အဘိုးနှင့် တွေ့ဆုံခြင်း
Vol. 6 Ch. 78
နန်ဟယ်မြို့နယ်ရှိ ဟူမိသားစုရွာနှင့် နှိုင်းယှဉ်ပါမူ ကျုံယွိမြို့နယ်ရှိ ရွာမှာ သိသိသာသာ ပိုမိုပြည့်စုံလေသည်။ သူတို့၏ ပတ်ဝန်းကျင် မြေမျက်နှာ သွင်ပြင်မှာ ပြန့်ပြူးလျှက် ဝန်းရံထားသည့် တောင်များနှင့် အတော်လေး ဝေးကွာလှသည်။ ၎င်းသည် နှင်းမုန်တိုင်းဒဏ် မခံရသော ရွာအနည်းငယ်ထဲမှ တစ်ရွာ ဖြစ်လေသည်။
သို့သော်လည်း မိသားစုတိုင်းတွင် ဝမ်းရေးအတွက် လုံလောက်သည့် အစားအစာများသ ရှိကြလေသည်။ သူတို့ ဟူမိသားစုရွာ ထက် ပိုချမ်းသာရန် မဖြစ်နိုင်ချေ။ ရွာအဝင်ဝတွင် လျိုရှီ၏ မိသားစုရှိလေသည်။
အုတ်နီများဖြင့် ပြုလုပ်ထားသော ခြံဝင်းမှာ ပြုပြင်ထိန်းသိမ်းမှု မရှိသည်မှာ ကြာပြီ ဖြစ်သဖြင့် အနည်းငယ် ဟောင်းနွမ်းနေပုံရလေသည်။ ခေါင်မိုးအား အုတ်ကြွပ်တစ်ဝက် ကောက်ရိုးတစ်ဝက်ဖြင့် မိုးထားခြင်း ဖြစ်သည်။
ခြံဝင်း၏ ဘယ်ဘက် အစွန်ဆုံးတွင် အိမ်ငယ်လေး တစ်လုံး ရှိလေသည်။ အချိန်အခါအလိုက် ချောင်းဆိုးသံများအား ကြားနေရသည်။ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးသည် ဆေးခွက် တစ်ခွက်အား ကိုင်ကာ ဝင်ရောက်လာခဲ့သည်။
ထိုအိမ်လေးထဲတွင် လျိုရှီ၏ အမေဖြစ်သူ ချင်ရှီသည် အထဲတွင် လှဲလျောင်းနေခဲ့လေသည်။ သူမသည် ယခုနှစ်တွင် အသက် ၄၈ နှစ်သာ ရှိသေးသည်။ သို့သော် သူမ၏ ရောဂါကြောင့် အသက် ၆၀ အရွယ် ဘွားဘွားအို တစ်ဦးနှင့် တူနေခဲ့ပေသည်။
"အမေ ဆေးသောက်ရမယ့် အချိန်ရောက်ပြီ"
ချွေးမအကြီးဖြစ်သူ အဒေါ်ယန်မှ ချင်ရှီအား ညင်သာစွာ နှိုးလိုက်လေသည်။ ချင်ရှီသည် ဆေးအား မမြင်သောအခါ သက်ပြင်းချလိုက်မိသည်။
"ငါ့အတွက် ဆေးထပ် မယူဖို့ ပြောထားတယ် မဟုတ်လား ဘာလို့ ပိုက်ဆံဖြုန်းနေရတာလဲ"
"အမေ ဘာတွေပြောနေတာလဲ သမားတော်က အမေ့ရောဂါကို ကုလို့ရတယ်တဲ့ နောက်လ အနည်းငယ်လောက် ကြာရင် အမေ သက်သာသွားမှာပါ"
