← Chapters

မောင်နှမဆွေမျိုးများ

Vol. 6 Ch. 79

မောင်နှမဆွေမျိုးများ

Vol. 6 Ch. 79

အဘိုးအိုလျိုသည် လင်းယုန်ငှက် တစ်ကောင်ပမာ စူးရှ ထက်မြက်လှသည့် မျက်လုံးကြီးများဖြင့် အားယွီလေးအား စိုက်ကြည့်နေလေသည်။

အားယွီလေးမှာမူ အနည်းငယ်မျှ ကြောက်ရွံ့နေခြင်း မရှိချေ။ ဤအဘိုးကြီး၏ ရုပ်သွင်မှာ ခက်ထန် ကြမ်းတမ်း လှသည်ဟု ခံစား ရသော်ငြားလည်း တကယ်တမ်းတွင်မူ အလျှင်း ကြောက်စရာ မကောင်းကြောင်း သူမလေး သိရှိနေခဲ့သည်။

လျိုရှီမှာလည်း အလွန်တရာ စိုးရိမ်တကြီး ဖြစ်နေခဲ့ကာ တံခါးဝတွင် ရပ်ရင်း အသံပင် မထွက်ရဲချေ။

ဝမ်ချွမ်းမန်သည်လည်း စကားတစ်ခွန်းမျှ မဟရဲပေ။ ဤသည်မှာ သူ၏ ယောက္ခမ ဖြစ်သူအား ဒုတိယ အကြိမ်မြောက် ဆုံတွေ့ဖူးခြင်းပင် ဖြစ်သည်။ ပထမအကြိမ်တွင် လျိုရှီနှင့် လက်ထပ်စဉ်က ဖြစ်ကာ ထိုစဉ်တွင် အဘိုးအိုလျိုသည် သူ့အား အရှင်လတ်လတ် ဝါးစားတော့မည့် အမူအရာဖြင့် ကုတင်ပေါ်တွင် လဲလျောင်းရင်း ကြည့်နေခဲ့လေသည်။ ထို့အပြင် ဤအဘိုးအိုသည် မိမိ၏ မိခင် ဖြစ်သူနှင့် အလွန်ပင် ဆင်တူလှသည်ဟု ဝမ်ချွမ်းမန် ခံစားရလေသည်။ တစ်ဖက်လူ၏ ရှေ့တွင် ရပ်နေရချိန်၌ သူသည် စကား များများစားစား မပြောရဲချေ။

"ဒါ မင်းရဲ့သမီးလား"

ဟု အဘိုးအိုလျိုမှ နောက်ဆုံးတွင် စကားစလာခဲ့သည်။ လျိုရှီ၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားလေသည်။ ဖခင်ဖြစ်သူသည် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ရိပ်မိသွားပြီလော။ ဤကိစ္စအား အဆင်ပြေပြေ ပြီးငြိမ်း သွားစေရန် အလို့ငှာ သူမ သည် မည်သို့ ဖြေရှင်းရမည်နည်း။

လျိုရှီ မှ စကားပြောရန် အခွင့်မရလိုက်ခင်မှာပင် အဘိုးအိုလျိုမှ ဝမ်ချွမ်းမန်ထံသို့ အထင်မြင်သေးသည့် အကြည့်များဖြင့် စိုက်ကြည့်လိုက်ရင်း ပြောဆိုလိုက်သည်။

"မင်းလို ရုပ်မျိုးနဲ့များ ဒီလောက် ချစ်စရာကောင်းတဲ့ သမီးလေး မွေးလာရတယ်လို့ အရင်ဘဝက နံ့သာတိုင်တွေ အများကြီး ထွန်းညှိပူဇော်ခဲ့လို့ နေမှာပေါ့"

ဝမ်ချွမ်းမန် တစ်ယောက် ယောက်ခ္မ ဖြစ်သူ၏ စကားအား ကြားချိန်တွင် ဆွံအ သွားခဲ့ရလေတော့သည်။

