← Chapters

ဧကရာဇ်ရှီးဟယ်၏တန်ပြန်စေခိုင်းမှု

Vol. 21 Ch. 281

ဧကရာဇ်ရှီးဟယ်၏တန်ပြန်စေခိုင်းမှု

Vol. 21 Ch. 281

အခန်း (၂၈၁) ဧကရာဇ်ရှီးဟယ်၏တန်ပြန်စေခိုင်းမှု

စိမ့်စမ်းနယ်မြေမှ ထွက်လာပြီးနောက် ကျန်းလန် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။

"နောက် အဲဒီလိုနေရာမျိုး ဘယ်တော့မှ မသွားတော့ဘူး"

ကျန်းလန် တွေးလိုက်သည်။

မည်သည့်နေရာတွင် မြေအောက်နတ်ဆိုးများ ပုန်းကွယ်နေနိုင်သည်ကို ခန့်မှန်းရခက်လှသည်။ နတ်ဆိုးများ မရှိနိုင်ဟု ယူဆမိသည့်နေရာမှ နတ်ဆိုးများ ဒါဇင်နှင့်ချီပြီး ထွက်လာခဲ့သည် မဟုတ်ပါလား။

သို့ဆိုလျှင် မြေအောက်ဂူများတွင်လည်း နတ်ဆိုးလက်ကျန်များ အများအပြား ရှိနေဦးမည်ပင်။

ကျန်းလန် ခေါင်းခါယမ်းလိုက်ပြီး သာမန်တောအုပ်ငယ်လေးတစ်ခုအတွင်းသို့ လမ်းလျှောက်ဝင်လာသည်။ ဤနေရာတွင်တော့ နတ်ဆိုးများ ဒါဇင်နှင့်ချီပြီး ရှိနေမည်မဟုတ်ဟု တွေးမိသည်။

ထို့ပြင် ယခုအချိန်ထိ မှတ်တမ်းတင် မှော်ဝင်ပစ္စည်းတွင် တိုက်ပွဲရလဒ်တစ်ခုကိုပင် မှတ်တမ်းတင်နိုင်ခြင်း မရှိသေးပေ။ ထိုသို့ဆိုလျှင် ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်မှ ကျောက်စာတိုင်တွင် သူ့အောင်မြင်မှုကို မှတ်တမ်းတင်နိုင်မည် မဟုတ်ပေ။

ကျန်းလန် လမ်းလျှောက်နေစဉ်…

ရုတ်တရက် သူ့စိတ်အာရုံထဲတွင် အသံများထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။

"ရှေးဟောင်းဧကရာဇ်အနိမ့်ပိုင်းနန်းတော်မှ တစ္ဆေတိုင်းပြည်ရဲ့ ပြိုင်ဘက်ကင်းလက်သီးနတ်ဘုရား"

ထိုအသံက လျှပ်တပြက်အတွင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

ကျန်းလန် ခြေလှမ်းများ ရပ်တန့်သွားခြင်းမရှိဘဲ တောအုပ်ငယ်အတွင်းမှ ခွန်လွန်တောင်လမ်းဆီသို့ ဖြတ်တက်လာသည်။

စကားသံက ထပ်မံ ထွက်ပေါ်လာသည်။

"ချင်းချန်မြို့နားမှာ ကံကြမ္မာအခွင့်ကောင်းရောင်ဝါတစ်ခု ပိုင်ဆိုင်ထားသူတစ်ယောက် ရှိတယ် ၊ အဲဒီလူကို သတ်လိုက်ရင် မင်းအတွက် အကျိုးရှိလိမ့်မယ် ၊ ဒါပေမဲ့ အလောင်းကိုတော့ ခွန်လွန်တောင်ကို လွှဲပြောင်းပေးပါ ၊ အခက်အခဲတစ်ခုခု ကြုံရင် ကျုပ်နာမည်သာ ခေါ်လိုက် ၊ ကျုပ် လာကူညီမယ်"

