← Chapters

ဖက်တီးကျန်းကြီး၏ အိပ်မက်

Vol. 10 Ch. 916

ဖက်တီးကျန်းကြီး၏ အိပ်မက်

Vol. 10 Ch. 916

ပိုင်ရှောင်ချန်းက လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် တစ်ပြိုင်နက် ဧရာမ စစ်သင်္ဘောကြီးမှာ အဝေးသို့ အရှိန်အဟုန်ဖြင့် မောင်းနှင်သွားတော့သည်။ ထိုအခါ ရှင်းကုံကျစ်တာအိုဂိုဏ်း၏ သက်တန့်များပေါ်တွင် ကျန်ရစ်ခဲ့သည့် ဂိုဏ်းသားများမှာ စိတ်လှုပ်ရှားလွန်း၍ တုန်ရီနေတော့သည်။

" နောက်ဆုံးတော့၊ နောက်ဆုံးတော့ သူ ထွက်သွားခဲ့ပြီ "

" ကောင်းကင်ကြီးမှာ အမြင်ရှိသေးတာပဲ။ အရူးပိုင်ရှောင်ချန်း၊ ဂိုဏ်းကနေ ထွက်သွားပြီဟေ့။ သူဂိုဏ်းထဲမှာ ရှိနေတဲ့ နေ့ရက်တိုင်း ငါကြောက်ကြောက်ရွံ့ရွံ့နဲ့ နေခဲ့ရတာ။ သူသွားမဲ့နေရာမှာပဲ အသက်ပျောက်သွားပါစေဗျာ။ ဘုရားသခင်က သူ့ကိုတပည့်တစ်ယောက်အဖြစ် ခေါ်သွားပါစေ “

" နောက်ဆုံးတော့ အဲဒီတောသား ထွက်သွားပြီဟေ့။ ဟားဟားဟား။ ရှင်းကုံကျစ်တာအိုဂိုဏ်းနဲ့ ဝေးဝေးမှာနေစမ်းပါကွာ "

ဂိုဏ်းသားများမှာ စိတ်လှုပ်ရှားလွန်းနေကြသဖြင့် အချို့ဆိုလျှင် မျက်ရည်များပင် ဝဲနေကြသည်။ လူအနည်းငယ်ဆိုလျှင် ဆိုင်းများ၊ ဗုံများကိုထုတ်၍ နှစ်သစ်ကိုကြိုဆိုနေကြသည့်အလား စိတ်အားထက်သန်စွာ အောင်ပွဲခံနေကြတော့သည်။

ရှင်းကုံကျစ်တာအိုဂိုဏ်းတွင် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေပြီး ဆိုင်းသံဗုံသံများ၏နောက်တွင် ကျေနပ်အားရကာ ပျော်ရွှင်မြူးထူးနေကြသည့် ရယ်သံမောသံများပါ ပါလာတော့သည်။

ပိုင်ရှောင်ချန်း၏ ကျင့်ကြံခြင်းအခြေခံမှာ အဆင့်မြင့်လွန်းနေသည် မဟုတ်ပါလော။ မည်သူမှ သူ့အား မတိုက်ခိုက်နိုင်သဖြင့် လူတိုင်း သူ့အား မနာလို ဖြစ်ခဲ့ရသည်။ သို့ဖြစ်၍ သူတို့၏ ခံစားချက်များကို ဖြေဖျောက်ရန် မဖြစ်နိုင်ခဲ့သဖြင့် မျိုသိပ်ထားခဲ့ကြရသည်။ ယခု သူထွက်သွားပြီဖြစ်သောကြောင့် သူတို့မှာ မပျော်ရွှင်၊ မဝမ်းမြောက်ဘဲ မနေနိုင်တော့ပေ။

စစ်သင်္ဘောကြီးမှာ အတန်ငယ်ဝေးသောနေရာသို့ ရောက်သွားပြီဖြစ်သော်လည်း ဂိုဏ်းထဲရှိ အုပ်အော်သောင်းနင်းဖြစ်နေကြသော အသံများကို ပိုင်ရှောင်ချန်းကြားနိုင်လောက်သည်အထိ နီးကပ်နေသေးသည်။