‘နေပါဦး ငါ့ရုပ်ရည်ကလည်း သိပ်ဆိုးတာမှ မဟုတ်တာ ရွာနီးချုပ်စပ်က လူတွေအားလုံးက ငါ့ကို ရုပ်ဖြောင့်တဲ့ လူငယ်လေးလို့ ပြောကြတာပဲဟာကိုး’

ယောက္ခမဖြစ်သူ၏ စူးရှသည့် အကြည့်များ အောက်တွင် ဝမ်ချွမ်းမန်မှာ ပြန်လည် မချေပရဲဘဲ တဟီးဟီးဖြင့်သာ ရယ်မောနေလိုက်ရတော့သည်။

"ညီမလေး ပြန်ရောက်ပြီလား အမယ် ဘာလို့ တံခါးဝမှာ ရပ်နေကြတာလဲ မြန်မြန် ဝင်ခဲ့ကြလေ ရေနွေးကြိုထားတယ်"

အရေးကြီးသည့် အချိန်လေးတွင် လျိုဒါရှီ ရောက်လာခဲ့ကာ ဝမ်ချွမ်းမန်၏ လက်မောင်းအား ဆွဲလျှက် အတင်း ခေါ်ယူသွားလေတော့သည်။ ထို့နောက် လျိုရှီကိုပါ လှည့်၍ ခေါ်လိုက်သေးသည်။

လျိုရှီနှင့် ဝမ်ချွမ်းမန်တို့လည်း အမြန်အဆန်ပင် နောက်မှ လိုက်ဝင် သွားကြလေသည်။ အားယွီလေးသည် သူမ၏ ဘိုးဘိုးဖြစ်သူ အထီးကျန်စွာ ရပ်နေသည်အား မြင်သောအခါ ခေတ္တမျှ စဉ်းစားပြီးနောက် သူမ၏ လက်သေးသေးလေးအား အဘိုး၏ လက်ဖဝါးထဲသို့ ထိုးထည့် ပေးလိုက်လေသည်။

အဘိုးအိုလျို၏ လက်ဖဝါးမှာ ကော်ဖတ်စက္ကူကဲ့သို့ အလွန်တရာ ကြမ်းတမ်းလှသည်။ ထိုအချိန်တွင် အားယွီလေးမှ သူမ၏ လက်ကလေးအား ထိုးထည့်လိုက်သောအခါ သူ၏ လက်ဖဝါးကြီးမှာ တုန်ရီသွားခဲ့သည်။

"ဘာလုပ်တာလဲ"

ဟု အဘိုးအိုလျိုမှ မျက်မှောင်ကြုတ်လျက် အမှတ်တမဲ့ အော်ငေါက်လိုက်ရန် ပြင်လိုက်လေသည်။ သို့သော် ဤမျှ သေးငယ်လှသည့် ကလေးငယ်လေးအား မြင်သောအခါ သူ အကျယ်ကြီး အော်လိုက်မိပါက ကလေးငယ်လေး လွင့်စဉ်သွားမည်ကိုလည်း စိုးရိမ်သွားမိလေသည်။ သို့ဖြစ်၍ သူ၏ အော်သံမှာ အနည်းငယ် တိုးဝင်သွားလေသည်။

"ဘိုးဘိုးရဲ့ အိမ်က အရမ်းဝေးတာပဲ အားယွီက ပန်းလေးတွေ ခူးပြီး ဘိုးဘိုးနဲ့ ဘွားဘွားကို ပေးမလို့ပဲ ဒါပေမဲ့ အရမ်းဝေးတော့ ပန်းလေးတွေ အကုန်ကျကုန်ပြီ"

တကယ်တမ်းတွင်မူ အားယွီလေး အိပ်ပျော်နေစဉ် အမှတ်တမဲ့ ပြုတ်ကျ သွားခြင်းသာ ဖြစ်သည်။ ဝမ်ချွမ်းမန်နှင့် ကျန်သူများသည်လည်း ထိုပန်းများအား ပြန်ကောက်ပေးရန် စိတ်ကူး မရှိခဲ့ကြပေ။

