အခန်း (၃၀၁-၃၀၂)
Vol. 31 Ch. 301-302
အခန်း (၃၀၁) - အော်လျဲ့ ၊ ဝူစဲရဟန်း ၊ မုဆိုးမ ဆုန့်ယာ
ကုသိုလ်တော်တောအုပ် အပြင်ဘက်။
ကင်းလှည့်နေသော ရှူးမင်း သည် ပုံမှန်အတိုင်းပင် ရှိနေပြီး ထူးခြားမှုမရှိပေ။
သို့သော် သူ၏ မျက်ဝန်းအိမ် အနက်ရှိုင်းဆုံးနေရာတွင်မူ ဖုံးကွယ်ထား၍မရသော အအေးဓာတ်တစ်ခုနှင့်အတူ ဝမ်းသာအားရဖြစ်မှုတို့ ရောယှက်နေသည်။
"နှစ်ပေါင်း ခြောက်ရာ ရှိပြီ "
"ငါ အော်လျဲ့ နောက်ဆုံးတော့ ထွက်လာနိုင်ခဲ့ပြီ "
သူ့စိတ်အစုံမှာ အတိုင်းမသိ ကြည်နူးနေမိသည်။
လွန်ခဲ့သော ခဏလေးကမှ ထိုလူငယ်ရဟန်း၏ ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်ပူးကပ်ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
သူသည်ကား အစောပိုင်းက ချင်းဟွမ်ဂိုဏ်းမှ ရှန်ကွမ်းကျင်း လွှတ်ပေးရန် ကြိုးပမ်းခဲ့သည့် ထိုမိစ္ဆာပင် ဖြစ်တော့သည်။
ရင်းနှီးကျွမ်းဝင်လှသော လူ့လောကကြီးကို ကြည့်ရှုရင်း အော်လျဲ့သည် လေကို ဝဝလင်လင် ရှူသွင်းလိုက်သည်။
"ကျင်းကွမ်း ကတုံးပြောင်တွေရဲ့ မျိုးဆက်တွေက အခုတော့ ဒဏ်ရာတွေ ရနေကြပြီပဲ၊ ဒါဟာ တကယ်ကို ကောင်းကင်က ပေးတဲ့ အခွင့်အရေးပဲ "
အော်လျဲ့က ရက်စက်စွာ ပြုံးလိုက်သည်။
ဂျောက်
သူ့ရှေ့တွင်ရှိသော ရဟန်းတစ်ပါး၏ လည်ပင်းကို လက်တစ်ဖက်ဖြင့် ဆွဲလိမ်ချိုးပစ်လိုက်သည်။
"ရှူးမင်း ရဟန်းညီတော်... မင်း ဘာလုပ်တာလဲ "
ဘေးပတ်ဝန်းကျင်ရှိ ရဟန်းများမှာ ထိတ်လန့်တုန်လှုပ်ကာ မျက်နှာပျက်သွားကြသည်။
အော်လျဲ့၏ မျက်လုံးများထဲတွင် ကြောက်မက်ဖွယ် ကောင်းလှသော အေးစက်သည့် အလင်းတန်းများ ထွက်ပေါ်လာပြီး လက်လှမ်းလိုက်ရုံဖြင့် နောက်ထပ် ရဟန်းတစ်ပါး၏ လည်ပင်းကို လိမ်ချိုးပစ်လိုက်ပြန်သည်။
သူသည် ထိုကဲ့သို့ ကြမ်းတမ်းရက်စက်သော နည်းလမ်းများကို အထူးပင် နှစ်ခြိုက်ပုံရသည်။
နာကျင်စွာ အော်ဟစ်သံများမှာ ထွက်ပေါ်လာပြီးနောက် ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။
ကင်းလှည့်နေသည့် တစ်ဖွဲ့လုံးမှာ ခဏချင်းအတွင်းမှာပင် အကုန်အစင် သတ်ဖြတ်ခြင်း ခံလိုက်ရသည်။
နောက်ထပ် ကင်းလှည့်အဖွဲ့တစ်ခု ထိုနေရာသို့ ရောက်ရှိလာချိန်တွင်မူ သူတို့မြင်လိုက်ရသည်မှာ ဒဏ်ရာ ဗလပွနှင့် သေဆုံးနေသော သူတို့၏ ညီနောင်များသာ ဖြစ်သည်။
လူငယ်ရဟန်းတစ်ပါးမှာ မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်လျက် တစ်ခုခုကို ဝါးမြိန်စွာ စားသောက်နေသည်။
ညှီစို့စို့ သွေးနံ့များမှာ ပတ်ဝန်းကျင် တစ်ခုလုံးတွင် ပျံ့နှံ့နေတော့သည်။
ကင်းလှည့်အဖွဲ့ခေါင်းဆောင်မှာ နားရွက်ကြီး၍ ကိုယ်လုံးကိုယ်ထည် တောင့်တင်းသန်မာသူဖြစ်သည်။
သူသည် ရှေ့မှ မြင်ကွင်းကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားကာ ထိုလူငယ်ရဟန်း၏ ကျောပြင်ကို မှတ်မိလိုက်သည်။
"ရှူးမင်း မင်း ဘာလုပ်နေတာလဲ "
သူက ဒေါသတကြီး ဟောက်လိုက်ရင်း လက်နက်ကို အသင့်ထုတ်လိုက်သည်။
မြေပြင်တွင် ထိုင်နေသော ရှူးမင်းရဟန်းမှာ ရုတ်တရက် လှည့်ကြည့်လိုက်သည်။
သူ၏ လက်ထဲတွင် သန်မာသော လူ့လက်မောင်းတစ်ခုကို ဆုပ်ကိုင်ထားပြီး သွေးများမှာလည်း တစ်စက်စက် ကျနေကာ အပေါ်တွင် သွားရာများပင် ထင်ကျန်နေသည်။
