ဆေးသောက်ခြင်း
Vol. 6 Ch. 83
ယခင်က အားယွီလေးသည် ယုံတင်းခရိုင်တွင် လူတစ်ဦးအား ကယ်တင်ခဲ့ဖူးလေသည်။ ထိုအချိန်က အားယွီလေးသည် ယာယီ ကယ်ဆယ်ရေး မစ်ရှင်တစ်ခုအား ပြီးမြောက်ခဲ့ ပြီးနောက် ကံစမ်းမဲ ဖောက်ခွင့် တစ်ကြိမ် ရရှိခဲ့လေသည်။ ထိုကံစမ်းမဲမှ စိတ်ပိုင်းဆိုင်ရာအား ပြုပြင် ကုသပေးနိုင်သည့် အာဟာရဖြည့်စွက်ရည်ကို သူမ ရရှိခဲ့လေသည်။
အသားလုံးလေးသည် ယခုတိုင် အနည်းငယ် တွေဝေနေဆဲ ဖြစ်သည်။ ထိုအချိန်တွင် ကလေးငယ်သည် ဤအရာအား လုံးဝ မလိုအပ်ခဲ့သော်လည်း မဲပေါက်ခဲ့ခြင်း ဖြစ်ပေသည်။
ယခုအခြေအနေအား ကြည့်ရသည်မှာ ဤနေရာတွင် အသုံးဝင် လာနိုင်ပုံရလေသည်။
"ဘာကံစမ်းမဲလဲ"
အားယွီလေးသည် ထိုသို့သောအရာ ရှိခဲ့သည်ကိုပင် လုံးဝ မေ့လျော့နေခဲ့ပြီ ဖြစ်သည်။
[အဲဒီဘက်ကို တိတ်တိတ်လေးသွားလိုက် ငါ မင်းကို ပေးမယ်]
အသားလုံးလေးသည် အာဟာရဖြည့်စွက်ရည်အား သိမ်းဆည်းထားခဲ့လေသည်။ သေတ္တာတစ်လုံးတွင် ဆယ်တောင့် ပါဝင်ပြီး ယခု တစ်တောင့်ကိုသာ အသုံးပြုမည် ဖြစ်ပေသည်။
အားယွီလေးသည် လိမ္မာစွာဖြင့် ဘေးဘက်သို့ လျှောက်သွားလိုက်ကာ သူမ၏ လက်သေးသေးလေးအား အိတ်ကပ်ထဲသို့ ထည့်လိုက်လေသည်။ ထိုအခါ အသားလုံးလေးမှ အာဟာရဖြည့်စွက်ရည် ဆေးတောင့်အား သူမထံသို့ လွှဲပြောင်း ပေးလိုက်တော့သည်။
အားယွီလေးသည် သူမ၏လက်ဖြင့် စမ်းကြည့်လိုက်လေရာ အနည်းငယ် ချောကျိကျိ ဖြစ်နေသည်ကိုသာ ခံစားလိုက်ရသည်။
[မညှစ်နဲ့နော် ပြီးတော့ ရေမစိုစေနဲ့]
အာဟာရဖြည့်စွက်ရည်အား အထူး ပြုလုပ်ထားသည့် ဆေးတောင့် တစ်ခုအတွင်း ထည့်သွင်းထားခြင်း ဖြစ်သည်။ ရေနှင့် ထိတွေ့သောအခါ ပျော်ဝင်သွားတတ်ကာ အနည်းငယ် ချိုမြိန်သည့် အရသာရှိလေသည်။
"သမီးက ဒါကို ဒေါ်ဒေါ်ကို ပေးရမှာလား"
အားယွီလေးက သူမ၏ လက်ချောင်းလေးဖြင့် စမ်းကြည့်လိုက်မိသည်။ ၎င်းသည် လုံးဝန်းကာ နူးညံ့နေလေသည်။
သူမသည် နှုတ်ခမ်းအား သပ်လိုက်မိလေသည်။ သူမသည်လည်း အရသာအား မြည်းစမ်း ကြည့်ချင်နေမိသည်။
[ဒါက ဆေးနော် ကလေးမ သမီး သဘောနဲ့သမီး လျှောက်သောက်လို့ မရဘူး]
လဲလှယ်ရေးဆိုင် ဖွင့်သည့်အခါ ကလေးငယ် အတွက် သရေစာအချို့အား အရင်ဝယ်ပေးရပေမည်။ ကလေးလေး ဘယ်လောက်တောင် ဗိုက်ဆာနေပြီလဲဆိုတာ ကြည့်ပါဦး...
