အိမ်ပြန်လမ်း
Vol. 6 Ch. 85
ဝမ်ချွမ်းမန်တို့ မိသားစု ထွက်ခွာသွားချိန်အထိ လျိုမိသားစုဝင်များ ဗိုက်ထဲ၌ မအီမသာ ဖြစ်ခြင်း မရှိသေးပေ။ ထို့ကြောင့် ဇနီးဖြစ်သူ၏ မိသားစုဝင် တစ်ဦး တစ်ယောက်မျှ လိုက်မပို့နိုင်ခြင်းအား သူ အနည်းငယ် ထူးဆန်းနေမိလေသည်။
“ယောက္ခမတို့ အလုပ်ရှုပ်နေကြလို့ ဖြစ်မှာပါ စိတ်မကောင်း မဖြစ်ပါနဲ့”
ဝမ်ချွမ်းမန်သည် အလိုက်မသိတတ် သူ ဖြစ်ရာ ဇနီးဖြစ်သူအား ဤသို့သာ နှစ်သိမ့်နိုင်ရှာလေသည်။ လျိုရှီမှာမူ မည်သို့ ဖြစ်ပျက်နေသည်အား အနည်းငယ် ရိပ်မိသဖြင့် ခေါင်းယမ်းလိုက်ကာ ပြောလိုက်လေသည်။
“ကျွန်မ ဘာမှမတွေးပါဘူး စိတ်မပူပါနဲ့ မိုးမချုပ်ခင် ရောက်အောင် မြန်မြန်သွားကြရအောင်”
ဤကိစ္စအား ယောက္ခမ ဖြစ်သူကို ပြန်ပြောပြရန် သူမ စဉ်းစားထားလေသည်။ သူမသည် ကိုယ်တိုင် ဆုံးဖြတ်ချက်ချနိုင် စွမ်း ရှိသူ မဟုတ်ဘဲ ယခုကဲ့သို့ ကိစ္စရပ်များတွင် ယောက္ခမ၏ အမြင်ကိုသာ နားထောင်လေ့ ရှိပေသည်။
အားယွီလေးမှာမူ ဝမ်ချွမ်းမန်၏ ပခုံးပေါ်တွင် ခွထိုင်လျှက် ခြေထောက် ကလေး နှစ်ဖက်အား လွှဲယမ်းနေခဲ့သည်။ သူမ၏ ရေကရားထဲမှ ရေများကြောင့် လျိုမိသားစုဝင်များ အိမ်သာတံခါးအား ခြေစုံကန်ဖွင့်လျှက် လုယက်နေရသည်ကို သူမ မသိရှာခဲ့ပေ။
ဝူမိသားစုမှာ စိတ်ထား ကောင်းသော မိသားစု ဖြစ်လေသည်။ ဝူရှောင်မေ့ ရုတ်တရက် သတိလစ်သွားခြင်း အပေါ် အားယွီလေးအား အပြစ်မတင်သည့်အပြင် ကျေးဇူးဆပ်သည့် လက်ဆောင်အချို့ကိုပင် အားယွီလေးတို့ အိမ်အပြန် လမ်း၌ စားနိုင်စေရန် အပြေးအလွှား လိုက်ပေးခဲ့ကြသေးလေသည်။ သို့သော်လည်း သူတို့သည် အလွန် မြန်မြန် ထွက်ခွာသွားသဖြင့် အချိန်မီ မမီလိုက်တော့ပေ။
ထိုညတွင် ဝူရှောင်မေ့သည် အိပ်ပျော်နေရာမှ ရုတ်တရက် နိုးလာခဲ့သည်။ သူမသည် မှောင်မည်းနေသည့် အခန်းထဲတွင် ထိုင်နေရင်း မိမိကိုယ်မိမိ မည်သည့် နေရာရောက်နေမှန်း မသိဖြစ်နေခဲ့သည်။
အတန်ကြာ ဝေဝေဝါးဝါး ဖြစ်နေခဲ့ ပြီးနောက်မှသာ သူမ အသိစိတ်များ ပြန်လည် ကြည်လင်လာခဲ့သည်။ မကြာမီမှာပင် သူမသည် ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းခံရကာ မိဘအိမ်သို့ ပြန်ရောက်နေကြောင်း သတိရသွားခဲ့သည်။
သူမ၏ ကလေးနှစ်ယောက်...
