← Chapters

အခန်း (၃၇၁)

Vol. 34 Ch. 371

အခန်း (၃၇၁)

Vol. 34 Ch. 371

အပိုင်း (၃၇၁)

​“လူတွေ... လူတွေ ထွက်လာကြပြီ”

​ “ရတနာတွေ တွေ့ခဲ့လား”

​ “ပြောစမ်းပါဦး... အထဲမှာ ကောင်းကင်ခန်ရဲ့ အုတ်ဂူရှိတာလား၊ ဒါမှမဟုတ် တခြားဟာလား”

​ ဂူထဲမှ ပြန်ထွက်လာသည့် လူတစ်စုမှာတော့ ကြောင်အမ်းသွားခဲ့ကြသည်။ ၎င်းတို့မှာ ဘေးဒုက္ခမှ လွတ်မြောက်လာပြီး ဘဝသစ် ပြန်စရတော့မည်ဟု ထင်နေခဲ့သော်လည်း ယခုတော့ လူပင်လယ်ကြီးနှင့် တိုးနေရသည်။ လူအုပ်ကြီးက ၎င်းတို့ကို စားတော့ဝါးတော့မည့်အလား စိတ်လှုပ်ရှားနေသော မျက်လုံးများဖြင့် ကြည့်နေကြ၏။

​ “မင်းတို့ ဘာလုပ်ချင်ကြတာလဲ”

​ “ငါပြောပြမယ်... ငါတို့က သံဓားဂိုဏ်းက တပည့်တွေပဲ။ ငါတို့ကို ရမ်းကားဖို့ ကြိုးစားမယ်ဆိုရင် ငါတို့ဂိုဏ်းက အကြီးအကဲတွေနဲ့ ဂိုဏ်းချုပ်က မင်းတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး”

​ “မင်းတို့အားလုံး လုံးဝ လာပြီး မရှုပ်ကြနဲ့နော်”

​ ၎င်းတို့၏ အသံများမှာ ပြောရင်းဖြင့် တဖြည်းဖြည်း တိုးဝင်သွား​ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤလူအုပ်ကြီးထဲတွင် ၎င်းတို့ဂိုဏ်းချုပ်နှင့် အကြီးအကဲများကဲ့သို့ သန်မာသည့်သူ များစွာ ပါဝင်နေသည်ကို သတိထားမိသွားသောကြောင့် ဖြစ်သည်။ ၎င်းမှာ တကယ့်ကို ထိတ်လန့်စရာပင်။

​ “မင်းတို့က သံဓားဂိုဏ်းက တပည့်တွေလား” ခိုင်မာပြတ်သားသည့် ပုံစံရှိသော လူတစ်ယောက် ရှေ့သို့ တိုးလာလေသည်။

​ ဂူထဲမှ ထွက်လာသည့် လူငယ်တစ်စုမှာ ထိုသူကို မြင်လိုက်ရသောအခါ အသက်ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ သက်ပြင်းချနိုင်သွားကြသည်။

​ “အကြီးအကဲလျူ... အကြီးအကဲလျူ ရောက်လာပြီပဲ”

​ “ဒီမှာ ဘာတွေ ဖြစ်နေတာလဲ”

​ “ဘာလို့ လူတွေ ဒီလောက်တောင် များနေရတာလဲ”

​ ၎င်းတို့သည် ကြောက်စိတ်ကို ဖြေဖျောက်ရန်အတွက် သံဓားဂိုဏ်း အကြီးအကဲ၏ နောက်ကွယ်တွင် စုရုံးလိုက်ကြသည်။ သို့သော် ထိုအကြီးအကဲကိုယ်တိုင်ပင် ရင်ထဲတွင် တုန်လှုပ်နေသည်ကို ၎င်းတို့ မသိကြချေ။ အကယ်၍ ဤလူငယ်များသည် သူ့ဂိုဏ်းမှ မဟုတ်ပါက သူသည်လည်း လူအုပ်ရှေ့သို့ ထွက်ရဲမည် မဟုတ်ပေ။

