← Chapters

အခန်း (၃၇၀)

Vol. 34 Ch. 370

အခန်း (၃၇၀)

Vol. 34 Ch. 370

အပိုင်း (၃၇၀)

​လူတိုင်း လှမ်းကြည့်လိုက်ကြရာတွင် ဝတ်ရုံနက် ဝတ်ဆင်ထားသည့် အဖိုးအိုတစ်ဦးကို တွေ့လိုက်ရသည်။ သူ၏ အသားအရည်မှာ ညိုမည်းနေသော်လည်း ဆံပင်နှင့် မုတ်ဆိတ်များမှာတော့ ဖြူဖွေးနေလေ၏။ ပါးချိုင့်များမှာ ချိုင့်ဝင်နေပြီး မျက်လုံးများမှာ မှေးစင်းနေကာ ကြည့်ရုံနှင့်ပင် အေးစက်စက်နိုင်လှသဖြင့် အမှန်တကယ်ပင် အန္တရာယ်ရှိပုံ ရနေလေသည်။

​ နောက်ထပ် အာမေဍိတ်သံတစ်ခု ထွက်ပေါ်လာပြန်သည်။ "ဒါက မဟာဒုန်အင်ပါယာက ကောင်းကင်အဆင့် သိုင်းပညာရှင် လင်ရှန်ပဲ"

​ အချို့က ဇဝေဇဝါဖြစ်နေသည်ကို မြင်သောအခါ ထိုသူက ချက်ချင်းပင် ရှင်းပြလိုက်သည်။ "လင်ရှန်ဆိုတာ မဟာဒုန်အင်ပါယာရဲ့ အထွတ်အမြတ်ထားရတဲ့ ပုဂ္ဂိုလ်ပဲ၊ အခုဆိုရင် အသက် ၁၂၀ ကျော်ပြီ။ ကောင်းကင်အဆင့်ကို ရောက်ရှိခဲ့တာလည်း နှစ်ပေါင်း ၄၀ ကျော်ပြီဖြစ်လို့ သူဟာ ကောင်းကင်အဆင့် သိုင်းပညာရှင်တွေထဲမှာတောင် ခွန်အားအကောင်းဆုံး စာရင်းဝင် တစ်ယောက်ပဲ"

​ "တတိယမြောက် ကောင်းကင်အဆင့် သိုင်းပညာရှင် ရောက်လာပြန်ပြီ" လူတိုင်းမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် အပေါ်သို့ မော့ကြည့်လိုက်ကြသည်။ ပုံမှန်ဆိုလျှင် ကောင်းကင်အဆင့် သိုင်းပညာရှင် တစ်ယောက်ကို မြင်တွေ့ဖို့ပင် ခဲယဉ်းလှသော်လည်း ယနေ့တွင်မူ ကံကောင်းသည် (သို့မဟုတ်) ကံဆိုးသည်ဟုပင် ဆိုရမည်လားတော့မသိ၊ သုံးယောက်တောင် မြင်တွေ့နေရပြီ ဖြစ်သည်။

​ ၎င်းသည် ကံကောင်းခြင်း ဖြစ်သလို ကံဆိုးခြင်းလည်း ဖြစ်နိုင်သည်။ အကယ်၍ ဤကောင်းကင်အဆင့် သိုင်းပညာရှင် သုံးဦးသာ တိုက်ခိုက်ကြမည်ဆိုလျှင် အောက်က မဖြစ်စလောက် သိုင်းသမားလေးများမှာလည်း မြေစာပင် ဖြစ်သွားကြပေလိမ့်မည်။