သူသည် မျက်တောင်တဖျတ်ဖျတ်ခပ်လိုက်ပြီး စိတ်လှုပ်ရှားသွားရသဖြင့် ချောင်းဟန့်လိုက်၏။ သူ မည်မျှ ထူးချွန်ထက်မြက်ကြောင်း ပေါ်လွင်နေပြန်ပြီ မဟုတ်လော။ သူသာ ထိုကဲ့သို့ မထူးချွန်ပါက မည်သည့်အတွက်ကြောင့် ထိုလူများက သူ့အား စိတ်အားထက်သန်စွာဖြင့် နှုတ်ဆက်နေပါမည်နည်း။

သူသည် ယခင်ကအတိုင်း နာရမှန်းပင်မသိဘဲ စုန့်ချွဲ၊ ဇောင်ထျန်ကျောက်နှင့်သူ၏ အခြားမိတ်ဆွေများဘက်ကို လှည့်၍ ဆိုလိုက်၏။

" ငါ ဒီလိုအသံကို မကြားရတာတောင် အတော်ကြာခဲ့ပြီပဲ။ မင်းတို့မြင်ပြီမလား။ ငါထွက်သွားတာကို ဘယ်သူမှ မမြင်ချင်ကြဘူးကွ။ ငါထွက်သွားတာနဲ့ သူတို့ကအမြဲတမ်း နှုတ်ဆက်ပွဲအကြီးကြီး ကျင်းပပေးကြတာ "

စုန့်ချွဲမှာမူ မည်သည့်စကားမှ ပြန်မပြောပဲ ဇောင်ထျန်ကျောက်၏ မျက်နှာပေါ်တွင်မူ ထူးဆန်းသောအမူအရာတစ်ခု ပေါ်လာသည်။ ပိုင်လင်းမှာမူ ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။

သို့သော် ထိုအချိန်တွင် ပိုင်ရှောင်ချန်းက မေးငေါ့၍ အလောတကြီး အမိန့်ပေးလိုက်သည်။

" ခဏနေပါဦး။ သူတို့က ငါ့ကိုနှုတ်ဆက်ချင်နေတာလေ။ ဂိုဏ်းစောင့်အကြီးအကဲတစ်ယောက်အနေနဲ့ သူတို့ကို လျစ်လျူရှုလို့ ဘယ်ဖြစ်မလဲကွ။ ဟေ့ကောင်တွေ၊ သင်္ဘောကို ရပ်လိုက်စမ်း "

သူက ဂိုဏ်းသားများ၏ ဂုဏ်ပြုမှုကို လက်ခံရန်ဖြစ်ကြောင်း ဟန်ဆောင်နေပါသော်လည်း အမှန်ဆိုရလျှင် သူ၏စိတ်ထဲတွင် ရိုးတိုးရွတွဖြစ်နေသဖြင့် ထိုသို့သော အပြုအမူမျိုးကို မဆုံးမပဲနှင့် ခွင့်မလွှတ်နိုင်ကြောင်း ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပေသည်။

သူသည် သင်္ဘောပေါ်ရှိ စွမ်းအားအကြီးဆုံး ကျင့်ကြံသူဖြစ်နေသည့်အတွက် မည်သူကမှ သူ၏အမိန့်ကို မဖီဆန်ရဲပေ။ တစ်ခဏအတွင်း သင်္ဘောကြီးမှာ တုံ့ခနဲ ရပ်တန့်သွား၏။

ရှင်းကုံကျစ်တာအိုဂိုဏ်းရှိ ဂိုဏ်းသားများမှာ အားပါးတရ အောင်ပွဲခံကာ ပျော်ရွှင်မြူထူးနေကြစဥ် ရုတ်တရက် သင်္ဘောကြီးရပ်တန့်သွားသည်ကို ဂိုဏ်သားတစ်ယောက် သတိထားမိလိုက်သည်။

" ဟေ့ကောင်တွေ၊ ကြည့်ကြဦး။ ဘာလို့သင်္ဘောကြီးက ဆက်မသွားတော့တာလဲ "

" ဘုရားရေ ဘာတွေများဖြစ်နေတာလဲ "

" သူထွက်မသွားဖို့ ဆုံးဖြတ်လိုက်တာတော့ မဖြစ်နိုင်ပါဘူးနော် "