သူသည် ရဟန်းကြီးအား သွေးရောင်လွှမ်းနေသော ပါးစပ်ဖြင့် ဖြဲပြုံးပြလိုက်သည်။
ပါးစပ်ထဲတွင်လည်း အသားစများ ကပ်ညှိနေဆဲပင်။
ထိုရဟန်းမှာ မျက်နှာတစ်ခုလုံး ပျက်သွားကာ မသိမသာ နောက်ဆုတ်လိုက်မိရင်း ဦးရေပြားများ ဆိမ့်တက်သွားသလို ခံစားလိုက်ရသည်။
"အကြီးအကဲတွေကို သတင်းပို့ကြ... ရှူးမင်း... သူ... သူ မိစ္ဆာဝင်နေပြီ "
ဖွတ်
သူ့စကားမဆုံးသေးခင်မှာပင် သူ့နောက်မှ ရဟန်းတစ်ပါးက ဓားဖြင့် သူ့ကျောပြင်အား ထိုးစိုက်လိုက်ရာ အေးစက်သော ဓားဖျားမှာ ရင်ဘတ်မှ ထိုးထွက်လာတော့သည်။
ဤရုတ်တရက် အပြောင်းအလဲကြောင့် ကျန်ရှိသော ရဟန်းများမှာ ထပ်မံ အံ့အားသင့်သွားကြရသလို မြေပြင်မှ ရှူးမင်းရဟန်းမှာလည်း မျက်ခုံးအနည်းငယ် ပင့်သွားသည်။
ဗျတ်
အဖွဲ့ခေါင်းဆောင်၏ ခေါင်းမှာ ပြတ်ကျသွားပြီး လည်ပင်းမှ သွေးများမှာ ရေပန်းတစ်ခုကဲ့သို့ ပန်းထွက်လာတော့သည်။
လူသတ်လိုက်သော ရဟန်းမှာ ရှူးမင်းရဟန်းရှေ့တွင် ဦးညွှတ်လိုက်ပြီး
"စီနီယာကြီး... အပြောင်းအလဲတစ်ခုခု ဖြစ်မှာစိုးလို့ သူတို့ကို သတင်းပို့ခွင့် မပေးနိုင်တာပါ"
စကားဆုံးသည်နှင့် သူသည် ဘေးရှိ ကျန်ရဟန်းများ၏ လည်ပင်းကိုလည်း ရက်စက်စွာ ဝှေ့ယမ်း ခုတ်ပိုင်းလိုက်တော့သည်။
ရှူးမင်းရဟန်း သို့မဟုတ် အော်လျဲ့က သဘောကျစွာ ပြုံးလိုက်ရင်း
"စိတ်ဝင်စားဖို့ ကောင်းသားပဲ "
သူသည် ထိုရဟန်းအဖွဲ့ထဲသို့ တိုးဝင်သွားကာ အတုံးအရုံး သတ်ဖြတ်ပစ်လိုက်ရာ ခဏအတွင်းမှာပင် အရာအားလုံး တိတ်ဆိတ်သွားတော့သည်။
မြေပြင်ပေါ်တွင် ကျင်းကွမ်းကျောင်းတော်မှ ရဟန်းများ၏ အလောင်းများနှင့် သွေးအိုင်များသာ ကျန်ရစ်ခဲ့သည်။
ထိုအချိန်တွင် လူသတ်ခဲ့သော ရဟန်း၏ ခန္ဓာကိုယ်မှာ အလင်းတစ်ချက် လင်းလက်သွားပြီး ဆွဲဆောင်မှုရှိသော မိန်းမပျိုတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။
သူမမှာ တင့်တယ်လှပသော ကိုယ်လုံးကိုယ်ထည်ရှိပြီး တစ်ကိုယ်လုံးတွင်လည်း ညို့ဓာတ်များ ပြည့်နှက်နေသည်။
"ချင်းဟွမ်ဂိုဏ်းက မျိုးဆက် ဆုန့်ယာ ပါ၊ စီနီယာ အော်လျဲ့ကို ဂါရဝပြုပါတယ် "
သူမက မြေကြီးတွင် ဦးချကာ ဝတ်ပြုလိုက်သည်။
"မင်းကလည်း ချင်းဟွမ်ဂိုဏ်းကပဲလား၊ ငါ့ကို လွှတ်ပေးဖို့ ကြိုးစားခဲ့တဲ့ ရှန်ကွမ်းကျင်းက မင်းနဲ့ ဘာတော်တာလဲ "
"စီနီယာကြီးကို တင်ပြရရင်... သူက ကျမရဲ့ ခင်ပွန်းပါ"
"ခုနက မင်းပဲ ငါ့ကို လွတ်မြောက်အောင် ကူညီခဲ့တာလား "
"မှန်ပါတယ်၊ ခင်ပွန်းဖြစ်သူက ဘယ်လိုပဲဖြစ်ဖြစ် စီနီယာကြီးကို ဒီကတုံးပြောင်တွေလက်ထဲက လွတ်အောင် ကယ်ထုတ်ရမယ်လို့ ကျမကို မှာကြားခဲ့ပါတယ်"
အော်လျဲ့၏ မျက်ဝန်းများမှာ နက်ရှိုင်းသော ရေကန်ကြီးကဲ့သို့ အေးစက်သွားပြီးမှ ခနဲ့တဲ့တဲ့ ရယ်မောလိုက်သည်။
"မင်းခင်ပွန်းက အဲ့ဒီ ဖိတွန်းသောပုလဲကို သုံးပြီး ငါ့ကို ပြန်ထိန်းချုပ်ဖို့ ကြံစည်နေတာ၊ အဲ့ဒါကို မင်းက ငါ့ကို ကယ်ထုတ်ပေးတယ်ဆိုတော့ ငါ မင်းကို စားပစ်မှာ မကြောက်ဘူးလား "
အော်လျဲ့သည် ရှန်ကွမ်းကျင်း၏ ကြံစည်မှုအားလုံးကို ကောင်းကောင်းကြီး သိထားပြီးသား ဖြစ်သည်။
