အခန်း (၃၆၇)
Vol. 34 Ch. 367
အပိုင်း (၃၆၇)
သတင်းတွေက ပျံ့နှံ့လေလေ ပိုပြီးတော့ အဓိပ္ပာယ်မရှိလောက်အောင် ချဲ့ကားလာလေလေ ဖြစ်လာခဲ့သည်။
ဒါပေမဲ့ ဒီလို အခြေအမြစ်မရှိတဲ့ ကောလာဟလတွေဟာ တစ်ကမ္ဘာလုံးမှာ အလွန်ကို ရေပန်းစားနေခဲ့ပြီး သိုင်းလောကသား စွန့်စားရှာဖွေသူတွေကို မဟာရှနိုင်ငံဆီ လှိုင်းလုံးကြီးတွေလို အလုံးအရင်းနဲ့ ရောက်ရှိလာစေခဲ့သည်။
အင်အားစုအသီးသီးကလည်း ဒါကို မစုံစမ်းဘဲ မနေနိုင်ကြတော့ဘဲ လူလွှတ်ပြီး စုံစမ်းခိုင်းကြလေတော့သည်။
ဒီလိုနဲ့ မဟာရှနိုင်ငံအတွင်းမှာ ရုန်းရင်းဆန်ခတ်မှုတွေ စတင်ဖြစ်ပွားလာပြီး အင်ပါယာနန်းတော်အတွက် ဖိအားတွေ ပိုတိုးလာခဲ့သည်။
မဟာလော့အင်ပါယာရဲ့ နန်းတော်အတွင်းမှာတော့...
စုန့်ယွီဖေးက နန်းတွင်းထဲကို ပေါ့ပါးစွာ လွင့်ပျံဝင်ရောက်လာပြီး နိုင်ငံတော်အရေးကိစ္စတွေနဲ့ အလုပ်ရှုပ်နေတဲ့ မဟာလော့ဧကရာဇ်ကို ကြည့်ပြီး လိုရင်းကိုပဲ တည့်တည့် မေးလိုက်လေသည်။ “ကောင်းကင်ခန်ရဲ့ အုတ်ဂူသတင်းကို ရှင်ပဲ နောက်ကွယ်ကနေ တမင်လွှင့်ခဲ့တာ မဟုတ်လား”
မဟာလော့ဧကရာဇ်က အံ့ဩသွားပြီး “နတ်မိမယ်... ဘာလို့ အဲဒီလို ပြောရတာလဲ” လို့ ပြန်မေးလိုက်သည်။
စုန့်ယွီဖေးက “ကောလာဟလတွေ စပျံ့ကတည်းက တစ်ခုခုတော့ မှားနေပြီလို့ ကျွန်မ ခံစားမိလို့ တိတ်တဆိတ် စုံစမ်းကြည့်ခဲ့တယ်။ အဲဒီမှာ ဒါက မဟာလော့နဲ့ ပတ်သက်နေတယ်ဆိုတာ သိလိုက်ရလို့ လာမေးတာပဲ”
“ဟုတ်တယ်... ဒါ ကျုပ်လက်ချက်ပဲ” လို့ မဟာလော့ဧကရာဇ်က ပွင့်ပွင့်လင်းလင်းပဲ ဝန်ခံလိုက်သည်။
“အရှင်မင်းကြီးက ဘာလို့ ဒီလိုမျိုး လုပ်ရတာလဲ” ဟု စုန့်ယွီဖေးက မေးလိုက်သည်။
“ဒါကို ရှင်းပြနေဖို့ လိုသေးလို့လား”