အချိန်တိုလေးတစ်ခုအတွင်း ရှင်းကုံကျစ်တာအိုဂိုဏ်းတစ်ဂိုဏ်းလုံး ငြိမ်ကျသွားတော့သည်။ မရေမတွက်နိုင်သော မျက်ဝန်းများမှာ စစ်သင်္ဘောကြီးကို စိုက်ကြည့်နေကြပြီး နှလုံးသားပေါင်းများစွာမှာ စိုးရိမ်ထိတ်လန့်မှုများနှင့်အတူ တဒိန်းဒိန်းခုန်လာသည်။

စစ်သင်္ဘောကြီးပေါ်တွင် ပိုင်ရှောင်ချန်းမှာ မတ်တတ်ရပ်လျက်သားဖြင့် ယခုအခါ ဆိုင်းသံ၊ဗုံသံများ လုံးဝမကြားရတော့သည့် ဂိုဏ်းဘက်သို့ လှည့်ကြည့်နေသည်။ ထို့နောက် သူက ချောင်းဟန့်လိုက်တော့သည်။

" ကြည့်ရတာ သူတို့က ငါ့ကိုတကယ်လွမ်းနေတဲ့ပုံပဲ။ အာ ဘာပဲဖြစ်ဖြစ် သင်္ဘောကိုလှည့်ပြီး နှုတ်ဆက်စကား နည်းနည်းပါးပါး သွားပြောမှပါ “

သူက သူ့ကိုယ်သူ လောကဝတ်နားလည်သူတစ်ယောက်ဖြစ်ကြောင်း ဂုဏ်ယူစွာတွေးတော၍ စိတ်ကျေနပ်မှုအပြည့်ဖြင့် ပြုံးလိုက်တော့သည်။ ဇောင်ထျန်ကျောက်၊ ပိုင်လင်းနှင့် သူ၏အခြားမိတ်ဆွေများမှာ တစ်ယောက်ကိုတစ်ယောက် ကြောင်အန်းအန်း ကြည့်နေကြ၏။

ပိုင်ရှောင်ချန်း၏ အမိန့်အောက်တွင် ထိုသင်္ဘောကြီးမှာ ဖြည်းညင်းစွာဖြင့် နောက်ဘက်သို့ပြန်လှည့်သွားပြီး ရှင်းကုံကျစ်တာအိုဂိုဏ်းဆီသို့ ဦးတည်သွားပြန်တော့သည်။

ထိုဂိုဏ်းတွင် ကျန်နေခဲ့သည့် ဂိုဏ်းသားများမှာ ဦးခေါင်းများပေါက်ကွဲလုမတတ် ဖြစ်သွားကြတော့သည်။ သူတို့မှာ မျက်နှာပျက်သွားကြပြီး သူတို့၏အသိစိတ်ထဲတွင်လည်း မရေမတွက်နိုင်သော မိုးခြိမ်းသံများဖြင့် ပြည့်နှက်သွားကြ၏။

" သူ၊ သူဘာတွေလုပ်နေတာတုံး။ ဘာလို့ ပြန်လှည့်လာနေတာတုံး "

" ဘာတွေလဲ၊ သူဘာတွေလုပ်နေတာလဲ "

" အဲဒါ မင်းတို့ကောင်တွေကြောင့်။ မင်းတို့က လွန်လွန်ကျူးကျူးကြီး သွားလုပ်တာကိုးကွ။ အခုသူက ထွက်မသွားတော့ဘူးနေမှာ။ အမယ်လေးဗျာ၊ ဘာလုပ်ရတော့မှာလဲဗျ "

လူတိုင်း စိုးရိမ်တကြီးနှင့် တုန်တုန်ရီရီဖြစ်နေကြစဥ် ခရမ်းရောင်သက်တန့်ဆီမှ နတ်ဘုရားတစ်ပိုင်း ခေါင်းဆောင်ကြီး၏အသံ ထွက်ပေါ်လာတော့သည်။

" ဘာမှ ယောင်ခြောက်ဆယ် လုပ်မနေစမ်းနဲ့ ပိုင်ရှောင်ချန်း။ မင်းသေချင်နေတာလား၊ အခုချက်ချက် သင်္ဘောကိုပြန်လှည့်လိုက်စမ်း "

ထိုအသံကြီးမှာ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်လွန်းလှသဖြင့် ကောင်းကင်ကြီး တုန်ရီသွားရပြီး ကောင်းကင်တံတားပင်လယ်၏ မျက်နှာပြင်ပေါ်တွင် ဧရာမလှိုင်းလုံးကြီးများပါ ပေါ်ထွက်လာရတော့သည်။

