အခန်း (၃၆၈)
Vol. 34 Ch. 368
အပိုင်း (၃၆၈)
သူတို့ဟာ လက်ထဲမှာ မီးတုတ်ကိုယ်စီကိုင်ရင်း တခြားအဖွဲ့တွေနဲ့ အကွာအဝေးတစ်ခုခြားကာ သတိကြီးစွာနဲ့ ရှေ့ကို ဆက်တိုးလာခဲ့ကြသည်။ ထိုအခါမှသာ ဒီဂူကြီးက တော်တော်လေး ထူးခြားနေတာကို သူတို့ သတိပြုမိလိုက်ကြသည်။
ဒီဂူကြီးဟာ တစ်တောင်လုံးက ကျောက်သားတွေကို ထွင်းထုထားသလိုမျိုး တစ်ဆက်တည်း ဖြစ်နေလေသည်။ နောက်ထပ် ထူးဆန်းတာတစ်ခုကတော့ ဂူက အတော်လေးကို နက်ရှိုင်းနေတာပဲဖြစ်သည်။ သူတို့ဟာ ရှေ့ကို အတောင် (၄၀-၅၀) လောက်အထိ လျှောက်လာခဲ့ပြီးပြီဖြစ်သော်လည်း ဂူအဆုံးကို မမြင်ရသေးပေ။ မီးတုတ်တွေရဲ့ အလင်းရောင်အောက်မှာ မြင်နေရတဲ့ ရှေ့ဆက်ရမယ့် လမ်းကြောင်းကတော့ မှောင်မှောင်မည်းမည်းနဲ့ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေဆဲပင် ဖြစ်လေသည်။
“ဒါက တကယ်ပဲ ကောင်းကင်ခန်ရဲ့ အုတ်ဂူ ဖြစ်နေနိုင်မလား”
စောစောက အသက် ၁၆ နှစ်အရွယ် ကောင်လေးကပဲ စိတ်လှုပ်ရှားမှုနဲ့ ကြောက်ရွံ့မှုတို့ ရောပြွမ်းနေတဲ့ အသံနဲ့ မေးလိုက်ပြန်သည်။ သူ့အသံက တိတ်ဆိတ်နေတဲ့ ဂူအတွင်းမှာ ဟိန်းထွက်သွားခဲ့သည်။
“ပြောဖို့တော့ ခက်တယ်၊ ဒါပေမဲ့ ဒီနေရာကတော့ သေချာပေါက် လူလုပ်ထားတာပဲ။ ဟောဒီမှာ ကြည့်ဦး၊ လမ်းက ဖြောင့်စင်းနေတာပဲ။ သဘာဝအတိုင်း ဖြစ်လာတာတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး” ဟု ဂိုဏ်းတူအစ်ကိုကြီးက မှတ်ချက်ပေးလိုက်သည်။
“ဒါက တကယ့်ကို ကြီးမားတဲ့ လုပ်ငန်းစဉ်ကြီးပဲ။ သိုင်းသမားတွေကို သုံးပြီး ထွင်းထုခိုင်းရင်တောင် ဒီလိုလမ်းမျိုးရဖို့ နှစ်နဲ့ချီ ကြာဦးမှာ။”
“ဒီထဲမှာ တကယ့်ကို အဖိုးတန်ရတနာတွေ ရှိနေတာများလား”
“ဒါမှမဟုတ် ကောင်းကင်ခန်ရဲ့ အုတ်ဂူပဲ ဖြစ်နေမလား…”
