← Chapters

ရေတွင်းထဲ လူကျခြင်း

Vol. 6 Ch. 80

ရေတွင်းထဲ လူကျခြင်း

Vol. 6 Ch. 80

[ကလေးမလေး ရေတွင်းထဲ လူတစ်ယောက် ကျသွားတယ် လူကြီးတွေကို မြန်မြန် အကူအညီ သွားတောင်းချေ]

ရေတွင်း တစ်ခု နားသို့ ဖြတ်ပြေးသွားစဉ် အသားလုံးလေးမှ ရုတ်တရက် စကားဆိုလာခဲ့သည်။ အားယွီလေးမှာ ဂေါ်ဒန်၏ ကျောပေါ်တွင် ပါလာခြင်း ဖြစ်လေသည်။ အသားလုံးလေး၏ စကားအား ကြားသောအခါ သူမသည် ဂေါ်ဒန်၏ နားရွက်များအား အလျင်အမြန် ဆွဲကိုင် လိုက်တော့သည်။

“ကိုကိုကြီး ဂေါ်ဒန် ကိုကိုကြီး ဂေါ်ဒန် ဟိုဘက်ကို သွားရအောင်”

အားယွီလေးမှ ရေတွင်းအား လက်ညှိုးထိုးပြလိုက် ပြီးနောက် ပြောလိုက်သည်။

“လူတစ်ယောက် ကျသွားတယ်”

ဂေါ်ဒန်မှ ခြေလှမ်းအား မရပ်ဘဲ ပြန်မေးလိုက်သည်။

“ညီမလေး အားယွီ အမြင်မှားတာ နေမှာပါ အဲဒီရေတွင်းက အရမ်းမြင့်တာ ဘယ်သူကများ ကျသွားမှာလဲ”

[ငါ မြင်လိုက်တယ်]

အသားလုံးလေး၏ အာရုံခံနိုင်စွမ်းမှာ မိုင်ဝက်ခန့်သာ ရှိသော်လည်း တားဆီး ပိတ်ဆို့မှုများ ရှိနေပါမူ တစ်စုံတစ်ရာအား အာရုံခံရန် အလွန် ခက်ခဲလှပေသည်။ ထိုသို့သော နေရာများကို အာရုံခံရမည်ဆိုပါက အသားလုံးလေးသည် စွမ်းအင်များ ပိုမို၍ အသုံးပြုရမည် ဖြစ်ရာ ၎င်းကို အလဟဿ မဖြုန်းတီးလိုခဲ့ချေ။ ပုံမှန် အခြေအနေလောက်ဖြင့်သာ ကလေးငယ်လေးအား စောင့်ရှောက်ရန် လုံလောက်သည်ဟု မှတ်ယူထားလေသည်။

ရေတွင်းမှာ သူတို့နှင့် ခြေလှမ်း ၄၀ ၅၀ ခန့်သာ ကွာဝေးပြီး အသားလုံးလေးမှ အမှတ်တမဲ့ အာရုံခံမိလိုက်ခြင်းသာ ဖြစ်ပေသည်။

[ကလေးမလေး မြန်မြန်သွားခေါ်ချေ လူသားတွေက အရမ်း နုနယ်တာနော် ရေထဲကျသွားရင် သိပ်မကြာခင် သေသွားလိမ့်မယ်]

ကိုကိုကြီး ဂေါ်ဒန်မှ သူမ၏ စကားအား နားမထောင်သည်အား မြင်သောအခါ အားယွီလေးသည် အောက်သို့ ဆင်းရန် ရုန်းကန်လေတော့သည်။ ဂေါ်ဒန်သည် သူမ ပြုတ်ကျမည်အား စိုးရိမ်သဖြင့် ရေတွင်းနားသို့သာ သယ်ဆောင် သွားရလေတော့သည်။

“ညီမလေး အားယွီ အိမ်ပြန်ရောက်ရင်ကိုကိုကြီးက ရေတွင်းနားကို ခေါ်သွားတယ်လို့ မပြောနဲ့နော် မဟုတ်ရင် ဘိုးဘိုးက ငါ့ကို သေအောင် ရိုက်လိမ့်မယ်ဟ”

