အခန်း (၆၈၅-၆၈၇)
Vol. 46 Ch. 685-687
အခန်း (၆၈၅) ဓားအိမ်ပြန်ပေးခြင်း
တာအိုဆရာရွှမ်မင်သည် လေထဲပျံဝဲနေလေ၏။ သူသည် အရပ်မြင့်မြင့်ဖြင့် ကြွက်သားများဖြင့်လူ၏ ရုတ်တရက်ပေါ်ပေါက်လာမှုကြောင့် ဇဝေဇဝါဖြစ်သွား၏။ “မင်းက”
“ကျုပ် သူ့ကိုရှာနေတာ”
“သူက မင်းအတွက်ဘာလဲ” တာအိုဆရာရွှမ်မင်သည် သတိထားလျက်မေးလိုက်သည်။
“အသိအကျွမ်းဟောင်း တစ်ယောက်၊ တစ်ခါတလေမှာ ပြိုင်ဘက်တစ်ယောက်”
ဆိုရိုးစကားရှိသည့်အတိုင်း ရန်သူ၏ရန်သူက မိတ်ဆွေဖြစ်သည်။
ရွှမ်မင်နောက်တွင်ရပ်နေသော တပည့်များထဲမှ တစ်ယောက်က ပြောလိုက်သည်။ “သူ အသက်ရှည်ရှည်နေနိုင်မယ် မထင်ဘူး”
“အဲ့လိုလား”
“ကြယ်ပျံအိမ်တော်က အမြဲတမ်းလက်စားချေတတ်တယ်။ သွားကြမယ်” ရွှမ်မင်က လက်ကိုဝေ့ယမ်းလိုက်၏။ သူ ဤနေရာတွင် အချိန်မဖြုန်းချင်ပေ။
တပည့်နှစ်ယောက်က ခေါင်းညိတ်လိုက်၏။
သူတို့သုံးယောက်က ပျံထွက်သွားတော့မည့်အချိန်တွင် အရပ်ရှည်ရှည်ဖြင့်ကြွက်သားများနှင့်လူက သူတို့ရှေ့သို့ထပ်ရောက်လာ၏။ သူက မှုန်မှိုင်းစွာပြောလိုက်သည်။
“နေဦး”
“ကျုပ်တို့ရဲ့လမ်းမှာ ဘာကြောင့်ရပ်နေရတာလဲ လူကြီးမင်း”
“မင်းတို့ထွက်သွားလို့ရတယ်။ ဒါပေမဲ့ မင်းတို့ရဲ့ခေါင်းတွေကို ထားခဲ့ရမယ်”
ရွှမ်မင်က စိတ်အခြေနေမကောင်းပေ။ ဤလူက သူ့ကို စိန်ခေါ်လာသောကြောင့် သူ၏ဓားကျိုးကို ချက်ချင်းဆွဲထုတ်ကာ အေးတိအေးစက်ပြောလိုက်၏။ "မင်းတောင်းဆိုတာပဲ ငါ့ကို အပြစ်မတင်နဲ့” သူသည် ပစ်ခွင်းလိုက်သော မြှားတစ်စင်းပမာ လှုပ်ရှားလိုက်၏။ သူ၏ဓားကျိုးဖြင့် တဟုန်ထိုးဝင်ရောက်တိုက်ခိုက်တော့သည်။
အနီရောင်စွမ်းအင်ဓားသည် မြွေဟောက်၏လျှာပမာဖြစ်နေ၏။
ဘန်း
ရွှမ်မင်၏စွမ်းအင်ဓားသည် ထိုလူ၏မျက်နှာရှိတစ်ပေအကွာ၌ ဟန့်တားခံလိုက်ရ၏။ မာကျောသောနံရံဖြင့်ပိတ်ဆို့ခံလိုက်ရသည့်ပမာဖြစ်နေသည်။
ဟမ် ... တာအိုဆရာရွှမ်မင်သည် သူ့လက်ထုံကျဉ်သွားတာကို ခံစားမိ၏။ သူ့လက်ဆုပ်ကိုင်နိုင်စွမ်း ကုန်ဆုံးလုနီးပါး ဖြစ်နေသည်။ သူက မော့ကြည့်ပြီး ထုတ်ဖော်ပြောလိုက်သည်။
“ရွှေရောင်စွမ်းအင်လား”
ယွီကျန့်ဟိုင်က လက်နောက်ပစ်လျက်ရပ်နေသည်။ သူ့နားရှိစွမ်းအင်များက ရွှမ်မင်ပေါ် ကျရောက်လာတော့၏။
ရွှမ်မင်သည် သူခံစားရသည့်ကြောက်လန့်မှုကို ဖိနှိပ်ထားကာ သူ့ဓားစွမ်းအင်လွတ်မြောက်စေရန် အကောင်းဆုံး ကြိုးစားလိုက်သည်။ သို့သော် မည်မျှကြိုးစားပမ်းစားရုန်းကန်စေကာမူ ဆွဲမထုတ်နိုင်ခဲ့ပေ။ တစ်နေရာတည်းတွင် မြဲမြံစွာဆုပ်ကိုင်ခံထားရသည့်ပမာ ဖြစ်နေ၏။
“အားနည်းတယ်” ယွီကျန့်ဟိုင်က ညင်သာစွာပြောလိုက်၏။
ရုတ်တရက် တပည့်နှစ်ယောက်သည် သူတို့အန္တရာယ်ရှိနေပြီမှန်း သဘောပေါက်သွား၏။ သူတို့သည် လှည့်ထွက်ပြေးတော့သည်။ ယွီကျန့်ဟိုင်က လက်ဝါးမြှောက်ကာ ရိုက်ချလိုက်တော့သည်။
နဂါးသွဲ့ကျောက်ဓားမော့သည် သူ့ဆီကနေ လည်ထွက်သွားပြီးနောက် မရေမတွက်နိုင်သော စွမ်းအင်များပေါ်ထွက်လာသည်။
တပည့်နှစ်ယောက်သည်မအော်နိုင်သေးခင်ပျောက်ကွယ်သွားရလေ၏။
ရွှမ်မင်ကလည်း ထိုအရာကြောင့်ထိတ်လန့်သွားတော့သည်။ ရွှေရောင်စွမ်းအင်က ကြောက်မက်ဖွယ်ကောင်းပေ၏။
ယွီကျန့်ဟိုင်သည် သူ့ရှေ့တွင်ပျံဝဲနေသောလူကိုကြည့်ကာ မေးလိုက်သည်။ “သူ ဘယ်မှာလဲ”
မေးခွန်းဖြေမည့်အစား ရွှမ်မင်ကပြောလိုက်သည်။
"ငါက ကြယ်ပျံအိမ်တော်ရဲ့ တာအိုဆရာရွှမ်မင်ပဲ” သူ့ရှေ့ရှိလူအစွမ်းထက်ပုံကို သူ အာရုံခံနိုင်၏။ သူက သူ့နောက်ကွယ်မှ အင်အားစုကို ထုတ်ပြချင်သည်။ သူ့အသက်ကိုကယ်တင်နိုင်မည့် နောက်ဆုံးအကွက်ဖြစ်သည်။ ကြယ်ပျံအိမ်တော်၏အမည်က သူ့ကို ထိုလူသတ်ဖြတ်ခြင်းကို ဟန့်တားနိုင်ရန်မျှော်လင့်မိသည်။
ယွီကျန့်ဟိုင်သည် ကြယ်ပျံအိမ်တော်ကို ဂရုမစိုက်ပေ။ သူ၏လက်ဝါးကိုတွန်းထုတ်လိုက်တော့သည်။
ရွှေရောင်လက်ဝါးစည်းတံဆိပ်သည် ဓားကျိုးကို ပြင်းထန်သောအဟုန်ဖြင့်ရိုက်ချသွားတော့သည်။
ယွီကျန့်ဟိုင် ရှေ့တိုးလာလေ၏။
ဓားကျိုးသည် ခဏအတွင်းရစ်ဝဲသွားကာ လက်ဝါးစည်းတံဆိပ်သည် ရွှမ်မင်ဆီသို့ ၎င်း၏လားရာအတိုင်း ဆက်သွားလိုက်သည်။
မဟာအမှောင်ကောင်းကင်လက်ဝါး
ဘန်း
တာအိုဆရာရွှမ်မင်က လေထဲ သွေးတစ်ပွက်အန်ပြီးနောက်သို့လွင့်သွား၏။
ယွီကျန့်ဟိုင်သည် မြန်ဆန်သောလှုပ်ရှားမှုများဖြင့် နောက်ထပ်လက်ဝါးစည်းတံဆိပ်ကို သုံးလိုက်သည်။
ရွှမ်မင်က ယွီကျန့်ဟိုင်ကို စိမ်းစိမ်းဝါးဝါးကြည့်လိုက်သည်။ သူက အံကြိတ်လျက် နာကျင်မှုကို တောင့်ခံကာ သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်လေ၏။
ဝှစ်
ပွင့်ချပ်ခုနစ်လွှာအနီရောင်ကြာ စိတ်ဝိညာဉ်သဏ္ဌာန်သည် ကောင်းကင်ထဲတွင်ပေါ်လာသည်။ ၎င်း၏အနီရောင်ကြာပွင့်များဖြင့် ရှေ့သို့တက်လာကာ လက်ဝါးစည်းတံဆိပ်များဖြင့် ပိတ်ဆို့ထား၏
