ကံကောင်းခြင်းများ ယူဆောင်လာသည့် ကလေးငယ်
Vol. 6 Ch. 81
“ဘာတွေ လျှောက်ပြောနေတာလဲ အားယွီလေးက ဘယ်နှနှစ် ရှိသေးလို့လဲ သူက ရေတွင်းထဲ လူကျသွားတာကို ဘယ်လိုလုပ် သိမှာတဲ့လဲ”
အဘိုးအိုလျိုမှ လျိုဒါရှီအား မကျေနပ် ဖြစ်နေသည့် မျက်နှာထားဖြင့် ကြည့်လိုက်ပြီးနောက် ဆူပူလိုက်လေသည်။
“နေ့တိုင်း ကလေးတွေကို ဘယ်လိုများ ဆုံးမနေတာလဲ”
“တကယ် ညီမလေး အားယွီ ပြောတာပါ သူ မြင်လို့ ကျွန်တော်တို့ကို သွားခိုင်းတာပါ”
ပုံမှန်အားဖြင့် ရှင်းဟွာသည် အဘိုးဖြစ်သူအား စကား ပြန်မပြော ရဲသော်လည်း ယခုအခါတွင် အဘိုး ဖြစ်သူသည် သူမအား လိမ်ညာနေသည် ဟု သံသယဝင်နေသဖြင့် များစွာ ဝမ်းနည်းသွားမိလေသည်။ အိမ်ရှိ အခြားကလေးများသည်လည်း အလျင်စလို ဝင်ပြောကြတော့သည်။
“ဟုတ်တယ် ညီမလေး အားယွီ ပြောလို့ သွားတာပါ”
“ကျွန်တော်တို့ လိမ်မပြောပါဘူး”
အဘိုးအိုလျိုသည် အားယွီလေးအား လှမ်းကြည့်လိုက်သည်။ ကလေးငယ်မှာ သေးငယ်လွန်းသဖြင့် သူမလေး လန့်သွားမည်အား သူ စိုးရိမ်မိလေသည်။ ထို့ကြောင့် သူ၏ နှုတ်ခမ်းတွင် တောင့်တင်းနေသည့် အပြုံးတစ်ခုအား ဖန်တီးလိုက်ပြီးနောက် ဖြေးညှင်းစွာ မေးမြန်း လိုက်လေသည်။
“သမီးလေးက သူတို့ကို ပြောလိုက်တာလား”
အားယွီလေးမှ လိမ္မာစွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး နောက် ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့”
သူမသည် နတ်သူငယ်လေးမှ သူမအား ပြောပြခဲ့ကြောင်း ဆက်ပြောရန် ပြင်လိုက်စဉ် လျိုရှီမှ သူမလေး၏ ခေါင်းအား ပွတ်သပ်ပေးလိုက်ကာ အပြုံးလေးဖြင့် ဝင်ပြောလိုက်လေသည်။
“အဖေ အားယွီလေး မြင်လိုက်တာ ဖြစ်မှာပါ ဒီကလေးက ငယ်ငယ်ကတည်းက တခြားကလေးတွေနဲ့ နည်းနည်း ကွာခြားတယ် သူက သူ့ဘေးနားက လူတွေဆီကို ကံကောင်းခြင်းတွေ ယူဆောင် လာပေးတတ်တယ်လေ”
အဘိုးအိုလျို၏ မျက်နှာပေါ်တွင် ‘နင် ကြွားတာကို ငါ နားထောင်ပေးမယ်လေ’ ဟူသော အမူအရာ ပေါ်လာသည်အား မြင်သောအခါ လျိုရှီမှ ဆက်ပြောလိုက်လေသည်။
“သူ့ကံက အရမ်းကောင်းလွန်းလို့ သူ့ခန္ဓာကိုယ်က သိပ်မသန်စွမ်းတာ ဖြစ်မယ် အဲဒါကြောင့် သမီးတို့ သူ့ကို အပြင် သိပ်မထွက်ခိုင်းရဲဘူး ဒီနှစ်မှ နည်းနည်း ကျန်းမာလာလို့ ဒီကို ခေါ်လာတာပါ”
