← Chapters

ကျေးဇူးဆပ်လက်ဆောင်

Vol. 6 Ch. 82

ကျေးဇူးဆပ်လက်ဆောင်

Vol. 6 Ch. 82

အပြင်ဘက်မှလူများသည် အဘိုးအို လျို၏ တုံ့ပြန်သံအား မကြားရသဖြင့် နောက်ထပ် နှစ်ကြိမ်မျှ ထပ်မံ အော်ခေါ်လိုက်ကြပြန်သည်။ ထိုအခါ အဘိုးအို လျိုမှ ပြန်လည်၍ ဒေါသတကြီး အော်ဟစ်လိုက်လေသည်။

“ငါ နားမကန်းသေးဘူးကွ ခဏနေ ထွက်လာခဲ့မယ်”

အဘိုးအို လျိုသည် စားပွဲပေါ်ရှိ ငွေတုံးအား ယူငင်ခြင်း မရှိသော်လည်း သူ၏ ချွေးမအကြီးနှင့် ချွေးမအလတ်တို့ကမူ ထိုငွေစအား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြလေသည်။

ဤမျှ များပြားလှသောငွေအား မလိုချင်လောက်အောင် သူတို့ သဘောထားကြီးကြလိမ့်မည် မဟုတ်ကြောင်း သိသာထင်ရှားလှပေသည်။ လျိုဒါရှီမှလည်း တီးတိုး ရေရွတ်လိုက်လေသည်။

“အမေ့ဆေးဖိုး အတွက် သမားတော်ကို ကြေးပြားတစ်ရာ ပေးဖို့ ကျန်နေသေးတယ်လေ”

သူတို့မိသားစုသည် ငွေတစ်ပြား တစ်ချပ်မှ ထုတ်မပေး နိုင်လောက်သည် အထိ ဆင်းရဲ မွဲတေနေခြင်းမျိုး မဟုတ်သည့်တိုင်အောင် ကျန်ရှိနေသည့် ငွေများအား လယ်ယာသုံး ကိရိယာများနှင့် အခြားသော အထွေထွေ အသုံးစရိတ်များ အတွက် ချန်ထားရန် လိုအပ်နေသေးပေသည်။

ငွေတစ်တေးဆိုသည်မှာ နည်းပါးလှသည့် ပမာဏ မဟုတ်ပေ။ ချွေတာတတ်သည့် မိသားစု တစ်ခု အတွက်ဆိုလျှင် တစ်နှစ်စာ မျှပင် သုံးစွဲ၍ ရနိုင်ပေသည်။ ချင်ရှီမှ မေးမြန်းလိုက်လေသည်။

“ဝမ်အာ သမီးတို့မိသားစု အဆင်ပြေကြရဲ့လား ဘာကိစ္စရှိရှိ ဖုံးကွယ် မထားနဲ့နော် သူစိမ်းတွေဆီက ပိုက်ဆံ ချေးငှားတာထက် ကိုယ့်မိသားစုဆီက အကူအညီ တောင်းတာက ပိုကောင်းပါတယ်လေ အဖေနဲ့အမေတို့ကို အားနာနေစရာ မလိုပါဘူး”

ချင်ရှီသည် သူမ၏ သမီးအငယ်ဆုံး အပေါ် အပြစ်ရှိသကဲ့သို့ ခံစားနေရခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် လွန်ခဲ့သည့် အချိန်တုန်းက ထိုငွေများအား ချေးငှားရန် သဘောတူခဲ့ခြင်း ဖြစ်ပေသည်။

“အမေ စိတ်မပူပါနဲ့ ယောက္ခမကြီးကပဲ ဒီငွေကို လာပေးခိုင်းလိုက်တာပါ နောင် အနာဂတ်မှာ သမီးတို့ ငွေရေးကြေးရေး လိုအပ်လာရင် အဖေနဲ့အမေ့ဆီကနေ အကူအညီ ထပ်တောင်းရမှာပဲလေ မဟုတ်ဘူးလား အဲဒီအချိန်ကျရင်သာ သမီးကို လျစ်လျူမရှုလိုက်ပါနဲ့နော်”