အသံက အနည်းငယ် ကလေးဆန်သည့် မိန်းကလေးသံ ဖြစ်သည်။

အသံပျောက်ဆုံးသွားသည်နှင့် အရာအားလုံးလည်း တိတ်ဆိတ်သွားသည်။

ကျန်းလန်၏ လက်ရှိတန်ခိုးစွမ်းအားဖြင့် ဆိုလျှင် တောင်နှင့်ပင်လယ်ကြေးမုံမှန်ကို အသုံးပြုသည့်တိုင် စကားပြောလာသည့်မိန်းကလေး မည်သူဖြစ်ကြောင်း ကြည့်နိုင်မည် မဟုတ်ပေ။

ကြည့်နိုင်မည်ဆိုဦးတော့ ကျန်းလန် မကြည့်ရဲပါပေ။

အကယ်၍ ထိုမိန်းကလေးက တောင်သခင်တစ်ပါး ဖြစ်နေမည်ဆိုလျှင် မည်သို့ရှိမည်နည်း။ ကျန်းလန်ကို သေချာပေါက် ရိပ်မိသွားနိုင်သည်။

အလွန်အန္တရာယ်များသော အနေအထားတွင် ရှိနေသည်ဟု သူ ခံစားရသည်။

နောက်ဆုံးစကားအရဆိုလျှင် သူ့ကို ဆက်သွယ်သူမှာ ဧကရာဇ်ရှီးဟယ် ဖြစ်ကြောင်း သိရှိနိုင်သည်။ ဧကရာဇ်ရှီးဟယ်က သူကဲ့သို့ပင် ကြားခံလူတစ်ယောက်အသုံးပြုပြီး သူ့ကိုဆက်သွယ်ခြင်းပင်။

"အရင်တစ်ခေါက်က ငါ သူ့ကို သတင်းပို့ အကူအညီတောင်းခဲ့လို့ အခု ငါ့ကို ပြန်ခိုင်းနေတာလား"

ကျန်းလန် တွေးလိုက်သည်။

အရင်တစ်ခေါက်က နတ်မိစ္ဆာများကိစ္စ ဖြေရှင်းပေးရန် ဧကရာဇ်ရှီးဟယ်ကို သူ သတင်းပို့ခဲ့သည်။

ယခုတော့ ဧကရာဇ်ရှီးဟယ်က ကံကြမ္မာအခွင့်ကောင်းရောင်ဝါ ပိုင်ဆိုင်ထားသူတစ်ယောက်အား သတ်ဖြတ်ပေးစေချင်သည်။

နောက်တစ်ချက်မှာ ဧကရာဇ်ရှီးဟယ်က ထိုသူ၏အလောင်းကို လိုချင်ဟန် ရှိသည်။

ကျန်းလန် လမ်းလျှောက်လာရင်း မရှိမှုအာကာသ ၊ ကနဦးအဆင့် နတ်ဆိုးတစ်ယောက်နှင့်တွေ့ဆုံလေသည်။ စက္ကန့်ပိုင်းမျှ စဉ်းစားပြီးနောက် ကျန်းလန် ဓားကိုင်ဆွဲထုတ်ကာ ထိုနတ်ဆိုးကို စတင်တိုက်ခိုက်လိုက်သည်။

ကျန်းလန်၏ ဓားအတွင်းသို့ ခုနစ်စဉ်ကြယ်ဓားသိုင်းစွမ်းအားက စီးဆင်းဝင်ရောက်လာပြီး ဓားရောင်တစ်ချက် လင်းလက်သွားသည်။

ထိုနတ်ဆိုးအနေဖြင့် လွတ်မြောက်ရန် အခွင့်အရေးမရှိတော့ပေ။

သူက မှတ်တမ်းတင်မှော်ဝင်ပစ္စည်းကိုအသုံးပြုကာ သူ၏တိုက်ပွဲအောင်မြင်မှုကို မှတ်တမ်းတင်လိုက်သည်။

ထို့နောက် ချင်းချန်မြို့သို့ ယခုပင် သွားရောက်သင့်သလားဟု စဉ်းစားလိုက်၏။

အမှန်ဆိုရသော် ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို ပိုင်ဆိုင်ထားသူတိုင်းက ရိုးရှင်းခြင်း မရှိလှပေ။ ထိုသို့သော်လူမျိုးကို ရင်ဆိုင်ရသည်မှာ ကျန်းလန်အတွက် အန္တရယ်များလွန်းသည်။

