← Chapters

အခန်း (၆၉၇-၆၉၉)

Vol. 47 Ch. 697-699

အခန်း (၆၉၇-၆၉၉)

Vol. 47 Ch. 697-699

အခန်း (၆၉၇) ကမ္ဘာကြီးကို ဟောကြားပေးခြင်း အပိုင်း ၂

ကျင့်ကြံသူများသည် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြလေ၏။ သူတို့အားလုံးသည် စီရင်စု ကိုးခုနှင့် အဓိက ဂိုဏ်းများမှ ရောက်လာတာဖြစ်သည်။ အံ့ဖွယ်မြို့တော်က အကျော်အမော်များစွာက ဤနေရာတွင် စုဝေးနေလေ၏။ သူတို့က ကြောက်လန့်နေကာ တလေးတစားရှိနေကြသည်။

သူတို့သည် ရွှေနန်းဥယျာဉ်တောင်ပေါ်တွင် ရှိနေသော မိစ္ဆာဝေဟင်မျှော်နန်းကို ကြည့်လိုက်ကြ၏။ နှစ်ပေါင်းများစွာကြာအောင် သူတို့သည် မိစ္ဆာဝေဟင်မျှော်နန်းက ယနေ့လောက် ပြိုင်ဘက်ကင်းသည်ဟု မခံစားရဖူးပေ။

ရွှေနန်းဥယျာဉ်တောင်သည် မတ်စောက်သည်လည်း မဟုတ် သို့သော် မြင့်မားသည်လည်း မဟုတ်ပေ။ သို့သော် ကျင့်ကြံသူများသည် အားလုံးကို လေးစားကြောက်ရွံ့နေခြင်းကို ရပ်တန့်နိုင်ခြင်း မရှိပေ။ သူတို့သည် ဤနေရာရှိ သစ်ပင်ပန်းမန်များကိုတောင် မထိကြပေ။

ယခုအချိန်၌ မင်ရှင်ရင်နှင့် စီးဝူယာ့သည် တောင်အောက်သို့ ဆင်းလာ၏။

ကျင့်ကြံသူများသည် သူတို့၏ မျက်နှာထက်တွင် လေးစားကြောက်ရွံ့သော အမူအရာဖြင့် မော့ကြည့်လိုက်သည်။

ပေဖြူလွှာစာရင်းရှိ ပထမဆုံးလူ ရှန်းလွမ်ရှို့က ပြောလိုက်၏။

“သူတို့က မိစ္ဆာဝေဟင်မျှော်နန်းရဲ့ စတုတ္ထသခင်လေးနဲ့ တတိယသခင်လေးပဲ”

ကျန်သည့်သူများက ခေါင်းညိတ်လိုက်သည်။

ဂိုဏ်းသုံးဂိုဏ်းမှ နန်ကုံးဝေနှင့် ဖုန်းယီကျစ်တို့က တစ်ပြိုင်နက်တည်း လက်သီးဆုပ်လိုက်၏။

“စတုတ္ထသခင်လေး၊ သတ္တမသခင်လေး”

ကျန်သည့်သူများသည် သူတို့ကို နှုတ်ဆက်ကြသည်။

မင်ရှစ်ရင်နှင့် စီးဝူယာ့သည် အရံအတားအတွင်းဖက်သို့ ပြန်ထွက်သွားသည်။ သူတို့သည် ရှိနေသာ ကျင့်ကြံသူများကို ကြည့်လိုက်၏။

စီးဝူယာ့က မျက်မှောင် အနည်းငယ်ကျုံ့သွားတော့သည်။ သူတို့၏ အရေအတွက်က သူ ထင်ထားတက် ပို၏။ မိစ္ဆာဝေဟင်မျှော်နန်း၌ မျှော်နန်းလေးခုရှိသော်ငြား ဤနေရာ၌ ကျင့်ကြံသူ ထောင်ချီရှိနေသည်။ မျှော်နန်းထဲ သူတို့ဝင်ခဲ့လျှင်တောင် တိုးကြိတ်နေခြင်းက မသက်မသာ ဖြစ်လိမ့်မည်။

အချို့သော ကျင့်ကြံသူများက သူတို့ဖာသာ တီးတိုးဆွေးနွေးကြလေ၏။

“ဒါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ သတ္တမသခင်လေးပဲ။ သူက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ဉာဏ်ပညာပဲ။ သူက ထောက်လှမ်းရေးတွေရှိတယ်”

“ဒါက စတုတ္ထသခင်လေး ... သူက ဦးနှောက်ရှိတယ်။ ဉာဏ်လည်းပြေးတယ်။ သူ့အားနည်းတဲ့ ကျင့်ကြံဆင့်ကြောင့် အရူးလုပ်မခံနဲ့။ သူက သူ့ထက်ပိုအစွမ်းထက်တဲ့ ရန်သူတွေကို အမြဲအနိုင်ယူခဲ့တာ”

ထိုစဉ် စီးဝူယာ့သည် ကနဦးချီဖြင့် သူ၏အသံကို သုံးပြီးပြောလိုက်သည်။ “တိတ်ကြတော့”

ဆူညံနေသော လူအုပ်ကြီးသည် ချက်ချင်း တိတ်ဆိတ်သွားကာ စီးဝူယာ့ကို ကြည့်လိုက်သည်။

စီးဝူယာ့သည် လူအုပ်ကြီးကို ကြည့်ပြီး ပြောလိုက်လေ၏။

“ကျုပ်ရဲ့ ရှစ်စွင်းက ကမ္ဘာကြီးဆီ ဟောကြားပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါမှ လူတိုင်းရဲ့ ကျင့်ကြံဆင့်တွေ တတ်နိုင်သမျှ မြန်မြန်တိုးတက်နိုင်ပြီး သားရဲတွေကို ရင်ဆိုင်တိုက်ခိုက်နိုင်မှာ။ ဒီနေရာမှာရှိတဲ့ သူတိုင်းက မန်မန်းတွေနဲ့ ချုံချီရဲ့ တိုက်ခိုက်မှုကို သတိပြုမိမယ်ဆိုတာ ကြိမ်းသေတယ်။ အဲ့ဒီအကြောင်း အသေးစိတ်မပြောတော့ဘူး။ ဟောကြားတဲ့နေရာမှာ သူ့ရဲ့ အဓိပ္ပာယ်တစ်ခုပဲ ရှိပြီသား။ လူတိုင်းပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်နိုင်မယ်လို့ အာမမခံနိုင်ဘူး။ ခင်ဗျားတို့ကို ကျုပ်ဆရာရဲ့ ဆန္ဒအတိုင်း တောင်ပေါ်ကို ခေါ်သွားပေးမယ်။ ဒါပေမဲ့ မတိုင်မီခင် ကိစ္စတစ်ခုကို ရှင်းလင်းအောင် အရင်လုပ်ရမယ်”

ထိုစဉ် စီးဝူယာ့၏အသံသည် လေးနက်လာပြီး တည်တင်းစွာ ပြောလိုက်၏။ "ဝင်တဲ့သူတွေက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ စည်းမျဉ်းကို လိုက်နာရမယ်။ ဆူညံဆူညံမလုပ်ရဘူး။ ခိုက်ရန်ဖြစ်ပွားခြင်း မလုပ်ရဘူး။ ပျံသန်းတာ၊ အရှေ့ဖက်မျှော်နန်းနဲ့ တောင်ဖက်မျှော်နန်းနား မသွားရဘူး။ တောအုပ်နားလည်း မသွားရဘူး။ ဒီစည်းမျည်းတွေကို ချိုးဖြတ်တဲ့သူတွေက နောက်ဆက်တွဲကို ခံစားရမယ်”

စီးဝူယာ့ပြောပြီးနောက် ကျန်သည့်သူများက လက်ခံကြောင်း ခေါင်းညိတ်လိုက်သည်။

ထျန်းဂိုဏ်း၏ဂိုဏ်းချုပ် နန်ကုံးဝေက လက်သီးဆုပ်မိုးလျက် ပြောလိုက်သည်။

“ဒါ သဘာဝကျပါတယ်။ သင်ယူဖို့ ဒီနေရာကို လာပြီဆိုမှတော့ ကျုပ်တို့ရဲ့နေရာတွေကို လျစ်လျူရှုထားရမှာပေါ့။ ဒါ့အပြင် ဒီနေရာက မိစ္ဆာဝေဟင်မျှော်နန်းလေ။ စည်းမျဉ်းတွေကို ဘယ်သူက ဆန့်ကျင်ရဲမှာလဲ” သူက ကျယ်လောင်ပြီး ကြည်လင်သော အသံဖြင့်ပြောလိုက်၏။

“အဟုတ်ပဲ စည်းမျဉ်းမရှိရင် အမိန့်မရှိနိုင်ဘူး။ ပရမ်းပတာဖြစ်နေတဲ့ အခြေအနေတစ်ခုမှာ သင်ယူလို့ရမှာမဟုတ်ဘူး။ သတ္တမသခင်လေးက ဉာဏ်ပညာကြီးတဲ့လူပါ”

“ကျုပ် လက်ခံတယ်”

“ကျုပ် အပြည့်အဝလက်ခံတယ်”

ကျင့်ကြံသူအများစုက လက်မြှောက်ပြီး လက်ခံကြသည်။

မင်ရှစ်ရင်သည် စီးဝူယာ့သာ ကြားနိုင်သောအသံဖြင့် တိုးတိုးလေးမေးလိုက်သည်။ “ငါတို့မှာ ဒီစည်းမျဉ်းတွေ ဘယ်အချိန်က ရှိသွားတာလဲ”

“အခုလေးတင်ပဲ” စီးဝူယာ့က တည်ငြိမ်သော အသံဖြင့် ပြန်ပြောလိုက်၏။

“...” မင်ရှစ်ရင်သည် သူ့ကို လက်မထောင်ပြလိုက်၏။ ‘မင်းက တကယ့်ကောင်ပဲ’ ဟူ၍ ပြောနေသော အသံဖြင့် တချက်သာကြည့်လိုက်သည်။

စီးဝူယာ့သည် ကျယ်လောင်သော အသံဖြင့် လူအုပ်ကြီးကို ကြည့်လိုက်သည်။ "ဟောကြားတဲ့ဖြစ်စဉ် အောင်မြင်အောင်အတွက် မိစ္ဆာဝေဟင်မျှော်နန်းထဲကို ဝင်တဲ့သူတွေက ဒီတောင်းဆိုချက်တွေ ပြည့်မှီရမယ်”