ယွီကျန့်ဟိုင်သည် နောက်မဆုတ်ပေ။ သူ၏လက်ဝါးစည်းတံဆိပ်ဖြင့် ဆက်လက်တိုက်ခိုက်သည်။ သူ့လက်ဝါးစည်းတံဆိပ်ပေါ်ရှိ ကနဦးချီက စွမ်းအင်အဖြစ်ချက်ချင်းသိပ်သည်းသွားတော့သည်။ ပိုကြွယ်ဝပြီး မြန်ဆန်ကာ ရွှေရောင်လက်ဝါးစည်းတံဆိပ်တစ်ခုပေါ်လာတော့၏။
ဘန်း
ထိုလက်ဝါးချက်သည် အနီရောင်ကြာကို ထိမိသွားပြီး ၎င်းကို ယိမ်းယိုင်သွားစေ၏။
ရွှမ်မင်က သွေးထပ်အန်တော့သည်။ သူက အောက်ပြုတ်ကျသွားပြီးနောက် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို အမြန်ပြန်ရုပ်လိုက်၏။
ရွှမ်မင်သည် နှစ်ချက်အရိုက်ခံရပြီးနောက် ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွားသည်။ သူက နောက်တစ်ချက် ထပ်အရိုက်ခံရမည်ဆိုလျှင် သေမှာကြိမ်းသေနေ၏။ သူ အလွန်ကြောက်ရွံ့နေပြီဖြစ်သည်။ သူက ယွီကျန့်ဟိုင်ကို ကြည့်ကာ အမြန်တောင်းပန်လိုက်သည်။
“ချန်းပေ့ ကျေးဇူးပြုပြီး သက်ညှာပေးပါ”
ယွီကျန့်ဟိုင်က ရွှမ်မင်ကို အထင်တသေးကြည့်ပြီးနောက် မေးလိုက်၏။
“နောက်ဆုံးစကားရှိသေးလား”
“ချန်းပေ့နဲ့ခိုက်ရန်ဖြစ်ပွားတာ မရှိခဲ့ပါဘူး။ ဘာကြောင့် ကျုပ်ကို သတ်ရမှာလဲ” ရွှမ်မင်ကမေးလျက် စိတ်ရှုပ်ထွေးနေသည်။
“ဒါပဲလား”
“ချန်းပေ့ ကျုပ် ခင်ဗျားကို ရန်စခဲ့တယ်ဆိုရင် ကျေးဇူးပြုပြီး သိခွင့်ပေးပါ။ အဲ့တာအတွက် အပြစ်ကြွေးချေပါ့မယ်။ ဒါပေမဲ့ မပြောမဆိုနဲ့သတ်မယ်ဆိုရင်တော့ ကျုပ် ...” ရွှမ်မင်သည် ခဏတာရပ်တန့်သွားပြီးနောက် နှလုံးတုန်နေကာဆက်ပြောလိုက်သည်။
"ကျုပ်သေသွားခဲ့ရင်ဆိုရင် ကြယ်ပျံအိမ်တော်က အသက်ကျောက်တုံးက ပြိုကွဲသွားလိမ့်မယ်။ အဲ့ဒီအချိန် ကြယ်ပျံအိမ်တော်က လာစစ်ဆေးမှာပဲ ချန်းပေ့”
ယွီကျန့်ဟိုင်က ဖြတ်ပြောလိုက်၏။ "မင်း ပြောပြီးရင် သေလိုက်တော့” သူသည် ရွှမ်မင်ပြောတာကို ဂရုမစိုက်ပေ။
ယွီကျန့်ဟိုင်က သူ၏လက်ချောင်းများကို အနည်းငယ်လှုပ်ရှားလိုက်တော့၏။
နဂါးသွဲ့ကျောက်ဓားမော့က လည်ထွက်လာတော့သည်။
ရွှမ်မင်သည် ရွှေရောင်နဂါးသွဲ့ကျောက်ဓားမော့ကို မြင်သောအခါ သူ၏မျက်လုံးများ နီရဲသွားသည်။ သူ၏ခန္ဓာကိုယ်မှစွမ်းအင်ပေါ်ထွက်လာပြီးနောက် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်၏။
ဝှစ်
ရွှမ်မင်သည် သူ၏အနီရောင်ကြာကို လမ်းညွှန်လျက် နဂါးသွဲ့ကျောက်ဓားမော့ကို ပိတ်ဆို့လိုက်သည်။
နဂါးသွဲ့ကျောက်ဓားမော့သည် စွမ်းအင်ဓားမော့ထဲရစ်ပတ်ခံလိုက်ရပြီး ချေမှုန်းနိုင်သောအင်အားဖြင့် ဝေဟင်ကနေဆင်းသက်လာသော အနီရောင်ကြာကိုပိုင်းဖြတ်သွား၏။
ကြာပွင့်ပြတ်သွားလေ၏။
“ပြိုင်ဖက်ကင်းအဆင့်လက်နက်လား။"
ရွှမ်မင်သည် လက်နှစ်ဖက်ကိုအမြန်ပူးကပ်လိုက်သည်။
နဂါးသွဲ့ကျောက်ဓားမော့က ရွှမ်မင်၏စိတ်ဝိညာဉ်သဏ္ဌာန်ကို ထက်ခြမ်းခြမ်းလိုက်တော့သည်။
တိုက်ပွဲ၏ရလဒ်ကို သံသယဖြစ်ဖွယ်မရှိပေ။
နဂါးသွဲ့ကျောက်ဓားမော့သည့် ယွီကျန့်ဟိုင်ဆီပြန်ရောက်သွားလေ၏။
လေထဲရှိစွမ်းအင်က ပြိုကွဲသွားကာ ပတ်ဝန်းကျင်က ထပ်မံတိတ်ဆိတ်သွား၏။
ယွီကျန့်ဟိုင်သည် ပြုတ်ကျသွားသည့်အလောင်းကို တစ်ချက်ကြည့်ပြီးခေါင်းခါလိုက်တော့သည်။ “ငါ့ရဲ့ရှစ်တိက မင်းတို့ချဲ့ကားပြောတာပဲ။ အနီရောင်ကြာနယ်မြေက သိပ်ကြောက်ဖို့မကောင်းဘူး” သူ ပိုသန်မာလာလေရာ ၎င်းက စိတ်ထဲမရှိပေ။
ယွီကျန့်ဟိုင်သည် ထွက်ခွာသွားတော့မည့်အချိန်တွင် ပုံရိပ်တစ်ခုသည် ထက်ခြမ်းခြမ်းခံထားရသော အလောင်းဆီသို့ ရောက်လာ၏။
ဓားကနေအလင်းပေါ်ထွက်လာ၏။
ပိုင်းဖြတ်မှု တစ်ခု၊ နှစ်ခု၊ သုံးခု
အလောင်းကောက်ခံလိုက်ရသည်။
ယွီကျန့်ဟိုင်က မျက်မှောင်ကျုံ့လိုက်သည်။ အကျော်အမော်တစ်ယောက်
အကျော်အမော်များလှုပ်ရှားချိန်တွင် မှတ်မိရန်မခက်ခဲပေ။
အလောင်းသည် လေထဲလည်ထွက်သွားပြီးနောက် ထိုပုံရိပ်သည် အလောင်းကို ဆက်လက် ပိုင်းဖြတ်နေ၏။
အနီရောင်ဓား၏အရိပ်များက လေထဲတလက်လက်တောက်ပနေသည်။
အလောင်းများက လေထဲအပိုင်းပိုင်းအစစဖြစ်သွားပြီး မြေပြင်ပေါ်ပြုတ်ကျသွား၏။ ပြီးနောက် ထိုပုံရိပ်သည် ယွီကျန့်ဟိုင်ဆီပျံသန်းလာ၏။
ယွီကျန့်ဟိုင်က ပြောလိုက်သည်။ "နောက်ဆုံးတော့ ထိုက်တန်တဲ့ပြိုင်ဘက်တွေ့ပြီ”
သူသည် ဓားမော့ကို ဆွဲထုတ်ကာ တိုက်ခိုက်တော့သည်။
ဘန်း ဘန်း ဘန်း
စွမ်းအင်ဓားနှင့် စွမ်းအင်ဓားမော့တိုက်ခိုက်ကြသည်။
စွမ်းအင်ဓားက ကြမ်းတမ်းသည်။ ၎င်း၏တိုက်ခိုက်မှုက မိုးသက်မုန်တိုင်းတစ်ခုပမာဖြစ်နေ၏။ ယွီကျန့်ဟိုင်သည် ရှောင်တိမ်းလျက် နောက်ဆုတ်လိုက်၏။
“ကောင်းတယ်” ယွီကျန့်ဟိုင်သည် လက်ရွေးစင်ဓားသမားကြောင့် အံ့ဩသွားလေ၏။ သူက နောက်သို့ဆုတ်လိုက်သည်။ သူ့လက်ကိုဖြန့်လိုက်၏။
မဟာအမှောင်ကောင်းကင်အောက်မေ့ရာ
မရေမတွက်နိုင်သောစွမ်းအင်ဓားမော့များသည် ရွာသွန်းကျလာ၏။
လူသစ်သည် မတွန့်ဆုတ်သွားပေ။ သူသည် စွမ်းအင်ဓားမော့များကို ဖြတ်ကျော်သွား၏။ သူက မြင်ကွင်းရှိချက်ချင်းပေါ်ထွက်လာ၏။ ပြီးနောက် သုံးကိုယ်ခွဲကာ ယွီကျန့်ဟိုင်ဆီဦးတည်လာ၏။
“အာ့ရှစ်တိ ... အာ့ရှစ်တိလား” ယွီကျန့်ဟိုင်သည် ထိုအကွက်ကို မှတ်မိသည်။
