← Chapters

အခန်း (၃၆၄)

Vol. 34 Ch. 364

အခန်း (၃၆၄)

Vol. 34 Ch. 364

အပိုင်း (၃၆၄)

​အမေက ငါ့ကို အရှင်မင်းကြီးနဲ့ အကြာကြီး စကားပြောစေချင်တာလား….။

ဘာအကြောင်းတွေများ ပြောရမှာလဲ…။

လျိုဝမ်ချင်း တစ်ယောက် ရုတ်တရက် ဘာလုပ်ရမှန်းမသိ ဖြစ်သွားတော့သည်။ သူမသည် တစ်သက်လုံး မိခင်ဖြစ်သူနှင့်သာ အတူနေထိုင်ခဲ့ပြီး မိခင်၏ ဝေဒနာကြောင့်လည်း ဘေးနားမှ ခွာလေ့မရှိခဲ့ပေ။ မည်သည့်နေရာ သွားသွား မိခင်နှင့်အတူသာ သွားလာခဲ့သဖြင့် အခြားသူများနှင့် တစ်ဦးတည်း တွေ့ဆုံဖူးခြင်း မရှိသလို၊ အခြားအမျိုးသားတစ်ဦးနှင့် ဆိုလျှင် ပို၍ပင် ဝေးသေးသည်။

​ ယခုကဲ့သို့ ရုတ်တရက် ကြုံလိုက်ရသော အခြေအနေမှာ...

အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး နှစ်ယောက်တည်း ကျန်ရစ်ခဲ့ခြင်းမှာ.....

သူမအတွက်တော့ ဤနယ်ပယ်တွင် လုံးဝ အတွေ့အကြုံ မရှိပေ…။

​ အကြောင်းရင်းကို မသိသော်လည်း လင်းပိုင်ဖန်၏ ငယ်ရွယ်ပြီး ခန့်ညားသော မျက်နှာကို ကြည့်ကာ လျိုဝမ်ချင်း တစ်ယောက် ရုတ်တရက် ရင်ခုန်သံများ မြန်လာရသည်။

​ လင်းပိုင်ဖန်မှာလည်း အနည်းငယ် ထိတ်လန့်နေမိသည်။ လျိုဝမ်ချင်း မိခင်၏ ရည်ရွယ်ချက်မှာ ရှင်းလင်းလှသည်၊ သူမ၏ သမီးနှင့် သူ့ကို နီးစပ်စေချင်နေခြင်းပင်။ သူတို့ကို တစ်ခန်းတည်း အတူရှိစေပြီး အပြန်အလှန် ရင်းနှီးကာ သံယောဇဉ် တိုးစေချင်နေခြင်းပင် ဖြစ်သည်။

​ ‘ငါကတော့ ပဒေသရာဇ် လူ့အဖွဲ့အစည်းရဲ့ အစီအစဉ်ချ လက်ထပ်ပေးမှုတွေအထဲမှာ သားကောင် ဖြစ်နေရပြီပေါ့’

​ သူသည် မိဖုရားအချို့နှင့် လက်ထပ်ခဲ့ပြီး နှစ်ပေါင်းများစွာ အတူနေခဲ့ဖူးသော်လည်း အလေးအနက်ထား၍ လူပျိုလှည့်ကာ ပိုးပန်းရသည့် အတွေ့အကြုံမျိုးတော့ လုံးဝ မရှိခဲ့ပေ။ အထူးသဖြင့် မိန်းကလေးတစ်ယောက်ကို စကားနာထိုး ပိုးပန်းခြင်းမျိုးတွင် သူက အတွေ့အကြုံ အနည်းဆုံးပင် ဖြစ်သည်။

​ ယခုကဲ့သို့ လျိုဝမ်ချင်းနှင့် နှစ်ယောက်တည်း ကျန်ရစ်ခဲ့သည့် အခြေအနေတွင်...

သူတို့ နှစ်ယောက်တည်း...