"ငါတို့မိသားစုက ဘယ်လိုလုပ် ပိုက်ဆံ ဒီလောက်များများ ရှိမှာလဲ လအနည်းငယ် ဒီအတိုင်း ရက်အနည်းငယ် ဆက်သွားရင် ငါ့ကြောင့် မိသားစု မွဲပြာကျသွားမှာ ငါစိုးရိမ်တယ် ငါ့ကို စိတ်မပူပါနဲ့ နောက်ထပ် နှစ်ရက်လောက် သည်းခံလိုက်ရင် ငါအဆင်ပြေသွားမှာပါ"
ထိုသို့ပြောပြီးနောက် သူမသည် နောက်ထပ် အကြိမ် အနည်းငယ်ခန့် ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်ပြန်လေသည်။ အဒေါ်ယန်သည် ယောက္ခမအပေါ် အလွန် ရိုသေကိုင်းရှိုင်းဆဲ ဖြစ်ပေသည်။ သူမသည် တီးတိုးလေး ချော့မော့ပြောဆိုကာ ချင်ရှီ ဆေးသောက်ပြီးမှသာ ခွက်အား ယူသွားလေတော့သည်။ သို့သော် သူမ တံခါးဝသို့ ရောက်သည်နှင့် ချင်ရှီ မေးလိုက်သည်အား ကြားလိုက်ရသည်။
"နင့်ညီမလေး မပြန်လာသေးဘူးလား"
"မပြန်လာသေးဘူး"
"သူ ငါ့ကို အပြစ်တင်နေတာပဲ"
ချင်ရှီသည် ဤစကားအား ကြားသောအခါ ထပ်မံ၍ ငိုကြွေးမိတော့သည်။ သူမသည် နှစ်ကြိမ်ခန့် ငိုကြွေးလိုက်ကာ မျက်ရည်များအား သုတ်လိုက်လေသည်။ သူမ ကိုယ့်ကိုယ်ကိုယ် အားတင်းကာ မေးမြန်းလိုက်သည်။
"ဒါရှီ ဟူမိသားစုရွာကို သွားကြည့်ပြီးပြီလား သူတို့ရွာ အခြေအနေ ဘယ်လိုရှိလဲ"
ယခင် အချိန်များတွင် ရွာအတော်များများ နှင်းများ ဖုံးလွှမ်းကာ ပျက်စီးသွားကြောင်း သူတို့ ကြားသိခဲ့ရလေသည်။ ဟူမိသားစုရွာတွင် အခြေအနေ မည်သို့ ရှိသည်ကိုသည သူတို့ မသိကြခြင်း ဖြစ်သည်။
ဟူမိသားစုရွာသည် သုံးဖက်သုံးတန် တောင်များ ဝန်းရံထားလေသည်။ နှင်းမုန်တိုင်း ကျရောက်ရန် အလွန်လွယ်ကူလှသည်။ သို့သော်လည်း သူတို့သည်လည်း အလုပ်များသဖြင့် သွားကြည့်ရန် အချိန်မရကြပေ။
ချင်ရှီသည် ဟူမိသားစုရွာတွင် အိမ်ထောင်ကျသွားသည့် အငယ်ဆုံးသမီး ဖြစ်သူအား သတိရကာ အချိန်ရတိုင်း မိသားစုအား သွားကြည့်ရန် တိုက်တွန်းလေ့ ရှိပေသည်။
မည်သူမျှ မသွားချင်ကြသဖြင့် သူမအား အပေါ်ယံမျှသာ ချော့မော့ထားကြခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ သူတို့ လက်ချည်းသက်သက် မသွားနိုင်သော်လည်း အိမ်တွင် ဘာမှမကျန်တော့ပေ။
"ကြည့် ကြည့် ကြည့် ဘာကြည့်စရာရှိလဲ သူက အဲဒီလို ဆင်းရဲတဲ့ ရွာမှာ လက်ထပ်ချင်ခဲ့တာ သူ သေသွားပြီလို့ပဲ သဘောထားလိုက်"
အဘိုးအိုလျို အိမ်ပြန်ရောက်ခါစတွင် ဇနီးဖြစ်သူ၏ စကားအား ကြားလိုက်ရတော့သည်။ သူသည် ချက်ချင်းပင် မျက်မှောင်ကြုတ်လိုက်ကာ အိမ် အတွင်းသို့ ဝင်လာခဲ့ကာ အော်ငေါက်လေတော့သည်။
အဒေါ်ယန်သည် ဤအသံကျယ်ကျယ်ဖြင့် ယောက္ခမဖြစ်သူအား အကြောက်ဆုံး ဖြစ်လေသည်။ သူ့အား နှုတ်ဆက် ပြီးနောက် သူမ အလျှင်အမြန် လစ်ထွက် သွားလိုက်လေတော့သည်။
ချင်ရှီမှ တိုးတိုးလေး ပြောလိုက်လေသည်။
"ဝမ်အာက ငါတို့မိသားစုအတွက် အဲဒီတုန်းက အဲဒီလို အိမ်ထောင်ရေးကို သဘောတူခဲ့တာပါ အခု သုံးနှစ်ရှိပြီလေ ရှင်က ဘာလို့ အဲဒီကိစ္စကို ဖက်တွယ်ထားရတာလဲ"
"သူမက တကယ် သိတတ်တာပဲ ငါ သုံးနှစ်လုံးလုံး ဝေဖန်ခံခဲ့ရပြီး လူတွေက ငါ့သမီးကို ဂုဏ်သိက္ခာ အတွက် ရောင်းစားတယ်လို့တောင် ပြောကြသေးတယ် ဖွီ စားစရာ ၁၀ ကတ်တီက ဘယ်လောက်တောင် ဂုဏ်သိက္ခာ ရှိလို့လဲ"
ဤအကြောင်းအား ပြောရလျှင် အဘိုးအိုလျို ဒေါသထွက်မိလေသည်။ လွန်ခဲ့သော သုံးနှစ်တွင် သူတို့မိသားစု ဒုက္ခရောက်နေခဲ့ကာ သူသည်လည်း အပြင်းအထန် ဖျားနာနေခဲ့သည်။ မိသားစုတွင် မည်သူမျှ သူ၏ အဓိက ထောက်ပံ့သူ နေရာအား မဖြည့်ဆည်းနိုင်ခဲ့ချေ။ အောင်သွယ်တော်မှ မိသားစုတစ်စုမှ စားစရာ ၁၀ ကတ်တီ ပေးရန် ဆန္ဒရှိကြောင်း ပြောသည်နှင့် သူ၏ သမီးငယ်လေးသည် ချက်ချင်း မျက်ရည်များဖြင့် လက်ထပ် သွားခဲ့လေသည်။
သူနေကောင်းလာသောအခါ သမီးဖြစ်သူ လက်ထပ်သွားသော မိသားစုအကြောင်း စုံစမ်းကြည့်ခဲ့လေသည်။
‘ဘုရားရေ အဲဒါ ဘယ်လို မိသားစုကောင်းမျိုးလဲ’
နန်ဟယ်မြို့နယ် တစ်ခုလုံးတွင် အဆင်းရဲဆုံးရွာဖြစ်သည်။ ထို့အပြင် ဝမ်မိသားစုသည် တစ်ရွာလုံးတွင် အဆင်းရဲဆုံး မိသားစုပင် ဖြစ်နေသေးသည်။
၎င်းသာမက ဝမ်မိသားစုတွင် သားများစွာရှိကာ ယောကျာ်းများသည် မိန်းမများအား မကြာခဏ ရိုက်နှက် တတ်ကြောင်း လူတိုင်းမှ ပြောကြသေးသည်။ ယောက္ခမ ဖြစ်သူသည်လည်း အလွန်ကြမ်းတမ်းကာ ချွေးမ များအား သေဆုံးသည် အထိ ညှင်းပန်းနှိပ်စက်တတ်သည် ဟု ကောလာဟလ ထွက်နေသေးပေသည်။
ထိုသို့သော မိသားစုမျိုးအား လက်ထပ်ဝင်ရောက် ပြီးနောက် သူ၏ သမီး ဖြစ်သူသည် မည်သို့ အဆင်ပြေနိုင်လိမ့်မည်နည်း။ ၎င်းအား ဘေးဖယ်ထားလိုက်လျှင်ပင် လွန်ခဲ့သော နှစ်နှစ်တွင် သူမ ပြန်လာသောအခါ ပိန်လှီကာ အားနည်းနေပုံရလေသည်။ သို့သော် ၎င်းအားလည်း လျစ်လျူရှုထား၍ ရသေးသည်။ အဓိကမှာမူ သူတို့ ကလေးမွေးပြီးပြီလားဟု မေးချိန်တွင် သူမသည် ဗလုံးဗထွေးနှင့် မသေချာ မရေရာ သလိုသာ ပြန်ဖြေခဲ့ခြင်း ဖြစ်သည်။
သူမ၏ သမီး အကြီးအကျယ် မတရားခံရပြီးနောက် အိမ်ပြန်လာရန် ရှက်နေမည်ကိုသာ ချင်ရှီ စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ လျိုရှီသည် သူမထံမှ ငွေချေးရန် တိတ်တဆိတ် တောင်းဆိုသောအခါ သူမသည် မိသားစု၏ စုဆောင်းငွေ တစ်ဝက်အား ကိုယ်တိုင် ထုတ်ပေးခဲ့လေသည်။
ဤသည်မှာ ငွေတစ် တေးပင် ဖြစ်သည်။ ထိုအကြောင်းအား တွေးမိပြီးနောက် အဘိုးအိုလျိုသည် ရင်ဘတ် အတွင်းမှ နာကျင်မှုအား ခံစားလိုက်ရလေသည်။
"ပိုက်ဆံချေး ပြီးတဲ့နောက် သူ ဘယ်တော့မှ ပြန်မလာတော့ဘူး ကျေးဇူးကန်းတဲ့ သူတောင် တစ်ခါတလေ ပြန်လာ ကြည့်တတ်သေးတယ်"
အဘိုးအိုလျိုသည် မြေပြင်ပေါ်သို့ တံတွေးထွေးချပြီးနောက် ချင်ရှီအား ကြမ်းတမ်းသော အသံဖြင့် ပြောဆိုကာ စိုက်ကြည့်လိုက်သည်။
"နင် အဲဒီဂြိုလ်ဆိုမအကြောင်း ဆက်ပြောနေရင် ပြဿနာ ရှင်းသွားအောင် နင့်ကို ရေကန်ထဲ ပစ်ချလိုက်မယ်"
ချင်ရှီ၏ မျက်နှာပေါ်သို့ မျက်ရည်များ ထပ်မံ စီးကျလာခဲ့တော့သည်။
"အဲဒါ ရှင့်သမီးလေ သူမကို အဲဒီလို ဘယ်လို ပြောရက်တာလဲ"
သူမ ပြောရင်း ရင်ဘတ်အား ဖိကာ ထပ်မံ၍ ချောင်းဆိုးလိုက်လေသည်။
"ငါ့မှာ သမီးသုံးယောက်ရှိတယ် ငါမှာ သမီးရှားနေလို့လား နင့်ကို အမှန်အတိုင်း ပြောပြမယ် သူတို့ ဟူမိသားစုရွာက နှင်းထဲမှာ မြုပ်သွားပြီး အကုန်သေကုန်ပြီ ငါ့ပိုက်ဆံလည်း ပြန်မရနိုင်တော့ဘူး တောက်"
အဘိုးအိုလျို ဒေါသထွက်သွားတော့သည်။ သူ သည် တံခါးဝရှိ အမှိုက်များအား ကန်ထုတ်လိုက်လေရာ ပစ္စည်းများ ပြုတ်ကျသံအား ကြားလိုက်ရသည်။
ရွာတစ်ရွာလုံး နှင်းများအောက် မြုပ်ကာ အားလုံးသေကုန်ပြီဟု ကြားသောအခါ ချင်ရှီ၏ သူငယ်အိမ်များ ကျယ်လာခဲ့လေသည်။ သို့သော် သူမရှေ့ရှိ ဒေါသထွက်နေသည့် ခင်ပွန်း ဖြစ်သူကြောင့် သူမ ဆက်မမေးရဲတော့ချေ။ အဘိုးအိုလျို အိမ်ထဲမှ ထွက်လာသောအခါ ရွာထဲမှ ကောင်စုတ်လေး တစ်ယောက်သည် သူတို့တံခါးဝတွင် ရောက်နေသည်ကို တွေ့လိုက်ရသည်။
"ဘာကြည့်နေတာလဲ ထွက်သွားစမ်း"
အဘိုးအိုလျိုမှ အော်ဟစ်လိုက်သည်။ ကလေးငယ်သည် နှာခေါင်းရှုံ့ကာ လည်ပင်းအား ကျုံ့ထားလိုက်လေသည်။
“ဒုတိယ အကြီးအကဲ လျို ဧည့်သည်လာတယ်"
ထိုသို့ပြောပြီးနောက် သူ ထွက်ပြေး သွားလေတော့သည်။
‘သေစမ်း အရမ်းကြောက်စရာကောင်းတာပဲ’
သူသည် ဒုတိယ သခင်လျို၏ အိမ်အား နောင်တွင် ဘယ်တော့မှ ပြန်မလာတော့ဘူး။
‘သူက ရွာအဝင်ဝတွင် ဒေါသထွက်နေသည့် မြည်းအိုကြီး ထက်တောင် ပိုကြောက်စရာကောင်းသေးတယ်’
အဘိုးအိုလျို ကျိန်ဆဲလိုက်မိသည်။
"ငါတို့မိသားစုက အရမ်းဆင်းရဲတာ ဘာလို့ ဧည့်သည်လာရတာလဲ"
သို့သော်လည်း သူသည် တံခါးဆီသို့ လည်ပင်း ဆန့်ကြည့် လိုက်လေရာ လူအနည်းငယ်သည် အဝေးမှ သူတို့ဆီသို့ လျှောက်လာသည်အား တွေ့လိုက်ရသည်။ ကလေးအချို့သည် သူတို့အား ဝိုင်းရံထားကြသည့် အတွက် မည်သူ ဖြစ်ကြောင်း သူ မမြင်ရချေ။ အဘိုးအိုလျိုသည် တံခါးဝမှ ခြေလှမ်းဆုတ်လျှက် အော်ပြောလိုက်လေသည်။
"လျိုဒါရှီ အပြင်ထွက်ခဲ့စမ်း ငါ့လက်ဖက်ရည် ဘယ်မှာလဲ"
သူက 'လက်ဖက်ရည်' ဟူသော စကားလုံးအား ပြောသော်လည်း ၎င်းမှာ အိမ်အပြင်ဘက်တွင် ပေါက်နေသည့် ပူဒီနာပင် အနည်းငယ်သာ ဖြစ်လေသည်။ သူတို့သည် အရွက်များအား ခူးကာ ပြုတ်သောက်ကြခြင်း ဖြစ်ပေသည်။
ဆောင်းရာသီတွင် သောက်ရသည်မှာ လေအား တစ်ငုံ သောက်ရသကဲ့သို့ပင် ဖြစ်သည်။ လျိုဒါရှီသည် ဝက်ခြံအား ရှင်းလင်းနေစဉ် ဤအော်သံအား ကြားလိုက်ရသဖြင့် အလျင်အမြန် ပြေးထွက်လာခဲ့သည်။
...
