ဦးလေးအလတ်နှင့် အဘိုးကို ရေတိုက်ခြင်း
Vol. 6 Ch. 86
အားယွီလေး ပြန်ရောက် ပြီးနောက် မူလတွင် နေရာလွတ် အတွင်းသို့ ပြန်သွားကာ အလုပ် လုပ်ချင်သော်လည်း အသားလုံးလေးမှ သဘောမတူခဲ့ပေ။
[မျိုးစေ့တွေ အလုံအလောက် ရှိပါပြီ မင်း ဒီနေ့ ပင်ပန်းနေပြီ ဆိုတော့ နားလိုက်တော့နော်]
အားယွီလေး၏ အသိစိတ်သည် နေရာလွတ်အတွင်းရှိ နူးညံ့သော အိပ်ရာပေါ်တွင် လဲလျောင်းလျှက် အလွန် နှစ်ခြိုက်စွာ အိပ်ပျော် သွားတော့သည်။
နောက်တစ်နေ့တွင် ဝမ်မိသားစုဝင်များသည် အိပ်ချိန် ပိုရစေရန် အတွက် မနက်စာအား တစ်နာရီခန့် နောက်ကျ၍ စားခဲ့ကြလေသည်။ ဝမ်ချွမ်းမန် မှလွဲ၍ အဒေါ်ဖန်နှင့် အဒေါ်မာတို့သည်လည်း သူတို့၏ မိဘအိမ်များသို့ ပြန်ခဲ့ကြလေသည်။ သူတို့၏ မိဘအိမ်များသည် ပိုမိုဝေးကွာသဖြင့် တစ်ညအိပ် နားပြီးမှသာ ပြန်လာနိုင်ကြမည် ဖြစ်လေသည်။
အဘွားအိုဝမ်သည် သူတို့၏ စားစရိတ် အတွက် အစားအသောက်များကို ပိုမိုပေးလိုက်လေသည်။ အားယွီလေး နိုးထလာချိန်တွင် မိသားစုဝင်များမှာ လယ်ထဲတွင် အလုပ်လုပ်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။ အားယွီလေးသည် ဘန်းကိတ်အား ကိုက်စားရင်း အဘွားအိုဝမ်အား လက်ယမ်းပြလိုက်လေသည်။
"ဘွားဘွား ဘွားဘွား အားယွီမှာ ဘွားဘွား အတွက် ပေးစရာ ရှိတယ်"
အဘွားအိုဝမ်သည် အခြားသူများအား အလုပ် အရင်သွားခိုင်းလိုက် ပြီးနောက် သူမမှာမူ စားပွဲတွင် ထိုင်လျှက် အားယွီလေး မုန့်စားအပြီးကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့သည်။
အားယွီလေး စားနေချိန်တွင် သူမ၏ ပါးလေးများမှာ ဖောင်းကားနေခဲ့သည်။ အဘွားအိုဝမ်မှ ကြည့်နေရင်း အမှတ်မထင် လိုက်၍ ပါးစပ်ဟမိသွားလေသည်။ သူမမှ သတိပေးလိုက်လေသည်။
"ဖြည်းဖြည်းစားပါကွယ် မလောပါနဲ့"
"ဘွားဘွား ဗိုက်မဝသေးလို့လားဟင် ဘွားဘွားလည်း စားချင်လို့လား"
အားယွီလေးသည် ဘွားဘွားဖြစ်သူမှ သူမ နှင့်အတူ လိုက်၍ ပါးစပ်ဟနေသည်အား မြင်သောအခါ အဘွားဖြစ်သူ ဗိုက်မဝသေးဟု ထင်မှတ်သွားခဲ့သည်။
သူမသည် ပါးစပ်ထဲမှ ဘန်းကိတ်အား ထုတ်လိုက်ကာ အဘွားအိုဝမ်၏ ရှေ့သို့ ကမ်းပေးလိုက်လေသည်။ ၎င်းပေါ်တွင် သွားရာလေးနှစ်ခု ထင်ထင်ရှားရှား ရှိနေခဲ့သည်။