" ကျွန်တော်က လူတိုင်းကို နှုတ်ဆက်စကားပြောချင်ရုံလေးပါဗျ "

ပိုင်ရှောင်ချန်းက ပြန်၍ အော်ပြောလိုက်သည်။

" အာ...ထားပါတော့ဗျာ။ ကောင်းပြီ ကောင်းပြီ။ သင်္ဘောကိုလှည့်ပြီး ကောင်းကင်တံတားကျွန်းကိုပဲ ဆက်သွားလိုက်တော့ဟေ့ "

အခြားရွေးချယ်စရာ မရှိချေ။ သူသည် နတ်ဘုရားတစ်ပိုင်း ခေါင်းဆောင်ကြီးကို အနိုင်ယူနိုင်စွမ်း မရှိသည်မဟုတ်ပါလော။

မကြာမီ သင်္ဘောကြီးမှာ ထပ်၍လှည့်သွားပြီး ကောင်းကင်တံတားပင်လယ်ထဲသို့ ရွက်လွှင့်သွားတော့သည်။ ခဏအကြာတွင် ၎င်းမှာ မိုးကုတ်စက်ဝိုင်းထဲသို့ ဝင်ရောက်ပျောက်ကွယ်သွား၏။

ထိုအခါမှသာ ပိုင်ရှောင်ချန်း လုံးဝထွက်ခွာသွားပြီဖြစ်ကြောင်း ရှင်းကုံကျစ်တာအိုဂိုဏ်းသားများ သေချာသွားသဖြင့် စိတ်သက်သာရာ ရသွားကြပြီး သက်ပြင်းများချလိုက်ကြတော့သည်။ ထို့နောက် သူတို့မှာ ထပ်၍ စိတ်လှုပ်ရှားလာကြပြန်သည်။

ပိုင်ကျိမ်းထျန်သည် သူ၏တံခါးပိတ်ကျင့်စဥ်ကို အဆုံးသတ်လိုက်ပြီး အပြင်သို့ထွက်လာ၏။ ယခုတွင် သူ၏ဘဝကြီးမှာ သာယာသွားပြီဆိုသည့် အတွေးကြောင့် သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ထင်ဟပ်နေသည်။

လီရှမ်းတောက်မှာ ပိုင်ရှောင်ချန်းနှင့် အတိုင်းအတာတစ်ခုအထိ ရင်းနှီးနေပြီဖြစ်သော်လည်း ပိုင်ရှောင်ချန်း ထွက်ခွာသွားသည့်အချက်ကြောင့် သူသည်လည်း စိတ်အေးသွားတော့သည်။ အဆုံးတွင် သူ၏နဂိုအမူအရာဖြစ်သည့် စိတ်ဝင်စားမှုမရှိသော မျက်နှာကို ပြန်မြင်လိုက်ရတော့သည်။

ချိန်ဟဲ့ထျန်မှာမူ ဂိုဏ်းအပြင်ဘက်တွင် ဝရမ်းပြေးကျင့်ကြံသူတစ်ယောက်ကဲ့သို့ နေထိုင်နေခဲ့ရသည်။ ပိုင်ရှောင်ချန်းထွက်သွားပြီဖြစ်ကြောင်း ကြားသိလိုက်ရသည်နှင့် သူ ချက်ချင်းပင် စိတ်လှုပ်ရှားသွားတော့သည်။

" သောက်ကျိုးနည်း မျိုးမစစ်ကောင်လေးက နောက်ဆုံးတော့ ထွက်သွားပြီပေါ့ "

