မတူညီသော အဓိပ္ပါယ်များမှသည် တူညီသော အဆုံးသတ်ဆီသို့
Vol. 10 Ch. 917
" ငါ ယင်ယန်ဝိညာဥ်အဆင့်ကို သေချာပေါက်ရောက်အောင် တက်မှာ ရှောင်ချန်း။ ဪ ဒါနဲ့ မင်းကို ငါ့အိပ်မက်အကြောင်း ပြောပြဦးမယ် "
သူသည် အလွန်တည်ကြည်လေးနက်သော အမူအရာဖြင့် သူ၏အိပ်မက်နှင့်ပတ်သတ်သည့် ဖြစ်ကြောင်းကုန်စဥ်ကို ရှင်းပြလိုက်တော့သည်။
ပိုင်ရှောင်ချန်းမှာ ထိုရှင်းပြချက်များကို နားထောင်၍ တအံ့တသြဖြစ်ကာ မျက်လုံးများပြူးလာတော့သည်။ သူ၏မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်ထွက်လာပြီး ဖက်တီးကျန်းကြီး ရှင်းပြပြီးသွားချိန်တွင် သူသည် မနေနိုင်တော့ပဲ ဖက်တီးကျန်းကြီး၏ ပခုံးအား ဆုပ်ကိုင်မိလိုက်တော့သည်။
" အစ်ကိုကြီး လုပ်နိုင်မှာပါ "
သို့သော် သူ၏စိတ်ထဲတွင်မူ ဖက်တီးကျန်းကြီးမှာ ထိုအိပ်မက်ကို စွဲလမ်းကာ မဖြစ်ဖြစ်လာစေရန် လုပ်ဆောင်နေသည်ဟု တွေးတောမိ၍ အနည်းငယ် စိတ်ပူနေ၏။ သို့သော်လည်း သူ၏အစ်ကိုကြီး စိတ်ပျက်အားလျော့သွားစေမည်စိုး၍ အခြားအားပေးစကားအနည်းငယ် ထပ်၍ပြောလိုက်လေသည်။
" သိပ်ကောင်းလိုက်တာ အစ်ကိုကြီး၊ အစ်ကိုကြီးသာ အဲဒီကမ္ဘာကြီးထဲကို တကယ်ရောက်သွားခဲ့မယ်ဆိုရင် ကျွန်တော့်ကိုလည်း အကုန်ပြန်ပြောပြနော်။ ကျွန်တော်လည်း သွားကြည့်ချင်တယ် "
ဖက်တီးကျန်းကြီးမှာ အားပါးတရ ရယ်မောလိုက်၏။ ထို့နောက် သူသည် တင်ပျဥ်ခွေထိုင်လိုက်ပြီး ပိုင်ရှောင်ချန်း၏ ညွှန်ကြားချက်အတိုင်း တရားကျင့်ကြံလိုက်သည်။
ဖက်တီးကျန်းကြီး အဆင့်တက်ရာတွင် ကူညီနိုင်ရန်အတွက် ပိုင်ရှောင်ချန်းမှာ အပြည့်အဝ ပြင်ဆင်ထားပြီးဖြစ်သည်။ သူသည် ဂိုဏ်းမှ ထွက်မလာခင်ကတည်းက သူ၏နတ်ဝိညာဥ်များထဲမှ တစ်ခုအား နတ်သားရဲဝိညာဥ်ငါးခုပါသော တစ်စုံနှင့် လဲလှယ်ခဲ့သည်။ သူ့လက်ဝယ်တွင် ကောင်းကင်တာအို ယင်ယန်ဝိညာဥ်တစ်ခု ဖန်တီးရန်အတွက် လိုအပ်သော နတ်သားရဲဝိညာဥ်တစ်စုံ အပြည့်အဝ ရှိမနေသည် မဟုတ်ပါလော။