ယခင်က ၎င်းတို့ရွာတွင် ကလေးတစ်ဦး ရေတွင်းထဲ ကျ၍ ကံမကောင်းစွာဖြင့် ရေနစ်ကာ သေဆုံးသွားခဲ့ဖူးလေသည်။ ထိုအချိန်မှစ၍ ရွာရှိ လူကြီးများသည် ကလေးများအား ရေတွင်း အနီးတွင် ဆော့ကစားခွင့် မပြုတော့ဘဲ ရေတွင်းကိုလည်း ပို၍ မြင့်အောင် တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။

ဘေးနားရှိ ရှင်းဟွာသည်လည်း ဝင်ပြောလိုက်လေသည်။

“ငါတို့ အဝေးကနေပဲ ကြည့်ရအောင်နော် အရမ်းကြီး အနားမကပ်ကြနဲ့”

သူမ၏ သူငယ်ချင်းအချို့သည်လည်း ထိုနေရာတွင် ကျ၍ သေဆုံးသွားခဲ့ဖူးသဖြင့် သူမ အနည်းငယ် ကြောက်ရွံ့နေမိလေသည်။ လူကြီးများသည်လည်း ရေတွင်းနှင့် ပတ်သက်သည့် တစ္ဆေသရဲ ပုံပြင်များဖြင့် သူတို့အား ခြောက်လှန့်လေ့ရှိကြသေးသည်။ ရေတစ္ဆေ တစ်ကောင် ထွက်လာပြီး သူတို့အား ဖမ်းသွားလျှင် မည်သို့ လုပ်မည်နည်း။

“ကိုကိုကြီး ဂေါ်ဒန် မြန်မြန်လုပ် မြန်မြန်လုပ်”

အားယွီလေးမှာ စိုးရိမ်တကြီး ဖြစ်နေခဲ့သည်။ ရေထဲကျသွားခြင်းမှာ အလွန် ဆင်းရဲဒုက္ခ ရောက်လှပေသည်။ အသက်ရှူလည်း မရသကဲ့သို့ စကားပြော၍မရ မိခင်ဖြစ်သူကိုပင် အော်ဟစ်ခေါ်ဝေါ်၍ မရနိုင်ချေ။ ခန္ဓာကိုယ်မှာ ပေါ့ပါးနေခဲ့ကာ မည်သည့်အရာကိုမျှ ဆုပ်ကိုင်ထား၍ မရနိုင်ကြောင်း သူမ ခံစားရလေသည်။

[ကလေးမလေး]

အသားလုံးလေး၏ ရင်ထဲတွင် အနည်းငယ် နာကျင်သွားခဲ့ရသည်။ ကလေးငယ်လေးသည် အတိတ်မှ မှတ်ဉာဏ်များစွာ မရှိတော့သော်လည်း တစ်ခါတစ်ရံတွင် ထိုအဖြစ်အပျက်နှင့် ပတ်သက်သည့် အငွေ့အသက်များအား ပြန်လည်၍ ခံစားနေရဆဲ ဖြစ်သည်။

သိုလှောင်အိတ် နေရာလွတ်အား အပြည့်အဝ မသက်ဝင်စေမီတွင် ကလေးငယ်လေးသည် ရေကန်ထဲသို့ တွန်းချခံခဲ့ရဖူးလေသည်။ ဖြတ်သွား ဖြတ်လာ တစ်ဦးမှ မြင်တွေ့၍ မကယ်တင်ခဲ့ပါမူ သူမလေးသည် သေဆုံးသွားလောက်ပြီး ဖြစ်သည်။

ထိုအချိန်မှစ၍ သူမ၏ ကြီးထွား ဖွံ့ဖြိုးမှု ရပ်တန့်သွားခဲ့ရပြီး မကြာခဏ ဖျားနာ တတ်လာခဲ့တော့သည်။ သို့သော် ကလေးငယ်လေးသည် ထိုအကြောင်းအား မမှတ်မိတော့ပေ။

ခြေလှမ်း ၄၀ ၅၀ ခန့် လျှောက် ပြီးနောက် ဂေါ်ဒန်တို့ ကလေးတသိုက် ရေတွင်းနားသို့ ရောက်ရှိသွားကြလေသည်။ ရေတွင်းမှာ အားယွီလေး ထက်ပင် မြင့်မားနေခဲ့ကာ အပေါ်တွင် ဧရာမ ကျောက်တုံးကြီးတစ်ခု တင်ထားလေသည်။ သို့သော် ယခုအချိန်တွင် ထိုကျောက်တုံးကြီးကို ဖယ်ရှားထားသည်အား တွေ့လိုက်ရသည်။ ဂေါ်ဒန်သည် လျင်မြန် သွက်လက်စွာ ခုန်တက်လိုက်ပြီးနောက် ရေတွင်းထဲသို့ ငုံ့ကြည့်လိုက်လေသည်။