နဝမတောင်ထွတ်တွင် နေထိုင်ခြင်းက သူ့အတွက် အကောင်းဆုံး ဖြစ်သည်။ သို့သော်…

သူက ဧကရာဇ်ရှီးဟယ်ကို သတင်းပို့ အကူအညီတောင်းခဲ့သူဖြစ်လေရာ ယခု အပြန်အလှန်အနေဖြင့် ပြန်လည် ကူညီရတော့မည် ဖြစ်သည်။

"တစ်ချက်လောက်တော့ သွားကြည့်လိုက်မယ် ၊ ရင်ဆိုင်ရမယ့်သူက အရမ်း တန်ခိုးစွမ်းအားမြင့်မားတယ်ဆိုရင်တော့ ပြန်လာခဲ့မယ်"

ကျန်းလန် တွေးလိုက်သည်။

တစ်ဖက်လူက သူ့အဆင့်ဖြင့် ရင်ဆိုင်နိုင်စွမ်း ရှိမည်ဆိုလျှင် တိုက်ခိုက်မည် ဖြစ်သည်။ မဟုတ်ပါက ခွန်လွန်တောင်သို့ ပြန်လာရန်သာ ရှိသည်။

ဤနေရာတွင် နတ်ဆိုးများနှင့်လည်း ထပ်မံတွေ့ဆုံတော့မည် မဟုတ်ပေ။ နတ်ဆိုးများက သူ မျှော်လင့်သည်ထက် များစွာပိုမိုထက်မြက်လေရာ အနာဂတ်တွင် ပိုပြီး သတိထားရမည် ဖြစ်သည်။

ထို့နောက် ကျန်းလန် ခြေလှမ်းတစ်လှမ်း လှမ်းကာ နေရာမှ ပျောက်ကွယ်သွားလေတော့သည်။

သူ သတ်ဖြတ်ရမည့်သူနှင့်ပတ်သက်ပြီး ဧကရာဇ်ရှီးဟယ်က အကြမ်းဖျင်းမျှသာ ပြောဆိုခဲ့သည်။ ထိုသူကို မည်သို့ရှာဖွေရမည်ကို ကျန်းလန် မသိရှိပေ။

ရှာဖွေတွေ့နိုင်ပါမည်လားပင် မသေချာပေ။

ဤကိစ္စများပြီးဆုံးလျှင်တော့ ဧကရာဇ်ရှီးဟယ်နှင့် တတ်နိုင်သမျှ မပတ်သက်ရန် ကြိုးစားရမည် ဖြစ်သည်။ ထိုသူက အလွန်တန်ခိုးစွမ်းအားမြင့်မားသူ ဖြစ်လေရာ တကယ်တမ်း ထိပ်တိုက်ရင်ဆိုင်ရလျှင် သူ မည်သည့်နည်းနှင့်မှ အနိုင်ယူနိုင်မည် မဟုတ်ပေ။

ပိုပြီး စိုးရိမ်စရာကောင်းသည်မှာ ဧကရာဇ်ရှီးဟယ်ဆိုသူမှာ မည်သူဖြစ်မှန်း မသိခြင်းပင် ဖြစ်၏။

***

အချိန်အတန်ကြာပြီးနောက်…

ကျန်းလန် ချင်းချန်မြို့အနီးအနားသို့ ရောက်လာခဲ့သည်။ သို့သော် သူက မြို့ထဲသို့ ဝင်ရောက်ခြင်း မရှိပေ။

မြို့လေးကို ပတ်ပတ်လည်ဝန်းရံထားသည့် တောင်ထွတ်များထဲမှ တောင်ထွတ်တစ်ခုထက်တွင် ကျန်းလန် မတ်တတ်ရပ်နေလေသည်။

ဤနေရာက အတော်လေး လူသူကင်းမဲ့ပြီး ခြောက်ကပ်တိတ်ဆိတ်သည်။ သို့သော် အနီးပတ်ဝန်းကျင်ရှိ တောင်တန်းများအားလုံးကို တွေ့မြင်နိုင်သည်။

