ရွက်လွှင့်ခြင်း
Vol. 10 Ch. 915
ပိုင်ရှောင်ချန်းမှာ ထိုကိစ္စနှင့်ပတ်သက်၍ သုံးရက်ကြာသည်အထိ စဥ်းစားရင်း ထိုင်နေသည်။ သုံးရက်မြောက်နေ့ နေ့လည်ခင်းတွင် နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီးမှ ဓမ္မအမိန့်သည် အရှေ့ဘက်ကောင်းကင်တံတားမြစ်ဒေသ၏ ချောင်ကြိုချောင်ကြားမကျန် ပျံ့နှံ့လာတော့သည်။
ထိုအမိန့်တွင် ကြေညာချက်နှစ်ချက်ပါဝင်၏။ ပထမတစ်ချက်က စစ်သင်္ဘောကြီးသည် တစ်လအတွင်း ကောင်းကင်တံတားကျွန်းဆွယ်ဆီသို့ ရွက်လွှင့်မည့်အကြောင်း ထုတ်ပြန်ထားသည်။ ကောင်းကင်ဧကရာဇ်၏ တပည့်ဖြစ်ရန် နတ်မီးလျှံစမ်းသပ်ပွဲတွင် ပါဝင်လိုသည့် မည်သူမဆို ထိုအချိန်တွင် သင်္ဘောပေါ် ရောက်နေရန် လိုအပ်သည်။
ဒုတိယကြေညာချက်က တပည့်တစ်ယောက်ရွေးချယ်ခြင်းအပြင် ကောင်းကင်ဧကရာဇ်သည် အသက်ရှည်စေမည့် ဆေးလုံးများ ချီးမြှင့်ရန် နတ်မီးလျှံစမ်းသပ်ပွဲကျင်းပမည့်အကြောင်း ဖြစ်သည်။
စမ်းသပ်ပွဲ၏ ပထမနေရာအနိုင်ရသူသည် ကောင်းကင်ဧကရာဇ်၏ တပည့်ဖြစ်လာမည်။
ဒုတိယ၊ တတိယနှင့် စတုတ္ထနေရာ အနိုင်ရသူများသည် နှစ်တစ်ထောင်သက်ရှည်ဆေးလုံးတစ်လုံးစီ ချီးမြှင့်ခံရမည်။
ပဥ္စမမှ ဒဿမနေရာ အနိုင်ရသူများသည် အနှစ်ငါးရာသက်ရှည်ဆေးလုံးတစ်လုံး ရမည်ဖြစ်ပြီး ၄င်းမှ ၁၀၀ အထိ လူတိုင်းသည် နှစ်တစ်ရာအသက်ရှည်ဆေးလုံး ရရှိမည်ဖြစ်သည်။
" နှစ်တစ်ထောင်သက်ရှည်ဆေးလုံး။ အဲဒီဆေးလုံးနဲ့ဆိုရင် နတ်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာဖို့ ငါ့အိပ်မက်ကို သေချာပေါက် အကောင်အထည်ဖော်လို့ရပြီ"
" ငါ နှစ်တစ်ထောင်သက်ရှည်ဆေးလုံး တစ်လုံးကို မရလောက်ပေမယ့် သေချာပေါက် နှစ် ငါးရာ ဆေးလုံးတစ်လုံးတော့ ရနိုင်တယ်။ အဲဒီအတွက် ကြိုးစားမယ်ကွာ "
အရှေ့ဘက်ကောင်းကင်တံတားမြစ်ဒေသမှအစပြု၍ ဝေးလံအခေါင်ဖျားဆုံး တောင်တန်းများအထိ ဆူညံပွက်လောရိုက်နေသည်။ ထူးခြားသော သင်းကွဲကျင့်ကြံသူများပင် လွန်စွာ စိတ်လှုပ်ရှားသွားကြပြီး ယှဥ်ပြိုင်ရန် ဆုံးဖြတ်လိုက်ကြသည်။