“အား အထဲမှာ တကယ် လူတစ်ယောက် ရှိနေတယ်ဟ”

ရေတွင်းထဲရှိ လူအား မြင်သောအခါ ဂေါ်ဒန်မှ အလန့်တကြား အော်ဟစ်လိုက်လေသည်။

“တကယ် လူရှိနေတာလား”

“ဘယ်လိုလုပ်ကြမလဲ ရေတွင်းက အရမ်းနက်တာပဲ ငါတို့လည်း ဆင်းမကယ်ရဲဘူး”

ကလေးများအားလုံးမှာ စိုးရိမ်တကြီး ဖြစ်သွားကြကာ မည်သို့ လုပ်ရမည်ကိုပင် မသိတော့ချေ။

[လူကြီးတွေကိုပဲ လုပ်ခိုင်းလိုက်ပါ]

တကယ်တမ်းတွင် ထိုကလေး တသိုက်ကြားထဲ အားယွီလေးသာလျှက် အတည်ငြိမ်ဆုံးပင် ဖြစ်နေခဲ့သည်။ သူမသည် ချက်ချင်း ဝင်ပြောလိုက်လေသည်။

“ကိုကို ဂေါ်ဒန် လူကြီးတွေကို သွားခေါ်ရမယ်”

ထို့နောက် သူမသည် ဂေါ်ဒန်၏ ကျောပေါ်မှ လျှောဆင်းလိုက်ပြီးနောက် လူအား သွားကယ်ချင်နေသည့် အစ်မဖြစ်သူ ရှင်းဟွာအား လှမ်းဖမ်းကာ လက်သေးသေးလေးများဖြင့် ဖက်ထားလိုက်ကာ ပြောလိုက်လေသည်။

“မမ ရှင်းဟွာ သမီးတို့က ကလေးတွေလေ သွားလို့မရဘူး ပြုတ်ကျသွားလိမ့်မယ်”

ဂေါ်ဒန်မှ အလျှင်စလို အော်ဟစ်လိုက်သည်။

“ဂေါ်ထုံ မြန်မြန် လူတွေကို အကူအညီ လှမ်းခေါ်လိုက်”

ဂေါ်ဒန်၏ အသံမှာ အကျယ်လောင်ဆုံး ဖြစ်နေသည်။ သူသည် ချက်ချင်းပင် အော်ဟစ်လိုက်တော့သည်။

“ကယ်ကြပါဦး လူတွေ လာကြပါဦး ရေတွင်းထဲ လူကျသွားလို့ပါ”

“ရေတွင်းထဲ လူကျသွားတယ်”

“ကယ်ကြပါဦး”

တိုက်တိုက်ဆိုင်ဆိုင်ပင် ချေးပုံးအား သယ်လာသည့် လူငယ်တစ်ဦးမှ ထိုအသံအား ကြားပြီးနောက် ချက်ချင်း ပြေးလာခဲ့လေသည်။ ရေတွင်းနားတွင် ကလေးတစ်သိုက် ဝိုင်းနေသည်အား မြင်သောအခါ ပြေးလာရင်းဖြင့် အော်ဟစ်လိုက်လေသည်။

“မင်းတို့က အဘိုးအိုလျိုရဲ့ ကလေးတွေ မဟုတ်လား ဘယ်သူ ကျသွားတာလဲ ရေတွင်းနားမှာ မဆော့ဖို့ ငါပြောထားတယ် မဟုတ်ဘူးလား”

သူ၏ လှုပ်ရှားမှုများမှာ အလွန် မြန်ဆန်လှပေသည်။ ရေတွင်းဘေးတွင် ရေခပ်ရန် အသုံးပြုသော ကြိုး ရေပုံးနှင့် ရေခပ်တံ တစ်ခု ရှိသည်။ သူသည် ရေခပ်တံအား ကိုင်လျှက် လူအား ကယ်တင်ရန် ကြိုးစားလေတော့သည်။