ကျင့်ကြံသူများသည် ၎င်းကို မျှော်လင့်ထားပြီး ဖြစ်ပုံရ၏။ လူတိုင်းသည် ဝင်ခွင့်မရှိမှန်း သိသည်။ ဤနေရာက မိစ္ဆာဝေဟင်မျှော်နန်းဖြစ်ပြီး မြို့ထဲရှိ လမ်းမဟုတ်ပေ။

“အရင်ဆုံး ပွင့်ချပ်ငါးလွှာအဆင့်နဲ့ အထက်က ဘယ်ဖက်ခြမ်းကိုရွှေ့ အရံအတားကို ဖြတ်ပြီး မင်းတို့ရဲ့ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်” စီးဝူယာ့က ပြောလိုက်၏။

ပြီးနောက် ကျင့်ကြံသူရာချီသည် ဘယ်ဖက်ခြမ်းသို့ စိတ်အားထက်သန်စွာ သွားလိုက်၏။

မည်သည့်အချိန် ဖြစ်စေကာမူ ပွင့်ချပ်ငါးလွှာအထက်ရှိ ကျင့်ကြံသူများသည် ကျင့်ကြံခြင်းလောက၌ အဓိက ထောက်တိုင်ပဲဖြစ်သည်။

ကျန်သည့်သူများသည် စိတ်ပျက်သွား၏။ သို့သော် နောက်ကွယ်ရှိ အကြောင်းကို သိသောကြောင့် စောဒက မတက်ပေ။

ဤအခြေအနေသည် ကျင့်ကြံသူအများစုကို စစ်ထုတ်ပေးရန်သာ ရှိသည်။

“ဒုတိယက အသက်ငါးဆယ်အောက်ငယ်ပြီး ပွင့်ချပ်ငါးလွှာနဲ့ ပွင့်ချပ်တစ်လွှာကြားက ညာဖက်ကိုရွေ့ အရံအတားကို ဖြတ်ကျော်ပြီး မင်းတို့ရဲ့ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်”

ဝှစ် ဝှစ် ဝှစ်

ယခုအခေါက်တွင် ကျင့်ကြံသူ ဒါဇင်ခန့်ကသာ ညာဖက်ခြမ်းသို့ ရွေ့သွား၏။ သို့သော် ဘယ်ဖက်ခြမ်းတွင် ရပ်နေသော ကျင့်ကြံသူများထက် စိတ်အားထက်သန်မှု မလျော့ပေ။

“တတိယက ဆယ်နှစ်အတွင်း နတ်ဒေဝါဦးတည်နယ်ပယ်ကို ဝင်ခဲ့တဲ့သူ ဒါမှမဟုတ် ငါးနှစ်အတွင်း ဗြဟ္မာပင်လယ်နယ်ပယ်ကို ဝင်ခဲ့တဲ့သူတွေက အလယ်ကိုရွေ့ အရံအတားကို ဖြတ်ကျော်ပြီး မင်းတို့ရဲ့ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်ပါ” ယခုအခေါက်တွင်မူ ကျင့်ကြံသူ သုံးယောက်သာ ရှေ့တက်လာပြီး အလယ်ကိုရွေ့သွားလိုက်၏။ ထိုစဉ် သတ်မှတ်ချက်များနှင့် မကိုက်ညီသည့်သူက ပြောလာ၏။

“သတ္တမသခင်လေး ကျွန်တော်တို့ရဲ့ ကျင့်ကြံဆင့်က အစစ်အမှန် ဟုတ်မဟုတ် ဘယ်လိုအကဲဖြတ်မှာပါလဲ။ ငါးနှစ်အတွင်း ဗြဟ္မာပင်လယ်နယ်ပယ်ကို ဝင်ခဲ့တယ်လို့ ကျွန်တော်လည်း ပြောနိုင်တာပဲ”

စီးဝူယာ့က ခေါင်းညိတ်ပြီးပြောလိုက်သည်။ “လူတစ်ယောက်ရဲ့ အရိုးကို ထိပြီး သူ့ရဲ့သက်တမ်းကို အကဲဖြတ်နိုင်တဲ့ နည်းရှိတယ်။ လိမ်တဲ့သူတွေက သူ့စရိတ်နဲ့သူ သွားမှာပဲ။ သူတို့ကို အငြိုးအတေး ထားမှာ မဟုတ်ဘူး”

ပြီးနောက် သူ၏ညာဖက်ရှိ လူများနှင့် သူ့ရှေ့ရှိလူများကို တချက်ကြည့်လိုက်သည်။

ညာဖက်ခြမ်းရှိ ကျင့်ကြံသူနှစ်ယောက်က တုန်ယင်သွားကာ ချက်ချင်းတောင်းပန်လိုက်၏။

“ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ သတ္တမသခင်လေး။ သက်ညှာပေးပါ။ အမှားလုပ်မိပါ့မယ် ကျွန်တော်တို့ ထွက်သွားပါ့မယ်” ကျန်သည့်သူများကလည်း ထိုနှစ်ယောက်ကို မျက်မှောင်ကျုံ့ကြည့်နေစဉ် သူတို့ကလည်း ထွက်သွားကြ၏။

တောအုပ်က ကျယ်ဝန်းချိန်၌ ငှက်မျိုးစုံရှိသည်။ နေကတောင် ၎င်း၏အရွယ်အစားဖြင့် ကမ္ဘာကြီး၏ တောင့်တိုင်းကို အလင်းမပေးနိုင်။

“ကျန်တဲ့သူတွေကိုတော့ ခင်ဗျားတို့လာတဲ့နေရာဆီ ပြန်သွားဖို့ ပြောချင်တယ်” စီးဝူယာ့သည် ပြောပြီးနောက် အရံအတားရှေ့သို့ သွားလိုက်သည်။

ရွေးချယ်ခံထားရသည့် ကျင့်ကြံသူများက သူ့နား၌ စုဝေးနေ၏။

ကျန်သည့် ကျင့်ကြံသူများသည် ချက်ချင်းမထွက်သွားပေ။ သူတို့က ရပ်ကြည့်နေကြသည်။

အရံအတား၏ ဝင်ပေါက်တွင် စီးဝူယာ့က ပြောလိုက်၏။ “ဒီလမ်းပါ”

ကျင့်ကြံသူများသည် အရံအတားထဲ ဝင်လိုက်တော့သည်။

“ထျန်းဂိုဏ်းရဲ့ နန်ကုန်းဝေ”

“ယွင်ဂိုဏ်းရဲ့ ဖုန်းယီကျစ်”

“ဖူးပွင့်အင်အားစုရဲ့ ကျန်းကျစ်ဆွေ့”

ကျင့်ကြံသူတိုင်းသည် သူတို့၏အမည်နှင့် သူတို့၏ ဂိုဏ်းအမည်များကို ကြေညာသည်။ တစ်ချိန်တည်းတွင် အရံအတားထဲသို့ မဝင်ခင် သူတို့၏ ခွန်အားကိုသက်သေပြရန် သူတို့၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်၏။

အချိန်တချို့ကြာပြီးနောက် ....

“ရှေးဟောင်းသူတော်စင်ဂိုဏ်းမှ ကျန့်ခိုက်" ကျန့်ခိုက်က သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်ကို ဆင့်ခေါ်လိုက်သည်။ စိတ်ဝိညာဉ်သဏ္ဌာန်လေးကိုသာ ထုတ်ဖော်ပြသည်နှင့် မတူဘဲ သူတစ်ဦးတည်းကသာ အရွယ်အစားအပြည့် စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်ဖော်ပြသတာ ဖြစ်၏။ ၎င်းက ပေတစ်ရာမြင့်သည်။

ထိုအနားရှိ လူအများကလည်း တအံ့တဩဖြစ်ကုန်ကြသည်။

လက်ရှိတွင် မိစ္ဆာဝေဟင်မျှော်နန်းသည် ‌ရွှေကြာနယ်မြေတွင် စုဝေးနေသည့် အကျော်အမော် အမြင့်ဆုံး အရေအတွက် ရှိသည့် နေရာဖြစ်သည်။ ၎င်းတို့၏ အကွာအဝေးကြောင့် ထုတ်မပြခဲ့သည့် အကျော်အမော်များနှင့် ပါရမီရှင် များစွာရှိ၏။

“ခဏလေး” စီးဝူယာ့က ပြောလိုက်သည်။

ရှေးဟောင်းသူတော်စင်ဂိုဏ်း၏ သခင် ကျန့်ခိုက်က မေးလိုက်သည်။

“တစ်ခုခုများ ရှိလို့လား။ သတ္တမသခင်လေး”

“ရှေးဟောင်းသူတော်စင်ဂိုဏ်းရဲ့သခင်က ကျူးထျန်းယွမ်လို့ကြားထားတယ်” စီးဝူယာ့က ပြောလိုက်သည်။

“ရှေးဟောင်းသူတော်စင်ဂိုဏ်းက ကျင့်ကြံခြင်းလောကကနေ ဆုတ်ခွာသွားခဲ့တာ နှစ်ပေါင်းများစွာ ကြာနေပါပြီ။ မိစ္ဆာဝေဟင်မျှော်နန်းက အဲ့ဒီအကြောင်းသိတာ အံ့ဩမိပါရဲ့။ ကျူးထျန်းယွမ်က အရင်ဂိုဏ်းသခင်ပါ။ သူက နှုတ်ထွက်သွားတာ ကြာပါပြီ” ကျန့်ခိုက်က ပြော၏။ သူ၏ စကားများအရ သူသည် ကျူးထျန်းယွမ်နှင့် မိစ္ဆာဝေဟင်မျှော်နန်းကြားရှိ ဆက်ဆံရေးကို သတိမပြုမိတာ သိသာသည်။

ယင်းက ကျိထျန်းတောက်သည် သူ၏တပည့်များကို ခေါ်ယူချိန်တွင် ပေးခဲ့သည့် ကတိနှင့် သက်ဆိုင်သည်။ မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်များသည် သူတို့အတိတ်နှင့် ချည်နှောင်မှုများကို ဖြတ်တောက်ရမည်။ သူတို့မိသားစုဝင်များလည်း ထိုအကြောင်းကို ပြောခွင့်မရှိပေ။ ကျန့်ခိုက်သည် ထိုအကြောင်းကို မသိတာ သဘာဝကျပေ၏။