ကျန်တဲ့သူတွေကတော့ ဘာမှပြန်မပြောဘဲ တိတ်တဆိတ်နဲ့ ရှေ့ကိုသာ ဆက်လျှောက်လာခဲ့ကြသည်။ ထိုမှတစ်ဆင့် အောက်ဘက်ကို အတောင်တစ်ရာကျော်လောက် ထပ်ဆင်းလာခဲ့ကြသော်လည်း အဆုံးသတ်ကို မတွေ့ရသေးပေ။ သူတို့ ဝင်လာခဲ့တဲ့ အပေါက်ဝကိုလည်း နောက်ပြန်လှည့်ကြည့်လို့ မရတော့လောက်အောင် ဝေးကွာသွားခဲ့ပြီဖြစ်သည်။
သူတို့ဟာ ဂူထဲကို ပိုနက်နက်ဝင်လာလေလေ၊ ဒီဂူကြီးထဲမှာ တစ်ခုခုတော့ အကြီးအကျယ် ဖုံးကွယ်ထားတယ်ဆိုတာကို ပိုပြီး ခံစားလာရလေလေပင် ဖြစ်သည်။ ဒါက တစ်စုံတစ်ယောက်ရဲ့ အုတ်ဂူဖြစ်နိုင်သလို ရတနာသိုက်လည်း ဖြစ်နေနိုင်သည်။ သို့မဟုတ်လျှင် ဘယ်သူက ဒီလောက်အပင်ပန်းခံပြီး ဒီလိုဂူကြီးကို ဖန်တီးထားပါ့မည်နည်း။
စိတ်လှုပ်ရှားမှုနှင့် ကြောက်ရွံ့မှုတို့ကြားတွင် သူတို့ ဆက်လျှောက်လာခဲ့ရာ နောက်ထပ် အတောင် တစ်ရာလောက် အကွာတွင်တော့ အမှောင်ဖုံးနေတဲ့ ဂူအဝင်ပေါက် နှစ်ခုကို တွေ့လိုက်ရပြီး ခြေလှမ်းတွေ ရပ်တန့်သွားခဲ့ကြသည်။
“ဂူပေါက်တစ်ခုကို ရွေးရတော့မယ်ထင်တယ်”
သံဓားဂိုဏ်းရဲ့ ဂိုဏ်းတူအစ်ကိုကြီးက ခဏလောက် စဉ်းစားပြီးမှ ပြောလိုက်သည်။ “ဒီဂူပေါက်နှစ်ခုထဲက တစ်ခုက ရတနာဆီကို ဦးတည်နိုင်သလို နောက်တစ်ခုကတော့ ထောင်ချောက် ဖြစ်နေနိုင်တယ်။ နှစ်ခုလုံးက ထောင်ချောက် ဖြစ်နေနိုင်ခြေလည်း ရှိတာပဲ။ ဒါကြောင့် မဝင်ခင် သေချာ စဉ်းစားကြတာပေါ့”
“ဂိုဏ်းတူအစ်ကိုကြီး ပြောတာ မှန်တယ်”
ဂိုဏ်းတူညီအစ်ကို မောင်နှမတွေအားလုံးက ရပ်တန့်လိုက်ကြသည်။
တခြားအဖွဲ့တွေကလည်း သူတို့လိုပဲ ခံစားနေရသည်။ သူတို့အားလုံးဟာ ဂူပေါက်နှစ်ခုကို သေချာအကဲခတ်ပြီး ပိုစိတ်ချရတဲ့ လမ်းကို ရွေးဖို့ ကြိုးစားနေကြသည်။ ဒါပေမဲ့လည်း ဘာကိုမှ ခွဲခွဲခြားခြား ရှာမတွေ့ခဲ့ကြပေ။