​ ထိုအချိန်တွင် ကောင်းကင်အဆင့် သိုင်းပညာရှင်များ ရောက်ရှိလာကြသည်။

​ ယင်ကျိုးဟွမ်က ပြုံးရွှင်သော မျက်နှာထားဖြင့် “သံဓားဂိုဏ်းက လူငယ်သူရဲကောင်းတွေပဲကိုး။ မင်းတို့ အထဲမှာ ရက်အတော်ကြာ ရှိနေခဲ့ပြီးမှ အခုမှ ထွက်လာတာဆိုတော့... အထဲမှာ ဘာတွေနဲ့ ကြုံခဲ့လဲ၊ ဘာတွေ တွေ့ခဲ့လဲဆိုတာ ငါတို့ကို ဝေမျှပေးလို့ ရမလား” ဟု ဆိုလိုက်သည်။

​ “အကြီးအကဲလျူ... အဲ့ဒါက ဘယ်သူလဲ”

​ “ရိုင်းရိုင်းစိုင်းစိုင်း မလုပ်နဲ့”

​ သံဓားဂိုဏ်း အကြီးအကဲက ပြတ်သားစွာ ဟန့်တားလိုက်ပြီး “ငါ မိတ်ဆက်ပေးမယ်... ဒီအကြီးအကဲက မဟာယင်အင်ပါယာက ကောင်းကင်အဆင့် သိုင်းပညာရှင် ယင်ကျိုးဟွမ်ပဲ။ ဟိုဘက်ကတော့ မဟာဒုန်အင်ပါယာက ကောင်းကင်အဆင့် သိုင်းပညာရှင် လင်ရှန်၊ နောက်ပြီးတော့...”

​ သံဓားဂိုဏ်း အကြီးအကဲက တစ်ဦးချင်းစီကို ရိုသေစွာဖြင့် မိတ်ဆက်ပေးလိုက်သည်။ တပည့်တစ်စုမှာတော့ မှင်သက်သွားကြလေသည်။ ကောင်းကင်အဆင့် သိုင်းပညာရှင် လေးဦးနှင့် စကားပြောခွင့် ရလိမ့်မည်ဟု ၎င်းတို့ တစ်ခါမှ မတွေးဖူးခဲ့ပေ။ ၎င်းသည် ဂုဏ်ယူစရာလား သို့မဟုတ် ကံဆိုးခြင်းလားဆိုတာတော့ မသိချေ။

​ “ဂူထဲမှာ တွေ့ခဲ့တာမှန်သမျှကို တစ်ခုမကျန် ပြောပြလိုက်ကြ၊ နားလည်လား” ဟု သံဓားဂိုဏ်း အကြီးအကဲက သက်ပြင်းချရင်း ဆိုလိုက်သည်။ ဤမျှ သန်မာသည့်သူများစွာ၏ ရှေ့တွင် မည်သည့် လျှို့ဝှက်ချက်ကိုမျှ ဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ။

​ “ဟုတ်... ဟုတ်ကဲ့ အကြီးအကဲ၊ ကျွန်တော်တို့ နားလည်ပါပြီ” ၎င်းတို့မှာ တုန်တုန်ရင်ရင်ဖြင့် ပြန်ဖြေကြသည်။

​ ၎င်းတို့မှာ ရေအနည်းငယ်သောက်ကာ အစားအစာအချို့ စားပြီးနောက် ဂိုဏ်းတူအစ်ကိုကြီးကို ရှေ့သို့ တွန်းထုတ်လိုက်ကြသည်။

​ ဂိုဏ်းတူအစ်ကိုကြီးဖြစ်သူက ခါးသက်သက် ပြုံးလိုက်ရင်း “အမှန်အတိုင်း ပြောရရင် ကျွန်တော်တို့ ဂူထဲမှာ ဘာမှ မတွေ့ခဲ့ရပါဘူး၊ ဒါကြောင့် ဘယ်ကနေ စရှင်းပြရမှန်းတောင် မသိတော့ပါဘူး” ဟု ဆိုလိုက်သည်။