သို့သော်လည်း မြေတာအို ယင်ယန်ဝိညာဥ်များပင် အံ့သြဖွယ်ကောင်းလွန်းလှသည်ဖြစ်ပြီး နတ်အဆင့်ကျင့်ကြံသူများအကြားတွင် ထိပ်ဆုံးစွမ်းအားအဆင့်ဟု သမုတ်ခြင်းခံထားရသည်။ ယခုတွင် ဖက်တီးကျန်းကြီးသည် ပုံမှန်ဆိုလျှင် ဂိုဏ်း၏ ထိပ်တန်းအဆင့် လက်ရွေးစင်များသာ မြင်နိုင်ခွင့်ရှိသော ရင်းမြစ်ပစ္စည်းများကို ပိုင်ဆိုင်ထားသည်လည်း ဖြစ်သည်။
ထိုအချင်းအရာကို ဖက်တီးကျန်းကြီး သတိထားမိသဖြင့် အလွန်အမင်း ကျေးဇူးတင်နေတော့သည်။
အချိန်သုံးလမှာ လျင်မြန်စွာ ကုန်ဆုံးသွားသည်။ ပိုင်ရှောင်ချန်းမှာ ဓမ္မအစောင့်အရှောက်အဖြစ် ရှိနေပြီး ဆေးလုံးများစွာကို ထောက်ပံ့ပေးနေသဖြင့် ဖက်တီးကျန်းကြီး၏ အဆင့်တက်မှုမှာ ချောချောမွေ့မွေ့ ရှိနေ၏။
အမှန်မှာ ပိုင်ရှောင်ချန်းသည် စိတ်ဆန္ဒအမြုတေများအကြောင်းကို လွန်ခဲ့သောနှစ်များစွာက ဖုန်းယွမ်ဒဲ့ပြောပြခဲ့သည့် အချိန်မှသာ ကြားသိဖူးခဲ့ခြင်းလည်းဖြစ်သည်။
ဖုန်းယွမ်ဒဲ့သည်လည်း ဂိုဏ်း၏ ရှေးဟောင်းမှတ်တမ်းများကို လေ့လာရာမှ ထိုအကြောင်းအရာအချို့ကို မထင်မှတ်ပဲ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ဖက်တီးကျန်းကြီးမှာ သူ၏ထူးခြားသော အမြုတေအမျိုးအစားက သူ၏ အတိုက်အခိုက်စွမ်းရည်ကို မြှင့်တင်ပေးနိုင်ပါသော်လည်း ဂိုဏ်းကမူ ၎င်းအမျိုးအစားကို အလေးမထားကြောင်း သိခဲ့ရသည်။ ထိုအချင်းအရာကိုကြည့်၍ စိတ်ဆန္ဒ အမြုတေများကို ဖန်တီးနိုင်သည့် လူများမှာ နည်းပါးကြောင်း သိနိုင်သည်။
သို့သော်လည်း ပိုင်ရှောင်ချန်းမှာ ဖက်တီးကျန်းကြီး၏ အဆင့်တက်ရန်ကြိုးစားမှုတွင် ကူညီပေးရန် စိတ်ကူးထားသဖြင့် ထိုရှေးဟောင်းမှတ်တမ်းအချို့ကို သူကိုယ်တိုင်လေ့လာခဲ့သည်။ ဖုန်းယွမ်ဒဲ့ရှာတွေ့ခဲ့သည့် စာကြောင်းများကိုပင် သူတွေ့ရှိခဲ့သည်။
ထိုအချက်အလက်မှာ အပြည့်အစုံကြီးမဟုတ်သော်လည်း ယခင်အချိန်က စိတ်ဆန္ဒအမြုတေများကို စိတ်စွမ်းအင်အဆင့်မြှင့်တင်သူအများစု ကျင့်ကြံခဲ့ကြောင်း သူ သိခဲ့ရသည်။ အတိုက်အခိုက်စွမ်းရည် ကဏ္ဍတွင်မူ ထိုအမြုတေများမှာ မြေတာအို ခရမ်းရောင်အမြုတေများနှင့် တန်းတူနီးပါးတွင်ရှိသည်။ သို့သော် ၎င်းတို့ကို ယင်ယန်ဝိညာဥ်အဖြစ် ပြောင်းလဲလိုက်ပါက သာမန်မျှသာ ဖြစ်သွားကြသည်။