​ ထိုအချိန်တွင် ယင်ကျိုးဟွမ်နှင့် လင်ရှန်တို့ ကောင်းကင်အဆင့် နှစ်ယောက်မှာ ဓားအဖိုးအိုကို ရှေ့နောက် အနေအထားဖြင့် ဝန်းရံကာ အလျှော့ပေးလာစေရန် ဖိအားပေးနေကြသည်။ ဓားအဖိုးအို၏ မျက်နှာမှာ အလွန်ပင် လေးနက်တည်ကြည်နေ၏။ နတ်ဘုရားဓားကို လက်ဝယ်ပိုင်ဆိုင်ထားသဖြင့် ကောင်းကင်အဆင့် တစ်ယောက်ကို ရင်ဆိုင်ရန်မှာ သူ့အတွက် ခက်ခဲလှသည် မဟုတ်သော်လည်း နှစ်ယောက်ကိုမူ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရုံသာ တတ်နိုင်ပေလိမ့်မည်။

​ သို့သော်လည်း သူသည် ကြောက်ရွံ့ခြင်း မရှိပေ။

​ “ဒါက မဟာရှနိုင်ငံပဲ၊ ဘယ်သူမှ ဒီနေရာမှာ လာပြီး ရမ်းကားလို့မရဘူး” ဓားအဖိုးအိုက ဓားဖြင့် ထိုနှစ်ယောက်ကို ချိန်ရွယ်ကာ ခိုင်မာပြတ်သားသောလေသံဖြင့် ကြုံးဝါးလိုက်သည်။

​ ထိုအချိန်မှာပင် ဝေးကွာသော တစ်နေရာမှ ရယ်မောသံတစ်ခု ပဲ့တင်ထပ်လာခဲ့သည်။

​ “မှန်တာပေါ့၊ ဘယ်သူပဲလာလာ မဟာရှနိုင်ငံမှာတော့ လာပြီး ရမ်းကားလို့ မရစေရဘူး”

​ စကားသံဆုံးသည်နှင့် တောင်ပေါ်ရွာမှ လယ်သမားအဖိုးအိုတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသည့် လူတစ်ယောက်မှာ ရိုးရှင်းသော်လည်း အရှိန်အဝါရှိသော ဓားတစ်စင်ကို ကိုင်ဆောင်ကာ လူအုပ်ရှေ့သို့ ရောက်ရှိလာသည်။ ထိုဓားမှာ ရိုးရှင်းလှသော်လည်း အလွန်ပင် ထက်မြက်ပုံရပြီး ကြည့်လိုက်မိသူတိုင်း၏ ရင်ထဲကို စိမ့်ခနဲ အေးသွားစေသည်။

​ “ဒါက မဟာရှနိုင်ငံရဲ့ ဒုတိယမြောက် ကောင်းကင်အဆင့် သိုင်းပညာရှင် ဟန်တာ့ရှန်ပဲ၊ သူက ဓားမော့အတတ်မှာ အကျွမ်းကျင်ဆုံးဖြစ်လို့ သိုင်းလောကမှာတော့ သူ့ကို ‘ပြိုက်ဘက်ကင်း ဓားမော့နတ်ဘုရား’ လို့ ခေါ်ကြတယ်” သတင်းအချက်အလက် နှံ့စပ်သူတစ်ဦးက သူ့ကို မှတ်မိသွားပြီး အလန့်တကြား ပြောပြလိုက်သည်။

​ “စတုတ္ထမြောက် ကောင်းကင်အဆင့်တစ်ယောက်တော့ ရောက်လာပြန်ပြီ” လူတိုင်း မှင်သက်သွားကြလေသည်။ ၎င်းတို့မှာ မတွေးဘဲနှင့် မနေနိုင်တော့ချေ...။ ဤနေရာသည် တကယ်ပဲ ကောင်းကင်ခန်၏ အုတ်ဂူ ဖြစ်နေလို့များလား။ မဟုတ်လျှင် ဘာကြောင့် ကောင်းကင်အဆင့် သိုင်းပညာရှင် လေးယောက်တောင် ရောက်လာရတာလဲ။

​ “မိတ်ဆွေ... ဘာကိစ္စနဲ့ ဒီကို ရောက်လာတာလဲ” ဓားအဖိုးအိုက ပြုံးလျက် နှုတ်ဆက်လိုက်သည်။