ကံကြမ္မာအခွင့်ကောင်းရောင်ဝါ ပိုင်ဆိုင်ထားသူကို  ကျန်းလန် မည်သို့ ရှာဖွေရပါမည်နည်း။ ထိုသူက သူရောက်နေသည့် တောင်ထွတ်တွင် ရှိနေရန်မှာတော့ မည်သည့်နည်းနှင့်မှ မဖြစ်နိုင်ပေ။

ဤတောင်ထွတ်သို့ မလာခင်ကပင် သူက ထောင်ချောက်ဆင်ထားခြင်း ရှိ မရှိ ဂရုတစိုက် လေ့လာခဲ့ပြီး ဖြစ်သည်။ ဤနေရာတွင် ကျင့်ကြံသူတစ်ယောက်မှ မရှိသလို အစီအရင်များလည်း လုံး၀ မရှိခဲ့ပေ။

အန္တရယ်ကင်းသည်မှာ သေချာတော့မှ သူက ဤတောင်ထွတ်ပေါ်သို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဧကရာဇ်ရှီးဟယ်ကလည်း သူ့ကို ထောင်ချောက်ဆင်ခြင်း ပြုလုပ်နိုင်လေသည်။

ထိုပုဂ္ဂိုလ်က သူ့ကို သူ့ကို အန္တရယ်ပေးမည့်ဟန် မပြသော်လည်း သူ့ဘက် မပေါ့ဆရဲပေ။ တစ်ချက်ပေါ့ဆမိပါက နောင်တရစရာများနှင့် ကြုံတွေ့ရမည် မဟုတ်ပါလား။

" သူက ကံကြမ္မာအခွင့်ကောင်းရောင်ဝါရှိတဲ့သူဆိုတော့ သူ့ကိုရှာဖွေဖို့ နတ်ဘုရားရာထူးကို အသုံးပြုရမယ်ထင်တယ်"

ခဏမျှ စဉ်းစားနေပြီးနောက် ကျန်းလန်က နတ်ဘုရားရာထူးကို အသုံးပြုကာ ထိုသူ၏တည်နေရာကို ခန့်မှန်းဆက်သွယ်ရန် ကြိုးစားလိုက်သည်။

သူ ထိုသူကို ရှာတွေ့ကောင်း ရှာတွေ့နိုင်မည် ဖြစ်၏။

***

အတန်ကြာပြီးနောက်…

ကျန်းလန် တောင်ထွတ်တစ်ခုဆီသို့ ရောက်ရှိလာသည်။

နတ်ဘုရားရာထူးကို အသုံးပြုပြီး ခြေရာခံမိသည့်နေရာ ဖြစ်သည်။ အတိအကျ မပြောနိုင်သည့်တိုင် ဤနေရာတွင် သူ ရှာဖွေနေသူကို တွေ့ရှိနိုင်ရန် အခွင့်အရေး မြင့်မားသည်။

သူက သစ်ရွက်အမြင်တန်ခိုးစွမ်းအားကို အဆုံးစွန်အထိ မြှင့်တင်လိုက်ပြီး ကျောက်ဂူတစ်ခုအတွင်းသို့ ဝင်ရောက်သွားသည်။

ကျောက်ဂူထဲတွင်…

လူသူတစ်ယောက်မှ မရှိသော်လည်း သဲဘုတ်ပြားတစ်ခု ရှိနေလေသည်။

ဤသဲဘုတ်ပြားက တစ်စုံတစ်ယောက်နှင့်ဆက်နွယ်နေသည့် မှော်ဝင်ပစ္စည်းတစ်ခု ဖြစ်ရမည်ဟု ကျန်းလန် သိလိုက်သည်။

သို့သော်…

အနီးပတ်ဝန်းကျင်တွင် လူသူတစ်ယောက်မှ မရှိတော့ပေ။

"ဒီလူတွေ ထွက်ပြေးသွားကြပြီပဲ"

ကျန်းလန် အံ့အားသင့်စွာ တွေးလိုက်သည်။

ကျန်းလန်က ကျောက်ဂူတစ်ခုလုံး နေရာလပ်မကန် လိုက်လံစစ်ဆေးခဲ့သော်လည်း လူတစ်ယောက်မှ ရှိမနေခဲ့ပေ။