"ဘွားဘွား အားယွီ ဗိုက်ဝသွားပြီ ဘွားဘွား စားလိုက်နော်"
အဘွားအိုဝမ်မှ ရယ်မောလိုက်ရင်း ထိုဘန်းကိတ် တစ်ဝက်ကို ပြန်တွန်းပေးလိုက်လေသည်။
"ဘွားဘွား ဗိုက်မဆာပါဘူးကွယ်"
နောက်ဆုံးတွင် အားယွီလေး စားပြီးသွားသောအခါ အဘွားအိုဝမ်မှ စားပွဲအား ရှင်းလင်း လိုက်လေသည်။ သူမ နောက်သို့ ပြန်လှည့် ကြည့်လိုက်သောအခါ စားပွဲပေါ်တွင် ဂျုံပုံကြီး တစ်ပုံအား တွေ့လိုက်ရသည့် အပြင် ထို အစေ့များ၏ ရွှေရောင် တောက်ပမှုများသည် သူမ၏ မျက်လုံးများကိုပင် ကျိန်းစပ်သွားစေခဲ့သည်။
အဘွားအိုဝမ် လန့်သွားခဲ့လေသည်။ သူမ၏ ပထမဆုံး တုံ့ပြန်မှုမှာ တံခါးအား အလျင်အမြန် ပိတ်လိုက်ခြင်းပင် ဖြစ်သည်။ နောက်မှ စဉ်းစားကြည့်လေရာ ဤသို့လုပ်ခြင်းသည် အလွန် နှေးကွေးလွန်းကာ တစ်စုံတစ်ခုအား ဖုံးကွယ်ထား သကဲ့သို့ ဖြစ်နေလိမ့်မည်ဟု ယူဆလိုက်ခြင်း ဖြစ်သည်။
သူမသည် အမှိုက်ဂေါ်ကို ယူကာ ဂျုံများအား ထည့်လိုက်လေသည်။ နံရံတွင် ချိတ်ထားသည့် ကောက်ရိုးမိုးကာအင်္ကျီအား ယူကာ ဖုံးအုပ်လိုက်လေသည်။ သူမသည် ထိုအရာများအား ကောက်ပဲသီးနှံများ သိုလှောင်ရာ ဗီရိုထဲတွင် ထည့်ထားလိုက်ကာ အားယွီလေးအား အိပ်ခန်း အတွင်းသို့ ဆွဲခေါ်သွားခဲ့သည်။
"အားယွီ ဒီအရာတွေ ဘယ်က ရလာတာလဲ"
"ဒါတွေက အားယွီရဲ့ မျိုးစေ့တွေလေ"
အားယွီလေးမှ မေးလေးမော့လျှက် ဆိုလိုက်လေသည်။
"ဘွားဘွားက အားယွီကို မျိုးစေ့ပေးတယ် အားယွီက အဲဒါကို စိုက်လိုက်တာပေါ့"
"သမီးရဲ့ လျှို့ဝှက်နေရာထဲမှာ စိုက်ခဲ့တာလား"
အဘွားအိုဝမ်သည် အားယွီလေး၏ လက်ကလေးအား ဆွဲယူလိုက်ကာ ကြည့်လိုက်လေသည်။ မည်သည့် အမာရွတ်မျှ မရှိသည်အား မြင်သောအခါမှ သူမ ထပ်မေးလိုက်လေသည်။
"ဘယ်တုန်းက စိုက်ခဲ့တာလဲ ပင်ပန်းနေလား နာကျင်နေလား"
"နတ်သူငယ်လေး ရှိတယ်လေ နတ်သူငယ်လေးက အားယွီအပေါ် အရမ်း ကောင်းတာ လုံးဝ မပင်ပန်းပါဘူး"
မပင်ပန်းသည့်အပြင် အလွန်ပင် ပျော်စရာကောင်းလှပေသည်။ နတ်သူငယ်လေးသည် ပုံပြင်များကိုပင် သူမအား ပြောပြတတ်သေးသည် မဟုတ်ပါလော။