“ကြွပါ” စီးဝူယာ့သည် ဖိတ်ခေါ်သည့်ဟန် ပြုမူလိုက်သည်။

မင်ရှစ်ရင်၏ မျက်နှာထက်တွင် သိချင်သော အမူအရာပေါ်လာသည်။ ပြီးနောက် သူက လေသံတိုးတိုးဖြင့် မေးလိုက်သည်။ “သူ့ကို ဘာကြောင့် ဝင်ခွင့်ပေးလိုက်တာလဲ”

“ကျူးထျန်းယွမ်က တောင်ပိုင်းမျှော်နန်းမှာရှိတယ်။ သူတို့ပြဿနာကို သူတို့ဖာသာ ဖြေရှင်းတာ ပိုမကောင်းဘူးလား” စီးဝူယာ့က မေးလိုက်၏။

“မင်း ပြောတာ အဓိပ္ပာယ်ရှိတယ်။ အကြံအစည်အရာမှာတော့ မင်းကို အားကိုးရဆုံးပဲ” မင်ရှစ်ရင်က ပြုံးပြီးပြောလိုက်၏။

မကြာမီ၌ ကျင့်ကြံသူများအားလုံးသည် အရံအတားထဲသို့ ဝင်လာ၏။

ဘယ်ဘက်ခြမ်းရှိ ပါရမီရှိသော ကျင့်ကြံသူများနှင့် အလယ်ရှိ ကျင့်ကြံသူများကလည်း ပြန်ဝင်လာတော့သည်။

နုနယ်ပြီး လှပပြီး သွင်ပြင်ရှိသည့် အမျိုးသမီးကျင့်ကြံသူများသည် သူတို့အရိုးကို စစ်ဆေးရန် သူတို့လက်ကို ပြင်ဆင်ထားလိုက်၏။

စီးဝူယာ့က ခေါင်းခါလိုက်သည်။ “ဝင်လို့ရပြီ” သူသည် သူတို့ကို ထိတောင်မထိဘဲ ဝင်ခွင့်ပေးလိုက်သည်။

“ဟ ... လောင်ချီ မင်း ဘယ်အချိန်ကစပြီး ကြောင်သူတော် ဆန်သွားတာလဲ။ မင်း ထိသင့်တဲ့အချိန်မှာ သူတို့ကို ဘာကြောင့် မစစ်ဆေးတာလဲ” မင်ရှစ်ရင်က ပြောလိုက်တော့၏။

စီးဝူယာ့သည် အသံတိုးတိုးဖြင့် ပြောလိုက်တော့သည်။ “အဲ့ဒီနည်းကို ကျွန်တော် လုပ်ထားတာလေ”

“မဟုတ်ဘူး။ အဲ့တာအမှန်လို့ ငါ ထင်နေတာလေ။ ရှက်မနေပါနဲ့ သွားလေ” မင်ရှစ်ရင်က ပြောလိုက်၏။

စီးဝူယာ့ “...”

သူသည် မင်ရှစ်ရင်ကို မဖျော်ဖြေချင်ပေ။

တစ်ချိန်တည်းတွင် အနီရောင်ကြာ လူရွယ်ကျင့်ကြံသူသည် အနီးရှိတောအုပ်ထဲကနေ အရံအတား ဖွင့်တာကို ကြည့်နေ၏။ သူက ရေရွတ်ပြောလိုက်တော့သည်။ “နောက်ထပ် နှစ်ရက်ပဲ”

…

အခန်း (၆၉၈) ကမ္ဘာကြီးကို ဟောကြားပေးခြင်း အပိုင်း ၃

လူရွယ်သည် ကျင့်ကြံသူများက အရံအတားအတွင်း ပျောက်ကွယ်သွားသည်အထိ ကြည့်နေပြီးနောက် လှည့်ထွက်သွားတော့သည်။ ဆိုရလျှင် သူသည် ဤနယ်မြေမှ မဟုတ်ပေ။ သူသည် ကျန်သည့်ကျင့်ကြံသူများကဲ့သို့ ရူးသွပ်ပြီး စိတ်ပြင်းပြမှုမရှိပေ။ နှစ်ရက်ကျန်သေး၏။ သူ ဤနေရာတွင် နေလည်း အကျိုးမထူးပေ။

တစ်ဖက်တွင်မူ ပွဲကြည့်ရန် ရောက်လာကြသည့် ကျင့်ကြံသူများနှင့် သိုင်းပညာရှင်များကို လေးစားကြသည့် ကျင့်ကြံသူများသည် မျှော်နန်းသခင်၏ ဟောကြားမှုကို နားမထောင်နိုင်လျှင်ပင် ထွက်မသွားကြပေ။

အရံအတားကို ဖြတ်ကျော်ပြီးနောက် ကျင့်ကြံသူများသည် ကတိအတိုင်း တောင်ပေါ်သို့ တက်လာကြသည်။ သူတို့သည် မောပန်းနွမ်းနယ်မှုမရှိ။ သူ့တို့ဖာသာ ပျော်ပျော်ရွှင်ရွှင် စကားစမြည် ပြောနေပြီး ရှုခင်းကို ကြည့်ရှုခံစားနေကြသည်။

တောင်၏အမြင့် ဖြစ်စေ၊ မတ်စောက်မှုဖြစ်စေ ရွှေနန်းဥယျာဉ်တောင်သည် ဂိုဏ်းသုံးဂိုဏ်းနှင့် ကွဲပြားပြီး ဤသို့သော ရွှေနန်းဥယျာဉ်တောင်၌ တပည့်များစွာ မရှိပေ။ တပည့်ပေါင်းသောင်းချီရှိသည့် ဂိုဏ်းသုံးဂိုဏ်းလောက် မကြီးမားပေ။ တောင်တစ်တောင်က ကျင့်ကြံသူများ၏ နှလုံးသားကို လေးစားကြောက်ရွံ့စေရန် လုံလောက်နေပြီဖြစ်၏။

ကျင့်ကြံသူများသည် တောင်တက်လမ်းတဝက်၌ ငွေရောင်မျက်နှာဖုံးဖြင့် လူတစ်ယောက်ကို တွေ့ရပေ၏။ သူသည် အဝေးရှိတောင်တန်းများကို ကြည့်လျက် ကျောဖက်သို့ လက်တစ်ဖက်နောက်ပစ်ကာ အနားယူနေလေသည်။

“ရှူး ... သူက လန်လော့။ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာတုန်းက ပေနက်လွှာက နံပါတ်တစ်ပဲ။ သူက အခု မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အကြီးအကဲတွေထဲက တစ်ယောက်ဖြစ်နေပြီ” ပြောလိုက်သည့်သူက ရှန့်လွမ်ရှိုးပဲဖြစ်သည်။

“ရှန့်လွမ်ရှိုး မင်း မိစ္ဆာဝေဟင်မျှော်နန်းအကြောင်း အများကြီး သိတာပဲ”

“ဒါက ကျုပ်ရဲ့မှတ်ဉာဏ်တွေကို သုံးနေရုံသာပဲ။ ဒါမှ သူတို့ရဲ့ ရုပ်ရည်သွင်ပြင်ပေါ် အခြေခံပြီး တပါးသူကို အထင်သေးတဲ့ တူညီတဲ့ အဆင့်နိမ့်အမှားမျိုး ထပ်မလုပ်မိမှာ” ရှန့်လွမ်ရှိုးက အရင်တုန်းက ဖြစ်ခဲ့တာကို တွေးမိပြီး ပြောလိုက်၏။ ထိုအချိန်မှစပြီး သူသည် မိစ္ဆာဝေဟင်မျှော်နန်းရှိ လူတိုင်း၏မျက်နှာကို မှတ်ဉာဏ်ထဲတွင် စွဲထင်နေအောင် မှတ်ထားပြီး မျှော်နန်းထဲသို့ မဝင်ခဲ့သည့် သူများကိုတောင် မှတ်ထား၏။ သူသည် လူတိုင်းထက် မိစ္ဆာဝေဟင်မျှော်နန်းအကြောင်း ပိုသိသည်ကို ဂုဏ်ယူမိ၏။

“မင်းက ပေဖြူလွှာက နံပါတ်တစ်ပဲ။ စီနီယာလန်လော့နဲ့ အဆင့်တူတယ်လို့ သတ်မှတ်လို့ရနိုင်တာပဲ။ ဘာကြောင့် သွားမနှုတ်ဆက်တာလဲ”

ရှန့်လွမ်ရှိုးက အနေခက်သွားတော့သည်။ “ကျုပ်ကို နောက်ပြောင်နေတာ ရပ်လိုက်ပါတော့။ သူ့ရဲ့ခွန်အားနဲ့ ထိပ်မှာ ရပ်တည်နေတာ။ ကျုပ်က ကြွားဝါပြီး ထိပ်ကို ရောက်လာယုံပဲ”

ကျန်သည့်သူများသည် ရယ်ရယ်မောမောဖြင့် တောင်ပေါ်သို့ ဆက်တက်သွားလိုက်ကြသည်။

သူတို့သည် လေထဲ၌ မိန်းမငယ်လေးနှစ်ယောက်ပျံဝဲနေတာကို မြင်ချိန်၌ ရှုမျှော်ဆောင်နား ရောက်နေပြီဖြစ်သည်။ ကျင့်ကြံသူများက ဇဝေဇဝါဖြစ်သွားသည်။

“ပျံသန်းခြင်းက ရွှေနန်းဥယျာဉ်တောင်ပေါ်မှာ တားမြစ်ထားကြတယ် မဟုတ်ဘူးလား”

ရှန်လွမ့်ရှိုးက ပြောလိုက်သည်။

“မအံ့ဩကြနဲ့။ အနီရောင်ပိုးဝတ်စုံနဲ့က နဝမသခင်မလေးပဲ။ သူ့ဘေးနားက တိမ်ယံငှက်မွှေးဝတ်စုံကို ဝတ်ထားတဲ့သူက သူ့ရဲ့ ညီမဖြစ်မယ်။ အသက်ငယ်တာကြောင့် သူတို့တွေက မဖြစ်နိုင်ဘူးလို့ မထင်လိုက်နဲ့။ မိစ္ဆာဝေဟင်မျှော်နန်းထဲမှာ တပည့်တွေအားလုံးက နဝမသခင်မလေးကို မျက်နှာချိုသွေးရဆုံးပဲ။ သူလုပ်သမျှကို အကြီးတွေက ထောက်ပံ့နေတာ။ ကြည့်လေ”

“...”