"စီနီယာကြီးက နှစ်ထောင်ချီ ကျင့်ကြံထားတဲ့ မဟာမိစ္ဆာကြီးပဲ၊ နဂါးစစ်စစ်ရဲ့ သွေးမျိုးနွယ်လည်း ဖြစ်တယ်၊ အခုလို လွတ်မြောက်လာချိန်မှာ အလုပ်အကျွေးပြုမယ့်သူ လိုအပ်မှာပါ၊ ကျမက စီနီယာကြီးရဲ့ ဘေးမှာ အနီးကပ် ပြုစုစောင့်ရှောက်ပါရစေ၊ စီနီယာကြီးရဲ့ သနားညှာတာမှုကို မျှော်လင့်ပါတယ် "
ဆုန့်ယာသည်ကား အမှန်တကယ်ပင် ဆွဲဆောင်မှုရှိသော မိန်းမပျိုတစ်ဦး ဖြစ်သည်။
ခင်ပွန်းသေဆုံးသွားကာစ မုဆိုးမလေး၏ သနားစဖွယ် အမူအရာမှာ မည်သည့်ယောကျ်ားကိုမဆို တုန်ယင်သွားစေနိုင်စွမ်း ရှိသည်။
အော်လျဲ့က ပြုံးလိုက်ရင်း
"လျန်တာအိုသမားရဲ့ တပည့်တပန်းတွေက တကယ်ကို ဉာဏ်များကြတာပဲ"
"ဒါပေမဲ့ မင်းရဲ့ ရုပ်ရည်က ငါ့အကြိုက်ပဲ၊ ငါ့နောက်မှာပဲ လိုက်ခဲ့တော့"
ဆုန့်ယာမှာ ဝမ်းသာအားရ ဖြစ်သွားသည်။
"စီနီယာ အော်လျဲ့ကို ကျေးဇူးတင်ပါတယ်"
အော်လျဲ့သည် လူအချို့ကို ဆက်တိုက် သတ်ဖြတ်စားသောက်ပြီးနောက် မျက်လုံးများမှာ ပိုမို တောက်ပလာကာ သူ၏ အရှိန်အဝါများမှာလည်း ပြင်းထန်လာတော့သည်။
ဆုန့်ယာမှာမူ ဘေးတွင် ငြိမ်သက်စွာ ရပ်နေပြီး ရှေ့မှ သွေးပျက်ဖွယ် မြင်ကွင်းကို ဘာမှမဖြစ်သကဲ့သို့ ကြည့်နေသည်။
အော်လျဲ့၏ ခန္ဓာကိုယ်ပေါ်တွင် အစိမ်းရောင် အကြေးခွံများ ခဏတာ ပေါ်လာပြီး ပြန်လည် ပျောက်ကွယ်သွားသည်။
ရှူးမင်းရဟန်း၏ ရုပ်သွင်မှာ ပျောက်ကွယ်သွားကာ မျက်ခုံးကောင်းကောင်းနှင့် ခန့်ညားသော လူငယ်တစ်ဦးအဖြစ် ပြောင်းလဲသွားသည်။
သူ့ထံမှ မောက်မာရိုင်းစိုင်းသော အရှိန်အဝါများ ထွက်ပေါ်နေသည်။
သူက ဆုန့်ယာ၏ သွယ်လျသော ခါးလေးကို ဆွဲဖက်လိုက်ပြီး
"သွားကြစို့"
"ကျင်းကွမ်းကျောင်းတော်က ကတုံးအိုကြီးတွေကို ငါ သွားနှုတ်ဆက်ရမယ်"
သူ့စကားများထဲတွင် အလွန်အမင်း ယုံကြည်မှုများ ပြည့်နှက်နေသည်။
ရက်စက်ခြင်း၊ ရမ္မက်ကြီးခြင်း၊ မောက်မာခြင်း! ဤအရာများမှာ အော်လျဲ့အပေါ် ဆုန့်ယာ ထားရှိသော အမြင်များဖြစ်သည်။
နှစ်ပေါင်း ရာချီ အကျဉ်းကျခံထားရသော်လည်း သူ၏ ထိုမောက်မာမှုကိုမူ ဖုံးကွယ်၍ မရပေ။
ဆုန့်ယာက ညို့ဓာတ်ပါသော အပြုံးဖြင့်
"စီနီယာကြီးက အခုမှ လွတ်လာတာဆိုတော့ အရင်ဆုံး ဒီနေရာကနေ ထွက်သွားပြီး အင်အားတွေ အပြည့်အဝ ပြန်ရမှ ဟိုကတုံးအိုကြီးတွေကို သွားသတ်ရင် မကောင်းဘူးလား "
အော်လျဲ့က သူမကို စိတ်ကြိုက် ဆော့ကစားရင်း ရယ်မောလိုက်သည်။
"ကျင်းကွမ်းကျောင်းတော်လေး တစ်ခုတည်းပါ၊ အဲ့ဒီ ကတုံးအိုကြီးရဲ့ မျိုးဆက်တွေထဲမှာ ယန်ဝိညာဉ် အဆင့်က တစ်ယောက်ပဲ ရှိတယ်၊ အဲ့ဒါတောင် သူက ဒဏ်ရာရထားတာဆိုတော့ ငါ့အတွက် အရေးမကြီးပါဘူး"
ဆုန့်ယာက သူမ၏ လက်တစ်ဖက်ကို အော်လျဲ့၏ ရင်ဘတ်ပေါ် တင်လိုက်ရင်း နှုတ်ခမ်းလေးကို ကိုက်ကာ
"ဒါပေမဲ့ ကျင်းကွမ်းကျောင်းတော်မှာ တာအိုပညာရှင်တွေ အများကြီး ရှိနေတယ်၊ အထူးသဖြင့် ဟိုလူငယ် တာအိုဆရာပေါ့၊ သူ့ရဲ့ အတတ်ပညာတွေက အရမ်းပြင်းထန်တော့ စီနီယာကြီးအတွက် အနှောင့်အယှက် ဖြစ်မှာစိုးလို့ပါ"
သူမ၏ အသံမှာ နားထောင်သူကို ရမ္မက်မီးတောက်စေသော နုနယ်မှုမျိုး ပါဝင်နေသည်။
အော်လျဲ့က လက်ချောင်းဖြင့် ဆုန့်ယာ၏ မေးစေ့လေးကို မော့လိုက်ကာ
"မင်းက မင်းခင်ပွန်းကို သတ်သွားတဲ့ အဲ့ဒီ ကောင်လေးကို ငါ့လက်နဲ့ သတ်ခိုင်းဖို့ ငါ့ကို မြှောက်ပင့်နေတာပဲ၊ ငါ မသိဘူး ထင်နေလား "
