အခန်း (၆၈၂-၆၈၄)
Vol. 46 Ch. 682-684
အခန်း (၆၈၂) လောင်ပါ့၏ ထွက်ခွာမှု
မျက်စိနှင့် မြင်နိုင်သလောက်အထဲ လုကျိုးအား ကိုးကွယ်ခစား ဒူးထောက်နေကြသည့်သူများ ရှိပေသည်။ သူက မိစ္ဆာလမ်းစဉ်မှ ဖြစ်သည်ကို မည်သူကမှ ဂရုစိုက်ပုံမပေါ်ပေ။
လုကျိုးက ကမ္ဘာဦးချီဖြင့် အသံကို ထုတ်လွှင့်လိုက်သည်။ သူ့စကားက အားလုံးနားထဲ ရောက်ရှိသွား၏။ သူ့စကားများက ထိုလူများ၏ ယုံကြည်မှုကို တိုးမြင့်ပေးလိုက်သည်။
မိစ္ဆာဝေဟင်မျှော်နန်း၏ တိမ်ခွင်းရထားလုံးပျံက ဝေဟင်အထက် ပျံသန်းနေသည်။ သူတို့က ရထားလုံးပျံကို မြင်သည့်အခါ မိစ္ဆာဝေဟင်မျှော်နန်းမှ မဟုတ်သည့် ကျင့်ကြံသူများ၏ မျက်နှာအထက် လေးစားမှုအပြည့် ဖြစ်နေကြ၏။
ချူးနန်ပင် ခြွင်းချက် မဟုတ်ပေ။
ရှောင်ယွင်တစ်ယောက်ကတော့ ရင်ဘတ်ကို ဖိထားလိုက်ရင်း နောက်ပြန်လဲလုမတတ် ဖြစ်နေရှာသည်။ သူ့နှလုံးသားက နာကျင်နေမိသည်။ သူက မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်ရောက်လုနီးပါး ဖြစ်ခဲ့လေသည်။
လုကျိုးက လက်နောက်ပစ်ကာ လေထဲ ခုန်ဝင်ရင်း ရထားလုံးပျံပေါ် သက်ဆင်းလိုက်၏။
စီးဝူယာ့နှင့် အကြီးအကဲသုံးယောက်က ရထားလုံးပျံကို မောင်းနှင်လိုက်ကြသည်။
ကျော့ယွီရှုက လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည် “အစ်ကိုကြီး အရင်သွားသင့်တယ်။ ကျွန်မက အံ့ဖွယ်မြို့တော်ဆီ အရင်ပြန်နှင့်လိုက်မယ်။ ထိုက်ရွီကျောင်းတော်ကို ကျွန်မဆီ အပ်ထားလိုက် ”
“ကောင်းပြီ” လုကျိုးက လေသံအတက်အကျမရှိ ပြန်ပြောလိုက်သည်။
ရထားလုံးပျံက တည်နေရာပြောင်းလိုက်၏။ ထို့နောက် လျန့်စီရင်စုဆီ ဦးတည်လိုက်သည်။
ထိုခရီးစဉ်အတွင်း စီးဝူယာ့က သူ့ရှစ်စွင်း၏ ဆုံးဖြတ်ချက်ကို တွေးနေဆဲ ဖြစ်၏။ သူက ထိုအရာကို နားမလည်နိုင်ပေ။ ထို့ကြောင့် သူက ဦးညွှတ်ကာ မေးလိုက်သည်။
“ရှစ်စွင်း ကျွန်တော် နားမလည်တဲ့တစ်ခုခုများ ရှိလား”
“မင်း ဘာတွေးနေတယ်ဆိုတာ သိတယ်” လုကျိုးက တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။
“ ငါ လူတွေကို ဟောပြောချင်တာက တာ့ယန်မှာ ပွင့်ချပ်ကိုးလွှာအဆင့် အများကြီး ရှိလာဖို့အတွက်ပဲ။ မန်မန်းက အစပဲ ရှိသေးတယ်။ တကယ်လို့ တာ့ယန်မှာ နည်းလမ်းမရှိရင် ဘယ်လိုလုပ် ပြန်တိုက်နိုင်မှာလဲ ”
“ဒါပေမဲ့ တခြားမျိုးနွယ်တွေက သူတို့ကြာပန်းကို ဖြတ်တောက်ပြီးတဲ့နောက်မှာ အရေးသာချက် ရှိလာတယ်။ သူတို့သာ ပွင့်ချပ်ကိုးလွှာအဆင့် ရနိုင်တဲ့နည်းလမ်း အကြောင်း သိသွားခဲ့ရင် …”
စီးဝူယာ့က တခြားမျိုးနွယ်များနှင့် ပတ်သက်လာသည့်အခါ ဘယ်တော့မှ စိတ်မအေးမိပေ။
“မဟာမိတ်တိုင်းပြည် ၁၂ ခု အဆုံးသတ်သွားပြီးတော့ အကောင်းဆုံး တခြားမျိုးနွယ် ကျင့်ကြံသူအများစုက ဒဏ်ရာအပြင်းအထန် ရထားကြတယ်။ သူတို့က သူတို့ဘာသာတောင် မစောင့်ရှောက်နိုင်ဘူး။ သူတို့က အချိန်တစ်ခုအထိ လှုပ်ရှားလာဦးမှာ မဟုတ်ဘူး။ ပြီးတော့ သားရဲကျူးကျော်တာက လက်တွေ့ပဲ။ တခြားမျိုးနွယ်လည်း အဆင့်မြင့် ကျင့်ကြံသူ ပြတ်တောက်မှုနဲ့ ရင်ဆိုင်နေရမှာ။ သူတို့က တာ့ယန်ကို သားကောင်လိုမျိုး မျက်စိကျနေနိုင်မှာ မဟုတ်ဘူး။ တကယ်တော့ သူတို့ဘာသာ ပြန်အားမွေးရမှာ ”
“တကယ်လို့ သူတို့သာ ပွင့်ချပ်ကိုးလွှာအဆင့် ရောက်သွားခဲ့ရင် ….”
“ဘာမှစိုးရိမ်နေစရာ မလိုဘူး။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ တပည့်ဆယ်ယောက်က သူတို့အတွက် ပြိုင်ဘက် မဖြစ်နိုင်ဘူးလို့ ထင်နေတာလား”လုကျိုးက မေးလိုက်သည်။
ထိုစကားများကို ကြားကာ စီးဝူယာ့က ရင်ထဲထိသွားသည် “ရှစ်စွင်းက ကျွန်တော်တို့ကို အများကြီးယုံကြည်ထားမှတော့ စိတ်မပျက်စေရပါဘူး”
“မင်းက ဘာလုပ်လုပ် အမြဲတမ်း ယုံကြည်ချက်ရှိတယ်။ ဒီတစ်ခါလည်း မင်းဘာသာ ယုံကြည်ထားသင့်တယ်” လုကျိုးက ပြောလိုက်သည်။
“ကျွန်တော် သိပါပြီ။ သင်ကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ”
“တင်း စီးဝူယာ့ကို သင်ကြားဆုံးမပေးတဲ့အတွက် ကုသိုလ်ရမှတ် နှစ်ရာ ရရှိပါတယ် ”
စီးဝူယာ့က မေးလိုက်သည်။ “ရှစ်စွင်း ဘယ်အချိန် ဟောပြောမယ် စီစဉ်ထားလဲ။ ကျွန်တော်ဘာသာ အရင်ပြင်ဆင်ထားချင်လို့“
လုကျိုးက မုတ်ဆိတ်သပ်ကာ စဉ်းစားလိုက်သည်။ သူက ကုသိုလ်ရမှတ်အတော်လေး ရလိုက်သည်။ သူက ပွင့်ချပ်ရှစ်လွှာ အထွတ်အထိပ်ရောက်ဖို့ အလှမ်းမကွာတော့ကြောင်း ခံစားနေမိ၏။ သူက အကြောင်းပြန်လှန်ကတ် လုံလုံလောက်လောက်ရဖို့ မည်သို့လုပ်ရမည်နည်း။
နှစ်တစ်ဝက်လား … အဲဒါက ကြာလွန်းတယ်။ အဲဒီအချိန်ကျ သွေးအေးသွားလောက်ပြီ
အချိန်အတော်ကြာစဉ်းစားနေပြီးနောက် လုကျိုးက ပြောလိုက်သည် “နောက်သုံးလနေရင် လုပ်ကြတာပေါ့ ”
“ဟုတ်ကဲ့”
အကြီးအကဲသုံးယောက်လည်း ခေါင်းညိတ်လိုက်ကြသည်။
လုကျိုးက အပြင်ဘက်မှ ရှခင်းကို ကြည့်နေရင်း ပြောလိုက်သည် “မိစ္ဆာဝေဟင်မျှော်နန်းဆီ ပြန်မယ်”
“ဟုတ်ကဲ့”
……….
ထိုစဉ် မိစ္ဆာဝေဟင်မျှော်နန်းက မန်မန်းများကို နှိမ်နင်းလိုက်သည့် သတင်းက ကျင့်ကြံရေးလောကထဲ တောမီးလို ပျံ့နှံ့နေလေပြီ။
မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်းသခင်က တစ်ယောက်တည်းဖြင့် တိုက်ပွဲအရေးသာဘက်ကို ပြောင်းလဲခဲ့ပြီး မန်မန်းများကို သတ်ပစ်ခဲ့သည်။
တစ်ချိန်တည်းဆိုသလို သားရဲကျူးကျော်မှုများကို နှိမ်နင်းရင်ဆိုင်နိုင်စေရန် တာ့ယန် ကျင့်ကြံသူများကို ကူညီကာ မိစ္ဆာဝေဟင်မျှော်နန်းသခင်က သုံးလအတွင်း ပွင့်ချပ်ကိုးလွှာအဆင့် ရောက်မည့် နည်းလမ်းအကြောင်း ဟောပြောပို့ချမည် ဖြစ်၏။
ထိုအရာက နေရာတိုင်းတွင် ခေတ်စားနေသည်။
“မျှော်နန်းသခင်က သုံးလနေရင် ဟောပြောပို့ချမယ်လို့ ကြားမိတယ်”
“သဘောထားကြီးမားလိုက်တာ … သူတို့ကို တစ်ခါက အားလုံးက မုန်းတီးခဲ့တယ်ဆိုတာ ယုံဖို့တောင် ခက်သား ”
“ အဲဒါက အရင်ဧကရာဇ်ဟောင်း ဖြန့်ခဲ့တဲ့ အလိမ်အညာတွေကြောင့်ပေါ့။ လျိူကုတောင် အယောင်ဆောင်တဲ့ ”
ထောင့်တစ်နေရာတွင် ထိုင်နေသည့် အနီရောင်ပဝါ ပတ်ထားသော လူငယ်လေး မေးလိုက်သည်။
”ရောင်းရင်းတို့ မျှော်နန်းသခင်က ဘယ်သူလဲ”
အားလုံးက ထိုလူအား ချက်ချင်း လှည့်ကြည့်လာကြသည်။ သူတို့က သူ့အား အရူးတစ်ယောက်လို ကြည့်နေကြခြင်း ဖြစ်၏။
မည်သူကမှ သူ့အား ပြန်မဖြေကြပေ။
လေထုက နေရခက်လာသည်။
လူငယ်ကျင့်ကြံသူက ထပ်မေးလိုက်သည်။ “ ကျုပ်က ဒီမှာအသစ်မလို့ပါ။ ကျုပ်မေးခွန်းနဲ့ ပတ်သက်ပြီး တစ်ခုခု မသင့်တော်တာများ ရှိလို့လား ”
ထိုသို့တိုင် မည်သူကမှ ပြန်မဖြေကြပေ။
သူက အားစိုက်ထုတ်မှု အသုံးမဝင်ကြောင်း ခံစားမိလိုက်သည်။ သူက အဖန်ရည်ခွက်ကို မကာ သောက်လိုက်သည်။
ရွှေကြာပန်းပိုင်နက်မှ လူများသည် ရန်လိုကြသည်။ သူတို့အကြည့်များထဲ သတ်ဖြတ်ငွေ့များ ပြည့်နှက်နေပြီး တိုက်ခိုက်ရသည်ကို သဘာကျကြဟန်ပေါ်သည်။
ငါ ပိုသတိထားရမယ် … ငါ သူတို့နဲ့ ရန်သူလုပ်ပြီး ကိုယ့်အကြောင်းကို ထုတ်ဖော်လိုက်လို့ မဖြစ်ဘူး။ …
ထိုစဉ် လူငယ်ကျင့်ကြံသူနှင့် မျက်နှာချင်းဆိုင် စားပွဲတွင် ထိုင်နေသည့် လူက မေးလိုက်သည်။
“ဟေး မင်းက ဘာတုံး။ မင်းက မျှော်နန်းသခင်ကိုတောင် ဘယ်လိုလုပ် မသိရတာလဲ ”
“ကျုပ်က တစ်လျှောက်လုံး တောင်ပေါ်မှာ နေခဲ့တာမလို့။ လောကီရေးရာကို အာရုံမစိုက်မိခဲ့ဘူး။ အဲဒါကြောင့်မသိတာပါ” လူငယ် ကျင့်ကြံသူက ပြန်ဖြေလိုက်သည်။
“မဆန်းတော့ပါဘူး … မိစ္ဆာဝေဟင်မျှော်နန်းရဲ့ မျှော်နန်းသခင်အကြောင်း မသိတဲ့လူတစ်ယောက်မှ မရှိဘူး။ သေချာနားထောင် ”
“ အသေးစိတ်ပြောပြပါဦး … ခင်ဗျားသေရည်ဖိုး ကျုပ် ရှင်းမယ်ဗျာ ”
မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့်လူက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး “အတိတ်တုန်းက ဂိုဏ်းကြီးဆယ်ဂိုဏ်း မိစ္ဆာဝေဟင်မျှော်နန်းကို ဝိုင်းတိုက်တာကနေ စပြောရမှာပဲ ”
…………..…
မိစ္ဆာဝေဟင်မျှော်နန်းသို့ ပြန်ရောက်လာပြီးသည့်နောက်
လျန့်စီရင်စုရှိ တပည့်များကလည်း မိစ္ဆာဝေဟင်မျှော်နန်းဆီ ပြန်ရောက်လာကြသည်။
အရှေ့ဘက် မျှော်နန်းဆောင်အတွင်း
လုကျိုးက ပုံကြမ်းအထပ်လိုက်ကို ကြည့်နေမိသည်။ သူက ပုံကြမ်းများထဲ အပြောင်းအလဲ ရှာတွေ့သည့်အတွက် အနည်းငယ် အံ့အားသင့်နေမိသည်။ တာ့ယန်နှင့် တခြားမျိုးနွယ်များ၏ ညာဘက်ထောင့်နေရာတွင် တာ့ယန်နှင့် ဆင်တူသော်လည်း ကောက်ကြောင်များ ဝေဝါးနေသည့် ကုန်းမြေတစ်ခုကို မြင်နေရသည်။
“အနီရောင်ကြာနယ်မြေလား ”
ထိုအရာက စီးဝူယာ့ ရေးဆွဲသည့်အရာနှင့် ဆင်တူသော်လည်း ကွဲပြားနေပြန်သည်။ ကွဲပြားချက်က မြေပုံနှစ်ခုသည် ထပ်နေသလို ဖြစ်ကာ တာ့ယန်က အပေါ်ဘက်တွင် ရှိစဉ် အနီရောင်ကြာနယ်မြေက အောက်ဘက်တွင် တည်ရှိ၏။
သူက အနီရောင်ကြာနယ်မြေ၏ သံတမန် ကုမင်ကို မော့မြို့အနီးတွင် သတ်ပစ်ခဲ့သည်။ သို့သော်လည်း ကုမင်က သူသည် မြောက်ဘက်ပိုင်း အဆုံးမဲ့ပင်လယ်မှ ရောက်လာခြင်း ဖြစ်သည်ဟု ပြောခဲ့၏။
တခြားနည်းဖြင့်ဆိုရလျှင် မြေအနေအထားက တစ်ခုနှင့်တစ်ခု ဖိထားပြီး အဆုံးမဲ့ပင်လယ်နှင့် ပိုင်းခြားခံထားရသည်လား။
“ ကိုလံဘက်က ကုန်းမြေအသစ်ကို ရှာတွေ့တာလား” လုကျိုး၏ စိတ်ထဲ ကူးပြောင်းလာသူတစ်ယောက်အနေနှင့် ပုံမှန်ဗဟုသုတသာ ရှိလေသည်။
ယခုအတွက် ဤသည်က သူ တွေးမိသည့် တစ်ခုတည်းသောအရာ ဖြစ်၏။
သူက ဖွင့်လှစ်ခြင်း ကောင်းကင်ကျမ်းများကို ရသည်မှာ အချိန်ကြာမြင့်ခဲ့လေပြီ။ ကောင်းကင်ကျမ်းသုံးခုအနက် သူက မြေကမ္ဘာစာလိပ်ကို ရရှိခဲ့၏။ ထို့အပြင် သူက မြေကမ္ဘာစာလိပ်ကို နားလည်ဖို့အစပြုနေရုံမျှ ရှိသေးသည်။
ဤသို့ဆိုလျှင် ကောင်းကင်စာလိပ်က မည်သည့်နေရာတွင် ရှိမည်နည်း။
ထားလိုက်ပါတော့ … အခုတော့ ထားလိုက်ပါ့မယ်
လုကျိုးက စနစ်ကို လှမ်းခေါ်လိုက်ပြီး ကျန်ရှိနေသည့် ကုသိုလ်ရမှတ်များအား စစ်ဆေးကြည့်လိုက်သည်။
ကုသိုလ်ရမှတ် - ၄၂ ၈၉၃ မှတ်
မဆိုးဘူးပဲ … တကယ်လို့ အမှတ်ငါးရာတန်တဲ့ အကြောင်းပြန်လှန်ကတ်ကို ဝယ်လိုက်ရင် ၈၅ ခု ရမှာပဲ … လုံလောက်တာနဲ့ အလှမ်းဝေးနေသေးတယ်
လက်ရှိ ငါ့ဆီမှာ အကြောင်းပြန်လှန်ကတ် ၆၃ ကတ် ရှိတယ် … ကံစမ်းမဲပဲ စမ်းကြည့်ကြတာပေါ့
“ကံစမ်းမဲ”
“တင်း ကုသိုလ်ရမှတ် ငါးဆယ်ကျသင့်ပါတယ်။ တောက်ပကျောက်တုံး တစ်တုံး ရရှိပါတယ် ”
ဒါက အကြောင်းပြန်လှန်ကတ်ထက် ပိုကောင်းတယ် …
“ကံစမ်းမဲ ”
“တင်း ကုသိုလ်ရမှတ် ငါးဆယ်ကျသင့်ပါတယ်။ ပါဝင်ကံစမ်းတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကံကောင်းမှတ် တစ်မှတ်+”
သူက ထပ်စမ်းကြည့်ဖို့ ပြင်လိုက်စဉ် အပြင်ဘက်မှ အသံတစ်သံကို ကြားလိုက်ရသည်။
“ရှစ်စွင်းကို ဂါရဝပြုပါတယ် ” ကျူးဟုန်ကုန်းက မြေပေါ် ဝပ်တွားရင်း ပြောလာသည်။
“အထဲဝင်ခဲ့ ”
ကျူးဟုန်ကုန်းက တံခါးကို ဖွင့်ကာ အထဲဝင်လိုက်၏။
ကျူးထျန်းယွမ်က နောက်မှ လိုက်ပါလာသည်။
လုကျိုးက သူတို့နှစ်ယောက်ကို ကြည့်လိုက်ပြီးနောက် မျက်လုံးမှိတ်ကာ စိတ်ကို အနားပေးလိုက်သည်။
“ဘာကိစ်စလဲ ”
ကျူးဟုန်ကုန်းက မပြောခင် ကျူးထျန်းယွမ်က ပြောလာသည်။ “အစ်ကိုကျိ … ကျုပ်က ရှေးဟောင်းသူတော်စင်ဂိုဏ်းနဲ့ ဝေးနေတာ ကြာလှပြီ။ တကယ်လို့ မြန်မြန်မပြန်ရင် အဲဒါကို တခြားတစ်ယောက်က ယူသွားလိမ့်မယ်။ ကျုပ်က အံ့ဖွယ်မြို့တော်နဲ့ လျန့်စီရင်စုမှာ ကူညီပေးထားပါတယ်။ အဲဒါကြောင့် ကျုပ်သားကို ကျုပ်ဆီ ပြန်ပေးလို့ ရမလား ”
“ရှေးဟောင်းသူတော်စင်ဂိုဏ်းက အရင်ကလို မဟုတ်တော့ဘူး။ ကျူးဟုန်ကုန်းက ပါရမီထူးတော့ နောင်အနာဂတ်မှာ ကိစ္စကြီးကြီးတွေ လုပ်ဆောင်လာနိုင်မှာပဲ။ သူ့ကို ရှေးဟောင်းသူတောင်စင်ဂိုဏ်းဆီ ပြန်ပြီး အမွေဆက်ခံစေချင်တာ သေချာရဲ့လား”
“ သားက အဖေရဲ့ အမွေအနှစ်ကို ဆက်ခံတာ ပုံမှန်ပါပဲ။ ဒါပေမဲ့ သူက အစ်ကိုကျိ တပည့်ဆိုတော့ ဆုံးဖြတ်ပေးပါ ” ကျူးထန်းဟွမ်က သတ္တိစုစည်းကာ ပြောလိုက်သည်။ သူ့မျက်နှာအထက် ချွေးများပင် စီးကျနေ၏။
လုကျိုးက မျက်လုံးဖွင့်လာကာ “ ကျူးဟုန်ကုန်းက ငါ့တပည့်ဆိုတာ အမှန်ပဲ။ ဒါပေမဲ့ သူ ထွက်သွားဖို့ ရွေးချယ်မယ်ဆိုရင် သူ့ရွေးချယ်မှုကို အလေးထားပေးမယ်။ ကျူးထျန်းယွမ် မင်း ဘယ်လိုထင်လဲ”
“အစ်ကိုကျိ ပြောတာ ဟုတ်ပါတယ်။ ဒီလိုဆိုရင် သူ့ဘာသာ ဆုံးဖြတ်ခိုင်းလိုက်သင့်တယ်” ကျူးထျန်းယွမ်က ခံစားချက်ကောင်းနေမိသည်။ သူက သားဖြစ်သူနှင့် အတော်လေး အချိန်ကုန်ဆုံးပေးခဲ့သည်။ သူ့သားက သူနှင့် အတူပြန်လိုက်ဖို့ တုံ့ဆိုင်းနေမည် မဟုတ်ကြောင်း သေချာနေ၏။
…
အခန်း (၆၈၃) ရှောင်လွှဲ၍မရခြင်း
ကျူးဟုန်ကုန်းက အနေခက်နေ၏။
‘ခင်ဗျားတို့နှစ်ယောက်လုံး ဆုံးဖြတ်သင့်တာမဟုတ်ဘူးလား။ ကျုပ်က ဘာကြောင့် ဆုံးဖြတ်ရမှာလဲ’
“လောင်ပါ့ မင်းရဲ့ကျင့်ကြံဆင့်က ဘယ်လိုလဲ” လုကျိုးက မေးလိုက်၏။
“ပွင့်ချပ်သုံးလွှာ” ကျူးဟုန်ကုန်းက မဝံ့မရဲ ပြန်ပြောလိုက်တော့သည်။
“ဒါက မိစ္ဆာဝေဟင်မျှော်နန်းထဲမှာ မပြောပပေမဲ့အပြင်လောကကလူတွေအတွက် ပွင့်ချပ်သုံးလွှာ အဆင့်ကို ပြန်လည်ကျင့်ကြံနိုင်တာကချီးကျူးထိုက်တဲ့လက္ခဏာပဲ။ မင်းထွက်သွားမယ်ဆိုရင် တောက်ပတဲ့အနာဂတ် မရှိတော့မှာ စိုးရိမ်မိတယ်။ မိစ္ဆာဝေဟင်မျှော်နန်းမှာ နေမယ်ဆိုရင် မင်းရလာမဲ့အောင်မြင်မှုက ငါ့ထက်နိမ့်မှာမဟုတ်ဘူး” လုကျိုးက ဖြည်းဖြည်းချင်း ပြောလိုက်၏။
”ဒီအကြောင်းဂရုတစိုက်စဉ်းစား။ မင်းကိုတားမှာမဟုတ်ဘူး”
ကျူးထျန်းယွမ် “...” ဒီဖော်ပြချက်က အနည်းငယ်မှားနေတဲ့ပုံ ဘာကြောင့်ပေါ်နေရတာလဲ။ သူတို့က သူ့သားကို ကိုယ်တိုင်ဆုံးဖြတ်ခွင့်ပေးမှာမဟုတ်ဘူးလား။
ထိုအကြောင်းကို ကြားသောအခါ ကျူးဟုန်ကုန်းက ပြောလိုက်၏။
“ရှစ်စွင်း ကျွန်တော့်မှာ ရည်မှန်းချက် ကြီးကြီးမရှိပါဘူး။ ကျွန်တော်လိုချင်တာက တည်တည်ငြိမ်ငြိမ်နဲ့ ပွဲမများတဲ့ဘဝကို မြင်ချင်ရုံပါပဲ”
“အခုသားရဲတွေ ကျူးကျော်လာပြီ။ လူသားမျိုးနွယ်က ရွှေကြာကို ဖြတ်တောက်ပြီး ရှင်သန်နေထိုင်ကြတော့မှာ မင်းက တည်ငြိမ်တဲ့ဘဝကို နေချင်တဲ့ မင်းရဲ့ဆန္ဒကို ငါ နားလည်တယ်။ ဒါပေမဲ့ အဲလိုလုပ်ဖို့အရည်အချင်းရှိလို့လား” လုကျိုးကမေးလိုက်၏။
“...” ကျူးဟုန်ကုန်းသည် သူ့ရှစ်စွင်း၏စကားကိုပြန်ပြောစရာအကြောင်းမရှိပေ။ သူ အတိတ်တုန်းက မိစ္ဆာဝေဟင်မျှော်နန်းမှ ထွက်လာသည့်တိုင် သူသည် ငြိမ်းချမ်းသည့်ဘဝ ရရှိရန် စီးဝူယာ့နှင့် ယွီကျန့်ဟိုင်ကို အားကိုးခဲ့ရသည်။ သူ့ဖာသာသူမည်ကဲ့သို့ စီမံနိုင်မည်နည်း။
လုကျိုးသည် ကျူးဟုန်ကုန်း တိတ်ဆိတ်နေတာကို မြင်သောအခါ သူက ပြောလိုက်သည်။
”ငါ ပြောစရာ ဒါအကုန်ပဲ။ မင်း ရွေးချယ်လို့ရပြီ”
လုကျိုး၏စကားနောက်ကွယ်ရှိ လေးလံသော အဓိပ္ပာယ်က ကျူးဟုန်ကုန်းကို စိတ်နှလုံး မဆုံးရှုံးစေပေသည်။ သူ့ရှစ်စွင်းဆိုလိုသည်က သူက ထွက်သွားရန်ရွေးချယ်လိုက်ပါက သူက မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်တစ်ယောက် မဟုတ်တော့ပေ။
လုကျိုးသည် ဘာမှမဖြစ်ခဲ့သည့်ပမာ မျက်လုံး ထပ်မှိတ်လိုက်၏။ သူ၏အမူအရာက တည်ငြိမ်နေသည်။
ကျူးထျန်းယွမ်သည် လုကျိုး၏စကားကို နားထောင်ပြီးနောက် တစုံတစ်ခု လွဲချော်တာခံစားမိသည်။ သူ၏သားသည် လမ်းသွေဖည်တော့မည့်ပုံပေါ်သည်။
ကျူးထျန်းယွမ်က စကားပြောတော့မည့်အချိန်တွင် ကျူးဟုန်ကုန်းက လုကျိုးရှေ့၌ ရုတ်တရက် ဝပ်တွားကာ ပြောလိုက်၏။
”ရှစ်စွင်း ... တပည့် မိစ္ဆာဝေဟင်မျှော်နန်းက ထွက်သွားဖို့တစ်ခါမှ မစဉ်းစားဖူးပါဘူး”
ကျူးထျန်းယွမ် “...”
ဒီလူက တကယ်သူ့သားလား။ အရင်က ဆွေးနွေးခဲ့တဲ့အရာအားလုံးကို သူ့ရဲ့သားက ဘယ်လိုလုပ် မေ့လိုက်နိုင်တာလဲ။
လုကျိုးက စိတ်ကျေနပ်စွာခေါင်းညိတ်လိုက်၏။ သူက သူတို့နှစ်ယောက်လုံးကို မျက်လုံးဖွင့်ကြည့်ကာ ပြောလိုက်တော့သည်။
”မင်း နေခဲ့ဖို့ရွေးချယ်လိုက်တာ ဝမ်းသာတယ်။ ရှေးဟောင်းသူတော်စင်ဂိုဏ်းအတွက်တော့ မင်း အမွေဆက်ခံသည်ဖြစ်စေ၊ မဆက်ခံသည်ဖြစ်စေ အဓိပ္ပာယ်မရှိဘူး”
“အစ်ကိုကျိ ... တကယ်တော့ ရှေးဟောင်းသူတော်စင်ဂိုဏ်းက မိစ္ဆာဝေဟင်မျှော်နန်းနဲ့မယှဉ်နိုင်ပါဘူး။ ဒါပေမဲ့ ဒါပေမဲ့...”
“ဘာမှ ဒါပေမမဲ့ဘူး။ ကျူးဟုန်ကုန်းက ဆုံးဖြတ်ပြီးသွားပြီ။ မင်းက သူ့ရဲ့အဖေအရင်း ဆိုပေမဲ့ သူ့ရဲ့ရွေးချယ်မှုကို လေးစားသင့်တယ်လေ” လုကျိုးက ပြောလိုက်၏။
“အမ်း” သူ့ရွေးချယ်မှုကို မလေးစားဘူးလို့ ဘယ်သူကပြောလို့လဲ။ ဒါက ...
ကျူးထျန်းယွမ်သည် ငိုချင်လာ၏။
“ကျုပ်သားရဲ့ရွေးချယ်မှုကို လေးစားပါတယ်။ ဒါပေမဲ့ အခု ကျုပ်ရဲ့ရှေးဟောင်းသူတော်စင်ဂိုဏ်းက အခုကစပြီးဘာဖြစ်တော့မှာလဲ။ တခြားတစ်ယောက်ကို လွှဲပေးရတော့မှာလား” ကျူးထျန်းယွမ်က တွန့်ဆုတ်နေ၏။
ကျူးဟုန်ကုန်းသည် ကျူးထျန်းယွမ်ကို ကန်တော့ပြီးပြောလိုက်၏။
”ကျွန်တော် တောင်းပန်ပါတယ် အဖေ။ ကျွန်တော်က ကျေးဇူးတရား မသိတတ်တဲ့သားတစ်ယောက်ပါ”
“မင်းကို အပြစ်တင်လို့မရဘူး။ ငါ့ကိုယ်ငါပဲအပြစ်တင်နိုင်တယ်” ကျူးထျန်းယွမ်က ခေါင်းခါပြီး သက်ပြင်းချလိုက်၏။
လုကျိုးသည် ကျူးထျန်းယွမ်ကို ကြည့်ပြီးပြောလိုက်၏။
”ဘာကြောင့် တခြားသူတို့တွေက မင်းရဲ့ ရှေးဟောင်းသူတော်စင်ဂိုဏ်းကို ယူမှာလဲ”
“သူတို့တွေက အခွင့်အရေးကို ဆုပ်ကိုင်ဖို့ ကြိုးစားနေကြတာလေ”
“မဟုတ်ဘူး။ အကြောင်းအရင်းက မင်းက သိပ်အားနည်းလွန်းနေတာကြောင့်ပဲ”
“...”
အားနည်းခြင်းသည် မူလအရင်းခံအကြောင်းရင်းဖြစ်သည်။ နောက်ကောက်ကျကျန်သူများသည် အကောက်ခံရမည်။ ရှေးယခင်ကာလတည်းက မပြောင်းလဲသည့်အမှန်တရားတစ်ခုပဲဖြစ်သည်။
“ကျူးဟုန်ကုန်းက မင်းနဲ့အတူလိုက်သွားရင် သူက ရှေးဟောင်းသူတော်စင်ဂိုဏ်းရဲ့အခြေအနေကို ပြောင်းလဲနိုင်မှာလား” လုကျိုးကးမေးလိုက်၏။
ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူတစ်ယောက်က ဘာမှမလုပ်နိုင်လျှင် ပွင့်ချပ်သုံးလွှာကျင့်ကြံသူက မည်သည်ကို ပြုလုပ်နိုင်မည်နည်း။
ရုတ်တရက်သဘောပေါက်သွားပြီး ကျူးထျန်းယွမ်က အရိုအသေပေးလိုက်၏။
”သတိပေးတာ ကျေးဇူးတင်ပါတယ် အစ်ကိုကျိ။ ကျွန်တော့်အမြင်က ကျဉ်းလွန်းနေတာပဲ”
သူ၏ သားသည် မိစ္ဆာဝေဟင်မျှော်နန်း၏တပည့်ဖြစ်ကြောင်း သတင်းကိုဖြန့်လိုက်ရုံပဲလိုသည်။ ဤနည်းဖြင့် ရှေးဟောင်းသူတော်စင်ဂိုဏ်းကို မည်သူမှ မထင်သေးရဲမှာမဟုတ်တော့ပေ။
ကျူးထျန်းယွမ်သည် သူ့ပေါင်သူရိုက်ပြီးနောက် စိတ်ထဲပြောလိုက်မိ၏။
”ငါ ဒီအကြောင်း အရင်က ဘာကြောင့်စောစောမစဉ်းစားမိရတာလဲ”
“ကျေးဇူးတင်ပါတယ် အစ်ကိုကျိ။ ဉာဏ်အလင်းဖွင့်ပေးခဲ့တာပဲ”
နှစ်ယောက်သားက တလေးတစားထွက်သွားပြီးနောက် သူ့နောက်ရှိတံခါးကိုပိတ်ပေးသွားသည်။
လုကျိုးက ကံစမ်းမဲဆက်နှိုက်၏။
“ကံစမ်းမဲ”
“တင်း ... ကုသိုလ်မှတ်ငါးဆယ်နှင့် ကံကောင်းမှတ်တစ်မှတ်သုံးလိုက်ပါပြီ။ အကြောင်းပြန်လှန်ကတ် ငါးကတ်ရရှိပါတယ်။"
နောက်ထပ်တစ်လကြာပြီးနောက် လုကျိုးသည် နိုးနေချိန်၌ ကျင့်ကြံပြီး ကံစမ်းမဲများနှိုက်ကာ ကံစမ်းနေ၏။
ဒုတိယမြောက်လတွင် ရုန်ရှီးနှင့် ရုန်ပေကို သားရဲများတိုက်ခိုက်၏။ ရုန်ပေ၏ တခြားမျိုးနွယ်များသည် ပြန်လည်တိုက်ခိုက်ရန် စွမ်းအားကင်းမဲ့နေ၏။ သူတို့သည် အခြားတစ်နေရာသို့ ရွေ့ပြောင်းသွားသည်။ ရုန်ရှီး၏တိုင်းပြည်ငါးခုသည် သားရဲများကို တွန်းလှန်တိုက်ခိုက်ရန် နောက်ထပ်မဟာမိတ်ဖွဲ့ခဲ့သည်။
တာ့ယန်တွင် သားရဲများတိုက်ခိုက်တာ ခံရသည့်စီရင်စုကိုးခုထဲတွင် နေရာတချို့ရှိသည်။ ကံကောင်းသည်မှာ မြို့ကြီးများရှိ အရံအတားများသည် ကပ်ဘေးအများစုကို ပိတ်ဆို့ခဲ့သည်။
တစ်ချိန်တည်းတွင် ယင်းက အံ့ဖွယ်မြို့တော်ရှိအစီအရင်များကို အဆင့်မြှင့်တင်ရန်အားစိုက်ထုတ်မှု တွန်းတင်ရာရောက်သွားသည်။ လူသားကျင့်ကြံသူများသည် အတူတကွကဆောင်ရွက်နေကြ၏။
မတူညီသည့်ဂိုဏ်းများ၏ကျင့်ကြံသူများစွာသည် ကျောင်းတော်နှစ်ခုသို့ဝင်ခဲ့သည်။ ဂိုဏ်းတချို့က မိစ္ဆာဝေဟင်မျှော်နန်းကို လုံခြုံရေးရှာဖွေရန်အတွက် ဝင်ရန်တောင်းဆိုကြသည်။ ထိုသို့တိုင် သူတို့အားလုံးသည် မိစ္ဆာဝေဟင်မျှော်နန်း ငြင်းပယ်တာ ခံလိုက်ရ၏။
မိစ္ဆာဝေဟင်မျှော်နန်း၏အရှေ့ဖက်မျှော်နန်းထဲတွင်ဖြစ်သည်။
“ရှစ်စွင်း မိစ္ဆာဝေဟင်မျှော်နန်းကို ဝင်ရောက်ဖို့လာတောင်းဆိုတာ ဒီနေ့ ပဉ္စမမြောက်ဂိုဏ်းပါ။ အဲ့ဒီဂိုဏ်းက အတိတ်တုန်းက ထိပ်သီးဂိုဏ်းဆယ်ဂိုဏ်းထဲတစ်ခါမှမဝင်ဖူးဘူး။ ရှစ်စွင်းများ...” မင်ရှစ်ရင်က ပြောလိုက်၏။
လုကျိုးက ခေါင်းခါလိုက်သည်။
”တပ်သားရဲ့အရည်အသွေးက အရေအတွက်ထက် ပိုအရေးကြီးတယ်”
“ဂိုဏ်းသုံးဂိုဏ်းက တမန်တော်တွေစေလွှတ်ခဲ့တယ်။ သူတို့တွေက ငါတို့နဲ့ကောင်းမွန်တဲ့ဆက်ဆံရေး တည်ဆောက်ချင်နေတာ။ သူတို့က အဓိကဂိုဏ်းကြီးတွေ”
“ဂိုဏ်းသုံးဂိုဏ်းမှာ တားမြစ်ချက်တွေအများကြီးရှိပြီး လက်ရွေးစင်တွေပေါကြွယ်ဝတယ်။ သူတို့တွေက မဟာမိတ်တပ်ဖွဲ့ထောက်ပံ့ပေးဖို့မပြတ်လတ်ဘူး။ ဒါပေမဲ့ ပွင့်ချပ်ကိုးလွှာအဆင့်ကို ရယူဖို့နည်းလမ်းမရှိတာလေ” လုကျိုးကပြောလိုက်သည်။
မင်ရှစ်ရင်က ခေါင်းညိတ်လိုက်၏။
”နားလည်ပါပြီ”
“ငါ့ကို မနက်ဖြန်ကျ လာနှောင့်မယှက်ဖို့ တခြားသူတွေကိုပြောလိုက်။ ငါ မူးနေတယ်” လုကျိုးက ပြောလိုက်သည်။
“နားလည်ပါပြီ” မင်ရှစ်ရင်က ဇဝေဇဝါဖြစ်သွားသည်။ သူ၏ပွင့်ချပ်ကိုးလွှာရှစ်စွင်းသည် မည်ကဲ့သို့မူးဝေမည်နည်း။ သို့သော်ငြား သူက ပြန်မပြောရဲဘဲ လိမ်လိမ်မာမာနောက်ဆုတ်သွားသည်။
လုကျိုးသည် စနစ်မျက်နှာပြင်ကို ထပ်ကြည့်လိုက်သည်။
ပြီးခဲ့သည့်လ၌ သူသည် ကံစမ်းမဲလေးရာ နှိုက်ခဲ့၏။ သူ မည်ကဲ့သို့မမူးဝေဘဲနေမည်နည်း။
သို့သော် ရလဒ်ကို သူကျေနပ်သည်။ အကြောင်းပြန်လှန်ကတ် ၁၂၅ကတ်၊ တောက်ပကျောက်တုံး ၁တုံးနှင့် သန့်စင်ခြင်းအဆောင်၃ခုရှိသည်။
သူ့၌ ယခုဆိုအကြောင်းပြန်လှန်ကတ် ၁၉၀ ရှိသွားပြီဖြစ်၏။ သို့သော် လုံလောက်ရန် ဝေးကွာလွန်းနေပြီဖြစ်သည်။
ယေဘူယျအားဖြင့် ကံစမ်းမဲနှိုက်ခြင်းကနေ အကြောင်းပြန်လှန်ကတ်ရရှိခြင်းသည် ၎င်းတို့က တိုက်ရိုက်ဝယ်ခြင်းထက်ပိုကောင်း၏။
သူက ကုသိုလ်မှတ်ယူရန် စိတ်မလောပေ။ ဘာမှမလုပ်ခင် ကြိုးစားရန်ဆုံးဖြတ်လိုက်၏။ သူ ကံကောင်းလျှင် ဆုကြီးတစ်ခုခု ရနိုင်သည်။
ထိုစဉ် အနီရောင်ကြာနယ်မြေထဲရှိ မိုးမခတစ်ထောင်ဘုရားကျောင်းထဲတွင်ဖြစ်သည်။
အမြဲလိုလိုပင် ယွီရှန်းရုန်သည် သံတိုင်ကိုမှီကာ တောအုပ်ကိုကြည့်နေ၏။
“အစ်ကိုကြီး … ဒါက တာ့ထန်ရဲ့နာမည်အကြီးဆုံးဂိုဏ်းတွေပါ။ ဒါပေမဲ့ နောက်ပိုင်းမှာ နာမည်အကြီးဆုံးကတော့ ကြယ်ပျံအိမ်တော်နဲ့ ကောင်းကင်သိုင်းခုံရုံးပဲ။ သူတို့တွေက တပည့်တွေအများကြီးစုဆောင်းနေပြီး ပါရမီရှိတဲ့ကျင့်ကြံသူတွေ မွေးထုတ်နေတာ” ကျီဖုန်းရှင်းက ပြောလိုက်၏။
“နောက်ပိုင်းမှာ အထူးတလည် တစ်ခုခုဖြစ်သေးလား” ယွီရှန်းရုန်က မေးလိုက်သည်။
“ဘာမှတော့မဖြစ်ဘူး။ ဒါပေမဲ့ ဆန်းကြယ်တဲ့ဓားမော့အသုံးပြုသူတစ်ယောက်ဝမ်ယွဲ့မြို့မှာ ပေါ်လာတယ်လို့ ပြောကြတယ်။ သူက ဖမ်းဆီးကရခက်ခဲပြီး နဝမဘုံကျောင်းရဲ့ ဖမ်းဆီးသူတစ်ယောက်တောင် အဲဒီဓားမော့ကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်။ သူ ကြာကြာခံမယ်လို့ မထင်ဘူး။ အဲ့တာ ကြယ်ပျံအိမ်တော်ရဲ့ လုပ်ရပ်လို့ သံသယဝင်နေမိတယ်”
ကျီဖုန်းရှင်းက ပြော၏။
ဆန်းကြယ်တဲ့ဓားမော့အသုံးပြုသူလား။
ကြယ်ပျံအိမ်တော်နှင့် နဝမဘုံကျောင်းသည် မတည့်တာ လူအများသိထားကြ၏။ ကြယ်ပျံအိမ်တော်သည် နောက်ပိုင်း၌ ၎င်း၏အဖွဲ့ဝင်တော်တော်များများဆုံးရှုံးခဲ့သည်။ သူတို့သည် နဝမဘုံကျောင်းကို ဒေါသများ ပေါက်ကွဲတာက သဘာဝကျပေ၏။
“ကြယ်ပျံအိမ်တော်က အိပ်ပျော်နေသောနဂါး ငုပ်လျှိုးနေသောကျားပဲ။ သူတို့တွေမှာ ဓားမော့အသုံးပြုသူ တစ်ယောက်နှစ်ယောက်ရှိတာက အကြောင်းမရှိဘူး။ ဒါပေမဲ့ အဲ့ဒီဓားမော့သုံးတဲ့သူက ထူးခြားတဲ့ဝိသေသရှိတယ်” ကျီဖုန်းရှင်းက ပြုံးပြီးပြောလိုက်၏။
“သူက ဓားမော့အသုံးပြုသူတစ်ယောက် ဒါပေမဲ့ သူနဲ့အတူ ဓားအိမ်တစ်လက်အမြဲသယ်ထားတယ်။ မထူးဆန်းဘူးလား အစ်ကိုကြီး လက်ရွေးစင်တွေအားလုံးက တမူထူးခြားတဲ့သဘောထား ရှိနေတာလား။ ဒါမှမဟုတ် တစ်ခုခုရှိနေတာလား။ ဥပမာ အစ်ကိုဆိုလို့ရှိရင် အစ်ကိုရဲ့ဓားကိုပတ်ဖို့ အဝတ်စသုံးထားတာ။" သူက ရပ်တန့်သွားပြီးနောက် စကားထပ်ထည့်ပြောလိုက်၏။
”အစ်ကိုကြီး ကျွန်တော့်ကို အဲ့လိုမကြည့်ပါနဲ့။ ကျွန်တော်မှားပါတယ်”
ထိုစဉ် တပည့်တစ်ယောက်သည် တောင်အောက်သို့ပျံသန်းလာသည်။ သူက လေသာဆောင်အပြင်ဖက်တွင် ရပ်လျက် ကြည်လင်သောအသံဖြင့်ပြောလိုက်၏။
”ကျီဖုန်းရှင်း၊ မိန်းကလေးဝူဝူ၊ အကြီးအကဲက မင်းတို့နှစ်ယောက်ကို စကားပြောဖို့ တောင်ပေါ်တက်လာခိုင်းပါတယ်”
ကျီဖုန်းရှင်းသည် အနည်းငယ်ထိတ်လန့်အံ့အားသင့်သွား၏။ သူက အမြန်မော့ကြည့်ကာ မေးလိုက်သည်။
”သူက ငါ့ကို ဘာကြောင့်ဆင့်ခေါ်တာလဲ။ ငါက အပြင်စည်းတပည့်လေ”
“အကြီးအကဲထန်းက မင်းကို တောင်ပေါ်ကို လာဖို့ခိုင်းလိုက်တယ်။ ငြင်းခွင့်မရှိဘူး”
ကျီဖုန်းရှင်းက ထိတ်လန့်သွား၏။ သို့သော် သူတို့ရှောင်လွဲ၍မရမှန်းသိသည်။ ကြယ်ပျံအိမ်တော်မှ တပည့်လေးယောက်ကို ယွီရှန်းရုန်ပိုင်းဖြတ်ခဲ့သည့်ပုံကို အမှတ်ရမိသွားသည်။ အနည်းငယ် စိုးရိမ်ပူပန်သောလေသံဖြင့် ပြောလိုက်၏။
”အစ်ကိုကြီး အခု အသက်အတွက်ပြေးသင့်ပြီ။ ကြယ်ပျံအိမ်တော်ရောက်လာပြီ။ မိုးမခတစ်ထောင်ဘုရားကျောင်းကို အနှေးနဲ့အမြန်လာစစ်ဆေးမှာ။ ဒီကပ်ဘေးကို ရှောင်လွဲလို့ရမယ်မထင်ဘူး”
ယွီရှန်းရုန်က အံ့ဩသွားပုံပေါ်၏။ အထင်ကြီးရိပ်တစွန်းတစဖြင့် သူက မေးလိုက်သည်။
“မင်း မကြောက်ဘူးလား”
“ကြောက်တာပေါ့။ ဒါပေမဲ့ ဘာလုပ်လို့ရမှာလဲ။ ကျွန်တော်က အစ်ကိုကြီးလိုမဟုတ်ဘူး။ ဓားတစ်လက်နဲ့ လျှောက်သွားလို့မရဘူး” ကျီဖုန်းရှင်းက သက်ပြင်းချလိုက်သည်။
“မင်းပြောသလိုပဲ။ အဲဒါက တွက်ချက်မှုတစ်ခုဆိုရင်တောင် လွတ်မြောက်မှာမဟုတ်ဘူး။ စိုးရိမ်ဖို့မလိုဘူး။ ငါ ဒီမှာရှိတယ်” ယွီရှန်းရုန်က လေသာဆောင်အပြင်ဖက်သို့ ထွက်လိုက်လေ၏။
…
အခန်း (၆၈၄) ဓားမော့အသုံးပြုသူ
“အစ်ကိုကြီး ကြယ်ပျံအိမ်တော်ကို ကျွန်တော်တို့ရန်စလို့မရဘူး” ကျီဖုန်းရှင်းက ခါးသက်သော လေသံဖြင့်ပြောလိုက်လေ၏။
လေသာဆောင်အပြင်ဖက်၌ ယွီရှန်းရုန်က မတ်တတ်ရပ်နေ၏။ သူက လှည့်လာကာ ခပ်ယဲ့ယဲ့ပြုံးလျက် မေးလိုက်သည်။
“ဘာကြောင့် ရန်စလို့မရတာလဲ”
“ကြယ်ပျံအိမ်တော်မှာ ပွင့်ချပ်ကိုးလွှာကျင့်ကြံသူနှစ်ယောက်ရှိတယ်။ ပြီးတော့ အိမ်တော်သခင်က ဆန်းကြယ်ပြီး နက်နဲလွန်းတယ်။ သူက လူရှေ့ထွက်လေ့မရှိဘူး။ ယဲ့ကျန်းကလည်း လွမ့်ကိုသတ်ထားတာကြောင့် ဒဏ်ရာရတယ်။ ဒါတောင်မှ သူ့ကို တိုက်ခိုက်ရလောက်အောင် ဘယ်သူကမှ မရဲတင်းဘူး” ကျီဖုန်းရှင်းက ပြောလိုက်သည်။
ထိုစဉ် ဝူဝူသည် အနားရှိကျောက်ဆောင်မှ ပျံသန်းလာလေ၏။ သူမသည် လေသာဆောင်သို့ ဆင်းသက်ကာ ပြောလိုက်သည်။ “အစ်ကိုကြီး သွားလို့မရဘူး”
“မင်းလည်း ဒီလိုတွေးတာလား”
“ကြယ်ပျံအိမ်တော်က လူတွေက လုစုန့်ရဲ့သေဆုံးမှုကို စစ်ဆေးဖို့ ဒီနေရာရောက်လာတာ။ သူတို့တွေသာ ဒီအကြောင်း တစ်ခုခုရှာတွေ့မယ်ဆိုရင် အစ်ကိုကြီး လွတ်မြောက်မှာမဟုတ်ဘူး။ အစ်ကိုကြီးကို တောင်အောက်ခေါ်သွားပေးမယ်” ဝူဝူကပြောပြီး ယွီရှန်းရုန်ဘေးသို့ သွားလိုက်၏။
ယွီရှန်းရုန်က အပြုံးရေးရေးဖြင့် ပြောလိုက်သည်။ “ကြယ်ပျံအိမ်တော်က ငါ့ကို ကြောက်လန့်စေဖို့ မလုံလောက်ဘူး။ ငါ့ရဲ့ရှစ်စွင်းသာ ဒီမှာရှိရင် ယဲ့ကျန်းတောင် သူ့ကို ရှောင်ရှားရလိမ့်မယ်"
ကျီဖုန်းရှင်းသည် ထိုစကားကို ကြားသောအခါ ထိတ်လန့်သွားလေ၏။ သူက ယွီရှန်းရုန်၏ စကားကို ပြန်တွေးလိုက်သည်။ ဓားအမျိုးအစားလေးမျိုးရှိသည်။ သာမန်လူ၏ဓား၊ အရှင်သခင်၏ဓား၊ ဘုရင်၏ဓား၊ အရာအားလုံးကို ဓားအဖြစ်အသုံးပြုနိုင်သည့် ဓားမဲ့အခြေအနေ။ အစ်ကိုကြီးသည် အရှင်သခင်၏ဓားကိုသာ အသုံးပြုနိုင်ခဲ့သည်။ ထိုသို့ဆိုလျှင် သူ၏ရှစ်စွင်းက မည်မျှ အစွမ်းထက်မည်နည်း။ အစ်ကိုကြီးက ဤမျှတည်ငြိမ်ပြီး ဝင့်ကြွားတာ အံ့ဩစရာမရှိပေ။ သူ့ကို မည်သည့်အရာကမှ မအံ့ဩစေပုံပေါ်၏။ သူသည် ကြယ်ပျံအိမ်တော်ကိုတောင် အရေးမစိုက်။ အစစ်အမှန် အစွမ်းထက်သည့် ပံ့ပိုးသူ ဖြစ်ပုံပေါ်သည်။
“ကောင်းပြီ။ ကျွန်တော် အစ်ကိုကြီးနဲ့ တူတူသွားမယ်” ကျီဖုန်းရှင်းက သူ့ရင်ဘတ်သူပုတ်လိုက်လေ၏။
ဝူဝူ “...”
အဆုံးကျ သူသည် မိုးမခတစ်ထောင်တောင်ပေါ်သို့ ပျံသန်းသွားလိုက်သည်။ သူတို့ပျံသန်းသွားသည့် လမ်းတစ်ဝက်၌ ဂိုဏ်းအဆောက်အဦများရှိရာသို့ရောက်ချိန်တွင် သူတို့ ဖြည်းဖြည်းချင်း ဆင်းသက်လိုက်သည်။
တပည့်နှစ်ယောက်က သူတို့ကို စောင့်နေပြီးသား ဖြစ်၏။ “ဒီလမ်းပါ”
မိုးမခတစ်ထောင်ဘုရားကျောင်း တပည့်များ၏ လမ်းညွှန်မှုအောက်တွင် သူတို့သည် ရုံးတော်များစွာကို ဖြတ်ကျော်လျက် ဂိုဏ်း၏ အရံခန်းမသို့ ရောက်လာသည်။
သူတို့ခန်းမထဲ ဝင်လိုက်ချိန်တွင် ကျီဖုန်းရှင်းက အမြန် ရှေ့တက်သွားပြီး ဒူးတစ်ဖက်ထောက်ကာ ပြောလိုက်၏။
“နှုတ်ဆက်ပါတယ် အကြီးအကဲထျန်း ... တပည့်ကျီဖုန်းရှင်းက နှုတ်ခွန်းဆက်ပါတယ်”
ထျန်းပုကျီသည် မိုးမခတစ်ထောင်ဘုရားကျောင်းကို စီမံနေသည့် အကြီးအကဲများမှ တစ်ယောက်ဖြစ်သည်။ သူသည် ကိစ္စများစွာကို စီမံနေရပြီး မြင့်မားသော အဆင့်အတန်းရှိသည်။
ဝူဝူက ဒူးမထောက်ပေ။ ထိုအစား လက်သီးဆုပ်မိုးလိုက်၏။
ယွီရှန်းရုန် တစ်ယောက်တည်းကသာ ကျောမတ်မတ်ထားလျက် ထျန်းပုကျီကို လက်ပိုက်ကြည့်နေသူ ဖြစ်သည်။
ထျန်းပုကျီ၏ ဘယ်ဖက်ခြမ်း၌ တာအိုဝတ်ရုံနှင့် လူနှစ်ယောက်ရှိသည်။ သူ့ဘေး၌ တပည့်တစ်ယောက်ရှိ၏။ သူတို့ထဲမှ တစ်ယောက်က မြင်းမြီးတုတ်ကို ကိုင်ထားလျက် ကျန်တစ်ယောက်က ဓားတစ်လက်ကို ကိုင်ထားသည်။ ဓားအိမ်၌လည်း ထိုက်ကျိပါ့ကွကို ထွင်းထုထားလေသည်။
ထျန်းပုကျီက လက်ဝေ့ယမ်းလျက်ပြောလိုက်သည်။
"ဒါက ကြယ်ပျံအိမ်တော်ရဲ့ တာအိုဆရာရွှမ်မင်ပဲ။ မင်းတို့တွေ သူ့ကို နှုတ်ခွန်းမဆက်ဘူးလား”
“နှုတ်ခွန်းဆက်ပါတယ် တာအိုဆရာရွှမ်မင်” ကျီဖုန်းရှင်းနှင့် ဝူဝူက တညီတညွတ်တည်း ပြောလိုက်၏။
ယွီရှန်းရုန်က ဆိတ်ဆိတ်သာနေနေသည်။ သူသည် ထျန်းပုကျီမှ တာအိုဆရာ၏အိမ်တော်သို့ အကြည့်ရွေ့လိုက်၏။ စစ်ဆေးပြီးနောက် ဤသူသည် နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် သိုင်းပညာရှင်ဆိုတာ အတည်ပြုလိုက်သည်။
ထျန်းပုကျီက ယွီရှန်းရုန်ကို ကြည့်လိုက်သည်။ ယွီရှန်းရုန်က သူ့ကိုမြင်ချိန်တွင် ဒူးလည်းမထောက်၊ နှုတ်ခွန်းလည်းမဆက်တာကို မြင်သောအခါ သူ ဇဝေဇဝါဖြစ်သွားသည်။
မိုးမခတစ်ထောင်ဘုရားကျောင်းသည် အတိတ်တုန်းကလို ဂုဏ်သရေ မထွန်းလင်းတော့သော်ငြား ထျန်းပုကျီသည် ပါရမီရှင်များကို အကဲဖြတ်ရာ၌ ကောင်းစွာမြင်နိုင်သည့် အရည်အချင်းရှိသည်။ ဤလူ၏ စိတ်နေသဘောထားက ညတွင်းချင်း ကျင့်ကြံထားတာ မဟုတ်မှန်း သူ ပြောနိုင်၏။ ထို့ကြောင့် ကျင့်ဝတ်ထုံးစံများကို လိုက်နာရန် မတိုက်တွန်းပေ။ သူသည် တာအိုဆရာရွှမ်မင်ဘက်လှည့်ပြီး ပြောလိုက်၏။
“ဝူဝူရောက်လာပါပြီ။ တာအိုဆရာရွှမ်မင် သူ့ကိုပြောလို့ရပါတယ်။ သူသာ ခင်ဗျားနဲ့လိုက်သွားဖို့ ဆန္ဒရှိရင် ကျုပ် ခင်ဗျားကို တားမှာမဟုတ်ဘူး”
တာအိုဆရာရွှမ်မင်သည် ယွီရှန်းရုန်ကို တစ်ချက်ခိုးကြည့်လိုက်၏။ သူ၏သဘောထားကို စိုးရိမ်ပူပန်ခြင်း မရှိပေ။ ထိုအစား ဝူဝူကို ကြည့်ပြီး ပြုံးလိုက်၏။
“မိန်းကလေးဝူဝူ ... အကြီးအကဲလုစုနန့်က အရင်တည်းက သူ့ရဲ့ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ပြောပြီးသား။ ကြယ်ပျံအိမ်တော်က ပါရမီရှင်တွေ ခေါ်နေတယ်။ မင်းသာ ကြယ်ပျံအိမ်တော်ကို ဝင်ချင်တယ်ဆိုရင် မင်းကို အိမ်တော်သခင်ရဲ့ တိုက်ရိုက်တပည့် ဖြစ်ဖို့ထောက်ခံချက်ပေးနိုင်တယ်။ ဖြစ်နိုင်မလားဆိုတာ ...”
သူပြောတာမပြီးသေးခင် ဝူဝူက ဖြတ်ပြောလိုက်၏။ "ကျွန်မ သွားမှာမဟုတ်ဘူး။ အရင်တည်းက ခဏခဏပြောပြီးပြီပဲ။ ရှင်တို့တွေ သိပ်စိတ်ပျက်ဖို့ကောင်းတာပဲ” တာအိုဆရာရွှမ်မင်သည် တိုက်ရိုက်ငြင်းဆန်မှုကြောင့် မျက်မှောင်ကျုံ့လိုက်လေ၏။
ထျန်းပုကျီက တောက်ပစွာပြုံးပြီးပြောလိုက်တော့သည်။ “ကျုပ် တောင်းပန်ပါတယ်။ ဝူဝူက သူ့ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်းပြောပြီးပြီ။ အခု ထွက်သွားသင့်ပြီ တာအိုဆရာရွှမ်မင်”
တာအိုဆရာရွှမ်မင်သည် ခေါင်းခါလျက်ပြောလိုက်သည်။
“ကျုပ်တို့တွေ ဝူဝူရဲ့ကိစ္စကို ဘေးချိတ်ထားနိုင်တယ်။ ဒီနေရာကိုလာတာ နောက်ထပ်အကြောင်းအရင်းတစ်ခုရှိသေးတယ်။ ကျုပ်ကို ဖြေရှင်းချက်တစ်ခု ပေးနိုင်မယ်လို့ မျှော်လင့်တယ် အကြီးအကဲထျန်း”
“ဘာအကြောင်းလဲ”
“အကြီးအကဲလုစုန့်ရဲ့ အသက်ကျောက်တုံးကွဲသွားတယ်။ သူ တစ်ခုခုဖြစ်သွားတာပဲ။ သူ့တပည့်သုံးယောက်လည်း အသတ်ခံလိုက်ရတယ်။ အဲ့လိုဖြစ်သွားတဲ့အချိန် သူတို့ရဲ့အလောင်းတွေကို မိုးမခတစ်ထောင်ဘုရားကျောင်းနားမှာ ရှာတွေ့တာ”
ယခုအချိန်တွင် တာအိုဆရာရွှမ်မင်၏ အသံတွင် ရန်လိုမှု တစွန်းတစပါနေ၏။
ကျီဖုန်းရှင်းက မျက်လုံးအပြူးသားဖြစ်သွား၏။ ‘သူက အလောင်းရှာတွေ့တယ်လား’
“ကြယ်ပျံအိမ်တော်ရဲ့ တပည့်များတွေကို သူတို့၏ခန္ဓာကိုယ်ပေါ်၌ အမှတ်အသားသင်္ကေတ ရေးထိုးထားပြီးသား သူတို့အပြည့်အဝ မပြိုကွဲသရွေ့ ကမ္ဘာ၏အဆုံးတွင် သူတို့ ပုန်းနေလျှင်တောင် ကျုပ်တို့က ရှာတွေ့သားပြီးသား”
ထျန်းပုကျီက မျက်မှောင်ကျုံ့ပြီးပြောလိုက်၏။
"တာအိုဆရာရွှမ်မင် ကျုပ်တို့က သံသယဝင်နေတာလား”
ရွှမ်မင်ကပြောသည်။ “အလောင်းတွေက သက်သေပဲ။ အကြီးအကဲလုစုန့်ရဲ့ ကျင့်ကြံဆင့်နဲ့ ဒီလောက်ရုတ်ရုတ်သဲသဲဖြစ်ရပ်ကို ဘယ်လိုလုပ် သတိမပြုမိရတာလဲ”
“အကြီးအကဲလု ဆုံးပါးသွားတာကို နောင်တရမိပါတယ်။ ဒါပေမဲ့ ဒါက မိုးမခတစ်ထောင်ဘုရားကျောင်းနဲ့ ဘာမှ မသက်ဆိုင်ပါဘူး။ ဒီကိစ္စကို သေချာစစ်ဆေးဖို့ မျှော်လင့်ပါတယ် တာအိုဆရာ” ထျန်းပုကျီသည် သူ့ရင်ထဲ၌ ဆန်တက်လာသော ဒေါသကို ဖိနှိပ်ဖို့ ကြိုးစားလိုက်၏။
“ထျန်းပုကျီ ... မင်းက လက်သည်တရားခံလို့ ငါ သံသယဖြစ်မိတယ်” ရွှမ်မင်က အသံမြှင့်လျက် ပြောလိုက်သည်။
မိုးမခတစ်ထောင်ဘုရားကျောင်းသည် ယခင်ကကဲ့သို့ ဂုဏ်သရေ မထွန်းလင်းတော့သော်ငြား ထျန်းပုကျီသည် သူ့ကို တခြားသူ အနိုင်ကျင့်တာကို ခွင့်ပြုပေးမည့်သူ မဟုတ်ပေ။ သူက ပြန်ပြောလိုက်၏။
"ဒါက လိမ်နေတာပဲ”
“ကြယ်ပျံအိမ်တော်က အမြဲတမ်း စည်းမျဉ်းလိုက်နာတယ်။ ကျုပ်တို့လူသုံးယောက်က ခင်ဗျားရဲ့တံခါးဝမှာ သေခဲ့တာ။ ဒါကို ဘယ်လိုရှင်းပြမလဲ” တာအိုဆရာရွှမ်မင်က ရန်လိုနေ၏။
နှစ်ဦးနှစ်ဖက်က စိန်းစိန်းဝါးဝါးကြည့်နေသည်။
ထိုစဉ် တစ်ချိန်လုံးတိတ်ဆိတ်နေသော ယွီရှန်းရုန်က ပြောလိုက်၏။ "ကျုပ်ပြောလို့ ရမလား”
ထျန်းပုကျီနှင့် တာအိုဆရာရွှမ်မင်သည် ယွီရှန်းရုန်ကို တပြိုင်နက်တည်းကြည့်လိုက်သည်။
တာအိုဆရာရွှမ်မင်က ပြောလိုက်၏။ "မင်းက ဘယ်သူလဲ"
ယွီရှန်းရုန်က လေသံအတက်အကျမရှိ ပြောလိုက်၏။
“ကျုပ်ရဲ့အထောက်အထားက အရေးမကြီးဘူး။ ကြယ်ပျံအိမ်တော်ရဲ့ တပည့်သုံးယောက်သေတာက မိုးမခတစ်ထောင်ဘုရားကျောင်းနဲ့ မသက်ဆိုင်ဘူးဆိုတာပဲ”
“မင်း ဘယ်လိုသိတာလဲ”
“ကျုပ် ကိုယ်တိုင် မျက်မြင်တွေ့လိုက်တာ” ယွီရှန်းရုန်က ပြန်ပြောလိုက်၏။
“မင်းရဲ့စကားကို အမှန်ယူရမှာလား။ ဘယ်သူက တရားခံလဲ။ သူ အခု ဘယ်မှာလဲ” တာအိုဆရာရွှမ်မင်က မေးလိုက်သည်။
“ခင်ဗျားပြောသလိုပဲ ကျုပ်ရဲ့စကားကို ခင်ဗျားအတည်ယူရမှာ”
“...”
ယွီရှန်းရုန်၏ သဘောထား၊ လေသံ၊ အပြုအမူ အားလုံးသည် တာအိုဆရာရွှမ်မင်၏ အဟုန်ကို ချေဖြတ်နေ၏။
“မင်းက တရားခံကို သိတယ်ဆိုမှတော့ ကျုပ်နဲ့လိုက်ခဲ့ပေးဖို့ ပြောရမှာပဲ လူကြီးမင်း”
တာအိုဆရာရွှမ်မင်က ရှေ့တိုးလာသည်။
“ကျုပ် တောင်းပန်ပါတယ်” ယွီရှန်းရုန်၏လေသံက လျော့သွား၏။ သို့သော်ငြား ယဉ်ကျေးပြီး နှိမ့်ချနေ၏။ “လိုက်ဖို့တာဝန်မရှိပါဘူး”
“ဒါက တောင်းဆိုမှုတစ်ခု မဟုတ်ဘူး” တာအိုဆရာရွှမ်မင်က လှည့်လာပြီး သူ၏ဓားကို ဆွဲထုတ်လိုက်၏။ ဓားက တဝီဝီမြည်လျက် ထိုက်ကျိဓားအိမ်ထဲမှ ထွက်လာသည်။
ရွှမ်မင်သည် သူ၏လက်ကို ဆွဲမထုတ်ရသေးခင် ယွီရှန်းရုန်သည် ပိုမိုမြန်ဆန်သော အရှိန်ဖြင့် သူ၏ဓားကို ဆွဲထုတ်ပြီးဖြစ်၏။ သူ့ဘယ်ဖက် ပခုံးကနေ ညာဖက်ကို လွှဲယမ်းလိုက်သည်။
ဘန်း
ဓားချင်းတိုက်မိသွားသည်။
ယွီရှန်းရုန်က သူ ရပ်နေသည့်နေရာမှာပင် ရပ်နေလျက် သူ၏ဓားကို ဓားအိမ်ထဲပြန်ထည့်လိုက်သည်။
တာအိုဆရာရွှမ်မင်သည် ယွီရှန်းရုန် ရုတ်တရက်တိုက်ခိုက်လိမ့်မည်ဟု မထင်ထားပေ။ သူ အငိုက်မိသွားပြီး နောက်သို့ယိုင်သွား၏။ သူ မြဲမြံစွာ ရပ်နိုင်ချိန်၌ အသံကြားလိုက်ရသည်။ သူ့လက်ထဲရှိဓားက ကျိုးပြီး အောက်သို့ပြုတ်ကျသွား၏။
ယွီရှန်းရုန်သည် သူ မလှုပ်ရှားခဲ့သည့်ပမာ လက်ပိုက်ထားသည်။ သူက ရွှမ်မင်ကို ကြည့်ရုံသာ ကြည့်နေ၏။ “အရင်တုန်းက ဒါမျိုးဖြစ်ခဲ့ရင် ကျုပ် ခင်ဗျားအသက်ကို ယူပြီးလောက်ပြီ။ ဒါပေမဲ့ ခင်ဗျား လက်ရှိကျင့်ကြံဆင့်ရောက်အောင် ကြိုးစားဖို့က မလွယ်ကူမှန်း ကျုပ် သိနေတယ်။ ကိုယ့်ကိုကိုယ် ဂရုစိုက်မယ်လို့ ထင်ပါတယ်”
“မင်း” ရွှမ်မင်က ယွီရှန်းရုန်ကို စူးစိုက်ကြည့်လိုက်သည်။ ဓားကိုင်ထားသော သူ၏လက်က ထုံကျဉ်နေ၏။ သူသည် အကျော်အမော်တစ်ယောက်နှင့် ရင်ဆိုင်နေရမှန်း သိသွားသည်။ ယင်းက မိုးမခတစ်ထောင်ဘုရားကျောင်းက ဖိတ်ခေါ်ထားသည့် အကူအညီပေးမည့်သူဟု သူ ခန့်မှန်းမိ၏။
ဆိုရိုးစကားရှိသည့်အတိုင်း လက်စားချေခြင်းသည် အကောင်းဆုံးဝန်ဆောင်မှုပေးသည့် အအေးစာဖြစ်သည်။ (ကောင်းစွာပြင်ဆင်ပြီးမှ လက်စားချေတာပိုကောင်း) ကြယ်ပျံအိမ်တော်က လက်စားချေရန် အလျင်မလိုပေ။ သူတို့အခွင့်ကောင်းကို စောင့်ရမည်။ စိတ်ထဲ ထိုအတွေးပေါ်လာရာ ရွှမ်မင်သည် ထိုသို့ပြောလိုက်သည်။
"အကြီးအကဲထျန်း ... မိုးမခတစ်ထောင် ဘုရားကျောင်းက တကယ်တစ်ခုခုပဲ။ ကျုပ်တို့သွားပြီ”
တပည့်သည် ဓားကျိုးကို ကောက်ကိုင်လိုက်၏။ တာအိုဆရာရွှမ်မင်သည် သူ၏အင်္ကျီလက်ကို ဝေ့ယမ်းလိုက်သည်။
“နှုတ်ဆက်ပါတယ်” ထျန်းပုကျီက လက်သီးဆုပ်လိုက်၏။
သူတို့ထွက်သွားသောအခါ ထျန်းပုကျီက စားပွဲကို ရိုက်လိုက်သည်။ “သူတို့တွေက တကယ်အနိုင်ကျင့်ကြတာပဲ”
ကျီဖုန်းရှင်းက စိုးရိမ်ပူပန်နေပုံပေါ်၏။ “ကျွန်တော်တို့အခု ဘာလုပ်ကြမလဲ အစ်ကိုကြီး။ ဒီကိစ္စကို ကြယ်ပျံအိမ်တော်က အလျော့ပေးမှာမဟုတ်ဘူး”
အခုကျမှ ထျန်းပုကျီသည် ယွီရှန်းရုန်ကို လေ့လာမိတော့သည်။ အဆုံးကျ ကြယ်ပျံအိမ်တော်နှင့် မိုးမခတစ်ထောင်ဘုရားကျောင်းက ရှေးပဋိပက္ခသည် ဤလူနှင့် ဘာမှမဆိုင်။ လုစုန့်မသေလျှင်တောင် ကြယ်ပျံအိမ်တော်က ဒုက္ခပေးတော့မှာပဲဖြစ်သည်။
ထျန်းပုကျီက ကျေးဇူးတင်စကား ပြောတော့မည့်အချိန်တွင် ယွီရှန်းရုန်က ပြောလိုက်၏။ “စိတ်ပူဖို့ မလိုဘူး”
“အစ်ကိုကြီး ဘယ်လိုလုပ် စိတ်မပူဘဲ နေမှာလဲ” ကျီဖုန်းရှင်းက မှင်သက်သွားသည်။
“သူ ပြန်သွားနိုင်မှာမဟုတ်ဘူး”
ယွီရှန်းရုန်သည် ထျန်းပုကျီကို အဓိပ္ပာယ်ပါပါကြည့်ပြီးနောက် ခန်းမထဲမှ ပျောက်ကွယ်သွားကာ ခန်းမအပြင်ဖက်၌ ပေါ်လာ၏။ ခဏအကြာ၌ သူ ထပ်မံပျောက်ကွယ်သွားသည်။
ထျန်းပုကျီက ချက်ချင်း ကျောစိမ့်သွား၏။ သူက သဘောပေါက်သွားကာ အမြန်ပြောလိုက်တော့၏။ “ကျီဖုန်းရှင်း မြန်မြန် မင်းရဲ့အစ်ကိုကြီးကို အခုသွားတား”
ထိုစဉ် ကြယ်ပျံအိမ်တော်၏ တာအိုဆရာရွှမ်မင်သည် တပည့်နှစ်ယောက်ကို ခေါ်လျက် ပြန်လာနေတာဖြစ်သည်။
သူတို့တောင်ကို ဖြတ်ပြီးနောက် တာအိုဆရာရွှမ်မင်သည် မထိန်းထားနိုင်တော့ပေ။ သူ ဒေါသထွက်နေတာဖြစ်၏။
“အဓိပ္ပာယ်မရှိလိုက်တာ။ ထျန်းပုကျီက အပြင်လူရဲ့အကူအညီနဲ့ ငါ့ကို ဒေါသထွက်အောင် လုပ်ရဲတယ်ပေါ့။ နောက်တစ်ခေါက်ကျ သူ ဒူးထောက်ပြီးတောင်းပန်ရအောင် လုပ်ပစ်မယ်”
“တာအိုဆရာ ... ထျန်းပုကျီက ရိုင်းပျပါတယ်။ သူက ကြယ်ပျံအိမ်တော်ကို မျက်လုံးထဲမထည့်တာ သိသာနေတယ်။ နောက်တစ်ခေါက်ကျ သူ့ကို ဒူးထောက်ခိုင်းတာက အပြစ်ဒဏ်ပေါ့လွန်းတယ်”
“အဲဒီဓားသမားက မယုံနိုင်စရာပဲ။ အခုတော့ နောက်ဆုတ်ကြတာပေါ့။ နောက်ရက်မှ လက်စားချေကြမယ်” ရွှမ်မင်သည် ထိုဓားကို ပြန်တွေးမိစဉ် အကြောက်တရားဖြစ်နေသေး၏။
“အဲဒီဓားက အနည်းဆုံးတော့ ကောင်းကင်အဆင့်ပဲ။ ဓားပေါ်မှာ ထုခဲ့တဲ့အနီရောင်သင်္ကေတတွေက သူက တကယ်အကျော်အမော်တစ်ယောက်ပဲ”
လူရိပ်တစ်ရိပ်က ပေါ်လာကာ သူတို့သုံးယောက်၏ လမ်းကြောင်းကို ပိတ်လိုက်သည့်အချိန်တွင် ရွှမ်မင်က ပျောက်သွား၏။
သူ၏ခါးဘယ်ဖက်၌ ဓားမော့ကို ချိတ်ဆွဲထားကာ ညာဖက်တွင် ဓားအိမ်ကို ချိတ်ဆွဲထားသည့်သူ ဖြစ်၏။ သူက လက်ကိုနောက်ပစ်ထား၏။ သူက တာအိုဆရာကို ကြည့်ပြီးမေးလိုက်တော့သည်။
“မင်း အကျော်အမော်ဓားသမားတစ်ယောက်နဲ့ တွေ့ခဲ့တာလား"