ရုတ်တရက် သူမ၏ ဗိုက်ထဲတွင် မအီမသာ ခံစားလိုက်ရသဖြင့် ဝမ်းဗိုက်အား အမှတ်မထင် စမ်းကြည့် လိုက်မိလေသည်။
“ကလေး သမီးလေး ရှိနေသေးတယ် မဟုတ်လား”
ဝူရှောင်မေ့မှ တီးတိုး ရေရွတ်လိုက်လေသည်။ မကြာမီမှာပင် သူမ၏ အသိစိတ်များ အားလုံး ပြန်လည် ရရှိလာ ပြီးနောက် သူမအား နာကျင်စေခဲ့သည့် အတိတ်များကို ပြန်လည် မြင်ယောင်လာခဲ့တော့သည်။ မျက်ရည်များမှာ သူမ၏ ပါးပြင်ပေါ်သို့ တိတ်တဆိတ် စီးကျလာလေသည်။
သူမသည် တစ်စုံတစ်ဦးအား ဓားဖြင့် ခုတ်ပိုင်းချင်စိတ်ကို အံကြိတ်လျှက် ထိန်းချုပ်ထားရလေသည်။ သူမ၏ နှလုံးသားထဲတွင် အမုန်းတရားများ ပြည့်နှက်နေခဲ့ပြီး ဖြစ်သည်!! သူမ၏ မျက်လုံးများထဲတွင် အမုန်းမီးများ တောက်လောင်နေသည်အား မည်သူမျှ မသိရှိကြချေ။ သူမသည် ရှန်းယန်ရွာသို့ တစ်နေ့နေ့တွင် သေချာပေါက် ပြန်သွားပေမည်။
သူမအား ဝမ်းမနည်းရန် ပြောခဲ့သည့် မိန်းကလေး ငယ်လေးကိုလည်း သူမ သတိရလိုက်မိသည်။ သူမ၏ သမီးလေးသာ ကြီးပြင်းလာပါမူ ဤကလေးမလေးကဲ့သို့ပင် ချစ်စရာကောင်းနေမည် မဟုတ်ပါလော။
“ရှောင်မေ့”
ဘွားဘွားအိုသည် လှုပ်လှုပ်ရှားရှား အသံတစ်သံအား ကြားလိုက်ရသဖြင့် လန့်နိုးလာကာ ဝူရှောင်မေ့ထံ လှမ်းအော် မေးလိုက်လေသည်။
“အမေ သမီး ဘာမှမဖြစ်ပါဘူး ပြန်အိပ်ပါ”
“ဪ အေးအေး”
ဘွားဘွားအိုသည် မျက်လုံးများအား ပြန်မှိတ်လိုက်လေသည်။ သို့သော် နောက်တစ်စက္ကန့်တွင် ဘွားဘွားအို၏ မျက်လုံးများ ပြူးကျယ် သွားခဲ့လေသည်။
“ရှောင်မေ့ သမီး နေကောင်းသွားပြီလား”
ညဉ့်နက် သန်းခေါင်တွင် ဝူမိသားစုမှာ တစ်ဖန် ပြန်လည်၍ ဆူညံသွားပြန်တော့သည်။ အားယွီလေးနှင့် သူမ၏ မိဘများသည် လေးနာရီခန့် ခရီးနှင်ခဲ့ကြလေသည်။ တောင်ကြားလမ်းသို့ ရောက်လာချိန်တွင် မှောင်နေပြီ ဖြစ်သဖြင့် မှောင်မှောင် မည်းမည်း ထဲတွင်ပင် ဆက်လက် ခရီးဆက်ခဲ့ကြရလေသည်။
အားယွီလေးမှာ အိပ်ချင်နေခဲ့ပြီ ဖြစ်သည်။ လျိုရှီမှ သူမလေးအတွက် သူမ၏ အပေါ် အင်္ကျီကြယ်သီးများအား ဖြုတ်ကာ အားယွီလေး၏ ခန္ဓာကိုယ်တစ်ခုလုံးကို ပတ်ပေးလိုက်ကာ ချမ်းအေးခြင်းမှ ကာကွယ်ရန် တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားပေးလေသည်။