ထို့အပြင် စိတ်ဆန္ဒအမြုတေများကိုပိုင်ဆိုင်ထားသည့် ကျင့်ကြံသူများက အဆင့်တက်ရန်ကြိုးစားရာတွင် သာမန်ထက်ပို၍ ခက်ခဲပေသည်။
ထို့ကြောင့် လူအများစုမှာ ၎င်းအမြုတေကို တန်ဖိုးမထားသလို စိတ်ဝင်စားမှုလည်းမရှိခဲ့ကြပေ။ လေ့လာဆန်းစစ်မှုများစွာ ပြုလုပ်ပြီးနောက် ထိုအမြုတေများကို ကျင့်ကြံရန်စာရင်းထဲမှ ထုတ်ပယ်ခဲ့ကြတော့သည်။
သို့သော် ပိုင်ရှောင်ချန်းမှာ ဖက်တီးကျန်းကြီးအတွက် အလွန်စိုးရိမ်သဖြင့် သေသေချာချာ စုံစမ်းစစ်ဆေးခဲ့ပြီးနောက် အရေးကြီးသည့်အချက်တစ်ချက်ကို ရှာဖွေတွေ့ရှိခဲ့တော့သည်။
ဖက်တီးကျန်းကြီး၏ ခန္ဓာကိုယ်ထဲတွင် ကိန်းအောင်းနေသည့် စိတ်စွမ်းအင်ထဲတွင် တမူထူးခြားသော စွမ်းအင်ကြိုးမျှင်လေးတစ်ချောင်း ရှိနေကြောင်း သူသိခဲ့ရသည်။ ထိုစွမ်းအင်ကြိုးမျှင်လေးကို တွေ့ရှိသည့် လူအများစုမှာ ၎င်းအား ထူးဆန်သည့်အရာဟုသာ သတ်မှတ်ကြမည်ဖြစ်ပြီး စေ့စေ့စပ်စပ် တွေးတောကြမည်မဟုတ်ပေ။ သို့သော် ပိုင်ရှောင်ချန်းက ထိုကြိုးမျှင်လေးကို မြင်လိုက်ရသောအခါတွင် တအံ့တသြ ပင့်သက်ရှိုက်မိသွားတော့သည်။
သူ အံ့သြသွားခဲ့ရသည့် အကြောင်းအရင်းမှာ သူ၏ ကိုယ်ထဲရှိ ရွှေအမြုတေကို ဖန်တီးခဲ့စဥ်က ထိုကြိုးမျှင်နှင့် တစ်ပုံစံထဲတူသော စွမ်းအင်ကြိုးမျှင်တစ်ချောင်းကို တွေ့မြင်ခဲ့ရသည့်အတွက် ဖြစ်သည်။
ဟန်ဇောင်ကျောင်းတော် စိတ်ဆန္ဒမန္တန်တော်ကို သူလေ့လာထားသည့်အတွက် ထိုစွမ်းအင်ကြိုးမျှင်ကလေးမှာ စိတ်ဆန္ဒစွမ်းအား ဖြစ်နေကြောင်း သူကသိလိုက်သည်။
သူ ကောင်းကင်တာအို ယင်ယန်ဝိညာဥ်အဆင့်သို့ တက်လှမ်းခဲ့စဥ်က ပျက်စီးသွားနိုင်မည့်ပုံစံမရှိသည့် ထိုစိတ်ဆန္ဒစွမ်းအား ကြိုးမျှင်ကလေးမှာ လျှို့ဝှက်ဆန်းကြယ်စွာ ပျောက်ဆုံးသွားခဲ့သည်။ ထိုအချင်းအရာကို သူ နတ်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့သည့်အချိန်အထိ နားမလည်နိုင်ခဲ့ပေ။