ထိုဘွားဘွားအိုမှာ ဝူလောင်ဆန်း၏ ဇနီး ဖြစ်လေသည်။ အတန်ကြာ ငိုကြွေး ပြီးနောက် သမီးဖြစ်သူ သတိရလာပြီဟု သမားတော်မှ ပြောသည်အား ကြားသောအခါ သူမသည် အလျင်အမြန် ထရပ်လိုက်မိသည်။
ခန္ဓာကိုယ်ပေါ်ရှိ ဖုန်မှုန့်များကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ဝူရှောင်မေ့အား ထားရှိရာ နေရာသို့ တိုက်ရိုက် ပြေးသွားတော့သည်။ အားယွီလေးသည်လည်း အနီးသို့ တိုးသွားချင်နေခဲ့သည်။ သကြားလုံး နှင့်တူသော ဆေးအား ပေးချင်နေခြင်း ဖြစ်သည်။ သို့သော် လျိုရှီမှ သူမ၏လက်အား ဆွဲကိုင်လိုက်လေသည်။
"အားယွီ မေမေတို့ ပြန်ကြတော့မယ်"
ဤနေရာတွင် ဆက်နေရန် မသင့်တော်တော့ဟု လျိုရှီ ခံစားလိုက်ရလေသည်။ ရေနစ်နေသည့် အမျိုးသမီးအား တွေ့ရှိခဲ့သူမှာ အားယွီလေး ဖြစ်သော်လည်း လူတိုင်းမှ ဤကိစ္စကို ဆက်လက် တွေးတောနေမည်အား သူမ မလိုလားခဲ့ချေ။ ထိုးထွင်း သိမြင်မှု ဆိုသည်မှာ အမြဲတမ်း ကောင်းမွန်သည့်အရာ မဟုတ်ချေ။ အဘိုးအို လျိုမှ ဤစကားအား ကြားသောအခါ နှာမှုတ်လိုက်လေသည်။
"သွား သွား သွား မြန်မြန် ထွက်သွားကြ မင်းတို့ကို ကြည့်နေရတာ ငါလည်း စိတ်မဝင်စားတော့ဘူး"
"မေမေ သမီး ဒေါ်ဒေါ်ကို သွားကြည့်ချင်တယ်"
ဟု အားယွီလေးမှ ပြောလိုက်လေသည်။
"သူ သိပ်သနားဖို့ ကောင်းတာပဲ"
လူတိုင်းမှာမူ ရေတွင်းထဲသို့ ခုန်ချခဲ့သည့် အရူးမတစ်ယောက် အဖြစ်သာ သတ်မှတ်ထားကြကာ သူမအား သိပ်အရေးမလုပ်ကြချေ။ သို့သော် အားယွီလေးတွင်မူ ထိုသို့သော အတွေးမျိုး မရှိပေ။ နတ်သူငယ်လေး၏ စကားအား နားထောင်လျှက် လူအား ကယ်တင်ရန်သာ ဆန္ဒရှိနေလေသည်။
နတ်သူငယ်လေးမှ သူမအား ကယ်တင် စေချင်နေလေသည်။ ထိုဒေါ်ဒေါ်သည် နေမကောင်းသေး၍ ဖြစ်ရပေမည်။ နေမကောင်းမှသာလျှင် ဆေးသောက်ရမည် မဟုတ်ပါလော။ လျိုရှီမှ သူမအား နောက်သို့ ဆွဲခေါ်လိုက်လေသည်။
"ကြည့်စရာ ဘာမှမရှိပါဘူး ပြန်ကြစို့နော်"