ရေတွင်းပေါ်သို့ ခုန်တက် လိုက်သောအခါ အထဲတွင် မိန်းမတစ်ဦး ဖြစ်နေသည်အား မြင်လိုက်ရသည်။ သူမသည် ရေတွင်းထဲ ကျသွားသည်မှာ အချိန်အတန်ကြာပြီ ဖြစ်ပုံရလေသည်။ ရေပြင်ပေါ်တွင် ဆံပင်များ ပြန့်ကျဲနေပြီး ရုန်းကန်နေခြင်းလည်း မရှိတော့ချေ။

‘ဒါ ဘယ်သူ့သမီးပါလိမ့်’

‘သေများ သေသွားပြီလား’

သူသည် ဆက်လက်၍ မစဉ်းစားနိုင်တော့ချေ။ ရေခပ်တံအား လွှင့်ပစ်လိုက်ပြီး ရေတွင်း နှုတ်ခမ်းမှ တစ်ဆင့် အထဲသို့ ဆင်းသွား လေတော့သည်။

ကလေးများကလည်း အော်ဟစ်နေကြဆဲဖြစ်ကာ ကြောက်တတ်သည့် ရှင်းဟွာနှင့် လီဟွာတို့မှာ ကြောက်လန့်တကြား ငိုကြွေးနေကြပြီ ဖြစ်သည်။ အားယွီလေးမှ အစ်မ နှစ်ယောက်၏ လက်တစ်ဖက်စီ ကိုင်ထားပေးလေသည်။

“မမ ရှင်းဟွာ မငိုနဲ့နော် မမ လီဟွာလည်း မငိုနဲ့ အားယွီ ရှိတယ်လေ အားယွီ အတူတူနေပေးမယ်နော်”

ဂေါ်ရှန်းမှ အချိန်လု၍ လှည့်ကြည့် လိုက်သောအခါ ဤမြင်ကွင်းအား မြင်လိုက်ရ ပြီးနောက် တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု ခံစားလိုက်ရလေသည်။ အဝေးမှ အခြားသော ရွာသားများသည်လည်း ဆူညံသံများအား ကြားရသဖြင့် ပြေးလာကြကုန်လေသည်။

“ဘယ်ကလေး ရေတွင်းထဲ ကျသွားတာလဲ”

ဟု ရွာသားတစ်ဦးမှ အဝေးမှ အော်မေးလိုက်သည်။ ဂေါ်ထုံမှ ပြန်ဖြေလိုက်လေသည်။

“ကျွန်တော် မသိဘူး အစ်ကိုချွန်းရှန်းက သူ့ကို ဆွဲတင်ဖို့ ဆင်းသွားတယ်”

ချွန်းရှန်းမှာ အစပိုင်းတွင် ရေတွင်းထဲသို့ ခုန်ဆင်းသွားသည့် လူငယ်ပင် ဖြစ်လေသည်။ အထဲသို့ ရောက်သွားသောအခါ လူအား အပေါ်သို့ ဆွဲတင်ရန် နည်းလမ်းမရှိကြောင်း သူ သိလိုက်ရတော့သည်။ ကံကောင်းထောက်မစွာဖြင့် အခြားရွာသားများ ရောက်ရှိလာကြကာ ရွာသားများ အားလုံး ဝိုင်းဝန်းကူညီကာ နောက်ဆုံးတွင် သူမအား အပြင်သို့ သယ်ထုတ် လာနိုင်ခဲ့လေသည်။

“ဟယ် ဒါ အဘိုးအိုဝူ မိသားစုရဲ့ သမီး မဟုတ်လား”

ဟု ရေတွင်းထဲသို့ ကျသွားသူ မိန်းကလေးအား တစ်စုံတစ်ယောက်မှ မှတ်မိသွားလေသည်။

“ဟုတ်တယ် သူ ပြန်ရောက်လာတာ ရက်ပိုင်းပဲ ရှိသေးတယ် ယောက္ခမအိမ်က ကွာရှင်းလိုက်လို့ ဆိုလားပဲ သူ စိတ်ထိခိုက်ပြီး ဒီလိုများ လုပ်လိုက်တာလား မသိဘူး”

“ဒီကလေး တော်တော် မိုက်မဲတာပဲ ဘယ်လောက်ပဲ အခက်အခဲရှိရှိ အသက်ကိုတော့ ဉာဏ်စောင့်ရမှာပေါ့”