သူ အဏ္ဏဝါခေါ်သံဂိုဏ်းသို့ ပြန်ရောက်ခဲ့သည့်အချိန်တွင် စိတ်စွမ်းအင်နတ်ရေစင် ခေါင်းဆောင်ကြီးကို ထိုအကြောင်းနှင့်ပတ်သတ်၍ မေးမြန်းခဲ့ပါသော်လည်း မည်သည့်အချက်အလက် အသစ်အဆန်းတစ်ခုမှ မသိခဲ့ရပေ။ အဆုံးတွင် သူသည် ထိုအချင်းအရာကို မေ့ဖျောက်လိုက်တော့သည်။ သို့သော် ယခု ဖက်တီးကျန်းကြီးကို ကူညီရာတွင် သူ၏ခန္ဓာကိုယ်ထဲတွင် ထိုတစ်ပုံစံထဲတူသော စွမ်းအင်မျိုးကို တွေ့လိုက်ရ၍ သူ၏မျက်ဝန်းများမှာ အရောက်လက်လာတော့သည်။
" ငါ့ခန္ဓာကိုယ်ထဲက စိတ်ဆန္ဒစွမ်းအားက တကယ် မပျောက်ဆုံးသွားတာများ ဖြစ်နေမလား။ အဲဒီစွမ်းအားက ငါ့ကျင့်ကြံခြင်းအခြေခံထဲမှာရှိတဲ့ စိတ်စွမ်းအားရဲ့ ကိုယ်ပိုင်အစိတ်အပိုင်းတစ်ခုအသွင် ပြောင်းလဲသွားတာဆိုရင်ရော။ "
သူသည် အနည်းငယ်စစ်ဆေးကြည့်လိုက်ပါသော်လည်း သူ၏ယူဆချက်ကို ထောက်ပံ့ပေးနိုင်မည့် သက်သေတစ်ခုတစ်လေပင် ရှာမတွေ့ခဲ့ပေ။
" ဒီစိတ်ဆန္ဒစွမ်းအားဆိုတာ ဘာများလဲကွာ "
ယခုမှသာ စိတ်ဆန္ဒစွမ်းအားနှင့် ပတ်သတ်သည့် သူ၏အသိပညာမှာ အလွန်နည်းပါးနေကြောင်း သိလိုက်တော့သည်။ ထို့ကြောင့် သူသည် စမ်းသပ်ပြုပြင်နည်းတစ်ခုကို ဂရုတစိုက်အသုံးချ၍ ဖက်တီးကျန်းကြီးကို ကူညီရတော့မည်ဖြစ်သည်။
နောက်ထပ်အချိန်တစ်လ ကုန်ဆုံးသွားသည်။ ကောင်းကင်တံတားပင်လယ်သည် ရံဖန်ရံခါတွင် လှိုင်းများခက်ထန်လာတတ်သည်။ တစ်ခါတရံတွင်မူ ထူးခြားဆန်းပြားသော ပင်လယ်နေသတ္တဝါများ ပေါ်လာတတ်သဖြင့် သင်္ဘောပေါ်ရှိ ယင်ယန်ဝိညာဥ်အဆင့် ကျင့်ကြံသူများမှာ စိတ်လှုပ်တရှားဖြစ်ကာ လှုပ်လှုပ်ရှားရှား ဖြစ်ကုန်ကြသည်။ သို့သော် အချိန်အနည်းငယ် ကြာမြင့်သွားသောအခါ အများစုမှာ ကျင့်ကြံရန်အတွက် တရားပြန်ထိုင်လိုက်ကြသည်သာဖြစ်သည်။