"မေမေကလဲ အားယွီက ဒေါ်ဒေါ့်ကို ကြည့်ချင်လို့ပါဆို"
အားယွီလေးမှ ချွဲနွဲ့စွာဖြင့် ပြောလိုက်သည်။ ဝူလောင်ဆန်သည်လည်း ဝင်ပြောလိုက်လေသည်။
"မင်းက လျိုမိသားစုရဲ့ သမီးအငယ်ဆုံး မဟုတ်လား မင်းရဲ့ ကလေးက လိမ္မာတဲ့ ကလေးမလေးပဲ သူ့ကို ရှောင်မေ့ဆီ သွားကြည့်ခွင့် ပေးလိုက်ပါကွယ် ရှောင်မေ့က ဘယ်သူ့ကိုမှ ဒုက္ခမပေးပါဘူး"
သူ၏သမီးတွင် ရှန်းယန်ရွာ၌ ကလေးနှစ်ယောက် ကျန်ရှိနေသေးကြောင်းအား သူ သိပေသည်။ ဤ ကျက်သရေ ရှိလှသည့် ကလေးလေးအား မြင်လိုက်ရပါမူ သူမ၏ရောဂါများ သက်သာလာနိုင်မည်ဟု သူ တွေးထင်နေမိခြင်း ဖြစ်သည်။
လျိုရှီသည် ရွေးချယ်စရာ မရှိတော့သည့် အတွက် အားယွီလေးား ဝင်ခွင့်ပြုလိုက်ရတော့သည်။ အားယွီလေးသည် လိမ္မာစွာဖြင့် ပြောလိုက်သည်။
"အားယွီ အခုလေးတင် ပြန်ထွက်လာခဲ့မယ်နော်"
"လျိုရှီ မင်းရဲ့ကလေးက တော်တော်လေး ကောင်းတာပဲ သူ့ကိုကြည့်ရတာ ကံကောင်းတဲ့ ကလေးလေးနဲ့ တူတယ် အိုင်ယိုး သူက သိပ်ကို လိမ္မာတာပဲ"
ဝူလောင်ဆန်၏ချွေးမမှ လျိုရှီ၏ လက်အား ဆွဲလိုက်ကာ ကလေးအား မည်သို့ ကောင်းမွန်စွာ ပြုစု ပျိုးထောင်ခဲ့ကြောင်း မေးမြန်းချင်နေခြင်း ဖြစ်သည်။ လျိုရှီသည် ငြင်းဆန်၍ မရသဖြင့် ခြံဝင်းအတွင်း၌ သူမနှင့် စကားစမြည် ပြောနေရလေတော့သည်။
အားယွီလေး ဝင်သွားပြီးနောက် သစ်သားပြားပေါ်တွင် တွေဝေစွာ ထိုင်နေသော ဝူရှောင်မေ့အား တွေ့လိုက်ရလေသည်။ ဘွားဘွားအိုသည် သူမအတွက် အဝတ်အစား အခြောက်များ လဲလှယ် ပေးထားသော်လည်း သူမမှာမူ မည်သို့မျှ တုံ့ပြန်ခြင်း မရှိချေ။ ရှာရှန်းရွာ၏ မြေမျက်နှာသွင်ပြင်သည် ညီညာပြန့်ပြူးကာ နေရောင်ခြည် အလုံအလောက် ရရှိပေသည်။ အလုပ် ကြိုးစားသည့် ရွာသားများ အားလုံးနီးပါးသည် အသားအရေ ညိုမဲနေခဲ့ကြသည်။
ှောင်မေ့၏ အသားအရေမှာမူ သာမန်ရွာသားများထက် အနည်းငယ် ပိုမို၍ ဖြူဝင်းနေခဲ့သည်။ အသားအရေ ညိုမဲနေသည့် လူအုပ်ကြားတွင် သူမသည် အထူး ကြည့်ကောင်းနေခဲ့သည်။