ဆုန့်ယာ၏ ကိုယ်လေး တုန်ရင်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။
"ကျမက စီနီယာကြီးအတွက် စိုးရိမ်လို့ပါ၊ တခြား စိတ်မရှိပါဘူး"
အော်လျဲ့၏ လက်ချောင်းများက ဆုန့်ယာ၏ လည်တိုင်မှ အောက်သို့ တဖြည်းဖြည်း လျှောဆင်းသွားသည်။
"ရှင်းပြမနေနဲ့၊ မင်းက သေသွားတဲ့ ခင်ပွန်းအပေါ် သစ္စာရှိတာကို ငါ သဘောကျတယ်"
သူ့အပြုံးမှာ အလွန်ပင် ယုတ်မာလှသည်။
ဟုတ်သည်လေ၊ နှစ်ပေါင်း ထောင်ချီ အသက်ရှင်ခဲ့သော မိစ္ဆာတစ်ကောင်သည် မောက်မာရမ္မက်ကြီးချင် ကြီးမည်၊ သို့သော် ဦးနှောက်မရှိသူတော့ မဟုတ်ပေ။
ဆုန့်ယာက ညည်းတွားလိုက်ရင်း
"စီနီယာကြီး... ကျမ မှားသွားပါတယ်"
"ဟဲဟဲဟဲ လူ့လောကမှာက ပျော်စရာတွေ အများကြီးပဲ "
"ကျင်းကွမ်း ကတုံးအိုကြီးက ငါ့ကို နှိမ်နင်းဖို့ ဒီကျောင်းတော်ကို တည်ခဲ့တာ၊ အခု ငါက သူ့တပည့်တပန်းတွေကို အကုန်သတ်ပြီး သူ့ရဲ့ အနွယ်အဆက်ကို ဖြတ်ပစ်မယ် "
အော်လျဲ့၏ မျက်လုံးများထဲတွင် ရက်စက်သော အလင်းတန်းများ ထွက်ပေါ်လာသည်။
"စိတ်မပူနဲ့၊ အဲ့ဒီ တာအိုဆရာကောင်လေးနဲ့ တွေ့ရင် ငါ သူ့ကို သတ်ပြီး အရေခွံနွှာပေးမယ်၊ ဘယ်လိုလဲ "
ဆုန့်ယာ၏ မျက်လုံးများထဲတွင် ကျေးဇူးတင်သော အရိပ်အယောင်များ ပေါ်လာသည်။
"ကျေးဇူးတင်ပါတယ် စီနီယာကြီး၊ ကျမ စီနီယာကြီးကို အကောင်းဆုံး ပြုစုပါ့မယ် "
ကုသိုလ်တော်တောအုပ်ရှိ အမြင့်ဆုံး ကျောက်စေတီကြီးအတွင်း။
၎င်းကို အထပ်သုံးထပ် ခွဲခြားထားသည်။
ပထမထပ်နှင့် ဒုတိယထပ်တို့တွင် ကျင်းကွမ်းကျောင်းတော်မှ ရဟန်းများ ရှိနေကြပြီး တစ်ဦးချင်းစီမှာ သစ်သားငါး၊ တရားကျမ်း သို့မဟုတ် ပုတီးစိပ်လျက် လောဟန် မိစ္ဆာနှိမ်နင်းရေး အစီအရင်အတွက် အင်အားများ ဖြည့်ဆည်းပေးနေကြသည်။
တတိယထပ်တွင်မူ လူ (၇) ဦး ရှိနေသည်။
ယုရှု ရဟန်းကြီး၊ ပူရှင်း ဆရာတော်၊ ပူအင် ဆရာတော်တို့ ရှိနေကြပြီး ပူဟိုင် ရဟန်းကြီးတစ်ပါးသာ အပြင်တွင် ရှိနေသည်။
ကျင်းကွမ်းကျောင်းတော်၏ "ပူ" အနွယ်ဝင် ရဟန်းကြီးများ အားလုံး ထိုနေရာတွင် ရောက်ရှိနေကြခြင်း ဖြစ်သည်။
အလယ်ဗဟိုတွင်မူ အသက် (၃၀) ခန့်ရှိသော လူငယ်ရဟန်းတစ်ပါး ထိုင်နေသည်။
သူကား ကျင်းကွမ်းကျောင်းတော်၏ သမိုင်းတစ်လျှောက် အသက်အငယ်ဆုံး ကျောင်းထိုင်ဆရာတော် ဝူစဲ ပင် ဖြစ်တော့သည်။
အခန်း (၃၀၂) - သတ်ဖြတ်ခြင်းဘေးဒုက္ခ ၊ တတိယအဆင့် ယန်ဝိညာဉ်တိုက်ပွဲ
အခြားသော မေတ္တာကရုဏာကြီးမားလှသည့် ရဟန်းအိုကြီးများနှင့် မတူဘဲ ဝူစဲရဟန်းမှာ သာမန်အဆင့်နိမ့် တပည့်လေးတစ်ဦးကဲ့သို့ပင် အလွန်တရာ ငယ်ရွယ်လှသည်။
ထို့ပြင်
သူသည် ချောမောခန့်ညားသော ရဟန်းတစ်ပါးလည်း မဟုတ်ပေ။
ကိုယ်လုံးကိုယ်ထည် ထောင့်တင်းသည့် လူငယ်တစ်ဦးဖြစ်ကာ အနည်းငယ် ဝဖြိုးပြီး ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေသည့် မျက်နှာပေါက်မျိုး ရှိသည့်အတွက် အမြဲတမ်း စိတ်မချမ်းမြေ့စရာ မျက်နှာပေးမျိုး ဖြစ်နေတတ်သည်။
အကယ်၍ ကိုယ်တိုင်မမြင်ခဲ့ရပါက ကျင်းကွမ်းကျောင်းတော်၏ လူငယ်ကျောင်းထိုင်ဆရာတော်မှာ ထိုကဲ့သို့သော ပုံပန်းသဏ္ဍာန်မျိုး ရှိလိမ့်မည်ဟု မည်သူမျှ ထင်မှတ်မိကြမည် မဟုတ်ပေ။