အမွှေးတိုင်တစ်ဝက်စာလောက် လောင်ကျွမ်းချိန် ကြာတဲ့ အခါမှာတော့ တစ်ယောက်က စိတ်မရှည်တော့ဘဲ အော်ပြောလိုက်သည်။ “ထားလိုက်တော့ကွာ။ ငါက ရတနာရှာဖို့ လာခဲ့တာ။ အခွင့်အရေးက ရှေ့တည့်တည့်မှာ ရှိနေတာကိုမှ မယူရင် ဒီခရီးက အလကား ဖြစ်သွားမှာပေါ့။ ငါတော့ ဒီလမ်းကို ရွေးပြီ၊ ခင်ဗျားတို့ ဒီမှာပဲ စောင့်နေကြ။ ငါတော့ သူဌေးဖြစ်ဖို့ သွားပြီ ဟားဟား…”
သူသည် ဘယ်ဘက်ဂူပေါက်ကို ရွေးပြီး မီးတုတ်ကိုင်ကာ ဝင်သွားလေသည်။ လူအုပ်ကြီးလည်း လှုပ်လှုပ်ရွရွ ဖြစ်သွားပြီး ရတနာတွေကို လက်လွှတ်လိုက်ရမှာ ကြောက်တာကြောင့် လူတချို့လည်း သူ့နောက်ကို လိုက်သွားကြသည်။ ခဏနေတော့ ကျန်တဲ့လူတွေလည်း တခြားဂူပေါက်ထဲကို ဝင်သွားကြပြန်သည်။ တစ်ဖြည်းဖြည်းနဲ့ လူအားလုံးဟာ ကံစမ်းဖို့အတွက် မှောင်မည်းနေတဲ့ ဂူတွေထဲကို တိုးဝင်သွားကြလေတော့သည်။
“ဂိုဏ်းတူအစ်ကိုကြီး။ အခုမှ မလှုပ်ရှားရင် ရတနာတွေကို တခြားလူတွေ ယူသွားကုန်လိမ့်မယ်။” သံဓားဂိုဏ်းဝင်တွေက သူ့ကို စိုးရိမ်တကြီး ကြည့်လိုက်ကြသည်။
ဂိုဏ်းတူအစ်ကိုကြီးလည်း သက်ပြင်းတစ်ချက်ချလိုက်ပြီး “သွားကြစို့” လို့ ဆိုကာ ညာဘက်ဂူပေါက်ကို ရွေးပြီး တစ်ယောက်ပြီးတစ်ယောက် ဝင်သွားခဲ့ကြသည်။
နောက်ထပ် အတောင်တစ်ရာလောက် ရှေ့ကို ဆက်လျှောက်ခဲ့ကြပေမယ့် ဘာမှ ရှာမတွေ့သေးပေ။ သူတို့အရင် ဝင်သွားတဲ့သူတွေကိုတောင် အရိပ်အယောင်မျှ မတွေ့ရတော့ဘဲ ဂူထဲမှာ မှောင်မည်းနေကာ တိတ်ဆိတ်လို့ နေဆဲပင် ဖြစ်သည်။ အဲဒီအချိန်မှာပဲ ရှေ့မှာ နောက်ထပ် ဂူပေါက်နှစ်ခုကို ထပ်တွေ့လိုက်ရပြန်သည်။ အရင်ဂူပေါက်တွေနဲ့ ဘာမှမခြားဘဲ ထပ်တူကျနေပြန်သည်။
“အခြေအနေက စောစောကလိုပဲ ထပ်ဖြစ်နေပြန်ပြီ” ဟု ဂိုဏ်းတူအစ်ကိုကြီးက ပြောလိုက်သည်။
“ဂိုဏ်းတူအစ်ကိုကြီးပဲ ရွေးပေးပါဦး” အားလုံးက သဘောတူလိုက်ကြသည်။
ဂိုဏ်းတူအစ်ကိုကြီးက ဂူပေါက်နှစ်ခုကို သေချာစစ်ဆေးဖို့ ငုံ့ကြည့်လိုက်သော်လည်း ဘာမှ ထူးခြားတာ မတွေ့တာကြောင့် စိတ်ပျက်သွားကာ “ညာဘက်ကိုပဲ ဆက်ရွေးရအောင်။ ငါ့နောက်က လိုက်ခဲ့ကြ၊ လမ်းမှာလည်း သတိထားဦး”