"အတော်လေး အလောတကြီး ထွက်ပြေးသွားကြတဲ့ပုံပဲ ၊ ငါ လာမယ်ဆိုတာကိုများ သိသွားကြလို့လား ၊ ဒါမှမဟုတ် အခြားအကြောင်း တစ်ခုခုကြောင့်လား"

ကျောက်ဂူအတွင်းရှိ ကျောက်စားပွဲထက်တွင် ပစ္စည်းပစ္စယများ ရှုတ်ပွလျှက် ရှိသည်။

သဲဘုတ်ပြားမှာ အဖိုးတန် မှော်ဝင်ပစ္စည်းတစ်ခု ဖြစ်သည့်တိုင် ယူသွားရန် မေ့လျော့သွားကြဟန် ရှိ၏။

ကျန်းလန် နားမလည်နိုင်ဖြစ်နေလေသည်။ သူ ရောက်လာသည်ကိုတော့ သိရှိသွားရန်မှာ မဖြစ်နိုင်ပေ။

သူ့အကြောင်း သိရှိသွားမည်ဆိုဦးတော့ သူက အများအမြင်တွင် လူသားအင်မော်တယ်အဆင့် တန်ခိုးစွမ်းအားများကိုသာ ထုတ်ဖော်ပြသထားခြင်း ဖြစ်သည်။

ထိုမျှ ကြောက်ရွံ့စွာဖြင့် အလောသုံးဆယ် ထွက်ပြေးမသွားသင့်ပေ။

အဋ္ဌမမင်းသားကို ဥပမာထား ကြည့်မည်ဆိုပါက ကံကြမ္မာအခွင့်ကောင်းရောင်ဝါကို ရရှိထားသူမှာ အနည်းဆုံး လူသားအင်မော်တယ်အဆင့် ဖြစ်နိုင်သည်။

***

လူသူကင်းမဲ့သည့် တောင်တန်းတစ်နေရာ။

မြောက်နျန်နှင့် သူ့လူ (၂)ယောက်ဖြစ်သော ဖုကျယ်နှင့် ဖုယွမ်တို့ ခပ်သုတ်သုတ်သွားလာလျှက် ရှိကြသည်။ သူတို့ကို ကြည့်ရသည်မှာ နောက်မှ ကြောက်မက်ဖွယ်ရန်သူတစ်ယောက် လိုက်ပါလာသည့်အလားပင်။

ဖုကျယ် အံ့အားသင့်စွာဖြင့်…

"ဘာကိစ္စများ ဖြစ်လို့ အလောတကြီး ထွက်လာရတာလဲ ၊ ကျုပ်တော့ ဘာအန္တရယ်အငွေ့အသက်မှ မရပါဘူး"

ဖုယွမ်က…

"အမှန်ပဲ ၊ အဲဒီလောက်အလောတကြီးလုပ်ဖို့ လိုလို့လား ၊ ကျုပ်တို့ သဲဘုတ်ပြားကိုတောင် ယူလာချိန် မရလိုက်ဘူး"

မြောက်နျန်က တည်ငြိမ်သည့်မျက်နှာထားဖြင့်…

"ကျုပ်မှာ တန်ခိုးရှင်တစ်ယောက် လက်ဆောင်ပေးထားတဲ့ နတ်တန်ခိုးစွမ်းအားတစ်ခု ရှိတယ် ၊ အဲဒါက တခြား ဘာကိုမှ မသိနိုင်ပေမယ့် ကျုပ် အသက်အန္တရယ်ကျရောက်တော့မယ်ဆိုရင် ချက်ချင်း သိနိုင်တယ်"

သူက ဆက်ပြောသည်။

"အခုလေးတင်ပဲ ကျုပ် မကောင်းတဲ့ ခံစားချက်တစ်ခု ခံစားရတယ် ၊ ကျုပ် မကြာခင်သေရတော့မယ်ဆိုတဲ့ ခံစားချက်မျိုးပေါ့ ၊ အဲဒါက အဲဒီတန်ခိုးရှင်ပေးထားတဲ့ နတ်ဘုရားစွမ်းအားရဲ့တုံ့ပြန်မှုပဲ ၊ ဘာဖြစ်မယ်မှန်းမသိပေမယ့် ကျုပ်တို့ အန္တရယ်ကင်းဖို့က ကျုပ်တို့အပေါ်ပဲ မူတည်တယ်လေ"