ဤအချိန်တွင် အားယွီလေးမှာ အမှန်တကယ် အိပ်ပျော်နေခြင်း မဟုတ်ချေ။ သူမသည် နေရာလွတ် အတွင်း၌ လယ်လုပ်နေခြင်း ဖြစ်ပေသည်။ သူမနှင့် အသားလုံးလေးသည် စိုက်ခင်း အတွင်းမှ မှည့်ဝင်းနေသည့် ကောက်ပဲသီးနှံများအား ရိတ်သိမ်းကာ ဘေးဘက်တွင် စုပုံထားကြသည်။
သူမသည် မျိုးစေ့များအား ပြန်လည်၍ စုဆောင်းကာ အဘွားအိုဝမ်အား ပေးရန် စောင့်ဆိုင်းနေခဲ့သည်။ ယခုအခါတွင် နေရာလွတ် အတွင်းသို့ သွားရောက် အလုပ်လုပ်ခြင်းမှာ အားယွီလေးအတွက် အပန်းဖြေစရာတစ်ခု ဖြစ်နေပြီ ဖြစ်သည်။
အသားလုံးလေးသည်လည်း သူမ နှင့်အတူ အဖော်ပြုပေးရင်း အစားအသောက်များနှင့် ပတ်သက်သည့် ဗဟုသုတများအား ပြောပြတတ်သေးသည်။ သူမ နားမလည်သော်လည်း လယ်စိုက်ရခြင်းအား ပျော်စရာဟု ထင်မှတ်နေမိလေသည်။
[ကလေးမ... တစ်ယောက်ယောက် မင်းကို လာကြိုနေပြီ]
အသားလုံးလေးသည် အဝေးမှ လူရိပ်အား အာရုံခံမိသဖြင့် အားယွီလေးအား အလျင်အမြန် သတိပေးလိုက်လေသည်။ အားယွီလေးသည် အသိစိတ်အား နေရာလွတ် ထဲမှ ရုပ်သိမ်းကာ နိုးထလာခဲ့တော့သည်။
သူမသည် လျိုရှီ၏ ရင်ခွင်ထဲမှ ခေါင်းလေးမော့လျှက် ကြည့်လိုက်ရာ အဝေးတွင် မီးရောင်များ လှုပ်ခတ်နေသည်အား တွေ့လိုက်ရလေသည်။
“မေမေ ဖေဖေ ဘွားဘွားတို့က သမီးတို့ကို လာကြိုတာလားဟင်”
ဝမ်ချွမ်းမန်မှာ မူလတွင် ခရီးသွားခြင်း၌သာ အာရုံစိုက်နေရခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ညဘက်တွင် လမ်းမှာ ချောကျိကျိ ဖြစ်နေသည့်အပြင် မြွေနှင့် ပိုးမွှားများကိုလည်း သတိထား နေရသေးလေသည်။ တစ်ချိန်တည်းမှာပင် သားရဲတိရစ္ဆာန်များအား ဆွဲဆောင်မိမည် စိုးရိမ်သောကြောင့် အသံကိုလည်း သိပ်မထွက်ရဲချေ။
အားယွီလေး၏ အသံအား ကြားသောအခါမှသာ သူ မော့ကြည့်လိုက်လေရာ အဝေးတွင် တစ်စုံတစ်ဦးသည် မီးတုတ်အား ကိုင်ဆောင်ထားသည်ကို မြင်လိုက်ရတော့သည်။
“လူရိပ်တော့ တွေ့တယ် ဒါပေမဲ့ သမီးဘွားဘွား ဟုတ်မဟုတ်တော့ မသိဘူး”