သက်ရှည်ဆေးလုံးများမှာ အသက်ကြီးနေပြီဖြစ်သော ကျင့်ကြံသူများအတွက် အလွန်စွဲမက်စရာကောင်းလေရာ ထိုလူများသည် ၎င်းတို့ကို ရရန်အတွက် မည်သည့်အတိုင်းအတာထိမဆို သွားမည်ဖြစ်သည်။
အရှေ့ဘက်ကောင်းကင်တံတားမြစ်ဒေသတစ်ခွင် အရူးအမူးဖြစ်နေကြစဥ် အခြားမြစ်ဝဂိုဏ်းသုံးဂိုဏ်းမှာလည်း တူညီသောသတင်းများကို ကြေညာလိုက်ကြရာ အခြားသော မြစ်လက်တက်များအားလုံး ထိုနည်းတူ ဖြစ်ပျက်နေတော့သည်။ လက်ရွေးစင်ဂိုဏ်းသားများသာ ထိုသို့ဖြစ်ပျက်နေသည်မဟုတ်၊ ယုံကြည်ချက်အနည်းငယ်သာရှိသော လူများပင် နတ်မီးလျှံစမ်းသပ်ပွဲတွင် ပါဝင်ရန် ဆုံးဖြတ်လိုက်ကြသည်။
ရှင်းကုံကျစ်တာအိုဂိုဏ်းမှ အခြားနတ်အဆင့်ကျင့်ကြံသူများဖြစ်စေ၊ အလယ်ပိုင်းဒေသဂိုဏ်းများမှ ကျင့်ကြံသူများဖြစ်စေ စိတ်လှုပ်ရှားနေကြသည်။ ရှင်း၊ တာအိုနှင့် ကျစ်မြစ်ဂိုဏ်းခွဲတို့မှ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများအားလုံး ပင်မဂိုဏ်းရှိရာဘက်သို့ အပြေးအလွှားသွားနေကြသည်။
စုန့်ချွဲကဲ့သို့ အဏ္ဏဝါခေါ်သံဂိုဏ်းမှ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများသည်လည်း ပါဝင်ရန် ဆုံးဖြတ်လိုက်ကြသည်။ အတုမဲ့သခင်ပင် ပါဝင်ရန် ဆုံးဖြတ်လိုက်၏။
လီချင်းဟောက်မှာ တခဏကြာ တုံ့ဆိုင်းနေပြီး နောက်ဆုံးတွင် ယခုအတိုင်းနေခဲ့ရန်သာ ဆုံးဖြတ်လိုက်သည်။
ပိုင်ရှောင်ချန်းသည် အစက သူ တွေးထားသည်ထက် ပိုမိုများပြားသောကျင့်ကြံသူများ ပါဝင်လာမည်ကို သဘောပေါက်လိုက်သောအခါ ပို၍ပင် ဒွိဟဖြစ်လာတော့သည်။
တစ်ပတ်ကြာသော် ဖက်တီးကျန်းကြီးက သူ့အား ကူညီချင်လားဆိုသည်ကို လာရောက် မေးမြန်းလေသည်။ ဖက်တီးကျန်းကြီးသည် သူ၏ ကျင့်ကြံခြင်းအခြေခံက နိမ့်ကျလွန်းသည့်အတွက် စိုးရိမ်ကြောင့်ကြဖြစ်နေသည့်တိုင် နတ်မီးလျှံစမ်းသပ်ပွဲတွင် ကံကောင်းခြင်းအား ရှာဖွေချင်သေးသည်။