အဘိုးအိုလျိုမှ နှာခေါင်းရှုံ့လိုက်ရင်း ပြန်ပြောလိုက်လေသည်။

"ဘယ်သူက အဲဒါတွေ လိုချင်လို့လဲ"

ထို့နောက် သူသည် အားယွီလေး၏ လက်အား ဆွဲကာ ဧည့်ခန်းမဆောင်ထဲသို့ ဖြည်းညင်းစွာ ဝင်ရောက်သွားခဲ့သည်။ လျိုဒါရှီမှ သူတို့အား ထိုင်ရန် နေရာ ပေးထားပြီး ဖြစ်သည်။

အဘိုးအိုလျို ဝင်လာသည်နှင့် တစ်ပြိုင်နက် ယခုလေးတင် ထိုင်ခုံပေါ်တွင် နေရာယူထားသည့် ဝမ်ချွမ်းမန်မှာ ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး အနည်းငယ် ရိုသေ ကြောက်ရွံ့စွာဖြင့် ခေါ်လိုက်လေသည်။

"အဖေ"

လျိုရှီသည်လည်း ဖခင်ဖြစ်သူအား နှုတ်ဆက်လိုက်လေသည်။ အားယွီလေးမှာမူ လျိုရှီ ထံသို့ အမြန် ပြေးသွားလိုက်ကာ သူမ၏ ရင်ခွင်ထဲသို့ တိုးဝင်သွားခဲ့သည်။

"ငါက နင့်ရဲ့ အဖေဆိုတာ မှတ်မိသေးတာပေါ့လေ နင် ယောက်ျား ရသွားတော့ မျိုးရိုးနာမည်ပါ ပြောင်းသွားပြီ ထင်နေတာ နှစ်သစ်ကူးတောင် လွန်သွားပြီ အခုမှပဲ ရောက်လာတော့တယ် အိမ်ပြန်လာတဲ့ လမ်းမှာ ချော်ရည်ပူတွေများ ခင်းထားလို့များလား"

ဝမ်ချွမ်းမန် ရှိနေသော်ငြားလည်း အဘိုးအိုလျိုသည် လျိုရှီအား မျက်နှာသာ ပေးမည့်ဟန် မပေါ်ချေ။ 'အိမ်' ဟူသော စကားလုံးအား ကြားလိုက်ရသောအခါ လျိုရှီ၏ မျက်ဝန်းများ နီရဲလာခဲ့လေသည်။

"အဖေနဲ့ အမေဆီကို စောစော လာမကြည့်ဖြစ်တာ သမီး အမှားပါ"

လျိုရှီသည် ခေါင်းငုံ့လျှက် မျက်ရည်များအား သုတ်ရင်းဖြင့် မည်သို့မျှ ဆက်မပြောရဲတော့ချေ။ လျိုဒါရှီမှ အိမ်ရှိ ကလေး တစ်ဦးအား အပြင်ထွက်၍ လျိုအားရှီကို သွားခေါ်ရန် စေခိုင်းလိုက်လေသည်။

မကြာမီမှာပင် ဧည့်ခန်းမဆောင်ထဲတွင် လူအများအပြား စုဝေး ရောက်ရှိလာကြလေသည်။ လျိုမိသားစုမှ ညီအစ်ကို နှစ်ယောက် ချွေးမ နှစ်ယောက် မြေးယောက်ျားလေး သုံးယောက်နှင့် မြေးမိန်းကလေး နှစ်ယောက်တို့ ဖြစ်ကြသည်။

လူကြီးများသည် ခြင်းတောင်းအား အလိုအလျောက် ကြည့်လိုက် မိကြသော်လည်း ကလေးများမှာမူ ရောက်ကာစ မိန်းကလေးငယ်ကိုသာ စိတ်ဝင်တစား ကြည့်နေကြလေသည်။ လျိုရှီသည် ပစ္စည်းများအား တစ်ခုချင်းစီ ထုတ်ယူလိုက် ပြီးနောက် သေချာရှင်းပြလိုက်လေသည်။