​ “မင်းတို့ အထဲမှာ ရက်အတော်ကြာ နေခဲ့တာပဲ၊ ဘာမှ မတွေ့ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။ လူငယ်လေး... လိမ်ညာတာက မကောင်းဘူးနော်” ဟု လင်ရှန်က မကျေမနပ်ဖြစ်ကာ ခပ်အေးအေး လေသံဖြင့် ပြောလိုက်သည်။

​ ဂိုဏ်းတူအစ်ကိုကြီးဖြစ်သူက အလန့်တကြားဖြင့် “စီနီယာ... ဒါ အမှန်တရားပါပဲ။ ကျွန်တော်တို့ ဘယ်လိုလုပ်ပြီး လိမ်ရဲမှာလဲ။ ဂူထဲမှာက ကွေ့ကောက်နေတဲ့ ဂူအထပ်ထပ်တွေပဲ ရှိတာပါ၊ ကိုယ့်လက်ကိုယ်တောင် မမြင်ရတဲ့အထိ မှောင်နေတာ။ အထဲမှာ ရက်အနည်းငယ် ကြာသွားတာကလည်း အပြင်ထွက်ပေါက် ရှာနေရင်းနဲ့ အချိန်ကုန်သွားလို့ပါ။ ဒါကို ကျွန်တော့် မိဘတွေရဲ့ အသက်နဲ့ ရင်းပြီး ကျိန်ဆိုရဲပါတယ်”

​ ထိုသူ လိမ်နေပုံမရသည်ကို မြင်သောအခါ ဓားအဖိုးအိုက “မင်းတို့ ဂူထဲကို စဝင်ကတည်းက ဘာတွေ ဖြစ်ခဲ့လဲဆိုတာ အသေးစိတ် ပြန်ပြောပြစမ်း” ဟု ဆိုလိုက်သည်။

​ “ဟုတ်ကဲ့ စီနီယာ”

​ ဂိုဏ်းတူအစ်ကိုကြီးဖြစ်သူက ဂူထဲဝင်ပြီးနောက် ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် ပြန်ပြောပြလိုက်သည်။ အားလုံးက နားထောင်ပြီးနောက် အံ့ဩသွားခဲ့ကြသည်။ ဂူမှာ အလွန်နက်ရှိုင်းပြီး ဂူထဲတွင် ဂူထပ်လျက် ရှိနေသည်။ ဤလူငယ်များသည် သိုင်းပညာ တတ်မြောက်ထားသည့်တိုင် အောက်တွင် လမ်းပျောက်ကာ ရက်ပေါင်းများစွာ ကြာမှ ထွက်ပေါက်ရှာတွေ့ခဲ့သည်မှာ တကယ့်ကို ထိတ်လန့်စရာပင်။

​ သို့သော် ၎င်းက တစ်ဖက်တွင်လည်း အထဲ၌ ထူးခြားသည့် တစ်ခုခု ရှိနေရမည်ဟူသော အဓိပ္ပာယ်ကို ဆောင်နေသည်။ မဟုတ်လျှင် မည်သူက ဤမျှ ရှုပ်ထွေးလှသော ဂူကွန်ရက်ကြီးကို အပင်ပန်းခံ တည်ဆောက်ထားပါမည်နည်း။ ဘာရည်ရွယ်ချက်ရှိလို့လဲ။ ဒါက တကယ်ပဲ ကောင်းကင်ခန်ရဲ့ အုတ်ဂူများလား။

​ “အောက်မှာ ဒီလောက်ကြာကြာ နေခဲ့တာ... တခြားလူတွေနဲ့ကော မတွေ့ခဲ့ဘူးလား” တစ်ဦးက အတင်းအကျပ် မေးလိုက်သည်။

​ ဂိုဏ်းတူအစ်ကိုကြီးက ရိုးသားစွာပင် “အမှန်အတိုင်း ပြောရရင် ပထမဆုံး ဂူလမ်းခွဲကတည်းက တခြားလူတစ်ယောက်ကိုမှ မတွေ့တော့ပါဘူး။ သူတို့တွေ သေလားရှင်လားတောင် ကျွန်တော်တို့ မသိတော့ပါဘူး။ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ” ဟု ဖြေလိုက်သည်။