ဤစကားများမှာ ဝမ်ချွမ်းမန် ယခင်က ပြောခဲ့သည့် စကားများနှင့် ကိုက်ညီနေခဲ့လေသည်။ လင်မယား နှစ်ယောက်စလုံးမှာ လိမ်ညာရာတွင် မကျွမ်းကျင်ကြပေ။ ထို့ကြောင့် သူတို့ မလာမီကပင် အဘွားအိုဝမ်မှ ဤဇာတ်လမ်းအား မှတ်မိစေရန် အကြိမ်ကြိမ် အထပ်ထပ် မှာကြား ထားခဲ့ခြင်း ဖြစ်ပေသည်။ လျိုရှီနှင့် အဘွားအိုဝမ်တို့သည် အားယွီလေးအတွက် အကာအကွယ် ပေးနိုင်ရန် ကြိုတင်၍ပင် အကြိမ်ကြိမ် တိုင်ပင် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
အားယွီလေး၏ တည်ရှိမှုအား ပိုမို ခိုင်မာလာစေရန် အတွက် သူတို့သည် လျိုမိသားစုနှင့် ခိုင်မာသည့် ဇာတ်လမ်းတစ်ပုဒ် ဖန်တီးထားရမည် ဖြစ်ကာ အစကတည်းကပင် အားယွီလေးမှာ လျိုရှီ၏ ကလေးဖြစ်သည်ဟု သူတို့ကို ထင်မှတ် စေရမည် ဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း အဘွားအိုဝမ်သည် ရွာလူကြီး သက်ကြီးရွယ်အိုများနှင့် ဟူမိသားစုရွာမှ အခြားသူများအား နောင်တွင် ပါးစပ် ပိတ်ထားရန်နှင့် မည်သည့် သဲလွန်စမျှ မကျန်ရစ်စေရန် စီစဉ်ထားပြီး ဖြစ်လေသည်။
အားယွီလေး၏ စွမ်းဆောင်ရည်များမှာ အမှန်တကယ်ပင် အနည်းငယ် ထူးခြားလှပေသည်။ လျိုရှီသည် ကြီးကျယ် ခမ်းနားသည့် သဘောတရားများအား နားမလည်သော်လည်း သူမ နားလည် ထားသည်မှာ အားယွီလေး၏ နောက်ခံ အကြောင်းအရင်းအား သံသယဝင်သူ နည်းလေလေ အနည်းငယ် ထူးခြားသည့် ဤကလေးငယ်လေးအား သူမ ဆက်လက်၍ စောင့်ရှောက် ထားနိုင်လေလေ ဖြစ်မည်ဆိုသည်ကိုမူ သိရှိထားလေသည်။
“ဟုတ်တယ် ဟုတ်တယ် ကျွန်တော်တို့ အားယွီလေးက ငယ်ငယ်ကတည်းက ကံအရမ်းကောင်းတာ သူ့ကျေးဇူးကြောင့် ကျွန်တော်တို့ရွာ ဘေးအန္တရာယ် အများကြီးကနေ ကင်းဝေးခဲ့ရတာ အရင်တုန်းက နှင်းမုန်တိုင်း ကျလာတော့ လူတိုင်းက အားယွီလေးကို လိုက်ရှာမနေဘူးဆိုရင် နှင်းတွေအောက်မှာ ပိမိကုန်မှာပဲ လူဘယ်နှယောက် လောက်တောင် သေကုန်မလဲ မသိဘူး”
ဝမ်ချွမ်းမန်သည် အဘွားအိုဝမ်၏ မှာကြားချက်အတိုင်း စပါးကြီးမြွေနှင့် မြွေအုပ်ကြီး အကြောင်းအား ကျော်ကာ ချန်ထားခဲ့သည်။ သူသည် အားယွီလေးမှ တစ်ရွာလုံးနှင့် လူကြီးတစ်ဦးအား ကယ်တင်ခဲ့ကြောင်းကိုသာ အသားပေး ပြောကြားခဲ့လေသည်။ ထို့ကြောင့်သာ သူတို့ရွာ ကယ်ဆယ်ရေး ရိက္ခာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ရှင်းပြလေသည်။