"နှစ်သစ်ကူး မတိုင်ခင်က ရွာမှာ နှင်းမုန်တိုင်း ကျလို့လေ လမ်းတွေအကုန်လုံး နှင်းတွေ ဖုံးသွားတော့ ရွာထဲက လူတွေ အကုန်လုံး အပြင်ထွက်လို့ မရဖြစ်သွားတယ် နှစ်သစ်ကူး ပြီးတော့လည်း မျိုးစေ့ချဖို့ အလုပ်များနေတာနဲ့ လာလည်ဖို့ အချိန်မရဖြစ်သွားတာပါ အဖေ သမီးတို့ကို အပြစ်မတင်ပါနဲ့နော်"

"ဒါက ယောက္ခမကြီးက အိမ်ပြန်ရင် ယူသွားဖို့ ထည့်ပေးလိုက်တာပါ အဝတ်အထည်တွေက အဖေ့အတွက် အင်္ကျီချုပ်ဝတ်ဖို့ပါ ဒီမှာက စားစရာ သိပ်မရှိတော့ အသားတွေက အားရှိအောင် စားဖို့ပါ"

အသားများအား ထုတ်ယူလိုက်ချိန်တွင် အားလုံး၏ မျက်လုံးများ ပြူးကျယ် သွားကြကုန်တော့သည်။ သူတို့သည် နှစ်သစ်ကူး အချိန်၌ပင် အသားမစားခဲ့ရချေ။ အိမ်ရှိ စားစရာများ အားလုံးကိုလည်း စားသုံးပြီး သွားကြပြီ ဖြစ်သည်။ ငွေတစ်ဝက်အား စားနပ်ရိက္ခာနှင့် လဲလှယ်ခဲ့ပြီးနောက် ကျန်တစ်ဝက်ကိုမူ ချင်ရှီ၏ ဆေးကုသ စရိတ်အတွက် အသုံးပြုခဲ့ကြလေရာ အသားဝယ်ရန် ငွေကြေး သိပ်မကျန်တော့ချေ။

"ငါတို့က ဒီပစ္စည်းတွေ လိုနေလို့လား ပြန်ယူသွားစမ်း"

ဟု အဘိုးအိုလျိုမှ အခြားသူများ၏ စိတ်ပျက်သွားသည့် မျက်နှာများအား လျစ်လျူရှုလိုက်ကာ အေးစက်စက် အသံဖြင့် ဆိုလိုက်လေသည်။

"ငါတို့ လျိုမိသားစုက မင်းတို့ ဝမ်မိသားစု လောက်တောင် အဆင့်မရှိဘူးလို့ ထင်နေတာလား"

ခေတ္တအကြာတွင် ဝမ်ချွမ်းမန်သည် အဘိုးအိုလျို၏ စိတ်နေသဘောထားအား အကြမ်းဖျင်း နားလည်သွားခဲ့သည်။ ဤအချိန်၌ သူသည် ယခင်ကလောက် မကြောက်ရွံ့တော့ဘဲ အပြုံးလေးဖြင့် တောင်းပန်စကား ဆိုလိုက်လေသည်။

"အဖေရယ် ကျွန်တော်တို့ကို သူစိမ်းတွေလို သဘောထားနေပြန်ပါပြီ ဒါက အဖေ့အပေါ် ထားတဲ့ ကျွန်တော်တို့ရဲ့ သားသမီးဝတ္တရားပါ နှစ်ဆန်း ပိုင်းကတည်းက လာသင့်ပေမယ့် တကယ်ကို ထွက်လာလို့ မရခဲ့တာပါ ကျွန်တော့် မိန်းမကလည်း အိမ်ပြန်ချင်တယ်ဆိုပြီး အိမ်မှာ ပူညံပူညံ လုပ်နေတာပဲ ဒါပေမဲ့ အဲဒီအချိန်တုန်းက သူ့ခန္ဓာကိုယ်ကလည်း သေချာ နာလန် မထသေးတော့ ကျွန်တော် တကယ်ပဲ စွန့်စားပြီး မခေါ်လာရဲခဲ့လို့ပါ"