မဟာလော့ဧကရာဇ်က ပြုံးပြီး “အခုအချိန်မှာ တစ်ကမ္ဘာလုံးက နိုင်ငံတွေဟာ နှင်းကပ်ဘေးအန္တရာယ်ကြောင့် ဒုက္ခရောက်ပြီး နိုင်ငံအင်အားတွေ ဆုတ်ယုတ်နေကြတာ။ ဒါပေမဲ့ မဟာရှနိုင်ငံ တစ်ခုတည်းကတော့ ထွန်းတောက်ပြီး ကောင်းစားနေတယ်လေ။ မဟာလော့နဲ့ မဟာရှက အိမ်နီးချင်းနိုင်ငံတွေဆိုတော့ နောင်ကျရင် ငါတို့ကြားမှာ တိုက်ပွဲက မလွဲမသွေ ဖြစ်လာမှာပဲ။ သူတို့ အင်အားကြီးလာပြီး ငါတို့ မဟာလော့ကို ဝါးမြိုသွားမှာကိုတော့ ကျုပ် ဒီအတိုင်း ထိုင်ကြည့်မနေနိုင်ဘူးလေ”
“ဒါကြောင့် သူတို့ကို ပြဿနာရှာဖို့ ကောလာဟလတချို့ကို လွှင့်ခိုင်းလိုက်တာပဲ။ အခုတော့ ထိရောက်မှုက တော်တော်လေး သိသာနေပြီ။ မဟာရှဧကရာဇ်တော့ အခုလောက်ဆိုရင် လက်မှိုင်ချနေလောက်ပြီ ဟားဟား...”
စုန့်ယွီဖေးက တစ်ခုခု ပြန်ပြောဖို့ ပါးစပ်ပြင်လိုက်ပေမယ့် ဘာမှ ပြောစရာစကားကို ရှာမတွေ့ ဖြစ်သွားခဲ့ရသည်။
မဟာလော့ဧကရာဇ်ရဲ့ ရပ်တည်ချက်က ကြည့်ရင်တော့ သူလုပ်တာ မှားတယ်လို့ ပြောလို့မရပေ။ ဒါပေမဲ့ ဒုက္ခရောက်နေတာကတော့ မဟာရှဧကရာဇ်ပဲလေ။ ဒီကိစ္စပြီးရင် သူမအနေနဲ့ သူ့ကို ဘယ်လိုမျက်နှာနဲ့ ရင်ဆိုင်ရတော့မှာပါလိမ့်။
“နတ်မိမယ်... ဒါကိုလည်း ကြည့်လိုက်ဦး”
မဟာလော့ဧကရာဇ်က သတင်းအချက်အလက်တစ်ခုကို ဂုဏ်ယူစွာနဲ့ ထုတ်ပြလိုက်ပြီး “တကယ်တော့ ကျုပ်က ဒီအကြံအစည်ကို စတင်ဖို့ နည်းနည်းလေးပဲ အားစိုက်ခဲ့တာ။ ဒီလောက်ထိ ကြီးကြီးမားမား ဖြစ်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
“ဒါက ဘာကို ပြနေတာလဲ။ လူအများကြီးက မီးလောင်ရာ လေပင့်ပေးနေကြတယ်ဆိုတာပဲ။ မဟာရှနိုင်ငံ ပြိုလဲသွားမှာကို လိုလားတဲ့သူတွေ အများကြီး ရှိနေတာ။ ဒီကိစ္စပြီးရင် မဟာရှက ပြိုမလဲသွားရင်တောင် အင်အားကတော့ သေချာပေါက် ဆုတ်ယုတ်သွားမှာပဲ ဟားဟားဟား.. ”
စုန့်ယွီဖေးမှာ အဲဒီအချက်အလက်တွေကို ကြည့်ပြီး သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ မဟာရှနိုင်ငံအနေနဲ့ ဒီမုန်တိုင်းကို အောင်အောင်မြင်မြင် ကျော်လွှားနိုင်ပါစေလို့ပဲ သူမအနေဖြင့် မျှော်လင့်နေမိတော့သည်။