“တာ့ရှစ်ရှိုး အာရုံစိုက်။ ကျုပ်ရဲ့ဓားကို မရှုံးစေနဲ့”
ပြန်လာဝင်ရောက်ဝိညာဉ်သုံးပါး
စွမ်းအင်ဓားသုံးလက်သည် တပြိုင်နက်တည်းတိုက်ခိုက်လေ၏။
ယွီကျန့်ဟိုင်၏အပြုံးက ပျော်ရွှင်မှုတို့ကိန်းအောင်းနေသည်။ စွမ်းအင်ဓားမော့သည် သူ၏နဂါးသွဲ့ကျောက်ဓားမော့ဆီမှပေါ်ထွက်လာ၏။
အုပ်ချုပ်သူသက်ဆင်းခြင်း
စွမ်းအင်ဓားမော့၏ဒီရေလှိုင်းတို့မြင့်တက်လာပြီးနိမ့်ဆင်းသွား၏။
ဘန်း ဘန်း
စွမ်းအင်ဓားများသည် စွမ်းအင်ဓားမော့များဝါးမြိုတာခံလိုက်ရ၏။
ကျန်ရှိသည့် စွမ်းအင်ဓားမော့များသည် သက်တော်ရှည်ဓားနှင့်တိုက်မိသွား၏။ ပြိုင်ဘက်နှစ်ယောက်လုံး နောက်သို့လွင့်သွားကြသည်။
ယွီရှန်းရုန်က နောက်သို့မီတာတစ်ရာဆုတ်သွားစဉ် ယွီကျန့်ဟိုင်သည် ဆယ်မီတာခန့်ဆုတ်လိုက်ရ၏။
ဤနည်းဖြင့်တိုက်ပွဲအဆုံးသတ်သွားသည်။
နှစ်ယောက်လုံးသည် အဝေးကနေ တစ်ယောက်ကိုတစ်ယောက်ကြည့်နေ၏။ သူတို့ပတ်ဝန်းကျင်က ထပ်မံတိတ်ဆိတ်သွားတော့သည်။
ယွီရှန်းရုန်၏မျက်လုံးထဲတွင် အံ့ဩမှုတစွန်းတစနှင့်မလိုလားမှု ရှိနေသည်။ သူသည် ရလဒ်ကို အနည်းငယ် လက်မခံနိုင်ပေ။ ဆိုရလျှင် သူသည် နောက်သို့မီတာတစ်ရာကျော်ဆုတ်ရန် ဖိအားပေးခံလိုက်ရ၏။ ယင်းက ခွင့်လွှတ်နိုင်စရာမရှိပေ။ သူက ယွီကျန့်ဟိုင်ကို ဆက်ကြည့်လိုက်သည်။
အချိန်က ကုန်ဆုံးသွားသည်။ ပင်လယ်ပြာသည် ပိုးစာကွင်းအဖြစ်ပြောင်းလဲသွား၏။ တောင်တန်းများ၊ မြစ်များ၊ နေနှင့်လတို့ပြောင်းလဲသွား၏။ သို့သော် လူတို့သည်က တူညီလျက်သာရှိသည်။
သူသိခဲ့သော တာ့ရှစ်ရှိုးယွီကျန့်ဟိုင်က ပြန်ရောက်လာချေပြီ။ နာရီပေါင်းများစွာကြာသည်ဟု ထင်မှတ်ရပြီးနောက် သူက ပြောလိုက်၏။ "ကျုပ် ရှုံးသွားပြီ"
ယွီကျန့်ဟိုင်က ခေါင်းခါကာ ပြောလိုက်သည်။ “မင်း မရှုံးဘူး”
“ဟင်”
“နဂါးသွဲ့ကျောက်ဓားမော့က အခုပြိုင်ဖက်ကင်းအဆင့်လက်နက် ဖြစ်နေပြီ။ ငါက မမျှတတာ”
ယွီကျန့်ဟိုင်က ပြောလိုက်၏။
“ကျုပ်သိပြီ” ယွီရှန်းရုန်သည် ထိုစကားများကိုကြားသောအခါ နေထိုင်ရပိုကောင်းသွားသည်။
“အနီရောင်ကြာနယ်မြေက အင်မတန်ကျယ်ဝန်းလှတယ်။ ရွှေကြာနယ်မြေနဲ့ယှဉ်နိုင်တယ်။ ဒီကို ဘာကြောင့်ရောက်လာတာလဲ တာ့ရှစ်ရှိုး”
“ရှစ်စွင်းက မင်းကို ငါ့ကိုလာကယ်ဖို့အမိန့်ပေးလိုက်တာ” ယွီကျန့်ဟိုင်က ပြောသည်။
ယွီရှန်းရုန်က ခပ်ရေးရေးပြုံးလိုက်၏။
“ဓားနတ်ဆိုးက တိုက်ပွဲတစ်ပွဲမှ မရှုံးဘူး။ ကျုပ်က ဘာကြောင့် ကယ်ဆယ်ခံရမှာလဲ။"
“ဒါက မတူဘူး။ အာ့ရှစ်တိ မင်း ဆရာ့အမိန့်ကို ဆန့်ကျင်တော့မလို့လား” ယွီကျန့်ဟိုင်သည် ယွီရှန်းရုန်ကို တစ်ခါလောက်တော့ ဆန့်ကျင်ရန် ရှစ်စွင်း၏အမည်ကို သုံးခဲ့သည်။
ယွီကျန့်ဟိုင်က သက်ပြင်းချပြီး ခေါင်းခါလိုက်တော့သည်။
“ရှစ်စွင်းက ပွင့်ချပ်ကိုးလွှာကျင့်ကြံသူတစ်ယောက်ဆိုပေမဲ့ သူ မလိုအပ်တာတွေ လုပ်ရတာကြိုက်တာကိုး”
ယွီကျန့်ဟိုင်က ရယ်မောလိုက်သည်။ “မင်း သူနဲ့တွေ့တဲ့အခါကျမှ သူ့ကိုပြောသင့်တယ်”
“မလိုအပ်ပါဘူး”
“ဒီမှာ မင်းရဲ့ဓားအိမ်” ယွီကျန့်ဟိုင်သည် သက်တော်ရှည်ဓားရဲ့ဓားအိမ်ကို ယွီရှန်းရုန်အား ပြန်ပေးလိုက်သည်။
သက်တော်ရှည်ဓားက သူ၏ဓားအိမ်ထဲပြန်ရောက်သွားချိန်တွင် ယွီရှန်းရုန်၏စိတ်ထဲ တစုံတစ်ခုက မွှေနှောက်ခံလိုက်ရသည်။
…
အခန်း (၆၈၆) တာ့ရှစ်ရှိုး
သက်တော်ရှည်ဓားသည် ၎င်း၏ဓားအိမ်ထဲသို့ ပြန်ရောက်လာချိန်တွင် မြည်သံသဲ့သဲ့ ပေါ်ထွက်လာပြီးနောက် ငြိမ်ကျသွားတော့၏။
ဓားအိမ်ပေါ်ရှိ သင်္ကေတများက တောက်ပနေလေ၏။
ယွီကျန့်ဟိုင်က ပြောလိုက်သည်။
“ချီရှစ်တိက ဓားအိမ်ပေါ်မှာ သင်္ကေတတွေကို ထွင်းပေးလိုက်တာ။ ဓားအိမ်ကို လမ်းပြအနေနဲ့သုံးပြီး အနီရောင်ကြာနယ်မြေကို ခရီးနှင်လာရတာ။ ချောက်နက်ရဲ့ မည်းမှောင်နေတဲ့နေရာကနေ ရေနက်တွေကို ဖြတ်ကျော်ပြီးတော့ပေါ့”
ယွီရှန်းရုန်သည် အနည်းငယ်ထိတ်လန့်သွားသော်ငြား သူ၏အမူအရာက မပြောင်းမလဲ ရှိနေ၏။ သူ၏ ခံစားချက်များက မျက်နှာပေါ်တွင် မထင်ဟပ်ပေ။
ယွီကျန့်ဟိုင်က ဆက်ပြောလိုက်သည်။ “အန္တရာယ်တွေ စိတ်လှုပ်ရှားမှုတွေ ရှိနေပေမဲ့ ရှည်လျားပြီး ဝေဝါးတဲ့ ခရီးစဉ်တစ်ခု ဖြစ်ခဲ့တာပဲ။ အတားအဆီးတွေကို ဖြတ်ကျော်ပြီး ရေထဲက သားရဲတွေ အမဲလိုက်တာကို ဖြတ်ကျော်ခဲ့ပေမဲ့ မှောင်မဲနေတဲ့ နေရာကို သွားချင်စိတ်မရှိဘူး။ အဲ့တာက နာကျင်လွန်းလှတယ်။ နည်းနည်းလည်း ကြောက်ဖို့ကောင်းတယ်” သူသည် ခရီးလမ်းက ခက်ခဲပုံကို ဖော်ပြရန် အရိုးရှင်းဆုံး အသုံးအနှုန်းများဖြင့် အကောင်းဆုံးကြိုးစားခဲ့သည်။ တနည်းအားဖြင့် ယွီရှန်းရုန်ကို လာရောက်ကယ်ဆယ်ခြင်းက မလွယ်ကူဟု သူ ပြောနေတာပဲဖြစ်သည်။
ယွီရှန်းရုန်က ပြန်ပြောလိုက်၏။ "အဲ့အတွက် လက်ခံပါတယ်။ ရေနက်ကို ကျုပ် ဖြတ်ခဲ့တာပဲ။ အနားမယူဘဲ ဓားပေါ်ပျံသန်းခဲ့တာ ဒါပေမဲ့ ကျုပ်အတွက် လွယ်ကူတဲ့ ခရီးစဉ်တစ်ခု ဖြစ်ခဲ့တယ်”
ယွီကျန့်ဟိုင် “...”