လျိုရှီသည် သူမ၏ ခင်ပွန်း ရှေ့တွင် အနည်းငယ် ရှက်ရွံ့နေသော်လည်း အသံချိုချိုလေးဖြင့် ချွဲနွဲ့ကာ ပြောလိုက်လေသည်။

“ဒါဆိုရင်လည်း ဒီငွေကို အမေတို့ ယူထားလိုက်မယ် နောင်တစ်ချိန် အခက်အခဲ ရှိလာခဲ့ရင် အမေ့ကို လာပြောဖို့ မမေ့နဲ့နော်”

ချင်ရှီမှ ငွေအား လှမ်းယူ လိုက်သောအခါ မှသာလျှင် အိမ်ရှိ ချွေးမ နှစ်ယောက်စလုံး သက်ပြင်း ချနိုင်ကြတော့သည်။ ယောက္ခမများ အနေဖြင့် မျက်နှာ လိုက်လွန်းမည်အား သူတို့ စိုးရိမ်နေခဲ့ကြခြင်း ဖြစ်လေသည်။ သမီးအငယ်ဆုံးထံမှ ငွေကိုပင် လက်မခံခဲ့လျှင် သူတို့ မိသားစု၏ ဘဝသည် အမှန်တကယ်ပင် ခက်ခဲ ကျပ်တည်းသွားနိုင်ပေသည်။

ကံကောင်း ထောက်မစွာဖြင့် သူတို့၏ ယောက္ခမများသည် အခြေအနေအား ကောင်းစွာ နားလည် သဘောပေါက်ကြလေသည်။ အဘိုးအို လျိုမှ နှာမှုတ်လိုက်ရင်း ဆိုလိုက်သည်။

“ကိုယ့် အခြေအနေကို ကိုယ်မသိဘဲ အထင်ကြီး ခံရအောင် ဟန်ဆောင် နေတာဆိုရင်တော့ နောင်ဆို ငါ မင်းကို ဂရုစိုက်နေမှာ မဟုတ်ဘူးနော် ငါ့အိတ်ကပ်ထဲ ရောက်လာတဲ့ငွေကို ပြန်ယူသွားဖို့တော့ မတွေးလိုက်နဲ့”

လျိုရှီမှ ပြုံးလျက် တုံ့ပြန်လိုက်လေသည်။

“သမီး နားလည်ပါတယ်”

“မင်းတို့ ဘာတွေ အချိန်ဆွဲနေကြတာလဲ ရွာလူကြီး ခေါ်နေတာ မကြားကြဘူးလား ဖားပြုတ်တွေလိုပဲ ပူးနေကြတယ် ငါကပဲ မင်းတို့ကို အဲဒီအထိ ထမ်းခေါ်သွားပေးရမှာလား”

အဘိုးအို လျိုသည် ခြံဝင်းအတွင်းမှ ထွက်လာခဲ့လေသည်။ မူလတွင် မြေးများအား အော်ဟစ်ဆူပူရန် ရည်ရွယ် ထားသော်လည်း မျက်နှာလေး နီရဲလာသည်အထိ ပျော်ရွှင်စွာ ဆော့ကစားနေသည့် အားယွီလေးအား မြင်လိုက်ရသောအခါ သူ၏ စိတ်ထဲမှ ာဆူပူရန် စဉ်းစားထားသည့် စကားလုံးများ တမဟုတ်ချင်း ပြောင်းလဲ သွားခဲ့တော့သည်။

“မင်းတို့ကလေးတွေကလေ နေ့တိုင်း ဆော့ဖို့လောက်ပဲ သိကြတယ် လက်ထဲက ဟာတွေ ချထားခဲ့ပြီး သွားကြစို့”

သူသည် လက်နှစ်ဖက်အား နောက်ပစ်လျှက် တံခါးပေါက်ဆီသို့ ဦးဆောင်၍ ထွက်ခွာသွားတော့သည်။ ချင်ရှီမှ ပြောလိုက်သည်။

“ရှင်တို့ပဲ သွားလိုက်ကြပါ ကျွန်မတော့ နေလို့ သိပ်မကောင်းလို့ မလိုက်တော့ဘူး ပြန်လာမှပဲ ဘာဖြစ်တာလဲဆိုတာ ပြောပြကြတော့”