“ဟုတ်ကဲ့ပါ ဂိုဏ်းတူအစ်ကိုကြီး”
သူတို့ဟာ ဂူလမ်းကြောင်းအတိုင်း လီတစ်ရာလောက် (ခရီးအတော်ဝေးဝေး) ဆက်လျှောက်လာခဲ့ရာ နောက်ထပ် ဂူပေါက်နှစ်ခုကို ထပ်တွေ့လိုက်ရပြန်သည်။ ဒီအချိန်မှာတော့ သူတို့ဟာ ညာဘက်လမ်းကိုပဲ ဆက်တိုက်ရွေးပြီး ရှေ့ကို ဆက်တိုးလာခဲ့ကြသည်။
နောက်ထပ် အတောင်တစ်ရာကျော် သွားလိုက်၊ ဂူပေါက်နှစ်ခု ထပ်တွေ့လိုက်နဲ့ ဒီသံသရာက အဆုံးမရှိသလို ထပ်တလဲလဲ ဖြစ်နေလေတော့သည်။ တစ်နာရီလောက် ကြာတဲ့အခါမှာတော့ သူတို့ဟာ ဂူပေါက်ပေါင်း လေးဆယ်၊ ငါးဆယ်လောက်ကို ဖြတ်ကျော်လာခဲ့ပြီ ဖြစ်သော်လည်း သူတို့ရှာနေတာကို ရှာမတွေ့သေးပေ။
ဂိုဏ်းတူအစ်ကိုကြီးက လူအားလုံးကို ရပ်တန့်ခိုင်းလိုက်ပြီး မျက်နှာပျက်စွာနဲ့ ပြောလိုက်သည်။ “တစ်ခုခုတော့ မဟုတ်တော့ဘူး”
“ဂိုဏ်းတူအစ်ကိုကြီး… ဘာဖြစ်လို့လဲ” အားလုံးက သူ့ကို ဝိုင်းကြည့်လိုက်ကြသည်။
“ငါတို့ အောက်ဘက်ကို အတောင် လေးငါးထောင်လောက် ဆင်းလာခဲ့ပြီးပြီ။ ဒါက ခရီးအကွာအဝေးအရဆိုရင် လီ ၃၀ ကျော်နေပြီ။ ဒါတောင် ဂူအဆုံးကို ရှာမတွေ့သေးတာက တော်တော်လေး ထူးဆန်းနေတယ်”
“ဂိုဏ်းတူအစ်ကိုကြီး… ကျွန်တော်တို့ ဘာလုပ်ကြမလဲ” အားလုံးကလည်း စိုးရိမ်တကြီး ဖြစ်လာကြသည်။
“ဒီနေရာက အရမ်းထူးဆန်းလွန်းတယ်။ ဒီနေရာက ငါတို့ရဲ့ လက်ရှိခွန်အားနဲ့ ဝင်ပတ်သတ်ဖို့ မသင့်တော်ဘူးထင်တယ်။ လာခဲ့တဲ့လမ်းအတိုင်းပဲ ပြန်လှည့်ပြီး ဂိုဏ်းက လူကြီးတွေကို ဒီကိစ္စ သွားသတင်းပို့ကြတာပေါ့” ဟု ဂိုဏ်းတူအစ်ကိုကြီးက ဆုံးဖြတ်လိုက်သည်။
“ကောင်းပါပြီ၊ ပြန်ကြရအောင်” ဂိုဏ်းတူညီလေးက ချက်ချင်း သဘောတူလိုက်သည်။
တကယ်တော့ ဒီလောက်ကြာအောင် လျှောက်လာခဲ့ပြီးတဲ့ နောက်မှာတော့ သူတို့လည်း ဒီနေရာဟာ ကြောက်စရာကောင်းနေပြီလို့ ခံစားနေရပြီး ဆက်နေရင် ဘေးဒုက္ခကြုံရနိုင်တယ်လို့ တွေးမိနေကြခြင်းဖြစ်သည်။ အခုအချိန်မှာ ထွက်သွားတာ အကောင်းဆုံးပင် ဖြစ်လေ၏။