သူ ဘာလုပ်သင့်သနည်း။

​ သူ အကြောက်ဆုံးအရာမှာ စိတ်ကို မထိန်းနိုင်ဘဲ မီးပွင့်မဲ့အချိန်ကြမှ သူမ၏ အမေ မိသွားမှာကိုပင် ဖြစ်သည်။ ထိုသို့ဆိုလျှင် မည်မျှ ရှက်စရာ ကောင်းလိုက်မည်နည်း။

​ “အရှင်မင်းကြီး...” လျိုဝမ်ချင်းက ခေါင်းငုံ့လျက် တိုးတိုးလေး ခေါ်လိုက်သည်။ သူမမှာ အလွန်ပင် ရှက်သွေးဖြာနေပုံရသည်။

​ “မိန်းကလေး ဝမ်ချင်း...”

​ လင်းပိုင်ဖန်က ချောင်းတစ်ချက် ဟန့်လိုက်ပြီး “အခန်းထဲမှာ နေရတာ နည်းနည်း အိုက်စပ်စပ် ဖြစ်နေတယ်၊ အပြင်ထွက်ပြီး လမ်းလျှောက်ရအောင်လေ”

​ “ဟုတ်... ဟုတ်ကဲ့၊ လမ်းလျှောက်ကြတာပေါ့” လျိုဝမ်ချင်းက ချက်ချင်းပင် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

​ မကြာမီတွင် သူတို့နှစ်ယောက် အခန်းထဲမှ ထွက်လာခဲ့ပြီး "လေးရာသီချိုင့်ဝှမ်း" ၏ တောင်ကုန်းများပေါ်တွင် လမ်းလျှောက်ခဲ့ကြသည်။

​ ရာသီဥတုမှာ ဆောင်းရာသီ ဖြစ်သဖြင့် အေးစိမ့်နေသော်လည်း လေးရာသီချိုင့်ဝှမ်း၏ ရာသီဥတုမှာမူ သိသိသာသာ ကွဲပြားခြားနားလှသည်။ တစ်နှစ်ပတ်လုံး လှပသော ရှုခင်းများ ရှိနေပြီး ဆေးဘက်ဝင် အပင်မျိုးစုံကိုလည်း စိုက်ပျိုးထားသဖြင့် မြင်ရသူတိုင်းအတွက် ဗဟုသုတများစွာ ရစေသည်။

​ သို့သော် လင်းပိုင်ဖန်အတွက်မူ ဘေးနားမှ လျိုဝမ်ချင်းက ပို၍ စိတ်ဝင်စားစရာ ကောင်းနေသည်။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်အထိ သူမသည် စိတ်ကို တည်ငြိမ်အောင် မထားနိုင်သေးသောကြောင့် ဖြစ်သည်။

​ သူမ၏ မျက်နှာမှာ နီမြန်းနေပြီး ခေါင်းကိုသာ အမြဲငုံ့ထားကာ လင်းပိုင်ဖန်၏ ဘေးနားမှ ကပ်၍ လိုက်ပါလာသည်။

​ လင်းပိုင်ဖန်က ဂရုတစိုက်ဖြင့် “မိန်းကလေး ဝမ်ချင်း... ဘာဖြစ်လို့လဲ၊ အစောကြီးကတည်းက ခေါင်းကို ငုံ့ထားနေတာ။ တစ်ခုခု အခက်အခဲ ရှိနေလို့လား။ ငါကိုယ်တော်ကို ပြောပြပါ၊ ငါကိုယ်တော် ကူညီပေးပါ့မယ်” ဟု မေးလိုက်သည်။

​ “ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး။ ထွေထွေထူးထူး မဟုတ်ပါဘူး။ အမှန်တော့...”