လျိုရှီမှ အနည်းငယ် စိုးရိမ်သွားလျက် မေးလိုက်လေသည်။

“ရွာလူကြီးက ဘာကိစ္စများ ရှိလို့ ခေါ်တာပါလိမ့် အရမ်းကြာသွားရင် ဟူမိသားစုရွာကို ပြန်မဲ့ အပြန်လမ်းမှာ မှောင်သွားလိမ့်မယ် ထင်တယ်”

သူတို့မိသားစု ပြန်တော့မည်ဟု ကြားသောအခါ လျိုဒါရှီမှ အလျင်စလိုဖြင့် ပြောလာခဲ့သည်။

“ညီမလေး ဒီမှာ ရက်နည်းနည်းလောက် ထပ်မနေတော့ဘူးလား အစ်ကိုတို့ အိမ်မှာ နောက်ထပ် အခန်းတစ်ခန်း ရှင်းပေးပြီး ညီမလေးတို့ကို ပေးနေလို့ ရပါတယ်”

ယန်စီမှလည်း ဝင်ပြောလေသည်။

“ဟုတ်ပါတယ် မရီးနဲ့ ချွေးမအလတ်တို့ တိုင်ပင်ပြီးပါပြီ အခန်းကို သန့်ရှင်းရေး လုပ်ပေးထားမယ် ဒီညတော့ ဒီမှာပဲ အိပ်သွားကြပါလား ”

“အိမ်မှာ အလုပ်တွေ အများကြီး ကျန်သေးလို့ ကြာကြာနေလို့ မဖြစ်ဘူး ယောင်းမရဲ့”

လျိုရှီမှ အားနာဟန်ဖြင့် ပြုံးလျက် ငြင်းဆိုလိုက်သည်။ ဝမ်ချွမ်းမန်သည်လည်း ဝင်ရောက်၍ ရှင်းပြလိုက်လေသည်။

“မထွက်လာခင် ကတည်းက မိုးမချုပ်ခင် အိမ်ပြန် ရောက်အောင်လာဖို့ အမေက မှာလိုက်ပါတယ်”

နာမည် ကျော်ကြားလှသည့် အဘွားအိုဝမ်အကြောင်းအား တွေးမိ လိုက်သောအခါ လျိုမိသားစုဝင် အားလုံး တိတ်ဆိတ် သွားကြကုန်တော့သည်။ အဘယ်ကြောင့်ဆိုသော် ထိုအမျိုးသမီးကြီးသည် ချွေးမများအား သေလုမတတ် ညှဉ်းပန်း နှိပ်စက်တတ်သည် ဟူသော ဒဏ္ဍာရီလာ ယောက္ခမကြီးပင် မဟုတ်ပါလော။

ချင်ရှီ၏ မျက်လုံးများတွင် စိတ်ပျက် ဝမ်းနည်းရိပ်များ ဖြတ်သန်းသွားခဲ့သည်။ သမီးဖြစ်သူအား နောက်ထပ် နှစ်ရက်ခန့် နေစေချင်သော်လည်း သူမ အတင်းအကျပ် မတိုက်တွန်းရက်ပေ။ သမီးဖြစ်သူ အတွက် အခက်အခဲ မဖြစ်စေရန် သူမ သဘာဝကျကျပင် နားလည်ပေးရမည် ဖြစ်သည်။

ထို့နောက် လူအုပ်ကြီးသည် ရွာလူကြီး အိမ်သို့ သွားလိုက်ကြလေသည်။ အကြောင်းရင်းမှာ ရေနစ်ခဲ့သူ နှင့် ပတ်သက်နေသောကြောင့်ပင် ဖြစ်သည်။ ထိုအမျိုးသမီးသည် ရှန်းယန်ရွာနှင့် ပတ်သက် ဆက်နွှယ်နေ သူတစ်ဦး ဖြစ်နေခဲ့သည်။

ထိုအချိန်တွင် သူမသည် တတိယမြောက် ကိုယ်ဝန်အား လွယ်ထားရခါစ ဖြစ်ပေသည်။ ဤကိုယ်ဝန်သည် အနည်းငယ် ပြဿနာ ရှိသဖြင့် သူမသည် အိပ်ရာထဲတွင်သာ နားနေခဲ့ရကာ ပြင်ပ လောက အကြောင်းအား မည်သည်ကိုမှ မသိခဲ့ရပေ။

