အခန်း (၃၇၁)
Vol. 34 Ch. 371
အပိုင်း (၃၇၁)
“လူတွေ... လူတွေ ထွက်လာကြပြီ”
“ရတနာတွေ တွေ့ခဲ့လား”
“ပြောစမ်းပါဦး... အထဲမှာ ကောင်းကင်ခန်ရဲ့ အုတ်ဂူရှိတာလား၊ ဒါမှမဟုတ် တခြားဟာလား”
ဂူထဲမှ ပြန်ထွက်လာသည့် လူတစ်စုမှာတော့ ကြောင်အမ်းသွားခဲ့ကြသည်။ ၎င်းတို့မှာ ဘေးဒုက္ခမှ လွတ်မြောက်လာပြီး ဘဝသစ် ပြန်စရတော့မည်ဟု ထင်နေခဲ့သော်လည်း ယခုတော့ လူပင်လယ်ကြီးနှင့် တိုးနေရသည်။ လူအုပ်ကြီးက ၎င်းတို့ကို စားတော့ဝါးတော့မည့်အလား စိတ်လှုပ်ရှားနေသော မျက်လုံးများဖြင့် ကြည့်နေကြ၏။
“မင်းတို့ ဘာလုပ်ချင်ကြတာလဲ”
“ငါပြောပြမယ်... ငါတို့က သံဓားဂိုဏ်းက တပည့်တွေပဲ။ ငါတို့ကို ရမ်းကားဖို့ ကြိုးစားမယ်ဆိုရင် ငါတို့ဂိုဏ်းက အကြီးအကဲတွေနဲ့ ဂိုဏ်းချုပ်က မင်းတို့ကို အလွတ်ပေးမှာ မဟုတ်ဘူး”
“မင်းတို့အားလုံး လုံးဝ လာပြီး မရှုပ်ကြနဲ့နော်”
၎င်းတို့၏ အသံများမှာ ပြောရင်းဖြင့် တဖြည်းဖြည်း တိုးဝင်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ဤလူအုပ်ကြီးထဲတွင် ၎င်းတို့ဂိုဏ်းချုပ်နှင့် အကြီးအကဲများကဲ့သို့ သန်မာသည့်သူ များစွာ ပါဝင်နေသည်ကို သတိထားမိသွားသောကြောင့် ဖြစ်သည်။ ၎င်းမှာ တကယ့်ကို ထိတ်လန့်စရာပင်။
“မင်းတို့က သံဓားဂိုဏ်းက တပည့်တွေလား” ခိုင်မာပြတ်သားသည့် ပုံစံရှိသော လူတစ်ယောက် ရှေ့သို့ တိုးလာလေသည်။
ဂူထဲမှ ထွက်လာသည့် လူငယ်တစ်စုမှာ ထိုသူကို မြင်လိုက်ရသောအခါ အသက်ကယ်တင်ရှင်ကို တွေ့လိုက်ရသကဲ့သို့ သက်ပြင်းချနိုင်သွားကြသည်။
“အကြီးအကဲလျူ... အကြီးအကဲလျူ ရောက်လာပြီပဲ”
“ဒီမှာ ဘာတွေ ဖြစ်နေတာလဲ”
“ဘာလို့ လူတွေ ဒီလောက်တောင် များနေရတာလဲ”
၎င်းတို့သည် ကြောက်စိတ်ကို ဖြေဖျောက်ရန်အတွက် သံဓားဂိုဏ်း အကြီးအကဲ၏ နောက်ကွယ်တွင် စုရုံးလိုက်ကြသည်။ သို့သော် ထိုအကြီးအကဲကိုယ်တိုင်ပင် ရင်ထဲတွင် တုန်လှုပ်နေသည်ကို ၎င်းတို့ မသိကြချေ။ အကယ်၍ ဤလူငယ်များသည် သူ့ဂိုဏ်းမှ မဟုတ်ပါက သူသည်လည်း လူအုပ်ရှေ့သို့ ထွက်ရဲမည် မဟုတ်ပေ။