​ “မြို့တော်မှာရှိတဲ့ ငါ့သမီးဆီ သွားမလို့ပဲ၊ ဒါပေမဲ့ ဒီသတင်းကို ကြားတာနဲ့ လမ်းကြုံ ဝင်ကြည့်လိုက်တာ၊ အရင်ဆုံး ရန်သူတွေကို အတူတူ တွန်းလှန်ကြတာပေါ့၊ ကျန်တာတော့ ပြီးမှ ဆွေးနွေးမယ်” ဟု ဟန်တာ့ရှန်က ဆိုလိုက်သည်။

​ “သဘောတူတယ်” ဓားအဖိုးအို ခေါင်းညိတ်လိုက်သည်။

​ ယခုအခါ အခြေအနေမှာ နှစ်ယောက်ချင်းစီ တူညီသွားပြီ ဖြစ်ရာ အလှည့်အပြောင်း ဖြစ်သွားခဲ့လေပြီ။ ယင်ကျိုးဟွမ်နှင့် လင်ရှန်တို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာများမှာ လေးနက်သွားကြသည်။ မူလက သူတို့နှစ်ယောက်ပေါင်းကာ နတ်ဘုရားဓားကို ကိုင်ထားသည့် ဓားအဖိုးအိုကို အနိုင်ကျင့်ရန် ကြံစည်ခဲ့သော်လည်း ဟန်တာ့ရှန် ရောက်လာသဖြင့် သူတို့၏ မျှော်လင့်ချက်များ ပျက်စီးသွားရသည်။ အကယ်၍ တကယ်သာ တိုက်ခိုက်ကြမည် ဆိုပါက သူတို့ဘက်က အသာစီးရရန် ခက်ခဲပေလိမ့်မည် ဖြစ်သည်။

​ ထို့ကြောင့် ယင်ကျိုးဟွမ်က အလျှော့ပေးသည့်အနေဖြင့် “မိတ်ဆွေတို့... ငါတို့အားလုံးက ခေတ်ပြိုင် သိုင်းပညာရှင်တွေဖြစ်သလို သိုင်းလမ်းစဉ်ကို အတူတူ လျှောက်လှမ်းနေကြသူတွေပဲ။ တစ်ဦးနဲ့တစ်ဦး တိုက်ခိုက်သတ်ဖြတ်နေကြမယ်ဆိုရင် ရင်းနှီးမှုတွေ ပျက်စီးကုန်လိမ့်မယ်၊ ဒါက အမြော်အမြင်မရှိရာလည်း ရောက်တယ်”

​ “ငါတို့အားလုံးက ဝမ်ရှိုးတောင်ထဲမှာ ရှိနိုင်တဲ့ ရတနာတွေအတွက် လာကြတာပဲလေ”

​ လင်ရှန်ကလည်း ထပ်လောင်း အကြံပြုလိုက်သည်။ “ဒါပေမဲ့ အခုထိတော့ အထဲမှာ ဘာရှိလဲဆိုတာ ဘယ်သူမှ မသိသေးဘူး။ အကယ်၍ ဒါက ကောင်းကင်ခန်ရဲ့ အုတ်ဂူ မဟုတ်ဘဲ ဘာမှမရှိတဲ့ နေရာဆိုရင်ကော... ငါတို့ အချင်းချင်း အသေအကြေ တိုက်ခိုက်နေကြတာက ရယ်စရာကြီး ဖြစ်မနေဘူးလား”

​ “အထဲမှာ ဘာပဲရှိရှိ... အဲဒါက မဟာရှနိုင်ငံနဲ့ပဲ ဆိုင်တယ်” ဟု ဟန်တာ့ရှန်က ခိုင်မာစွာ ကြေညာလိုက်သည်။

​ “မိတ်ဆွေ ဟန်... မင်းက အဲဒီလို ပြောနိုင်ပေမဲ့...”