လူပျိုကြီး အချို့သည်လည်း မကျေမနပ်ဖြင့် ဝင်ပြောကြလေသည်။

“တစ်ယောက်တည်း ဆက်မနေနိုင်ဘူး ဆိုရင်လည်း ငါတို့ဆီ လာလို့ရတာပဲ အတူတူ နေလို့ရတာကို ဘာလို့များ ရေတွင်းထဲ ခုန်ချရတာလဲ”

“အေးလေ သူ ရေတွင်းထဲ ခုန်ချသွားတော့ ငါတို့က ဒီရေကို ဘယ်လိုလုပ် သောက်ရတော့မှာလဲ သူ မသေသေးဖို့ပဲ မျှော်လင့်ရတော့မှာပေါ့”

ပြီးခဲ့သည့် အကြိမ်တွင် ကလေးတစ်ဦး ရေတွင်းထဲ၌ ရေနစ်၍ သေဆုံးသွားခဲ့စဉ်တွင်လည်း ရွာသားများသည် ဤရေတွင်းမှ ရေအား လပေါင်းများစွာ ကြာအောင် မသောက်ရဲခဲ့ကြပေ။

အားလုံးသည် ထိုသို့ တစ်ယောက် တစ်ပေါက် ပြောဆို နေကြသော်လည်း ကောင်မလေးအား ကယ်တင်ရန်မူ မမေ့လျော့ကြချေ။ ဘွားဘွားအိုတစ်ဦးမှ ဘေးမှ ငှက်ပျောဖက် အချို့အား ယူလျှက် ရေထဲကျသွားသည့် မိန်းကလေးအပေါ် ဖုံးအုပ်ပေးလိုက်လေသည်။ ထို့နောက် ခွန်အားကြီးသော အမျိုးသမီးအချို့သည် သူမအား ရွာရှိ သမားတော်ထံ သယ်ဆောင် သွားကြတော့သည်။ သို့သော် သူမ အသက်ရှင်နိုင် မရှင်နိုင်မှာကား မသေချာသေးပေ။ အားယွီလေးမှ ခေါင်းပြူထွက်လျှက် နောက်မှ လိုက်သွား ချင်နေခဲ့သည်။

[သူ မသေသေးဘူး အသက်ရှင်နေသေးတယ် ဆေးစွမ်းထက်တဲ့ သောက်ရေတွေကို အလကား မဖြုန်းတီးနဲ့]

အသားလုံးလေးမှ အလျင်စလို ဝင်ပြောလိုက်ရလေသည်။ ထိုအခါမှသာလျှင် အားယွီလေးသည် ဆက်မကြည့်တော့ဘဲ ရပ်တန့်လိုက်တော့သည်။ တကယ်တမ်းတွင် သူမသည် ရေအား သိပ်မပေးချင်သည့်တိုင် ထိုအဒေါ်ကြီး သေတော့မည် ဆိုလျှင်မူ ပေးလိုက်မည်ဟု တွေးထားခဲ့ခြင်း ဖြစ်သည်။ လူတစ်ယောက် သေသွားလျှင် မည်သည့် အရာမှ ကျန်တော့မည် မဟုတ်ချေ။ ရေမှာမူ နောက်ထပ် အမြဲတမ်း ပြန်ရနိုင်သေးသည် မဟုတ်ပါလော။

“အားယွီ အားယွီ”

အပြင်ဘက်မှ လျိုရှီ၏ အထိတ်တလန့် ခေါ်သံ ထွက်ပေါ်လာခဲ့သည်။ ဝမ်ချွမ်းမန်သည်လည်း လူအုပ်အား တိုးဝှေ့လျှက် ထွက်ပေါ်လာလေသည်။ သူ၏ မျက်နှာမှာ ဖြူရော်နေခဲ့ကာ ခေါင်းတစ်ခုလုံးတွင်လည်း ချွေးများ ပြန်နေလေသည်။ သူသည် ဘယ်ညာကြည့်ကာ မေးမြန်းလိုက် အော်ဟစ်လိုက်လေသည်။

“အားယွီ ငါတို့ အားယွီလေးရော ဘယ်မှာလဲ”

မောင်နှမများ အလယ်တွင် အကာအကွယ် ပေးခံထားရသည့် အားယွီလေးမှ လက်ဝှေ့ယမ်းလျှက် ခြေထောက်တိုတိုလေးများအား ခုန်ဆွခုန်ဆွ လုပ်ရင်း သူမ၏ ဖခင်နှင့် မိခင် မြင်တွေ့နိုင်ရန် အတတ်နိုင်ဆုံး ကြိုးစားနေလေသည်။