သို့သော်လည်း သူတို့ နောက်ပြန်ပြီး အတောင်တစ်ရာလောက် လျှောက်လာခဲ့ပြီးတဲ့နောက်မှာတော့ အားလုံး ဆွံ့အသွားခဲ့ကြသည်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရှေ့မှာ မှောင်မည်းနေတဲ့ ဂူအပေါက်ဝ နှစ်ခုကို တွေ့လိုက်ရလို့ပင် ဖြစ်သည်။ အပေါက်နှစ်ခုလုံးက ထပ်တူနီးပါး တူနေတာကြောင့် ဘယ်လမ်းကနေ ပြန်ရမှန်း မဝေခွဲနိုင် ဖြစ်သွားခဲ့ကြသည်။
“ဂိုဏ်းတူအစ်ကိုကြီး…”
“အားလုံး မထိတ်လန့်ကြနဲ့ဦး” ဂိုဏ်းတူအစ်ကိုကြီးက လက်မြှောက်ပြီး တားလိုက်သည်။ “ငါတို့ ဝင်လာတုန်းက အမြဲတမ်း ညာဘက်အပေါက်ကိုပဲ ယူခဲ့တာလေ၊ ဒါကြောင့် အခု ပြန်ထွက်ရင် ဘယ်ဘက်အပေါက်ကိုပဲ ရွေးပြီး ပြန်သွားရင် ရမယ်ထင်တယ်”
“ဂိုဏ်းတူအစ်ကိုကြီး ပြောတာ ဟုတ်တယ်”
ဒါကြောင့် သူတို့ဟာ ဘယ်ဘက်အပေါက်ကို ရွေးပြီး ရှေ့ကို ဆက်သွားခဲ့ကြသည်။ သို့သော်လည်း တစ်နာရီလောက် ထပ်လျှောက်ပြီး အတောင် သုံးလေးထောင်လောက်အထိ ရောက်လာခဲ့ပေမယ့် ထွက်ပေါက်ကိုတော့ ရှာမတွေ့သေးပေ။ နောက်ထပ် တစ်နာရီလောက် ထပ်လျှောက်ကြည့်သော်လည်း ထွက်ပေါက်က လုံးဝကို ပေါ်မလာခဲ့ပေ။
အခြေအနေက အရမ်းကို ထူးဆန်းလွန်းနေသည်။ သူတို့ လာခဲ့တဲ့ လမ်းအတိုင်း ပြန်လျှောက်နေတာတောင် ပြန်ထွက်လို့ မရဖြစ်နေခဲ့သည်။ အခုတော့ သူတို့အားလုံး အကြီးအကျယ် ထိတ်လန့်သွားကြပြီ ဖြစ်သည်။
“ဂိုဏ်းတူအစ်ကိုကြီး... ကျွန်တော်တို့ ဘာလုပ်ကြမလဲ”
“ပြန်ထွက်လို့က ရနိုင်ပါဦးမလား”
“ငါတို့ ဒီမှာပဲ သေရတော့မှာလား”
ကျောပြင်မှာ ချွေးတွေ စိုရွဲနေတဲ့ ဂိုဏ်းတူအစ်ကိုကြီးကတော့ နာကျင်စွာနဲ့ ပြုံးလိုက်ပြီး “ငါ့ကို မမေးကြပါနဲ့တော့၊ ငါလည်း ဘာလုပ်ရမှန်း မသိတော့ဘူး။” ဟု ပြောလိုက်လေသည်။