ဝမ်ချွမ်းမန်မှ ထိုသို့ ပြောလိုက်သော်လည်း သူ၏ အမေ ဖြစ်သူ ကိုယ်တိုင် ထွက်လာလိမ့်မည်ဟု မထင်မှတ်ထားပေ။ ရုတ်တရက် ဆိတ်ကလေး တစ်ကောင်၏ အော်သံကိုလည်း ကြားလိုက်ရလေသည်။
“ပဲ~”
“ဆိတ်ကလေး ဆိတ်ကလေး သမီးကို လာကြိုတာ မေမေ အားယွီ လမ်းဆင်း လျှောက်ချင်တယ်”
လျိုရှီသည်လည်း အဝေးမှ လှုပ်ရှားမှုများအား သိရှိနေသော်လည်း အားယွီလေးကို အောက်သို့ မချသေးချေ။ ထိုအစား သူမအား ဝမ်ချွမ်းမန်ထံ လွှဲပေးလိုက်ပြီးနောက် ခေါင်းငုံ့လျှက် အဝတ်အစားများအား သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ပေးလိုက်လေသည်။
ဝမ်ချွမ်းမန်သည် အားယွီလေးအား ပွေ့ချီလိုက်သည်နှင့် တစ်စုံတစ်ခုသည် သူ၏ ခြေထောက်အား လာတိုးနေသည်ကို ခံစားလိုက်ရတော့သည်။ သူ မည်မျှပင် ကြောက်လန့် သွားသနည်းဆိုလျှင် တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများပင် ထသွားလေတော့သည်။
“ဘာကြီးလဲ မြွေလား”
“ပဲ ~ ~”
၎င်းမှာ ဆိတ်ကလေးပင် ဖြစ်လေသည်။
“ဆိတ်ကလေး ဆိတ်ကလေး”
အားယွီလေးသည် ပျော်ရွှင်သွားကာ မြေပြင်ပေါ်သို့ ဆင်းရန် ဇွတ်အတင်း ပြုလုပ်လေတော့သည်။ ဝမ်ချွမ်းမန်သည်လည်း သူမအား မြေပြင်ပေါ် ချပေးလိုက်သည်နှင့် ဆိတ်ကလေးသည် အားယွီလေးအား ကျောပေါ်တွင် ခွထိုင်စေလိုက်လေသည်။ အားယွီလေး ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ဆိတ်ကလေးသည် ဒုန်းစိုင်း ပြေးထွက် သွားလေတော့သည်။
“အားယွီ”
လျိုရှီသည် အားယွီလေး ထွက်သွားသည်အား သိလိုက်ရသဖြင့် အလောတကြီး အော်ခေါ်လိုက်လေသည်။
“မေမေ သမီး ဆိတ်ကလေးနဲ့ အရင်ပြန်နှင့်မယ်နော် ဖြည်းဖြည်းချင်း လျှောက်လာခဲ့နော် မေမေ လဲကျမယ်”
ဟု အားယွီလေးမှ လှမ်းအော် ပြောလိုက်သည်။ လာကြိုနေသည့် အခြားလူတစ်စုမှာလည်း အားယွီလေး၏ အသံအား ကြားလိုက်ရသဖြင့် ပြန်အော်ကြလေသည်။
…
“ချွမ်းမန်တို့ မိသားစု ပြန်ရောက်ပြီလား”
“အားယွီရဲ့ အသံကို ကြားလိုက်တယ်”
“သွားစို့... မြန်မြန် သွားကြစို့”
ရွာသားများသည် သူတို့ ယနေ့ ချက်ချင်း ပြန်လာမည်ဟု ကြားထားကြသော်လည်း မိုးချုပ်သည်အထိ ပြန်မရောက် လာကြသေးသဖြင့် ရွာသားအချို့နှင့် လူငယ်အချို့အား ရွာထိပ်သို့ စောင့်ကြိုရန် အတွက် လွှတ်လိုက်ခြင်း ဖြစ်ပေသည်။