“ကြောက်ဖို့ကောင်းလိုက်တာ လူတိုင်းက ဒီမိန်းကလေးကို ချစ်မြတ်နိုးကြတယ်။ ဒါက ကြောက်ဖို့ကောင်းဖို့ လုံလောက်နေပြီ”

မိန်းကလေးနှစ်ယောက်သည် နတ်မိမယ်လေးများပမာ ကျော့ရှင်းစွာ ပျံသန်းနေ၏။ သူတို့သည် ငယ်ရွယ်သော်ငြား ပြိုင်စံရှားအလှကလေးများ ဖြစ်နေပြီးသားဖြစ်သည်။ ထိုသူတို့နှစ်ယောက်သည် သူတို့ရန်မစနိုင်သည့် ဘိုးဘေးလေးများလည်းဖြစ်သည်။

ရှန့်လွမ်ရှိုးက လမ်းလျှောက်တာ ရပ်လိုက်သည်။

သူသည် ရှောင်ယွမ်အာနောက်ရှိ ခရုလေးကို လေ့လာပြီး သူ၏မှတ်ဉာဏ်ထဲတွင် မှတ်သားထားလိုက်သည်။ ခရုလေးအကြောင်းကို သူ မသိသော်ငြား သူမ ဤနေရာတွင် နေနိုင်သောကြောင့် သူမ သာမန်မဟုတ်မှန်း သူ သိနေသည်။

ကျင့်ကြံသူများက ဆက်လျှောက်လိုက်၏။

“ဒါက မိစ္ဆာဝေဟင်မျှော်နန်းရဲ့ အဋ္ဌမသခင်လေး ... သူက ရူးကြောင်ကြောင်နိုင်ပုံပေါ်တယ်။ ဒါပေမဲ့ သူက နတ်ဒေဝါဦးတည်နယ်ပယ်မှာ ရှိနေတုန်းက ကျားတောင်ရိုးဂိုဏ်းခေါင်းဆောင်လေ။ သူ့ကို ပထမသခင်လေးနဲ့ သတ္တမသခင်လေးက တန်ဖိုးထားတယ်” ရှန့်လွမ်ရှိုးက ဆက်ရှင်းပြလိုက်သည်။

ထိုစဉ် တစုံတစ်ယောက်က ပြောလိုက်သည်။ "အဋ္ဌမသခင်လေးရဲ့ ဖခင်က လျန်စီရင်စုထဲက တိုက်ပွဲမှာ တိုင်းပြည်ခုနစ်ထဲက တခြားမျိုးနွယ်ကို ရင်ဆိုင်တိုက်ခိုက်ပေးခဲ့တာ။ သူ့ရဲ့ အမည်အတိုင်း နေထိုင်နေတဲ့ ပွင့်ချပ်ရှစ်လွှာ အကျော်အမော်တစ်ယောက်ပဲ။ ကျုပ် ထင်တာမမှားရင် သူက ရှေးဟောင်းသူတော်စင်ဂိုဏ်းကပဲ”

လူတိုင်းသည် ရှေးဟောင်းသူတော်စင်ဂိုဏ်း၏ သခင်ဖြစ်ဟန်တူသော ကျန့်ခိုက်ဖက် အလိုလို လှည့်ကြည့်မိတော့သည်။

ကျန့်ခိုက်သည် ကျန်သည့် ကျင့်ကြံသူများကို ဖြတ်ကျော်ကာ ရှန့်လွမ်ရှိုးဆီသို့ သွားလိုက်၏။ သူက သတိဖြင့် မေးလိုက်တော့၏။ “ခင်ဗျားရဲ့ နာမည်ကို သိခွင့်ရမလား”

“မပြောပလောက်ပါဘူး ... ကျုပ်က ရှန့်လွမ်ရှိုးပါ” ရှန့်လွမ်ရှိုးက ပြန်နှုတ်ဆက်လိုက်သည်။

“အဋ္ဌမသခင်လေးရဲ့ အဖေက ရှေးဟောင်းသူတော်စင်ဂိုဏ်းကလို့ ပြောခဲ့တယ်နော်”

“အဟုတ်ပါပဲ”

“သူ့နာမည်ကို သိလို့ရမလား” ကျန့်ခိုက်က မေးလိုက်၏။

“ကျူးထျန်းယွမ်” ရှန်လွမ့်ရှိုးသည် လက်တစ်ဖက်ဖြင့် ပါးစပ်ကို အုပ်ပြီးနောက် ကျန့်ခိုက်၏ နားထဲ နာမည်ကို တီးတိုးပြောလိုက်၏။ ဆိုရလျှင် တစ်ပါးသူ၏ နာမည်ကို ပြောင်ပြောင်တင်းတင်း ထည့်ပြောခြင်းသည် မလေးစားရာရောက်သည်ဟု သတ်မှတ်နိုင်၏။

ကျန့်ခိုက်သည် နာမည်ကို ကြားရသောအခါ သူ၏မျက်လုံးများသည် ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားကာ နောက်သို့ ယိုင်သွားသည်။

ရှန့်လွမ်ရှိုးက မေးလိုက်၏။

“ခင်ဗျား ဘာဖြစ်တာလဲ”

“သူက ရှေးဟောင်းသူတော်စင်ဂိုဏ်းရဲ့ သခင်ပဲ” တစုံတစ်ယောက်က ပြောလိုက်၏။

“...” ရှန့်လွမ်ရှိုးက ချက်ချင်း သဘောပေါက်သွားတော့သည်။

“ကျူးထျန်းယွမ်က ရှေးဟောင်းသူတော်စင်ဂိုဏ်းက ခင်ဗျားက ဂိုဏ်းသခင်။ ရန်သူတွေက ဆုံတွေ့ဖို့ ကံကြမ္မာဖန်တာပဲ။ ဂရုစိုက်” သူသည် သက်ပြင်းချပြီးနောက် ခေါင်းခါကာ ကျန့်ခိုက်၏ ပခုံးကို ပုတ်လိုက်သည်။

မကြာမီ၌ ကျင့်ကြံသူများသည် မိစ္ဆာဝေဟင်မျှော်နန်း၏ ခန်းမသို့ ရောက်လာ၏။

စီးဝူယာ့နှင့် မင်ရှစ်ရင်သည် ကျင့်ကြံသူများကို အာရုံမစိုက်ပေ။

စီးဝူယာ့သည် သူတို့ကိစ္စများ ဆောင်ရွက်ရန် ပြန်မသွားခင် ကျင့်ကြံသူများကို မြောက်ဖက်မျှော်နန်းဆီသို့ တစ်စုံတစ်ယောက်အား ဦးဆောင်ခေါ်သွားခိုင်း၏။

အရှေ့ဘက်မျှော်နန်းထဲတွင် ဖြစ်သည်။ လုကျိုးသည်က ဖွင့်လှစ်ခြင်းကောင်းကင်စာလိပ်ကို ဆက်လက် ဆင်ခြင်သုံးသပ်ခြင်း မရှိတော့ပေ။ ထိုအစား သူသည် ကျင့်ကြံဆင့်ကို မြှင့်တင်ရန် တက်စွမ်းသမျှ ကျင့်ကြံနေ၏။

သူ၏ မူလကိုယ် ကျိထျန်းတောက်သည် စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်ကို ပွင့်ချပ်ရှစ်လွှာအဆင့်၏ အထွတ်အထိပ်သို့ ရောက်အောင် ချဲ့ထွင်ခဲ့ပြီးသား ဖြစ်သည်။ ထို့ကြောင့် ခမ်းနားသည့် ဖွဲ့စည်းခြင်းအဆင့်မှ အထွတ်အထိပ်အထိ လုကျိုး၏ အခြေအနေသည် မည်သည့်အတားအဆီး ပိတ်ဆို့မှုကိုမှ မကြုံတွေ့ရပေ။ ပြဿနာမရှိပေ။

သူ၏ဘဝသည် သူ၏သက်တမ်းကြောင့် ထိခိုက်မှုမရှိနိုင်သော ကျင့်ကြံဆင့်ကို ပိုင်ဆိုင်ပြီးသား ဖြစ်၏။ သူ၏ ကျင့်ကြံမှုအရှိန်သည်လည်း တိုးလာတော့သည်။

ထိုစဉ် စီးဝူယာ့က အရှေ့ဖက်မျှော်နန်းထဲသို့ ရောက်လာသည်။

“ရှစ်စွင်း သင်ယူဖို့အတွက် ဒီနေရာကို ရောက်လာတဲ့ ကျင့်ကြံသူတွေက အခြေချပြီးပါပြီ” ပြီးနောက် သူက ထပ်ပြောလိုက်သည်။

“ရှေးဟောင်းသူတော်စင်ဂိုဏ်းရဲ့ သခင်ကျန့်ခိုက်ကို တောင်ပေါ်တက်ခွင့်ပေးခဲ့ပါတယ်”

လုကျိုးသည် မျက်လုံးမှိတ်လျက် ပြန်ပြောလိုက်သည်။ “သိပြီ”

“အခုသွားတော့မယ်”

သူ၏ရှစ်စွင်းသည် သူ့ကို ရှင်းလင်းသည့် လမ်းညွှန်ချက်မပေးခဲ့လျှင် သူ့ကို ဆုံးဖြတ်ခွင့် ပေးလိုက်တာပဲဖြစ်သည်။ ယင်းက သူမျှော်လင့်နိုင်သည့် အရာပဲဖြစ်သည်။

စီးဝူယာ့သည် ရှေးဟောင်းသူတော်စင်ဂိုဏ်း၏ သခင် ကျန့်ခိုက်ကို မြင်ချိန်၌ သူက ရှုမျှော်ဆောင်၏ လေသာကို ဖြတ်သန်းသွား၏။ သူ့ကို ဖန်ကျုံးက လမ်းပြပေးတာ ဖြစ်သည်။

အဝေးကနေ သတိပြုမိသော ကျန့်ခိုက်သည် ခေါင်းညိတ်ကာ အရိုအသေပေးပြီး ပြောလိုက်၏။

"ရှေးဟောင်းသူတော်စင်ဂိုဏ်းက ကျန့်ခိုက်က သတ္တမသခင်လေးကို နှုတ်ခွန်းဆက်ပါတယ်”

“ဘာကိစ္စလဲ” စီးဝူယာ့က မေးလိုက်သည်။

“ကျူးထျန်းယွမ်က ကျုပ်တို့ အစ်ကိုကြီးပါ။ ကျုပ်တို့ကြားထဲမှာ အထင်လွဲတာ တစ်ခုရှိတယ်။ ကျုပ်ကို သူနဲ့တွေ့ခွင့်ရဖို့ ခေါ်သွားပေးနိုင်မလား” ကျန့်ခိုက်က မေးလိုက်၏။

“မလိုအပ်ဘူး။ ဒါပေမဲ့ မင်းအတွက် အကြံတစ်ခုပဲရှိတယ်” စီးဝူယာ့က ပြောလိုက်သည်။

“ဘာများပါလဲ သတ္တမသခင်လေး”

“လွယ်ပါတယ်။ ဂိုဏ်းချုပ်ရာထူးကို သူ့ဆီပြန်ပေးပြီး ဂိုဏ်းကနေ ခင်ဗျားထွက်သွားလိုက်။ ဒီနည်းက အကောင်းဆုံးပဲ”

“...”