ဤစကားအား ကြားသောအခါ အဘိုးအိုလျို သည် မျက်မှောင်ကြုတ်မိသွားခဲ့ကာ လျိုရှီအား ကြည့်လိုက်ကာ မေးမြန်းလိုက်လေသည်။

"မင်း ဘာဖြစ်ပြန်ပြီလဲ"

လျိုရှီသည် နှစ်သစ်ကူးမတိုင်မီတွင် ကိုယ်ဝန်ပျက်ကျခဲ့ကာ ဝမ်းဗိုက်ထဲမှ ကလေးအား မကာကွယ်နိုင်ခဲ့သည်ကို ပြန်လည်၍ သတိရသွားလေတော့သည်။ ဝမ်ချွမ်းမန်မှ ဤကိစ္စအား ထုတ်မပြောလျှင် သူမပင် မေ့နေလောက်ပြီ ဖြစ်သည်။ ဤကာလတစ်လျှောက်လုံး သူမ၏ စိတ်အာရုံမှာ အားယွီလေး အပေါ်၌သာ အာရုံစိုက်ထားခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် သူမ၏ ကျန်းမာရေးမှာလည်း အလွန်ပင် ကောင်းမွန်လာသဖြင့် ထိုကိစ္စအား နောက်ထပ် မစဉ်းစား ဖြစ်တော့ချေ။ အများကြီး တွေးနေမိလျှင် စိတ်ဓာတ်ကျသွားမည်အား သူမ စိုးရိမ်မိလေသည်။ ဝမ်ချွမ်းမန်မှ လျိုရှီ ၏ ကိုယ်ဝန်ပျက်ကျခဲ့သည့် အကြောင်းအား ပြောပြလိုက်လေသည်။

"ခွေးကောင် ငါ့သမီးကို မင်း ဒီလိုပဲ စောင့်ရှောက်ရသလား"

အဘိုးအိုလျိုသည် ဒေါသထွက်စွာဖြင့်စားပွဲအား ဒိုင်းခနဲ မြည်အောင် ရိုက်ချလိုက်လေတော့သည်။ မည်သို့မျှ မစဉ်းစားနိုင်တော့ဘဲ ဝမ်ချွမ်းမန်သည် မျက်ရည်ဝဲလျှက် အဘိုးအိုလျို ၏ ရှေ့တွင် ဒူးထောက်ချလိုက်လေသည်။

"အဖေ ကျွန်တော် သူ့ကို သေချာ မစောင့်ရှောက်နိုင်ခဲ့ပါဘူး ကျွန်တော့်ကိုသာ ရိုက်ပါတော့"

"ဟင့်အင်း ဖေဖေ့ကို မရိုက်ပါနဲ့"

အားယွီလေးသည် ဝမ်ချွမ်းမန်၏ ခေါင်းအား ဖက်ထားလိုက်ကာ အဘိုးအိုလျိုအား ကြည့်လျှက် ပြောလိုက်သည်။

"ဘိုးဘိုး သမီးကိုပဲ ရိုက်ပါ သမီးက နာတာကို မကြောက်ဘူး"

နောက်ဆုံးတွင် အဘိုးအိုလျိုသည် မည်သူ့ကိုမျှ မရိုက်နှက်ခဲ့သော်လည်း ဤကိစ္စအပြီးတွင် သူတို့အကြား ပြောစရာ စကားများ ရှိလာခဲ့ချေပြီ။