ဒီအချိန်မှာတော့ ကောင်းကင်ခန် အုတ်ဂူသတင်းကြောင့် လူပေါင်း တစ်သိန်းကျော်ဟာ ရတနာရှာဖို့ မဟာရှနိုင်ငံအတွင်းကို တိုးဝင်လာခဲ့ကြလေသည်။
ဒီရတနာရှာသူတွေထဲမှာ "သံဓားဂိုဏ်း" လို့ ခေါ်တဲ့ ဂိုဏ်းတစ်ခုက အဖွဲ့လည်း ပါဝင်နေသည်။ သံဓားဂိုဏ်းဆိုတာ သိုင်းလောကမှာ အလယ်အလတ်တန်းစား အင်အားစုတစ်ခုပဲ ဖြစ်သည်။
သူတို့လွှတ်လိုက်တဲ့ အဖွဲ့ထဲမှာ လူငယ်တွေပဲ ပါဝင်ပြီး ဘယ်သူမှ ထူးထူးခြားခြား အစွမ်းမထက်ကြပေ။ အားအကောင်းဆုံးဆိုတဲ့ သူကတောင် သာမန်သိုင်းပညာရှင် အဆင့်ပဲ ရှိသေးသည်။
ညမှောင်လာတဲ့အခါမှာတော့ သူတို့ဟာ ညောင်ပင်ကြီး တစ်ပင်အောက်မှာ စုဝေးပြီး မီးဖိုဘေးမှာ အပန်းဖြေရင်း စကားစမြည် ပြောနေခဲ့ကြသည်။
မီးဖိုကို ထိုးပေးနေတဲ့ အသက် ၁၆ နှစ်အရွယ် လူငယ်လေးက စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်တယ်။ “ကောင်းကင်ခန်ရဲ့ အုတ်ဂူက မဟာရှနိုင်ငံရဲ့ နယ်နိမိတ်ထဲမှာ ရှိတယ်လို့ ပြောကြတယ်။ အဲဒါကိုသာ ရှာတွေ့ရင် ငါတို့တော့ သူဌေးဖြစ်ပြီပဲ။ အဲဒီထဲမှာ နတ်လက်နက်တွေတင်မကဘူး၊ ကျင့်လိုက်တာနဲ့ တစ်ကမ္ဘာလုံးမှာ နာမည်ကြီးတဲ့ ထိပ်တန်းပညာရှင် ဖြစ်သွားနိုင်တဲ့ ကျင့်စဉ်တွေလည်း ရှိတယ်တဲ့ ဟားဟား…”
“ဒါက အဲဒီလောက် လွယ်ပါ့မလား” လို့ တစ်ယောက်က သံသယနဲ့ ကြားဖြတ်ပြောလိုက်သည်။
“နှစ်ပေါင်း ၃၀၀၀ တောင် ရှိနေပြီ။ အဲဒီအုတ်ဂူက ရှာရတာ လွယ်ရင် အစောကြီးကတည်းက သူများတွေ ရှာတွေ့ကုန်ပြီပေါ့။ ငါတို့လို သိုင်းလောကက ငါးစင်ရိုင်းလေးတွေ အလှည့်တောင် ရောက်ပါ့မလား။ အမှန်တကယ် မဖြစ်နိုင်တာတွေကို စိတ်ကူးယဉ်မနေစမ်းပါနဲ့”
အသက် ၁၆ နှစ်အရွယ် ကောင်လေးက ချက်ချင်းပဲ ပြန်ချေပလိုက်သည်။ “စိတ်ကူးတောင် ယဉ်လို့မရဘူးလား။ လူတစ်ယောက်က စိတ်ကူးအိပ်မက်သာ မရှိရင် ငါးခြောက်နဲ့ ဘာကွာမှာလဲ”
“မင်းကတော့ တကယ့်ကို စိတ်ကူးယဉ်နေတာပဲ၊ အိပ်မက်ထဲမှာ မက်တာတောင် ဒီထက် ပိုလက်တွေ့ကျဦးမယ်”
“ဟေ့... မင်းကလည်း...”
သူတို့နှစ်ဖက်က ဒီလိုနဲ့ပဲ အငြင်းပွားနေကြတော့သည်။
အဲဒီအချိန်မှာပဲ ညောင်ပင်အောက်မှာ တင်ပျဉ်ခွေထိုင်နေတဲ့ လူငယ်တစ်ယောက်က မျက်လုံးဖွင့်လိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။ “တော်ကြတော့... နှစ်ယောက်လုံး မငြင်းကြနဲ့တော့။ ကောင်းကင်ခန်ရဲ့ အုတ်ဂူနဲ့ ပတ်သက်လို့ကတော့ ရှာတွေ့ရင်လည်း ကောင်းတာပေါ့၊ မတွေ့ရင်လည်း အတွေ့အကြုံရတာပဲလို့ သဘောထားလိုက်ကြပါ”
“ဂိုဏ်းတူအစ်ကိုကြီး ပြောတာ မှန်ပါတယ်” လို့ အားလုံးက ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။
“ဒါပေမဲ့ ဂိုဏ်းတူအစ်ကိုကြီး... ဒီတစ်ခါတော့ တစ်ခုခု ထူးခြားနေသလိုပဲ” လို့ ကောင်လေးက စိုးရိမ်တကြီး ပြောလိုက်ပြန်သည်။
“ဘာထူးခြားလို့လဲ” လို့ ဂိုဏ်းတူအစ်ကိုကြီးက ပြုံးပြီး မေးလိုက်သည်။
“ကျွန်တော် စုံစမ်းကြည့်ရသလောက်တော့ မဟာရှနိုင်ငံထဲမှာ ကျွန်တော်တို့ခြေထောက်အောက်က "ဝမ်ရှိုးတောင်" က သမိုင်းကြောင်းအရှည်ဆုံးနဲ့ ဇာစ်မြစ်က အလွန်ကို လျှို့ဝှက်ဆန်းကြယ်ဆုံးပဲ။ မြေမျက်နှာသွင်ပြင်ကလည်း အကောင်းဆုံးပဲ။ ဒါက မင်္ဂလာရှိတဲ့ တောင်ပဲ။ ကျွန်တော်သာ ကောင်းကင်ခန်ဆိုရင် အုတ်ဂူကို ဒီမှာပဲ သေချာပေါက် ဆောက်မှာ။ ဒါကြောင့် ဒီမှာ ရှိနိုင်ခြေ အများဆုံးပဲ။ သေချာရှာရင် တွေ့နိုင်တယ်”
ဂိုဏ်းတူအစ်ကိုကြီးက “မင်းပြောတာလည်း ယုတ္တိရှိသားပဲ” လို့ ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်မလား ဂိုဏ်းတူအစ်ကိုကြီး” လို့ ကောင်လေး ပြုံးကာ ပြောလိုက်သည်။
“ဒါပေမဲ့ ဟိုဘက်ကို လှမ်းကြည့်လိုက်ဦး။ တခြားလူတွေ အားလုံးကလည်း မင်းလိုပဲ တွေးနေကြတာ”
ကောင်လေးက လက်ညှိုးညွှန်ရာကို ကြည့်လိုက်တော့ တောင်ပေါ်အနှံ့မှာ မီးဖိုတွေ အများကြီး တွေ့လိုက်ရသည်။ ပြောနေဖို့တောင် မလိုပေ၊ ဒီလူတွေအားလုံးကလည်း ရတနာရှာသူတွေဆိုတာ ရှင်းနေလေသည်။
ကောင်လေး - “...”
“ဒါကြောင့် မျက်နှာသစ်ပြီး သွားအိပ်လိုက်တော့။ အများကြီး လျှောက်မတွေးနဲ့တော့”
ညဉ့်နက်လာတဲ့အခါမှာတော့ လူအများစုဟာ သစ်ပင်ခြေရင်းတွေကို မှီပြီး အိပ်ပျော်ကုန်ကြသည်။
ကောင်လေးတစ်ယောက်ပဲ ဆက်ပြီး စောင့်ကြည့်နေလေသည်။ သူ့ရှေ့က ထင်းတွေ လောင်ကျွမ်းတဲ့အသံက ငြီးငွေ့စရာကောင်းလွန်းတာကြောင့် သူလည်း တဖြည်းဖြည်း မျက်လုံးတွေ မှေးကျလာလေသည်။
ဒါပေမဲ့ အဲဒီအချိန်မှာပဲ ကြည်လင်နေတဲ့ ကောင်းကင်ယံကနေ ကျယ်လောင်တဲ့ ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းတဲ့ ခရမ်းရောင် လျှပ်စီးတန်းကြီးတစ်ခုက ကောင်းကင်ကနေ ဆင်းသက်လာပြီး ဝမ်ရှိုးတောင်ကို ပစ်ချလိုက်လေသည်။
“ဝုန်း”
ကြီးမားတဲ့ အသံကြီးကြောင့် တောင်ပေါ်က ရတနာရှာသူတွေ အကုန်လုံး နိုးလာကြသည်။
“ဘာဖြစ်တာလဲ”
“ဘာလို့ ဒီလောက် အသံကျယ်တာလဲ”
“ငါ အိပ်မက်ကောင်းနေတုန်း ရှိသေးတယ်၊ လန့်နိုးသွားတာပဲ”
အဲဒီနောက်မှာတော့ ကောင်းကင်ကနေ နောက်ထပ် ကြောက်စရာကောင်းတဲ့ လျှပ်စီးနှစ်ကြောင်း ထပ်ကျလာပြီး ဝမ်ရှိုးတောင်ရဲ့ တစ်နေရာတည်းကိုပဲ ထိမှန်သွားခဲ့ပြန်သည်။
“အဲဒီနေရာကို ဘာလို့ လျှပ်စီးတွေ ပစ်နေတာလဲ။ အဲဒီမှာ တစ်ခုခု ထူးခြားတာများ ရှိနေလို့လား”
“သွားကြည့်ကြစို့... ရတနာ ရှိနိုင်တယ်”
“စကားမများနဲ့တော့... သွားမယ်”
လူတွေအားလုံးက စူးစမ်းလိုစိတ်နဲ့ လျှပ်စီးကျရာဘက်ကို အပြေးအလွှား သွားခဲ့ကြသည်။
ဟိုရောက်တဲ့အခါမှာတော့ လျှပ်စီးသုံးကြိမ် ပစ်ချလိုက်တဲ့နေရာဟာ တောင်ကုန်းငယ်လေးတစ်ခု ဖြစ်ပြီး အခုတော့ ကြီးမားတဲ့ ကျောက်ဂူပေါက်ကြီး တစ်ခု ဖြစ်နေတာကို တွေ့လိုက်ရလေသည်။
ဂူပေါက်ရဲ့ အဝင်ဝကတော့ မှောင်မည်းနေပြီး လူတစ်ယောက်ကို ဝါးမြိုတော့မယ့် ပါးစပ်ကြီးတစ်ခုလိုပဲ အဆုံးမရှိတဲ့ တစ်နေရာဆီကို ဦးတည်နေသလို ခံစားနေရစေသည်။
“ဒီထဲမှာ ဘာရှိတာလဲ။ အုတ်ဂူရဲ့ အဝင်ဝများလား”
“ဝင်ကြည့်ကြစို့”
သူတို့ဟာ လူတချို့ကို အပြင်မှာ စောင့်ခိုင်းထားခဲ့ပြီး ကျန်တဲ့သူတွေကတော့ ဂူထဲကို အလုအယက် တိုးဝင်သွားခဲ့ကြသည်။