ကျန့်ခိုက်သည် စီးဝူယာ့ ထိုမျှ ပွင့်လင်းမည်ဟု မထင်ထားပေ။ သူ အနည်းငယ် အံ့အားသင့်သွားသည်။ ပြီးနောက် သူက မေးလိုက်သည်။ “မိစ္ဆာဝေဟင်မျှော်နန်းက ရှေးဟောင်းသူတော်စင်ဂိုဏ်းရဲ့ ကိစ္စမှာ ဝင်ပါမှာလား”

“မရဘူးလား” စီးဝူယာ့က ပြန်ပြောလိုက်သည်။

ကျူးဟုန်ကုန်းသည် မိစ္ဆာဝေဟင်မျှော်နန်း၏ အဋ္ဌမမြောက်တပည့်ဖြစ်သည်။ သူသည် ရှေးဟောင်းသူတော်စင်ဂိုဏ်း၏ သခင်ကျူးထျန်းယွမ်၏ ဆက်ခံသူလည်းဖြစ်သည်။ သူတို့သည် ဤအရေးကိစ္စတွင် အဘယ်ကြောင့် ဝင်မစွက်ဖက်နိုင်ရသနည်း။

ကျန့်ခိုက်သည် သူ့ဖာသူသာ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်ငြား စီးဝူယာ့၏ ပြန်ပြောမှုကြောင့် ထိတ်လန့်သွားသည်။ ခဏကြာပြီးနောက် သူက မေးလိုက်သည်။ “ဖြစ်ရပ်နောက်ကွယ်က အကြောင်းအရင်းကို မမေးတော့ဘူးလား သတ္တမသခင်လေး”

“ဘာကြောင့် မေးရမှာလဲ” မိစ္ဆာဝေဟင်မျှော်နန်းက ကိုယ့်ဂိုဏ်းသားဖက်လိုက်တာ သဘာဝကျတယ်မဟုတ်လား။

ကျန့်ခိုက်က သက်ပြင်းချပြီး ပြောလိုက်သည်။

“ကျုပ် သိပါတယ်။ ကျုပ်က မျှော်လင့်ချက် ကြီးလွန်းတာ။ မိစ္ဆာဝေဟင်မျှော်နန်းက ဒီအရေးကိစ္စမှာ ဘက်မလိုက်ဘူးလို့ ထင်ခဲ့တာ။ ရှိစေတော့။ သတ္တမသခင်လေး ပြောသလိုပဲ ရှိစေတော့” ထိုသို့ပြောပြီး သူသည် လှည့်ထွက်သွား၏။

“နေဦး”

“ကိစ္စရှိသေးလို့လား သတ္တမသခင်လေး” ကျန့်ခိုက်က စိတ်ပျက်သွားကာ သူ၏ စိတ်ပျက်မှုက လေသံထဲတွင် ပေါ်လွင်နေသည်။

“မိစ္ဆာဝေဟင်မျှော်နန်းက မျက်နှာသာပေးမှုနဲ့ အငြိုးအတေးကြား ရှင်းလင်းတဲ့ စည်းဆွဲထားပြီးသား။ ခင်ဗျားက ဒီကိစ္စကို သံသယဝင်နေခဲ့မယ်ဆိုရင် ကျုပ်ရဲ့ ပါ့ရှစ်တိကို ပြောပေးနိုင်တယ်” စီးဝူယာ့က ပြောလိုက်သည်။ သူက ခဏတာ ရပ်တန့်ပြီးနောက် ပြောလိုက်သည်။

“ဒါပေမဲ့ ခင်ဗျားကို သတိပေးထားရမယ်။ မိစ္ဆာဝေဟင်မျှော်နန်း ... ရှေးဟောင်းသူတော်စင်ဂိုဏ်း မဟုတ်ဘူး။ အဲ့ဒီ အသုံးမဝင်တဲ့ ဂုဏ်သိက္ခာတွေကို ဘေးချိတ်ထားရင် ပိုကောင်းမယ်။ ကျုပ်ရဲ့ရှစ်စွင်းက ကျုပ်ကို အမိန့်မပေးခဲ့ရင် ခင်ဗျား အစောတုန်းက သေလူဖြစ်နေမှာပဲ” ပြောပြီးနောက် လက်နောက်ပစ်ထားလိုက်ကာ ထွက်သွားလိုက်သည်။

ကျန့်ခိုက်က တုန်လှုပ်သွားသည်။ သူ ခေါင်းထပ်မော့လိုက်ချိန် သူ့နောက်ကျော၌ ချွေးများ ရွှဲနစ်နေပြီ ဖြစ်သည်။ သူ့၌ မည်သည့်အကြံဉာဏ် စိတ်ကူးမှ မရှိတော့ပေ။ သူသည် မြောက်ဖက်မျှော်နန်းဆီသို့ သွားကာ ကျူးထျန်းယွမ်ဆီ တစ်စုံတစ်ယောက်အား သတင်းပို့ခိုင်းရန် ကြိုးစားပြီး သူသည် ဂိုဏ်းချုပ်ရာထူးမှ ဆင်းကာ ဂိုဏ်းထဲမှ ထွက်သွားတော့မည့်အကြောင်း ပြောခိုင်း၏။

ကျူးထျန်းယွမ်သည် ထိုအကြောင်းကို သိသောအခါ ပျော်လွန်းသောကြောင့် ပါးစပ်မစေ့နိုင်ဘဲ ဖြစ်နေသည်။ သူ ရယ်မောလျက် ပြောလိုက်သည်။

“ကျန့်ခိုက် မင်းမှာ ဒီလိုနေ့ ရှိလာဦးမယ်ဆိုတာ မသိခဲ့ဘူး။ မိမိရဲ့ရာထူးကို အမြတ်ထုတ်ပြီး သူတပါးသူကို အနိုင်ကျင့်ရတဲ့ ခံစားချက်က ဒီလိုလား”

အချိန်က ကုန်ဆုံးသွားလေ၏။ နှစ်ရက်တာသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားလေသည်။

မိစ္ဆာဝေဟင်မျှော်နန်း၏ အရှေ့ဖက်နန်းဆောင်ထဲတွင် ဖြစ်သည်။

လုကျိုးက မျက်လုံး ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ သူ၏ စွမ်းအင်ဗဟိုချက် ချီပင်လယ်သည် မနေ့တုန်းက အပြည့်ဖြစ်သွားပြီဟု ခံစားမိသည်။ ယခုအချိန်ထိ ကျင့်ကြံနေခြင်းမှာ သူ့စိတ်ထဲရှိ ပွင့်ချပ်ကိုးလွှာချိုးဖြတ်တက်နေသော မြင်ကွင်းကို လှုံ့ဆောင်နေတာဖြစ်သည်။

သူ့ယခင်က ပြုလုပ်ခဲ့ဖူးသည့် အရာကို သရုပ်ပြတာဖြစ်သည်။ ဤအမြင်က နဝမမြောက် ပွင့်ချပ်ကို ဖူးပွင့်ခြင်းသည် ပထမဆုံးအကြိမ်ဆိုတာ သူတစ်ယောက်တည်းသိသည်။

သူက လှမ်းခေါ်လိုက်သည်။ “အပြင်မှာ တစ်ယောက်ယောက်ရှိလား”

တံခါးအပြင်ဖက်မှ တစုံတစ်ယောက်သည် အရိုအသေပေးလိုက်သည်။ “အမိန့်ရှိပါ မျှော်နန်းသခင်”

“သူတို့တွေကို မိစ္ဆာမျှော်နန်းအပြင်ဖက်မှာ စုဝေးခိုင်းလိုက်”

“နားလည်ပါပြီ”

မြောက်ဖက်မျှော်နန်းထဲရှိ ကျင့်ကြံသူများသည် စီရင်စု ကိုးခုမှ ရာထူးကြီးသူများဖြစ်သည်။ သို့သော် မည်သူကမှ မြောက်ဖက်မျှော်နန်း၏ အခြေအနေကို အထင်မသေးကြပေ။

သူတို့သည် မိစ္ဆာဝေဟင်မျှော်နန်း၏ သခင်ဆီမှ အမိန့်အတိုင်း စောင့်ကာ စုဝေးနေကြပြီဖြစ်သည်။ ထိုစဉ် အသံတစ်သံက သူတို့ဆီရောက်လာသည်။ “မျှော်နန်းသခင်က အားလုံးကို ခန်းမဆီ စုဝေးဖို့ဆင့်ခေါ်လိုက်တယ်။ ကျေးဇူးပြုပြီး ဒီလမ်းက ကြွပါ”

ကျင့်ကြံသူများသည် ပျော်ရွှင်သွားကာ စိတ်လှုပ်ရှားကုန်ပြီး ခန်းမသို့ အမြန်သွားလိုက်သည်။ လူဦးရေ ရာချီရှိပေ၏။

ထိုစဉ် ရွှေနန်းဥယျာဉ်တောင် အပြင်ဖက်မှ လေထဲတွင် ကျင့်ကြံသူများသည် ပျံဝဲနေ၏။ သူတို့သည် ရွှေနန်းဥယျာဉ်တောင်ထဲတွင် ဘာဖြစ်နေကြပြီလဲဆိုတာ မြင်ရန် ကြိုးစားနေတာဖြစ်သည်။ မြင့်မြင့်မပျံနိုင်သည့် ကျင့်ကြံသူများက ခေါင်းခါပြီး သက်ပြင်းချလိုက်၏။