ထိုအချိန်တွင် ကောင်းကင်အဆင့် သိုင်းပညာရှင်များ ရောက်ရှိလာကြသည်။
ယင်ကျိုးဟွမ်က ပြုံးရွှင်သော မျက်နှာထားဖြင့် “သံဓားဂိုဏ်းက လူငယ်သူရဲကောင်းတွေပဲကိုး။ မင်းတို့ အထဲမှာ ရက်အတော်ကြာ ရှိနေခဲ့ပြီးမှ အခုမှ ထွက်လာတာဆိုတော့... အထဲမှာ ဘာတွေနဲ့ ကြုံခဲ့လဲ၊ ဘာတွေ တွေ့ခဲ့လဲဆိုတာ ငါတို့ကို ဝေမျှပေးလို့ ရမလား” ဟု ဆိုလိုက်သည်။
“အကြီးအကဲလျူ... အဲ့ဒါက ဘယ်သူလဲ”
“ရိုင်းရိုင်းစိုင်းစိုင်း မလုပ်နဲ့”
သံဓားဂိုဏ်း အကြီးအကဲက ပြတ်သားစွာ ဟန့်တားလိုက်ပြီး “ငါ မိတ်ဆက်ပေးမယ်... ဒီအကြီးအကဲက မဟာယင်အင်ပါယာက ကောင်းကင်အဆင့် သိုင်းပညာရှင် ယင်ကျိုးဟွမ်ပဲ။ ဟိုဘက်ကတော့ မဟာဒုန်အင်ပါယာက ကောင်းကင်အဆင့် သိုင်းပညာရှင် လင်ရှန်၊ နောက်ပြီးတော့...”
သံဓားဂိုဏ်း အကြီးအကဲက တစ်ဦးချင်းစီကို ရိုသေစွာဖြင့် မိတ်ဆက်ပေးလိုက်သည်။ တပည့်တစ်စုမှာတော့ မှင်သက်သွားကြလေသည်။ ကောင်းကင်အဆင့် သိုင်းပညာရှင် လေးဦးနှင့် စကားပြောခွင့် ရလိမ့်မည်ဟု ၎င်းတို့ တစ်ခါမှ မတွေးဖူးခဲ့ပေ။ ၎င်းသည် ဂုဏ်ယူစရာလား သို့မဟုတ် ကံဆိုးခြင်းလားဆိုတာတော့ မသိချေ။
“ဂူထဲမှာ တွေ့ခဲ့တာမှန်သမျှကို တစ်ခုမကျန် ပြောပြလိုက်ကြ၊ နားလည်လား” ဟု သံဓားဂိုဏ်း အကြီးအကဲက သက်ပြင်းချရင်း ဆိုလိုက်သည်။ ဤမျှ သန်မာသည့်သူများစွာ၏ ရှေ့တွင် မည်သည့် လျှို့ဝှက်ချက်ကိုမျှ ဖုံးကွယ်ထားရန် မဖြစ်နိုင်ပေ။
“ဟုတ်... ဟုတ်ကဲ့ အကြီးအကဲ၊ ကျွန်တော်တို့ နားလည်ပါပြီ” ၎င်းတို့မှာ တုန်တုန်ရင်ရင်ဖြင့် ပြန်ဖြေကြသည်။
၎င်းတို့မှာ ရေအနည်းငယ်သောက်ကာ အစားအစာအချို့ စားပြီးနောက် ဂိုဏ်းတူအစ်ကိုကြီးကို ရှေ့သို့ တွန်းထုတ်လိုက်ကြသည်။
ဂိုဏ်းတူအစ်ကိုကြီးဖြစ်သူက ခါးသက်သက် ပြုံးလိုက်ရင်း “အမှန်အတိုင်း ပြောရရင် ကျွန်တော်တို့ ဂူထဲမှာ ဘာမှ မတွေ့ခဲ့ရပါဘူး၊ ဒါကြောင့် ဘယ်ကနေ စရှင်းပြရမှန်းတောင် မသိတော့ပါဘူး” ဟု ဆိုလိုက်သည်။