အဘိုးအိုလျိုမှ ဝမ်ချွမ်းမန်အား ဖမ်းဆွဲလျှက် ဆူပူ ကြိမ်းမောင်းလေတော့သည်။ ဝမ်ချွမ်းမန်မှာမူ ခေါင်းညိတ်ရုံမှလွဲ၍ မည်သို့မျှ ပြန်မချေပခဲ့ချေ။ ထိုအခွင့်အရေးအား ယူ၍ ဝမ်ချွမ်းမန်မှ အားယွီလေး အကြောင်း ပြောပြလိုက်လေသည်။ ကလေးမှာ အလွန် အားနည်းနေသဖြင့် သေချာ မစောင့်ရှောက်နိုင်မည်ကို စိုးရိမ်၍ ထိုစဉ်က အသိမပေးခဲ့ခြင်း ဖြစ်ကြောင်း ယခုနှစ်တွင် ကလေးလေးမှာ အနည်းငယ် ကျန်းမာလာသဖြင့် အဘိုးနှင့် ဘွားဘွားအား လာရောက် ကန်တော့ရန် ခေါ်လာခဲ့ခြင်း ဖြစ်ကြောင်းတို့ကိုသာ သူမှ ပြောပြလိုက်လေသည်။

အဘိုးအိုလျိုမှ နှာခေါင်းရှုံ့လိုက်ပြီးနောက် ဆူပူနေခဲ့သော်လည်း ထိုစကားများအား သူ ယုံကြည် လက်ခံသွားခဲ့သည်။

"မင်းကတော့ အကောင်းချည်း ပြောမှာပေါ့ မင်းစိတ်ထဲမှာ ဘာလှည့်ကွက်တွေ ရှိနေလဲဆိုတာ ဘယ်သူသိမလဲ"

တောင်သူလယ်သမား မိသားစုများတွင် ဤကဲ့သို့သော ကိစ္စများမှာ သဘာဝကျလှပေသည်။ ကလေးများအား ပြုစုပျိုးထောင်ရန် မလွယ်ကူသကဲ့သို့ အသက် ခုနစ်နှစ်မတိုင်မီ သေဆုံးသွားကြသည့် ကလေးများလည်း အများအပြား ရှိပေသည်။

"အမေရော ဘယ်မှာလဲ"

လျိုရှီမှ အခွင့်အရေးရခိုက် ယောင်းမအကြီးဖြစ်သူ ယန်စီအား မေးလိုက်လေသည်။

"အမေ့ကျန်းမာရေး သိပ်မကောင်းလို့ အခန်းထဲမှာ နားနေတယ် လာ အစ်မ ခေါ်သွားပေးမယ်"

ယန်စီမှ ကုတင်ပေါ်တွင် လဲလျောင်းနေသည့် ချင်ရှီထံ လျိုရှီအား ခေါ်ဆောင်သွားလေသည်။ ကလေးအား ရောဂါကူးစက်မည် စိုးသဖြင့် ယန်စီသည် သူမ၏ သမီးဖြစ်သူ ရှင်းဟွာကို ဆွဲခေါ်လိုက်ပြီးနောက် ပြောလိုက်လေသည်။

"နင်တို့တွေ ညီမလေးကို အပြင်ခေါ်သွားပြီး ဆော့ကြချေ"

ရှင်းဟွာသည် ယခုနှစ်တွင် အသက် ၁၀ နှစ်ရှိပြီ ဖြစ်ကာ ဤမျှ ချစ်စရာကောင်းသည့် ညီမဝမ်းကွဲလေးအား သတိထားမိနေသည်မှာ ကြာပြီ ဖြစ်သည်။ သူမသည် ချက်ချင်း ခေါင်းညိတ်လိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။

"အမေ စိတ်မပူနဲ့ ညီမလေးကို သေချာ စောင့်ရှောက်ပေးမယ်"

အားယွီလေးမှာမူ စိုးရိမ်နေဆဲပင် ဖြစ်သည်။ သူမသည် လျိုရှီ၏ လက်အား ကိုင်လျှက် လူကြီးလေး တစ်ယောက်လို ဟန်ဆောင်ကာ အမေ ဖြစ်သူအား မှာကြားနေခဲ့လေသည်။

"မေမေ ဘိုးဘိုးက မေမေ့ကို ရိုက်ရင် အားယွီကို ပြောနော် အားယွီ ဝင်ကာပေးမယ်"