​ “အောက်မှာ ဒီလောက်ကြာတာတောင် တကယ်ပဲ ဘာမှ မတွေ့ခဲ့ဘူးလား” လင်ရှန်က လက်မခံနိုင်သလို ထပ်မေးလိုက်သည်။

​ “ဟုတ်ကဲ့... တကယ် ဘာမှ မတွေ့ခဲ့ပါဘူး” ဂိုဏ်းတူအစ်ကိုကြီးနှင့် အခြားသူများက ခေါင်းခါလိုက်ကြသည်။

​ သို့သော် ထိုအချိန်တွင် အသက် ၁၆ နှစ်အရွယ် လူငယ်လေးက လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ပြီး တိုးညင်းသော အသံဖြင့် “ဟိုလေ... ကျွန်တော် တစ်ခုတော့ တွေ့ခဲ့ပါတယ်၊ ဒါပေမဲ့ ဒါက အရေးပါမလားတော့ မသေချာဘူး”

​ “ဘာတွေ့တာလဲ” လူတိုင်းက မေးလိုက်ကြသည်။

​ “ဒါလေးပါ” ထိုလူငယ်လေးက သူ၏ အိတ်ကပ်ထဲမှ တစ်ခုခုကို ထုတ်လိုက်သည်။

​ ၎င်းမှာ နုနယ်လှပသော်လည်း ပျက်စီးနေသည့် ဘဲဥပုံ ကြွေထည်အပိုင်းအစလေး တစ်ခုဖြစ်ပြီး ထူးခြားသော ပုံစံတစ်ခု ပါရှိသည်။

​ “ဒါက ဘာလဲ” လူအုပ်ကြီးက ဝိုင်းပြီး စဉ်းစားနေကြသည်။

​ ယင်ကျိုးဟွမ်၏ မျက်လုံးများကတော့ ဝင်းလက်သွားသည်။ သူက ထိုအရာကို အမြန်လုယူကာ အနီးကပ် စစ်ဆေးပြီးနောက် “ဒါက နဂါးကိုးကောင် လိပ်ခွေပုံစံပဲ” ဟု အလန့်တကြား ပြောလိုက်သည်။

​ “နဂါးကိုးကောင် လိပ်ခွေပုံစံဆိုတာ ဘာလဲ” လူတိုင်းက ဇဝေဇဝါဖြင့် မေးလို​က်ကြသည်။

​ “နဂါးကိုးကောင် လိပ်ခွေပုံစံဆိုတာ ဒီကြွေထည်ပေါ်က ပန်းလက်ရာကို ပြောတာ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ခန်အင်ပါယာ ခေတ်တုန်းက အရမ်းကို ခေတ်စားခဲ့တဲ့ လက်ရာမျိုးပဲ။ အဲဒီတုန်းက ကောင်းကင်ခန်က ဒီပုံစံကို အရမ်းကြိုက်လို့ အရာဝတ္ထု တော်တော်များများမှာ ဒီပုံစံကို ထည့်သွင်းဖို့ အမိန့်ပေးခဲ့ဖူးတယ်။ အဲဒီနောက်မှာတော့ လူတွေက လိုက်လုပ်ကြရင်းနဲ့ အဲဒီခေတ်ရဲ့ အထင်ကရ လက်ရာတစ်ခု ဖြစ်လာခဲ့တာပဲ”

​ “ခန်အင်ပါယာ ခေတ်က လက်ရာပေါ့”

​ “ဒါဆိုရင် ဒီဂူက ခန်အင်ပါယာ ခေတ်တုန်းက တည်ဆောက်ခဲ့တာ ဖြစ်ဖို့ များတာပေါ့”

​ “အဲဒီခေတ်က ဒီလိုဂူမျိုးကို တည်ဆောက်နိုင်တဲ့ အရည်အချင်း ဘယ်သူ့မှာ ရှိမှာလဲ”