“ကျွန်တော်တို့ အခုပေးတဲ့ ရိက္ခာတွေက နန်းတော်က ဝေပေးလိုက်တာပါ နန်းတော်က ကယ်ဆယ်ရေး ရိက္ခာတွေသာ မရခဲ့ရင် ကျွန်တော်တို့ မိသားစု အခုထိ ငတ်နေတုန်းပဲ နေမှာ”
ဟု ဝမ်ချွမ်းမန်မှ ဆိုပြန်သည်။ အဘိုးအိုလျိုသည် အားယွီလေးအား သံသယအပြည့်ဖြင့် ကြည့်နေသော်လည်း အိမ်ရှိ အခြားသူများမှာမူ အားယွီလေးအား တစ်မျိုးတစ်ဖုံ ပြောင်းလဲ၍ ကြည့်ရှုလာကြပြီ ဖြစ်သည်။
ချင်ရှီသည်လည်း ကုတင်ပေါ်မှ ရုန်းထလာခဲ့ကာ ဘေးတွင် ဝင်ထိုင်လိုက်သည်။ ဤစကားအား ကြားသောအခါ သူမ၏ မျက်ဝန်းများတွင် ကျေနပ်အားရမှုများ ပြည့်နှက်သွားခဲ့လေသည်။ သူမသည်လည်း ဝင်ရောက် ပြောဆိုလိုက်လေတော့သည်။
“ဝမ်မိသားစုဆီ ရောက်တာ သုံးနှစ်ရှိပြီကို သမီးမိန်းကလေး တစ်ယောက်ပဲ မွေးနိုင်သေးတော့ ဝမ်မိသားစုက နင့်ကို နှိမ်ထား လောက်တယ်လို့ ငါ တွေးနေတာ အခု ကြည့်ရတာ နင်မွေးထားတဲ့ သမီးလေးက သား ယောက်ျားလေး ထက်တောင် ပိုတော်နေသေးတယ် ဝမ်မိသားစုသာ အသိတရားရှိရင် နင့်ကို သေချာပေါက် အနိုင်ကျင့်မှာ မဟုတ်လောက်ပါဘူး”
ဤစကားများကို ဝမ်ချွမ်းမန်ရှေ့တွင် ပြောလိုက်ခြင်း ဖြစ်လေရာ ဝမ်ချွမ်းမန်မှ ချက်ချင်းပင် ထိတ်လန့် တကြားဖြင့် ပြန်ပြောလိုက်တော့သည်။
“အမေ ဘာတွေ ပြောနေတာလဲ ကျွန်တော်တို့ ဝမ်မိသားစုက သမီး မိန်းကလေး ရှားပါတယ် ကျွန်တော့် အစ်ကိုတွေဆို အရမ်း အားကျနေကြတာ ကျွန်တော့် အတွက် အားယွီလေးကို မွေးပေးတဲ့ လျိုရှီကိုလည်း ကျွန်တော် အရမ်း ကျေးဇူးတင်နေရတာပါ”
သူ၏ စကားများမှာ အလွန် ရိုးသား ဖြူစင် လှပေရာ လျိုမိသားစုဝင် အားလုံးသည် သူ အမှန်တိုင်း ပြောနေသည်ဟု ထင်မှတ်သွားကြကုန်သည်။
သို့သော်လည်း လျိုရှီ ကိုယ်တိုင်သာလျှင် ဝမ်မိသားစုတွင် သူမ ရောက်ရှိနေသည့် သုံးနှစ်တာ ကာလ တစ်လျှောက်လုံး သားသမီး တစ်ယောက်မျှ မမွေးပေးနိုင်ခဲ့ကြောင်း အသိဆုံး ဖြစ်သည်။ ထိုသို့ ဖြစ်လင့်ကစား ဝမ်မိသားစုမှ မည်သူ တစ်ဦး တစ်ယောက်ကမျှ သူမ၏ ကွယ်ရာတွင် အတင်းအဖျင်း မပြောဆိုခဲ့ကြချေ။ ကလေးယူရန် အတွက်လည်း မည်သူကမျှ အတင်းအကျပ် မတိုက်တွန်းခဲ့ကြဖူးချေ။
ဟူမိသားစုရွာမှ တစ်စုံတစ်ယောက်သည် စကားတစ်ခွန်း နှစ်ခွန်းခန့် ပြောဆိုခဲ့ဖူးသော်လည်း သူမ၏ ယောက္ခမကြီးမှ ချက်ချင်း ပြန်လည် ချေပခဲ့သည်။ ထို့နောက်ပိုင်းတွင် အားလုံး ပါးစပ်ပိတ် သွားကြလေတော့သည်။