ထိုအချိန်တွင် ပိုင်ရှောင်ချန်းက သက်ပြင်းချပြီး အံကြိတ်လိုက်သည်။ သူက သေချာပေါက် ကောင်းကင်ဧကရာဇ်၏ တပည့် ဖြစ်သွား၍ မဖြစ်ပေ။ သူက ငရဲဧကရာဇ်၏ ဆရာဖြစ်သည်ကို ထည့်တွက်လိုက်ပါက ထိုသို့သော အရာမျိုးကို မည်သို့ လုပ်နိုင်မည်နည်း။ သို့သော် မကြာသေးမီက ထိုအသက်ရှည်ဆေးလုံးများကြောင့် သူ အအိပ်ပျက်၊ အစားပျက် ဖြစ်နေခဲ့ရသည်။
" ကောင်းပြီ ကျွန်တော်သွားမယ်။ နှစ်တစ်ထောင်သက်ရှည်ဆေးလုံးတစ်လုံးမရရင်တောင်မှ နှစ်ငါးရာဆေးလုံးတော့ ရလောက်ပါတယ်"
သူက စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် အသင့်ပြင်ရန် ဆုံးဖြတ်လိုက်သည်။ တစ်ဖက်တွင် သူသည် စုန့်ချွဲ၊ အတုမဲ့သခင်နှင့် အဏ္ဏဝါခေါ်သံဂိုဏ်းမှ ကျန်လူများကို ကူညီရန် အဆင့်သင့်ဖြစ်နေရမည်ဖြစ်သည်။ အခြားတစ်ဖက်တွင် သူသည် ဆေးပင်နှင့်ဆေးလုံးများစွာလည်း ပြင်ဆင်ရန် လိုအပ်သည်။
" အဲဒီ နတ်မီးလျှံစမ်းသပ်ပွဲမှာ သေချာပေါက် တိုက်ခိုက်သတ်ဖြတ်တာတွေ ဖြစ်ဦးမှာ။ အေးကွာ၊ ငါ တော်တော်လေး ပြင်ဆင်ထားမှရမယ် "
ကံကောင်းထောက်မစွာ ဂိုဏ်းစောင့်အကြီးအကဲရာထူးကြောင့် သူသည် ရင်းမြစ်မြောက်မြားစွာအား အလွယ်တကူ ရယူခွင့်ရှိသည်။
သူက မည်မျှကြာကြာသွားရမည်ဖြစ်ကြောင်း မသေချာသည့်အတွက် သူ့လက်ဝယ်ရှိနေသည်ထက် ပိုမိုများပြားသော သက်စောင့်အားဆေးလုံး တစ်ပုံတခေါင်းထည့်ထားရန်လည်း ဆုံးဖြတ်လိုက်သည်။
ထို့နောက် ဖက်တီးကျန်းကြီး၏ ကိစ္စရှိသည်။ ဖက်တီးကျန်းကြီးသည် စုန့်ချွဲနှင့်မတူဘဲ နှောင်းပိုင်းအမြုတေအဆင့်သာ ရောက်ရှိနေ၍ ပါဝင်ရန် လိုအပ်ချက်များနှင့် မကိုက်ညီပေ။ နတ်မီးလျှံစမ်းသပ်ပွဲမတိုင်ခင် သူ အဆင့်တက်သွားစေရန် ကူညီခြင်းသည် ခက်ခဲမည်ဖြစ်ကြောင်း သိသော်လည်း ပိုင်ရှောင်ချန်းက သူ လုပ်နိုင်ကြောင်း သေချာနေသည်။
ပိုင်ရှောင်ချန်းသည် အလားအလာရှိသော အန္တရာယ်များအားလုံးကို သူ့အား ရှင်းပြလိုက်သည့်တိုင် ဖက်တီးကျန်းကြီး စိတ်ပိုင်းဖြတ်ထား၏။ ထို့ကြောင့် ပိုင်ရှောင်ချန်းက ခေါင်းညိတ်ပြီး သူ့ကို အဆင့်တက်အောင် ကူညီတွန်းပို့ပေးရန် ပြင်ဆင်လိုက်သည်။