မကြာမီ၌ အကြီးအကဲလေးယောက် ... လန်လော့၊ ဖန်လီထျန်း၊ ဟွားဝူတောက်နှင့် ကျော့ယွီရှုတို့ ရောက်လာ၏။ သူတို့သည် ဂုဏ်သတင်းအတိုင်း နေထိုင်သူများ ဖြစ်သည်။ သူတို့ရှေ့၌ ကျင့်ကြံသူအများစုက အငယ်များသာဖြစ်သည်။

မကြာမီ၌ မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်များ ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်မှ အပ အားလုံး ရောက်လာပြီ ဖြစ်သည်။

ဂိုဏ်းသားတစ်ယောက်ရောက်လာတိုင်း ကျင့်ကြံသူများသည် လက်သီးဆုပ်လိုက်ပြီဖြစ်သည်။

အဆင့်နိမ့်အဖွဲ့ဝင်များဖြစ်သည့် ဖန်ကျုံးနှင့် ကျိုးကျစ်ဖုန်းတို့ကဲ့သို့ အထွေထွေ အလုပ်သမားများကတောင် တလေးတစား ဆက်ဆံခံရသည်။ မကြာမီ၌ လေထဲတွင် ကျယ်လောင်သည့် အသံတစ်သံ ပျံ့လွင့်လာသည်။ “မျှော်နန်းသခင် လာနေပါပြီ”

ကျင့်ကြံသူများသည် အရှေ့ဖက်မျှော်နန်းကို လှည့်ကြည့်လိုက်ကြသည်။

လုကျိုးသည် မိစ္ဆာဝေဟင်မျှော်နန်းပေါ်၌ ပေါ်လာ၏။ သူက ကျင့်ကြံသူများကို ကျောပေးထားလျက် မုတ်ဆိတ်သပ်ကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူ၏ ဝတ်ရုံက သူ၏ခန္ဓာကိုယ်ပေါ် လျော့ရဲရဲကျနေသည်။ ယခုအချိန်တွင် သူ့၌ ပညာဉာဏ်ကြီးမားပြီး မြင့်မြတ်သော အငွေ့အသက်တို့ လွှမ်းနေကာ တန်ခိုးရှင်တပါးနှင့် တူနေတော့သည်။

ကျန်သည့်သူများက အနည်းငယ် မှင်သက်သွား

အကျော်အမော်သည် တကယ့်ကို အကျော်အမော်တစ်ယောက်ဖြစ်သည်။ မျှော်နန်းသခင်သည် ဝင်လာသည့်အချိန်၌ မဟာနည်းစနစ်တစ်ခုကိုတောင် အသုံးပြုခဲ့သည်။ သူသည် မိစ္ဆာဝေဟင်မျှော်နန်း၏သခင် သူက တာ့ယန်၌ အကြီးမြတ်ဆုံးနှင့် တစ်ဦးတည်းသော ပွင့်ချပ်ကိုးလွှာ ကျင့်ကြံသူ ဖြစ်သည်။

“နှုတ်ခွန်းဆက်သပါတယ် မျှော်နန်းသခင်”

“ရှစ်စွင်း သက်တော်ရာကျော်ရှည်ပါစေ”

ကျန်သည့် ကျင့်ကြံသူများသည် ထိတ်လန့်သွားတော့၏။

…

အခန်း (၆၉၉) ပွင့်ချပ်ကိုးလွှာကျင့်ကြံသူ ရောက်လာခြင်း အပိုင်း ၁

လုကျိုးသည် ပတ်ဝန်းကျင်ရှိ မြင်ကွင်းကို ကြည့်လိုက်သည်။ သူ ရှိနေသည့်နေရာကနေ သူက မြင်ကွင်းကောင်းကောင်းမြင်ရလေ၏။ ပြီးနောက် သူက တစ်ဖက်လှည့်လိုက်ပြီး မိစ္ဆာဝေဟင်မျှော်နန်း၏ ခန်းမကျယ်ရှိ ကျင့်ကြံသူများကို သိမ်းကြုံးကြည့်သွားလေ၏။ သူ ကြည့်မိသည့် နေရာတိုင်းတွင် နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ် ကျင့်ကြံသူများ ရှိနေသည်။ အရံအတားအပြင်ဖက်၌ ပျံဝဲနေသော ကျင့်ကြံသူများကလည်း ရှိပြီး တောင်ခြေတွင်လည်း ရှိ၏။

“ထကြ” လုကျိုးက ပြောလိုက်သည်။

လူတိုင်းသည် လုကျိုး၏ စကားကြောင့် ခေါင်းမော့လိုက်လေ၏။ လေးစားကြောက်ရွံ့မှုအပြင် သူတို့ မျက်လုံးထဲတွင် မျှော်လင့်စောင့်စားရိပ် တစွန်းတစကိုလည်း တွေ့ရသည်။

“ဒီနေ့ ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်နိုင်မဲ့ နည်းလမ်းအကြောင်း ငါ ဟောကြားပေးမယ်။ မင်းတို့အားလုံး ပွင့်ချပ်ကိုးလွှာအဆင့်ကို မြန်မြန်ရောက်ဖို့ မျှော်လင့်တယ်။ ဒါမှ သားရဲတွေနဲ့ ရင်ဆိုင်တိုက်ခိုက်နိုင်မှာ” လုကျိုးက ပြောလိုက်၏။ “လူသားတွေရဲ့ အာရုံတက်ချိန်ဆိုတော့ ငါတို့တွေက ကပ်ဘေးရဲ့အလယ်ကို အမြဲရောက်နေပြီး ဒါ အရင်တုန်းက ဖြစ်ခဲ့သလို အမြဲဖြစ်နေဦးမှာပဲ”

လုကျိုး၏ လေသံသည် မပြောင်းလဲသွားသော်ငြား သူ၏ စကားလုံးများသည် ကျင့်ကြံသူများ၏ ရင်ထဲရှိ စိတ်ခံစားချက်လှိုင်းများကို မွှေနှောက်သွားလေ၏။

“ပွင့်ချပ်ကိုးလွှာအဆင့်က ဘယ်လိုကပ်ဘေးတွေ သယ်ဆောင်လာမလဲဆိုတာနဲ့ အနီရောင်ကြာနယ်မြေက ကျူးကျော်မှုအကြောင်း အသေးစိတ်မပြောတော့ဘူး”

ကျင့်ကြံသူများသည် ထိုအကြောင်းကို ဝေဝါးဝါးကြားဖူး၏။ သို့သော် ယခုအချိန်တွင် အရေးမကြီးတော့ပေ။ ယခုအချိန်တွင် သူတို့၏ ဦးစားပေးက သူတို့၏ ကျင့်ကြံဆင့်ကို တတ်နိုင်သမျှ မြန်မြန်မြှင့်တင်ရန် ဖြစ်သည်။ အနီရောင်ကြာနယ်မြေ၏ သတင်းများသည် အနှေးနဲ့အမြန် တာ့ယန်ထဲ၌ ပျံ့သွားလိမ့်မည်။

“ကျင့်ကြံခြင်းဆိုတာ ကောင်းကင်ကို ဖီဆန်ခြင်းပဲ။ ကောင်းကင်က ဘဝမှာ အတားအဆီးတစ်ခု ချမှတ်ထားတယ်။ အဲ့ဒါက တားမြစ်ချက်ပဲ။ ဒီအကြောင်းအရင်းကြောင့် လူသားတွေရဲ့ ကျင့်ကြံမှုက ပွင့်ချပ်ရှစ်လွှာအဆင့်မှာ တစ်ဆို့နေတယ်။ ရှေ့ဆက်တက်ဖို့ ခက်ခဲနေတာ။ ဒီအကြောင်းတွေကို တိုက်တိုက်ဆိုင်ဆိုင် ရှာဖွေဖို့ နည်းလမ်းရှိပြီး ပွင့်ချပ်ကိုးလွှာအဆင့်ကို ရခဲ့တယ်။ ဒီနေ့ ငါ သိသမျှ ပွင့်ပွင့်လင်းလင်း ပြောပြမယ်” လုကျိုး စကားပြောစဉ် သူ၏ စကားလုံးများကြား ခေတ္တရပ်နားပြီးနောက် တည်ငြိမ်စွာ ပြောလိုက်၏။

ယခုအချိန်တွင် လုကျိုးက လူတိုင်း၏ အာရုံစိုက်မှုကို ရထားသည်။

ကျင့်ကြံသူများအားလုံးသည် သူပြောတာကို နားဆင်လျက် စိုက်ကြည့်နေကြသည်။ အားလုံသည် စိတ်လှုပ်ရှားမှုများ ပြည့်နေ့၏။ သို့သော် ဂိုဏ်းချုပ်က မြေပြင်ပေါ်၌ ဟောကြားပေးလျှင် ပိုကောင်းမည်ဟု ဆိုရပေမည်။ သူတို့ ခေါင်းအကြာကြီး မော့ထားရတာ ဇက်နာလှချေ၏။

လုကျိုးသည် လူတစ်ယောက်က ပွင့်ချပ်ကိုးလွှာအဆင့်သို့ ရောက်နိုင်သည့် နည်းလမ်းမျိုးစုံကို ကျင့်ကြံသူများဆီ ပြောပြပေးတော့၏။

နည်းလမ်းသုံးခုရှိသည်။ ပထမတစ်ခုက မိမိ၏ ရွှေကြာကို ဖြတ်တောက်ပြီး ပွင့်ချပ်ကိုးလွှာအဆင့်သို့ ပြန်လည်ကျင့်ကြံရန် ဖြစ်သည်။ ဒုတိယအဆင့်သည် မိမိ၏ ရွှေကြာနှင့် အဆင့်ချိုးဖြတ်တက်ခြင်း ဖြစ်သည်။ တတိယသည် နတ်ဝိညာဉ်ဝဋ်ကြွေးချေနယ်ပယ်သို့ ဝင်ရောက်ချိန်၌ ‌ရွှေကြာ မဖွဲ့တည်ရန်ဖြစ်သည်။

ကျင့်ကြံသူများသည် သက်တမ်းတစ်ထောင်ကျော်ရှိသည့် ရွှေကြာလိုအပ်ကြောင်း ကြားသောအခါ သူတို့က ဆွေးနွေးနေစဉ် အနည်းငယ်ရုတ်ရုတ်သဲသဲဖြစ်သွားလေ၏။

“ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်ဖို့ မဖြစ်နိုင်တာ အံ့ဩစရာ မရှိဘူးပဲ။ ဒါကြောင့် ပွင့်ချပ်ကိုးလွှာအဆင့်ကို တက်ဖို့ ကြိုးစားခဲ့တဲ့ အရင်က ဘိုးဘေးတွေက သူတို့ကျရှုံးပြီး မကြာခင်မှာ သေခဲ့တာပဲ”

“ပွင့်ချပ်ကိုးလွှာအဆင့်က သက်တမ်းတစ်ထောင်ထက် လိုအပ်တယ်။ ဒါပေမဲ့ ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူတစ်ယောက်က သက်တမ်းတစ်ထောင်ပဲ အသက်ရှင်နေနိုင်တာ။ ဒါက ဖြေရှင်းနည်းမရှိတဲ့ ပြဿနာ တစ်ရပ်ပဲ။ ဒါပေမဲ့ ချန်းပေ့ကျိက ဖြေရှင်းနည်းတစ်ခု ရှာတွေ့ထားတဲ့ပုံပဲ”

“မင်းမှာ ရွှေကြာမရှိရင် စိတ်ပူစရာမလိုဘူး။ ဒီနည်းကို ရှာတွေ့တဲ့သူက ပါရမီရှိတဲ့သူပဲ”

လုကျိုးသည် ဆွေးနွေးနေကြသော ကျင့်ကြံသူများကို သိမ်းကြုံးကြည့်လိုက်၏။

ကျင့်ကြံသူများသည် ပါးနပ်ကာ ချက်ချင်း ငြိမ်ကျသွားတော့သည်။

“ကျန်တဲ့ကိစ္စတွေကို ငါ အသေးစိတ်မပြောပြတော့ဘူး။ အနီးကပ် ကြည့်ကြည့်”

စိတ်လှုပ်ရှားစရာ အကောင်းဆုံးအပိုင်းက နောက်ဆုံးတော့ ရောက်လာခဲ့ပြီ။

ကျင့်ကြံသူများသည် မျက်တောင်မခတ်ဘဲ လုကျိုးကို ကြည့်နေကြ၏။

လုကျိုးသည် ကောင်းကင်ဆီဖြည်းဖြည်းချင် လှည့်ပတ်ထွက်သွားပြီးနောက် အရံအတားအပြင်ဖက်ရှိ ကျင့်ကြံသူများကို ကြည့်လိုက်ကြ၏။

အရံအတားအပြင်ဖက်ရှိ ကျင့်ကြံသူများသည် သူ့ကို ရှင်းရှင်းလင်းလင်း မြင်နိုင်၏။ သူ့၏ စကားလုံးများကို မကြားရသည့်တိုင် မဆိုးပေ။

လုကျိုးက စိတ်ကို အာရုံစူးစိုက်ထားသည်။ သူက ညာဖက်လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်လေ၏။

ဝှစ်

ရင်းနှီးနေသော အသံတစ်သံ ပေါ်ထွက်လာသည်။

သူ၏ လက်ဖဝါးပေါ်၌ ပွင့်ချပ်ရှစ်လွှာရွှေကြာ စိတ်ဝိညာဉ်သဏ္ဌာန်တစ်ခု ပေါ်လာ၏။ ယင်းက ပွင့်ချပ်ရှစ်လွှာ ရွှေကြာတစ်ခုပဲဖြစ်သည်။

မင်ရှစ်ရင်က ယင်းကို မြင်သောအခါ ပြုံးလိုက်၏။ "နောက်တစ်ခေါက် ပွင့်ချပ်ဖူးပွင့်တဲ့အချိန် အဲ့ဒီနေရာမှာ ရပ်ချင်တယ်”

မင်ရှစ်ရင်ဘေးတွင် ရပ်နေသော တွမ့်မူရှန်းက မေးလိုက်၏။ “မင်း တစ်သက်လုံး ပွင့်ချပ်ရှစ်လွှာအဆင့်မှာ နေဖို့ စီစဉ်ထားတာ မဟုတ်ဘူးလား”

“ရှစ်စွင်းက သူ့ရဲ့ရွှေကြာကို မဖြတ်ဘဲ ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်နိုင်မယ်ဆိုရင် ကျွန်တော်လည်း လုပ်နိုင်မှာပဲ”

မင်ရှစ်ရင်က လက်တစ်ဖက်ဖြင့် မေးစေ့ကို ပွတ်လျက် ကျန်လက်တစ်ဖက်ဖြင့် လက်ကို ကိုင်ထားလိုက်သည်။

“ဟမ်” တွမ့်မူရှန်းက တစ်ဖက်လှည့်ကာ သူ့အရှေ့တွင် နယ်ရှင်လှံကို ကိုင်ထားလေ၏။ သူက မင်ရှစ်ရင်ကို စူးစိုက်ကြည့်နေတော့သည်။

မင်ရှစ်ရင်၏ ရင်ထဲ မကောင်းသည့် ခံစားချက်များ တရိပ်ရိပ်တက်လာကာ သူက ပြောလိုက်တော့သည်။ “ကြည့်ဦး ရှစ်စွင်း စတော့မယ်”

လုကျိုးသည် ရွှေကြာ လည်ပတ်နေတာကို ကြည့်နေ၏။ သူ၏ ပွင့်ချပ်ရှစ်လွှာသည် ယခင် ထိုမျှ မတောက်ပခဲ့ဖူးပေ။ သူတို့က တောက်ပပြီး တလက်လက်ဖြစ်နေ၏။

ပြီးနောက် သူ၏ လက်ကို မြှောက်ရာ သူ၏ စိတ်ဝိညာဉ်သဏ္ဌာန်က မြင့်တက်လာ၏။ ချက်ချင်းပင် ရွှေရောင် ရောင်ခြည်ကွင်းများသည် ၎င်း၏ လက်ကောက်ဝတ်နား၌ ပေါ်လာပြီး လျှောကျသွားတော့သည်။

“ဒါက ငါတို့ရင်းနှီးနေတဲ့ ပွင့်ချပ်ဖူးပွင့်မှု ဖြစ်စဉ်ပဲ”

“စိတ်ဝိညာဉ်သဏ္ဌာန်ရဲ့ ကနဦးချီကို ရွှေကြာထဲမှာ စုစည်းပြီး ပွင့်ချပ်တစ်လွှာ ဖူးပွင့်စေတယ်။ အဲ့ဒီအချိန် မင်းက ပွင့်ချပ်ကို ဖူးပွင့်အောင်လုပ်။ ဒါက ပွင့်ချပ်တစ်လွှာကနေ ပွင့်ချပ်ရှစ်လွှာအဆင့်ထိ အဆင့်တက်တဲ့ပုံပဲ။ ရွှေကြာမရှိတဲ့သူတွေက ပွင့်ချပ်ဖူးပွင့်မှုကို တိုက်ရိုက်လှုံ့ဆော်နိုင်တယ်”

“အနီးကပ်ကြည့်ကြည့်” လုကျိုးသည် သူ၏ ရွှေကြာစိတ်ဝိညာဉ်သဏ္ဌာန်ကို ကြည့်လိုက်ရာ စိတ်ဝိညာဉ်ကွင်းများက တစ်ခုပြီးတစ်ခု လျှောကျသွားတော့သည်။

အရာအားလုံးက သာမန်ဖြစ်နေပုံပေါ်ကာ ဘာမှ ထူးခြားမှုမရှိပေ။

မိစ္ဆာဝေဟင်မျှော်နန်း၏ ခန်းမကျယ်ရှေ့၌ သုသာန်တစပြင်ကဲ့သို့ တိတ်ဆိတ်နေ၏။ မည်သူမှ မလှုပ်ရှားကြပေ။

ကျင့်ကြံသူများသည် ရွှေကြာက လည်ပတ်ရန် အရှိန်ယူလာသည်ကို မြင်သောအခါ ခေါင်းညိတ်လိုက်ကြသည်။ “ဒီတော့ ဒီလိုကိုး ... မြင့်မားတဲ့အရှိန်ကို ထိန်းသိမ်းထားနိုင်တာက ပွင့်ချပ်ကို လှုံ့ဆော်နိုင်တာပဲ”

“ချန်းပေ့ကျိရဲ့ နည်းလမ်းက တကယ်ကို အဆင့်မြင့်တာပဲ။ သာမန် ပွင့်ချပ်ရှစ်လွှာကျင့်ကြံသူတွေက ဒီအရှိန်ကို မရနိုင်ဘူး”

ဝှစ်

ရွှေကြာသည် ပိုမြန်ဆန်စွာ လည်ပတ်သွား၏။

ကျင့်ကြံသူများသည် သူတို့၏အမြင်အာရုံ ဝေဝါးသွားတာကို ခံစားမိသည်။ ပွင့်ချပ်ရှစ်လွှာသည် တစ်ခုတည်း ပေါင်းစည်းသွားပုံရ၏။ ရွှေကြာတို့သည် ယခုအချိန်၌ ရွှေရောင်ဇလုံတစ်ခုနှင့် တူနေလေ၏။

‌ရွှေရောင် ရောင်ခြည်သည် ယခင်ကထက် ပိုကြွယ်ဝလာတော့သည်။ အောက်နေ ကျင့်ကြံသူများသည် လည်ပတ်နေသော ကြာ၏အနားသတ်ကို ဝေဝါးဝါးသာ မြင်နိုင်တော့သည်။

မကြာမီ၌ ရွှေကြာသည် နေတစ်စင်းနှင့် တူလာတော့သည်။

လုကျိုးသည် မျက်မှောင်ကျုံ့လိုက်၏။ လည်ပတ်နေသော စွမ်းအင်ကွင်းများသည် ယခင်ကထက် လျောကျလာတော့၏။

ခဏအကြာတွင် လုကျိုးသည် ခန္ဓာကိုယ်တောင့်တင်းလာတာကို ခံစားမိ၏။ သူ၏ အရေပြားများ စတင်တွန့်ရှုံ့လာ၏။ သူ ခေါင်းစောင်းပြီး ယင်းကို ကြည့်လိုက်သည်။ သူ၏ အနက်ရောင်တဝက်ဆံပင်သည် ဖြူလာပြီဖြစ်သည်။ စွမ်းအင်ကွင်းများကြားထဲသို့ ဝင်ပြီးနောက် လျင်မြန်စွာ စုပ်ယူတာ ဖြစ်နိုင်သည်။