အဲဒီအချိန်မှာ သူတို့တင်မကဘဲ ဂူထဲကို ဝင်လာခဲ့တဲ့ တခြားလူတွေလည်း ထွက်ပေါက်ရှာမတွေ့တော့ဘဲ မြေအောက်ထဲမှာပဲ ပိတ်မိနေကြပြီ ဖြစ်သည်။ သူတို့လက်ထဲက မီးတုတ်တွေ ငြိမ်းသွားတဲ့အခါမှာတော့ အမှောင်ထုနဲ့အတူ ကြောက်စိတ်တွေက လွှမ်းမိုးသွားလေတော့သည်။
အဲ့ဒီအချိန်မှာတော့ အပြင်ဘက်မှာ မိုးလင်းနေပြီဖြစ်သည်။ အပြင်မှာ စောင့်နေတဲ့သူတွေကတော့ တစ်ညလုံး စိုးရိမ်တကြီး စောင့်နေခဲ့ကြပေမယ့် ဂူထဲကနေ ဘယ်သူမှ ပြန်ထွက် မလာခဲ့ကြပေ။ တစ်ခုခုတော့ မှားနေပြီဆိုတာ သိလိုက်တာနဲ့ သူတို့လည်း ဒီကိစ္စကို ချက်ချင်း သတင်းပို့လိုက်ကြသည်။ လူတွေ အများကြီး သိသွားတဲ့အခါမှာတော့ ဒါက လျှို့ဝှက်ချက် မဟုတ်တော့ပေ။
ဒါကြောင့် ဒီသတင်းက တစ်ပြည်လုံးကို အလျင်အမြန် ပျံ့နှံ့သွားခဲ့ပြီး သိုင်းလောကတစ်ခုလုံးကို ဟိုးလေးကျော်သွားစေခဲ့တော့သည်။
“မင်း သတင်းကြားပြီးပြီလား။ မဟာရှနိုင်ငံရဲ့ ဝမ်ရှိုးတောင်မှာ ကောင်းကင်ခန်ရဲ့ အုတ်ဂူကို တစ်ယောက်ယောက် ရှာတွေ့သွားပြီတဲ့”
“ဒါက မှန်ကောမှန်ရဲ့လား၊ ယုံဖို့ ခက်နေတယ်”
“ဖြစ်နိုင်ခြေ အများကြီးရှိတယ်လေ။ အဲဒီညက ဝမ်ရှိုးတောင်ကို ကောင်းကင်ကနေ လျှပ်စီးသုံးကြိမ် ပစ်ချလိုက်တာတဲ့။ လူတွေ သွားကြည့်တဲ့အခါမှာတော့ လူလုပ်ထားတဲ့ အဆုံးမရှိတဲ့ မှောင်မည်းနေတဲ့ ဂူကြီးကို တွေ့လိုက်ရတာပဲ။ စဉ်းစားကြည့်လေ၊ အထဲမှာ အဖိုးတန်တာ မရှိဘဲနဲ့ ဘယ်သူက ဒီလောက်အပင်ပန်းခံပြီး ဂူဆောက်ထားပါ့မလဲ”
“မင်းပြောတာလည်း ယုတ္တိရှိသားပဲ…”
“ကောင်းကင်ခန်ရဲ့ အုတ်ဂူမဟုတ်ရင်တောင် တစ်စုံတစ်ယောက်ရဲ့ ရတနာသိုက်တော့ သေချာပေါက် ဖြစ်မှာပဲ”
“ဖြစ်နိုင်တယ်...၊ သွားကြည့်ကြရအောင်”
“တကယ်လို့သာ အဖိုးတန်တစ်ခုခု ရှာတွေ့ရင် ငါတို့တော့ သူဌေးဖြစ်ပြီပဲ”
ရတနာရှာလိုသူတွေဟာ ဝမ်ရှိုးတောင်ကို မျက်စိကျလာခဲ့ကြသည်။ အင်အားစု အသီးသီးကလည်း စုံစမ်းဖို့အတွက် လူတွေကို အသီးသီး လွှတ်လိုက်ကြလေသည်။