"သမီးလေး ရှောင်မေ့ကို ကယ်ခဲ့တဲ့ ကလေးလေး မဟုတ်လား သမီးက ပန်းချီကားထဲကနေ ထွက်လာသလိုပဲ တကယ်ကို ကြည့်ကောင်းတာပဲကွယ်"
ဘွားဘွားအိုသည် စိတ် တည်ငြိမ် သွားခဲ့ပြီ ဖြစ်သည်။ သူမ၏အသံသည် အက်ကွဲ နေဆဲ ဖြစ်သော်လည်း စကားလုံးများမှာမူ များစွာ နူးညံ့သွားခဲ့ပြီ ဖြစ်သည်။
သူမသည် အားယွီလေးထံသို့ လျှောက်သွားကာ ရှောင်မေ့၏ အနီးသို့ ဆွဲခေါ်ရန် ကြိုးစားလိုက်လေသည်။ အစောပိုင်းတွင် ဘွားဘွားအို ငိုကြွေးနေပုံမှာ ကြောက်မက်ဖွယ် ကောင်းလှပေရာ အားယွီလေးသည် သူမအား အနည်းငယ် ကြောက်ရွံ့နေသဖြင့် ပုန်းကွယ်နေခဲ့ကာ ရှက်ရွံ့စွာဖြင့် ပြုံးပြလိုက်လေသည်။
"ဘွားဘွား သမီး ဒေါ်ဒေါ့်ကို လာကြည့်တာပါ"
"ကောင်းပါပြီ ကောင်းပါပြီကွယ် လိမ္မာတဲ့ကလေးလေး လာကြည့်လေ"
ဘွားဘွားအိုမှ ဘေးသို့ ဖယ်ပေးလိုက်ကာ ဝူရှောင်မေ့အား ပြောလိုက်လေသည်။
"ရှောင်မေ့ လျိုမိသားစုက ကလေးလေး မင်းကို လာကြည့်တာလေ ဒီနေ့ သူသာ မရှိခဲ့ရင် အမေ မင်းကို ထပ်ပြီး မြင်ရတော့မှာ မဟုတ်ဘူး"
စကားပြောနေရင်း ထိုနေရာသို့ ရောက်ချိန်တွင် ဘွားဘွားအို၏ မျက်လုံးများ တစ်ဖန် မျက်ရည်များ လည်လာပြန်ခဲ့သည်။ သူမသည် အလျင်အမြန် ခေါင်းငုံ့လျှက် မျက်ရည်များအား သုတ်ပစ်လိုက်လေသည်။
သမီးဖြစ်သူ သတိ မလည်သေးကြောင်းအား သိသော်လည်း သူမ ငိုနေသည်အား မြင်ပါမူ သမီးဖြစ်သူ စိတ်ပူမည်ကိုလည်း စိုးရိမ်နေဆဲ ဖြစ်လေသည်။ ထို့ကြောင့် ရေနွေး သွားယူမည်ဟု အကြောင်းပြလျှက် အပြင်သို့ ထွက်သွားလေတော့သည်။
ဝူရှောင်မေ့သည် ရုပ်သေးရုပ် တစ်ရုပ်ကဲ့သို့ သစ်သားပြားပေါ်တွင် မလှုပ်မယှက် ထိုင်နေခဲ့သည်။ သူမ၏ အကြည့်များသည် ထိုင်းမှိုင်းနေခဲ့ကာ ပတ်ဝန်းကျင်ကို မည်သို့မျှ တုံ့ပြန်ခြင်းမရှိချေ။
"ဒေါ်ဒေါ် ဝမ်းမနည်းပါနဲ့နော်"
မိမိရှေ့ရှိ ဒေါ်ဒေါ်သည် အလွန် ဝမ်းနည်းနေကြောင်း အားယွီလေး ခံစားသိရှိနိုင်ပေသည်။ သူမသည် အိတ်ကပ်ထဲမှ အာဟာရ ဖြည့်စွက်ရည် ဆေးတောင့်အား ထုတ်ယူကာ ဝူရှောင်မေ့ထံသို့ ကမ်းပေးလိုက်လေသည်။ အနည်းငယ် အေးစက်သည့် အထိအတွေ့ကြောင့် ဝူရှောင်မေ့သည် အပူလောင် သွားသကဲ့သို့ ခံစားလိုက်ရတော့သည်။
သူမ၏ လက်ချောင်းများသည် ပြင်းထန်စွာ တုန်ယင်သွားခဲ့ကာ ခေါင်းအား အနည်းငယ် မော့လာလျှက် သူမ၏ အကြည့်များသည် အားယွီလေးထံသို့ ကျရောက်လာခဲ့သည်။
"ကောင်မစုတ်လေး"
ဝူရှောင်မေ့သည် အားယွီလေးအား ကြည့်ရင်း မျက်လုံးများ ပြူးကျယ်လာခဲ့သည်။ သူမ၏ မျက်နှာ အမူအရာများသည် ပိုမိုလှုပ်ရှား သက်ဝင်လာခဲ့သည်။
"ကောင်မစုတ်လေးလား အမေ့ဆီ လာတာလား အမေ့ကို လာခေါ်တာလား အမေ့ကို စောင့်ပါဦး အမေ သမီးနဲ့အတူ လိုက်ခဲ့မယ် အမေ လိုက်ခဲ့ချင်တယ်"
စကားပြောနေစဉ်မှာပင် ဝူရှောင်မေ့သည် သစ်သားပြားပေါ်မှ ရုန်းထွက်ရန် ကြိုးစားနေခဲ့သည်။ သူမ၏ အခြေအနေအား မြင်သောအခါ အားယွီလေးသည် အနည်းငယ် ကြောက်လန့် သွားသော်လည်း သတ္တိမွေးလျှက် ပြောလိုက်သည်။
"ဒေါ်ဒေါ် သမီးက အားယွီပါ ကောင်မစုတ်လေး မဟုတ်ပါဘူး"
...
သို့သော်လည်း ဝူရှောင်မေ့မှ လုံးဝ နားမထောင်ခဲ့ချေ။ သူမသည် ငိုလိုက် ရယ်လိုက်ဖြင့် ပြောဆိုနေခဲ့သည်။
"အမေ သမီးဆီ လာနေပြီလေ အမေ့ကို ပစ်မထားခဲ့ပါနဲ့"
သူမသည် လက်လှမ်းလျှက် အားယွီလေးအား ထိတွေ့ချင်သော်လည်း ကလေးအား နာကျင်စေမည်ကိုလည်း ကြောက်ရွံ့ နေပုံရလေသည်။ သူမ၏ လက်ချောင်းများသည် အဆက်မပြတ် တုန်ယင်နေခဲ့သည်။
"အမေ့အမှားပါ အမေ သမီးကို ဒုက္ခပေးခဲ့မိတာ"
ဝူရှောင်မေ့မှ ရေရွတ်နေခဲ့သည်။
"အမေ သမီးကို မမွေးခဲ့သင့်ဘူး သမီးကို မမွေးခဲ့သင့်ဘူး"
[ကလေးမ သူ ရူးနေတယ် မြန်မြန် ထွက်ပြေးတော့ မစ်ရှင် မအောင်မြင်လည်း ကိစ္စမရှိဘူး]
အသားလုံးလေးသည် စိုးရိမ်တကြီးဖြင့် နေရာလွတ် အတွင်း၌ ဂဏာမငြိမ် လှည့်ပတ်နေလေတော့သည်။ အရူးမသည် ကလေးငယ်အား ဒဏ်ရာရစေခဲ့လျှင် မည်သို့ လုပ်ရမည်နည်း။ အစောပိုင်း၌ အာရုံခံကြည့်စဉ်တွင် ဤလူသည် ဤမျှလောက် ကြမ်းတမ်းမည်ဟု သူမသိခဲ့ချေ။
"ဒေါ်ဒေါ် ဒေါ်ဒေါ် နေမကောင်းဘူးနော် ဆေးသောက်ရမယ်လေ"
အားယွီလေးသည် ထွက်ပြေးချင်စိတ်အား ထိန်းချုပ်လိုက်ကာ ဂရုတစိုက် သတိပေး လိုက်လေသည်။
"ဆေး ဪ ဆေး ဆေးသောက်ရမယ် အမေ ဆေးသောက်မယ်နော် ဆေးသောက်ပြီးရင် အမေ သမီးဆီ လာခဲ့မယ်"
'ဆေး' ဟူသော စကားလုံးအား ကြားလိုက် ရသောအခါ ဝူရှောင်မေ့သည် အောက်သို့ ငုံ့ကြည့်လိုက်လေရာ သူမ၏လက်ပေါ်ရှိ အရာတစ်ခုအား တွေ့လိုက်ရလေသည်။ သူမသည် မည်သို့မျှ မစဉ်းစားဘဲ ထိုအရာအား မျိုချလိုက်လေတော့သည်။ ဆေးလုံးအား မျိုချလိုက် ပြီးနောက် သူမသည် သက်သာရာရ သွားသကဲ့သို့ တစ်ဖန် ပြုံးလိုက်ပြန်သည်။
"အမေ ဆေးသောက်ပြီးရင် သမီးဆီ လာလို့ရပြီ"
သူမ၏ စကားမဆုံးမီမှာပင် သူမသည် ခွန်အားများအားလုံး ကုန်ခမ်းသွားသကဲ့သို့ ဖြစ်သွားခဲ့သည်။ ထို့နောက် သူမ၏ မျက်လုံးများ လန်တက်သွားခဲ့ကာ သစ်သား ကြမ်းပြင် ပေါ်သို့ အားပျော့စွာ လဲကျသွားလေတော့သည်။
...
အရာအားလုံးသည် အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်သည်။ အပြင်ဘက်မှ လူများသည် ဆူညံသံ ကြား၍ ဝင်လာချိန်တွင် ဝူရှောင်မေ့ သတိလစ်နေသည်အား တွေ့လိုက်ရသည်။
"ရှောင်မေ့"
အားယွီလေးသည် သစ်သားပြားနားတွင် ရပ်နေဆဲ ဖြစ်သည်။ ပထမဆုံး ဝင်လာသည့် အဘိုးအို လျိုမှ သူမအား ပွေ့ချီလိုက်ပြီး ဖြစ်လေသည်။ သူသည် အခြား စကားတစ်ခွန်းမျှ မဆိုတော့ဘဲ အပြင်သို့ လျှောက်ထွက်သွားခဲ့သည်။
"သူ့ဘာသာသူ လဲကျသွားတာနော် ငါတို့ကို လာအပြစ်မတင်နဲ့"
ဝူမိသားစုမှာ ဗြောင်းဆန် နေသဖြင့် သူ့အား ဂရုမစိုက်နိုင်ကြတော့ပေ။
"အဖေ ဘာဖြစ်လို့လဲ"
အပြင်ဘက်ရှိ လျိုရှီသည်လည်း စိုးရိမ်တကြီး မေးလိုက်လေသည်။ တံခါးဝသို့ ရောက်သည်နှင့် အဘိုးအို လျိုမှ အားယွီအား သူမ၏ရင်ခွင်ထဲသို့ ထိုးထည့်ပေးလိုက်လေသည်။
"ဘာဖြစ်ရမှာလဲ ပြန်မယ် ပြန်မယ် ဘာကြည့်စရာရှိလို့လဲ"
ကံကောင်းထောက်မစွာဖြင့် သမားတော်မှ ဝင်ရောက် ကြည့်ရှု ပြီးနောက် ရေတွင်းထဲ ကျသွားခြင်းကြောင့် ခန္ဓာကိုယ် အနည်းငယ် အားနည်းနေခြင်းသာ ဖြစ်ကြောင်း အချိန်အနည်းငယ် အနားယူလိုက်ပါမူ ကောင်းမွန်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့လေသည်။ အားယွီလေးသည် အနည်းငယ် စိုးရိမ်နေမိသည်။
"နတ်သူငယ်လေး ဒေါ်ဒေါ် ဆေးသောက်လိုက်ပြီနော် သူ ပြန်ကောင်းလာမှာလား"
[သေချာပေါက် ပြန်ကောင်းလာမှာပေါ့]
ဘယ်လိုဟာသမျိုးလဲ။ ၎င်းသည် အဆင့်မြင့် ယဉ်ကျေးမှု ကမ္ဘာမှ အာဟာရ ဖြည့်စွက်ရည် ဆေးတောင့် ဖြစ်သည်။ ဤမျှ နိမ့်ကျလှသော ယဉ်ကျေးမှု ကမ္ဘာမှ လူတစ်ဦး၏ စိတ်ပိုင်းဆိုင်ရာအား ပြန်လည် ပြုပြင်ရန် ဆိုသည်မှာ အလွန်လွယ်ကူသည် ကိစ္စရပ်တစ်ခုမျှသာ ဖြစ်ပေသည်။
ဥပမာအားဖြင့် အဆင့်မြင့် ယဉ်ကျေးမှု ကမ္ဘာတွင် စကြဝဠာ စိတ်ဝိဉာဉ် စမ်းရေစင် ဆိုသည်မှာ ပန်းပင်များ ရေလောင်းရာတွင်သာ အသုံးပြုသည့် သာမန်ရေမျှသာ ဖြစ်ပေသည်။
လျိုမိသားစုသည် အလျင်အမြန် ပြန်လာခဲ့ကြသည်။ ချင်ရှီသည် ထရပ်ကာ ပစ္စည်းများစွာအား ပြင်ဆင်နေခဲ့ပြီ ဖြစ်သည်။ ချဉ်ဖတ်အိုး တစ်အိုး ယမန်နေ့တွင် ဖမ်းမိထားသည့် ငါးတစ်ကောင်နှင့် အဝတ်စငယ် တစ်ခုတို့ ပါဝင်လေသည်။ ထိုအဝတ်စသည် အားယွီလေးအတွက် အင်္ကျီတစ်ထည် ချုပ်ပေးရန် အနေတော်ပင် ဖြစ်လေသည်။
အခြားအထွေထွေ ပစ္စည်းများလည်း ပါဝင်ကာ သူတို့ ယူလာသည့် ခြင်းတောင်းငယ်၏ တစ်ဝက်ခန့်အား ပြည့်သွားစေခဲ့သည်။ လျိုမိသားစုမှ ကလေးများသည် အားယွီလေးအား အလွန် သဘောကျကာ ချစ်ကြသဖြင့် ခြံဝင်းထဲတွင် ဆော့ကစားရန် ထပ်မံ၍ ဆွဲခေါ်သွားကြ ပြန်လေသည်။
"အားယွီ အဖေတို့ ပြန်သင့်ပြီ ဒီထက် နောက်ကျမှ ပြန်ရင် မှောင်သွားလိမ့်မယ် သမီးဘွားဘွား စိတ်ပူနေလိမ့်မယ်"
ဝမ်ချွမ်းမန်မှ အားယွီလေးထံ လျှောက်လာပြီးနောက် ပြောလိုက်သည်။