အဘွားအိုဝမ်သည် အားယွီလေး၏ စကားအား အလုံးစုံ မယုံကြည်ချေ။ သူမသည် ကလေးများ၏ စကားကို အစကတည်းမှ အပြည့်အဝ မယုံကြည်တတ်ခြင်း ဖြစ်လလေသည်။ တစ်ခါတစ်ရံတွင် သူတို့သည် စိတ်ကူးယဉ်မှုများဖြင့် မရှိသောအရာများအား ပြောဆို တတ်ကြသေးသည်။
သို့သော်လည်း ဤရွှေရောင်ဂျုံစေ့များသည် အစစ်အမှန်ဖြစ်ကာ ၎င်းတို့၏ အရည်အသွေးများမှာလည်း အဘွားအိုဝမ် တစ်သက်တွင် မြင်ဖူးသမျှ ဂျုံစေ့များထက် သာလွန် ကောင်းမွန်နေခဲ့သည်။
အကယ်၍ ဤမျိုးစေ့များကိုသာ အသုံးပြု၍ စိုက်ပျိုးမည်ဆိုပါမူ ယခုနှစ် ရိတ်သိမ်းချိန်တွင် သေချာပေါက် ကောင်းမွန်သည့် အထွက်နှုန်းအား ရရှိမည် ဖြစ်ကြောင်း အဘွားအိုဝမ် ခန့်မှန်းနိုင်လေသည်။
သို့သော်လည်း ဤအရာသည် အားယွီလေး အတွက် သော်၎င်း သူတို့၏ ဟူမိသားစုရွာ အတွက်၎င်း ကောင်းကျိုး ဖြစ်လာမည်လားဟု သူမ တွေးတောနေမိလေသည်။
မည်သို့ပင်ဖြစ်စေ အဘွားအိုဝမ်၏ အဓိက အာရုံစိုက်မှုမှာ ဤမျိုးစေ့များအား မည်သို့ အသုံးပြုရမည် ဆိုသည့် အပေါ်တွင် မဟုတ်ချေ။ သူမသည် အားယွီလေးအား ထပ်ခါတလဲလဲ စစ်ဆေးကြည့်လေရာ ဒဏ်ရာ မရရှိသကဲ့သို့ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာလည်း အလွန်ကောင်းမွန်နေသည်အား တွေ့ရလေသည်။
အမှန်တကယ်တွင်မူ အဘွားအိုဝမ်သည် လွန်ခဲ့သော ရက် အနည်းငယ် အတွင်း သူမ၏ မိသားစုအား တမင်တကာ ပို၍ ကောင်းမွန်စွာ ကျွေးမွေးခဲ့သောကြောင့် အားယွီလေးမှာ အနည်းငယ် ဝဖြိုးလာခဲ့လေသည်။ သူမသည် ယခင်ကကဲ့သို့ အားနည်းဟန် မရှိတော့ပေ။
"အားယွီ ဘွားဘွားကို အမှန်အတိုင်း ပြောစမ်းပါ ဒီအရာတွေကို ရအောင် ယူလိုက်တာက မြေးလေးကို နာကျင်စေမှာလား"
အားယွီလေး နားမလည်မည်အား စိုးရိမ်သဖြင့် အဘွားအိုဝမ်သည် နူးညံ့စွာပင် ထပ်မံ၍ မေးမြန်းလိုက်လေသည်။
"တစ်နေရာရာက နေလို့ မကောင်းတာမျိုး ဖြစ်လား စောစောက ရေတွေ ထုတ်လိုက်တုန်းကရော အခု ဒီဂျုံစေ့တွေ ထုတ်လိုက်တုန်းကရော "
အဘွားအိုဝမ်သည် ပညာရှိကာ အတွေ့အကြုံများသူ ဖြစ်သည့်အတိုင်း အားယွီလေးသည် သူမအပေါ်တွင် သတိထားမှု မရှိသည်အား သိရှိထားသဖြင့် အခွင့်အရေးရခိုက် အရာအားလုံးအား မေးမြန်းနေခြင်း ဖြစ်ပေသည်။