ကံဆိုးစွာပင် စစ်သင်္ဘောရွက်မလွှင့်ခင် ဆယ်ရက်မျှသာ လိုတော့သည်။ ထို့ကြောင့် ပိုင်ရှောင်ချန်းက ဂိုဏ်းစောင့်အကြီးအကဲလုပ်ပိုင်ခွင့်ကို အသုံးချကာ ဖက်တီးကျန်းကြီးအား သင်္ဘောပေါ်တွင် နေရာတစ်နေရာရစေလိုက်သည်။ ဖက်တီးကျန်းကြီးအတွက် အစီအစဥ်ကား သင်္ဘောပေါ်တွင်ဖြစ်စေ၊ ကောင်းကင်တံတားကျွန်းဆွယ်မရောက်ခင်ဖြစ်စေ အဆင့်တက်ရန်ဖြစ်သည်။ သို့ဖြစ်မှသာ သူ ပါဝင်ယှဥ်ပြိုင်နိုင်လိမ့်မည်။
သူသာ အဆင့်မတက်နိုင်ခဲ့လျှင် နတ်မီးလျှံစမ်းသပ်ပွဲ ပြီးဆုံးသည်အထိတိုင်အောင် သင်္ဘောပေါ်တွင်သာ စောင့်နေပြီးနောက် ရှင်းကုံကျစ်တာအိုဂိုဏ်းထံ ပြန်နိုင်သည်။
ပိုင်ရှောင်ချန်းက အမျိုးမျိုးသော ပြင်ဆင်ချက်များ လုပ်ကိုင်နေစဥ် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားပြီး သင်္ဘောရွက်လွှင့်မည့်အချိန်ကို စောင့်ဆိုင်းရန် ရှင်းကုံကျစ်တာအိုဂိုဏ်း ပတ်ပတ်လည်ဒေသများဆီသို့ ကျင့်ကြံသူများ တသဲသဲရောက်လာကြတော့သည်။
တစ်ခုသော မနက်ခင်းဝေလီဝေလင်းအချိန်တွင် ဂိုဏ်းအပြင်မှ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများ လေထဲပျံတက်လာကြပြီး မျှော်လင့်ချက်အပြည့်ဖြင့် စစ်သင်္ဘောရှိရာဘက်သို့ လှမ်းကြည့်လိုက်ကြသည်။
စစ်သင်္ဘောကြီးသည် ရှေးဟောင်းသားရဲကြီးတစ်ကောင် အသက်ဝင်လာသည့်အလား ထစ်ခြုန်းမြည်ဟည်းလာပြီး တဖြည်းဖြည်းနှင့် သင်္ဘောဦး လှည့်လာ၏။
တချိန်တည်းမှာပင် နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီး၏ အလွန်ရှေးဆန်သော အသံကြီးက ခရမ်းရောင်သက်တန့်ပေါ်မှ ပဲ့တင်ထပ်လာလေသည်။
" စမ်းသပ်ပွဲကို ပါဝင်ရန် စီစဥ်ထားကြသူတိုင်း အခု သင်္ဘောပေါ် တက်ကြပါ"
ချက်ချင်းပင် ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများအားလုံး စစ်သင်္ဘောထံ ဦးတည်းပျံသွားလိုက်ကြသည်။
၁၀၊ ၂၀ ၊ ၅၀..... ၁၀၀။
အရှေ့ဘက်မှ ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူအားလုံး မပါဝင်သော်လည်း အများစု ပါဝင်ကြသည်။ နောက်ဆုံးတွင် အလင်းတန်း ၂၀၀ကျော်သည် စစ်သင်္ဘောကြီးပေါ်သို့ ကျဆင်းလာတော့သည်။
သူတို့ထဲတွင် စုန့်ချွဲ၊ အတုမဲ့သခင်၊ ဆန်းကြယ်နတ်ရေစင်နှင့် ဆေးစွမ်းအင်နတ်ရေစင်အဖွဲ့တို့မှ ကျင့်ကြံသူသုံးယောက်ပါဝင်သည်။ ပိုင်လင်း၊ ဇောင်ထျန်ကျောက်နှင့် အခြားသူများအပါအဝင် ရှင်းကုံကျစ်တာအိုဂိုဏ်းမှလည်း အခြားလူပေါင်းများစွာရှိသည်။
ပိုင်ကျိမ်းထျန်နှင့် အခြားနတ်အဆင့်ကျင့်ကြံသူများမှာမူ ပိုင်ရှောင်ချန်း ထွက်သွားသည်ဆိုသော အသံကိုကြားသောအခါ မသွားရန် ဆုံးဖြတ်လိုက်ကြသည်။ ထို့ကြောင့် ပိုင်ရှောင်ချန်းသည်သာလျှင် ပါဝင်သည့် တစ်ဦးတည်းသော နတ်အဆင့်ကျင့်ကြံသူဖြစ်သည်။
သူက တစ်ဦးတည်းသော ဂိုဏ်းစောင့်အကြီးအကဲတစ်ယောက်ဖြစ်၍ စစ်သင်္ဘော၏ အစောင့်အရှောက်နှင့် သင်္ဘောတပ်ဖွဲ့၏ ခေါင်းဆောင်အဖြစ် ပြုမူရန် တာဝန်ရှိသည်။ သင်္ဘောပေါ်က သူ့နောက်လိုက် ကျင့်ကြံသူအများစုမှာ သူ့ကို ရိုရိုသေသေလေးလေးစားစား ကြည့်လိုက်ကြပြီး သူက သူတို့ကို ကြည့်သည်နှင့် တစ်ပြိုင်နက် ဦးညွှတ်အရိုအသေပေးကြလေသည်။
ပိုင်ရှောင်ချန်းသည် မြင့်မားသောရာထူးအဆင့်အတန်းကို အသားကျနေပြီး လူတိုင်းက သူ့အား တချိန်လုံး မျက်နှာလိုမျက်နှာရလုပ်နေသည်ကို အတန်ငယ် ရိုးလာပါသော်လည်း သူ့ကြောင့် ယင်ယန်ဝိညာဥ်အဆင့်ပညာရှင်များစွာ အံ့သြတုန်လှုပ်သွားကြသည်ကို မြင်ရသည်မှာ အတော်လေး ကျေနပ်အားရဖွယ်ကောင်းနေသည်။
" အီး ငါကိုက တော်လွန်းနေတာကိုး။ သိပ်တောင် ခက်ခက်ခဲခဲ မကြိုးစားလိုက်ရပေမယ့် အခု ဂိုဏ်းစောင့်အကြီးအကဲတစ်ယောက် ဖြစ်နေပြီ "
သူက ဂုဏ်ယူစွာ ချောင်းဟန့်လျက် အင်္ကျီလက်စကို ခါယမ်းလိုက်သည်။ သူသည် ယခင်တစ်ခေါက်က ဂိုဏ်းသားလေးတစ်ယောက်အနေဖြင့်သာ ဤသင်္ဘောပေါ်သို့ ခြေချခဲ့သည့်အချိန်ကို ပြန်တွေးလိုက်မိသည့်အတွက် သူ့မျက်နှာပေါ်တွင် လွမ်းဆွတ်တမ်းတသော အမူအရာပေါ်လာ၏။ ထိုစဥ်က ချိန်ဟဲ့ထျန်က သင်္ဘော၏ အစောင့်အရှောက်ဖြစ်ခဲ့သည်။
ယခုတွင် ချိန်ဟဲ့ထျန်ကား အမြီးကုပ်၍ သူ့ကို ရှောင်နေလေပြီ။