ဖုကျယ်က…

"ကျုပ်တို့ကို သတ်မယ့်သူက ဘယ်သူတွေလဲ ၊ ခွန်လွန်တောင်ကလား"

မည်သူမှ ထိုမေးခွန်းကို မဖြေနိုင်ကြပေ။

ဖုယွမ်က…

"ဒါဖြင့် ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ"

"ကျုပ်တို့ ခွန်လွန်တောင်နဲ့အနီးဆုံးကို သွားပြီး ကျုပ်ခံစားနေရတဲ့ ထူးဆန်းတဲ့ခံစားချက်နဲပတ်သက်တဲ့ အဖြေကိုရှာရမယ်"

မြောက်နျန်က ခွန်လွန်တောင် တည်ရှိရာနေရာသို့ ကြည့်ရင်းပြောလိုက်သည်။

ဖုကျယ်က ဖုယွမ်ကို လှမ်းကြည့်လိုက်ပြီး…

"မင်းစိတ်ထဲမှာ တခြား အစီအစဉ် ရှိနေလို့လား"

ဖုယွမ်က တစ်ခဏမျှ စဉ်းစားနေပြီးနောက်…

"ကျုပ်တို့ လူစုခွဲကြမယ်"

သူက ဆက်ပြောသည်။

"သဲဘုတ်ပြားက အရေးကြီးတယ် ၊ အဲဒီပစ္စည်းမရှိရင် ကျုပ်တို့အစီအစဉ်တွေ အတော်လေး အခက်တွေ့လိမ့်မယ် ၊ ဒီတော့ ကျုပ် အဲဒီဘုတ်ပြားကို ပြန်ယူမယ် ၊ ကျုပ်အသက်ရှင်လျက် ပြန်လာမယ်ဆိုရင်တော့ အန္တရယ်မရှိဘူးပေါ့ ၊ ဒါပေမဲ့ ကျုပ် ရန်သူနဲ့ ရင်ဆိုင်ရရင်တော့ ကျုပ်တစ်ယောက်တည်းပဲ ရှိတဲ့ဟန် ဆောင်လိုက်မယ် ၊ ဒါဆို မင်းတို့တွေလည်း အန္တရယ်ကင်းမှာပါ ၊ တာဝန်ပြီးဆုံးဖို့သာ အမြန်ဆုံး လှုပ်ရှားကြရအောင်"

ဖုယွမ်၏စကားကြောင့် မြောက်နျန်နှင့် ဖုကျယ် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

ထို့နောက်တွင်တော့ ဖုယွမ်ပြောသည့်အတိုင်း လူစုခွဲရန် ဆုံးဖြတ်လိုက်ကြ၏။

***

ကျောက်ဂူထဲတွင် ကျန်းလန် မှောင်ရိပ်ခိုကာ စောင့်ဆိုင်းလျှက် ရှိသည်။

ရန်သူများ ပြန်ရောက်လာဦးမည်လားဟု စောင့်နေခြင်း ဖြစ်၏။

အကြာကြီးစောင့်နေရန်တော့ ရည်ရွယ်ချက် မရှိပေ။ နံနက်အရုဏ်တက်ချိန်အထိ မည်သူမှ ရောက်မလာလျှင် တောင်ပေါ်သို့ပြန်ရန် ဆုံးဖြတ်ထားသည်။

သို့သော် သူက ကျောက်ဂူထဲတွင် အစီအရင်များ ပြုလုပ်ထားပြီး ပြင်ဆင်စရာရှိသည်များလည်း ပြင်ဆင်ထားခဲ့သည်။ သူတောင်ပေါ်ပြန်ရောက်လျှက်ပင် ဤနေရာတွင် တစ်စုံတစ်ခု ထူးခြားလျှင် သိရှိနိုင်ရန် ဖြစ်၏။