သူမ၏ခင်ပွန်းသည် ကလေးငယ်များ၏ အသားများအား လဲလှယ် ယူဆောင်လာခဲ့ကာ တောလိုက်ရာမှ ရလာသည့် အသားများ ဖြစ်ကြောင်း လိမ်လည်၍ ပြောဆိုခဲ့လေသည်။ ဟူမိသားစုရွာသည် ဤကိစ္စအား ဖော်ထုတ်လိုက်သည့် အချိန်မှသာလျှင် သူမ၏ ခင်ပွန်းသည် လူသား စားသည့် ကိစ္စတွင် ပါဝင် ပတ်သက်နေခဲ့ကာ မြွေဆိပ်သင့် နေကြောင်း သူမ သိရှိခဲ့ရခြင်း ဖြစ်သည်။

ရှန်းယန်ရွာမှ လူများသည် အာဏာပိုင်များထံ တိုင်ကြားရန်လည်း မဝံ့ ရဲသကဲ့သို့ တိုက်ရိုက်ဖြေရှင်းရန်လည်း မရဲဝံ့ကြချေ။ ထို့ကြောင့် သူမအား မိဘအိမ်သို့ ပြန်ပို့စေခဲ့ကာ ရူးသွပ် သွားသောကြောင့် ခင်ပွန်းဖြစ်သူမှ ကွာရှင်း လိုက်ပြီ ဖြစ်ကြောင်း လူအများအား အသိပေးခဲ့ကြလေသည်။

ရှရှန်းရွာမှ လူများသည် သူမ ကွာရှင်းခံရကာ ရူးသွပ်နေကြောင်းကိုသာ သိရှိကြသော်လည်း အကြောင်းအရင်းမှန်ကိုမူ မသိကြချေ။

သူတို့ ရွာလူကြီးအိမ်သို့ ရောက်ရှိ သွားသောအခါ ဆံပင်ဖြူနေပြီ ဖြစ်သည့် ဘွားဘွားအို တစ်ဦးသည် အဘိုးအို လျိုတို့အား မြင်သည်နှင့် အလောတကြီး မေးမြန်းလာသည်။

“ရှောင်မေ့ကို ကယ်ခဲ့တာ ရှင်တို့ဆို”

အဘိုးအို လျို စကားမပြောရသေးမီ ဂေါ်ထုန်မှ အလျင်စလို ဝင်ပြောလိုက်လေသည်။

“ဟုတ်ပါတယ် ညီမလေး အားယွီက ကျွန်တော်တို့ကို လမ်းညွှန်ပေးခဲ့တာပါ”

ဘွားဘွားအိုသည် အားယွီဆိုသည်မှာ မည်သူ ဖြစ်ကြောင်း မေးမြန်း ပြီးနောက် မည်သို့မျှ စဉ်းစားမနေတော့ဘဲ သူမရှေ့တွင် ဒူးထောက် ချလိုက်လေတော့သည်။

အားယွီလေးမှာ မှင်တက်သွားခဲ့ကာ မည်သည့် အဖြစ်ပျက်များ ဖြစ်ပျက်သွဦးသည်အား မသိရှာပေ။ လျိုရှီသည် သူမအား အမြန် ဆွဲဖယ်လိုက်ကာ ချွေးမအကြီး ယန်စီနှင့် ချွေးမအလတ် လီစီတို့သည် ဘွားဘွားအိုအား ပြန်လည်၍ ဆွဲထူလိုက်ကြလေသည်။

“သနားစရာ ကောင်းတဲ့ ငါ့သမီး ရှောင်မေ့ရယ် အကောင်းပကတိ လူတစ်ယောက်က ဒီလိုကြီး ရူးသွပ် သွားရုံတင်မကဘူး အခုဆို ရေတွင်းထဲတောင် ခုန်ချခဲ့သေးတယ် ရှင်တို့သာ မတွေ့ခဲ့ရင် သူ အသက် ဆုံးရှုံးသွားလောက်ပြီ ငါလည်း အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး”

ဘွားဘွားအိုသည် ခန္ဓာကိုယ် တစ်ခုလုံး အားအင် ကုန်ခမ်းသွားသကဲ့သို့ မြေပြင်ပေါ်သို့ ပြိုကျသွားခဲ့ကာ အဆက်မပြတ် ငိုကြွေးနေတော့သည်။