ယခုအချိန်တွင် ဝူစဲရဟန်းသည် တင်ပျဉ်ခွေထိုင်နေပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ပြင်းထန်သော အော်ဟစ်သံများမှာ အဆက်မပြတ် ထွက်ပေါ်နေသည်။
သူသည် တစ်ခါတစ်ရံ မျက်လုံးကို မှိတ်ထားပြီး တစ်ခါတစ်ရံ မျက်လုံးကို ဖွင့်လိုက်သည်။
တချို့အချိန်များတွင် လည်ချောင်းကို ညှစ်၍ လုံးဝ စိမ်းသက်သော အသံတစ်ခုဖြင့် စကားပြောဆိုနေတတ်သည်။
လူ့လောကတွင် ဤကဲ့သို့သော အခြေအနေမျိုး ဖြစ်ပွားပါက
ပုံမှန်အားဖြင့် နတ်ဆရာများ သို့မဟုတ် ရဟန်းနှင့် တာအိုဆရာများကို ပင့်ဖိတ်၍ မိစ္ဆာနှိမ်နင်းခြင်း၊ သရဲဖမ်းခြင်းများကို ပြုလုပ်ကြရမည်ဖြစ်သည်။
သို့သော်
ထိုမြင်ကွင်းမှာ ဝူစဲရဟန်း၏ ခန္ဓာကိုယ်တွင် ဖြစ်ပေါ်နေခြင်းက အနည်းငယ် ထိတ်လန့်ဖွယ် ကောင်းလှသည်။
သူသည်ကား ကျင်းကွမ်းကျောင်းတော်၌ နှစ်ပေါင်းရာချီအတွင်း မတွေ့ဖူးသည့် ကြည်လင်သော ဗုဒ္ဓနှလုံးသား ပိုင်ရှင်ပင် ဖြစ်သည်။
မည်သည့်အချိန်တွင်မဆို ယန်ဝိညာဉ်ကို စုစည်းနိုင်ပြီး၊
တတိယအဆင့်သို့ ရောက်ရှိနိုင်သူ ဖြစ်သည်။
ဝူစဲရဟန်းနှင့် နှိုင်းယှဉ်လျှင် အခြားသော ဗုဒ္ဓမျိုးနွယ်စု သို့မဟုတ် တာအိုမျိုးနွယ်စုဟု ခေါ်ဆိုကြသူများမှာ အနည်းငယ် မှေးမှိန်သွားကြရသည်။
ဝူစဲရဟန်းသည် ပုံမှန်အားဖြင့် သဘောထား နူးညံ့သိမ်မွေ့သူဖြစ်ပြီး မကောင်းသော စိတ်ဓာတ် သို့မဟုတ် သတ်ဖြတ်လိုစိတ်များလည်း မရှိပေ။
နှမြောစရာကောင်းသည်မှာ
ဤကဲ့သို့ မျှော်လင့်ချက် အလွန်ကြီးမားသည့် လူငယ်၊ ပြဿနာအနည်းဆုံး ဖြစ်နိုင်လိမ့်မည်ဟု ထင်ရသည့် လူငယ်
ကျင်းကွမ်းကျောင်းတော်၏ ခေါင်းဆောင်
သူကိုယ်တိုင်ပင် ပြဿနာတက်နေခဲ့သည်။
၎င်းမှာ သူ၏ စိတ်အခြေအနေတွင် ပြဿနာတက်ခြင်းဖြစ်ကာ
စိတ်မိစ္ဆာ ဝင်ရောက်နေခြင်းပင်။
၎င်းမှာ ကျင်းကွမ်းကျောင်းတော်၏ အခြေခံအုတ်မြစ်ကိုပင် တုန်လှုပ်စေခဲ့သည်။
မူလက ယန်ဝိညာဉ် ကျင့်ကြံသူနှစ်ဦးအထိ ရှိလာပြီး ကျင်းကွမ်းကျောင်းတော်ကို ပိုမိုတောက်ပစေနိုင်မည် ဖြစ်သော်လည်း
ယခုမူ အလွန်ပြင်းထန်သော ပြဿနာတစ်ခု ပေါ်ပေါက်လာခဲ့ပြီ။
ဗုဒ္ဓဘာသာ ရဟန်းကြီးများ၏ ဓာတ်တော် များကို တတိယအထပ်တွင် ထားရှိပြီး၊
ဝူစဲရဟန်း၏ စိတ်မိစ္ဆာကို နှိမ်နင်းရန် အင်အားများ ဖြည့်ဆည်းပေးနေကြသည်။
ကျောင်းတော်တစ်ခုလုံး၏ အင်အားအပြင် တကယ့် တတိယအဆင့် ယန်ဝိညာဉ် အဆင့်မြင့်ပညာရှင်တစ်ဦးပါ ပါဝင်သော်လည်း
ဝူစဲရဟန်း၏ စိတ်မိစ္ဆာမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။
"ဟေး... ကတုံးအိုကြီး၊ မင်း ရောက်လာပြီပဲ၊ မတွေ့တာ ကြာပြီနော် "
ဝူစဲရဟန်း၏ ခန္ဓာကိုယ်ထဲမှ အခြားသော အသံတစ်ခု ထွက်ပေါ်လာပြီး ယခုအချိန်တွင် ဝူစဲရဟန်း၏ မျက်လုံးများထဲ၌ ခနဲ့တဲ့တဲ့ အမူအရာများ ရှိနေသည်။
"အောက်တန်းစား မိစ္ဆာ ကျောင်းထိုင်ဆရာတော်ရဲ့ ခန္ဓာကိုယ်ထဲကနေ အမြန်ဆုံး ထွက်သွားစမ်း "
ယုရှုရဟန်းကြီးက ဒေါသတကြီး ဟောက်လိုက်သည်။
ဗုဒ္ဓဘာသာ တန်ခိုးစွမ်းအားတစ်ခုကို ရိုက်လွှတ်လိုက်သည်။
ဝူစဲရဟန်း၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး သူ၏ ခန္ဓာကိုယ်ထဲမှ တစ်ခုခုမှာ ဗုဒ္ဓဘာသာ စွမ်းအားများ ပါဝင်သည့် ထိုတန်ခိုးစွမ်းအားကို ခုခံနိုင်စွမ်း မရှိပုံရသည်။