“မင်းတို့ အထဲမှာ ရက်အတော်ကြာ နေခဲ့တာပဲ၊ ဘာမှ မတွေ့ဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။ လူငယ်လေး... လိမ်ညာတာက မကောင်းဘူးနော်” ဟု လင်ရှန်က မကျေမနပ်ဖြစ်ကာ ခပ်အေးအေး လေသံဖြင့် ပြောလိုက်သည်။
ဂိုဏ်းတူအစ်ကိုကြီးဖြစ်သူက အလန့်တကြားဖြင့် “စီနီယာ... ဒါ အမှန်တရားပါပဲ။ ကျွန်တော်တို့ ဘယ်လိုလုပ်ပြီး လိမ်ရဲမှာလဲ။ ဂူထဲမှာက ကွေ့ကောက်နေတဲ့ ဂူအထပ်ထပ်တွေပဲ ရှိတာပါ၊ ကိုယ့်လက်ကိုယ်တောင် မမြင်ရတဲ့အထိ မှောင်နေတာ။ အထဲမှာ ရက်အနည်းငယ် ကြာသွားတာကလည်း အပြင်ထွက်ပေါက် ရှာနေရင်းနဲ့ အချိန်ကုန်သွားလို့ပါ။ ဒါကို ကျွန်တော့် မိဘတွေရဲ့ အသက်နဲ့ ရင်းပြီး ကျိန်ဆိုရဲပါတယ်”
ထိုသူ လိမ်နေပုံမရသည်ကို မြင်သောအခါ ဓားအဖိုးအိုက “မင်းတို့ ဂူထဲကို စဝင်ကတည်းက ဘာတွေ ဖြစ်ခဲ့လဲဆိုတာ အသေးစိတ် ပြန်ပြောပြစမ်း” ဟု ဆိုလိုက်သည်။
“ဟုတ်ကဲ့ စီနီယာ”
ဂိုဏ်းတူအစ်ကိုကြီးဖြစ်သူက ဂူထဲဝင်ပြီးနောက် ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် ပြန်ပြောပြလိုက်သည်။ အားလုံးက နားထောင်ပြီးနောက် အံ့ဩသွားခဲ့ကြသည်။ ဂူမှာ အလွန်နက်ရှိုင်းပြီး ဂူထဲတွင် ဂူထပ်လျက် ရှိနေသည်။ ဤလူငယ်များသည် သိုင်းပညာ တတ်မြောက်ထားသည့်တိုင် အောက်တွင် လမ်းပျောက်ကာ ရက်ပေါင်းများစွာ ကြာမှ ထွက်ပေါက်ရှာတွေ့ခဲ့သည်မှာ တကယ့်ကို ထိတ်လန့်စရာပင်။
သို့သော် ၎င်းက တစ်ဖက်တွင်လည်း အထဲ၌ ထူးခြားသည့် တစ်ခုခု ရှိနေရမည်ဟူသော အဓိပ္ပာယ်ကို ဆောင်နေသည်။ မဟုတ်လျှင် မည်သူက ဤမျှ ရှုပ်ထွေးလှသော ဂူကွန်ရက်ကြီးကို အပင်ပန်းခံ တည်ဆောက်ထားပါမည်နည်း။ ဘာရည်ရွယ်ချက်ရှိလို့လဲ။ ဒါက တကယ်ပဲ ကောင်းကင်ခန်ရဲ့ အုတ်ဂူများလား။
“အောက်မှာ ဒီလောက်ကြာကြာ နေခဲ့တာ... တခြားလူတွေနဲ့ကော မတွေ့ခဲ့ဘူးလား” တစ်ဦးက အတင်းအကျပ် မေးလိုက်သည်။
ဂိုဏ်းတူအစ်ကိုကြီးက ရိုးသားစွာပင် “အမှန်အတိုင်း ပြောရရင် ပထမဆုံး ဂူလမ်းခွဲကတည်းက တခြားလူတစ်ယောက်ကိုမှ မတွေ့တော့ပါဘူး။ သူတို့တွေ သေလားရှင်လားတောင် ကျွန်တော်တို့ မသိတော့ပါဘူး။ ကျွန်တော်တို့ကို ခွင့်လွှတ်ပေးပါ” ဟု ဖြေလိုက်သည်။
“အောက်မှာ ဒီလောက်ကြာတာတောင် တကယ်ပဲ ဘာမှ မတွေ့ခဲ့ဘူးလား” လင်ရှန်က လက်မခံနိုင်သလို ထပ်မေးလိုက်သည်။
“ဟုတ်ကဲ့... တကယ် ဘာမှ မတွေ့ခဲ့ပါဘူး” ဂိုဏ်းတူအစ်ကိုကြီးနှင့် အခြားသူများက ခေါင်းခါလိုက်ကြသည်။
သို့သော် ထိုအချိန်တွင် အသက် ၁၆ နှစ်အရွယ် လူငယ်လေးက လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ပြီး တိုးညင်းသော အသံဖြင့် “ဟိုလေ... ကျွန်တော် တစ်ခုတော့ တွေ့ခဲ့ပါတယ်၊ ဒါပေမဲ့ ဒါက အရေးပါမလားတော့ မသေချာဘူး”
“ဘာတွေ့တာလဲ” လူတိုင်းက မေးလိုက်ကြသည်။
“ဒါလေးပါ” ထိုလူငယ်လေးက သူ၏ အိတ်ကပ်ထဲမှ တစ်ခုခုကို ထုတ်လိုက်သည်။
၎င်းမှာ နုနယ်လှပသော်လည်း ပျက်စီးနေသည့် ဘဲဥပုံ ကြွေထည်အပိုင်းအစလေး တစ်ခုဖြစ်ပြီး ထူးခြားသော ပုံစံတစ်ခု ပါရှိသည်။
“ဒါက ဘာလဲ” လူအုပ်ကြီးက ဝိုင်းပြီး စဉ်းစားနေကြသည်။
ယင်ကျိုးဟွမ်၏ မျက်လုံးများကတော့ ဝင်းလက်သွားသည်။ သူက ထိုအရာကို အမြန်လုယူကာ အနီးကပ် စစ်ဆေးပြီးနောက် “ဒါက နဂါးကိုးကောင် လိပ်ခွေပုံစံပဲ” ဟု အလန့်တကြား ပြောလိုက်သည်။
“နဂါးကိုးကောင် လိပ်ခွေပုံစံဆိုတာ ဘာလဲ” လူတိုင်းက ဇဝေဇဝါဖြင့် မေးလိုက်ကြသည်။
“နဂါးကိုးကောင် လိပ်ခွေပုံစံဆိုတာ ဒီကြွေထည်ပေါ်က ပန်းလက်ရာကို ပြောတာ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ခန်အင်ပါယာ ခေတ်တုန်းက အရမ်းကို ခေတ်စားခဲ့တဲ့ လက်ရာမျိုးပဲ။ အဲဒီတုန်းက ကောင်းကင်ခန်က ဒီပုံစံကို အရမ်းကြိုက်လို့ အရာဝတ္ထု တော်တော်များများမှာ ဒီပုံစံကို ထည့်သွင်းဖို့ အမိန့်ပေးခဲ့ဖူးတယ်။ အဲဒီနောက်မှာတော့ လူတွေက လိုက်လုပ်ကြရင်းနဲ့ အဲဒီခေတ်ရဲ့ အထင်ကရ လက်ရာတစ်ခု ဖြစ်လာခဲ့တာပဲ”
“ခန်အင်ပါယာ ခေတ်က လက်ရာပေါ့”
“ဒါဆိုရင် ဒီဂူက ခန်အင်ပါယာ ခေတ်တုန်းက တည်ဆောက်ခဲ့တာ ဖြစ်ဖို့ များတာပေါ့”
“အဲဒီခေတ်က ဒီလိုဂူမျိုးကို တည်ဆောက်နိုင်တဲ့ အရည်အချင်း ဘယ်သူ့မှာ ရှိမှာလဲ”