“ဖေဖေ မေမေ ဒီမှာ အားယွီ ဒီမှာ”

နောက်ဆုံးတွင် လျိုရှီသည် အားယွီလေးအား မြင်သွားခဲ့လေသည်။ သူမသည် အလျှင်အမြန် ပြေးသွားလျှက် အားယွီလေးအား ဖက်ထားလိုက်လေရာ သူမ၏ တစ်ကိုယ်လုံးမှာ တုန်ရီနေခဲ့လေသည်။

“အားယွီလေးရယ် မေမေ့ကို လန့်ပြီး သေအောင် လုပ်နေတာပဲ”

အော်ဟစ်သံများ စတင်၍ ထွက်ပေါ်လာချိန်တွင် လျိုရှီမှာ အိမ်ထဲ၌ ရှိနေသေးသည်။ သူမသည် ငွေများအား ထုတ်ယူကာ ချင်မိသားစုထံ ပြန်ပေးရန် ပြင်နေစဉ် ရုတ်တရက် အပြင်ဘက်မှ ဆူညံသံများအား ကြားလိုက်ရခြင်း ဖြစ်ပေသည်။ လူအများအပြား အော်ဟစ်သံများ ထွက်ပေါ်ရာဆီသို့ ပြေးသွားကြသည်အား မြင်လိုက်ရသည်။

အပြင်တွင် ရှိနေသည့် သူမ၏ အစ်ကိုလတ်မှာ အဘိုးအိုလျို၏ ကလေးတစ်ဦး ရေတွင်းထဲ ကျသွားသည် ဟူသော စကားကိုသာ ကြားလိုက်ရလေသည်။

လျိုမိသားစုမှာ အလွန်တရာ ကြောက်လန့်သွားခဲ့ကာ အလျင်အမြန် ပြေးလာကြရာ လျိုရှီမှာ အမြန်ဆုံးပင် ဖြစ်နေခဲ့သည်။ ဝမ်ချွမ်းမန်သည်လည်း သူမ၏ နောက် နှစ်လှမ်းခန့် အကွာမှ လိုက်လာခဲ့ခြင်း ဖြစ်သည်။ ရေထဲကျသွားသူအား ကယ်တင် ပြီးနောက် ကလေးများအား လျိုမိသားစုထံ ပြန်လည်၍ ခေါ်ဆောင်သွားကြတော့သည်။

အဘိုးအိုလျိုသည် မျက်မှောင်ကြုတ်လျက် ဧည့်ခန်းမဆောင် ထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခဲ့လေသည်။ သူသည် ဒေါသ ထွက်လွန်းသဖြင့် နှာခေါင်းမှ လေပူများ မှုတ်ထုတ်နေသည့် နွားလားကြီး တစ်ကောင်နှင့်သာ တူနေလေတော့သည်။

“ရေတွင်းနားမှာ သွားပြီး ဘာလုပ်ကြတာလဲ ရေတွင်းနား မသွားရဘူးလို့ ငါပြောထားတယ် မဟုတ်လား ဘယ်နှစ်ခါရှီပြီလဲ နင်တို့ ညီမလေးကို အဲဒီနား ဘယ်လိုလုပ် ခေါ်သွားရဲတာလဲကွ ဒီနေ့ ဘယ်သူမှ ထမင်းစားစရာ မလိုဘူး အပြင်မှာ သွားပြီး ဒူးထောက်နေကြစမ်း”

ဂေါ်ဒန်မှ ပြန်ဖြေလိုက်လေသည်။

“ကျွန်တော်တို့ ရေတွင်းနား သွားတာ မဟုတ်ပါဘူး အားယွီက ရေတွင်းနားကို သွားချင်တယ်ဆိုလို့ သွားလိုက်တာပါ”

လျိုရှီ၏ မျက်လုံးများမှာ နီရဲနေဆဲပင် ဖြစ်သည်။ သူမသည် အားယွီလေးအား ခေါင်းငုံ့၍ မေးမြန်းရန် ပြင်လိုက်စဉ် ရှင်းဟွာမှ ဝင်ပြောလိုက်သံကို ကြားလိုက်ရတော့သည်။

“ညီမလေး အားယွီက လူတစ်ယောက် ရေတွင်းထဲ ကျသွားတာ မြင်လို့ သွားကယ်ဖို့ ပြောလို့ သွားကြည့်တာပါ”

All Chapters