အမွှေးတိုင် တစ်ဝက်ခန့် ကုန်ဆုံးချိန်အထိ ရုန်းကန်ပြီးနောက်
ဝူစဲရဟန်းက ခေါင်းကို ရုတ်တရက် မော့လိုက်ရာ နာကျင်နေသည့် အမူအရာများမှာ ပျောက်ကွယ်သွားသည်။
သူက လှောင်ပြုံးပြုံးရင်း
"ဟဲဟဲ... မင်းတို့ကို လှည့်စားလိုက်တာပဲ၊ ကတုံးအိုတစ်စု၊ ငါ့ကို တရားနဲ့ ချော့မြူချင်တယ်ပေါ့၊ တကယ့်ကို အိမ်မက်ယောင်နေတာပဲ "
ယုရှုရဟန်းကြီးသာမက အခြားသော ရဟန်းအိုကြီးများပါ မျက်မှောင်ကြုတ်သွားကြသည်။
ရဟန်းများရှေ့တွင်ပင် ကတုံးဟု ဆဲဆိုနေခြင်းမှာ၊
ဤမိစ္ဆာ၏ စရိုက်မှာ အလွန်ပင် ဆိုးရွားလွန်းလှသည်။
ယုရှုရဟန်းကြီး၏ မျက်နှာတွင် ဒေါသအရိပ်အယောင်များ ပေါ်လာသည်။
သူ၏ လက်ဝါးပေါ်တွင် ဗုဒ္ဓတံဆိပ်တော် ပေါ်လာသော်လည်း
ဝူစဲရဟန်း၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားသည်။
"ကျုပ်... ကျုပ် အရမ်းနာကျင်နေတယ်၊ ကယ်ကြပါဦး... ကယ်ကြပါဦး "
သူ၏ အမူအရာမှာ အလွန်အမင်း နာကျင်နေပုံရပြီး ခံနိုင်ရည်မရှိတော့သလို ဖြစ်နေသည်။
ဤအသံမှာ
ကျောင်းထိုင်ဆရာတော် လူငယ်လေး ဝူစဲရဟန်း၏ အစစ်အမှန် အသံပင် ဖြစ်သည်။
ယုရှုရဟန်းကြီး၏ စိတ်ထဲတွင် သက်ပြင်းတစ်ချက်ကို တိုးတိုးလေး ချလိုက်မိသည်။
ဝူစဲရဟန်းအတွက် လောဟန် မိစ္ဆာနှိမ်နင်းရေး အစီအရင်ကို ဆက်လက် ခိုင်ခံ့အောင် ပြုလုပ်ရန် ပြင်ဆင်လိုက်သည်။
ထိုစဉ်
အလွန် အစွမ်းထက်သော အရှိန်အဝါတစ်ခု ပေါ်ထွက်လာသည်။
၎င်းမှာ လူကို စိတ်လှုပ်ရှား တုန်ရင်သွားစေသည်။
ယုရှုရဟန်းကြီးက ခေါင်းကို ရုတ်တရက် လှည့်ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများမှာ ခိုင်ခံ့လှသော ကျောက်နံရံကိုပင် ဖောက်ထွင်းမြင်နိုင်သယောင် ရှိနေသည်။
ထိုအရှိန်အဝါမှာ အေးစက်ပြီး မိစ္ဆာဆန်လှသည်။
ထို့ပြင် အနည်းငယ်လည်း ရင်းနှီးနေသည်။
ယုရှုဆရာတော်က မျက်မှောင်ကြုတ်လိုက်မိသည်။
"ဘယ်လိုဖြစ်တာလည်း လွတ်မြောက်လာတာလား "
သူသည် စိတ်မိစ္ဆာနှိပ်စက်ခံနေရသော ဝူစဲရဟန်းကို တစ်ချက်ကြည့်ကာ သက်ပြင်းချလိုက်သည်။
"လောဟန် မိစ္ဆာနှိမ်နင်းရေး အစီအရင်ကို တည်ငြိမ်အောင် ထိန်းထားကြ၊ ဝူစဲကို မိစ္ဆာလမ်းထဲကို လုံးဝ ကျရောက်မသွားစေနဲ့ "
"မှန်လှပါ ဘုရား "
ယုရှုဆရာတော်မှာ ကောင်းကင်သို့ တိုက်ရိုက် ပျံတက်သွားတော့သည်။
တစ်ကိုယ်လုံးမှာ ပြင်းထန်သော ဗုဒ္ဓအလင်းတန်းများ ဖြာထွက်နေသည်။
အဝေးတစ်နေရာသို့ အကြည့်ကို ပို့လိုက်ရာ
မျက်ခုံးကောင်းကောင်းနှင့် လူငယ်တစ်ဦးမှာ ရင်ဘတ်ကို လက်ပိုက်လျက် ခနဲ့တဲ့တဲ့ အပြုံးဖြင့် ရှိနေသည်။
ညဉ့်ကောင်းကင်ယံတွင်
သူသည်လည်း လေထဲတွင် လမ်းလျှောက်နေခြင်း ဖြစ်သည်။
"ကျင်းကွမ်းကျောင်းတော်က ကတုံးတွေ၊ သေဖို့အတွက် ထွက်လာခဲ့ကြစမ်း "
ထိုလူငယ်က အေးစက်စွာ ဟောက်လိုက်သည်။
၎င်းမှာ ခဏချင်းအတွင်းမှာပင် ကျင်းကွမ်းကျောင်းတော်ရှိ လူတိုင်း၏ နားထဲတွင်
အလွန်တရာ ရှင်းလင်းစွာ ဟိန်းထွက်သွားတော့သည်။
တစ်ချိန်တည်းမှာပင်
ပြင်းထန်လှသော အရှိန်အဝါတစ်ခု ပေါ်ထွက်လာပြီး မိစ္ဆာဓာတ်များမှာ ကောင်းကင်သို့ လွှမ်းခြုံသွားသည်။
လူကို တုန်ရင်သွားစေသည်။