လူကြီးများရှေ့တွင် ဝင်ရပ်လိုက်ပါက လူကြီးများ အရိုက် မခံရကြောင်း သူမ ရိပ်မိနေပြီ ဖြစ်သည်။ ထို့ကြောင့် နောင်တွင်လည်း သူမ၏ ဖခင်နှင့် မိခင် အရိုက်မခံရစေရန် ရှေ့မှ ဝင်ကာ ပေးရမည်ဟု တွေးထားလေသည်။ လျိုရှီမှ သူမလေး၏ ခေါင်းလေးအား ပွတ်သပ်ပေးလိုက်ရင်း ပြောလိုက်လေသည်။

"ကောင်းပါပြီကွယ် ကျေးဇူးပဲနော် အားယွီလေး"

လျိုမိသားစု၏ မြေးများထဲတွင် အကြီးဆုံး ဖြစ်သော ဂေါ်ဒန်မှာ အသက် ၁၄ နှစ် အရွယ်ရှိပြီ ဖြစ်သော်လည်း ဆော့ကစားချင်သည့် အရွယ်တွင် ရှိနေဆဲပင် ဖြစ်သည်။

လူတိုင်းသည် အားယွီလေးအား မိမိတို့ကိုယ်ကို မိတ်ဆက် ပေးကြပြီးနောက် သူမ၏ နာမည်ကို လည်း မေးမြန်းကြလေသည်။ အားယွီလေးသည် ဝမ်မိသားစု ပေးထားသော နာမည်အား မမှတ်မိတော့ဘဲ သူမ၏ နာမည်မှာ အားယွီ ဖြစ်ကြောင်းကိုသာ သိလေသည်။

"ညီမလေး အားယွီ နာမည်လေးက နားထောင်လို့ ကောင်းလိုက်တာ"

ဟု ဂေါ်ဒန်မှ ခိုင်မာစွာ ဆိုလိုက်လေသည်။ သူတို့သည် 'ယွီ' (ကျောက်စိမ်း) ဟူသော စကားလုံးကို တစ်ခါမျှ မကြားဖူးကြချေ။ ၎င်းမှာ မည်သည့် အရာမှန်း မသိသော်လည်း 'ဂေါ်' (ခွေး) ကိုမူ သိကြသေးသည်။ မည်သို့ပင်ဖြစ်စေ 'ယွီ' သည် 'ခွေး' ထက်တော့ ပိုကောင်းမည်မှာ အသေအချာပင် ဖြစ်ချေသည်။ အခြား မောင်နှမများသည်လည်း ဂေါ်ဒန်အား မေးကြလေတော့သည်။

"ကိုကို ညီမလေးကို ဘာကစားဖို့ ခေါ်သွားကြမလဲ"

ဂေါ်ဒန်သည် လှပလွန်းသည့် ညီမဝမ်းကွဲလေးအား ကြည့်ကာ မျက်လုံးလှိမ့်လိုက်ရင်း ပြောလိုက်လေသည်။

"အပြင်လျှောက်လည်ကြမယ်လေ မန်ဇီက သူ့ညီမ အလှဆုံးလို့ ပြောထားတယ် မဟုတ်လား အခု ငါတို့ဆီမှာ ပိုလှတဲ့ ညီမလေး ရောက်နေပြီဆိုတော့ သူတို့ကို သွားကြွားကြမယ်"

အားလုံးသည် မန်ဇီ၏ ညီမဖြစ်သူအား သတိရသွားကြ ပြီးနောက် အားယွီလေးအား ပြန်ကြည့်လိုက်လေရာ ကိုကို ဖြစ်သူ ပြောသည်မှာ ယုတ္တိရှိသည်ဟု တွေးမိသွားကြသည်။ သို့သော်လည်း လမ်းတစ်ဝက် အရောက်တွင် အားယွီလေးမှ သူတို့ကိုအား ရပ်တန့် စေလိုက်တော့သည်။

All Chapters