​ ယင်ကျိုးဟွမ်က အဓိပ္ပာယ်ပါပါဖြင့် ဆိုလိုက်သည်။ “ဒါပေမဲ့ ဒါက တကယ်ပဲ ကောင်းကင်ခန်ရဲ့ အုတ်ဂူ ဖြစ်နေမယ်ဆိုရင် ခင်ဗျားတို့ နှစ်ယောက်တည်းနဲ့ ဒါကို ကာကွယ်နိုင်မှာလား။ အခု ကာကွယ်နိုင်ခဲ့ရင်တောင် တစ်သက်လုံး ကာကွယ်နိုင်ပါ့မလား”

​ ဟန်တာ့ရှန်၏ မျက်နှာမှာ ပျက်သွားခဲ့သည်။ တစ်ဖက်လူ ပြောနေသည်မှာ အရှိတရားပင် ဖြစ်သည်။ သူကိုယ်တိုင်မှာ ထိပ်တန်း ကောင်းကင်အဆင့် ဖြစ်သော်လည်း သိုင်းလောက တစ်ခုလုံးတွင် သူ့ထက် မနိမ့်ကျသည့်သူ ရာနှင့်ချီ၍ ရှိနေသည်။ ၎င်းအပြင် ကောင်းကင်အဆင့်ထက် မြင့်မားသည့် ကမ္ဘာကျော် မဟာကောင်းကင်အဆင့် သိုင်းပညာရှင် အချို့လည်း ရှိနေသေးသည်။ အကယ်၍ ဤနေရာသည် တကယ်ပဲ ကောင်းကင်ခန်၏ အုတ်ဂူသာ ဖြစ်ပါက ကောင်းကင်အဆင့်နှင့် မဟာကောင်းကင်အဆင့် သိုင်းပညာရှင်များမှာ အစုလိုက်အပြုံလိုက် ရောက်လာကြမည်ဖြစ်ရာ မဟာရှနိုင်ငံအနေဖြင့် ခုခံနိုင်စွမ်း ရှိမည်မဟုတ်ပေ။

​ “ဒါဆို ခင်ဗျားက ဘယ်လိုလုပ်စေချင်လဲ” ဟု ဟန်တာ့ရှန်က မေးလိုက်သည်။ သူ၏လေသံမှာ မာထန်နေဆဲဖြစ်သော်လည်း အနည်းငယ်တော့ လျော့ကျသွားခဲ့သည်။

​ “လမ်းဖွင့်ပေးပြီး အားလုံးကို အတူတူ ရှာဖွေခွင့် ပေးလိုက်တာပေါ့။ ရတနာတွေကို ရှာတွေ့ပြီးမှ ဘာဆက်လုပ်မလဲဆိုတာ ထပ်ပြီး ဆုံးဖြတ်ကြတာပေါ့” ဟု လင်ရှန်က အကြံပြုလိုက်သည်။

​ ဟန်တာ့ရှန်မှာ တိတ်ဆိတ်သွားပြီး ဓားအဖိုးအိုဘက်ကို လှည့်ကြည့်လိုက်သည်။ ဓားအဖိုးအိုသည် ဧကရာဇ်၏ အမိန့်ဖြင့် လာခဲ့သူဖြစ်သဖြင့် ဆုံးဖြတ်ပိုင်ခွင့်ရှိသူ ဖြစ်ပေသည်။

​ ဓားအဖိုးအိုက နောက်ဆုံးတွင် အလျှော့ပေးလိုက်ပြီး “ကောင်းပြီလေ” ဟု ဆိုလိုက်သည်။

​ ထိုမှသာ ယင်ကျိုးဟွမ်နှင့် လင်ရှန်တို့မှာ သက်ပြင်းချနိုင်သွားကြသည်။ အောက်တွင်ရှိသည့် ရတနာရှာသူများမှာလည်း ဝမ်းသာအားရ ဖြစ်သွားကြသည်။

​ “ဝမ်ရှိုးတောင်ကို အားလုံးအတူတူ ရှာဖွေဖို့ လမ်းဖွင့်ပေးမယ်ဆိုတော့ တကယ့်ကို ကောင်းတာပဲ”

“ဒီတစ်ခေါက် လာရတာ အချည်းနှီး မဟုတ်ဘူးပဲ”

“ကောင်းကင်ခန်ရဲ့ ရတနာတွေကိုသာ ကိုင်ခွင့်ရမယ်ဆိုရင် ငါ သေရရင်တောင် နောင်တမရတော့ဘူး”