အကယ်၍ ရှန်ကွမ်းကျင်းက နောက်ကျောဘက် တောင်ကုန်းတွင် လီယန်ချူနှင့် တိုက်ခိုက်ခြင်းမှာ လူများကို အသံကြားရုံဖြင့် အနည်းငယ် စပ်စုချင်စိတ် ဖြစ်စေရုံသာ ဖြစ်သော်လည်း၊
ယခု အရှိန်အဝါမှာမူ လူတိုင်းကို ထိတ်လန့်စဖွယ် ကမ္ဘာပျက်မည့် ဘေးဒုက္ခကြီးထဲသို့ ကျရောက်သွားသလို ခံစားရစေသည်။
ပုံရိပ်များစွာမှာ အဆောက်အအုံ အမိုးများပေါ်သို့ ခုန်တက်လာကြသည်။
"ဟူးးးး"
"ဟူးးးး"
လူတိုင်းက တစ်ချက်ကြည့်လိုက်ရုံနှင့်
အသက်ကို ပြင်းပြင်း ရှူသွင်းလိုက်ကြမိသည်။
"အမလေး... အဲ့ဒါ ဘာကြီးလဲ"
"ဘယ်လိုဖြစ်လို့ နဂါးကြီး ရှိနေရတာလဲ "
ကောင်းကင်ယံတွင် ပေတစ်ရာခန့် ရှည်လျားသော နဂါး (မြွေနဂါး) တစ်ကောင် ရှိနေပြီး အကြေးခွံများမှာ သတ္တုကဲ့သို့ ပြောင်လက်နေသည်။
ကြမ်းတမ်းပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။
တစ်ချက်ကြည့်လိုက်ရုံနှင့် သွေးများမှာ အေးခဲသွားမတတ်ပင်။
"တိရစ္ဆာန်မိစ္ဆာ ဗုဒ္ဓဘာသာ သန့်စင်ရာနယ်မြေကိုတောင် လာပြီး စိန်ခေါ်ဝံ့တယ်ပေါ့ "
"ဟဲဟဲဟဲ... ကတုံးအိုကြီး၊ စကားလုံးတွေကတော့ အတော်ကြီးတာပဲ၊ မင်းကိုယ်မင်း ကျင်းကွမ်း အဖိုးကြီး ပြန်ဝင်စားနေတယ်လို့ ထင်နေတာလား "
"ရိုင်းစိုင်းလှချည်လား သေချင်နေတာပဲ "
ရွှေရောင်ကိုယ်ထည်ကြီး တစ်ခုမှာ ချက်ချင်း ပေါ်ထွက်လာသည်။
အမြင့် ဆယ်ပေခန့်ရှိကာ ကိုယ်လုံးကိုယ်ထည် တောင့်တင်းလှသည့် ဗုဒ္ဓဘာသာ ကိန်နရာ ကြီးပင်။
ပတ်ဝန်းကျင် တစ်ခုလုံးတွင် ပြင်းထန်သော ဗုဒ္ဓဘာသာ အရှိန်အဝါများ ဖြာထွက်နေသည်။
ဒါက ဝိညာဉ်ပုံရိပ်ဖော်
တတိယအဆင့် ယန်ဝိညာဉ်
ဝုန်းးးး
ကိန်နရာ ပုံရိပ်ကြီးက လက်နှစ်ဖက်ဖြင့် ဗုဒ္ဓဘာသာ လက်သီးတံဆိပ်ကို ဖော်ဆောင်ကာ နဂါးကြီးဆီသို့ ပြင်းထန်စွာ ထိုးနှက်လိုက်သည်။
အရှိန်အဝါမှာ မိုးကြိုးမုန်တိုင်းကဲ့သို့ ပြင်းထန်ပြီး ကောင်းကင်နှင့် မြေကြီးကို ဝါးမြိုမတတ်ပင်။
နဂါးကြီး၏ မျက်လုံးများမှာ အေးစက်နေပြီး ပါးစပ်မှ အေးစက်သော အလင်းတန်းတစ်ခုကို မှုတ်ထုတ်လိုက်သည်။
ဝုန်းးးး
နှစ်ဦးသား ထိပ်တိုက်တွေ့ဆုံမှုကြောင့် ထွက်ပေါ်လာသော ရိုက်ခတ်မှု အဟုန်မှာ ကောင်းကင်ယံတွင် ကြီးမားသော အလင်းကွင်းကြီး တစ်ခုအဖြစ် ပေါက်ကွဲထွက်သွားသည်။
နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားသည်။
ကျင့်ကြံမှု အနည်းငယ် နိမ့်ပါးသော ကျင့်ကြံသူများမှာ မျက်လုံးများ စူးရှကာ မျက်ရည်များ ဝိုင်းလာကြရသည်။
ယန်ဝိညာဉ်
ထိုအဆင့်သို့ ခြေတစ်လှမ်း လှမ်းနိုင်ခြင်းကပင် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားသွားပြီ ဖြစ်သည်။
ပုံရိပ်နှစ်ခု တိုက်ခိုက်နေပုံမှာ ရှေးဟောင်းဒဏ္ဍာရီများ ပြန်လည် နိုးထလာသကဲ့သို့ပင် အလွန်တရာ ခမ်းနားလှပြီး လူကို ထိတ်လန့်စေသည်။
ထို ကမ္ဘာပျက်မတတ် ပြင်းထန်လှသော တန်ခိုးစွမ်းအား တိုက်ပွဲမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။
ကျင်းကွမ်းကျောင်းတော်၏ အထက်တွင် မှိန်ဖျော့ဖျော့ ရွှေရောင်အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်။
၎င်းမှာ ကျောင်းတော်တစ်ခုလုံးကို ကာကွယ်ထားသည်။