အဘယ်ကြောင့် ဆိုသော် သူတို့တွင် ကလေးငယ် တစ်ဦး ပါနေသဖြင့် လမ်းတွင် မြွေများ သားရဲတိရစ္ဆာန်များ နှင့် ပိုးမွှားများ ရန်အား စိုးရိမ်နေကြခြင်း ဖြစ်ပေသည်။ နောက်ဆုံးတွင်မူ သူတို့အား အမှန်တကယ်ပင် စောင့်ကြိုနိုင်ခဲ့ကြလေသည်။
လူအားလုံး စုံစည်းမိချိန်တွင် ဆိတ်ကလေးမှာမူ အားယွီကို တင်ဆောင်လျှက် ရွာထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး ဝမ်မိသားစုအိမ်သို့ ပြေးဝင်သွားခဲ့လေပြီ ဖြစ်သည်။
အဘွားအိုဝမ်သည် တစ်စုံတစ်ဦးကို ရေနွေးတည်ခိုင်းထားပြီး ဖြစ်ကာ အားယွီလေး အရင်ဆုံး ပြန်ရောက်လာသည်အား မြင်သောအခါ သူမ၏ မိဘများ အကြောင်းကိုပင် မမေးတော့ချေ။
(** သားနဲ့ ချွေးမကို အဲ့လို စိတ်ပူပြီး ချစ်ရှာတာ ခိခိ **)
သူမသည် အားယွီလေးအား ဆိတ်ကလေး၏ ကျောပေါ်မှ ပွေ့ချီချ လိုက်ပြီးနောက် ဝမ်တလန်အား ခိုင်းစေလိုက်လေတော့သည်။
“ဆိတ်ကလေးကို ဘန်းကိတ်တစ်ချပ် ပေးလိုက်ပါဦး သူ တော်တော် ပင်ပန်းရှာမယ်”
ယနေ့ညတွင် လူတိုင်း ဘန်းကိတ်များအား ပိုမို၍ ဖုတ်ထားကြခြင်း ဖြစ်သည်။ ဝမ်ချွမ်းမန်တို့ မရောက်မီတွင်ပင် သူတို့ အရင်စားနှင့်ကြပြီး ဖြစ်သည်။
ဆိတ်ကလေး၏ ကျောက်ခွက်လေးထဲတွင် ဘန်းကိတ်တစ်ချပ် ရှိနေခဲ့သည်။ ၎င်းသည် အလွန်ကျွမ်းကျင်စွာ ခုန်သွားလိုက်ကာ ထိုဘန်းကိတ်အား ဝါးစားနေတော့သည်။
…
ဝမ်ချွမ်းမန်နှင့် ဇနီးဖြစ်သူ အိမ်သို့ ဖြည်းညှင်းစွာ ပြန်လည်၍ ရောက်ရှိလာချိန်တွင် အားယွီလေးမှာ ရေမိုးချိုးပြီး ဖြစ်ကာ ဘန်းကိတ် စားလျှက် အိပ်ရာပေါ်တွင် လဲလျောင်းနေခဲ့ပြီ ဖြစ်သည်။
ဝမ်ချွမ်းမန်နှင့် လျိုရှီတို့သည်လည်း ဘန်းကိတ် စားပြီးနောက်တွင် လျိုရှီသည် သူမ၏ မိဘဖြစ်သူတို့၏ အိမ်အကြောင်းအား အဘွားအိုဝမ်ကို ပြောပြရန် အခွင့်အရေး ယူလိုက်လေသည်။
သူမသည် အရာအားလုံးကို မပြောပြဘဲ အားယွီလေးမှ သူမ၏ မိသားစုဝင်များအား ထူးခြားသည့် ရေများအား တိုက်ကျွေးခဲ့ကြောင်းသာ ပြောပြလိုက်လေသည်။ ထို့အပြင် အားယွီလေးသည် ရေတွင်းထဲ ကျသွားသူအား မည်သို့ တွေ့ရှိခဲ့ကြောင်းကိုလည်း ပြောပြလိုက်သေးသည်။