အတိတ်တွင် သူမ၏သမီး မည်မျှ လိမ္မာရေးခြား ရှိခဲ့ကြောင်းအား ရေရွတ်နေရင်းဖြင့် သမီးဖြစ်သူသာ သေဆုံးသွားပါမူ သူမသည်လည်း အသက်ရှင် နေနိုင်လိမ့်မည် မဟုတ်ကြောင်း ဆက်ပြောနေခဲ့သည်။ သူမသည် ကြီးမားလှစွာသော စိတ်လှုပ်ရှား တုန်လှုပ်မှုအား ခံစားနေရကြောင်း သိသာလှပေသည်။

အားယွီလေးသည် ဤဘွားဘွားအိုအား အလွန် သနားသွားသဖြင့် သူမ၏ အိတ်ကပ်ထဲတွင် မွှေနှောက် ရှာဖွေလိုက်ရာ အနီရောင် သစ်သီးတစ်လုံးကို တွေ့ရှိသွားခဲ့သည်။ သူမသည် ဘွားဘွားအိုရှေ့သို့ သတိထားကာ တိုးသွားလိုက် ပြီးနောက် သစ်သီးလေးအား လှမ်းပေးလိုက်သည်။

“ဘွားဘွား ဝမ်းမနည်းပါနဲ့တော့ အားယွီက ဘွားဘွားကို အနီရောင် သစ်သီးလေး ကျွေးမယ်နော်”

ဘွားဘွားအိုသည် ငိုကြွေးနေခြင်းကို ရပ်တန့်လိုက်မိသည်။ အနီရောင် သစ်သီးလေးအား ကိုင်ဆောင်ထားသည့် အားယွီလေးအား မြင်လိုက်ရသောအခါ လွန်ခဲ့သော နှစ်ပေါင်းများစွာက သူမ၏ သမီးသည်လည်း ဤကဲ့သို့ပင် တောင်ပေါ်မှ သစ်သီးများအား ခူးဆွတ်ပေးခဲ့ဖူးကြောင်း ရုတ်တရက် သတိရသွားလေသည်။ သူမသည် ပြုံးလျက် ပြောခဲ့ဖူးလေသည်။

“အမေ ဒါက အမေ့အတွက် ရှောင်မေ့ အထူး ခူးလာပေးတဲ့ သစ်သီးလေးလေ သေချာပေါက် အချိုဆုံးဖြစ်မှာပါ”

သို့သော် ယခုအခါတွင်မူ ထိုလိမ္မာသော သမီးလေးသည် ရူးသွပ်သွားခဲ့ကာ သေလုမတတ် ဖြစ်ခဲ့ရပြီ ဖြစ်သည်။ သူမ၏ နှလုံးသားထဲတွင် ပြင်းထန်လှသည့် အမုန်းတရားများအား ခံစားနေရသော်လည်း မည်သူ့အား ဦးတည်၍ မုန်းတီးရမည်ကိုမူ သူမ မသိတော့ပေ။

သို့သော်လည်း အားယွီလေးအား မြင်လိုက် ရသောအခါ ပြိုကွဲလုနီးပါး ဖြစ်နေသည့် သူမ၏ နှလုံးသားသည် အံ့ဖွယ် ကောင်းလောက်အောင် ပြန်လည် သက်သာလာခဲ့သည်။

“သမီးနာမည်က အားယွီလား သမီးက လိမ္မာတဲ့ကလေးလေးပဲ အရမ်းကို လိမ္မာတဲ့ကလေးလေးပါပဲ”

ဟု ဘွားဘွားအိုက ရေရွတ်လိုက်ရင်း အားယွီလေး၏လက်အား ပြန်တွန်းပေးလိုက်လေသည်။

“သမီးပဲ စားလိုက်ပါကွယ် ဘွားဘွား မစားတော့ပါဘူး”

ဤအချိန်တွင် ရှောင်မေ့၏ အခြား မိသားစုဝင်များသည်လည်း လျိုရှီနှင့် ဝမ်ချွမ်းမန်တို့၏ လက်ထဲသို့ အစားအသောက်အချို့အား အတင်း ထည့်ပေးနေကြလေသည်။