ရန်သူများက ဤကျောက်ဂူထဲမှ အလောတကြီးထွက်ပြေးသွားပုံထောက်လျှင် ပြန်လာနိုင်ခြေတော့ သိပ်မရှိပေ။ အနည်းဆုံးတော့ တစ်ညအတွင်း ပြန်ရောက်လာရန်မှာ ဖြစ်နိုင်ခြေ နည်းပါးသည်။

သို့သော် ကျန်းလန် အချိန်အကြာကြီးလည်း မစောင့်ဆိုင်းရဲပေ။ ဤနေရာသို့ ဧကရာဇ်ရှီးဟယ်၏လူများ ရောက်လာနိုင်သလို ဧကရာဇ်ရှီးဟယ်ကိုယ်တိုင်လည်း ရောက်လာနိုင်သည်။

ညသန်းခေါင်ယံအချိန်…။

"ရှပ်… ရှပ်"

ခြေသံများထွက်ပေါ်လာပြီး ကျောက်ဂူအတွင်းသို့ လူတစ်ယောက် ဝင်လာဟန် ရှိသည်။

ကျန်းလန် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။

အမှောင်ထုထဲတွင် လမ်းလျှောက်လာသည့် လူတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုသူ၏ ကျင့်ကြံခြင်းအဆင့်က အစစ်အမှန်အင်မော်တယ် ၊ အလယ်ဆင့် ဖြစ်၏။

"တစ်ယောက်တည်းလား"

ကျန်းလန် တွေးလိုက်သည်။

ထိုသူ၏ ခန္ဓာကိုယ်ပေါ်တွင် မည်သည့် ကံကြမ္မာအခွင့်ကောင်းရောင်ဝါကိုမှ မတွေ့ရှိရပေ။ ဤသည်က သူ သတ်ဖြတ်ရမည့်သူ မဟုတ်ပေ။

ကျန်းလန် မှောင်ရိပ်ထဲတွင်ပင် ဆက်လက် မတ်တတ်ရပ်နေပြီး သစ်ရွက်အမြင်တန်ခိုးစွမ်းအားကိုလည်း ထုတ်ဖော်အသုံးပြုထားသည်။

တစ်ဖက်လူက ခေါင်းမော့ကြည့်မလာလျှင် သူရှိနေသည်ကို မည်သည့်နည်းနှင့်မှ သတိထားမိမည် မဟုတ်ပေ။

ထိုသူက သုတ်သီးသုတ်ပြာဖြင့် ကျောက်ဂူထဲဝင်လာပြီး သဲဘုတ်ပြားကို ကောက်ယူလိုက်သည်။

ကျန်းလန်က လှုပ်ရှားမှု မပြုဘဲ စောင့်ကြည့်နေသည်။

ထိုသူက သဲဘုတ်ပြားကို ယူပြီးသည်နှင့် ကျောက်ဂူထဲမှ ချက်ချင်းထွက်ခွာသွားသည်။ သူ့မျက်ဝန်းများတွင်လည်း ကြောက်ရွံ့မှုအရိပ်အငွေ့များ တွေ့မြင်နေရပြီး သတိလည်း ထားနေဟန် ရှိသည်။

ထိုသူ ကျောက်ဂူအပြင်ဘက်သို့ ထွက်ခွာသွားပြီး ညအမှောင်ထုထဲ တိုးဝင်ပျောက်ကွယ်သွားသည်ကို ကျန်းလန် ကြည့်နေခဲ့သည်။

မကြာမီ ကျန်းလန် ကျောက်ဂူအဝတွင်ပေါ်လာပြီး ထိုသူ တိုးဝင်ပျောက်ကွယ်သွားသည့် ညအမှောင်ထဲသို့ တစ်ချက်ကြည့်ကာ နောက်မှ လိုက်ပါသွားသည်။

ထိုသူကို သတ်ဖြတ်ရန်မှာ လွယ်ကူသော်လည်း အဓိပ္ပါယ်မရှိသည့်အလုပ် ဖြစ်သည်။။ ထိုသူက သူ့လူများနှင့် သွားရောက်တွေ့ဆုံမည် ဖြစ်သည်။

ထို့ကြောင့် သူ့ နောက်လိုက်သွားခြင်းဖြင့် အခြားသူများအားလုံးကို ခြေရာခံနိုင်မည် ဖြစ်၏။

All Chapters