“အဖေ အမေ ကျွန်မယောက်ျားက ကျွန်မအပေါ် အရမ်းကောင်းပါတယ် စိတ်မပူပါနဲ့”
ဟု လျိုရှီက နူးညံ့စွာ ပြောလိုက်တော့သည်။ ထိုသို့ဆိုလျှင် တကယ်ပင် ဖြစ်နိုင်ချေရှိသည်။ အဘိုးအိုလျိုသည် အားယွီလေးအား ကြည့်ရင်း တစ်စုံတစ်ရာအား စဉ်းစားနေ ပုံရလေသည်။ သူသည် အားယွီလေးအား အချိန်အတန် ကြာအောင် ကြည့်နေ ပြီးနောက် အခန်းထဲသို့ ပြန်ဝင် သွားလေသည်။ ပြန်ထွက်လာသောအခါ သူ၏ လက်ထဲတွင် အဆောင်တစ်ခု ပါလာခဲ့သည်။
သူသည် အဆောင်အး စားပွဲပေါ်သို့ ပစ်ချလိုက်ပြီးနောက် လက်ဖဝါးဖြင့် ပုတ်ကာ ပြောလိုက်သည်။
“ဒီဟာက အိမ်မှာ နေရာယူတယ် လိုချင်တယ်ဆိုရင် ယူသွားကြ”
လျိုရှီမှ ကောက်ယူကြည့်လိုက်လေရာ ယောင်းမဖြစ်သူ ယန်စီမှ သူမအား တီးတိုးဆိုလိုက်လေသည်။
“နှစ်သစ်ကူး မတိုင်ခင်က အမေ ယွမ်ဟွာ ဘုန်းကြီးကျောင်းကို သွားပြီး ယူလာခဲ့တာ အိမ်က ဘယ်သူမှ ဒီအဆောင်ကို မရဘူး နင့်အတွက် သီးသန့် ယူလာတာ အဲဒီတုန်းက အမေ အိပ်မက်ဆိုး မက်ပြီး နင် ကလေးမွေးရတာ အရမ်း ခက်ခဲနေတယ်လို့ အိပ်မက်မက်တာလေ အမေက အဲဒီအိပ်မက်ကို စိတ်ထဲစွဲနေပြီး အဲဒီညကပဲ တောင်ပေါ်တက်ပြီး အဆောင် သွားတောင်းခဲ့တာ”
သို့သော်လည်း သူမသည်လည်း အလုပ်များနေခဲ့သလို ဖျားလည်း ဖျားနေခဲ့သဖြင့် ထိုအဆောင်ကို မပေးပို့နိုင်ခဲ့ခြင်း ဖြစ်သည်။ ယခင်တွင် ယန်စီသည် ဤညီမငယ်လေးအပေါ် အနည်းငယ် မနာလို ဖြစ်ခဲ့ဖူးလေသည်။ လျိုမိသားစုတွင် သမီးသုံးယောက် ရှိရာ အကြီးနှစ်ယောက်မှာ အိမ်ထောင်ကျ ပြီးနောက် အိမ်ခွဲသွားကြပြီး ဖြစ်သည်။ တစ်ယောက်မှာ ယောက္ခမအိမ်မှ ရိုက်နှက်မှုကြောင့် သေဆုံးသွားခဲ့ရပြီး သူမ သေဆုံးသွား ပြီးမှသာ မိသားစုမှ သိရှိခဲ့ရလေသည်။ အခြားတစ်ယောက်မှာ ဘေးရွာတွင် ရှိနေလေသည်။
ကျန်ရှိနေသော အငယ်ဆုံး သမီးလေး၏ အိမ်ထောင်ရေး အတွက်မူ မိသားစုမှ အနည်းငယ် စိုးရိမ်နေခဲ့ကြလေသည်။ ဒါ-ရှီနှင့် အာရှီတို့သည်လည်း သူတို့၏ ညီမငယ်လေး အပေါ် အလွန် ကောင်းမွန်စွာ ဆက်ဆံကြပြီး အရာရာတိုင်းတွင် သူမအား ထည့်သွင်း စဉ်းစားပေးတတ်ကြလေသည်။ ထိုစဉ်တွင် ယန်စီသည် ဤသို့သော ဂရုစိုက်မှုများအား အများအပြား မြင်တွေ့ခဲ့ရပြီး စိတ်ထဲတွင် အနည်းငယ် မသက်မသာ ဖြစ်ခဲ့ရခြင်း ဖြစ်သည်။