​ လျိုဝမ်ချင်းက မျက်နှာရဲရဲလေးဖြင့် “ဒါက ကျွန်မ အမျိုးသားတစ်ယောက်နဲ့ ပထမဆုံးအကြိမ် လမ်းလျှောက်ဖူးတာမို့... နည်းနည်း... နည်းနည်း ရင်ခုန်နေလို့ပါ”

​ သူမ၏ စကားလုံးများမှာ ဟန်ဆောင်မှု မရှိဘဲ ဖြူစင်လှသဖြင့် အချစ်ရေးတွင် အတွေ့အကြုံ မရှိသူမှန်း သိသာလှသည်။

​ လင်းပိုင်ဖန်က ချက်ချင်းပင် “မိန်းကလေး ဝမ်ချင်း... စိတ်မလှုပ်ရှားပါနဲ့၊ ဒါက ငါကိုယ်တော်အတွက်လည်း ပထမဆုံးအကြိမ်ပါပဲ” ဟု နှစ်သိမ့်လိုက်သည်။

​ “ပထမဆုံးအကြိမ် ဟုတ်လား” လျိုဝမ်ချင်း ကြောင်အသွားသည်။

​ အရှင်မင်းကြီးက မိဖုရားတွေတောင် အများကြီး ရှိနေပြီကို ဒါက ဘယ်လိုလုပ် ပထမဆုံး ဖြစ်နိုင်မှာလဲ။

​ “ဒီနေ့အတွက် ပထမဆုံးအကြိမ် ပြောတာပါ” လင်းပိုင်ဖန်က အပြစ်ကင်းစင်သော မျက်နှာဖြင့် ပြောလိုက်သည်။

​ လျိုဝမ်ချင်း တစ်ယောက် ဆွံ့အသွားပြီးမှ ရယ်မောလိုက်တော့သည်။ ထို့နောက် ဤသို့ပြုမူခြင်းမှာ မဆီလျော်မှန်း သိလိုက်သဖြင့် ချက်ချင်းပင် ပါးစပ်ကို ပြန်ပိတ်လိုက်သော်လည်း လင်းပိုင်ဖန်ကိုမူ မျက်စောင်းလေး တစ်ချက် ထိုးလိုက်မိသည်။ ထိုမျက်စောင်းလေးမှာ ထူးခြားသော ဆွဲဆောင်မှုဖြင့် ပြည့်နှက်နေသည်။

​ ထိုအချိန်တွင် လင်းပိုင်ဖန်က ဘေးနားရှိ ထူးဆန်းသော ပန်းတစ်ပွင့်ကို ညွှန်ပြကာ “မိန်းကလေး ဝမ်ချင်း... ဒါက ဘာပန်းလဲ၊ ကြည့်ရတာ အရောင်က အရမ်းတောက်ပပြီး သွေးစက်တွေလိုပဲနော်” ဟု မေးလိုက်သည်။

​ သူမ ကျွမ်းကျင်သည့် နယ်ပယ်သို့ ရောက်လာသောအခါ လျိုဝမ်ချင်းက ချက်ချင်းပင် ရှင်းပြလေတော့သည်။ “အရှင်မင်းကြီး... ဒါက မန်ဂျူရှာကာ ပန်းပါ၊ ဒဏ္ဍာရီတွေအရတော့ မန်ဂျူရှာကာဟာ ငရဲပြည်က လမ်းမထက်မှာ ပေါက်ရောက်တဲ့ ထူးဆန်းတဲ့ ပန်းတစ်ပွင့်ဖြစ်ပြီး လူတွေကို သူတို့ရဲ့ အတိတ်ဘဝတွေကို မေ့လျော့သွားစေတယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ အမှန်တကယ်တော့ ဒါဟာ အဆိပ်ဖြေပေးနိုင်တဲ့အပြင်၊ ချောင်းဆိုးပျောက်စေပြီး ဆီးရွှင်စေတဲ့ အလွန်ရှားပါးတဲ့ ဆေးဘက်ဝင် အပင်တစ်မျိုးပါ။ ဒါပေမဲ့ သူ့မှာ အဆိပ်အနည်းငယ် ပါတာကြောင့် ဂရုတစိုက် သုံးစွဲရပါတယ်...”

​ လင်းပိုင်ဖန်က နားလည်သွားသည့် အမူအရာဖြင့် ခေါင်းညိတ်ကာ “ဪ... ဒါက ဒဏ္ဍာရီထဲက မန်ဂျူရှာကာ ပန်းကိုး။ မန်ဂျူရှာကာနဲ့ ပတ်သက်တဲ့ ဒဏ္ဍာရီတွေ အများကြီး ရှိပေမယ့် ငါကိုယ်တော့်ကို အထင်ကြီးစေတဲ့ ဒဏ္ဍာရီ တစ်ခုတော့ ရှိတယ်”

​ လျိုဝမ်ချင်းက စိတ်ဝင်တစားဖြင့် “အရှင်မင်းကြီး... အဲဒါက ဘယ်လို ဒဏ္ဍာရီမျိုးလဲဟင်” ဟု မေးလိုက်သည်။

​ “ဒဏ္ဍာရီအရတော့ မန်ဂျူရှာကာ ပန်းဟာ အလွန်ချစ်ကြတဲ့ ချစ်သူတစ်စုံကနေ ပြောင်းလဲလာတာလို့ ဆိုကြတယ်။ သူတို့ဟာ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းကို အတူတကွ ရင်ဆိုင်ခဲ့ကြပြီး ငရဲပြည်က တံတားကို ဖြတ်တဲ့အခါ တစ်ဦးကိုတစ်ဦး မေ့သွားမှာ ကြောက်တဲ့အတွက် မန်ဂျူရှာကာ ပန်းတွေအဖြစ် ပြောင်းလဲခဲ့ကြတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်တွေက တစ်ဖက်စီ ခွဲခွာနေရပေမယ့် သူတို့ရဲ့ နှလုံးသားတွေကတော့ အမြဲတမ်း အတူတူ ရှိနေကြတယ်”

​ “အဲဒီအချိန်ကစပြီး ကမ္ဘာပေါ်မှာ မန်ဂျူရှာကာ တစ်ပွင့် ပေါ်လာတိုင်း ချစ်သူတစ်စုံ တိုးလာလေ့ ရှိတယ်။ သူတို့က မန်ဂျူရှာကာနဲ့ တွေ့ဆုံတဲ့အခါ ပန်းရဲ့ ကောင်းချီးကို ရရှိပြီး တစ်ဦးကိုတစ်ဦး သိကျွမ်း တန်ဖိုးထားကာ အိုမင်းတဲ့အထိ အတူတကွ လက်တွဲသွားကြရတယ်၊ ဘယ်တော့မှ ခွဲခွာရခြင်း မရှိတော့ဘူး”

​ “ဘယ်လောက် လှပတဲ့ ဇာတ်လမ်းလေးလဲ” လျိုဝမ်ချင်းက ရေရွတ်လိုက်သည်။

​ သို့သော် သူမ ရုတ်တရက် တွေးမိသည်မှာ... သူမနှင့် အရှင်မင်းကြီးသည်လည်း မန်ဂျူရှာကာ ပန်းနှင့် တစ်ချိန်တည်းတွင် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သဖြင့် ၎င်းမှာ...

​ လျိုဝမ်ချင်းက လင်းပိုင်ဖန်ကို ရှက်ကိုးရှက်ကန်းဖြင့် တစ်ချက်ကြည့်လိုက်ပြီး “အရှင်မင်းကြီး... ဒါက ဘာကို ဆိုလိုတာလဲဟင်” ဟု မေးလိုက်သည်။

​ လင်းပိုင်ဖန်က အပြစ်ကင်းစင်သော မျက်နှာဖြင့် “ထွေထွေထူးထူး မဟုတ်ပါဘူး၊ ငါကိုယ်တော် သိထားတဲ့ ပုံပြင်လေးတစ်ပုဒ်ကို ဝေမျှတာပါ။ မိန်းကလေး ဝမ်ချင်း... အဲဒီပုံပြင်အပေါ် ဘာများ တွေးမိလဲ၊ ငါကိုယ်တော်ကို ပြောပြနိုင်မလား”

​ လျိုဝမ်ချင်းက လင်းပိုင်ဖန်ကို ရှက်ကိုးရှက်ကန်းဖြင့် နောက်တစ်ကြိမ် ကြည့်လိုက်ပြန်သည်။

ဤကဲ့သို့ အကြောင်းအရာမျိုးကို သူမက မည်သို့ ထုတ်ပြောနိုင်မည်နည်း။

ဒီဧကရာဇ်ကတော့ တကယ့်ကို လူဆိုးလေးပင်။

​ ထိုအချိန်တွင် လင်းပိုင်ဖန်က မလှမ်းမကမ်းရှိ အပင်အုပ်စုကို ညွှန်ပြကာ “မိန်းကလေး ဝမ်ချင်း... ဒါကကော ဘာလဲ” ဟု မေးလိုက်သည်။

​ လျိုဝမ်ချင်းက ချက်ချင်းပင် “အရှင်မင်းကြီး... ဒါက ကပ်စကူတာပင် ဖြစ်ပါတယ်။ ရှေးယခင်ကတည်းက အချစ်ရဲ့ သင်္ကေတ တစ်ခုပေါ့။ ရှေးဟောင်းကဗျာတစ်ပုဒ်မှာ ‘အိမ်ထောင်သစ်စ ချစ်သူတွေဟာ ကပ်စကူးတာရဲ့ နွယ်ပင်တွေလို တစ်ဦးကိုတစ်ဦး တွယ်ကပ်နေကြတယ်’ လို့ ဆိုထားပါတယ်။ ဒါဟာ အိမ်ထောင်သည်အသစ်တွေရဲ့ တစ်ဦးပေါ်တစ်ဦး တွယ်တာမှုကို ဖော်ပြတာပါ။ ဒါပေမဲ့ ကျွန်မတို့လို ဆေးဆရာတွေရဲ့ အမြင်မှာတော့ ဒါဟာ အသည်းနဲ့ ကျောက်ကပ်ကို အားကောင်းစေပြီးတော့၊ အားအင်ကို ဖြည့်တင်းပေးတဲ့အပြင် ကိုယ်ဝန်ကို တည်မြဲစေတဲ့ အလွန်အစွမ်းထက်တဲ့ ဆေးပင်တစ်မျိုးပါ...”

​ “ဪ... ဒီနေ့တော့ ငါကိုယ်တော် တော်တော်လေးကို ဗဟုသုတ ရသွားခဲ့ပြီ”

​ လင်းပိုင်ဖန်က နားလည်သွားဟန်ဖြင့် “ဒီကပ်စကူတာ အပင်နဲ့ ပတ်သက်ပြီးတော့လည်း ငါကိုယ်တော် ပုံပြင်တစ်ပုဒ် ကြားဖူးသေးတယ်”

​ “အရှင်မင်းကြီး... အဲဒါက ဘယ်လို ပုံပြင်လဲဟင်” လျိုဝမ်ချင်းက စိတ်ဝင်တစား မေးပြန်သည်။

​ လင်းပိုင်ဖန်က “မင်း သိတဲ့အတိုင်း ကပ်စကူတာ ပန်းဟာ အချစ်ရဲ့ သင်္ကေတပဲ။ ဒဏ္ဍာရီအရတော့ ကပ်စကူတာဟာ ခံစားချက် ရှိတယ်လို့ ဆိုကြတယ်။ အကယ်၍ ချစ်သူနှစ်ဦးဟာ တစ်ဦးနဲ့တစ်ဦး ကံပါလာတယ်လို့ သူက ခံစားမိရင် သူတို့နှစ်ယောက်ကို ကောင်းချီးပေးတဲ့အနေနဲ့ နွယ်ပင်တွေနဲ့ ရစ်ပတ်ပေးတတ်တယ်တဲ့” ဟု ရှင်းပြလိုက်သည်။

​ “အဲဒီလို ဒဏ္ဍာရီ တကယ် ရှိတာလားဟင်” လျိုဝမ်ချင်း တစ်ယောက် စိတ်ဝင်စားသွားသည်။

​ လင်းပိုင်ဖန်က ခေါင်းခါလျက် “ငါကိုယ်တော်လည်း မသိဘူး၊ ဒါပေမဲ့ အကြောင်းမဲ့တော့ ဖြစ်လာမှာ မဟုတ်ပါဘူး။ ကဲ... ရှေ့ကို ဆက်သွားရအောင်”

​ ထိုအချိန်တွင် လင်းပိုင်ဖန်က ရုတ်တရက် လဲကျသွားကာ နာကျင်စွာ အော်လိုက်သည်။

​ “အရှင်မင်းကြီး... သတိထားပါ” လျိုဝမ်ချင်းက လျင်မြန်စွာပင် လဲကျတော့မည့် လင်းပိုင်ဖန်ကို ဖမ်းလိုက်သည်။

​ အောက်ကို ငုံ့ကြည့်လိုက်သောအခါ လင်းပိုင်ဖန်၏ ခြေထောက်မှာ ကပ်စကူတာ နွယ်ပင်နှင့် ရစ်ပတ်နေပြီး ချော်လဲသွားခြင်း ဖြစ်သည်ကို တွေ့လိုက်ရသည်။

သူမ၏ ခြေထောက်မှာလည်း နွယ်ပင်နှင့် အတူတကွ ရစ်ပတ်နေတော့သည်။

​ ခုနက ပြောခဲ့သော ဒဏ္ဍာရီကို သတိရသွားသောအခါ လျိုဝမ်ချင်း၏ မျက်နှာမှာ တစ်ခဏချင်းပင် နီမြန်းသွားတော့သည်။

​ လင်းပိုင်ဖန်က အပြစ်ကင်းစင်စွာဖြင့် “မိန်းကလေး ဝမ်ချင်း... ငါကိုယ်တော် တကယ် တမင်လုပ်တာ မဟုတ်ပါဘူး” ဟု ပြောလိုက်သည်။

​ ထို့နောက်တွင်လည်း သူတို့နှစ်ယောက်မှာ ချိုင့်ဝှမ်းအတွင်း ဆက်လက် လမ်းလျှောက်ခဲ့ကြသည်။

လမ်းတစ်လျှောက်လုံးတွင် လင်းပိုင်ဖန်မှာ ယဉ်ကျေးပျူငှာစွာဖြင့် သိလိုသမျှကို မေးမြန်းနေခဲ့သည်။

​ လျိုဝမ်ချင်းမှာမူ လမ်းတစ်လျှောက်လုံးတွင် ပြောမပြတတ်အောင် ရှက်နေသဖြင့် မျက်နှာလေးမှာ နီမြန်းနေတော့သည်။

​ မကြာမီပင် မှောင်ရီပျိုးစ ပြုလာခဲ့ပြီ ဖြစ်သည်။

လင်းပိုင်ဖန်က ကောင်းကင်ကို တစ်ချက်ကြည့်ကာ နှမြောတသစွာဖြင့် “မိန်းကလေး ဝမ်ချင်း... အချိန်က တော်တော် နောက်ကျသွားပြီဆိုတော့ ငါကိုယ်တော် ပြန်ရတော့မယ်။ ဒီနေ့ လမ်းလျှောက်ရင်း ဗဟုသုတတွေ အများကြီး ရခဲ့ပါတယ်၊ နောက်နေ့တွေမှာလည်း လာပြီး ဆွေးနွေးပါဦးမယ်” ဟု ဆိုလိုက်သည်။

​ လျိုဝမ်ချင်းမှာမူ ခွဲခွာရမည်ကို နှမြောနေမိသော်လည်း “ကောင်းပါပြီ... အရှင်မင်းကြီး၊ ပြန်တွေ့ကြတာပေါ့” ဟုသာ ပြန်လည် ဖြေကြားလိုက်သည်။

All Chapters