“ရွှေကြာက သူ့ရဲ့အသက်ဓာတ်ကို စုပ်ယူနေတယ်”

“ငါ သိတယ်”

ကြာမရှိသည့် ကျင့်ကြံသူများတောင် ထိုမြင်ကွင်းကြောင့် ကြောက်လန့်သွားသည်။

ပွင့်ချပ်ရှစ်လွှာ ကျင့်ကြံသူများသည် ယင်းကို အားအစိုက်ဆုံးဖြစ်နေ၏။ သူတို့သည် ယခင်က ရွှေကြာသည် သူတို့ အသက်ဓာတ်ကို စုပ်ယူသွားတာကို တွေ့ကြုံဖူးသည်။

လုကျိုးသည် စနစ်မျက်နှာပြင်ကို ဖွင့်လိုက်၏။ ကျန်ရှိသောအသက် ၄၀၅၃၆ ရက်

ရက် လေးရာ မရှိတော့ဘူး။

အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်၏။

ကျန်ရှိသော သက်တမ်း ၄၀၀၃၆ ရက်။ ရက်ငါးရာ ဆုံးရှုံးသွား၏။

အရေအတွက်က ဆက်လက်ကျဆင်းနေသည်။

လုကျိုးသည် ကျင့်ကြံသူတစ်ဦး၏ အသက်ဓာတ်တို့သည် စုပ်ယူခံရသည့် လျှို့ဝှက်ချက်ကို သူ၏ မှတ်ဉာဏ်များကြောင့် သိထားသော်ငြား ယခု သူ ကြုံတွေ့ရသည့် ရွှေကြာ၏ အာနိသင်များကြောင့် ထိတ်လန့်နေသေး၏။

လုကျိုးသည် တွေဝေမနေတော့ပေ။ အကြောင်းပြန်လှန်ကတ်က သူ၏ ဘယ်ဖက်လက်ဖဝါး၌ ပေါ်လာတော့၏။

“အသုံးပြုမယ်”

စနစ်မျက်နှာပြင်ပေါ်၌ သူ၏ သက်တမ်းက နောက်ထပ် ငါးရာရှည်လာတော့သည်။

သို့သော် ရွှေကြာလည်ပတ်နေသည်နှင့် ၎င်းသည် နောက်ထပ် ရက်ငါးရာ ကျသွားတော့သည်။

လုကျိုးသည် ဘယ်လက်ကို ဖြန့်လိုက်ပြီး နောက်ထပ် အကြောင်းပြန်လှန်ကတ်ကို သုံးလိုက်သည်။

လုကျိုးသည် အကြောင်းပြန်လှန်ကတ်ကို သုံးနေစဉ် ထူးဆန်းသော မြင်ကွင်းတစ်ခုက ပေါ်လာ၏။

ပတ်ဝန်းကျင်ရှိ အသက်ဓာတ်များအားလုံး သူ့ဆီ စုဝေးလာသည်။ မီတာတစ်ထောင်အတွင်းရှိ အသက်ဓာတ်များသည် လုကျိုး၏ ခန္ဓာကိုယ်ဆီ လေတိုက်ခတ်လိုက်သော တိမ်တိုက်များပမာ တိုးဝင်လာကြသည်။

အကြီးအကဲလေးယောက်သည် ယင်းကို မြင်သောအခါ ၎င်းကို သဘောပေါက်သွားကြ၏။ သူတို့သည် အရှေ့ဖက်မျှော်နန်းခြံဝန်းထဲတွင် အသက်ဓာတ်များ စုဝေးနေသော မြင်ကွင်းကို သတိရသွားသည်။

တစ်ဖက်တွင်မူ ကျင့်ကြံသူများသည် စိတ်လွတ်နေကြသည်။

ထိုစဉ် ရွှေကြာမရှိသည့် ကျင့်ကြံသူများသည် အသက်ဓာတ်များ လျော့သွားတာကို ဂရုမစိုက်တော့ဘဲ သူတို့သည် လည်ပတ်နေသော ရွှေကြာကိုသာ ကြည့်နေကြ၏။

ကျင့်ကြံသူများသည် မိစ္ဆာဝေဟင်မျှော်နန်း၏ ဂိုဏ်းချုပ်က သက်တမ်းစုပ်ယူခံရသည့် ပြဿနာကို ကျော်လွှားခဲ့မှန်း သိသွားခဲ့၏။ တစ်ချိန်တည်းတွင် ရွှေကြာဖြင့် ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်ရှိဖို့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ အင်မတန်ခက်ခဲမှန်းလဲ သိသွားကြသည်။ မည်သည့်နည်းနှင့်မဆို ရွှေကြာဖြတ်တောက်ခြင်း သို့တည်းမဟုတ် ရွှေကြာထားခြင်းသည် မိမိအပေါ်တွင်သာ မူတည်နေ၏။

ရွှေကြာသည် လုကျိုး၏ အသက်စွမ်းအားကို စုပ်ယူသည်နှင့် ၎င်းကို ပိုသန်မာလာသည်။

လုကျိုးသည် သူ၏စိတ်ဝိညာဉ်သဏ္ဌာန်ကို သေးငယ်သည့်အရွယ်အစားအဖြစ် တမင်တကာ ချုံ့ထားသော်ငြား ယခု ယခင်ကထက် ပိုကြီးလာ၏။

လုကျိုးသည် အကြောင်းပြန်လှန်ကတ်များ ဆက်တိုက်အသုံးပြုနေပြီး အသက်ဓာတ်များကလည်း သူ့ဆီရောက်ရှိနေ၏။

လုကျိုးသည် လည်ပတ်နေသော ရွှေကြာကိုကြည့်လိုက်သည်။ ယခုအချိန်၌ ၎င်းသည် အကြောင်းပြန်လှန်ကတ်၏ အသက်ဓာတ်ကို ဆက်တိုက်ဝါးမြိုနေသော ရွှေရောင်လေပွေတစ်ခုနှင့် ဆင်တူနေ၏။ တစ်ချိန်တည်းတွင် သူသည် စနစ်မျက်နှာပြင်ကို စောင့်ကြည့်ရန် မမေ့ပေ။

နံပါတ်များ ဆက်လက်ကျဆင်းနေ၏။ သို့သော် ယခု ဟန်ချက်ညီသွားပြီဖြစ်သည်။

၎င်းသည် သူ မှန်းဆထားသည့်အတိုင်း ဖြစ်၏။

နောက်တစ်လှမ်းက သက်တမ်းထောင့်နှစ်ရာ ပါဝင်သော အကြောင်းပြန်လှန်ကတ်များသည် ရွှေကြာကို ကျေနပ်စေနိုင်ပြီး သူ ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်နိုင်ပါ့မလားဆိုတာ အတည်ပြုနိုင်ရန် ဖြစ်သည်။

ရောင်ခြည်ဖြာနေသော ရွှေရောင်ကွင်းများသည် ယခုဆို ပိုလျင်မြန်စွာ လည်ပတ်နေ၏။ လည်ပတ်နေသော စွမ်းအင်ကွင်းများ ကြီးလာတော့သည်။ သူ့အသက်စွမ်းအင် စုပ်ယူခံရသည့်နှုန်းက တိုးလာ၏။ ရောင်ခြည်သည် ပိုတောက်ပလာတော့သည်။

လုကျိုးက တည်ငြိမ်နေသည်။ သူက လက်ဝါးကို ရှေ့သို့ တွန်းထုတ်လိုက်၏။ သူ့စိတ်ဝိညာဉ်သဏ္ဌာန်သည် ပေတစ်ရာ အမြင့်အထိ ကြီးမားပြင်းလာသည်။ ၎င်းသည် ပွင့်ချပ်ရှစ်လွှာစိတ်ဝိညာဉ်သဏ္ဌာန်အတွက် အရွယ်အစားအကြီးဆုံးဖြစ်သည်။

ပွင့်ချပ်မှ ရွှေရောင် ရောင်ခြည်သည် လုကျိုး၏ ခန္ဓာကိုယ်ကို အပြည့်အဝ လွှမ်းခြုံထား၏။

ရွှေနန်းဥယျာဉ်တောင်၏ မိုင်ပေါင်းများစွာအတွင်းရှိ လူတိုင်းနှင့် တောင်ခြေရှိ လူတိုင်းသည် လေထဲ၌ မြင့်မားလှသော ပေတစ်ရာ စိတ်ဝိညာဉ်သဏ္ဌာန်ကို မြင်နိုင်သည်။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် ယင်းက မိစ္ဆာဝေဟင်မျှော်နန်း၏ မျှော်နန်းသခင်သည် ပွင့်ချပ်ကိုးလွှာအဆင့်ကို ရောက်ရှိနေပုံကို ပြသနေမှန်း လူတိုင်း သိကြသည်။

နားလည်နိုင်စွမ်း မြင့်မားသော ကျင့်ကြံသူများသည် ပွင့်ချပ်ဖူးပွင့်မှုကို ကြည့်ပြီး ဉာဏ်အလင်း ပွင့်သွားကြ၏။ ဤနည်းဖြင့် သူတို့ ပွင့်ချပ်ဖူးပွင့်ခြင်း ဖြစ်စဉ်များကလည်း ချောမွေ့လာတော့သည်။

ယင်းသည် ဗုဒ္ဓ၊ တာအို၊ ကွန်ဖြူးရှပ် အဖွဲ့အစည်းများသည် သူတို့၏ တပည့်များကို သူတို့၏ ပြိုင်စံရှားအကွက်များ သင်ကြားပေးခြင်း ကဲ့သို့ပင် ဖြစ်သည်။ ဆရာက ရှေးဦးစွာ သရုပ်ပြသပြီး တပည့်များနှင့် ကျောင်းသားများက ၎င်းကို တုပပြီး မိမိဖာသာ တိုးတက်အောင် ကြိုးစားရမည်။

ထိုစဉ် လုကျိုးက သူ၏ ကျန်ရှိသော အကြောင်းပြန်လှန်ကတ်များကို ကြည့်လိုက်သည်။ သူ့၌ ၇၉၂ကတ် ကျန်သည်။ သူသည် ဆယ့်ငါးမိနစ်အတွင်း၌ အကြောင်းပြန်လှန်ကတ် တစ်ရာကျော် သုံးလိုက်ရမည်ဟု မထင်ပေ။

All Chapters