အသားလုံးလေးမှာမူ ဤအခြေအနေသည် မကောင်းလှဟု ခံစားလိုက်ရလေသည်။ အဘွားအိုဝမ်မှ မေးခွန်းများ မေးမြန်းသောအခါ ၎င်းသည် အားယွီလေးအား မည်သို့ ပြန်ဖြေရမည်အား သင်ကြားပေးလိုက်လေသည်။
မှန်ပေသည်။ ရင့်သည့် ဂျင်းသည် ပိုစပ်သည် ဆိုရိုးအတိုင်းပင် ဖြစ်သည်။ အသားလုံးလေးသည်လည်း လူသားများနှင့် ဆက်ဆံရာတွင် အတွေ့အကြုံ များများစားစား မရှိလှပေ။
နောက်ဆုံးတွင်မူ အဘွားအိုဝမ်သည်သာ အောင်ပွဲ ခံလိုက်ရလေသည်။ အားယွီလေး၏ နောက်ကွယ်တွင် ပုန်းကွယ်နေသည့် အရာမှာ 'အစောင့်အရှောက်နတ်ဘုရား' တစ်ပါးပါး ဖြစ်နိုင်ကြောင်း သူမ အကြမ်းဖျင်း နားလည်သွားခဲ့သည်။
အားယွီလေး ပြောနေသော နေရာမှာ ထိုအစောင့်အရှောက်၏ နေရာဖြစ်ရမည် ဖြစ်ကာအတွင်း၌ နေထိုင်သည့် အစောင့်အရှောက်သည် သူမလေးအား အကာအကွယ် ပေးနေခြင်း ဖြစ်ပေလိမ့်မည်။
သို့သော်လည်း အဘွားအိုဝမ် အနေဖြင့် နောက်ထပ် အကဲခတ်ရန် လိုအပ်နေသေးပေသည်။ ထိုအရာသည် အားယွီလေး သို့မဟုတ် ဝမ်မိသားစုအား နာကျင်စေမည်လား ဆိုသည်အား မသိရသေးသ၍ သူမအနေဖြင့် ပေါ့ပေါ့ဆဆ မနေနိုင်ပေ။
အားယွီလေး၏ ဘေးကင်းလုံခြုံမှုအား မေးမြန်း ပြီးနောက်တွင်မှ အဘွားအိုဝမ်မှာ အနည်းငယ် စိတ်အေးသွားရလေသည်။ ထိုမှော်ရေများအကြောင်း တွေးမိလိုက်သောအခါ အဘွားအိုဝမ်မှ ထပ်မံ၍ အေးလိုက်သည်။
"ဒီရေတွေက အများကြီး ရှိလား အမြဲတမ်း ရှိနေမှာလား ဒါမှမဟုတ် နည်းနည်းချင်း ကုန်သွားမှာလား"
အားယွီလေးသည်လည်း မေးသမျှ ပြန်ဖြေရှာလေသည်။
"အားယွီလည်း မသိဘူး တစ်ခါတလေ များတယ် တစ်ခါတလေ နည်းတယ်"
အားယွီလေး၏ အမြင်တွင်မူ ကျောက်ခွက် နှစ်ခွက်ထဲ၌ ရေများ သည် အမြဲတမ်း ရှိနေသော်လည်း အလွန်အကျွံ သုံးစွဲလိုက်ပါက ရေထွက်သည်မှာ အလွန်ပင် နှေးကွေးသွား တတ်လေသည်။ တစ်ခါတစ်ရံတွင်မူ ရေများသည် အလွန် များပြားနေခဲ့ကာ မြောင်းထဲသို့ စီးဝင်သွားလေ့ ရှိပေသည်။
ထိုမြောင်းအား အသားလုံးလေးမှ အလွန်ရှည်လျားစွာ တူးထားပြီး ဖြစ်သည်။ ယခုအခါ စိတ်ဝိညာဉ်မြေအား မြောင်းများဖြင့် အကွက်အနည်းငယ် ခွဲခြားထားပြီး ဖြစ်ရာ လက်ရှိတွင် အကွက် နှစ်ကွက်ကိုသာ စိုက်ပျိုးရန် အသုံးပြုနေသေးသည်။