နောက်ဆုံးတွင် ဖက်တီးကျန်းကြီး တစ်ယောက်ထဲ တံခါးပိတ်ကျင့်ကြံရမည့် အချိန်သို့ရောက်လာတော့သည်။ ပိုင်ရှောင်ချန်း သိသလောက်ဆိုလျှင် သူ၏အဆင့်တက်မှုက နှစ်လအတွင်း ဖြစ်ပေါ်မည်ဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ အမြဲတမ်း ဓမ္မအစောင့်အရှောက် တစ်ယောက်အဖြစ် စောင့်နေစရာမလိုပေ။ စိတ်ဆန္ဒစွမ်းအားအကြောင်းကို သူကောင်းကောင်းနားမလည်သေးသဖြင့် အဆုံးတွင် သူသည် တွေးပူမနေတော့ရန် ဆုံးဖြတ်လိုက်သည်။
ကျင့်ကြံခြင်းအပေါ်တွင် လူတိုင်း အာရုံစိုက်နေကြသဖြင့် သင်္ဘောကြီးမှာ တိတ်ဆိတ်ငြိမ်သက်နေသည်။ ပိုင်ရှောင်ချန်းက အနည်းငယ်တွေးတောလိုက်ပြီးနောက် သူသည်လည်း ကျင့်ကြံခြင်းကို အာရုံစိုက်သင့်ကြောင်း ဆုံးဖြတ်လိုက်သည်။ သူ၏ နေလခင်းကျင်း ကောင်းကင်စစ်တလင်း မန္တန်အတွက်ဖြစ်စေ ၊ထာဝရသွေးစက်များအတွက်ဖြစ်စေ၊ ရှင်းကုံကျစ်တာအိုဂိုဏ်းထဲမှ မထွက်ခွာခဲ့စဥ်က ရိက္ခာပစ္စည်းအမြောက်အမြားကို သူ ထုတ်ပိုးခဲ့ပြီးဖြစ်သည်။ ဖက်တီးကျန်းကြီးအား စောင့်ကြည့်ရန် နတ်ဘုရားအာရုံတစ်စ ထုတ်လွှတ်လိုက်ပြီးနောက် သူ၏ကျင့်ကြံခြင်းကို အာရုံစိုက်လိုက်တော့သည်။
သူ၏ထာဝရသွေးစက်များ၏ တိုးတက်နှုန်းမှာ နေလခင်းကျင်း ကောင်းကင်စစ်တလင်း မန္တန်ထက် များစွာပို၍ နှေးကွေးနေသည်။ ၎င်းမှာ သက်စောင့်အား အမြောက်အများ လိုအပ်သဖြင့် အလျင်အမြန်တိုးတက်ရန်မှာ မဖြစ်နိုင်ပေ။
သူသည် သက်စောင့်အားများ ပါရှိသည့် အပင်နှင့်အသီးအရွက် အမြောက်အမြားကို စုဆောင်းခဲ့သည်။ အကောင်းဆုံးအရာမှာ ၎င်းတို့အား ဆေးလုံးများအဖြစ် ဖော်စပ်ရန်ဖြစ်သည်။ သို့သော် ပိုင်ရှောင်ချန်းက ယခင်က သူ မဖော်စပ်ခဲ့ဖူးသည့် ဆေးများကို ဖော်စပ်၍ သူ့ကိုယ်သူ မယုံသင်္ကာဖြစ်နေပြီလည်း ဖြစ်သည်။ ထို့အပြင် သင်္ဘောတစ်စင်းပေါ်တွင် ထိုသို့ဖော်စပ်ခြင်းမှာ သင့်တော်မည်မဟုတ်ပေ။ ထို့ကြောင့် သူ စုစည်းထားခဲ့သည့် ဆေးပင်များကိုသာ တိုက်ရိုက်သုံးစွဲသည့် နည်းလမ်းကို အသုံးပြုလိုက်တော့သည်။