​ “ကောင်းကင်ခန်ပဲပေါ့”

​ “ဘာကြောင့် ဒီလောက် ရှုပ်ထွေးပြီး ကြီးမားတဲ့ ဂူကြီးကို တည်ဆောက်ခဲ့ရတာလဲ”

​ “သူ့ရဲ့ နောက်ဆုံး အနားယူရာ နေရာအဖြစ်ပေါ့”

​ လူတိုင်းမှာ ငအ မဟုတ်ကြသဖြင့် အခြေအနေအားလုံးကို ချက်ချင်းပင် နားလည်သွားကြသည်။ ရှေ့တွင်ရှိသော အဆုံးမရှိသည့် ဂူကြီးကို ကြည့်ရင်း ၎င်းတို့၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာခဲ့သည်။ အချိန်ကာလကလည်း ကိုက်ညီနေသည်၊ အတိုင်းအတာကလည်း ကိုက်ညီနေသည် မဟုတ်ပါလော။

​ ဒီဂူက တကယ်ပဲ ကောင်းကင်ခန်ရဲ့ အုတ်ဂူ ဖြစ်နေနိုင်တာပဲ။ အထဲမှာ မရေမတွက်နိုင်တဲ့ ရတနာတွေ ရှိနေနိုင်တယ်။ တုနှိုင်းမဲ့ လက်နက်တွေနဲ့ ကောင်းကင်ခန်ရဲ့ ပြိုင်ဘက်ကင်း သိုင်းကျမ်းတွေလည်း ရှိနေနိုင်တယ်။

​ ဤအချိန်တွင် လူတိုင်းမှာ ရတနာရှာရန် ဂူထဲသို့ ခုန်ဆင်းချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေကြပြီ ဖြစ်သည်။

​ “လူငယ်လေး... ဒါကို ဘယ်နေရာမှာ တွေ့ခဲ့တာလဲ” လင်ရှန်က ထိုလူငယ်လေး၏ ပခုံးကို ပုတ်ကာ နူးညံ့သော လေသံဖြင့် မေးလိုက်သည်။

​ လူအများ၏ အာရုံစိုက်မှုကို ခံလိုက်ရသဖြင့် အသက် ၁၆ နှစ်အရွယ် လူငယ်လေးက “စီနီယာကို တင်ပြပါတယ်... ကျွန်တော် ဒါကို ဂူထဲက မြေပြင်ပေါ်မှာ တွေ့ခဲ့တာပါ။ စိတ်ဝင်စားဖို့ ကောင်းတယ် ထင်လို့ အမှတ်တရ သိမ်းလာခဲ့တာပါ၊ ဒီလောက်ထိ အရေးပါလိမ့်မယ်လို့ မထင်ခဲ့မိပါဘူး...”

​ “ဒါကို ကောက်လာတာ တကယ် တော်တာပဲ။ မင်းက ငါတို့ရဲ့ သံသယတွေကို ရှင်းလင်းပေးလိုက်သလို ငါ့ရဲ့ ဒီခရီးစဉ်ကိုလည်း တန်သွားစေခဲ့တယ်”

​ လင်ရှန်က အားရပါးရ ရယ်မောလိုက်ပြီး “ဒီပစ္စည်းက မင်းပိုင်တာပဲ။ အမှတ်တရအဖြစ် ပြန်သိမ်းထားလိုက်ပါ။ မင်းရဲ့ နာမည်ကလည်း သမိုင်းစာမျက်နှာတွေမှာ ကျန်ရစ်နေမှာ အသေအချာပဲ”

​ ပြောပြောဆိုဆိုပင် သူက ကြွေထည်အပိုင်းအစလေးကို လူငယ်လေးထံ ပြန်ပေးလိုက်သည်။

​ “ကျေးဇူးတင်ပါတယ် စီနီယာ” လူငယ်လေးက စိတ်လှုပ်ရှားစွာဖြင့် ပြန်ယူလိုက်လေသည်။

All Chapters