ယွီရှန်းရုန်က ထပ်ပြောလိုက်၏။ "ရှစ်ရှိုးကို လျှိုကုသတ်သွားတဲ့အချိန် ရှစ်စွင်းရဲ့အမိန့်အတိုင်း အနောက်အရပ်ဆီ သွားခဲ့တာ။ နှင်းမုန်တိုင်းကို ရဲရဲဝံ့ဝံ့ဖြတ်ကျော်ပြီး ကောင်းကင်ကျုံးကို ဖြတ်ကျော်ပြီး ညလုံးပေါက် ခရီးနှင်ခဲ့ရတာ ... ပြီးတော့ တောအုပ်ကို ဖြတ်သန်း အရိုးမြှုပ်နှံရာကုန်းမြေကို ရောက်ပြီး လို့လန်မှာ ၄၉ရက် စောင့်ကြပ်ပေးခဲ့တာ။ ပြီးတော့ မဟာနတ်ဆရာ ဘာစီရာကို သတ်ခဲ့ရတာ။ ရှစ်ရှိုး ကြုံတွေ့ရတာနဲ့ယှဉ်ရင် အဲ့တာကို ပိုခက်ခဲပြီး ပိုကြောက်ဖို့ကောင်းတယ်”
ယွီကျန့်ဟိုင်က ပြောလိုက်၏။ “မင်းရဲ့ကျင့်ကြံဆင့်က နက်နဲတာပဲ ... အာ့ရှစ်တိ။ သူတို့ကို သတ်တာက လွယ်ကူတာပဲကို ညလုံးပေါက်ပျံသန်းရတာက ခက်ခဲပုံမပေါ်ဘူး”
ယွီရှန်းရုန် “...”
လေပြေတစ်ချက် ညင်သာစွာတိုက်ခတ်သွားလေ၏။
ခဏကြာပြီးနောက် နှစ်ယောက်သားသည် စကားများတာ ရပ်လိုက်တော့သည်။ တချိန်တည်းတွင် သူတို့စိတ်က နောက်ဆုံးတွင် ကြည်လင်သွားတော့၏။ ကြယ်ပျံအိမ်တော်မှ ဂိုဏ်းသားသုံးယောက်ကို သတ်ဖြတ်လိုက်ခြင်း၏ ကြီးလေးမှုကို သဘောပေါက်သွားသည်။
ယွီရှန်းရုန်က ပြောလိုက်သည်။
“တာ့ရှစ်ရှိုးက ရောက်လာကာစ ဒီကအကြောင်းသိမှာ မဟုတ်ဘူး။ ရွှမ်မင်က နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ကျင့်ကြံသူတစ်ယောက် အခု သူ့ကို ရှစ်ရှိုး သတ်လိုက်ပြီဆိုတော့ သက်သေအထောက်ထားတွေ ဖယ်ရှားရမယ်”
“အလောင်းကို စုန်းအတတ်နဲ့ ထိန်းချုပ်ခံရတာကတွေ ကာကွယ်ဖို့လား” ယွီကျန့်ဟိုင်က ငုံ့ကြည့်လိုက်သည်။
“အနီရောင်သင်္ကေတတွေက ခြေရာခံစနစ်အနေနဲ့ ဆောင်ရွက်ပေးတယ်။ သူတို့အားလုံးရဲ့ ခန္ဓာကိုယ်ပေါ်မှာ တူညီတဲ့ သင်္ကေတတွေရှိတယ်” ယွီရှန်းရုန်က ရှင်းပြလိုက်၏။
“မင်းက တိုက်ခိုက်ပြီး အလောင်းကို ဖျက်ဆီးခဲ့တာ အံ့ဩစရာမရှိဘူးပဲ အာ့ရှစ်တိ”
သူတို့နှစ်ယောက်က အကြည့် လွှဲလိုက်၏။ တစ်ယောက်စိတ်ထဲ တစ်ယောက်ဘာရှိနေမှန်း သိနေကြရာ သူတို့သည် အနီးရှိ တောင်တန်းဆီပျံသန်းသွားတော့သည်။
ယွီရှန်းရုန် မဆင်းသက်ခင် သူက လက်သီးဆုပ်မိုးလျက် ယွီကျန့်ဟိုင်ကို တလေးတစား ပြောလိုက်သည်။ "အတိတ်တုန်းက ရိုင်းပျခဲ့တာ ခွင့်လွှတ်ပေးပါ တာ့ရှစ်ရှိုး”
“ဘာတွေပြောနေတာလဲ ... မင်းက တာ့ရှစ်ရှိုးပဲကို” ယွီကျန့်ဟိုင်က လက်နောက်ပစ်လျက် ပြန်ပြောလိုက်သည်။
“လူတိုင်းက ဂိုဏ်းသားတစ်ထောင်ကို ဦးစီးတဲ့ ငရဲဂိုဏ်းသခင်က သဘောထားကြီးတယ်လို့ ပြောကြတယ်။ ဒီလို အသေးအမွှားကို ရင်ထဲမှတ်မှာ မဟုတ်တာ ကြိမ်းသေပါတယ်” ယွီရှန်းရုန်က ပြန်ပြောလိုက်၏။
“ဒါပေါ့” ယွီရှန်းရုန်က ထိုသို့ပြောလာပြီး ဖြစ်သောကြောင့် ယွီကျန့်ဟိုင်သည်လည်း သူ့ကို အငြိုးအတေး မထားနိုင်တော့ပေ။
ယွီကျန့်ဟိုင်သည် အဝေးရှိတောင်တန်းကို ကြည့်ပြီး မေးလိုက်သည်။
“အနီရောင်ကြာနယ်မြေမှာ ငါတို့ရဲ့ ရွှေရောင်စိတ်ဝိညာဉ်သဏ္ဌာန်ပေါ်သွားတာနဲ့ တိုင်းတပါးသားအဖြစ် တံဆိပ်တပ်ခံရမှာပဲ။ မင်းရဲ့ အထောက်အထားကို ဘယ်လို ဖုံးကွယ်ထားတာလဲ အာ့ရှစ်တိ”
“ကျုပ်ရဲ့ဓားက လုံလောက်နေပြီ” ယွီရှန်းရုန်က ပြန်ပြောလိုက်သည်။ သူ၏ သက်တော်ရှည်ဓားသည် အရင်တည်းက အနီရောင်တောက်ပနေပြီး ထို့အပြင် အနီရောင်သင်္ကေတများဖြင့် သူသည် အစောတည်းက စွမ်းအင်သုံးစွဲမှုကို ထိန်းချုပ်ကာ ၎င်းဖြင့်သာ သတ်ဖြတ်နေသရွေ့ သာမန်သိုင်းပညာရှင်များကို သတ်ဖြတ်ရန်လုံလောက်သည်။ သူနှင့်ကျင့်ကြံဆင့် မတူညီသည့်သူများတောင် လက်ဖြင့် နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် သိုင်းပညာရှင်များကို သတ်ဖြတ်နိုင်သေးသည်။ ယင်းက သူ ယုံကြည်ချက်ရှိနေခြင်း ဖြစ်သည်။
“တစ်ဖက်မှာတော့ တာ့ရှစ်ရှိုး ... နဂါးသွဲ့ကျောက်ဓားမော့က ပြိုင်ဘက်ကင်းအဆင့် လက်နက်ဆိုပေမဲ့ စွမ်းအင်မသုံးဘဲ ရန်သူတွေကို ဘယ်လိုတိုက်ခိုက်မှာလဲ” ယွီရှန်းရုန်က မေးလိုက်သည်။
“ငါ့ကို ဆန့်ကျင်လာတဲ့ လူတိုင်းကို သတ်လိုက်ရုံပဲ” ယွီကျန့်ဟိုင်က ပြောလိုက်သည်။
“...” ရပ်တန့်သွားပြီးနောက် ယွီရှန်းရုန်သည် အကြောင်းအရာပြောင်းလဲလိုက်သည်။ “ရွှမ်မင်က ကြယ်ပျံအိမ်တော်ရဲ့ အဖွဲ့ဝင်တစ်ယောက် သူ သေသွားတာကို လျှို့ဝှက်ထားရမယ်”
ယွီကျန့်ဟိုင်က ခေါင်းညိတ်လိုက်သည်။ သက်ပြင်းချပြီး သူက ပြောလိုက်၏။ "ငါတို့သာ တာ့ယန်မှာဆိုရင် လျှို့ဝှက်ထားဖို့မလိုဘူး။ ကြယ်ပျံအိမ်တော်ကို ဂရုစိုက်စရာမလိုဘူး။ သူတို့ကို သုတ်သင်လိုက်ရုံပဲ။ ခေါင်းဆောင်က အညံ့ခံရင်ခံ မဟုတ်ရင် တောင်းဆိုသလို ရပ်တည်နိုင်ရမှာပေါ့။ မင်း ပြောသလို လုပ်မယ် အာ့ရှစ်တိ”
“...”
သူတို့နှစ်ယောက်က ဆွေးနွေးနေကြစဉ် ကျီဖုန်းရှင်းက ရောက်လာ၏။ သူ ပျံသန်းနိုင်မှုအရှိန်က ချီးကျူးရန် ခက်ခဲလှပေသည်။ ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်ကို တောင်ပေါ်တွင် မြင်သောအခါ အပျော်လွန်သွား၏။ သူသည် ကမန်းကတန်းလျှောက်လာကာ ပြောလိုက်တော့သည်။ “အစ်ကိုကြီး အစ်ကိုကြီးရေ ဒါက ...”