သူသည် မျှော်လင့်ချက်အပြည့်ဖြင့် ဂိုဏ်းဆီသို့ ဦးတည်သွားလိုက်တော့သည်။

ကောင်းကင်တံတားပင်လယ်၏ မျက်နှာပြင်ပေါ်တွင် ရွှေရောင်လှိုင်းလှုံးများ တလိမ့်လိမ့် ဖြစ်နေသည်။ ညအခါရောက်လျှင်ပင် ထိုမြင်ကွင်းမှာ လှပလွန်းလှသဖြင့် ကျင့်ကြံသူများမှာ အပြင်သို့ထွက်၍ ထိုရှုခင်း၏ အလှတရားကို ခံစားနေကြ၏။ ယခုအခြေအနေမှာ ဂိုဏ်း၏လက်ရွေးစင်အားလုံး အသက်အန္တရာယ်နှင့်ကြုံရနိုင်သည့် လေ့ကျင့်ရေးခရီးတွင် ပါဝင်ရန် သွားခဲ့စဥ်ကအချိန်နှင့် လုံးဝမတူတော့ပေ။ ထို့ကြောင့် သင်္ဘောပေါ်ရှိ လူတိုင်းမှာ အတော်အတန် စိတ်ပြေလက်ပျောက် ရှိနေကြသည်။

လူများစွာမှာ ဤအခွင့်အရေးကို အသုံးချ၍ မိတ်ဆွေများဖွဲ့နေကြသည်။ အခြားမြစ်လက်တက်သုံးခုမှ ကွဲပြားသော သိုင်းကွက်များ၊ ဓလေ့ရိုးရာများကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူများနှင့် ရင်ဆိုင်ရမည့်အချိန်တွင် အန္တရာယ်ကြီးမားသော အခြေအနေများကို ရင်ဆိုင်ရနိုင်ခြေများစွာရှိနေသည် မဟုတ်လော။

အဖွဲ့အစည်းအလိုက် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အောင်မြင်နိုင်ခြေကို မြှင့်တင်နိုင်မည်ဖြစ်သည်။ ထို့အပြင် သူတို့အားလုံးမှာ အရှေ့ကောင်းကင်တံတားမြစ်မှ ကျင့်ကြံသူများဖြစ်နေကြသည်။ သူတို့ထဲမှ တစ်ယောက်သာ ကောင်းကင်ဧကရာဇ်၏ တပည့်အသစ်အဖြစ်သို့ ရောက်သွားပါက လူတိုင်းအကျိုးကျေးဇူးများစွာ ခံစားရမည်သာဖြစ်သည်။

ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများမှာ ပိုင်ရှောင်ချန်းကို ရိုသေမှုအပြည့်ဖြင့် ဆက်ဆံနေကြသည်။ သို့သော် ရှင်းကုံကျစ်တာအိုဂိုဏ်းထံမှ ထွက်လာခဲ့စဥ်က ကြုံတွေ့ခဲ့ရသည့် ကိစ္စကြီးကြောင့် အနည်းငယ် နေမထိထိုင်မသာဖြစ်နေကြသဖြင့် မည်သူကမှ သူနှင့် တစ်ဦးချင်းမတွေ့ဆုံရဲသလို ဂါဝရလည်းသွားမပြုရဲကြပေ။

ပိုင်ရှောင်ချန်းမှာမူ ပျင်းရိငြီးငွေ့စပြုလာ၏။ သူ မဟာတံတိုင်းဆီသို့ ရွက်လွှင့်သွားခဲ့စဥ်က ထိုခရီးစဥ်မှာ နှစ်ဝက်လောက်ကြာမြင့်ခဲ့သည်။ သူ၏လက်ရှိ တွက်ချက်မှုများအရဆိုလျှင် ယခုခရီးစဥ်မှာ ပို၍ပင် ကြာနေမည်ဖြစ်သည်။

ဤခရီးစဥ် ကြာမြင့်နိုင်မည့်အချိန်ကို တွေးတောချိန်ဆလိုက်ပြီးနောက် ထိုအချိန်ကို မည်သည့်နည်းများဖြင့် ကုန်ဆုံးစေရန် အစီအစဥ်ချမှတ်သင့်ကြောင်း ဆုံးဖြတ်လိုက်သည်။ ယခုတွင်မူ အကောင်းဆုံးအရာမှာ ဖက်တီးကျန်းကြီး၏ ဖောက်ထွက်မှုတွင် ကူညီပေးရန်ဖြစ်သည်။

ဖက်တီးကျန်းကြီးသာ အောင်မြင်သွားပါက ဤနတ်မီးလျှံစမ်းသပ်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်နိုင်မည်ဖြစ်ပြီး ကောင်းကင်ဧကရာဇ်၏တပည့် ဖြစ်နိုင်ခွင့်ကို ရရှိသွားမည်လည်းဖြစ်သည်။