အကွက်တစ်ခုတွင် အစားအသောက်များနှင့် ဟင်းသီးဟင်းရွက် မျိုးစုံ စိုက်ပျိုးထားပြီး အခြား အကွက်တစ်ခုတွင်မူ တောပန်းမျိုးစုံအား စိုက်ပျိုးထားလေသည်။
ဟုတ်ပေသည်။ ၎င်းတို့အားလုံးမှာ တောပန်းများသာ ဖြစ်ကြလေသည်။ အဘယ်ကြောင့် ဆိုသော် အားယွီလေးသည် တောပန်းများ ခူးဆွတ်ရခြင်းအား အလွန်ပင် နှစ်သက်သဖြင့် တစ်ခါတစ်ရံတွင် သူမသည် ထိုပန်းများအား နေရာလွတ်ထဲသို့ ယူဆောင်ကာ စိုက်ပျိုးလေ့ ရှိလေသည်။
တောပန်း မျိုးစေ့များသည် စိတ်ဝိညာဉ်မြေ ပေါ်သို့ ကျရောက်သောအခါ သဘာဝကျကျပင် ပန်းခင်းကြီး တစ်ခုအဖြစ် ကြီးထွားလာခဲ့လေသည်။ ပန်းမျိုးစုံ စုပေါင်းပေါက်ရောက်နေကာ စိတ်ဝိညာဉ်မြေ၏ အာဟာရကြောင့် ၎င်းတို့မှာ အလွန်စိုပြည် လှပနေကြလေသည်။
သို့သော်လည်း အားယွီလေးသည် နေရာလွတ်ထဲမှ တောပန်းများကို မခူးရက်ချေ။ ထိုတောပန်းလေးများမှာ အလွန်ပင် လှပလွန်းသည်ဟု သူမ ခံစားရသောကြောင့် ဖြစ်ပေသည်။
"အားယွီ ဘွားဘွား မြေးလေးကို တစ်ခုလောက် တိုင်ပင်ချင်လို့ပါ"
အဘွားအိုဝမ်သည် အားယွီလေးအား လေးနက်စွာဖြင့် ပြောလိုက်သည်။ ဝမ်မိသားစုမှ အခြားသူများသာ ဤစကားအား ကြားပါက သေချာပေါက် အံ့ဩသွားကြပေလိမ့်မည်။ အကြောင်းမှာ ဤသို့ တိုင်ပင် ဆွေးနွေးခြင်းမှာ အဘွားအိုဝမ်၏ စတိုင် လုံးဝ မဟုတ်သောကြောင့် ဖြစ်သည်။
သူမသည် ကိုယ်တိုင် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက် ချတတ်သူသာ ဖြစ်သည် မဟုတ်ပါလော။ အားယွီလေးမှ မေးလိုက်သည်။
"ဘွားဘွား ဘာကိစ္စလဲဟင်"
"အကယ်၍ အဲဒီရေတွေ ရှိနေသေးရင် ဘွားဘွားကို နည်းနည်းလောက် ငှားလို့ ရမလား"
ဟု အဘွားအိုဝမ်မှ ဆိုလိုက်လေသည်။
"နောင်တစ်ချိန် မိသားစု အခြေအနေ ကောင်းလာတဲ့ အခါ ဘွားဘွား ပြန်ပေးပါ့မယ် မြေးလေးရဲ့ အရာတွေကို အလကားတော့ မယူပါဘူး"
ယခင်က ဘူးသီးခြောက် အတွင်းရှိ ရေများသည် အားယွီ ထုတ်ထား ပေးခဲ့သောကြောင့်သာ ရှိနေခြင်း ဖြစ်သည်။ သို့မဟုတ်ပါမူ သူမသည် ထိုရေများအား ပေါ့ပေါ့ဆဆ သုံးစွဲမည် မဟုတ်ပေ။ အကယ်၍ အိမ်တွင် အမှန်တကယ် လိုအပ်လာပါက အသုံးမပြုဘဲ နေခြင်းမှာ မိုက်မဲရာ ရောက်ပေလိမ့်မည်။
[မင်းရဲ့ဘွားဘွားက တော်တော်လေး ကောင်းသားပဲ]