သို့သော် နောင်တွင် မိသားစု အခက်အခဲကြုံရချိန်၌ လျိုရှီသည် စကားတစ်ခွန်းမျှ မဟဘဲ အောင်သွယ်စားထံမှ ဆန်ဆယ်ကတ်တီ ကိုသာ ယူလျှက် သူမကိုယ်တိုင် လက်ထပ်၍ ထွက်သွားခဲ့လေသည်။ ဆန်မှလွဲ၍ သူမ၏ ယောက္ခမအိမ်မှ ပြင်ဆင်ပေးထားသည့် တင်တောင်းပစ္စည်း အားလုံးကိုလည်း မိသားစုအတွက် ချန်ထားရစ်ခဲ့ကာ မိုင်ပေါင်းများစွာ ဝေးကွာလှသည့် ရွာသို့ တစ်ယောက်တည်း ထွက်ခွာသွားခဲ့လေသည်။ ထိုအချိန်မှစ၍ ဤညီမငယ်လေး အပေါ် ထားရှိသည့် သူမ၏ အမြင်များ ပြောင်းလဲ၍ သွားခဲ့လေတော့သည်။
လူကြီးများနှင့် မတူဘဲ မိသားစုထဲရှိ ကလေးများကမူ အားယွီလေးအား တောက်ပသည့် မျက်ဝန်းများဖြင့် ကြည့်နေကြလေသည်။ အထူးသဖြင့် အသက် ခြောက်နှစ်အရွယ် ဂေါ်ထုံ ဖြစ်သည်။ သူ၏ မည်းနက်နေသည့် လက်များဖြင့် အားယွီလေး၏ လက်အား ဆုပ်ကိုင်ကာ အားပါးတရ ပွတ်သပ်ရင်း ပြောလေသည်။
“ညီမလေး ညီမလေး ညီမလေးက ကံကောင်းတယ်မလား ကိုကို့ကို ကောင်းတဲ့ကံ နည်းနည်းလောက် ပေးပါဦး နောက်ဆို တခြားသူတွေနဲ့ ရေလှိုင်းပစ်တမ်း ကစားရင် ကိုကို ရှုံးတော့မှာ မဟုတ်ဘူး”
ရှင်းဟွာမှ သူ၏ ညစ်ပတ်နေသည့် လက်အား ဆွဲဖယ်လိုက်ပြီး နောက် ဒေါသတကြီး ပြောလိုက်လေသည်။
“နင့်လက်ကြီးက မည်းပြီး နံစော်နေတာပဲ ငါတို့ ညီမလေးရဲ့ လက်ကို မညစ်ပတ်စေနဲ့”
အားယွီလေးက အတော်လေး ပျော်စရာကောင်းသည်ဟု ထင်ကာ တခစ်ခစ် ရယ်မောလိုက်ပြီး မေးလိုက်လေသည်။
“ကိုကို ဂေါ်ထုံ ရေလှိုင်းပစ်တမ်းဆိုတာ ဘာကြီးလဲ”
ဂေါ်ထုံမှ ပြန်ဖြေလိုက်သည်။
“ရေထဲကို ကျောက်ခဲတွေ ပစ်ထည့်တာလေ ပြီးရင် လှိုင်းတွေ ဘယ်လောက်အထိ ထလာလဲဆိုတာ ကြည့်ရတာ ရွာမှာဆိုရင် မူထုန်က အတော်ဆုံးပဲ သူက လှိုင်းတွေ အရှည်ကြီး ထလာအောင် လုပ်နိုင်တယ် ကိုကိုကတော့ လှိုင်း ၁၁ ခုလောက်ပဲ လုပ်နိုင်တာ မူထုန်က ၂၀ ကျော်လောက်တောင် လုပ်နိုင်တယ်”
ဂေါ်ထုံသည် ထိုကစားနည်းကို အလွန် နှစ်သက်သော်လည်း ဂဏန်း မရေတွက် တတ်သဖြင့် အကြိမ်ပေါင်းများစွာ အရူးလုပ် ခံခဲ့ရဖူးလေသည်။ နောက်ပိုင်းတွင် သူသည် ဂဏန်း ရေတွက် တတ်သည့် လူကြီးများကို အထူးတလည် ရှာဖွေကာ ဂဏန်းရေတွက်နည်းအား သင်ယူခဲ့လေသည်။ နှစ်ရက်ပင် မပြည့်မီ သူသည် တစ်ရာအထိ ရေတွက် တတ်လာခဲ့လေသည်။ ယခုအခါတွင် သူသည် ရွာထဲ၌ ဂဏန်းရေ တွက်ရာတွင် အတော်ဆုံး ကလေး ဖြစ်နေလေပြီ။