“ငါ့ရဲ့ တာ့ရှစ်ရှိုး” ယွီရှန်းရုန်က ဖြေလိုက်သည်။
“တာ့ရှစ်ရှိုးလား ... ဒီလိုဆို ခင်ဗျားက အစ်ကိုအကြီးဆုံးပေါ့။ အရိုအသေပေးခွင့်ပြုပါ”
ကျီဖုန်းရှင်းသည် ယွီကျန့်ဟိုင်ကို အရိုအသေပေးလိုက်၏။
“မလိုအပ်ဘူး” ယွီကျန့်ဟိုင်က မျက်မှောင်ကျုံ့သွားသည်။ သူ့အာ့ရှစ်တိ၏ တစ်ယောက်တည်း နေတတ်သည့် အကျင့်စရိုက်ကို သိထားလေရာ သူ့အာရှစ်တိသည် မိတ်ဆွေဖွဲ့ရသည်ကို မနှစ်သက်တာကို သူ သိ၏။ သူ့အာ့ရှစ်တိသည် တစုံတစ်ယောက်သော လူမျိုးနှင့် သိကျွမ်းသည်ဆိုလျှင်တောင် ထိုသို့သော လူမျိုးဖြစ်မှာ မဟုတ်ပေ။
ကျီဖုန်းရှင်းက သူ့နားလှည့်ကြည့်ပြီး တအံ့တဩမေးလိုက်၏။ “တာအိုဆရာရွှမ်မင် ဘယ်မှာလဲ”
“ငါတို့ သူ့ကို သတ်လိုက်ပြီ” ယွီရှန်းရုန်က ပြန်ပြောလိုက်သည်။
ယွီကျန့်ဟိုင်က ဆွံ့အသွားတော့၏။ သူသေတာကို လျှို့ဝှက်ထားမယ်ဆိုတာ ဘာဖြစ်သွားပြီလဲ။
ကျီဖုန်းရှင်းသည် ထိုစကားကို ကြားသောအခါ သူ့ပေါင်ကို ရိုက်လိုက်တော့သည်။ “အိုး ... မဟုတ်ဘူး။ မကောင်းတော့ဘူး။ အကြီးအကဲထျန်းက အစ်ကိုကြီးကို တားဖို့ ကျွန်တော့်ကို လွှတ်လိုက်တာ။ ဒီလိုဆိုရင် ကြယ်ပျံအိမ်တော်ကို ရန်စမိပြီ။ ကျွန်တော် ကြောက်တာက ...”
ယွီကျန့်ဟိုင်သည် မောက်မာထောင်လွှားစွာ ပြောလိုက်၏။ "သူတို့လာရင် ငါတို့ဖြေရှင်းလိုက်ရုံပေါ့။ ဘာတွေ ဒီလောက်ကြောက်စရာလိုလဲ။ အာ့ရှစ်တိ မင်းရဲ့အကြိုက်က ...” ယွီရှန်းရုန်အတွက် သူ စကားပြီးဆုံးအောင် ပြောဖို့မလိုအပ်ပေ။ သူ့မိတ်ဆွေနှင့် ခင်မင်မှုအပေါ် အကဲဖြတ်ခံနေရတာပဲ ဖြစ်သည်။
ယွီရှန်းရုန်က ပြုံးလိုက်၏။ “တာ့ရှစ်ရှိုး ... ဒါက မိုးမခတစ်ထောင်ဘုရားကျောင်းရဲ့ အပြင်စည်းတပည့် ကျီဖုန်းရှင်းပါ”
“မိုးမခတစ်ထောင်ဘုရားကျောင်းလား”
“အခုပြန်ကြရအောင်”
သုံးယောက်သားသည် အကြည့်တစ်ချက်ဖလှယ်ပြီးနောက် မိုးမခတစ်ထောင်ဘုရားကျောင်းသို့ ပြန်သွားလိုက်သည်။
...
“တင်း ... ပစ်မှတ်တစ်ယောက် သတ်လိုက်ပါပြီ။ ဆုလာဘ် ကုသိုလ်မှတ် ထောင့်ငါးရာ။ နယ်မြေအပို ကုသိုလ်မှတ်တစ်ထောင်”
“တင်း ... ပစ်မှတ်နှစ်ယောက် သတ်လိုက်ပါပြီ။ ဆုလာဘ် ကုသိုလ်မှတ် နှစ်ဆယ်။ နယ်မြေအပို ကုသိုလ်မှတ်နှစ်ဆယ်”
လုကျိုးက မျက်လုံးဖွင့်လိုက်လေ၏။
ယွီကျန့်ဟိုင်သည် အနီရောင်နယ်မြေသို့ ရောက်သွားပြီဖြစ်သည်။ သူ၏ကျင့်ကြံဆင့်နှင့် ပြိုင်ဖက်ကင်းအဆင့် နဂါးသွဲ့ကျောက်ဓားမော့ဖြင့် သူသည် ပွင့်ချပ်ကိုးလွှာကျင့်ကြံသူကို ရှောင်နိုင်သရွေ့ ပြဿနာရှိမှာမဟုတ်ပေ။
သူက စနစ်မျက်နှာပြင်ကို စစ်ဆေးကြည့်လိုက်၏။
ကုသိုလ်မှတ်= ၁၅၃၃၃
သူသည် အရင်ရက်က ကံစမ်းမဲနှိုက်ရန် ကုသိုလ်မှတ်တစ်သောင်းသုံးခဲ့၏။
သူ၏ကံက ဆိုးရွားနေလေသည်။ အကြောင်းပြန်လှန်ကတ် ငါးဆယ် ရခဲ့၏။ အခုဆို အကြောင်းပြန်လှန်ကတ် ၂၄၀ ရှိနေပြီဖြစ်ကာ ထို့ထက်ပိုလိုအပ်သည်။
“ငါ အနားယူပြီး လက်နက်သန့်စင်ရမယ်” သူ့၌ သန့်စင်ခြင်းအဆောင်သုံးခုရှိသည်။
လုကျိုးသည် တရားစီရင်ရေးစုတ်တံ၊ အဆင့်မြင့်လေဟာနယ်နှင့် အစက်အပြောက်မဲ့ ဓားမြှောင်တို့ကို သူ့ရှေ့တွင် ထားလိုက်၏။ အားလုံးက သာလွန်ကောင်းကင်အဆင့် လက်နက်ပဲဖြစ်သည်။
အမည်မဲ့က သူ့အတွက် လုံလောက်နေပြီဖြစ်၏။ သူသည် ထိုလက်နက်များကို သန့်စင်ပြီး မျှော်နန်းဆောင်အိုကြီးမှာ လူများ၏ခွန်အားကို မြှင့်တင်ပေးရန် ရည်ရွယ်ထားသည်။
ထိုအတွေးဖြင့် လုကျိုးသည် အဆောင်များကို ထုတ်ကာ လက်နက်များကို သန့်စင်တော့သည်။
စီရင်ရေးစုတ်တံနှင့် အစက်အပြောက်မဲ့ဓားမြှောင်တို့သည် သန့်စင်ရန် ပိုလွယ်ကူ၏။ အထိအခိုက်မရှိပေ။ သူတို့က ပကတိလက်နက်ဖြစ်နေ၏။ သူတို့၏ ယခင်ပိုင်ရှင်များ၏ ခြေရာလက်ရာအားလုံးကို ဖယ်ရှားပစ်ဖို့သာ လိုသည်။
တစ်ဖက်တွင်မူ အဆင့်မြင့်လေဟာနယ်က ကျိုးနေ၏။ ၎င်းကို သန့်စင်ရန် အချိန်ပိုယူရမည်။
လက်နက်သုံးခုကို သန့်စင်ပြီးနောက် လုကျိုးသည် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ သူသည် စိတ်ခံစားမှုကောင်းနေသောကြောင့် ကံစမ်းမဲနှိုက်ရန် ဆုံးဖြတ်လိုက်သည်။
“ကံစမ်းမဲ”
“တင်း ... ကုသိုလ်မှတ် ၅၀ သုံးလိုက်ပါပြီ။ ပါဝင်ပေးတာအတွက် ကျေးဇူးပါ။ ကံကောင်းမှတ်တစ်မှတ်”
အနီရောင်ကြာနယ်မြေရှိ မိုးမခတစ်ထောင်ဘုရားကျောင်းထဲတွင် ဖြစ်သည်။
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က တစ်ယောက်ဘေးတွင် တစ်ယောက်ယှဉ်လျက် ထိုင်နေ၏။
ထျန်းပုကျီ၏ မျက်နှာထက်တွင် အင်မတန် အနေခက်သော အမူအရာကို မြင်ရကာ သူ ပြောလိုက်သည်။
“မင်းတို့နှစ်ယောက်လုံး အကူအညီပေးတာ အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ ရွှမ်မင် သေတာကို ကြယ်ပျံအိမ်တော်က သေချာပေါက် အလွတ်ပေးမှာမဟုတ်ဘူး။ မိုးမခတစ်ထောင်ဘုရားကျောင်းက အပြင်လူတွေကို ဒီကိစ္စထဲ ဆွဲသွင်းဖို့ ရည်ရွယ်ချက်မရှိဘူး။ တတ်နိုင်မယ်ဆိုရင် ထွက်သွားကြပါ။ ကျီဖုန်းရှင်း သူတို့ကို လမ်းပြလိုက်”
ကျီဖုန်းရှင်းသည် အကြပ်ရိုက်နေပုံပေါ်၏။ သူသည် မိုးမခတစ်ထောင်ဘုရားကျောင်း၏ တပည့်တစ်ယောက် ဖြစ်သော်ငြား ယွီရှန်းရုန်ရှေ့တွင် အဆင်အခြင်မဲ့စွာ ပြုမှာမဟုတ်ပေ။