အခြားသူများသာ ကလေးတွင် ဤကဲ့သို့သောအရာ ရှိကြောင်း သိပါu နည်းမျိုးစုံဖြင့် လှည့်ဖြားကာ ယူဆောင်ရန် ကြိုးစား ကြပေလိမ့်မည်။ ကလေး၏ ကောင်းကျိုး အတွက်ဟု အကြောင်းပြစေကာမူ သူတို့၏ ကိုယ်ကျိုးရှာ လိုမှုများ ပါဝင်နေမည်မှာ အမှန်ပင် ဖြစ်သည်။ အဘွားအိုဝမ်မှ ပြောလိုက်သည်။
"မြေးလေးရဲ့ ရေတွေက ရောဂါကု ပေးနိုင်တယ်ဆိုရင် ဘွားဘွားက မြေးလေးရဲ့ ဦးဦး ၂ နဲ့ ဘိုးဘိုးကို တိုက်ချင်လို့ပါ"
သူမ၏ ဒုတိယသား မတော်တဆ ထိခိုက်ဒဏ်ရာ ရခဲ့ပြီးနောက်တွင် အဘိုးအိုဝမ်၏ ခြေထောက်သည်လည်း မသန်မစွမ်း ဖြစ်သွားခြင်းနှင့် ပေါင်းစပ် လိုက်သောအခါ မိသားစု၏ ငွေရေးကြေးရေးမှာ ကျဆင်းလာခဲ့လေသည်။ သူတို့တွင် ခက်ခက်ခဲခဲ စုဆောင်းထားသည့် ငွေများမှာလည်း ကုန်ဆုံးသွားခဲ့ရလေသည်။
အကယ်၍ သူတို့၏ ခန္ဓာကိုယ်များကိုသာ ပြန်လည်၍ ကျန်းမာလာအောင် လုပ်နိုင်မည်ဆိုပါက အိမ်တွင် သန်မာလှသည့် လုပ်သားနှစ်ဦး ထပ်မံရရှိခြင်းနှင့် အတူတူပင် ဖြစ်ပေလိမ့်မည်။
အဘွားအိုဝမ် မည်သည့်အခါမျှ ထုတ်မပြောခဲ့သည့် အချက်မှာ အကယ်၍ သူမ၏ ဒုတိယသားသာ ဒဏ်ရာမရခဲ့လျှင် သူမသည် သူ့အား နန်းတွင်းစာမေးပွဲ ဖြေဆိုနိုင်ရန် ပံ့ပိုးပေးချင်ခဲ့ခြင်း ဖြစ်သည်။ သူမ၏ သား လေးယောက် အနက် ဒုတိယသားမှာ ဦးနှောက် အကောင်းဆုံး ဖြစ်လေသည်။ ထိုအချိန်တွင် စစ်ဘေး မရှောင်ခဲ့ရပါက သူမ၏ ဒုတိယသားမှာ ယခုအချိန်တွင် ပညာတတ်ကြီး တစ်ဦး ဖြစ်နေလောက်ပြီ ဖြစ်သည်။
...
"ရတာပေါ့ "
အားယွီလေး၏ မျက်လုံးများမှာ လခြမ်းကွေးလေးများကဲ့သို့ ပြုံးနေသော်လည်း မကြာမီမှာပင် သူမသည် မျက်မှောင်ကြုတ်လျှက် စိတ်မကောင်းဟန်ဖြင့် ပြောလိုက်သည်။
"ဒါပေမဲ့ ဘွားဘွား အဲဒါက အသုံးမဝင်ဘူး အားယွီက ဦးဦး၂ နဲ့ ဘိုးဘိုးကို အမြဲတမ်း တိုက်နေတာပဲ ဒါပေမဲ့ သူတို့က အခုထိ မသက်သာသေးဘူး"
ဤစကားမှာမူ အဘွားအိုဝမ် မမျှော်လင့်ထားသော အချက်ပင် ဖြစ်သည်။ ဤအချိန်တွင် ဝမ်ချွမ်းကွေ့သည် သူ၏ ခြေထောက်များ ပြန်လည် သက်သာလာပုံ ရကြောင်းအား မိခင်ဖြစ်သူကို ပြောပြရန် ဝေခွဲမရ ဖြစ်နေတော့သည်။ သို့သော်လည်း ၎င်းမှာ အနည်းငယ် ထူးဆန်းနေပေမည်။