စုန့်ချွဲနှင့် ဇောင်ထျန်ကျောက်တို့သည်လည်း သင်္ဘောနှင့် ခရီးသွားရမည့်အပေါ် ခံစားချက်များပြည့်နှက်နေသည်။ အဓိကခြားနားချက်မှာ ပိုင်ရှောင်ချန်းကို မြင်သည်နှင့် ဇောင်ထျန်ကျောက်က သက်ပြင်းချလိုက်စဥ် စုန့်ချွဲက ခေါင်းငုံ့ပြီး ကြိတ်ဆဲလိုက်ခြင်း ဖြစ်သည်။
" သူ့နတ်အဆင့်ကျင့်ကြံခြင်းအခြေခံက ဘာတွေများ ကြီးကျယ်နေလို့တုန်း။ ပြီးတော့ သူက ဒီကို ဘာလာလုပ်နေတာတုံး "
ပိုင်ရှောင်ချန်းက တွေဝေတွန့်ဆုတ်နေခြင်းမရှိဘဲ အဏ္ဏဝါခေါ်သံဂိုဏ်းမှ လူတိုင်းနှင့် ဇောင်ထျန်ကျောက်၊ ပိုင်လင်းတို့အား အကောင်းဆုံးအခန်းများ ပေးရန် စီစဥ်ပေးလိုက်သည်။ စုန့်ချွဲကား ခြွင်းချက်ပင်။
" ချွဲအာရေ "
သူက လက်ကိုရှေ့နောက် ဝှေ့ယမ်း၍ လူအုပ်ကြားထဲ အော်ဟစ်လိုက်သည်။
" လာ ဒီကို ။ ဦးလေးနဲ့ အခန်းအတူတူ သုံးမယ် "
စုန့်ချွဲ၏မျက်နှာ မည်းမှောင်သွားပြီး ခေါင်းကို ပို၍ငုံ့လိုက်သည်။ သူက ပိုင်ရှောင်ချန်းကို ရှောင်ရန် မျှော်လင့်ခဲ့သည့်တိုင် ခေါ်ထုတ်ခံရခြင်းဖြင့် အဆုံးသတ်သွားခဲ့သည်။
" သောက်ကျိုးနည်းကွာ၊ ပိုင်ရှောင်ချန်း လက်မလျှော့နိုင်သေးဘူးလား။ သူသာ ဒီလာမယ်ဆိုတာ ငါသိခဲ့ရင် ဒီမလာခင် ငါ့ကိုယ်ငါ သေလောက်အောင် ထုထောင်းပစ်လိုက်ပါတယ်ကွာ "
သူသည် ဒေါသထွက်လွန်း၍ ရူးတော့မတတ် ဖြစ်နေသော်လည်း သင်္ဘောပေါ်က အကြီးဆုံးအခန်းတွင်နေရန် သွေးဆောင်မှုကို မခံနိုင်ပေ။ သူက အားတင်းကာ ပိုင်ရှောင်ချန်းထံ လျှောက်သွားလိုက်ရာ အခြားသော ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများအားလုံးမှာ အားကျမနာလိုဖြစ်သွားကြတော့သည်။
မကြာခင် စီစဥ်နေရာချပေးမှုများအားလုံးပြီးဆုံးသွားပြီး ပိုင်ရှောင်ချန်းက ကြီးကျယ်ခမ်းနားသော အသွင်ဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။
" ရွက်လွှင့် "
သူ၏အမိန့်ကိုကြားသည်နှင့် သင်္ဘောကို အားဖြည့်ရန် တာဝန်ကျသော ဂိုဏ်းသားများ အလုပ်စလုပ်ကြလေသည်။ ပြင်းထန်သော ထစ်ခြုန်းသံများကြားလိုက်ရပြီး သင်္ဘောကြီးသည် လှိုင်းလုံးများကို ထိုးခွဲ၍ ကောင်းကင်တံတားပင်လယ်အတွင်းသို့ တရိပ်ရိပ် ဦးတည်ဝင်ရောက်သွားတော့သည်။