“ကျွန်မ မှတ်မိသလောက်ဆိုရင် မမရှောင်မေ့က ရှန်းယန်ရွာကို အိမ်ထောင်ကျသွားတာပါ အခုတလောမှ ကွာရှင်းခံလိုက်ရတယ်လို့ ကြားတယ်”
လျိုရှီမှ အနည်းငယ် စိုးရိမ်နေမိလေသည်။
“ရှန်းယန်ရွာက လူတွေကြောင့် အားယွီလေး အခက်တွေ့မလားမသိဘူး”
ရှန်းယန်ရွာအကြောင်း ပြောလိုက်သည်နှင့် လျိုရှီ၏ စိတ်ထဲ၌ မအီမသာ ဖြစ်သွားခဲ့ရလေသည်။ ပြင်ပရှိ ရွာ အများအပြားတွင် ကလေးငယ်များအား စားသည့်ကိစ္စများ ရှိကြောင်း ကြားသိရသော်လည်း သူမတို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်မှာ ရှန်းယန်ရွာ တစ်ခုတည်းသာ ဖြစ်ပေသည်။ ထို့အပြင် ထိုရွာမှလူများသည် အလွန်ယုတ်မာကြကာ အားယွီလေးကိုပင် ဖမ်းဆီးရန် ကြိုးစားခဲ့ကြသေးသည်။
အဘွားအိုဝမ်မှ ပြောလိုက်လေသည်။
“သူတို့ ရှန်းယန်ရွာက ပြဿနာရှာဖို့ ဘာအခွင့်အရေး ရှိမှာလဲ သိပ်မတွေးနဲ့တော့ သွားအိပ်ကြတော့ နင့်ရဲ့ မိသားစုနဲ့ ပတ်သက်လို့တော့ နောင်တစ်ချိန်မှာ တစ်ယောက်ယောက်က လာမေးရင်လည်း ဘာမှမသိဘူးလို့ပဲ ဖြေလိုက်ပေါ့ အားယွီက နင့်ကိုယ်စား မိဘတွေကို ကျေးဇူးဆပ်ပေးတယ်လို့ပဲ သဘောထားလိုက်ပါ”
အားယွီလေး ပေးသည့် ရေတွင် ထူးခြားလှသည့် စွမ်းအား ရှိကြောင်းကို အဘွားအိုဝမ် နောက်မှ သိရှိခဲ့ရခြင်း ဖြစ်သည်။ ယခင်တွင် သူမ တစ်စုံတစ်ခုအား မေ့နေသည်ဟု ခံစားခဲ့ရလေသည်။ ယခု ပြန်လည်၍ စဉ်းစားကြည့်လိုက်ချိန်တွင် ထိုအရာမှာ ရေဖြစ်ကြောင်း သိလိုက်ရတော့သည်။ အားယွီလေးသည် သူမ၏ မိသားစုကိုလည်း ထိုရေများအား တိုက်ကျွေးခဲ့ဖူးသည် မဟုတ်ပါလော။
ထိုအချိန်က တစ်ရွာလုံး ဝမ်းလျှောခဲ့ကြသည်မှာ ပဲနို့ထဲတွင် ဤရေများ ပါဝင်နေသောကြောင့် ဖြစ်ရပေမည်။ ကြည့်ရသည်မှာ ဤရေသည် ကောက်ပဲသီးနှံများ စိုက်ပျိုးရန်သာမက ရောဂါဝေဒနာများကို ကုသရန်နှင့် ခန္ဓာကိုယ်ကိုလည်း သန်စွမ်းစေရန် အတွက်ပါ အသုံးပြုနိုင်ပုံ ရလေသည်။
မြို့စားမင်းကျန်းသည်လည်း အားယွီ၏ ရေကို သောက်သုံးခဲ့သောကြောင့်သာ ဤမျှ လျှင်လျှင်မြန်မြန် ပြန်လည်၍ ကျန်းမာလာခြင်း ဖြစ်မည်ဟု သူမ သံသယဝင်မိသည်။