ယွီကျန့်ဟိုင်က ပြောလိုက်သည်။
“မင်းရဲ့အကြီးဆုံးအမှားက အားနည်းတာပဲ။ ရွှမ်မင် မသေရင်တောင် ကြယ်ပျံအိမ်တော်က ပြဿနာလာမရှာဘူးလို့ ထင်နေလား။ မင်းတို့တွေက ဒီမိန်းကလေးကို ကြယ်ပျံအိမ်တော်ဆီ လက်ဆောင်အနေနဲ့ ပေးလိုက်ရင်တောင် သူတို့တွေက မင်းတို့တွေကို အထင်သေးနေဦးမှာပဲ။ အနှေးနဲ့အမြန် သူတို့ခြေထောက်အောက်မှာ မိုးမခတစ်ထောင်ဘုရားကျောင်းကို နင်းခြေလိမ့်မယ်။ ခင်ဗျားအသက်မငယ်တော့ဘူး။ ဒီလောက်သိမှာတော့ ကြိမ်းသေတယ်မလား” ဤကမ္ဘာကြီးထဲတွင် အားနည်းရသည့် အကြောင်းအရင်းကို သူ့ထက်ပိုသိသည့်သူ မရှိတော့ပေ။ သူသည် စတင်မကျင့်ကြံခင်တည်းက လမ်းပေါ်၌ သူတောင်းစားများက သူ့ကို နင်းခြေသွားသည်။ သို့သော် ငရဲဂိုဏ်း၏ဂိုဏ်းချုပ် ဖြစ်လာချိန်တွင် ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူတောင် သူ့ကို ရှောင်သွားရ၏။ အမှန်တရားက လက်သီးပိုကြီးသည့်လူဖက်တွင် ရှိသည်။
ထျန်းပုကျီက ယင်းကို နားလည်၏။ သူက သက်ပြင်းချကာ မေးလိုက်တော့သည်။ “မင်းတို့တွေ ဘယ်ကနေ လာတာလဲ”
ယခုအချိန်ထိတောင် ဆန်းကြယ်သည့်လူနှစ်ယောက်အကြောင်း ဘာမှမသိပေ။ သူတို့သည် ကျီဖုန်းရှင်း၏ အစ်ကိုကြီးများဆိုတာ သူ မယုံကြည်။
ယွီကျန့်ဟိုင်က ပြောလိုက်သည်။
“ဒါ အရေးမကြီးဘူး။ မင်း သိဖို့လိုတာက ကျုပ်ရဲ့ရှစ်စွင်းက ဒီမှာ ရှိနေရင် ကြယ်ပျံအိမ်တော်ရဲ့ ယဲ့ကျန်းတောင် သူ့ကိုယ်သူ ထိန်းထိန်းသိမ်းသိမ်းပြုမူရမှာပဲ”
ထိုစကားကို ကြားသောအခါ ထျန်းပုကျီက စိတ်ထဲ တုန်ယင်သွားပေ၏။ သူ့ရှေ့ရှိ လူနှစ်ယောက်က ဆန်းကြယ်သည့် ဇာစ်မြစ်ရှိသည်။ သူတို့ယုံကြည်ချက်မရှိလျှင် ကြယ်ပျံအိမ်တော်ကို အဆင်အခြင်မဲ့စွာ မည်ကဲ့သို့ စိန်ခေါ်မည်နည်း။
“ငါနဲ့လိုက်ခဲ့” ထျန်းပုကျီက ဖိတ်ခေါ်သည့်ဟန် ပြုမူလိုက်သည်။ “မင်းတို့တွေက ဘုရားကျောင်းသခင်နဲ့ တွေ့သင့်လောက်တယ်” ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်က အကြည့်ချင်း ဖလှယ်လိုက်သည်။
“ဒါကောင်းတယ်”
ထျန်းပုကျီက လှည့်ထွက်သွား၏။
ကျီဖုန်းရှင်းသည် အားကျလွန်းသောကြောင့် မျက်လုံးပြုတ်ကျလုနီးပါးဖြစ်နေသည်။ သူ ဂိုဏ်းသို့ဝင်တာကြာပြီဖြစ်သော်ငြား အတွင်းစည်းတပည့်များ နေထိုင်ရာ နေရာသို့ ဝင်ခွင့်မရှိပေ။ သူ၏ အစ်ကိုကြီးသည် စကားတစ်ခွန်းထက် အနည်းငယ်သာ ပြောခဲ့သော်ငြား ဘုရားကျောင်းသခင်ကို တွေ့ခွင့်ရှိသည်။ ထင်သည့်အတိုင်းပေ အားနည်းသည်က အပြစ်တစ်ရပ်ဖြစ်သည်။
“အစ်ကိုကြီး၊ အကြီးဆုံးအစ်ကို ... ကျွန်တော် လိုက်လို့ရမလား” ကျီဖုန်းရှင်းက သူတို့နှစ်ယောက်ရှေ့တွင် ရပ်လျက် အရိုအသေပေးကာ မေးလိုက်သည်။ သူတို့ကို တင်းတင်းကြပ်ကြပ် ကိုင်ထားရမယ်။
ယွီရှန်းရုန်က ခပ်ယဲ့ယဲ့ပြုံးလိုက်၏။ “ဒါဆို အတူသွားကြတာပေါ့”
“ကျွန်မလည်း လိုက်မယ်” ဝူဝူက ခုံပေါ်က ဆင်းပြီး သူတို့နောက်က လိုက်လာသည်။
…
အခန်း (၆၈၇) အကျော်အမော်များကြားရှိ တိုက်ပွဲတစ်ပွဲ
အတိတ်တုန်းကသာဆိုရင် ကျီဖုန်းရှင်းကဲ့သို့တပည့်တစ်ယောက်သည် အထဲသို့ဝင်ရန် အခွင့်အရေး ရှိမှာမဟုတ်ပေ။ ယခုလိုအချိန်က မတူညီတော့ပေ။ ဆိုရလျှင် သူ့ဘေးတွင်ရှိသည့် အကျော်အမော်များဖြင့် ထျန်ပုကျီက ထိုကဲ့သို့ကိစ္စအသေးအမွှားလေးအတွက် စည်းမျဉ်းစည်းကမ်းများ ကန့်သတ်နေမှာမဟုတ်ပေ။ ယင်းက အရေးကြီးသည့်ကိစ္စဖြစ်သည်။ သူ ဂရုမစိုက်မိလျှင် မိုးမခတစ်ထောင်ဘုရားကျောင်းက ဆွဲချခံရလောက်သည်။
မိုးမခတစ်ထောင်ဘုရားကျောင်း၏ မျှတရေးခန်းမရှေ့တွင်ဖြစ်သည်။
အတွင်းစည်းတပည့်ရာကျော်က ရင်ပြင်၌ လေ့ကျင့်နေသည်။
“အကြီးအကဲထန်း”
“အကြီးအကဲထျန်း”
တပည့်များသည် ထျန်းပုကျီကို မြင်သောအခါ နှုတ်ဆက်ကြလေ၏။
ထျန်းပုကျီက ခေါင်းညိတ်ပြီးနောက် လက်နောက်ပစ်ကာ ဆက်လျှောက်သွားသည်။
ထျန်းပုကျီက အတွင်းစည်းတပည့်များနောက်မှ လိုက်လာသော ကျီဖုန်းရှင်းကို မြင်သောအခါ ထိတ်လန့်သွား၏။ မည်သို့သောအခြေအနေသည် အပြင်စည်းတပည့်တစ်ယောက်ကို မျှတရေးခန်းမဆောင်တွင် ဝင်လာခွင့်ပေးကြောင်း သိချင်နေကြသည်။ သူတို့ သံသယဝင်နေကြသော်ငြား ထျန်းပုကျီက ဦးဆောင်လေရာ မည်သူမှ ရှေ့မထွက်ရဲချေ။
ကျီဖုန်းရှင်းသည် စေ့စေ့စပ်စပ်ကြည့်နေပြီး အကဲခတ်သည့်အကြည့်များ ခံစားမိသည့်အခါ အနည်းငယ် မဝံ့မရဲဖြစ်သွားပြီး အမြန်လျှောက်လိုက်၏။
နောက်ကနေ လမ်းလျှောက်သည့် ဝူဝူသည် အတွင်းစည်းတပည့်များထဲမှ တစ်ယောက်တားတာ ခံလိုက်ရ၏။ “ဝူဝူ ... အဲ့တာ ဘယ်သူလဲ”
ဝူဝူသည် ယွီရှန်းရုန်၏နောက်ကျောကို လက်ညှိုးထိုးပြကာပြောလိုက်သည်။ "အစ်ကိုကြီးလား။ သူက ဓားအကျော်အမော်တစ်ယောက်လေ”
“သူက ကြယ်ပျံအိမ်တော်နဲ့ ပဋိပက္ခဖြစ်ခဲ့တဲ့အပြင်လူလား”
“အပြင်လူဆိုတာ ဘယ်သူလဲ” ဝူဝူက မေးလိုက်ပြီး ဇဝေဇဝါဖြစ်သွား၏။
“ဝူဝူ မင်း ဘယ်လိုလုပ် မသိရတာလဲ။ သူ့ကြောင့် ကြယ်ပျံအိမ်တော်က မိုးမခတစ်ထောင်ဘုရားကျောင်းကို ပြဿနာလာရှာနေပြီ။ အစောတုန်းက ဒီကိုကြည့် ... တာအိုဆရာရွှမ်မင် ရောက်လာတယ်လို့ကြားမိတယ်။ သူ ဒေါသတကြီးထွက်သွားတာ”
“အင်း ... သူ ခံသင့်တယ်လေ” ဝူဝူသည် အတွင်းစည်းတပည့်ကို အချိန်ဖြုန်းမနေတော့ဘဲ ကျန်သည့်သူများဆီအမြန်လိုက်သွား၏။
အတွင်းစည်းတပည့်များက ခေါင်းခါလိုက်ကြသည်။ “တခြားအကြီးအကဲတွေကို အကြောင်းကြားရမယ်”
မျှတရေးခန်းမဆောင်သည် အရှေ့တောင်အရပ်တွင် ရှိပေ၏။ ယင်းသည် ခမ်းနားထည်ဝါသော်ငြား တစ်ချိန်တည်းတွင် ကြည်လင်အေးချမ်းနေ၏။
အတွင်းစည်းတပည့်များကတောင် သင့်တော်သည့်အကြောင်းအရင်းမရှိဘဲ ဝင်ခွင့်မရှိပေ။
ပတ်ဝန်းကျင်က တိတ်ဆိတ်နေလျက် နေရောင်ကဖြာကျနေသည်။
ဤနေရာက မိုးမခတစ်ထောင်ဘုရားကျောင်းတွင် အကောင်းဆုံးနေရာဖြစ်ပေသည်။
သူတို့ခန်းမထဲသို့ဝင်လိုက်သောအခါ အတော်လေးလက်ခံနိုင်ဖွယ်ရာကိုတွေ့လိုက်ရသည်။
ခန်းမထဲတွင် ဆံပင်ဖြူဖြင့်အဖိုးအိုတစ်ယောက်သည် တင်ပလင်ခွေချိတ်ထိုင်နေ၏။ သူ၏လက်ပေါ်တွင် မြင်းမြီးတုတ်ရှိသည်။ သူသည် နှစ်လှမ်းမျှသာလှမ်းလာသော်ငြား အားလုံးအထက်တွင် ရှိနေပုံရ၏။
“ရောက်လာပြီလား” အဘိုးအိုသည် မျက်လုံးတောင်ဖွင့်မကြည့်ဘဲပြောလိုက်သည်။
“ဘုရားကျောင်းခေါင်းဆောင် ... ဧည့်သည်အားလုံးရောက်လာပါပြီ” ထျန်းပုကျီက သူတို့ရောက်လာကြောင်း ကြေညာပြီးဘေးသို့ဆုတ်သွားသည်။
ဘုရားကျောင်းသခင်ရှားချန်းချိုးက မျက်လုံးဖွင့်လျက်နှစ်ယောက်ကို ကြည့်လိုက်သည်။
ဘယ်ဖက်ခြမ်းတွင် ယွီကျန့်ဟိုင်က ကျောမတ်မတ်ရပ်နေပြီး လက်နောက်ပစ်ထားလေ၏။ သူသည် အခန်းထဲရှိ အသန်မာဆုံးလူနှင့်တူသည်။
ညာဖက်ခြမ်းတွင် ယွီရှန်းရုန်က ရပ်နေ၏။ သူ၏မျက်နှာထက်တွင် အပြုံးဖျော့ဖျော့တစ်ပွင့် ရှိနေလေသည်။
နှစ်ယောက်သည် သူတို့အရိုးထဲတွင်စွဲနေပုံပေါ်သော ယုံကြည်ချက်နှင့် ဂုဏ်သိက္ခာတို့ ကိန်းအောင်းနေတာ ဆင်တူ၏။
ခန်းမက တိတ်ဆိတ်သွားသည်။
ခဏအကြာတွင် ဘုရားကျောင်းသခင် ရှားချန်းချိုးက ပြောသည်။ “မင်းတို့တွေ ဘာကိစ္စနဲ့ ဒီကိုရောက်လာတာလဲ”
ယွီရှန်းရုန်က ပြောလိုက်၏။
"ကျုပ်ရဲ့တာ့ရှစ်ရှိုးနဲ့ ကျုပ်က ဒီမှာ ရက်အနည်းငယ်လောက် တည်းခိုချင်လို့ပါ။ အခွင့်မရှိဘဲ ကျူးကျော်လာခဲ့မိတာ ခွင့်လွှတ်ပါ”
“ဂုဏ်သရေရှိဧည့်သည်တွေ လာလည်တဲ့အချိန် နေရာထိုင်ခင်းပေးတာက သဘာဝပါပဲ”
“ကျေးဇူးပါ” ယွီရှန်းရုန်က ခေါင်းအနည်းငယ်ညိတ်လိုက်၏။
“ဘာကြောင့်များ တာအိုဆရာကို သတ်လိုက်တာပါလဲ လူကြီးမင်း။" ရှားချန်းချိုးသည် ယွီရှန်းရုန်ကို ကြည့်လိုက်သည်။
ယွီရှန်းရုန်သည် ရှားချန်းချိုး၏ စိတ်ခံစားချက်အနည်းငယ်ပြောင်းလဲသွားတာကို ခံစားမိပြီး မေးလိုက်၏။ “ခင်ဗျား ကြောက်တာလား”
မိုးမခတစ်ထောင်ဘုရားကျောင်းသည် ကြယ်ပျံအိမ်တော်ကို မကြောက်ရွံ့လျှင် ရှားချန်းချိုးက ဤကိစ္စကို လက်လျှော့ရန်အတွက် ထိုစကားများကို ပြောနေသည်လော။
ကျီဖုန်းရှင်းနှင့် ဝူဝူက ထိတ်လန့်အံ့အားသင့်သွား၏။ သူတို့က အထဲသို့အမြန်ဝင်လာသည်။ ယွီရှန်းရုန်သည် ဘုရားကျောင်းသခင်ကို ထိုမျှပွင့်လင်းလိမ့်မည်ဟု မထင်ထားပေ။
“ဘုရားကျောင်းသခင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ကျုပ်ရဲ့အစ်ကိုကြီးက ဒီမှာအသစ်ဆိုတော့ မိုးမခတစ်ထောင်ဘုရားကျောင်းရဲ့စည်းမျဉ်းတွေကို မသိဘူး။ ကျေးဇူးပြုပြီး သက်ညှာပေးပါ” ကျီဖုန်းရှင်းက မြေပြင်ပေါ်တွင် ဝပ်တွားနေပြီး တုန်ယင်နေ၏။
ဝူဝူကဝ ပ်တွားခြင်း မပြုသည့်တိုင် ဒူးထောက်လိုက်၏။ သူမသည် ရှားချန်းချိုးကိုကြည့်ပြီး ပြောလိုက်၏။ “အစ်ကိုကြီးက လူကောင်းတစ်ယောက်ပါ”
ရှားချန်းချိုးက သူတို့မောင်နှမ နှစ်ယောက်ကို လျစ်လျူရှုပြီး ယွီရှန်းရုန်ကို ကြည့်လိုက်၏။ အတန်ကြာပြီးနောက် သက်ပြင်းချကာ ပြောလိုက်သည်။
“မင်း ငယ်ရွယ်သေးတယ်” သူ၏မျက်နှာထက်တွင် ငြီးငွေ့မှု တစွန်းတစ ပေါ်လာပြီးပြောလိုက်သည်။
“တကယ်ပဲ ငယ်ရွယ်ချိန်မှာ မောက်မာထောင်လွှားပြီး အဆင်အခြင်မဲ့တာ သဘာဝပဲ။ ဒါပေမဲ့ ကိစ္စတွေက မရိုးရှင်းဘူး”
ယွီကျန့်ဟိုင်က ကျယ်လောင်စွာမေးလိုက်မိ၏။ “ဘာကရှုပ်ထွေးနေတာလဲ”
ရှားချန်းချိုးသည် ယွီရှန်းရုန်ကို မဖြေပေ။ ထိုအစားသူက မေးလိုက်၏။ “မင်းက န၀မဘုံကျောင်းကလား"
ဆိုရိုးစကားရှိသည့်အတိုင်း အကျိုးအမြတ်မရနိုင်လျှင် နံနက်စောစော၌ မမြင့်တတ်နိုင်။ ရှင်းလင်းနေသော ဂူထဲ၌ လေပြေမရှိနိုင်။ အရာအားလုံးက အကြောင်းအရင်းတစ်ခုရှိသည်။
ထိုစဉ် ယွီကျန့်ဟိုင်က ရှေ့တိုးကာ ရှားချန်းချိုးနှင့် မျက်နှာချင်းဆိုင်လိုက်၏။
“ကျုပ်တို့ရဲ့ဇာစ်မြစ်က အရေးမကြီးပါဘူး။ ခင်ဗျားက မိုးမခတစ်ထောင်ဘုရားကျောင်းသခင်ပဲ။ ဒီတော့ ဒီအကြောင်း သိထားရမှာပေါ့။ ခင်ဗျားတို့ရဲ့ရန်သူရဲ့ ရန်သူက မိတ်ဆွေပဲ”
ထိုစကားကို ကြားသောအခါ ရှားချန်းချိုး၏ခြေထောက်က လှုပ်သွား၏။ သူက ယွီကျန့်ဟိုင်ကိုကြည့်ကာ လက်ဆန့်ထုတ်လိုက်သည်။
“ဘုရားကျောင်းသခင်”
“တာ့ရှစ်ရှိုး”
ယွီကျန့်ဟိုင်သည် သာသာလေး တွန်းထုတ်ခံရပြီး သူ၏လက်က လက်နောက်ပစ်ထားလျက်ရှိသည်။ သူ၏ဘေးနှစ်ဖက်ကနေ အလင်းတန်းများ ဖြတ်ကျော်သွား၏။
ရှားချန်းချိုးက ညာဖက်လက်ဖဝါးကို ရှေ့သိုတွန်းချလိုက်၏။
သူတို့သည် တခဏအတွင်း မျှတရေးခန်းမဆောင်ထဲမှ ထွက်သွားကာ ရင်ပြင်ပေါ် ရောက်သွားပြီဖြစ်သည်။
ယွီကျန့်ဟိုင်က နဂါးတစ်ကောင်ပမာ လှုပ်ရှားလိုက်၏။ သူသည် ရင်ပြင်ရှိဧရာမ ဇောက်နက်နေရာဆီ ကျရောက်လာ၏။
ရှားချန်းချိုးက လက်ချောင်းဆန့်ထုတ်လိုက်လေ၏။ “အကောင်းဆုံးက ရေလိုပဲ”
ရှားချန်းချိုး၏ လက်ချောင်းများသည် အနီရောင်အလင်းတောက်ပလာလျက် ဓာတ်ကြီးငါးပါးကို ပြသလိုက်သည်။
အတွင်းစည်းတပည့်များနှင့် အကြီးအကဲများက အမြန်စုဝေးလျက်မော့ကြည့်လာသည်။
ယွီကျန့်ဟိုင်သည် သူ၏လက်ဝါးကိုဆန့်ထုတ်ကာ ကနဦးချီကပေါ်လာသည်။
ဘန်း
သူတို့လက်ဝါးများ ဆုံတွေ့သွားသည်။
ယွီကျန့်ဟိုင်သည် လက်ဝါးစည်းတံဆိပ်ကို မထုတ်ခဲ့ပေ။ သူသည် လက်ဗလာဖြင့် ရှားချန်းချိုး၏ လက်ဝါးနှင့်ထိပ်တိုက်တိုးလိုက်သည်။ လေများတိုးဝှေ့လာပြီး ဇောက်နက်ကို ထိမိသွား၏။
ကျန်သည့်သူများက ထိတ်လန့်လာသည်။
“အဲဒါ ဘုရားကျောင်းသခင်ပဲ”
“ဘယ်သူက ဘုရားကျောင်းသခင်ကို စိန်ခေါ်ရလောက်အောင်ရဲတင်းတာလဲ”
အကြီးအကဲများရှေ့တိုးလာရာ ဒယ်စောက်ပေါ်၌ အရပ်မြင့်မြင့်ကြွက်သားများဖြင့်လူကို တွေ့လိုက်ရသည်။ သူက လက်တစ်ဖက်နောက်ပစ်ထားလျက် ကျန်လက်တစ်ဖက်ကိုသာ ထုတ်ထားသည်။ ဘုရားကျောင်းသခင်ကို သူ ဖိနှိပ်နေပုံရ၏။ ဤလူက မည်သူနည်း။
ရှားချန်းချိုးက ထိတ်လန့်သွား၏။ သူကမော့ကြည့်ပြီးနောက် ပြောလိုက်၏။ “မင်း ဘာကြောင့် လက်ဝါးစည်းတံဆိပ်မသုံးတာလဲ”
ယွီကျန့်ဟိုင်က ခပ်ရေးရေးပြုံးလိုက်ပြီးနောက် ပြောလိုက်တော့၏။
“မလိုအပ်လို့လေ”
“မောင်ရင် မင်းက သိတာနည်းလွန်းတယ်” ရှားချန်းချိုးက လက်သီးဆုပ်လိုက်၏။
ဟမ်
ဘန်း
ရှားချန်းချိုး၏လက်သီးထဲရှိအားက ပိုသန်မာလာပြီးရှေ့သို့ပေါ်ထွက်လာသည်။
ယွီကျန့်ဟိုင်က ခြေထောက်မြှောက်ကာ ကန်ထုတ်လိုက်သည်။
ဘုန်း
ဒယ်စောက်ကလည်သွားပြီး လက်ဝါးစည်းတံဆိပ်ကို ရိုက်ထုတ်လိုက်သည်။
ဘန်း
လက်ဝါးစည်းတံဆိပ်သည် ဒယ်စောက်ပေါ်၌ ၎င်း၏အမှတ်အသားကိုချန်ရစ်ခဲ့သည်။
ပြီးနောက် ရှားချန်းချိုးသည်အမြန်လှုပ်ရှားလိုက်သည်။ သူက ဘယ်လက်ရှိမြင်းမြီးတုတ်ကို ဝှေ့ယမ်းလိုက်သည်။
အနီရောင်ဖိအားသည် ယွီကျန့်ဟိုင်ဆီသို့ လေပြင်းပမာတိုးဝင်သွား၏။
ယင်းကို ယွီရှန်းရုန်က ပြုံးပြီးပြောလိုက်သည်။ "မင်း မဖြေရှင်းနိုင်ရင် ငါ့ကို ခွင့်ပြုပေး”
ယွီကျန့်ဟိုင်က ပြောလိုက်၏။ "ငါ မဖြေရှင်းနိုင်ဘူးလို့ ဘယ်သူကပြောလဲ။ အနီးကပ်ကြည့်” သူ၏လက်ဖဝါးကို ထပ်တွန်းထုတ်လိုက်သည်။
ရှားချန်းချိုး၏ခန္ဓာကိုယ်သည် အနီရောင်စွမ်းအင်ဖြင့်ရှေ့သို့တက်လာ၏။ သူသည် ယွီကျန့်ဟိုင်ကို ဖယ်ရှားရန်ရည်ရွယ်ခဲ့သည်။
သို့သော် ယွီကျန့်ဟိုင်၏လက်ဝါးရိုက်ချက်က ကြမ်းကြုတ်လှပေ၏။ သူသည် သူ့ကိုလွှမ်းမိုးရန် ကြိုးစားနေသော အနီရောင်စွမ်းအင်ကို အတင်းဖိနှိပ်ထားသည်။
ရှားချန်းချိုးက ထပ်မံအရိုက်ခံလိုက်ရသည်။
ဖုန်း
သူတို့လက်ဝါးများ ထပ်မံဆုံတွေ့ပြီးနောက် ပြိုင်ဖက်နှစ်ယောက်လုံးနောက်သို့လွင့်သွားသည်။
ယွီကျန့်ဟိုင်က မြေပြင်ပေါ်ဆင်းသက်ကာ နောက်သို့ငါးလှမ်းခန့်ဆုတ်လိုက်ရသည်။ သူ၏လက်ဝါးများ ထုံကျဉ်နေ၏။
ရှားချန်းချိုးက မြေပြင်ပေါ်ဆင်းသက်ကာ နောက်သုံးလှမ်းဆုတ်လိုက်ရသည်။ သူ၏လက်မောင်း ထုံကျဉ်နေသည်။ သူက မျက်မှောင်ကျုံ့ကာ ယွီကျန့်ဟိုင်ကို ကြည့်လိုက်သည်။ နဝမဘုံကျောင်းမှာ ဒီလိုအကျော်အမော်တစ်ယောက် ဘယ်အချိန်က ရှိသွားတာလဲ။
တပည့်များနှင့် အကြီးအကဲများသည် အမြန်ရောက်လာ၏။
“ရာရာစစ မိုးမခတစ်ထောင်ဘုရားကျောင်းထဲမှာ ပြဿနာရှာရဲတယ်လား။ သူ့ကိုဆွဲထုတ်ကြ”
အကြီးအကဲများက မှန်ကန်ဖြောင့်မတ်သောလေသံဖြင့်ပြောလိုက်၏။
ကျီ ကျီ ကျီ
တပည့်များသည် သူတို့၏ဓားများကို ဆွဲထုတ်ကြသည်။
သို့သော် ရှားချန်းချိုးက လက်မြှောက်ကာ ပြောလိုက်သည်။ “ရပ်ကြ”
ကျန်သည့်သူများသည် အမိန့်ကြောင့် မှင်တက်သွားသည်။
သူတို့သည် တွန့်တွန့်ဆုတ်ဆုတ်ဖြင့် ဓားပြန်သိမ်းလိုက်သည်။
ထိုစဉ် ယွီရှန်းရုန်က ပြိုင်ဘက်နှစ်ယောက်ကြား ရပ်လိုက်၏။ သူက ယွီရှန်းရုန်ကို ကြည့်ပြီး ပြောလိုက်တော့သည်။ “တာ့ရှစ်ရှိုး သူနဲ့ယှဉ်ရင် ရှစ်ရှိုး နောက်တစ်လှမ်းပိုဆုတ်လိုက်ရတယ်”
ယွီကျန့်ဟိုင်၏ နားရွက်များအနည်းငယ်နီသွားကာပြောလိုက်သည်။ “ဒါ ထည့်မတွက်ဘူး။ ငါ အားကုန်မှ မသုံးထားတာ။ ငါ ပြန်ယှဉ်ချင်တယ်”
ထိုစဉ် ရှားချန်းချိုးက သူ့ယုံကြည်မှုမှတစ်ဝက်ကို ယူဆောင်သွားသည်။
ဒီလူက ကြမ်းတမ်းလိုက်တာ။
တကယ်တော့ ယွီကျန့်ဟိုင်သည် အားကုန်မသုံးခဲ့ပေ။ သူ၏စွမ်းအင်ကို မသုံးခဲ့သလို လက်နက်လည်း မသုံးခဲ့ပေ။ သို့သော် သူသည် ရှားချန်းချိုးကို လျှော့တွက်ခဲ့မိတာ ဝန်ခံရမည်။
ထိုစဉ် ယွီရှန်းရုန်က ရှားချန်းချိုးဖက်လှည့်လာ၏။ သူက ညာလက်ဆန့်ထုတ်ကာ အပြုံးဖြင့် ပြောလိုက်၏။ "လာခဲ့လေ”
ရှားချန်းချိုးက ခေါင်းအနည်းငယ်ခါပြီးပြောလိုက်၏။ "တိုက်ခိုက်တဲ့အချိန်မှာ မင်းရဲ့ဆရာ ဘယ်သူလဲဆိုတာ ရှာဖို့ကြိုးစားခဲ့ရုံပဲ။ မကောင်းတဲ့စိတ်မရှိဘူး။ နောက်ထပ်တိုက်ခိုက်ဖို့မလိုဘူး”