“ကောင်းကင်ခန်ပဲပေါ့”
“ဘာကြောင့် ဒီလောက် ရှုပ်ထွေးပြီး ကြီးမားတဲ့ ဂူကြီးကို တည်ဆောက်ခဲ့ရတာလဲ”
“သူ့ရဲ့ နောက်ဆုံး အနားယူရာ နေရာအဖြစ်ပေါ့”
လူတိုင်းမှာ ငအ မဟုတ်ကြသဖြင့် အခြေအနေအားလုံးကို ချက်ချင်းပင် နားလည်သွားကြသည်။ ရှေ့တွင်ရှိသော အဆုံးမရှိသည့် ဂူကြီးကို ကြည့်ရင်း ၎င်းတို့၏ မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာခဲ့သည်။ အချိန်ကာလကလည်း ကိုက်ညီနေသည်၊ အတိုင်းအတာကလည်း ကိုက်ညီနေသည် မဟုတ်ပါလော။
ဒီဂူက တကယ်ပဲ ကောင်းကင်ခန်ရဲ့ အုတ်ဂူ ဖြစ်နေနိုင်တာပဲ။ အထဲမှာ မရေမတွက်နိုင်တဲ့ ရတနာတွေ ရှိနေနိုင်တယ်။ တုနှိုင်းမဲ့ လက်နက်တွေနဲ့ ကောင်းကင်ခန်ရဲ့ ပြိုင်ဘက်ကင်း သိုင်းကျမ်းတွေလည်း ရှိနေနိုင်တယ်။
ဤအချိန်တွင် လူတိုင်းမှာ ရတနာရှာရန် ဂူထဲသို့ ခုန်ဆင်းချင်စိတ်များ တဖွားဖွား ပေါ်ပေါက်နေကြပြီ ဖြစ်သည်။
“လူငယ်လေး... ဒါကို ဘယ်နေရာမှာ တွေ့ခဲ့တာလဲ” လင်ရှန်က ထိုလူငယ်လေး၏ ပခုံးကို ပုတ်ကာ နူးညံ့သော လေသံဖြင့် မေးလိုက်သည်။
လူအများ၏ အာရုံစိုက်မှုကို ခံလိုက်ရသဖြင့် အသက် ၁၆ နှစ်အရွယ် လူငယ်လေးက “စီနီယာကို တင်ပြပါတယ်... ကျွန်တော် ဒါကို ဂူထဲက မြေပြင်ပေါ်မှာ တွေ့ခဲ့တာပါ။ စိတ်ဝင်စားဖို့ ကောင်းတယ် ထင်လို့ အမှတ်တရ သိမ်းလာခဲ့တာပါ၊ ဒီလောက်ထိ အရေးပါလိမ့်မယ်လို့ မထင်ခဲ့မိပါဘူး...”
“ဒါကို ကောက်လာတာ တကယ် တော်တာပဲ။ မင်းက ငါတို့ရဲ့ သံသယတွေကို ရှင်းလင်းပေးလိုက်သလို ငါ့ရဲ့ ဒီခရီးစဉ်ကိုလည်း တန်သွားစေခဲ့တယ်”
လင်ရှန်က အားရပါးရ ရယ်မောလိုက်ပြီး “ဒီပစ္စည်းက မင်းပိုင်တာပဲ။ အမှတ်တရအဖြစ် ပြန်သိမ်းထားလိုက်ပါ။ မင်းရဲ့ နာမည်ကလည်း သမိုင်းစာမျက်နှာတွေမှာ ကျန်ရစ်နေမှာ အသေအချာပဲ”
ပြောပြောဆိုဆိုပင် သူက ကြွေထည်အပိုင်းအစလေးကို လူငယ်လေးထံ ပြန်ပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် စီနီယာ” လူငယ်လေးက စိတ်လှုပ်ရှားစွာဖြင့် ပြန်ယူလိုက်လေသည်။