အဒေါ်ယန်မှ သူ့အား အလျင်အမြန် ပြန်တွန်းလိုက်လေသည်။
"သွားပြီး အလုပ်လုပ်နေ ငါ ရေသွားကျိုလိုက်မယ် ရှင့်အဖေ အခု စိတ်မကြည်ဘူး သူ့ဆီ မသွားနဲ့"
အိမ်ရှိ ချွေးမနှစ်ယောက်စလုံးသည် ယောက္ခမ ဖြစ်သူ၏ စိတ်နေသဘောထားအား ရိပ်မိနေကြပြီ ဖြစ်သည်။ သူသည် အချိန်မရွေး ပေါက်ကွဲနိုင်သည့် ဗြောက်အိုး တစ်လုံး ဖြစ်နေခဲ့သည်။
သူသည် ဇနီး သားနှင့် သမီးအပေါ် ဒေါသထွက် တတ်သော်လည်း ချွေးမများအပေါ် မည်သည့်အခါမျှ ဒေါသလွှတ်လေ့မရှိချေ။ အဒေါ်ယန်သည် ရေကျိုပြီးခါစတွင် အပြင်ဘက်မှ ဆူညံသံအား ကြားလိုက်ရလေသည်။
"ဒုတိယ အကြီးအကဲ လျိုရေ ဧည့်သည်လာတယ် ဗျို့"
"ချစ်စရာကောင်းတဲ့ ကောင်မလေး တစ်ယောက်လည်း ပါသေးတယ်"
"ဂေါ်ဒန် ဂေါ်ရှန်း ဂေါ်ထုံ မြန်မြန်ထွက်ခဲ့ ဧည့်သည်တွေ ရောက်နေပြီ"
ခဏအကြာတွင် အဘိုးအိုလျို၏ အိမ်တွင် ကလေးများစွာ စုရုံး လာကြတော့သည်။ အားယွီလေးသည်လည်း ဆင်းလာပြီးနောက် ကိုယ်တိုင် လမ်းလျှောက်နေပြီ ဖြစ်သည်။ လမ်းလျှောက်ရင်း သူမ ပင်ပန်းလာသဖြင့် လျိုရှီမှ ချီထားလိုက်လေသည်။ ဖွားဖွား ဖြစ်သူ အိမ်သို့ မရောက်မီ သူမလေးသည် အကြိမ်များစွာ အိပ်ခဲ့ပြီး ဖြစ်သည်။ အရမ်းဆူညံနေသဖြင့် သူမ နိုးလာခဲ့ခြင်း ဖြစ်သည်။
...
အဘိုးအိုလျို သူ၏ မိဘစကား နားမထောင်သည့် သမီး ဖြစ်သူ ပြန်လာသည်အား အဝေးမှ မြင်နေရပြီ ဖြစ်သည်။ သူသည် အိမ်ထဲတွင် အကြိမ်အနည်းငယ် လှည့်ပတ်သွားလာနေစဉ် နောက်ဆုံးတွင် သူတို့ တံခါးဝသို့ ရောက်ရှိ လာကြပြီ ဖြစ်သည်။ သူသည် သူ၏ သမီး ဖြစ်သူအား မြင်သော် အော်ဟစ် ပြောဆိုလိုက်တော့သည်။
"နင် ပြန်လာတတ်သေးတာပဲ"
အော်သံကြားသည်နှင့် ပတ်ဝန်းကျင်ရှိ အုတ်အော် သောင်းနင်းဖြစ်မှုအား ကြည့်နေသည့် ကလေးများ ချက်ချင်း လူစုခွဲ သွားကြတော့သည်။ မျက်လုံးများအား ပွတ်သပ်နေသည့် မိန်းကလေးငယ် တစ်ဦးသာ ကျန်ရစ်လေသည်။ သူမ၏ မျက်လုံးများမှာ အိပ်ချင်မူးတူး ဖြစ်နေခဲ့ကာ အရည်လဲ့နေလေသည်။
မိန်းကလေးငယ်လေးအား လျိုရှီ၏ ရင်ခွင်ထဲမှ ချထားလိုက်လေသည်။ သူမသည် အလွန် သေးငယ်လှ သဖြင့် ဝမ်ချွမ်းမန်၏ ခြေသလုံးခန့်သာ အရပ် ရှိသေးသည်။
သူမသည် အဘိုးအိုလျို အနီးသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်ကာ သူ့အား အနည်းငယ်မျှ မကြောက်ရွံ့ပေ။ ထို့အစား သူမ၏ မျက်နှာလေးအား မော့လိုက်ကာ သူ့အား စပ်စုချင်စိတ်ဖြင့် ကြည့်နေလေသည်။
"ဘိုးဘိုး ဘိုးဘိုးက မေမေ့ရဲ့ ဖေဖေလား ဟင်"
အားယွီလေးသည် မျက်တောင်ခတ်လိုက်ကာ သူမ၏ ရင်ဘတ်အား လက်ငယ်လေးဖြင့် ပုတ်လိုက်လေသည်။ သူမ၏ စိတ်ထဲတွင် အကြိမ်ကြိမ် လေ့ကျင့်ထားသည့် စကားအား ပြောလိုက်လေသည်။
"ဘိုးဘိုး မင်္ဂလာပါ သမီးက မေမေ့ရဲ့ အားယွီပါ"