်သွားသည်။

မော့မြို့ထက်ရှိ ကျင့်ကြံသူများက စိတ်ရှုပ်ထွေးသည့် အကြည့်များဖြင့် ကြည့်နေကြသည်။ သူတို့က အမှန်တကယ် အံ့အားသင့်နေကြ၏။

“ချူးနန် ခင်ဗျားလား” မိစ္ဆာဝေဟင်မျှော်နန်း၏ ဖန်လီထန်းက ခေါ်လိုက်သည်။ သူက ချူးနန်ကို ချက်ချင်း မှတ်မိလိုက်၏။

ချူးနန်က အလျင်စလို ပြောလာသည်။ “အကြီးအကဲဖန်လား”

ကျင့်ကြံသူအယောက်တစ်ရာကလည်း တစ်ပြိုင်နက် ဦးညွှတ်လာကြသည်။

“ဒီမှာ ဘာလုပ်နေတာလဲ” ဖန်လီထန်းက မေးလိုက်သည်။ “ ခင်ဗျားက လော့ဂိုဏ်းမှာ မွန်းတည့်ချိန်က နေမင်းကြီးလိုပဲလေ ”

ချုးနန်က လက်ဝေ့ကာ မလုံမလဲ ပြောလိုက်သည် “ ဒါက အတိတ်တုန်းကပါ။ ကျုပ်ကို မျက်နှာပူရအောင် မလုပ်ပါနဲ့တော့။ ဒီဆရာကြီးက … ”

ဖန်လီထန်းက ဆွံ့အစွာ ခေါင်းခါရင်း “မေးနေသေးတုန်းလား … ဒါက မျှော်နန်းသခင်လေ ”

All Chapters