​ “ဒါပေမဲ့...” ဓားအဖိုးအိုက လေသံပြောင်းလိုက်သည်။

​ “ဒါပေမဲ့ ဝမ်ရှိုးတောင်က မဟာရှနိုင်ငံရဲ့ နယ်မြေဖြစ်တဲ့အတွက် အထဲကိုဝင်မယ့်သူတိုင်းက မဟာရှနိုင်ငံကို ငွေတေး ၁၀၀ စီ ပေးဆောင်ရမယ်”

​ ရတနာရှာသူများမှာ မှင်သက်သွားကြသည်။

​ “ငွေပေးရဦးမယ် ဟုတ်လား”

“ဒါက ဗြောင်ကျကျ အနိုင်ကျင့်နေတာပဲ”

“ဘာအကြောင်းနဲ့လဲ”

​ လူတိုင်းမှာ ပြင်းပြင်းထန်ထန် ကန့်ကွက်လာကြသည်။

​ ဓားအဖိုးအိုက အေးစက်စွာ ရယ်မောလိုက်ပြီး “ဘာအကြောင်းနဲ့လဲ ဟုတ်လား... ငါ့လက်ထဲက ဓားကြောင့်ပဲပေါ့”

​ ပြောပြောဆိုဆိုပင် သူ၏ဓားကို ဝှေ့ယမ်းလိုက်ရာ လူအုပ်ကြီးရှေ့တွင် အတောင်တစ်ရာခန့် ရှည်လျားပြီး၊ အနက် ငါးတောင်ခန့်ရှိသော ချိုင့်ကြီးတစ်ခု ချက်ချင်း ဖြစ်ပေါ်သွားခဲ့သည်။

​ ထို့နောက်တွင်တော့ မည်သူမျှ ကန့်ကွက်ရဲသူ မရှိတော့ပေ။ ကောင်းကင်အဆင့် သိုင်းပညာရှင် နှစ်ဦးဖြစ်သည့် ယင်ကျိုးဟွမ်နှင့် လင်ရှန်တို့ပင် ငြိမ်ကျသွားကြသည်။ သူတို့အနေဖြင့် ငွေတေး ၁၀၀ အတွက်နှင့်တော့ ဓားအဖိုးအိုနှင့် ရန်မဖြစ်လိုကြပေ။

​ ထို့ကြောင့် လူတိုင်းမှာ လိမ်လိမ်မာမာဖြင့်ပင် တန်းစီကာ ငွေပေးဆောင်ပြီး တောင်ပေါ်သို့ တက်ခဲ့ကြသည်။ စုစုပေါင်း လူဦးရေ သုံးသိန်းခန့် ရှိရာ သိုင်းသမား တစ်ယောက်လျှင် ငွေတေး ၁၀၀ နှုန်းဖြင့် စုစုပေါင်း ငွေတေး သန်း ၃၀ ခန့်အထိ ရရှိသွားခဲ့လေသည်။

​ ယင်ကျိုးဟွမ်နှင့် လင်ရှန်တို့မှာ ထိုမြင်ကွင်းကို ကြည့်ပြီး မျက်ခုံးများပင် လှုပ်သွားကြသည်။ နာရီဝက်မပြည့်ခင်မှာပင် မဟာရှနိုင်ငံမှာ ငွေတေး သန်း ၃၀ တောင် ရှာဖွေနိုင်ခဲ့သည်။ သူတို့တွေ ငွေရှာတော်ပုံမှာ အံ့ဩစရာပင်။ ငွေတေး သန်း ၃၀ ဆိုသည်မှာ သာမန် တိုင်းပြည်တစ်ခု၏ တစ်နှစ်စာ ဝင်ငွေနှင့်ပင် ညီမျှနေပြီ ဖြစ်သည်။ ကောင်းကင်အဆင့် သိုင်းပညာရှင်များ ဖြစ်ကြသည့် သူတို့အတွက်တောင် ဤပမာဏမှာ နည်းသည့်ပမာဏ မဟုတ်ပေ။