ထိုအပင်များတွင် ပါဝင်နေသည့် များပြားလှသော သက်စောင့်အားများကြောင့် သာမန်ကျင့်ကြံသူဆိုလျှင် ဘေးဥပါဒ်ကင်းစွာ သုံးစွဲနိုင်မည်မဟုတ်ပေ။ သို့သော် ပိုင်ရှောင်ချန်းမှာ ထိုအချက်များကို စိတ်ပူနေစရာမလိုချေ။ သူသည် အလိုဆန္ဒပြည့်ရန် မဖြစ်နိုင်သည့် ဧရာမအနက်ရောင် ကျဥ်းကြီးတစ်ကျဥ်းကဲ့သို့ ဖြစ်နေသည်။ သူ ထည့်သွင်းလိုက်သည့် သက်စောင့်အားတိုင်း ချက်ချင်းပင် စုပ်ယူသုံးစွဲခံလိုက်ရသည်သာ ဖြစ်သည်။
သက်စောင့်အားများကို လုံလုံလောက်လောက် စုပ်ယူပြီးနောက် ထိုကျဥ်းနက်ကြီးမှာ နီမြန်းစွာတောက်ပလာပြီး သူ၏သွေးစက်များမှာလည်း ပို၍ တလက်လက် လင်းလက်လာတော့သည်။
တစ်လတိတိ ကြိုးစားကျင့်ကြံပြီးနောက်ဆုံးတွင် သူ၏ဒုတိယမြောက် ထာဝရသွေးစက်ကို ဖန်တီးနိုင်လိုက်သည်။
ထိုဒုတိယသွေးစက်ပေါ်ထွက်လာမှုကြောင့် သူ၏ခန္ဓာကိုယ်ထဲရှိ အခြားသွေးစက်များမှာလည်း ပို၍တောက်ပထင်ရှားလာကြ၏။
ထိုအချိန်တွင် သူ၏မျက်လုံးများပွင့်သွားပြီး သူ၏အမူအရာမှာ အနည်းငယ်စိတ်ပျက်သည့် ပုံစံပေါက်သွားတော့သည်။
" ထာဝရသွေးစက်က သက်စောင့်အားအများကြီးလိုတာပဲ။ ငါယူလာခဲ့တဲ့ ဆေးပင်တွေရဲ့ တစ်ဝက်လောက်ကို စားပြီးတာတောင်မှ တစ်စက်ပဲရတယ် "
သူက နှာခေါင်းကို စိတ်ပျက်လက်ပျက်ပွတ်၍ သူ၏ ခန္ဓာကိုယ်ထဲတွင် သွေးစက်ပေါင်း နှစ်သောင်း၊သုံးသောင်း ဝန်းကျင်ခန့်ရှိနေသည့် အချက်ကိုတွေးမိလိုက်သောအခါ ထာဝရသွေးစက်ကို အပြီးတိုင် တတ်မြောက်ကျွမ်းကျင်နိုင်မည့် အိပ်မက်မှာ အလွန်ဝေးကွာနေမည်ဖြစ်ကြောင်း သိလိုက်တော့သည်။
ထိုကျင့်ကြံနှုန်းကို အရှိန်မြှင့်တင်နိုင်မည့် နည်းလမ်းကို စဥ်းစားတွေးတောနေစဥ်မှာပင် သူသည် ဖက်တီးကျန်းကြီးရှိရာအရပ်သို့ ရုတ်တရက်လှမ်းကြည့်လိုက်ပြီး ပျောက်ကွယ်သွားတော့သည်။ သူ ပြန်ပေါ်လာသောအခါ ဖက်တီးကျန်းကြီး၏ အခန်းထဲသို့ ရောက်နေပြီဖြစ်၏။
ဖက်တီးကျန်းကြီးမှာ တဆတ်ဆတ် တုန်ရီနေပြီး သူ၏ခန္ဓာကိုယ်တွင် ချွေးများစီးကျကာ အင်အားကြီးစွမ်းအင်တစ်ခုကို ထုတ်လွှတ်နေသည်။ ပိုင်ရှောင်ချန်းမှာ သူ့အားသေသေချာချာ အကဲခတ်လိုက်သောအခါ သူ၏အမြုတေမှာ ပျက်စီးနေပြီဖြစ်ကြောင်း ချက်ချင်းပင် သိလိုက်တော့သည်။
အမြုတေအဆင့်မှ ယင်ယန်ဝိညာဥ်အဆင့်သို့ တက်လှမ်းရန်အတွက်ဆိုလျှင် အမြုတေကို ဖျက်ဆီး၍ ယင်ယန်ဝိညာဥ်တစ်ခုအသွင် ပြောင်းလဲရမည်ဖြစ်သည်။
နတ်သားရဲဝိညာဥ်များက ထိုဖြစ်စဥ်ကိုကူညီပေးပြီး ယင်ယန်ဝိညာဥ်၏ နောက်ဆုံးပုံစံကို ပြုပြင်သန့်စင်ပေးကြသည်။
ပိုင်ရှောင်ချန်းက လုံးဝတွေဝေမနေပဲ ညာလက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီး ဖက်တီးကျန်းကြီးအားကွယ်ရန် သူ၏ပတ်ပတ်လည်တွင် အဖြူရောင်အလင်းတန်းစီးကြောင်းတစ်ကြောင်းကို ထုတ်လွှတ်လိုက်သည်။ ထိုအခါ ဖက်တီးကျန်းကြီးမှာ အလွန်အမင်း တုန်ရီမနေတော့ပဲ သူ၏စွမ်းအင်မှာ ပို၍အားကောင်းလာတော့သည်။ အဆုံးတွင် အက်ကွဲသံများ ကျယ်လောင်စွာ ပေါ်ထွက်လာတော့သည်။
သူ၏အမြုတေမှာ ကြေမွနေပြီဖြစ်သည်။
ရုတ်တရက် စစ်သင်္ဘောကြီး၏ အထက်ရှိ ကောင်းကင်ယံတွင် အနက်ရောင်တိမ်တိုက်များ စုဝေးစပြုလာတော့သည်။ လျှပ်စီးများလည်း လက်လာသဖြင့် သင်္ဘောပေါ်မှ ကျင့်ကြံသူများစွာက ဖြစ်ပျက်နေသည်များကို အကဲခတ်ရန် အပြင်သို့ပြေးထွက်လာကြသည်။
" ပြစ်ဒဏ်ပေး တိမ်တိုက်တွေပါလား "
" တစ်ယောက်ယောက်က ကျင့်ကြံခြင်းအခြေခံဖောက်ထွက်မှုတစ်ခု လုပ်နေပြီး ယင်ယန်ဝိညာဥ်တစ်ခုကို ဖန်တီးနေတာပဲ "
ထိုတအံ့တသြ ငြင်းခုံနေကြသည့်အသံများထွက်လာချိန်တွင် တလိပ်လိပ်ထနေသည့် ပြစ်ဒဏ်ပေး တိမ်တိုက်များအပေါ်တွင် ဧရာမမျက်နှာကြီးတစ်ခု ပေါ်ထွက်လာသဖြင့် စူးရှရှ အသံကြီးတစ်သံ မြည်ဟည်းသွားတော့သည်။
ထိုမျက်နှာမှာ ပိုင်ရှောင်ချန်း၏ မျက်နှာဖြစ်သည်။
သူသည် ပါးစပ်ဟလိုက်ပြီး ပြစ်ဒဏ်ပေး တိမ်တိုက်များကို ဝါးမျိုလိုက်သဖြင့် တဂျုန်းဂျုန်း မြည်ဟည်းသံများ ထွက်လာတော့သည်။
ထိုတိမ်တိုက်များမှာ သူ့အားလုံးဝ မယှဥ်နိုင်ပေ။
ထိုမြင်ကွင်းကို မြင်လိုက်ရသူတိုင်းမှာ အံ့ဩခြင်းကြီးစွာ ဖြစ်ကြရလေသည်။