ထို့ကြောင့် သူသည် ဖက်တီးကျန်းကြီးနေထိုင်ရန်အတွက် သူကိုယ်တိုင် အခန်းကောင်းတစ်ခန်း စီစဥ်ပေးခဲ့သည့် ကုန်းပတ်နံပါတ်နှစ်ဆီသို့ ဦးတည်သွားလိုက်သည်။

ထိုသို့ရောက်သောအခါ လေသာခန်းတွင် ရပ်၍ ကောင်းကင်တံတားပင်လယ်ကို စိတ်လှုပ်ရှားစွာဖြင့် လှမ်း၍ငေးကြည့်နေသော ဖက်တီးကျန်းကြီးကို တွေ့လိုက်ရသည်။

သူ၏ဘဝတွင် သွားခဲ့ဖူးသည့် အဝေးဆုံးသောခရီးမှာ ပထမဆုံးအကြိမ်အဖြစ် စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းမှ အဏ္ဏဝါခေါ်သံဂိုဏ်းအထိ ဖြစ်ပြီး နောက်တစ်ကြိမ်မှာ ရှင်းကုံကျစ်တာအိုဂိုဏ်းသို့ ဖြစ်သည်။ သူသည် ကောင်းကင်တံတားမြစ်ဆီမှ လုံးဝမထွက်ခွာဖူးခဲ့ပေ။

ပိုင်ရှောင်ချန်းနှင့် အခြားလက်ရွေးစင်များ မဟာတံတိုင်းဆီသို့ သွားခဲ့စဥ်က သူသည် တံခါးပိတ်ကျင့်ကြံနေခဲ့ပါသော်လည်း အနည်းငယ်အကြာတွင် အပြင်သို့ထွက်လာပြီးနောက် သူသည် လိုက်ပါခွင့်မရှိကြောင်း သိလိုက်ရသောအခါ အလွန်စိတ်ဓာတ်ကျခဲ့ရသည်။ ထိုအချိန်မှစ၍ သူ၏ ဘဝတွင် အိပ်မက်ကြီးတစ်ခု ဖြစ်တည်ခဲ့၏။

" ငါ ကမ္ဘာကြီးရဲ့ အစွန်ဆုံးထိသွားချင်တယ် "

ထိုအိပ်မက်မှာ သူကောင်းကင်တံတားကျွန်းဆီသို့သွားမည့် ခရီးတွင် လိုက်ပါလိုသည့် အကြောင်းအရင်းတစ်ချက်ဖြစ်သည်။ သို့သော် အခြားအကြောင်းအရင်းတစ်ခုလည်း ရှိနေသေးသည်။ လွန်ခဲ့သော လဝက်အကြာက သူသည် အလွန်ထူးခြားသော အိပ်မက်တစ်ခုကို မက်ခဲ့သည်။

ထိုအိပ်မက်ထဲတွင် သူသည် အလွန်ထူးဆန်းသောကမ္ဘာကြီးတစ်ခုကို မြင်တွေ့ခဲ့ရသည်။ ထိုအိပ်မက်မှ နိုးထလာပြီးနောက် မည်သည့်အကြောင်းကြောင့်တော့မသိ ကောင်းကင်တံတားကျွန်းသို့သွားမည့် ခရီးစဥ်မှာ သူ၏ဘဝကိုပြောင်းလဲပေးနိုင်မည်ဖြစ်ကြောင်း သူက တထစ်ချ ယုံကြည်သွားတော့သည်။

" ငါ့စိတ်ဆန္ဒအမြုတေကို ဖန်တီးခဲ့ပြီးနောက်ပိုင်း ရံခါဖန်ခါဆိုသလို ဒီလို အနာဂတ်ကို ကြိုကြိုမြင်နေတာ။ ဒါပေမဲ့ ဒီလိုမြင်တဲ့အရာတိုင်းက အမှန်တွေချည်းပဲ။ ဒီခရီးစဥ်က ငါ့ကိုသေချာပေါက် ကောင်းကျိုးပြုနိုင်လိမ့်မယ် "

သူသည် ပြတ်သားမှုများဖြင့် စူးရှတောက်ပနေသည့် မျက်ဝန်းများနှင့် မတ်တတ်ရပ်နေစဥ် ပိုင်ရှောင်ချန်းရောက်ရှိလာတော့သည်။

All Chapters