​ ၎င်းတို့မှာ အတော်လေးကို နောင်တရသွားကြသည်။ စောစောကတည်းက ကန့်ကွက်ခဲ့ရမှာပင်၊ သူတပါး ငွေရှာနေသည်ကို ထိုင်ကြည့်နေရခြင်းမှာ ကိုယ်ပိုင်ငွေ ပျောက်သွားသည်ထက်ပင် ပို၍ ရင်နာဖို့ ကောင်းနေပေသည်။

​ လင်ရှန်က ပြုံးကာ “မင်းတို့ မဟာရှနိုင်ငံက တကယ်ပဲ ငွေရှာတော်တာပဲ” ဟု ဆိုလိုက်သည်။

​ “ဒါက မလွယ်ဘူး” ဓားအဖိုးအိုက ဂရုမစိုက်သလို ပြန်ဖြေလိုက်သည်။

“ဒါက မဟာရှနိုင်ငံရဲ့ နယ်မြေပဲလေ။ ဒီက မြေတစ်လက်မစီက အဖိုးဖြတ်လို့ မရသလို မြင့်မြတ်နေပြီးသားပဲ။ အကယ်၍ မင်းတို့တွေ အချင်းချင်း တိုက်ခိုက်ကြလို့ ပျက်စီးသွားခဲ့ရင် ဒီငွေတွေကို ဆုံးရှုံးမှုအတွက် လျော်ကြေးအဖြစ် သုံးရမှာပေါ့”

​ ကောင်းကင်အဆင့် သိုင်းပညာရှင် နှစ်ဦး၏ မျက်နှာများမှာ တွန့်လိမ်သွားကြသည်။ ၎င်းမှာ တောင်ကတုံးကြီး တစ်ခုသာ ဖြစ်သည်။ ပျက်စီးသွားလျှင်ကော ဘာတွေများ ဆုံးရှုံးသွားမှာမို့လို့လဲ။

​ ထိုအချိန်တွင် ဓားအဖိုးအိုက ရတနာရှာသူများကို လှမ်းပြောလိုက်သည်။ “သေချာနားထောင်ကြ၊ ဝမ်ရှိုးတောင်က မဟာရှနိုင်ငံရဲ့ နယ်မြေဖြစ်တယ်။ ဒီကို ရောက်လာမှတော့ မဟာရှနိုင်ငံရဲ့ စည်းမျဉ်းတွေကို လိုက်နာရမယ်။ ပြဿနာမရှာနဲ့၊ မလိုအပ်ရင် လက်နက်မထုတ်နဲ့၊ ကိုယ့်အလုပ်ကိုယ်ပဲ လုပ်ကြ၊ မဟုတ်ရင်တော့ ငါက အားနာနေမှာ မဟုတ်ဘူး”

​ ရတနာရှာသူများမှာ ကြောက်ကြောက်လန့်လန့်ဖြင့်ပင် “ကျွန်တော်တို့ မလုပ်ရဲပါဘူး...” ဟု ပြန်ဖြေလိုက်ကြသည်။

​ ဓားအဖိုးအိုက လက်ကာပြလိုက်ပြီး “ကောင်းပြီ၊ အခု တောင်ပေါ်ကို တက်လို့ရပြီ”

​ စစ်တပ်ကြီးက လမ်းဖွင့်ပေးလိုက်ရာ ရတနာရှာသူများမှာ ဝရုန်းသုန်းကား တိုးဝင်သွားကြပြီး ဂူဝဆီသို့ အပြေးအလွှား ရောက်ရှိသွားကြကာ အထဲကိုဝင်ရန် စိတ်မရှည်နိုင် ဖြစ်နေကြသည်။

​ သို့သော် ထိုအချိန်မှာပင် လူအချို့မှာ ဂူထဲမှ ယိုင်တိုင်တိုင်ဖြင့် ပြန်ထွက်လာကြသည်ကို မြင်လိုက်ရသဖြင့် ရတနာရှာသူများမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြလေတော့သည်။

All Chapters