ထို့အပြင် ယုံတင်းခရိုင်တွင် ကယ်တင်ခဲ့သည့် လူသည်လည်း အားယွီလေးပေးသည့် ရေအား သောက်သုံးခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ သို့သော်လည်း အားယွီသည် သူ့အား အဘယ်ကြောင့် ကယ်တင်ခဲ့ရသနည်း။ ထိုရေသည် သူ့အား ကယ်တင်နိုင်ကြောင်း သူမ မည်သို့ သိရှိခဲ့လေသနည်း။
အကယ်၍ ထိုမှော်ရေများကိုသာ ထုတ်သုံးနေမည်ဆိုပါက အားယွီလေးအတွက် ဘေးအန္တရာယ် တစ်စုံတစ်ရာ ဖြစ်လာမည်လား။ စဉ်းစားစရာများစွာ ရှိနေလေတော့သည်။
သူမ စဉ်းစားနေစဉ်မှာပင် အဘိုးအိုဝမ် လျှောက်လာခဲ့လေသည်။
“ဘွားဘွားကြီး ဘာတွေ တွေးနေတာလဲ ငါ စကားပြောနေတာတောင် မကြား ရလောက်အောင်ကို ငေးနေပါလား”
အဘွားအိုဝမ်သည် အဘိုးအိုဝမ်ကြောင့် ထိတ်လန့်သွားသဖြင့် မစဉ်းစားနိုင်တော့ဘဲ လက်ထဲရှိ သံညှပ်ဖြင့် သူ၏ တင်ပါးအား ရိုက်ချ လိုက်လေတော့သည်။
“ညဘက် မအိပ်ဘဲ ဘာလို့ လျှောက်သွားနေရတာလဲ သရဲလာ ခြောက်နေတာလား ရှင်က ကျွန်မကို လန့်သေအောင် လုပ်ပြီး မယားငယ် ထပ်ယူချင်နေတာလား”
အဘိုးအိုဝမ်သည် နာကျင်နေသည့် သူ၏ တင်ပါးအား ပွတ်သက်ရင်း အားငယ်သည့် အမူအရာဖြင့် ဆိုရှာလေသည်။
“ငါ မင်းကို စကားပြောနေတာ ကြာလှပြီလေ ဘယ်လိုလုပ်ပြီး ရုတ်တရက် လန့်သွားရတာလဲ ဟ”
“မနက်ဖြန်မှ ပြောလို့မရတဲ့ ကိစ္စလား သွားတော့ ရှင်နဲ့ တွေ့ရင် ကျွန်မ အိပ်လို့မရဘူး”
“အိပ်လို့မရတာ ကောင်းတာပေါ့ ဒါဆိုရင် မနက်ဖြန် အုတ်ဖုတ်မယ့် ကိစ္စကို ပြောကြရအောင်အစက နောက်ရက်မှ လုပ်ဖို့ စီစဉ်ထားတာ ဒါပေမဲ့ ငါတို့ဘေးမှာ အိမ်သစ်ဆောက်နေတဲ့ လူနှစ်ယောက်က အိမ်သစ်မှာ အမြန် နေချင်နေကြပြီတဲ့ ပြောစမ်းပါအုန်း ငါတို့ ဘယ်လို လုပ်ကြမလဲ ”
အဘွားအိုဝမ်မှ အံကြိတ်လိုက်ရင်း ပြောလိုက်လေသည်။
“ညဉ့်နက် သန်းခေါင်မှာ ကျွန်မကို အိပ်ခွင့် မပေးဘူးပေါ့လေ ရှင့်ကို ဒီနေ့ သစ်သားပြားပေါ်မှာ လှဲခိုင်းလိုက်ရမလား”
အဘိုးအိုဝမ်သည် ထိုစကားအား ကြားလိုက်ရချိန်တွင် ဆွံအ သွားခဲ့ရလေတော့သည်။
‘စောစောက အိပ်လို့မရဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား’