အခန်း (၈၄)
Vol. 6 Ch. 84
အခန်း (၈၄)
ဘွားဘွားအကြောင်း ပြောလိုက်သောအခါ အားယွီလေးသည်လည်း ဘွားဘွားဖြစ်သူအား သတိရသွားတော့သည်။ လျိုမိသားစုမှ သူမအပေါ် အလွန်ပင် နွေးထွေးစွာ ဆက်ဆံကြသော်လည်း သူမသည် ဝမ်မိသားစုအား ပို၍ သဘောကျနေဆဲ ဖြစ်လေသည်။
သူမ၏ အစ်ကိုများသည်လည်း သူမအား သေချာပေါက် လွမ်းဆွတ်နေကြမည် ဖြစ်သည်။ ချင်ရှီသည် အနည်းငယ် ဝမ်းနည်းနေမိလေသည်။ သူမ၏ သမီးအငယ်ဆုံးနှင့် မိသားစုအား သူမ အမှန်တကယ် ဆက်နေစေချင်ခဲ့ခြင်း ဖြစ်သည်။
သူတို့ မတွေ့ရသည်မှာ နှစ်နှစ်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ ယခုမှ ခဏတာ တွေ့ရပြီးနောက် ထပ်မံ၍ ထွက်ခွာ သွားကြအုန်းမည် ဖြစ်သည်။ လျိုရှီသည်လည်း မျက်ရည်များအား အဆက်မပြတ် သုတ်နေမိလေသည်။ အဘွားအိုဝမ်မှ သူမကို နေခွင့်မပြုမည်အား သူမ မကြောက်သော်လည်း သူမ၏ မိသားစုသည် ချမ်းသာ ကြွယ်ဝသူများ မဟုတ်ကြချေ။ ဤနေရာတွင် သူမ နေထိုင်သည့် နေ့ရက်တိုင်းသည် သူမ၏ မိသားစုအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာပေလိမ့်မည် ဖြစ်သည်။
သူမ မည်သို့လျှင် ထိုမျှလောက် တစ်ကိုယ် ကောင်းဆန်နိုင်လိမ့်မည်နည်း။
သူမ၏ ယောက္ခမ ဖြစ်သူမှလည်း မလာမီကတည်းမှ ကြိုတင်၍ ပြောဆိုထားခဲ့ပြီး ဖြစ်သည်။ သူမ၏မိသားစု အခြေအနေ မကောင်းပါမူ မိခင်ဖြစ်သူ အခက်တွေ့မည်အား ကာကွယ်ရန် စောစော ပြန်လာရမည်ဟု ဆိုခဲ့လေသည်။
မိခင်တစ်ဦး အနေဖြင့် အခြားမိခင် တစ်ဦး၏ တွေးတောပုံအား သူမ အကောင်းဆုံး နားလည်နိုင်ပေသည်။ ဇနီးဖြစ်သူ ငိုကြွေးနေသည်အား မြင်သောအခါ ဝမ်ချွမ်းမန်သည် အလွန်ပင် စိတ်မကောင်း ဖြစ်သွားခဲ့ရလေသည်။
ဤဝမ်းနည်းမှု အားလုံးသည် ဆင်းရဲမွဲတေမှုကြောင့် ဖြစ်ပေါ်လာရခြင်းပင် ဖြစ်ချေသည်။ မိသားစု အခြေအနေသာ အနည်းငယ် ပိုကောင်းပိုခဲ့လျှင် သူသည် ပစ္စည်းများအား ပိုမို၍ ယူဆောင်လာနိုင်ကာ ဇနီးဖြစ်သူသည်လည်း သူမ၏မိသားစုတွင် သူမ နေချင်စိတ် ဆန္ဒ ရှိသလောက် နေနိုင်လိမ့်မည် ဖြစ်သည်။
“အမေ အိမ်က အလုပ်တွေပြီးရင် သမီး အမေ့ကို လာကြည့်ပါဦးမယ်”
အားလပ်ချိန်ရပါက သူမသည် မိသားစုနှင့် တွေ့ဆုံရန် ဤကဲ့သို့ ခရီးစဉ်မျိုး လာနိုင်သေးလေသည်။ ချင်ရှီမှ ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပါပြီကွယ်”
ဝမ်ချွမ်းမန်တို့ မိသားစု သုံးယောက် ထွက်ခွာတော့မည့် အချိန်တွင် ချင်ရှီမှ ထပ်မံ အော်ခေါ်လိုက်လေသည်။
“ရှီအာ ခဏစောင့်ဦး”
သူမသည် အိမ်ထဲသို့ ပြန်ဝင်သွားခဲ့ကာ ပစ္စည်းအား ယူရန် ဗီရိုကို ဖွင့်လိုက်လေသည်။ သူမ၏ လှုပ်ရှားမှုများသည် အနည်းငယ် ပြင်းထန်သွားသဖြင့် ရင်ဘတ်အား ဖိကာ ချောင်းဆိုးလိုက်မိလေသည်။
အပြင်ဘက်တွင် ဘွားဘွားဖြစ်သူ ချောင်းဆိုးနေသည်အား အားယွီလေး ကြားလိုက်ရသောအခါ ခွက်တစ်ခွက် ရှာရန် အလယ်ခန်းသို့ အလျင်အမြန် ပြေးဝင်သွားသော်လည်း မတွေ့ချေ။
ရှင်းဟွာသည် အားယွီလေး ရေဆာနေသည်ဟု ထင်သဖြင့် နောက်မှ လိုက်လာခဲ့သည်။
“အားယွီလေး ရေဆာလို့လား အစ်မ လောင်းထည့်ပေးမယ်လေ”
အိမ်ရှိ ထမင်းစားစားပွဲသည် အားယွီလေးထက် များစွာ မြင့်မားနေခဲ့သည်။ အားယွီလေး ခြေဖျားထောက်လျှက် အတော်ကြာ ကြိုးစားသော်လည်း ခွက်တစ်ခွက်ကိုပင် မယူနိုင်ခဲ့ချေ။
ရှင်းဟွာမှ ဘေးရှိ ရေနွေးကရားအား ကောက်ကိုင်လိုက်ကာ အားယွီလေးအတွက် ရေတစ်ခွက် လောင်းထည့် ပေးလိုက်လေသည်။
“ကျေးဇူးတင်ပါတယ် မမရှင်းဟွာ။ သမီး မမကိုလည်း တိုက်မယ်နော်”
အားယွီလေးမှ ရေခွက်အား ကိုင်လျှက် ရှင်းဟွာကို ပြန်တိုက်ချင်နေခဲ့သည်။ ရှင်းဟွာမှ ခေါင်းယမ်းလိုက်သည်။
“မမ ရေမဆာပါဘူး အားယွီလေးပဲ သောက်လိုက်ပါ”
“ရှင်းဟွာရေ”
အပြင်ဘက်မှ ယန်စီက အော်ခေါ်လိုက်လေတော့သည်။
“လာပြီ”
ရှင်းဟွာမှ ပြန်ထူးလိုက်ကာ အားယွီလေးထံသို့ ခေါင်းငုံ့လျှက် မှာကြားထားလိုက်လေသည်။
“ရေသောက်ပြီးရင် ခွက်ကို ဟိုဘက်က ခုံပေါ်မှာ တင်ထားလိုက်နော် မမ နောက်မှ လာသိမ်းလိုက်မယ်”
“ဟုတ်ကဲ့ ဟုတ်ကဲ့ အားယွီ နားလည်ပါတယ်”
ရှင်းဟွာ ထွက်သွား ပြီးနောက် အားယွီလေးမှ အသားလုံးလေးကို စိတ်ထဲမှနေ၍ မေးလိုက်သည်။
“ဒီရေကို ဘွားဘွားကို တိုက်လို့ရမလား သူက မေမေ့ရဲ့အမေလေ ပြီးတော့ သူက နေလည်းမကောင်းဘူး“
[ရပါတယ်]
နတ်သူငယ်လေးမှ သူမအား မငြင်းဆန်ခဲ့သဖြင့် အားယွီလေး အလွန်အံ့ဩသွားခဲ့သည်။
[ကလေးမလေး မင်းအမြင်မှာ ငါက အဲဒီလောက်တောင် အကြောင်းပြချက် မရှိတဲ့သူ ဖြစ်နေလို့လား မင်းရဲ့ဘွားဘွားက တော်တော်လေး ကောင်းပါတယ် သူ နေကောင်းသွားရင် နောင်ကျ မင်းကို ကောင်းကောင်း ဆက်ဆံလိမ့်မယ်]
အသားလုံးလေးသည် ငါးကြီးကြီး ရရန် အတွက် မြှားကြိုး အရှည်ကြီး ပစ်ချတတ်ကြောင်း ကောင်းစွာ သိလေသည်။ ကလေးငယ်၏ ဘွားဘွားသည် ကုသ၍ မရသော ရောဂါဝေဒနာ ခံစားနေရခြင်း မဟုတ်ပေ။ အခြားအကြောင်းရင်းများ စုပေါင်းကာ ခန္ဓာကိုယ် ယိုယွင်းနေခြင်းသာ ဖြစ်ပေသည်။ စိတ်ဝိဉာဉ် စမ်းရေအား သောက်သုံး ပြီးနောက် သူမ၏ ကိုယ်ခံစွမ်းအား တိုးတက်လာမည် ဖြစ်ကာ နောင်တွင် အလွယ်တကူ ဖျားနာတော့မည် မဟုတ်ပေ။
ရောဂါအား ဤအတိုင်း ဆက်လက်ထားရှိပါမူ သူမ လျှင်မြန်စွာ သေဆုံး သွားနိုင်ပေလိမ့်သည်။
ကလေးငယ် နေထိုင်သည့် ကမ္ဘာတွင် လူ့အသက်များသည် အလွန် ပျက်စီးလွယ်လှသည်။ အချိန်မရွေး သေဆုံး သွားနိုင်ကြသေးသည်။
“နတ်သူငယ်လေး မင်းက အကောင်းဆုံးပဲ”
အားယွီလေးသည် နေရာလွတ် အတွင်းသို့ ဝင်ကာ နတ်သူငယ်လေးအား ဖက်ထားချင်စိတ် ပေါက်သွားခဲ့သည်။ နတ်သူငယ်လေးသာ မရှိလျှင် အရာများစွာအား သူမ မည်သို့လုပ်ရမည်မှန်း သိလိမ့်မည် မဟုတ်ပေ။
[ကဲပါ ဖားတတ်တဲ့ ကလေးမလေး မင်းရဲ့ဘွားဘွားကို မြန်မြန် ရေသွားတိုက်လိုက်တော့]
သို့သော် အားယွီလေးသည် ချက်ချင်း ထွက်မသွားသေးချေ။ သူမသည် ခုံတစ်လုံးအား အားစိုက်ကာ ဆွဲယူလာပြီးနောက် ၎င်းပေါ်သို့ တက်ရပ်လိုက်လေသည်။ ထို့နောက် ရေနွေးကရား၏ အဖုံးအား ဖွင့်ကာ ရေများအား လောင်းထည့် လိုက်လေတော့သည်။
သူမသည် ဝိဉာဉ်စမ်းရေအား ခွက်တစ်ဝက်ခန့်ထိ လောင်းထည့် လိုက်လေသည်။ အသားလုံးလေးမှ အဆက်မပြတ် အော်ဟစ်နေတော့သည်။
[တော်ပြီ တော်ပြီ ထပ်မလောင်းနဲ့တော့]
‘ဒီကလေးမလေးကတော့ တကယ်ပဲ အခွင့်အရေး ယူတတ်လွန်းတယ်’
ကျောင်းကျန့်အား ကယ်တင်ရန် အတွက် ရေတစ်စက်သာ လိုအပ်ခဲ့သည်အား သူမ မှတ်မိနေဆဲ ဖြစ်ပေသည်။ ဝိဉာဉ်စမ်းရေ၏ အသက်စွမ်းအင် ပြန်လည်၍ ဖြည့်တင်း ပေးနိုင်စွမ်းသည် အလွန်ပင် အစွမ်းထက်လှသည်။ လူမသေသေးသရွေ့ တစ်ကိုယ်လုံး သွေးထွက်လွန်ကာ နောက်ဆုံးထွက်သက်သာ ကျန်ရှိနေစေကာမူ ရေ တစ်စက်တည်းဖြင့်ပင် အသက်အား ကယ်တင်ရန် လုံလောက်ပေသည်။
(** ယခုအချိန်မှစ၍ စိတ်ဝိဉာဉ်စမ်းရေအား ဝိဉာဉ်စမ်းရေ ဟုသာ ဆက်လက် ပြန်ဆိုမည် ဖြစ်ဿည်။ **)
“ရေက ချိုပြီး အရသာရှိတယ်”
အားယွီလေးသည် မျက်လုံးများ မှေးကျဉ်းသွားသည် အထိ ပြုံးလိုက်မိသည်။ သူမ၏ အစ်ကိုများနှင့် အစ်မများကိုလည်း ဤရေချိုချိုလေး သောက်စေချင်ခြင်း ဖြစ်သည်။
အားယွီလေး ဝမ်မိသားစု၌ ရှိစဉ်က ဤရက်ပိုင်းအတွင်း ဤသို့ မကြာခဏ လုပ်ခဲ့ဖူးလေသည်။ အိမ်ရှိ ရေစည်များ အားလုံးတွင် သူမ လောင်းထည့် ထားသည့် ဝိဉာဉ်စမ်းရေများ ပြည့်နှက်နေခဲ့သည်။
ဝမ်မိသားစုမှာမူ မကြာသေးမီတွင် အစားအသောက်များ အထူး အရသာရှိနေသည်ဟု ခံစားခဲ့ရသည့်တိုင် ယင်းမှာ ရေကြောင့် ဖြစ်ကြောင်းကိုမူ မသိခဲ့ကြချေ။ အကြောင်းရင်း မှာမူ အားယွီလေးမှ မည်သည်ကိုမှ မပြောပြခဲ့သောကြောင့်ပင် ဖြစ်သည်။
ရေလောင်း ထည့်ပြီးနောက် အားယွီလေးသည် ရေခွက်အား ကိုင်ကာ ချင်ရှီဆီသို့ သွားရှာလေသည်။ ထိုခွက်ထဲတွင်လည်း ဝိဉာဉ်စမ်းရေ ဇွန်းအနည်းငယ်ခန့် ပါဝင်နေသေးလေသည်။ ၎င်းသည် ရေနွေး ကရားထဲရှိ ရေထက်ပင် ပို၍ ပြင်းအား ကောင်းနေခဲ့သည်။
ချင်ရှီသည် ပစ္စည်းအား ရှာတွေ့ခါစ ဖြစ်လေသည်။ ၎င်းမှာ အရည်အသွေး ညံ့ဖျင်းသည့် ကျောက်စိမ်း လက်ကောက် တစ်ကွင်း ဖြစ်ကာ အလွန် ပါးလွှာလှပေသည်။
သူမသည် သားနှင့်ချွေးမဖြစ်သူတို့၏ ရှေ့တွင်ပင် ထို ကျောက်စိမ်း လက်ကောက်အား လျိုရှီ၏ လက်ထဲသို့ အတင်း ထိုးထည့်ပေးလိုက်သည်။
“မယူဘူးလို့ မငြင်းနဲ့ သမီးရဲ့ ဘွားဘွားက အမေ့အတွက် ဒါကို ချန်ထားခဲ့တာ စုစုပေါင်း ငါးကွင်းရှိတယ် နင့်ရဲ့အစ်မ နှစ်ယောက်နဲ့ မရီးက တစ်ကွင်းစီ ရပြီးပြီ အရင်က အမေ နင့်ကို ဒါမပေးခဲ့ဘူး အခုတော့ မငြင်းပါနဲ့”
လျိုရှီသည် အမှန်တကယ်ပင် ငြင်းဆန်ချင်နေခဲ့သည်။
“အမေ“
“ဒီပစ္စည်းက အမှတ်တရ ပစ္စည်းသက်သက်ပါ တန်ဖိုး သိပ်မရှိပါဘူး”
ဟု ချင်ရှီက ပြောလိုက်လေသည်။
“မင်း မလိုချင်လည်း ရပါတယ် ဒါပေမဲ့ တစ်နေ့ အမေ မရှိတော့တဲ့အခါ သမီးကို ဘာအမှတ်တရမှ မပေးခဲ့ဘူးလို့တော့ အပြစ်မတင်နဲ့နော်”
“အမေ ဘာတွေ ပြောနေတာလဲ”
လျိုရှီ၏ မျက်နှာအမူအရာသည် ပြင်းထန်စွာ ပြောင်းလဲ သွားခဲ့သည်။
“အမေ့ကျန်းမာရေး မကောင်းလို့လား”
…
ချင်ရှီသည် တစ်စုံတစ်ရာ ပြောရန် ပြင်လိုက်စဉ်မှာပင် အားယွီလေးသည် ရေတစ်ခွက် ကိုင်လျက် ဝင်လာခဲ့သည်။ ထိုအခါ လူတိုင်းသည် စကားပြောရင်း ရပ်တန့်သွားခဲ့ကြသည်။
“ဘွားဘွား ရေသောက်ပါဦး”
အားယွီလေးသည် တံခါးခုံအား ကျော်ဖြတ်လာခဲ့ကာ တောက်ပစွာ ပြုံးလျက် ဆိုလိုက်လေသည်။ ချင်ရှီသည် မူလတွင် မည်သည့် အရာကိုမျှ မသောက်ချင်သော်လည်း လိမ္မာရေးခြား ရှိလှသည့် မြေးမလေးမှ ရေယူလာပေးသည်အား မြင်သောအခါ သူမ၏နှလုံးသား နူးညံ့သွားခဲ့ရလေသည်။
“ကောင်းပါပြီကွယ် ဘွားဘွားတို့ရဲ့ အားယွီလေး ပေးတဲ့ရေကို သောက်ပါ့မယ် အားယွီလေးက သိပ်လိမ္မာတာပဲ”
ချင်ရှီသည် ရေခွက်အား လှမ်းယူလိုက်လေသည်။ မူလတွင် ကျေးဇူး တင်သည့် အနေဖြင့် တစ်ငုံခန့်သာ သောက်ရန် ရည်ရွယ်ထားခြင်း ဖြစ်ပေသည်။ သို့သော် မမျှော်လင့်ဘဲ ရေသည် အနည်းငယ် ချိုမြိန်နေခဲ့သည်။
“ဒီရေက..”
ချင်ရှီ အနည်းငယ် တွေဝေသွားခဲ့လေသည်။ သူမသည် ခွက်ထဲသို့ ကြည့်လိုက်ပြီးနောက် အားယွီလေးအား လှမ်းကြည့် လိုက်တော့သည်။ အားယွီလေးသည် အပြစ်ကင်းစင်လှသည့် မျက်နှာထားဖြင့် ချင်ရှီ ရေသောက်အပြီးကို မျှော်လင့်တကြီး စောင့်ဆိုင်းနေဆဲ ဖြစ်လေသည်။
“အားယွီလေး ဘွားဘွားကို ယူလာပေးတဲ့ရေက သိပ်ချိုတာပဲ”
ချင်ရှီသည် သူမကိုယ်သူမ စိတ်ကူး ယဉ်နေသည်ဟု ထင်မှတ်လျှက် ပြုံးလျက်ဖြင့်သာ ပြောလိုက် လေတော့သည်။ လျိုရှီသည် ထိုစကားအား ကြားသောအခါ အားယွီလေးအား ရုတ်တရက် လှမ်းကြည့် လိုက်ပြီးနောက် တစ်စုံတစ်ရာကို ချက်ချင်း နားလည် သဘောပေါက် သွားခဲ့လေသည်။
သို့သော် သူမသည် မည်သည်ကိုမှ ဝင်ရောက် ပြောဆိုခြင်း မပြုပဲ ဖော်ရွေစွာ ပြုံးပြလိုက်လေသည်။
“အမေ အားယွီလေးက အရမ်းသိတတ်တာ အိမ်မှာဆိုရင်လည်း မိသားစုကို ရေခပ်တိုက်လေ့ရှိတယ် အိမ်က သူ့ အစ်ကိုတွေကလည်း သူတို့ ညီမလေး တိုက်တဲ့ရေမှ ပိုချိုတယ်လို့ ပြောကြတယ်လေ သူက ခဏခဏတော့ မတိုက်ဘူး သေချာလေး မြည်းကြည့်ပါဦး အထူးသဖြင့် ပိုချိုမနေဘူးလား”
ချင်ရှီသည် သိပ်အများကြီး မတွေးတောတော့ဘဲ ပြုံးလျက် သူမ၏ရေခွက်ထဲမှ ရေများအား အကုန်သောက်လိုက်လေတော့သည်။
…
ဂေါ်တန်နှင့် အခြားကလေးများသည် ထိုစကားအား ကြားသောအခါ သူတို့၏ မျက်လုံးများ အရောင်လက်သွားခဲ့ကြကာ ရေနွေးကရားအား ယူဆောင်လာရန် အလျင်အမြန် ပြေးသွားကြလေတော့သည်။ သူတို့သည် အားယွီလေး အတွက် ခွက်အသစ် တစ်ခွက် ယူလာ ပေးကြလေသည်။
“ညီမလေး အားယွီ... ကိုကိုတို့ကိုလည်း ရေလောင်းထည့်ပေးပါ ချိုတယ်ဆိုရင် ကိုကိုတို့လည်း သောက်ကြည့်ချင်တယ်”
အားယွီလေးမှ ခေါင်းညိတ်ပြ လိုက်လေသည်။
“ဟုတ်ကဲ့ပါ”
သေချာပေါက် ချိုမြိန် နေမည်သာ ဖြစ်သည်။ ကလေး အနည်းငယ်သည် အံ့ဩတကြီးဖြင့် လျှာသပ်နေကြတော့သည်။ ကလေးများ ဤသို့ပြောနေသည်အား မြင်သောအခါ လူကြီးများသည် အနည်းငယ် တွေဝေသွားကြသဖြင့် သူတို့အားလုံးလည်း တစ်ခွက်စီ သောက်ကြည့် လိုက်ကြရာ အမှန်တကယ်ပင် ချိုမြိန်နေကြောင်း သိလိုက်ရတော့သည်။
အိမ်တွင် သကြား များများစားစား မရှိကြသည့် သူတို့အတွက် ဤအရသာသည် အထူးတလည် သိသာထင်ရှားလှခြင်း မရှိသော်လည်း၊ ဤအရသာအား ခွဲခြားသိမြင်ရန်မှာ အလွန်လွယ်ကူလှပေသည်။
အဘိုးအို လျိုသည် မူလတွင် မသောက်ချင်ခဲ့ချေ။ သို့သော် အားယွီလေးမှ သူ့အား စိတ်အားထက်သန်စွာဖြင့် စိုက်ကြည့်လျှက် တတွတ်တွတ် ပြောနေသည်အား မြင်သောအခါ သူသည်လည်း တစ်ခွက် သောက်လိုက် ရလေတော့သည်။
အဆုံးတွင်မူ သူတစ်ဦးတည်းသာ ရေသုံးခွက်မျှ သောက်လိုက်ခြင်း ဖြစ်သည်။ အားယွီလေးသည် သူတို့အား ရေတိုက် ပြီးနောက်တွင် လျိုရှီသည် ကျောက်စိမ်း လက်ကောက်အား သိမ်းဆည်းလိုက်လေသည်။ ထိုအခါမှသာ မိသားစု သုံးယောက်သည် လျိုမိသားစုထံမှ အပြီးတိုင် ထွက်ခွာ လာခဲ့ကြတော့သည်။
ဂေါ်တန်နှင့် အခြားကလေးများသည် သူတို့အား လိုက်ပို့ချင်သော်လည်း ရုတ်တရက် သူတို့၏ ဗိုက်ထဲတွင် အနည်းငယ် မအီမသာ ဖြစ်လာသဖြင့် ဗိုက်အားဖိကာ ပြေးထွက်သွားကြကုန်တော့သည်။
လူကြီးများသည်လည်း သူတို့၏ဗိုက်ထဲတွင် မအီမသာ ဖြစ်လာကြသည်။ ဝူမိသားစုမှ လူတစ်ဦး ထပ်မံ ရောက်ရှိလာချိန်တွင် အဘိုးအို လျိုမှ ဝက်ခြံတံခါးအား ခြေစုံကန်ဖွင့်နေသည်ကိုသာ မြင်လိုက်ရတော့သည်။ သူသည် အလွန်တရာ ဒေါသထွက်နေခဲ့လေသည်။
“ချီးပါ ပြန်ပြီလား ပျင်းရိတဲ့ မြည်းလို ကောင်က ချီးနဲ့ သေးတွေ ပေါများလိုက်တာကွာ လျိုဒါရှီ ငါ့ရှေ့က ဖယ်စမ်း ဟေ့ကောင်”
လျိုမိသားစု အိမ်သို့ ရောက်လာသည့် ဝူလောင်ဆန်းသည် သားအဖနှစ်ယောက် အိမ်သာလုနေသည့် မြင်ကွင်းအား မြင်လိုက်ချိန်တွင် ဆွံအသွားမိတော့သည်။