“ဒါက ကျွန်တော်တို့ရဲ့ ကျေးဇူးဆပ် လက်ဆောင်လေးပါ အများကြီးတော့ မဟုတ်ပါဘူး ခင်ဗျားတို့ စိတ်မခုဖို့ မျှော်လင့်ပါတယ်”

ကယ်ဆယ်ရေး လုပ်ငန်းတွင် အများဆုံး ပါဝင် လုပ်ကိုင်ပေးခဲ့သည့် ချွန်းရှန်း အတွက်လည်း အခြားအရာများစွာအား ထပ်ဆောင်း ပေးအပ်ခဲ့ကြလေသည်။

ရှောင်မေ့၏ မိသားစုသည် သူတို့အား အမှန်တကယ် ကျေးဇူးတင်နေကြခြင်း ဖြစ်လေသည်။ သူတို့သာမရှိလျှင် ရှောင်မေ့သည် သေဆုံး သွားခဲ့လောက်ပြီ ဖြစ်သည်။

ရှောင်မေ့သည် ဝူလောင်ဆန် မိသားစု၏ သမီးအကြီးဆုံး ဖြစ်လေသည်။ ပုံမှန် အချိန်များတွင် သူမအား မည်မျှပင် ဂရုမစိုက်ခဲ့ ကြစေကာမူ တကယ်တမ်းတွင်မူ သူမအား မစွန့်လွှတ်ရက် နိုင်ကြချေ။

[ကလေးမ မင်း ယာယီကယ်ဆယ်ရေးမစ်ရှင်တစ်ခုကို စတင်လိုက်ပြီ]

…

“ဟင်”

အားယွီလေးသည် ဤအသံအား ရုတ်တရက် ကြားလိုက်ရသောအခါ သူမကိုယ်တိုင်ပင် အသံထွက်သွားမိသည်အား သတိမပြုမိလိုက်ချေ။

“ဘာဖြစ်လို့လဲ”

လျိုရှီသည် တစ်ဖက်လူများအား မငြင်းဆန် နိုင်တော့သဖြင့် ပစ္စည်းများအား သိမ်းဆည်း လိုက်ရတော့သည်။ အားယွီလေး၏ အသံအား ကြားလိုက်ရသောအခါ သူမသည် အလျင်အမြန် ခေါင်းငုံ့ကာ မေးလိုက်လေသည်။

“ဘာမှမဖြစ်ပါဘူး အမေ”

အားယွီလေးမှ အလျင်အမြန် လက်ယမ်းပြ လိုက်သည်။ အကြိမ်ပေါင်းများစွာ အသုံးပြုပြီးနောက်တွင် သူမသည် ဤအရာနှင့် အလွန်ရင်းနှီးနေပြီ ဖြစ်သည်။ သူမသည် စိတ်ထဲမှနေ၍ မေးလိုက်သည်။

“နတ်သူငယ်လေး ဘာမစ်ရှင်လဲဟင်”

[စောစောက အဲဒီဘွားဘွားအို မင်းအနားကို ချဉ်းကပ်လာတဲ့အချိန်မှာ မေတ္တာစွမ်းအင်တွေ ကူးစက်လာခဲ့တယ် ဒါကြောင့် ကယ်ဆယ်ရေးမစ်ရှင် စတင်သွားတာပဲ]

[မင်းက အဲဒီ ဘွားဘွားအိုရဲ့ သမီးကို ကယ်တင်ဖို့ ကူညီပေး နိုင်မယ်ဆိုရင် ချစ်ခြင်းမေတ္တာ စွမ်းအင် ဆုလာဘ် အများကြီးကို ရရှိနိုင်လိမ့်မယ်]

“အို... ဟုတ်လား ဒါပေမဲ့ သမီး ဘယ်လိုကူညီပေးရမလဲ”

အားယွီလေးသည် ဆုလာဘ်များအား လုံးဝ ဂရုမစိုက်သော်လည်း အခြားသူများအား ကူညီပေးရသည်ကိုမူ အလွန် နှစ်သက်လှပေသည်။

[ကံစမ်းမဲက ရထားတဲ့ပစ္စည်းကို မင်း မှတ်မိသေးလား။]

All Chapters