“အခု ညီမလေးကို ရေစပ်နား ခေါ်သွားလို့ မရသေးဘူးလေ မဟုတ်ရင် ကိုကိုက ဘယ်လိုဆော့ရလဲဆိုတာ ပြမှာပေါ့”
ဟု ဂေါ်ထုံက အနည်းငယ် နှမြောတသစွာဖြင့် ဆိုလိုက်သည်။ လီဟွာမှလည်း အကြံပြုလိုက်လေသည်။
“သဲအိတ်ပစ်တမ်း ကစားကြရအောင်လေ ခြံထဲမှာ သွားကစားကြမယ်”
“ကောင်းပြီ ကောင်းပြီ”
ကလေး တစ်သိုက်သည် ကစားကြရန် ခြံဝင်းထဲသို့ အုံးအုံးကြွက်ကြွက် ပြေးထွက် သွားကြလေတော့သည်။ အားလုံးသည် အားယွီလေးအား ဝိုင်းရံထားကြကာ မည်သို့ကစားရမည်ကို သင်ပေးနေကြတော့သည်။
ခြံထဲတွင် ကစားနေကြသော ကလေးများအား မြင်သောအခါ လူကြီးများသည် အပြင်မထွက်ရန်သာ ပြောလိုက်ပြီးနောက် သူတို့အား ဆက်၍ ဂရုမစိုက်တော့ချေ။
ရေတွင်းထဲ မိန်းကလေး တစ်ဦး ကျသွားသည့် ကိစ္စ ပြီးဆုံးသွားပြီ ဖြစ်ရာ ယခုအခါ ငွေပြန်ဆပ်မည့် ကိစ္စအား ဆက်လက်ပြောဆိုရမည် ဖြစ်သည်။ ညီအစ်ကို မောင်နှမများရှေ့တွင် လျိုရှီမှ ငွေများအား ထုတ်ပြလိုက်ပြီးနောက် ပြောလိုက်လေတော့သည်။
“လွန်ခဲ့တဲ့ နှစ်နှစ်က အိမ်ပြန်လာတုန်းက ငွေတစ်တေး ချေးသွားခဲ့တယ်လေ အဲဒီတုန်းက တကယ် မတတ်နိုင်လို့သာ ချေးရတာပါ အခုတော့ အခြေအနေ နည်းနည်း ကောင်းလာပြီဆိုတော့ ချက်ချင်း ပြန်ဆပ်ရမယ်လေ ယောက္ခမကြီးကလည်း မိသားစုဆီက နှစ်နှစ်တောင် ချေးထားတာဆိုတော့ အတိုးနဲ့ ပြန်ဆပ်ရမယ်လို့ ပြောပါတယ် ဒါက ငွေတစ်တေးနဲ့ ကြေးပြား ၁၀၀ ပါ”
ကြေးပြား ၁၀၀ ဆိုသည်မှာ အများကြီး မဟုတ်သော်လည်း ယခုတစ်ကြိမ် ပြန်ဆပ်ရသည်မှာ ငွေစစ်စစ် ဖြစ်ရာ ယခင်တွင် ချေးယူခဲ့သည့် ငွေအကြွေစ အနည်းငယ်ထက် ပို၍ တန်ဖိုးရှိလှပေသည်။ သူ၏ သမီးငယ်လေး ထုတ်ပေးလိုက်သည့် ငွေတစ်တေးအား မြင်သောအခါ အဘိုးအိုလျိုမှာ အံ့သြသွားခဲ့ရလေသည်။
ထို့နောက် သူ၏ မျက်နှာမှာ ဝက်အသည်းရောင်ကဲ့သို့ နီရဲလာခဲ့ပြီး စားပွဲအား ဘုန်းခနဲ ရိုက်ချလိုက်ကာ ဒေါသတကြီး အော်ဟစ် လိုက်လေတော့သည်။
“နင့်အဖေကို အခု စာရင်း လာရှင်း နေတာလား နင့်အဖေ ငါ့မှာ ဒီလောက်လေးတောင် မရှိဘူးလို့ ထင်နေတာလား”
ထိုအချိန်မှာပင် ခြံဝင်းအပြင်ဘက်မှ တစ်စုံတစ်ယောက်မှ အော်ခေါ်လိုက်သည့် အသံတစ်သံအား ကြားလိုက်ရလေသည်။
“ဦးလေးဝမ် အိမ်မှာ ရှိလား ရွာလူကြီးက အားလုံးကို လာခဲ့ဖို့ ခေါ်ခိုင်းလိုက်တယ် ပြီးတော့ သမီး ဖြစ်သူရဲ့ မိသားစုကိုပါ ခေါ်လာခဲ့ပါအုန်းတဲ့”