ဒါက တောင်စောင့်အစီအရင် ဖြစ်ကာ မြေပြင်အနေအထားနှင့် ဗုဒ္ဓဘာသာ၏ ထွန်းကားသော ဆွမ်း၊ ပန်း၊ နံ့သာ အရှိန်အဝါများကို အသုံးပြု၍ ကျောင်းတော်ရှိ တပည့်များကို ကာကွယ်ပေးထားခြင်း ဖြစ်သည်။
မဟုတ်ပါက
တတိယအဆင့် အဆင့်မြင့် ကျင့်ကြံသူနှစ်ဦး တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ် ရိုက်ခတ်မှုများက ကျင်းကွမ်းကျောင်းတော်ရှိ အဆောက်အအုံ အများစုကို ဖျက်ဆီးပစ်လိမ့်မည်။
ကျင့်ကြံသူ အသီးသီးတို့မှာ မျက်လုံးများ ပြူးကာ အလွန်တရာ အံ့အားသင့်နေကြသည်။
"ကျင်းကွမ်းကျောင်းတော်မှာ ယန်ဝိညာဉ် အဆင့် နှစ်ယောက် တိုက်ခိုက်တာကို မြင်ရလိမ့်မယ်လို့ မထင်ထားဘူး၊ တကယ်ကို လာရကျိုးနပ်ပါတယ်၊ ယောကျ်ားကောင်း ဆိုတာ ဒီလိုပဲ ဖြစ်ရမယ် "
ဓားနှစ်လက်ကို လွယ်ထားသည့် မောက်မာသော လူငယ်တစ်ဦးက သက်ပြင်းချရင်း ပြောလိုက်သည်။
ဘေးပတ်ဝန်းကျင်ရှိ လူများက သူ့ကို ကြည့်သည့် အကြည့်မှာ ရုတ်တရက် ထူးဆန်းသွားကြသည်။
ဒွမ်းမူရွှမ်း
တင်းရုံ
ဟော့တက်ဂိုဏ်း မှ တာအိုဆရာ
နှင့် အခြားသော အလွတ်တန်း ကျင့်ကြံသူ များမှာ
ထို ကမ္ဘာကျော် တိုက်ပွဲကြီးကို စိုးရိမ်တကြီးဖြင့် စိုက်ကြည့်နေကြသည်။
ဝုန်းးးး
ဝုန်းးးး
ပေါက်ကွဲသံများမှာ နားကွဲမတတ် ပြင်းထန်လှသည်။
တစ်ဖက်တွင် ဗုဒ္ဓဘာသာ၏ ကာကွယ်စောင့်ရှောက်သူ ကိန်နရာကြီးက လက်ထဲတွင် တောင်ဝှေးနှင့် ပုတီးကို ကိုင်ဆောင်ကာ အလွန်တရာ ပြင်းထန်ရဲရင့်နေသည်။
အခြားတစ်ဖက်တွင်မူ နှစ်ပေါင်းထောင်ချီ ကျင့်ကြံထားသော မဟာမိစ္ဆာ အော်လျဲ့ မှာ နဂါးစစ်စစ်၏ သွေးမျိုးနွယ်ဖြစ်ကာ နဂါးခန္ဓာကိုယ်ဖြင့် မိစ္ဆာအတတ်ပညာများမှာ အလွန်တရာ ပြင်းထန်လှသည်။
နှစ်ဦးစလုံးမှာ တတိယအဆင့် အဆင့်မြင့် ကျင့်ကြံသူများပင်။
တန်ခိုးစွမ်းအားများ၏ ပြင်းထန်မှုမှာ ကောင်းကင်ပြိုကာ မြေကြီးအက်မတတ်ပင်။
ဝုန်းးးး
ကိန်နရာပုံရိပ်ကြီးက လက်သီးတံဆိပ်ကို ဖော်ဆောင်ကာ နဂါးကြီး၏ ကျောပြင်ပေါ်သို့ တိုက်ရိုက် ထိုးနှက်လိုက်သည်။
ကောင်းကင်နှင့် မြေကြီးကြားတွင် ကြည်လင်သော လှိုင်းလုံးများမှာ အထပ်ထပ် ထွက်ပေါ်လာသည်။
ဟိန်းသံကြီးကြောင့် လူတိုင်း၏ ကြားသိနိုင်စွမ်းမှာ ခဏတာ ပျောက်ကွယ်သွားပြီး စိတ်ဝိညာဉ်များမှာလည်း တုန်လှုပ်သွားကြရသည်။
"ခြေတစ်လှမ်း ကွာရုံနဲ့ ဒီလောက်တောင် ကောင်းကင်နဲ့ မြေကြီးလို ကွာခြားသွားလိမ့်မယ်လို့ မထင်ထားဘူး "
ဟော့တက်ဂိုဏ်းမှ တာအိုဆရာမှာ အလွန်တရာ အံ့အားသင့်နေသည်။
တတိယအဆင့် ဆိုသည်မှာ ကျင့်ကြံသူတိုင်း တောင့်တရသည့် အဆင့်ပင် ဖြစ်သည်။
ကောင်းကင်နှင့် မြေကြီး၏ အရှိန်အဝါကို လက်ကိုင်ပြုကာ
တောင်ကိုဖြို၍ ကျောက်ကိုခွဲနိုင်စွမ်း ရှိသည်။
ဝုန်းးး ဝုန်းးး ဝုန်းးး ဝုန်းးး
ပုံရိပ်ကြီးနှစ်ခုမှာ တောက်ပသော အလင်းတန်းများဖြင့် တိုက်ခိုက်နေကြပြီး ပေါက်ကွဲသံများမှာ ကမ္ဘာတုန်မတတ်ပင်၊ ခဏချင်းအတွင်းမှာပင် အကြိမ်ပေါင်း ထောင်ချီ၍ တိုက်ခိုက်နေကြပြီ ဖြစ်သည်။
အံ့ဩစရာ ကောင်းသည်မှာ
အလွန်တရာ ပြင်းထန်လှသည်ဟု ထင်ရသော ဗုဒ္ဓဘာသာ ကိန်နရာ ပုံရိပ်ကြီးမှာ အခြေအနေမကောင်းဘဲ ဖြစ်နေသည်။
ကိုယ်ပေါ်ရှိ ရွှေရောင် ဗုဒ္ဓအလင်းတန်းများမှာ တဖြည်းဖြည်း မှိန်ဖျော့လာနေသည်။
ရှုံးနိမ့်ခြင်းမှာ
မျက်စိရှေ့သို့ ရောက်ရှိလာပုံရသည်